Sunday, August 5, 2012

လွတ်လပ်သောစိတ်ပိုင်ရှင်သို့ ဦးညွတ်ခြင်း


သြဂုတ်လ (၅) ရက်နေ့ဟာ ကျွန်တော့်ဘ၀အတွက် အမှတ်တရဖြစ်စေတဲ့ လူ (၃) ဦးရဲ့ မွေးတဲ့နေ့တွေဖြစ်ပါတယ်။ တစ်ယောက်ကတော့ ကျွန်တော့်အစ်မပါ။ သူက ကျွန်တော့်ထက် အသက် (၁၂)နှစ်ကြီးပါတယ်။ အသက်ဆယ်နှစ်ကျော်ကွာတဲ့ အစ်မဆိုပေမယ့် သူငယ်ချင်းပေါင်းပေါင်းပြီး ပြောမနာ၊ ဆိုမနာ၊ ဆဲမနာတွေပါ။ အခုအသက်အရွယ်အထိ တစ်ယောက်နှင့်တစ်ယောက် စိတ်ဆိုးဒေါသဖြစ်ကြတယ်ဆိုတာမျိုး မရှိအောင်ကို တည့်ကြတဲ့ မောင်နှမတွေပါ။


နောက်တစ်ယောက်ကတော့ ပြင်သစ်က ကမ္ဘာကျော်စာရေးဆရာ Guy de Maupassant ပါ။ သူ့မွေးနေ့ကလည်း ကျွန်တော့်အစ်မမွေးနေ့နှင့်သွားတူနေလို့ မှတ်မိတာပါ။ ကျွန်တော်တို့ ကျောင်းသားဘ၀တုန်းက အင်္ဂလိပ်စာမှာ The Necklace ဆိုတဲ့ ခေါင်းစဉ်နှင့် သင်ခဲ့ရတဲ့ သင်ခန်းစာရဲ့  မူရင်းစာရေးသူပါပဲ။ စိန်ဆွဲကြိုးအတုကို အစစ်ထင်ပြီး ငှားဆွဲရာက ပျောက်ပြီး ဒုက္ခဖြစ်ရတဲ့အမျိုးသမီးအကြောင်းပါ။ သင်ဖူးခဲ့တဲ့သူတွေတော့ မှတ်မိကြအုံးမယ်ထင်ပါတယ်။ သူရေးတဲ့စာတွေဖတ်ရင်း သူ့အကြောင်းကိုလေ့လာကြည့်တော့ Maupassant ဟာ နောက်ပိုင်း စိတ်ကျရောဂါဖြစ်ပြီး စိတ်ရောဂါကုဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူ့ကိုယ်သူလည်း သေကြောင်းကြံခဲ့ဖူးပါသေးတယ်။ ကျွန်တော်က အဲဒီအကြောင်း သိရတော့ ကျွန်တော့်အစ်မကိုတောင် နောက်ပြီး ပြောဖြစ်သေးတယ်။ “အစ်မသတိထားနော်၊ အစ်မနှင့်မွေးနေ့တူတွေ ရူးပြီးသေတာ ကမ္ဘာ့စာပေသမိုင်းမှာ ရှိတယ်။” လို့။

ကျွန်တော်တို့တွေ အရပ်ထဲမှာ ပြောတတ်ကြတဲ့ စကားရှိပါတယ်။ “ရူးရင်ရူး၊ မရူးရင်ထူးမယ်” တဲ့။ (၅) ရက်နေ့မှာမွေးတဲ့ Maupassant ကတော့ ရူးသွားရှာပေမယ့် နောက်တစ်ဦးကတော့ ထူးပါတယ်။ အဲဒီ ကျန်တဲ့ နောက်တစ်ဦးကတော့ ကျွန်တော်တို့တွေ နေ့တိုင်းလိုလို Facebook မှာ သူ့ရဲ့ စာတွေကို  ပို့စ်တွေ၊ ပုံတွေ၊ စာတွေမျိုးစုံ၊ ဒီဇိုင်းစုံနှင့်ရေးပြီး တင်နေကြ၊ ရှယ်နေကြ၊ ဖတ်နေကြရတဲ့၊ ကျွန်တော်တို့တွေ ချစ်ခင်လေးစားကြည်ညိုရတဲ့ ဆရာတော် ဦးဇောတိက ပဲဖြစ်ပါတယ်။ ဆရာတော်ကို ၁၉၄၇ခုနှစ်၊ သြဂုတ်လ (၅) ရက်နေ့မှာ မွေးဖွားခဲ့တာမို့ ဆရာတော်ရဲ့ သက်တော်ဟာ ဒီနှစ်မှာတော့ (၆၅) နှစ် ပြည့်ပြီဖြစ်ပါတယ်။

