Saturday, October 27, 2012

ဗုဒ္ဓအလိုတော်ကျ 3D လူသားဘ၀ကို တည်ဆောက်ခြင်း



ဒီစာစုကတော့ အောက်တိုဘာလ (၂၇) ရက်နေ့မှာ ကျရောက်တဲ့  ဘုန်းဘုန်း အရှင်သုနန္ဒာလင်္ကာရ (ပန်းကမ္ဘာ)ရဲ့  သက်တော် (၃၄)နှစ်ပြည့်မြောက်တဲ့မွေးနေ့အတွက် အမှတ်တရ မွေးနေ့လက်ဆောင်အဖြစ် ရေးသားပူဇော်တာဖြစ်ပါတယ်ခင်ဗျာ။

*****************************************



ဘုန်းဘုန်းရေ

မင်္ဂလာအပေါင်းနှင့် ပြည့်စုံတဲ့ ပျော်ရွှင်ဖွယ်ရာ မွေးနေ့ဖြစ်ပါစေလို့ အရင်ဆုံး ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ဘုရား။
ဘုန်းဘုန်းမွေးနေ့အတွက် တပည့်တော် အမှတ်တရ အနေနှင့် လောကမှာရှိကြတဲ့ သတ္တ၀ါတွေ တစ်ဦးနှင့်တစ်ဦး အသိဉာဏ်အဆင့်အတန်းမတူညီ ကွဲပြားတာပေါ်မှာ မူတည်ပြီး ဘ၀တွေကွဲပြားသွားကြတာကို  ခေတ်အမြင်နှင့် ဓမ္မအမြင် စပ်ဆက်ပြီး တွေးမိသလောက် ချရေးကြည့်ပြီး လက်ဆောင်အဖြစ် ပေးလိုက်ပါတယ်ဘုရား။

လောကမှာ လူတွေဟာ လူအချင်းချင်း၊ ဒါမှမဟုတ် လူနှင့်တိရစ္ဆာန် နှိုင်းယှဉ်ပြီး အဆင့်အတန်းခွဲခြားသတ်မှတ်တတ်ကြပါတယ်။ တချို့ ဘာသာအယူဝါဒတွေအရတော့ တိရစ္ဆာန်ဆိုတာဟာ လူတွေရဲ့  အသုံးတော်ခံဖို့ မွေးလာတာလို့ ယူဆကြပြီး သူတို့ကို သက်ရှိစာရင်းထဲတောင် မသွင်းထားတာ သတိထားမိပါတယ်။ တချို့ ဘာသာအယူဝါဒတွေမှာတော့ လူအချင်းချင်းကိုပဲ အမျိုးဇာတ်တွေခွဲပြီး ဆက်ဆံကြတာလည်းရှိတယ်။ တချို့ ကတော့ ခိုင်းစေသူနှင့် ခိုင်းစေခံဆိုပြီးခွဲကြပြန်တယ်။ တချို့ က အသားအရေပေါ်မူတည်ပြီးခွဲတယ်။ တချို့ လူ့အဖွဲ့ အစည်းတွေမှာတော့ အသက်ကြီးတာ၊ ငယ်တာကို မူတည်ပြီး လူတန်းစားသတ်မှတ်တယ်။ တချို့ ကျပြန်တော့ ငွေကြေးဓနအင်အားပြည့်စုံတာ မပြည့်စုံတာကို ကြည့်ပြီး လူတန်းစားသတ်မှတ်ကြတယ်။ တချို့ မှာတော့ အသိပညာ၊ အတတ်ပညာ သိနားလည်ကျွမ်းကျင်မှုကိုမူတည်ပြီး သတ်မှတ်ကြပြန်တယ်။ ခေတ်စနစ် အခြေအနေ၊ ဓလေ့ထုံးစံ၊ ယုံကြည်ကိုးကွယ်မှုတွေပေါ် မူတည်ပြီး အယူအဆတွေ အမျိုးမျိုးကွဲပြားကြတယ်။

Level Of Being ကို ခြွဲုခားသတ်မှတ်ကြတာနှင့်ပတ်သက်ပြီး အနောက်တိုင်းကပညာရှင်တစ်ဦးရဲ့  ခွဲခြားသတ်မှတ်ပုံတစ်ခုက ရိုးရှင်းပြီး သချာင်္ဆန်တာမို့ စိတ်ဝင်စားဖို့ကောင်းတာကို တွေ့မိတယ်ဘုရား။ E.F. Schumacher ဆိုတဲ့သူက သူရေးခဲ့တဲ့ A Guide For the Perplexed ဆိုတဲ့စာအုပ်မှာ သက်ရှိတွေကို Dimension တွေနှင့် ဒီလိုမျိုးအဆင့်အတန်းခွဲပြထားတယ်ဘုရား။

'Mineral' = m
'Plant' = m + x
'Animal' = m + x + y
'Man' = m + x + y + z

အခြေခံအနေနှင့် Mineral ဆိုတဲ့ ဓါတ်သတ္တုကို သူက m ဆိုတဲ့ ကိန်းသေအက္ခရာ သတ်မှတ်လိုက်တယ်။ နောက်တော့ x ရယ်၊ y ရယ်၊ z ရယ် အနောက်ကနေ လိုက်ပေါင်းလိုက်တယ်။ သချာင်္နှင့် သိပ္ပံဘာသာရပ်တွေမှာ ဒီ x ရယ် y ရယ် z ရယ် ဆိုတာဟာ Dimension (ရှုထောင့် (သို့) ဘက်) ကို ညွှန်းဆိုတဲ့ အက္ခရာတွေဖြစ်ပါတယ်။ အခုလူတွေပြောပြောနေကြတဲ့ တစ်ဘက်မြင်(1 Dimension)တို့၊ နှစ်ဘက်မြင် (2 Dimensions) တို့၊ သုံးဘက်မြင် (3 Dimensions) ဆိုတာတွေပေါ့။

ဒီတော့ Plant ဆိုတဲ့ အပင်တွေဟာ m နှင့် x ပေါင်းထားတာပါတဲ့။ x က ဘာကို ကိုယ်စားပြန်ပြုလဲဆိုတော့ Life ဆိုတဲ့ ဘ၀ကိုကိုယ်စားပြန်ပြုပါတယ်။ ဒီတော့ အပင်မှာ ဓါတ်သတ္တုနှင့် ဘ၀ရှင်သန်မှု ပေါင်းထားတယ်ပေါ့။ သူတို့ကို တစ်ဘက်မြင် (One Dimension) အဖြစ် သတ်မှတ်ထားတယ်။

နောက်ပြီး Animal ဆိုတာကျတော့ m ရယ် x ရယ် y ရယ် ပေါင်းထားတယ်။ y ဆိုတာက Consciousness (သိစိတ်) ပါတဲ့။ ဒီတော့ တိရစ္ဆာန်မှာ ဓါတ်သတ္တုရယ်၊ ဘ၀ရှင်သန်ရပ်တည်မှုရယ် သိစိတ်ရယ် ရှိတဲ့ နှစ်ဘက်မြင် (Two Dimensions) တွေလို့ သူက သတ်မှတ်တယ်။