ဆရာတော်ဟောခဲ့တဲ့တရားတွေ၊ ရေးခဲ့တဲ့စာတွေကြောင့် လူပေါင်းများစွာရဲ့  ဘ၀လမ်းကြောင်းတွေ ပြောင်းလဲသွားခဲ့ကြတာ ကာယကံရှင်တွေပဲ အသိဆုံးဖြစ်မှာပါ။ အဲဒီလို ပြောင်းလဲသွားခဲ့ကြတဲ့သူတွေထဲမှာ ကျွန်တော်လည်း တစ်ဦးအပါအ၀င်မို့ ဒီနှစ်ဆရာတော့်မွေးနေ့ကို ဆရာတော်ရဲ့  ကျေးဇူးဂုဏ်တွေကို အာရုံပြုရင်း ဒီစာကို မွေးနေ့အမှတ်တရ ရေးလိုက်ပါတယ်။


ကျွန်တော်အထက်တန်းကျောင်းသားဘ၀ ၁၉၉၀ခုနှစ်ပတ်ဝန်းကျင်မှာ ဦးဆန်းလွင် အယ်ဒီတာချုပ်အဖြစ်နှင့်ထုတ်ဝေခဲ့တဲ့  “ဓမ္မရုပ်စုံ” မဂ္ဂဇင်းဟာ ဘာသာရေးစာပေလောကမှာ နှစ်အတော်ကြာ အောင်မြင်ခဲ့ပါတယ်။ ကျွန်တော့်အမေက အဲဒီမဂ္ဂဇင်းကို လတိုင်းပုံမှန်ဝယ်ဖတ်တတ်ပါတယ်။ တခါတော့ အမေက မဂ္ဂဇင်းဖတ်ရင်း  “သားရေ။ ဒီမှာ ဘုန်းကြီးတစ်ပါးအကြောင်း ရေးထားတာပါတယ်။ ဘာသာခြားကနေပြီး ဗုဒ္ဓဘာသာဘုန်းကြီး ဖြစ်သွားတာ၊ အင်ဂျင်နီယာဘွဲ့လည်း ရထားတယ်။ သူပြောတဲ့ တရားတွေမှာ အင်္ဂလိပ်လိုတွေလည်း ပါတယ်။ ကွန်ပျူတာအကြောင်းတွေလည်းပါတယ်။ ထူးထူးခြားခြားပဲ။” လို့ အံ့သြသံနှင့်လှမ်းပြောတာ အခုထိ မှတ်မိနေပါတယ်။ အဲဒီအချိန်တုန်းကတော့ ကျွန်တော်က အမေပြောတဲ့ အဲဒီဆရာတော်အကြောင်းကို ဒီလောက်စိတ်မ၀င်စားခဲ့ပါဘူး။ အဲဒီတုန်းက ဓမ္မရုပ်စုံမှာ ကျွန်တော် စိတ်ဝင်တစားနှင့်ဖတ်ခဲ့တာ ဆရာဦးဆန်းလွင်ရေးတဲ့ “ပဏ္ဍိတာဗောဓိ” ဆိုတဲ့ အခန်းဆက်ဝတ္ထုရှည်ပါပဲ။ (အခုတောင် ပြန်ဖတ်ခွင့်ရရင် ဖတ်ချင်ပါတယ်။)