နောက်တော့မှ Man ဆိုတာမှာတော့ m ရယ်၊ x ရယ်၊ y ရယ်၊ z ရယ် ပေါင်းထားတယ်။ z ဆိုတာက Self-Consciousness (ကိုယ့်ကိုယ်ကို ပြန်သိနိုင်တဲ့စိတ်) ကိုဆိုလိုပါတယ်။ ဒီတော့ လူဆိုတာ ဓါတ်သတ္တုရယ်၊ ဘ၀ရပ်တည်မှုရယ်၊ သိတတ်တဲ့စိတ်၊ ကိုယ့်ကိုယ်ကို ကိုယ်ပြန်သိနိုင်တဲ့ စိတ်တွေပါဝင်တဲ့ Three Dimensions (သုံးဘက်မြင်) သတ္တ၀ါအဖြစ်နှင့် သူက သုံးသပ်ပြထားပါတယ်။

ဒီ သတ်မှတ်ပုံလေးက ရိုးရိုးရှင်းရှင်းလေးနှင့် နားလည်ရလွယ်ကူတယ်လို့ မြင်မိပါတယ်။ လူတွေမှာ သုံးဘက်မြင်နိုင်တဲ့ အခြေအနေအခွင့်အလမ်းရှိနေပေမယ့်လို့ လူတော်တော်များများဟာ ဒီ z ဆိုတာလေး ထည့်ပေါင်းဖို့ကို မေ့မေ့ထားတတ်ကြတာကို သတိထားမိပါတယ်ဘုရား။ အဲဒီလိုအခါကျတော့ Man အဆင့်ကနေ အောက်ကို ပြုတ်ရတော့တာပေါ့။



Level Of Being နှင့် ပတ်သက်ပြီး ဆရာတော်ဦးဇောတိက ဟောထားတဲ့ တရားတစ်ပုဒ်လည်း နာဖူးသေးတယ်ဘုရား။ ဆရာတော်က တီကောင်တစ်ကောင်ရဲ့  ဘ၀အမြင်နှင့် လိပ်ပြာလေးတစ်ကောင်ရဲ့ ဘ၀အမြင်မတူပုံကနေစပြီး ရှင်းပြထားတယ်။ မြေကြီးပေါ်မှာ တွားသွားနေရတဲ့ တီကောင်တစ်ကောင်ရဲ့  သိနိုင်ခွင့်ရှိတဲ့ အခြေအနေနှင့် လိပ်ပြာတစ်ကောင်ရဲ့  သိနိုင်ခွင့်ရှိပုံဟာ တိရစ္ဆာန်ချင်းတူရင်တောင်မှပဲ မတူညီနိုင်ဘူး။ အဲဒီကမှတစ်ဆင့် လိပ်ပြာတစ်ကောင်ရဲ့  သိနိုင်တာနှင့် ငှက်လေးတစ်ကောင် သိနိုင်တာက ကွာသွားပြန်တယ်။ အဲဒီငှက်သိပုံနှင့် လူနှင့်နီးစပ်တဲ့ ချင်ပန်ဇီမျောက်တစ်ကောင် သိနိုင်ပုံက ကွာမယ်။ အဲဒီကမှတစ်ဆင့် ချင်ပန်ဇီနှင့် လူ သိပုံကွာမယ်။ လူမှာမှ စာဖတ်တတ်တဲ့သူ၊ မဖတ်တတ်တဲ့သူ သိပုံကွာမယ်။ စာဖတ်တတ်တဲ့သူမှာမှ အဓိပ္ပါယ်ကို သိတဲ့သူ၊ မသိတဲ့သူကွာမယ်။ အဓိပ္ပါယ်ကို သိတဲ့သူမှာမှ ရိုးရိုးသိတာနှင့် ဆင်ခြင်သိတာ၊ ခန္ဓာနှင့်ရင်းပြီးသိတာကွာမယ် စသဖြင့် အသိဉာဏ်ပေါ်လိုက်ပြီး သတ္တ၀ါတွေရဲ့ အဆင့်အတန်းကွဲပြားသွားပုံကို ဆရာတော်က ရှင်းပြထားတယ်ဘုရား။

Level Of Being ကို မြတ်စွာဘုရားရှင်ကရော ဘယ်လိုမျိုးများ သတ်မှတ်ထားတာ ရှိလဲလို့ တပည့်တော်လည်း ပိဋကတ်စာပေထဲမှာ လက်လှမ်းမှီသလောက် လိုက်ရှာဖတ်ကြည့်မိပါတယ်ဘုရား။

အင်္ဂုတ္တရနိကာယ်၊ တိက၀ဂ်မှာပါတဲ့ အန္ဓသုတ်မှာ မြတ်စွာဘုရားက လောကမှာ ပုဂ္ဂိုလ်သုံးမျိုးရှိကြောင်းဟောထားတယ်ဘုရား။ ကန်းတဲ့ပုဂ္ဂိုလ်ရယ်၊ တစ်ဘက်အမြင်ပဲရှိတဲ့ ပုဂ္ဂိုလ်ရယ်၊ နှစ်ဘက်အမြင်ရှိတဲ့ ပုဂ္ဂိုလ်ရယ်ဆိုပြီး ခွဲပြထားတာတွေ့တယ်ဘုရား။ ကန်းတဲ့ပုဂ္ဂိုလ်ဆိုတာ လောကီကြီးပွားကြောင်းရော၊ လောကုတ္တရာကြီးပွားကြောင်းရော ဘာမှ မသိတဲ့သူလို့ ပြောထားတယ်။ တစ်ဘက်အမြင်ပဲရှိတဲ့သူဆိုတာကတော့ လောကီကြီးပွားကြောင်းဘဲ သိပြီး၊ လောကုတ္တရာကြီးပွားကြောင်းကို နားမလည်သူလို့  ပြောတယ်။ နှစ်ဘက်အမြင်ရှိတဲ့သူဆိုတာကတော့ လောကီရော၊ လောကုတ်ရော ကြီးပွားကြောင်းကို သိတဲ့သူပါလို့ ပြောပါတယ်ဘုရား။ မြတ်စွာဘုရားက နှစ်ဘက်အမြင်ရှိတဲ့သူကိုသာ ရွေးချယ်ပေါင်းဖော်ကြဖို့ တိုက်တွန်းထားတဲ့ သုတ်တော်တစ်ပုဒ်ပါဘုရား။

နောက်တစ်မျိုးခွဲပြတာတွေ့မိတာတော့ ပုထုဇဉ်လေးမျိုးခွဲပြထားတာပါဘုရား။
(၁) အန္ဓဗာလ ပုထုဇဉ်၊ (၂) အန္ဓပုထုဇဉ် (၃) ကလျာဏ ပုထုဇဉ်၊ (၄) စူဠသောတာပန် ပုထုဇဉ်ဆိုပြီး လေးမျိုး ခွဲပြပါတယ်။