၁၉၉၈ မှာ တက္ကသိုလ်တက်ရင်း ကျောင်းတွေပိတ်လိုက်တော့ ကျွန်တော်ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်လုပ်ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ အလုပ်က ပိုင်ရှင်သူဌေးနှင့် ကျွန်တော်နှင့်က နေ့တိုင်းနီးပါး အပြင်ကို အလုပ်ကိစ္စနှင့် သွားရတတ်တယ်။ ကျွန်တော်တို့ သူ့ကားပေါ်စရောက်လို့ ကားသော့ဖွင့်လိုက်တာနှင့် ကားကက်ဆက်ကနေပြီး ဆရာတော်တစ်ပါးရဲ့ တရားသံက ထွက်လာပါတော့တယ်။ အသံအေးအေးလေးနှင့် စကားပြောသလိုမျိုး၊ ဆရာကနေ တပည့်ကို စာရှင်းပြသလိုမျိုး ဟောတဲ့တရားသံမျိုး အရင်က ဒါမျိုး တစ်ခါမှ မကြားဖူးတော့ အထူးအဆန်းဖြစ်ရပါတယ်။ ဒါနဲ့ သူဌေးကို ဘယ်ကဆရာတော်လဲလို့ မေးတော့မှ ဆရာတော်ဦးဇောတိက မှန်း သိရပါတော့တယ်။ ဒီလိုနှင့် နေ့စဉ်လို သူဌေးနှင့် အပြင်လိုက်ရင်း သူဖွင့်တဲ့ ဆရာတော့်တရားတွေကို နာဖြစ်ခဲ့ပါတော့တယ်။ နာရင်းက သဘောကျလာတော့ ကိုယ်တိုင် စူပါဟိုက်တေးသံသွင်းကို သွားပြီး ဆရာတော့်တရားခွေတွေကို ရှာဝယ်ဖြစ်ခဲ့ပါတယ်။


ကျွန်တော် တက္ကသိုလ်ကျောင်းစတက်တဲ့အချိန် ဘာသာရေးစာပေတွေလေ့လာပြီး တရားတွေစနာဖြစ်တော့ အဲဒီအချိန်က လွယ်လွယ်ကူကူနှင့် ကိုယ့်ပတ်ဝန်းကျင်မှာ ငှားပြီးနာဖြစ်ခဲ့တာ သပိတ်အိုင်ဆရာတော်၊ ကြာနီကန်ဆရာတော်၊ ဖြူးဆရာတော်၊ ချမ်းမြေ့ဆရာတော် စတဲ့ ဆရာတော်တွေရဲ့  တရားတွေကများပါတယ်။ အဲဒီအချိန်တွေတုန်းက အခုလိုမျိုး ဓမ္မကထိကဆရာတော်တွေလည်း အများကြီး သိပ်မရှိသေး၊ စီဒီ၊ ဒီဗွီဒီခေတ်လည်း မဟုတ်သေးတော့ တရားခွေဆိုတာက အခုလိုမျိုး ပေါပေါများများလည်း မရှိသလို ၀ယ်ပြီးနာဖို့ဆိုတာကလည်း ကျောင်းသားတစ်ယောက်အတွက် ဘက်ဂျက်က စကားပြောပါတယ်။ ဒါပေမယ့် ဆရာတော့်တရားခွေတွေကို ကျွန်တော် တစ်ပတ်တစ်ခွေနှုန်းလောက်နှင့် ၀ယ်နာဖြစ်ခဲ့ပါတယ်။