အန္ဓဗာလပုထုဇဉ်ဆိုတာ ကုသိုလ်တရား၊ အကုသိုလ်တရားဆိုတာတွေကို ဘာဆိုဘာမှ နားမလည်လို့ မကောင်းတာတွေကိုဘဲ လုပ်မိနေတတ်ကြတဲ့သူတွေကို ခေါ်ပါတယ်တဲ့။ အန္ဓပုထုဇဉ်ဆိုတာကျတော့  ကုသိုလ် အကုသိုလ်ကို သိပေမယ့်လို့ များသောအားဖြင့်တော့ အကုသိုလ်အလုပ်တွေနှင့်သာ ပျော်နေတတ်ကြတဲ့သူမျိုးတွေပါ။ ကလျာဏပုထုဇဉ်ဆိုတာကတော့ ကုသိုလ် အကုသိုလ်ကိုလည်း သိတယ်၊ ကုသိုလ်ဖြစ်ကြောင်းတွေကိုလည်း တတ်နိုင်သလောက်ရွေးလုပ်တယ်။ ဒါပေမယ့် လောကလွတ်မြောက်ကြောင်း ၀ိပဿနာတရားကိုတော့ ခန္ဓာဉာဏ်စိုက်သိအောင် မစွမ်းဆောင်နိုင်သေးတဲ့သူတွေလို့ ဆိုတယ်။ နောက်ဆုံး စူဠသောတာပန်ပုထုဇဉ်ကတော့ ၀ိပဿနာတရားကို ဘာဝနာမယဖြစ်အောင်ကိုယ်တိုင်အားထုတ်လို့ ရုပ်နာမ်ခန္ဓာတွေရဲ့ အကြောင်းကို ပညတ်နယ်ကနေလွန်အောင် သိမြင်ထားတဲ့သူတွေအဖြစ် သတ်မှတ်ထားတာကို တွေ့ပါတယ်။

နောက်တစ်ခါ အဂုင်္က္တိုရ်ပါဠိတော်၊ အနုသယ၀ဂ်၊ ဥဒကူပမာသုတ်တော်မှာ မြစ်ထဲမှာ မြောပါနေကြတဲ့ လူ (၇) ယောက်နှင့် ဥပမာပေးပြီး ခွဲပြထားတာ ထပ်တွေ့မိပါတယ်ဘုရား။
(၁) တစ်ခါတည်းနှင့် မြုပ်တဲ့သူ၊
(၂) တစ်ကြိမ်ပေါ်ပြီးမြုပ်တဲ့သူ၊
(၃) ပေါ်ပြီး ရေပေါ်တည်တဲ့သူ၊
(၄) ရေပေါ်ပေါ်ပြီး ဟိုသည် ကြည့်တဲ့သူ၊
(၅) ရေကူးသွားတဲ့သူ၊
(၆) ထောက်တည်ရာ ရတဲ့သူ၊
(၇) ကမ်းတစ်ဘက်ကို တက်သွားတဲ့သူဆိုပြီး ခွဲပြပါတယ်ဘုရား။
အဲဒီ (၇)မျိုးမှာ (၁) ကနေ (၃) အထိကို ပုထုဇဉ်အဖြစ် သတ်မှတ်ထားတာ တွေ့ရပါတယ်။ ကျန်တဲ့ အမှတ်စဉ် (၄)ကနေ (၇) အထိကိုတော့ အရိယာအဖြစ် သတ်မှတ်ထားပါတယ်ဘုရား။

မြတ်စွာဘုရားရှင်ရဲ့  Level Of Being သတ်မှတ်ချက်ကို လေ့လာကြည့်တဲ့အခါမှာ သတ္တ၀ါတွေရဲ့ အသိဉာဏ်နှင့် စိတ်ဓါတ်အဆင့်အတန်း မြင့်မားမှုပေါ်မှာ မူတည်သတ်မှတ်ထားတာကို သတိထားမိပါတယ်ဘုရား။ တနည်းပြောမယ်ဆိုရင်တော့ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါး ကျင့်သုံးစောင့်တည်နိုင်မှုပေါ်မှာ မူတည်သတ်မှတ်တယ်လို့ဘဲ ပြောရမှာပါ။ ဒီလိုသတ်မှတ်ရာမှာ Level Of Being ဟာ တခြားအယူဝါဒတွေမှာလို တသမတ်ထဲပုံသေဖြစ်နေတာမဟုတ်ပဲ မိမိရဲ့  ကြိုးစားအားထုတ်မှုအနည်းအများပေါ်မှာ မူတည်ပြီး အတက်အကျ၊ အနိမ့်အမြင့်ရှိနိုင်ပါတယ်။  သိက္ခာသုံးပါးကို ရုပ်ပုံအနေနှင့် ဖော်ကြည့်မယ်ဆိုရင် ပိရမစ်ပုံလိုမျိုး အောက်ခြေကနေ အပေါ်ဆီကို တစ်ဆင့်ချင်းတက်သွားတာလို့ မြင်မိပါတယ်ဘုရား။

မြတ်စွာဘုရားအလိုတော်ကျ လူ့အဆင့်အတန်းမီဖို့ဆိုရင် ပထမဆုံး လူတစ်ယောက်အနေနှင့် စောင့်ထိန်းအပ်တဲ့ အခြေခံသီလတွေကို စပြီးလုံခြုံအောင် စောင့်ထိန်းနိုင်ရပါမယ်။ သီလကို စောင့်ထိန်းနိုင်လာပြီဆိုရင် စိတ်တည်ငြိမ်စင်ကြယ်သွားအောင် သမထဘာဝနာတစ်ခုခုကို ဆက်ပြီး ကျင့်သုံးဆောက်တည်ရပါမယ်။ သမာဓိကို ပျိုးထောင်တဲ့အခါမှာ ရိုးရိုးစိတ်တည်ငြိမ်အေးချမ်းသွားအောင် လုပ်တာကနေစလို့ ဈာန်အဘိဉာဉ်တွေရတဲ့အထိ ကျင့်ကြံအားထုတ်နိုင်အောင် ညွှန်ကြားထားတာတွေကို ပိဋကစာပေထဲမှာ စုံစုံလင်လင်တွေ့ရပါတယ်။ သမာဓိသိက္ခာကနေ တဆင့်တက်လို့ ပညာသိက္ခာကိုကူးပြီဆိုရင်တော့ သတိပဋ္ဌာန်တရားလေးပါးကို လက်ကိုင်ထားပွားများကြဖို့ပါဘဲ။ ဒီလိုအစဉ်အတိုင်း ကျင့်သုံးဆောက်တည်သွားတာဟာ အန္ဓဗာလပုထုဇဉ်အဖြစ်ကနေ ကလျာဏပုထုဇဉ်အဖြစ်ကို တဆင့်ချင်းမြှင့်တင်ယူလိုက်တာဘဲဖြစ်ပါတယ်။