နောက်ပိုင်း အဲဒီအလုပ်ကနေ ထွက်လိုက်ပေမယ့် ကျွန်တော့်မှာ အဲဒီသူဌေးဆီက အကျင့်တစ်ခုရသွားခဲ့ပါတယ်။ အဲဒါကတော့ ကားမောင်းရင်း တရားနာတဲ့အကျင့်ပါပဲ။ ကျွန်တော့်အိမ်နှင့် ကျောင်းနှင့်ကို ကားမောင်းသွားရင် တစ်နာရီနီးပါးလောက် မောင်းရပါတယ်။ ကျောင်းကို အိမ်က ကားယူသွားဖြစ်တဲ့နေ့တွေဆိုရင် ဆရာတော့်တရားကို ကျောင်းသွားရင်း တစ်ခါ၊ ကျောင်းက အပြန်တစ်ခါ နှစ်ခါ နာဖြစ်ပါတယ်။ နောက် ညဘက် မအိပ်ခင် ကျောင်းစာလုပ်ရင်း၊ တခြား ဗာဟီရအလုပ်တွေလုပ်ရင်း အိပ်ခန်းထဲမှာ တစ်ခါ ထပ်နာဖြစ်ပါတယ်။ ဒီလိုနှင့် ဆရာတော့်တရားတွေနှင့် ကျွန်တော် နှစ်ပေါင်းများစွာ ယဉ်ပါးနေခဲ့ပါတယ်။ နောက်ပိုင်း ဆရာတော့်စာအုပ်တွေထွက်လာတော့လည်း ထွက်သမျှကို ပြန်ဝယ်ဖတ်ပါတယ်။ များသောအားဖြင့်တော့ တရားခွေတွေမှာ ဟောထားခဲ့တာတွေကို ပြန်ပြီး စာအုပ်ထုတ်ထားတာပါ။ ဒါပေမယ့် စာအုပ်မှာ တခါတလေ တရားခွေမှာတုန်းက မပါတာတွေလည်း ပါတတ်ပါတယ်။ တခါတလေလည်း အခွေက ပိုပြည့်စုံနေတတ်ပြန်ပါတယ်။ စာအုပ်နှင့်ကျတော့ ကိုယ်သဘောကျတဲ့နေရာတွေကို Highlight တားလို့ရတာမို့ တစ်မျိုး ကောင်းပါတယ်။


၂၀၀၁ ခုနှစ်လောက်မှာ အင်တာနက်ကို စသုံးဖြစ်ပြီး ဘာသာရေးနှင့်ပတ်သက်တာတွေ ဟိုရှာဒီရှာလိုက်ရှာတော့ ဆရာတော့်အကြောင်းတွေ အနောက်နိုင်ငံကတင်ထားတဲ့ ဘာသာရေးဆိုဒ်တွေမှာ ပါနေတာ သွားတွေ့ပါတော့တယ်။ ဆရာတော်သွားတဲ့ နိုင်ငံခြားခရီးစဉ်တွေ၊ ဓါတ်ပုံတွေ၊ တရားတွေ ဝေေ၀ဆာဆာနှင့်မို့ ကျွန်တော့်မှာ တောသားမြို့ တက်သလိုမျိုး မြင်ရသမျှ၊ ဖတ်ရသမျှတွေက အံ့သြစရာတွေ ဖြစ်ရပါတော့တယ်။ ဆရာတော်ကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ဘာသာရေးထက် တွေးခေါ်ပညာရှင်တစ်ဦးအဖြစ် အသိအမှတ်ပြုကြတာကိုလည်း သတိထားမိပါတယ်။ ဆရာတော့်တရားတွေကို အွန်လိုင်းမှာ လိုက်ရှာဖတ်ရင်းကနေပဲ နိုင်ငံတကာက ဘာသာရေးဆိုဒ်တော်တော်များများဆီကို ရောက်ဖြစ် ဖတ်ဖြစ်ပါတော့တယ်။ 


ပြောရရင် ကျွန်တော့်ရဲ့  တက္ကသိုလ်ကျောင်းသားဘ၀ အသက်နှစ်ဆယ်ကျော်အရွယ်နှစ်များမှာ ဆရာတော်ရဲ့  သြဇာလွှမ်းမိုးမှုကို အများဆုံးခံခဲ့ရပါတယ်။ အဲဒီအတွက်လည်း ကိုယ့်ကိုယ်ကို ကျေနပ်ပါတယ်။ အဲဒီအချိန်တွေတုန်းကဆိုရင် စကားပြောတာတောင်မှ လေသံနှင့် အသုံးအနှုန်းက တခါတလေ ဆရာတော့်လေသံပေါက်နေလို့ အိမ်ကလူတွေဆိုရင် “နင့်လေသံက ဦးဇောတိကလေသံပေါက်နေပြီ” လို့တောင် အပြောခံရတဲ့အထိပါ။ 