အဲဒီကနေမှတဆင့် ဆက်ကြိုးစားမယ်ဆိုရင်တော့ အသိဉာဏ်တွေ တဆထက်တဆ တိုးတက်ရင့်ကျက်လာပြီး ရုပ်၊ နာမ်တရားတွေရဲ့  အကြောင်းအကျိုး ခန္ဓာဖြစ်စဉ်ကို ကွဲကွဲပြားပြားသိမြင်လာတဲ့ စူဠသောတာပန်အဖြစ်ကို ရောက်ရှိလာပါတော့တယ်။ အဲဒီကမှ ရှေ့ ဆက်ကြိုးစားလိုက်တော့ ယုံမှားမှုတွေ အယူမှားမှုတွေကနေ ထာဝရဆိတ်သုဉ်းသွားတဲ့ သောတာပန်အရိယာအဖြစ်ကို ရောက်ရှိသွားပါတယ်။ အဲဒီကနေ ဆက်ကြိုးစားရင် ကာမရာဂတွေ၊ ဒေါသ၊ ဒေါမနဿတရားတွေ တဖြည်းဖြည်း ပါးရှားလာပြီး နောက်ဆုံး လုံးဝချုပ်ငြိမ်းသွားပါတော့တယ်။ အဲဒီမှာတင် ရပ်မနေပဲ ဆက်ကြိုးစားရင်တော့ နောက်ဆုံးမှာ မောဟ၊ မာနနှင့် ကျန်တဲ့ကိလေသာတရားတွေပါ အားလုံး ဆိတ်သုဉ်ပြီး အဆုံးစွန်သောလွတ်မြောက်မှုကို ရရှိတဲ့သူ ဖြစ်သွားပါတော့တယ်။ ဒီလိုလွတ်မြောက်သွားတဲ့သူဆိုတာဟာ မြတ်စွာဘုရားရှင်သတ်မှတ်တဲ့ Level Of Being ရဲ့  အမြင့်ဆုံး Level ကို ရောက်ရှိသွားတဲ့ အဆင့်အတန်းအမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်သွားတာပါဘဲ။ Schumacher ရဲ့  အလိုကျပြောရရင်တော့ Self-Consciousness အမြင့်ဆုံး သတ္တ၀ါအဖြစ်ကို ရောက်ရှိသွားတယ်လို့ ပြောရမှာဖြစ်သလို အရည်အသွေးအမှီဆုံး 3D လူသားဖြစ်သွားတာဘဲဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်က သိက္ခာသုံးပါးကို ဖြည့်ဆည်းဖို့အတွက် မဂ္ဂင်ရှစ်ပါးဆိုတဲ့ လမ်းစဉ်ကို ပြောပြပေးထားခဲ့ပါတယ်။ လမ်းစဉ်နှင့် အတူ ကျင့်သုံးရင် ရောက်ရှိမယ့် ပန်းတိုင်တွေကိုလည်း တစ်ဆင့်ချင်း တစ်ဆင့်ချင်း ဘယ်နေရာရောက်ရင် ဘယ်လိုဖြစ်မယ်၊ ဘာတွေကိုတွေ့ရမယ်ဆိုတာကို အတိအကျ ပြောပြပေးထားခဲ့ပါတယ်။ လမ်းညွှန်ပြသူဘက်က သူထမ်းရွက်ရမယ့် ၀တ္တရားကို မလစ်ဟင်းရအောင် အပြည့်အ၀ ကျေပွန်အောင် တာဝန်ယူသွားခဲ့ပါပြီ။ ဘုန်းဘုန်းနှင့် တပည့်တော်တို့အပါအ၀င် သံသရာခရီးသွားတွေသာ ကြုံတောင့်ကြုံခဲ ဒီဘ၀ လမ်းညွှန်တဲ့သူနှင့် ဆိုက်ဆိုက်မြိုက်မြိုက်ဆုံရတဲ့အခိုက် လမ်းပြသူစကားကို သေသေချာချာ နားမထောင်ပဲ ယောင်တောင်တောင်လုပ်နေမိရင်တော့ မြစ်ထဲမှာ ပေါ်ပြီးပြန်မြုတ်တဲ့သူရဲ့ အဖြစ်ကို ရောက်ကြရမှာ အသေအချာပါဘဲ။

ဒါကြောင့် အခုလို အခွင့်အခါကောင်း မှီတုန်းလေးမှာ တပည့်တော်တို့တတွေလည်း အစွမ်းကုန် ကြိုးစားရုန်းပြီး အဆင့်မြင့် 3D လူသားတွေဖြစ်အောင် ကြိုးစားကြပါစို့လို့ ခရီးသွားဖော်အချင်းချင်း သတိတရ တိုက်တွန်းရင်း....ဘုန်းဘုန်း ယခုကျရောက်တဲ့မွေးနေ့မှသည် စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာစွာဖြင့် ရည်မှန်းရာ လောကုတ္တရာပန်းတိုင်ဆီကို လွယ်ကူ၊ လျင်မြန်၊ သက်သာစွာနှင့်  ရောက်ရှိပေါက်မြောက်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ဘုရား။

ရိုသေစွာဖြင့်
ဝိမုတ္တိသုခ
အောက်တိုဘာလ ၂၇၊ ၂၀၁၂။


ဆက်လက်ဖတ်ရှုရန်

Tuesday, October 2, 2012

"JUST" For You

ဒီစာစုကို အောက်တိုဘာ (၂) ရက်နေ့မှာကျရောက်တဲ့ အစ်မ မ၀င်းဝင်းရီ ရဲ့  မွေးနေ့အတွက် အမှတ်တရ မွေးနေ့လက်ဆောင်အဖြစ် ရေးပေးခြင်းဖြစ်ပါတယ်ခင်ဗျာ။

*********************

အခု ရေးမယ့် အကြောင်းအရာလေးကို ကျွန်တော် ကိုယ့်ဖာသာ ပို့စ်တစ်ပုဒ်ရေးမယ်လို့ စိတ်ကူးပြီး မရေးဖြစ်ဘူး ဖြစ်နေခဲ့တာပါ။ အစ်မ မွေးနေ့အတွက် ဘာရေးရရင် ကောင်းမလဲစဉ်းစားလိုက်တော့ ဒီမရေးရသေးတဲ့အကြောင်းလေးကိုဘဲ ရေးပြီး အမှတ်တရလက်ဆောင် ပေးလိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်မိတယ်။ ဒါကြောင့်မို့ အစ်မရဲ့  မွေးနေ့အတွက် ကျွန်တော် တွေးမိထားတဲ့ JUST သုံးလုံး ကို မွေးနေ့လက်ဆောင်အဖြစ် ပေးလိုက်ပါတယ်နော်။