ဆရာတော်ရဲ့  အဆုံးအမတွေကြောင့်ပဲ တရားအားထုတ်ဖို့ စိတ်ဝင်စားဖြစ်ခဲ့ပြီး အားလည်းထုတ်ဖြစ်ခဲ့ပါတယ်။ ဆရာတော့်စာတွေကို ဖတ်ခါစနှစ်တွေတုန်းက သဘောကျတယ်ဆိုပေမယ့်လို့ တချို့  နေရာတွေမှာ တရားအားထုတ်မှုကြောင့် ဖြစ်လာတဲ့ စိတ်သဘာဝနှင့်ပတ်သက်ပြီး ပြောတဲ့အပိုင်းတွေဆိုရင် လက်တွေ့ ကိုယ့်မှာလုပ်ထားတာအခံမရှိတော့ ထဲထဲဝင်ဝင်နားမလည်ခဲ့ပါဘူး။ သတိပဋ္ဌာန်တရားကို အားထုတ်ဖြစ်သွားတဲ့နောက်မှာ ဆရာတော့်တရားတွေပြန်နာဖြစ်တော့မှပဲ ဆရာတော်ဘာဆိုလိုချင်တယ်ဆိုတာကို သေသေချာချာ နားလည်သဘောပေါက်ပါတော့တယ်။ ဒီလိုနှင့် ဆရာတော့်တရားခွေတွေနှင့် စာအုပ်တွေကို နောက်တစ်ခါ ပြန်နာ၊ ပြန်ဖတ်ရင်း အရသာထပ်တွေ့ခဲ့ရပြန်ပါတယ်။


ဆရာတော့်ကျေးဇူးတွေကို အောက်မေ့သတိရတိုင်း ဆရာတော့်ကို ဖူးတွေ့ချင်စိတ်ဖြစ်မိပါတယ်။ ဒါပေမယ့်လည်း အကြောင်းတွေက မညီညွတ်တော့ အခုအချိန်အထိ ကျွန်တော် ဆရာတော်ကို အပြင်မှာ တစ်ခါမှ မဖူးဘူးသေးပါဘူး။ ဒါနှင့် ပတ်သက်ပြီး ဆရာမြသန်းစံကို မဟာဗောဓိမြိုင်ဆရာတော်ကြီး ဆုံးမတဲ့စကားလေးကို သတိရမိပါတယ်။ ဆရာမြသန်းစံက ဆရာတော်ကြီးကို ဖူးချင်လို့ ဆရာတော်ကြီးရှိတဲ့ တောထဲကို ခက်ခက်ခဲခဲသွားပြီး ဖူးတော့ ဆရာတော်က သူ့ဆီကို ဒီလိုမျိုး လာတာထက် ကိုယ့်ဆရာသမားအားထုတ်တဲ့တရားလမ်းကြောင်းအတိုင်း အားထုတ်ရင်းက ဆရာသမားသိတဲ့တရားကို ကိုယ်ကိုယ်တိုင် သိပြီး တရားအရသာကို ခံစားသုံးဆောင်နိုင်တာကမှ ပိုအနှစ်သာရရှိကြောင်း “မမေ့သူတို့ ဓလေ့တူ၍ အတွေ့တူတို့ အတူတွေ့” ဆိုတဲ့ စာအုပ်မှာ ရေးထားတာလေးကို ဖတ်မိတော့ ကိုယ့်ကိုယ်ကိုလည်း ပြန်ဆင်ခြင်သုံးသပ်မိပါတယ်။ တကယ်တော့ အပြင်မှာ လူချင်းတွေ့ဖို့ထက် စိတ်ကျက်စားရာနေရာချင်းနီးစပ်ဖို့၊ ဉာဏ်ကျက်စားရာ နေရာချင်း ထပ်တူကျသွားဖို့ကသာ ပိုအရေးကြီးတာပါလေ။


နက္ခတ္တဗေဒပညာအရပြောမယ်ဆိုရင် ဇူလိုင်လ ၂၃ရက်ကနေ သြဂုတ်လ ၂၂ ရက်အတွင်း မွေးဖွားကြတဲ့သူတွေကို သိဟ်ရာသီဖွားလို့ သတ်မှတ်ပါတယ်။ သူ့ရဲ့  အမှတ်လက္ခဏာကတော့ ခြသေ့င်္ပါပဲ။ ဒီရာသီဖွားတွေရဲ့ စရိုက်လက္ခဏာတွေကိုတော့ လေ့လာဖူးတဲ့သူတွေဆိုရင် သိလောက်မှာပါ။ ခြင်္သေ့တို့ရဲ့ သဘာဝအတိုင်း တစ်ကောင်ထဲတောထဲမှာ လွတ်လွတ်လပ်လပ်နေတတ်ပြီး ဘာကိုမှလည်း စိုးရွံ့ မနေတတ်ကြသလိုမျိုး အကျင့်စရိုက်တွေ အဲဒီရက်ပိုင်းမွေးကြတဲ့ သူတွေမှာ ရှိနေတတ်ပါတယ်။ ဒါကိုပဲ ဆရာတော်က သူကိုယ်တိုင်ရေးထားတဲ့ သူ့အကြောင်းမှာ အခုလိုမျိုးရေးထားပါတယ်။