"JUST" For You

ဟိုးအရင်က ကုန်ထုတ်လုပ်ငန်းကြီးတွေမှာ သူတို့ရဲ့  ထုတ်လုပ်ကုန်တွေအတွက် ပစ္စည်းသိုလှောင်ထားဖို့ သိုလှောင်ရုံတွေထားရှိရတယ်။ ပစ္စည်းရောင်းထွက်မယ်၊ ရောင်းမထွက်ဘူး မသေချာပေမယ့် ဈေးကွက်မှာ အဆင်သင့်ဖြစ်နေဖို့အတွက် ပစ္စည်းတွေကို ကြိုတင်ထုတ်လုပ်ထားပြီး သိမ်းဆည်းထားကြရတယ်။ ဒီပစ္စည်းတွေကို အများကြီးကြိုတင် ထုတ်လုပ်နိုင်ဖို့အတွက်လည်း လူအင်အားရော၊ ငွေအင်အားရော၊ တခြားစိုက်ထုတ်ရတဲ့ အရင်းအနှီးတွေက အများကြီးလိုတာပေါ့။ တကယ်လို့ ပစ္စည်းက မှန်းထားသလောက် ရောင်းမပေါက်ရင် ထုတ်ထားပြီးသား ထွက်ကုန်တွေအတွက် အရှုံးနှင့်ရင်ဆိုင်ရတဲ့ ပြဿနာမျိုးတွေ ရှိတယ်။ ဒီလိုပုံစံထုတ်လုပ်မှုမျိုးကို Traditional Production System လို့ ပြောလို့ရသလို၊ Just In Case Production System လို့လည်း ခေါ်လို့ရပါတယ်။ JIC လို့လည်း သုံးကြတယ်။ သူ့ရဲ့ အားနည်းချက်က ငွေကုန်ကြေးကျများတယ်၊ အဆုံးအရှုံးဖြစ်နိုင်ချေများတယ်။ အားသာချက်ကတော့ ကုန်ချောပစ္စည်းကို အချိန်မရွေးကိုယ့်ဘက်က ပံ့ပိုးနိုင်တယ်။ နောက် အခြေအနေအရ လတ်တလောမှာ ကုန်ကြမ်းပြတ်သွားခဲ့ရင်လည်း ပူနေစရာမလိုဘူး။ ကိုယ့်လက်ထဲမှာ ထုတ်လုပ်ပြီးသား ကုန်ချောပစ္စည်းက ရှိနှင့်နေပြီးသားကိုး။

၁၉၈၀နောက်ပိုင်းမှာတော့ စနစ်တစ်မျိုးကို တချို့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေမှာ ပြောင်းပြီး သုံးလာကြတယ်။ အဲဒါက Just In Time Production Systemပါတဲ့။ အတိုကောက် JIT လို့လည်း ခေါ်ကြတယ်။ သူကတော့ ပစ္စည်းကို ဈေးကွက်ကလိုအပ်နေသလောက်ပဲ ထုတ်တယ်။ ကြိုတင်ထုတ်ပြီး သိမ်းထားတာမျိုးကို မလုပ်ဘူး။ ပစ္စည်းကို သုံးစွဲသူတွေဘက်က မှာတဲ့အခြေအနေပေါ်မှာမူတည်ပြီး လိုအပ်သလောက်ဘဲထုတ်ပြီး ဈေးကွက်ကို တစ်ခါတည်းတန်းပို့တဲ့အတွက် ပစ္စည်းတွေကို ရေရှည်သိမ်းထားဖို့ နေရာစီစဉ်ထားစရာမလိုတော့ဘူး။ နောက်ပစ္စည်းအလေအလွင့်လည်း နည်းသွားတယ်။ ဒီဘက်ခေတ် မြေယာတွေဈေးမြင့်တဲ့အချိန်၊ အလုပ်သမားစရိတ်တွေ ဈေးမြင့်တဲ့အချိန်မှာ ဒီစနစ်ကို ကျင့်သုံးတာဟာ ထုတ်လုပ်သူတွေဘက်က တော်တော်လေးအဆင်ပြေတယ်။ ဒါပေမယ့် သူ့ရဲ့ အားနည်းချက်က ဈေးကွက်ကလိုအပ်နေချိန်မှာ ကုန်ကြမ်းပြတ်နေတာမျိုး၊ သဘာဝဘေးအန္တရာယ်တစ်ခုခုဖြစ်နေတာမျိုးနှင့် ကြုံရရင်တော့ ပြဿနာတက်နိုင်တယ်။ ဂျပန်မှာ ဆူနာမီဖြစ်ပြီး စက်ရုံတွေ ရပ်ထားရတဲ့အချိန်မှာ အခုလိုပြဿနာမျိုးတွေဖြစ်ကြတယ်။ ဈေးကွက်မှာလိုအပ်နေပေမယ့် ပစ္စည်းကို အဆင်သင့်ထုတ်ထားတာ ရှိမနေတော့ လုပ်ငန်းရှင်တွေဘက်ကလည်း နစ်နာသလို၊ စားသုံးသူတွေဘက်ကလည်း လိုအပ်ချက်မပြည့်ဝတာမျိုးတွေ ဖြစ်ကြရတယ်။

ပညာသင်ကြားရေးမှာလည်း ဒီ Just နှစ်မျိုးကို လူတွေ အသုံးပြုနေကြရတယ်။ ကျောင်းပညာရေးအတွက် လူတွေ ဆယ်စုနှစ် တစ်ခုကျော်စာ၊ တချို့  နှစ်ခုလောက် အချိန်ပေးသင်ယူတယ်ဆိုတာ Just In Case Learning လုပ်တာလို့ ပြောလို့ရပါတယ်။ လောလောဆယ် သင်နေရတဲ့ပညာတွေကို ဘယ်နေရာမှာ ဘယ်လိုသုံးရမယ်ဆိုတာတော့ မသိသေးဘူး။ ဘယ်လိုလိုအပ်မယ်၊ ဘယ်လောက်အတိုင်းအတာအထိ သုံးရမယ်ဆိုတာလည်း မသိဘူး။ ဒါပေမယ့် လိုလိုမယ်မယ် သိထားရမယ့်အရာတွေဆိုပြီး သင်ကြားကျက်မှတ် နေကြရတာဘဲ။ သင်ထားရတာတွေ၊ သင်နေရတာတွေ အားလုံးကို သုံးရချင်မှလည်း သုံးရမယ်။ တချို့ ပညာရပ်တွေဆို ဘယ်လိုအသုံးဝင်မယ်မှန်းမသိပဲနှင့်ကို သင်လိုက်ကြရတာတွေလည်း ရှိတတ်ပါတယ်။