Living too long in one place makes me feel like I'm in prison. I'm a lion, according to the Burmese tradition. I really feel like roaming in the mountains like a mountain lion. Ah, freedom... I can't tolerate any restriction, bond, or tie. Even attachment that restricts my freedom is not to my liking. People get attached to me and I see that as a danger to my freedom. I love freedom and I can't exchange it for anything. I love freedom of mind too.


Mountain lion I am. Alone, but not lonely anymore. I have learnt to live alone.

ဆရာတော်ရဲ့  “လွတ်လပ်သောစိတ်” ဆိုတဲ့စာအုပ်ကို ဖတ်ဖူးကြရင် ဆရာတော် လွတ်လပ်မှုကို ဘယ်လောက် သဘောကျတယ်၊ တန်ဖိုးထားတယ်။ လူတွေကိုလည်း ဘယ်လောက်လွတ်လပ်စေချင်တယ်ဆိုတာကို သတိထားမိကြမှာပါ။ နောက် Snow In The Summer စာအုပ်ကို ဖတ်ကြည့်ရင်လည်း ဆရာတော်အနေနှင့် စိတ်လွတ်လပ်မှုကို ဘယ်လောက်တန်ဖိုးထားသလဲဆိုတာကို စာအုပ်ရဲ့  နေရာတော်တော်များများမှာ ရေးထားတာ တွေ့နိုင်မှာဖြစ်ပါတယ်။ 

ဆရာတော်က တစ်နေရာမှာတော့ သူ့ဆန္ဒကို ဒီလိုထုတ်ဖော် ပြောကြားထားပါသေးတယ်။


I want to live a long life. Why? Because, I can do much good for myself and for others too.If you love yourself, be mindful. That is the most loving thing. Be mindful of your thoughts and feelings. By knowing yourself better you become a better person.


အသက်အရှည်ကြီးနေချင်တဲ့ ဆရာတော့်အတွက် ဆရာတော်ရဲ့  သက်တော် (၆၅)နှစ် ပြည့်တဲ့ မွေးနေ့မှာ  ကျန်းမာချမ်းသာစွာဖြင့် သာသနာ့တာဝန်ကိုလည်း ထမ်းဆောင်ရင်း၊ လူ့ဘ၀သက်တမ်းစေ့ အသက်ရှင်သန်ပြီး လူအများစိတ်ငြိမ်းချမ်းဖို့၊ တရားအသိဉာဏ်တွေတိုးတက်ဖို့၊ အတွေးအခေါ်တွေ ရှင်သန်ရင့်ကျက်ဖို့ အတွက် ရှေးကထက် ဆထက်တိုးလို့ ဆောင်ရွက်နိုင်ပါစေလို့ ဆရာတော်ရဲ့  ကျေးဇူးဂုဏ်တွေကို အာရုံပြုရင်း တပည့်တော် ရိုသေစွာဖြင့် ဆုတောင်းမေတ္တာပို့သအပ်ပါတယ် ဆရာတော်ဘုရား။

ကျွန်တော်ရေးတဲ့ ဒီစာကိုဖတ်ဖြစ်ကြတဲ့ ဆရာတော့်ကျေးဇူးတွေရှိထားကြတဲ့ တပည့်အပေါင်း၊ စာဖတ်ပရိတ်သတ်အပေါင်း၊ တရားနာပရိတ်သတ်အပေါင်းကလည်း ဆရာတော့်မွေးနေ့အတွက် ဆုတောင်းမေတ္တာပို့သပေးကြပါအုံးလို့ နှိုးဆော်တိုက်တွန်းရင်း....။



No comments:

Post a Comment