တကယ်လက်တွေ့လုပ်ငန်းခွင်ထဲရောက်သွားတဲ့အခါမှာကျတော့ ကိုယ်လုပ်ရမယ့်အလုပ်နှင့်တိုက်ရိုက်ပတ်သက်တဲ့ သိစရာ၊ သင်ယူစရာတွေကို ထပ်သင်ဖို့က လိုလာပြန်ပါတယ်။ အဲဒီအခါမှာ အလုပ်လည်းလုပ်ရင်း၊ နားမလည်တာ၊ မသိသေးတာတွေကိုလည်း ထပ်ပြီးသင်ယူရပါတော့တယ်။ အဲဒါကိုကျတော့ Just In Time Learning လုပ်တယ်လို့ ခေါ်ရမှာပါ။

အဲဒီမှာ တစ်ခုသတိထားမိတာက ကုန်ထုတ်လုပ်ငန်းမှာပဲဖြစ်ဖြစ်၊ ပညာသင်ကြားရေးမှာဘဲဖြစ်ဖြစ် JIT ကို ကျင့်သုံးမယ့်သူတွေဟာ JIC ကို ပိုင်နိုင်ထားမှ ဖြစ်မယ်ဆိုတာပါဘဲ။ ဥပမာအနေနှင့်ပြောမယ်ဆိုရင် မာရသွန်ပြိုင်ပွဲဝင်မယ့် အပြေးသမားတစ်ယောက်ဟာ မာရသွန်ကို တန်းပြီး ပြိုင်ပွဲဝင်လို့မရနိုင်ပါဘူး။ စစချင်းမှာ လေ့ကျင့်ပြင်ဆင်မှုတွေနှင့် တခြားပြိုင်ပွဲအသေးစားတွေကို အများကြီးဖြတ်သန်းထားပြီးသား ဖြစ်နေမှသာ မာရသွန်ကို ၀င်ပြိုင်နိုင်တဲ့အဆင့်ကို ရောက်ပါတယ်။ ကုန်ထုတ်လုပ်ငန်းမှာ JIT Production ကို လုပ်မယ့်သူတွေဟာလည်း ကုန်ပစ္စည်းတွေကို JIC ပုံစံနှင့် ထုတ်လုပ်ထားဖူးတဲ့ အတွေ့အကြုံရှိထားမှ လုပ်လို့ရနိုင်ပါလိမ့်မယ်။ ဒီလိုပါဘဲ။ လုပ်ငန်းခွင်မှာ အရေးပေါ်လိုအပ်လာတဲ့ပညာရပ်ကို သင်မယ့်သူဆိုတာဟာလည်း သူရှေးနှစ်ပေါင်းများစွာက သင်ယူလာခဲ့တဲ့ ပညာအခြေခံတွေ ရှိနှင့်ထားပြီးသားဖြစ်မှသာ အခုသင်ယူရမယ့် လုပ်ငန်းခွင်ကပညာကို လွယ်လွယ်ကူကူသင်ယူနိုင်မှာဖြစ်ပါတယ်။

ကဲ....ကျွန်တော်တို့တွေ ဓမ္မလမ်းကြောင်းဘက်ကို ဦးလှည့်ကြည့်ကြရအောင်ပါ။

လူအများစုဟာ ဘာသာရေးဆိုတာကို များသောအားဖြင့်တော့ ပုံမှန်အစစအရာရာ အဆင်ပြေနေတဲ့ အချိန်တွေမှာ မေ့လျော့နေတတ်ကြပါတယ်။ အရာရာ ချောချောမွေ့မွေ့နှင့် အဆင်ပြေနေသေးရင် ဘုရား၊ တရားဆိုတာဟာ ကိုယ်နှင့် ဟိုးအဝေးကြီးမှာလို နေတတ်ကြတယ်။ ကိုယ့်မှာ တစ်ခုခု ဆိုးဆိုးဝါးဝါးအဆင်မပြေတာ ရှိလာတဲ့အချိန်မျိုး၊ နေထိုင်မကောင်းလို့ အိပ်ယာပေါ်မှာ လှဲနေရတော့တဲ့အချိန်မျိုး ရောက်လာတော့မှဘဲ ဘာသာရေးဆိုတာကို သတိရတတ်ကြတယ်။ အဲဒီအချိန်ကျမှ ဘုရားရှိခိုးဖို့၊ ပုတီးစိတ်ဖို့၊ တရားအားထုတ်ဖို့ ပြင်ကြတော့တယ်။ ဒါဟာလည်း လူတွေရဲ့  ဖြစ်လေ့ဖြစ်ထရှိတဲ့ ဓလေ့တွေထဲက တစ်ခုလို့ ပြောရမှာပါဘဲ။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ဒီမှာရောက်ပြီး ကုမ္ပဏီတစ်ခုမှာ ရာထူးကြီးကြီးနှင့် တာဝန်ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်နှင့် စကားစမြည်ပြောဖြစ်တယ်။ သူကလည်း ပညာတတ်၊ ဗဟုသုတလည်း တော်တော်စုံတဲ့သူဆိုတော့ ဘာသာရေးအပါအ၀င် တခြား သူသိထားတာတွေကလည်း တော်တော်များပါတယ်။ သူကဘာပြောလဲဆိုတော့ လောလောဆယ်တော့ သူဘာသာရေးကိစ္စကို မလုပ်သေးဘူးတဲ့။ သေခါနီးရင်တော့ သုံးလေးလလောက်တော့ အချိန်ရအုံးမှာပါ တဲ့။ အဲဒီအချိန်ကျတော့မှ အိပ်ယာပေါ်လှဲရင်း လုပ်စရာရှိတာ၊ လုပ်သင့်တာတွေကို လုပ်တာပေါ့ဗျာ တဲ့။ ကျွန်တော် သူ့စကားနားထောင်ပြီး မျက်လုံးပြူးသွားရပါတယ်။ တယ်သတ္တိကောင်းတဲ့ လူပါလားဆိုပြီးတော့ပါ။ သူ့ကို သေခါနီး အချိန် သုံးလေးလပေးပါမယ်လို့ ဘယ်သူကများ ပြောပါလိမ့်နော်။ သုံးလေးလဆိုတဲ့အချိန်ရခဲ့ရင်ကော အဲဒီအချိန်မှာ တကယ်လုပ်သင့်တယ်ဆိုတဲ့အရာကို လုပ်နိုင်မှာမို့လို့လား ဆိုတာ ကျွန်တော်တွေးမိလိုက်ပါတယ်။

အစ်မလည်း သိတဲ့အတိုင်းပါ။ ကိုယ့်ခန္ဓာကိုယ်က ကိုယ်ဖြစ်စေချင်သလိုမဖြစ်တော့ပဲ အိပ်ယာပေါ်မှာလှဲပြီးထားရတော့တဲ့အချိန်ရောက်တော့မှ တရားအလုပ်လုပ်ဖို့ဆိုတာဟာ ဖြစ်နိုင်ခြေရာခိုင်နှုန်းက တော်တော်လေး နဲတဲ့ကိစ္စတစ်ခုပါ။ အဲဒီအချိန်မှာ ခန္ဓာကိုယ်ကလည်း အင်အားမရှိ၊ စိတ်ကလည်း အားမရှိတော့ပါဘူး။ တစ်နေကုန် ပင်ပင်ပန်းပန်းအလုပ်လုပ်ထားတဲ့သူတစ်ယောက် ညဘက်အိပ်ခါနီး အရမ်းအိပ်ငိုက်နေတဲ့အချိန် အိပ်ယာထဲလှဲပြီး တရားမှတ်ခိုင်းရင် အိပ်ပျော်သွားဖို့ဘဲ ရှိသလိုဖြစ်နေမှာပါ။ တစ်ခုတော့ ရှိတာပေါ့။ ဘေးကနေ မိတ်ဆွေကောင်း၊ ဆရာကောင်းတစ်ယောက်ယောက်က  တောက်လျှောက်ထိုင်ပြီး သတိပေးနေရင်တော့ ဖြစ်နိုင်ခြေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုအခွင့်အရေးမျိုး ရဖို့ဆိုတာကလည်း လွယ်တာမှတ်လို့လေ။

ဝိပဿနာတရားကို အားထုတ်ကြတယ်ဆိုတဲ့နေရာမှာ ပါရမီကုသိုလ်ဖြစ်ဖို့၊ ဈာန်တရား၊ မဂ်တရား၊ နိဗ္ဗာန်တရားတွေကို ရဖို့ဆိုတာတွေထဲမှာ သေဖို့အတွက် ကိုယ့်ရဲ့ နောက်ဆုံးဖြတ်သန်းရမယ့်အချိန်ကို အဆင်သင့်ပြင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကိုပါ ထည့်ထားသင့်ပါတယ်။ လူအများစုက သေဖို့ကိစ္စကို လေးလေးနက်နက်မစဉ်းစားထားကြတာများပါတယ်။ တကယ်တော့ အဲဒီအချိန်ကဘဲ ကိုယ့်ရဲ့  ရှေ့ ဆက်ရမယ့် သံသရာခရီးအပြောင်းအလဲအတွက် အကောင်းအဆိုးကို ဆုံးဖြတ်ပေးသွားမှာ မဟုတ်လား။ 

စိတ်ဆင်းရဲမှုတွေဖြစ်လာပြီ၊ တွေ့ကြုံလာရတဲ့ အကြောင်းကိစ္စတွေ အဆင်မပြေတာ များလာပြီ၊ ခန္ဓာကိုယ်မှာ ရောဂါဝေဒနာတွေ ဖောက်ပြန်လာပြီဆိုတဲ့အချိန်မှာ ဒီကိုယ်နှင့် စိတ်ကို မျှတအောင် ထားနိုင်ဖို့အတွက် ၀ိပဿနာတရားကို စနစ်တကျ ကျင့်သုံးတတ်ထားဖို့လိုပါတယ်။ ဒီအခြေအနေတွေမှာ ကျွန်တော်တို့တွေဟာ ၀ိပဿနာတရားကို ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာနေတဲ့ ဖြစ်စဉ်တွေနှင့် တပြေးညီ Just In Time ပုံစံနှင့် ရှုမှတ်ပွားများသွားရမှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ပေါ်မှာ ဖြစ်ပေါ်လာတဲ့အခြေအနေတွေပေါ်မူတည်ပြီး ကာယနုပဿနာကိုအားထုတ်မလား၊ ဝေဒနာနုပဿနာကို အားထုတ်မလား၊ စိတ္တနုပဿနာကိုအားထုတ်မလား၊ ဒါမှမဟုတ် ဓမ္မာနုပဿနာနှင့်သိမှတ်နေမလား ဆိုတာကို ကိုယ်ကိုယ်တိုင်ပဲ ဆုံးဖြတ် ဆုံးဖြတ်ပြီး အားထုတ်ကြရမှာဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ကိုယ်က JIT နှင့် အားထုတ်တော့မယ်ဆိုတော့မှ ကျွန်တော်တို့တွေမှာ ယခင်ကပြင်ဆင်ထားခဲ့တဲ့ Just In Case (JIC) နှင့် အားထုတ်မှုက ရှိမနေခဲ့ဘူးဆိုရင် ကသောင်းကနင်းတွေဖြစ်ပြီး စိတ်ဒုက္ခထပ်ဖြစ်ကြ့ရပါလိမ့်မယ်။

ဒါကြောင့် နေ့စဉ်ပုံမှန်သွားလာနေထိုင်ရပ်တည်ခွင့်ရနေကြတဲ့ အချိန်ကတည်းက ၀ိပဿနာအားထုတ်မှုအတွက် ရည်ရွယ်ရှေးရှုပြီး လိုအပ်တဲ့ သီလစောင့်ထိန်းမှုတွေ၊ ဂုဏ်တော်ပွားတာတွေ၊ မေတ္တာပွားများတာတွေ၊ သေခြင်းတရားကို အောက်မေ့ဆင်ခြင်တာတွေ၊ ခန္ဓာကိုယ်ရဲ့  မတင့်တယ်ပုံတွေကိုဆင်ခြင်တာတွေကို အချိန်ရရင် ရသလောက်၊ အခွင့်အရေးရရင် ရသလောက် လုပ်ထားရမှာဖြစ်ပါတယ်။ အဲဒီကမှတဆင့် ကမ္မဋ္ဌာန်းအားထုတ်နည်း တစ်ခုခုကို အခြေခံပြီး စိတ်တည်ငြိမ်မှုရအောင်နှင့် ပညတ်၊ ပရမတ်ကွဲပြီး ရုပ်တရားနာမ်တရားတွေရဲ့  သဘာဝကို အမှန်အတိုင်းသိမြင်နိုင်တဲ့ စိတ်အခြေအနေမျိုးဖြစ်လာအောင် အမြဲလေ့ကျင့်ပေးနေရမှာဖြစ်ပါတယ်။ သတိပဋ္ဌာန်တရားလေးပါးလုံးကို စနစ်တကျနှင့် ပိုင်ပိုင်နိုင်နိုင်အားထုတ်တတ်အောင် သင်ယူလေ့ကျင့်ပျိုးထောင်ထားသင့်ပါတယ်။ ဒါတွေဟာ Just In Case ပုံစံနှင့် ၀ိပဿနာတရားကို ကြိုးစားအားထုတ်နေတာပါဘဲ။

Just In Case နှင့် တရားကို ပိုင်ပိုင်နိုင်နိုင်အားထုတ်ထားတဲ့အခါကျတော့ အရေးပေါ်လာလို့ မိမိခန္ဓာမှာ လတ်တလောဖြစ်နေတဲ့ အခြေအနေပေါ်မူတည်ပြီး Just In Time အားထုတ်ရတော့မယ့်အခါမှာလည်း ပူစရာ မလိုတော့ပါဘူး။ ကိုယ်အရင်က အားထုတ်နေကျအတိုင်းပဲ ဆက်ပြီး ရှုမှတ်နေလိုက်ရုံဘဲရှိမှာပါ။ မာရသွန်ပြိုင်ပွဲအတွက် ရည်ရွယ်ပြီး  အမြဲတမ်း လေ့ကျင့်ထားတဲ့အပြေးသမားတစ်ယောက်ဟာ တကယ်ပွဲဝင်ရတော့မယ့်အခါမှာ သူ့အတွက် ပိုထူးပြီး ပင်ပန်းစရာအကြောင်း မရှိတော့သလိုပဲပေါ့။ အားထုတ်မှုဝီရိယအနေနှင့်ကတော့ ရှေးအရင်ပုံမှန်လေ့ကျင့်နေတဲ့အချိန်တွေထက် ပိုတော့ စိုက်ထုတ်ရမှာပေါ့လေ။

ကျွန်တော်တို့ နေ့စဉ်ဘ၀မှာ ချိန်းထားတဲ့နေရာတစ်ခုကို ချိန်းထားတဲ့အချိန်မှာ ကွက်တိရောက်သွားတာမျိုး၊ အခမ်းအနားတစ်ခုကို သတ်မှတ်ထားတဲ့အချိန်မှာ အတိအကျစတာမျိုး၊ လေယာဉ်တွေ၊ ရထားတွေ၊ ကားတွေ သတ်မှတ်ထားတဲ့အချိန်မှာ အတိအကျထွက်ခွာတာမျိုးကို Right On Time ဖြစ်တယ်လို့ သုံးကြပါတယ်။ ကုန်ပစ္စည်းထုတ်လုပ်တဲ့နေရာမှာတော့ JIC တို့၊ JIT တို့နှင့် လိုက်အောင် Just On Time (JOT) လို့သုံးကြတယ်။ ပစ္စည်းတွေကို သတ်မှတ်ထားတဲ့အချိန်မှာ သတ်မှတ်ထားတဲ့နေရာကို ရောက်အောင်ထုတ်လုပ်နိုင်တာ၊ ပို့ဆောင်နိုင်တာမျိုးပေါ့။

ဝိပဿနာကို အားထုတ်တဲ့နေရာမှာလည်း အရင်ကတည်းက Just In Case နှင့်လည်း အားထုတ်ထားမယ်၊ အရေးပေါ်လာတဲ့အချိန်မှာလည်း Just In Time နှင့် ဆက်အားထုတ်နိုင်တဲ့ သူတစ်ဦးအတွက် လုံလောက်တဲ့အကြောင်းတွေ ပြည့်စုံတဲ့အချိန်တစ်ခု အရောက်မှာတော့ အရှုခံအာရုံတိုင်းကို ရှုတဲ့ဉာဏ်က မလွတ်တမ်း မပြတ်မလပ် ဆက်တိုက်ရှုမှတ်နိုင်တဲ့ အနေအထားကို ရောက်လာပါတယ်။ အာရုံတစ်ခုပေါ်လိုက်တာနှင့် သိပြီးသား၊ မှတ်ပြီးသားဆိုတဲ့ အဆင့်ကို ရောက်သွားတာမျိုးပေါ့။ ဒီလိုရှုမှတ်လို့ရတဲ့အနေအထားမျိုးရောက်သွားပြီဆိုရင်တော့ JOT နှင့် ရှုမှတ်အားထုတ်နိုင်တဲ့သူလို့ ပြောလို့ရပါပြီ။ 

ဒီလို JOT နှင့် အားထုတ်နိုင်သွားပြီဆိုရင် မိမိခန္ဓာကိုယ်နှင့် ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်လာသမျှ လောကဓံအကောင်းအဆိုးတိုင်းအပေါ်မှာ ဟန်ချက်ညီညီနှင့်  ငြိတွယ်မှုမရှိပဲ မျှတတဲ့သဘောထားကို ထားနိုင်တဲ့ စိတ်အနေအထားကို ဖြစ်ပေါ်လာစေနိုင်တော့မှာဖြစ်ပါတယ်။ အဲဒီကနေ ရှေ့ ဆက်ကြိုးစားအားထုတ်သွားကြမယ်ဆိုရင်တော့ ဒီအခြေအနေရဲ့  ဟိုဘက်အလွန်မှာရှိနေတဲ့ လွတ်မြောက်ရာထွက်ပေါက်ဆီကို ရောက်ရှိသွားရတော့မှာပါဘဲ။

ဒီတော့ အစ်မရေ။ ကျွန်တော်တို့တွေအားလုံး ဒီ Just သုံးလုံးကို ကိုယ့်ရဲ့  နေ့စဉ် လက်တွေ့ဘ၀ထဲရောက်အောင် တတ်နိုင်သလောက် လုပ်ကြဖို့ဘဲ ရှိတော့တာပါဘဲ။ ဒါမှသာ ဘယ်အချိန် ကိုယ့်ဆီလာမယ်မှန်းမသိတဲ့ သေခြင်းတရား၊ နာခြင်းတရားအပါအ၀င် တခြားလောကဓံအကောင်းအဆိုးတွေကို ခံနိုင်ရည်ရှိရှိနှင့် ရင်ဆိုင်ဖို့အတွက် လေ့ကျင့်ထားပြီးသား ဖြစ်စေသလို မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုလည်း ဘုရားရှင်အလိုတော်ကျ ဓမ္မနှင့်ပူဇော်ရာလည်းရောက်မယ် မဟုတ်လားဗျား။

အစ်မမွေးနေ့အတွက် လက်ဆောင်ဆောင်းပါးကို Just တွေအကြောင်းရေးမိတော့ အခု ဒီစာအဆုံးသတ်လေးကိုလည်း နာမည်ကြီး ကုန်ပစ္စည်း Brand တစ်ခုဖြစ်တဲ့ Nike ရဲ့   Slogan လေးကို ယူသုံးပြီး ကျွန်တော်ရော၊ အစ်မရော၊ စာဖတ်နေကြတဲ့ မိတ်ဆွေများအားလုံးအတွက်ရော သတိပေးစကားလေးအဖြစ် လက်ဆောင်ပါးလိုက်ချင်ပါတယ်။ အားလုံး.... Just Do It! ပါလို့။

(အစ်မရဲ့  ယနေ့ကျရောက်တဲ့ မွေးနေ့မှသည် အသက်ထက်ဆုံးတိုင် ကျေးဇူးရှင်မိခင်ကြီးကို လုပ်ကျွေးပြုစုရင်း၊ သံသရာလွတ်မြောက်ရာအတွက်လည်း ပြင်ဆင်ရင်း လောကီ၊ လောကုတ် နှစ်ဖြာသော ချမ်းသာသုခများကို ခံစားရရှိနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် အစ်မရေ....။)

ခင်မင်စွာဖြင့်
ဝိမုတ္တိသုခ
အောက်တိုဘာ ၂ရက်နေ့၊ ၂၀၁၂။


ဆက်လက်ဖတ်ရှုရန်