Thursday, August 30, 2012

စွမ်းဆောင်ရည်မြင့်မားသောဘ၀ကို ဓမ္မဖြင့် တည်ဆောက်ခြင်း


ကျွန်တော် ဘာသာရေးနှင့်ပတ်သက်ပြီး လုပ်ချင်တဲ့ ကိစ္စအတော်များများမှာ အမြဲတမ်း အားတက်သရော ကူညီပေးတတ်တဲ့ ညီမငယ်  M.N.Pyone ရဲ့  သြဂုတ်လ (၃၀)ရက်နေ့မှာ ကျရောက်တဲ့ မွေးနေ့အတွက် အမှတ်တရ ဒီဓမ္မစာစုလေးကို လက်ဆောင်အဖြစ် ရေးပေးလိုက်ပါတယ်ခင်ဗျာ။

***************************************************************** 


ညီမရေ


ညီမမွေးနေ့မှာ အမှတ်တရဖြစ်အောင်ရော၊ ကုသိုလ်တရားတွေကို ရှေးကထက်ပိုအာရုံပြုနိုင်ဖို့အတွက်ရော ရည်ရွယ်ပြီး ဒီစာစုကို မွေးနေ့လက်ဆောင်အဖြစ် ရေးပို့ပေးလိုက်ပါတယ်။ ညီမသိပြီးသားဖြစ်မယ့် အကြောင်းအရာတွေကိုပဲ အကိုစဉ်းစားမိတဲ့ရှုထောင့်ကနေ ရေးထားတာမို့ စဉ်းစားစရာအတွေးသစ်တွေ ထပ်ဖြစ်လိမ့်မယ်လို့တော့ မျှော်လင့်မိပါတယ်။


ပြီးခဲ့တဲ့ ရက်ပိုင်းတွေတုန်းက အကိုခရီးတစ်ပတ်လောက်ထွက်သွားတာ ညီမသိလိုက်မယ်လို့ထင်တယ်။ မရောက်ဖူးသေးတဲ့ အရပ်ဒေသတွေကိုသွားလည်ပြီး ဒေသန္တရဗဟုသုတရှာမှီးရင်း၊ အပန်းလည်းဖြေရင်းဆိုပြီး ဂျပန်နိုင်ငံ အနောက်ပိုင်းက ထင်ရှားတဲ့မြို့ တွေဆီကို သွားလည်ဖြစ်ခဲ့တယ်။ တစ်ယောက်တည်းခရီးရှည်သွားတာဆိုတော့ လူကတော့ အတော်လေးပင်ပန်းပေမယ့် စိတ်လွတ်လပ်မှုတော့အပြည့်ရခဲ့တယ်။ ဒီလိုနှင့် နောက်ဆုံး အိမ်ကိုပြန်ဖို့သတ်မှတ်ထားတဲ့ရက်ကို ရောက်လာခဲ့တယ်။ အဲဒီနေ့မနက်မှာ စိတ်ချရအောင် ဘူတာမှာ အပြန်ရထားလက်မှတ်ကို အရင်သွားဝယ်ထားလိုက်တယ်။ ညဘက်နောက်ဆုံးရထားနှင့် ပြန်မယ်လို့စိတ်ကူးပြီးပေါ့။ 


ရထားလက်မှတ်ဝယ်ပြီးတော့မှ ဒီနေ့ မပြန်ခင် ဘယ်နေရာတွေ သွားရင်ကောင်းမလဲလို့ ခရီးစဉ်ဆွဲတယ်။ အဲဒီအခါမှာ သွားသင့်တယ်လို့ ပြောထားတဲ့နေရာ (၁၀) ခုလောက်ထွက်လာတယ်။ အရင်ရှေးရက်တွေတုန်းကဆိုရင် ရောက်တဲ့မြို့ မှာ သွားသင့်တယ်လို့ ပြောထားတဲ့နေရာတွေကို တစ်ခုပြီးတစ်ခုအချိန်ရသလောက် လျှောက်သွားဖြစ်ခဲ့ပေမယ့် ဒီနေ့ကျတော့ ပြန်ဖို့ကရှိနေပြီဆိုတော့ ရထားစီးဖို့ ဘူတာပြန်ရောက်ရမယ့်အချိန်ကို ထည့်စဉ်းစားရတော့တယ်။ မဖြစ်မနေသွားသင့်တဲ့နေရာမျိုးလား၊ သွားရင် တကယ်အကျိုးရှိနိုင်မလား၊ အချိန်ဘယ်လောက်ကုန်နိုင်မလဲ၊ အဲဒီနေရာတွေကနေ ညဘက် ရထားပြန်စီးရမယ့်ဘူတာဆီကို ပြန်လာရင် လမ်းသင့်နိုင်မလား စတာတွေနှင့် ချိန်ရတယ်။ ဒီလိုနှင့်ဘဲ သွားသင့်တဲ့ နေရာ (၁၀)ခုထဲကနေ အဓိကနေရာ လေးခုလောက်ကိုပဲ ရွေးဖြစ်လိုက်တော့တယ်။ 


အရင်နေ့တွေကဆိုရင် ကိုယ်သွားတဲ့နေရာတွေမှာ စိတ်အေးလက်အေးနှင့် သေသေချာချာလျှောက်ကြည့်၊ နားချင်ရင် ကောက်နား၊ ထသွားချင်တဲ့အချိန်မှ ပြန်ထသွားလုပ်ခဲ့ပေမယ့် အဲဒီနေ့ကတော့ ရောက်တဲ့နေရာတိုင်းမှာ အချိန်ကို တတ်နိုင်သလောက် မလိုအပ်ပဲမသုံးဖြစ်အောင် သတိထားခဲ့ရတယ်။  ကိုယ်ဒီမြို့ မှာ နေဖို့ အချိန်က သိပ်မကျန်တော့ဘူးဆိုတဲ့ အသိက အမြဲခေါင်းထဲရောက်နေတယ်။ နောက်ပြီး နောက်ဆုံးရထားကိုအမှီ ဘူတာရောက်အောင်သွားမှဖြစ်မှာဆိုတဲ့အတွေးကလည်း လူကို Alert လုပ်နေတယ်။ ဒီတော့ အဲဒီနေ့က အချိန်အပိုမဖြုန်းဖြစ်ပဲ သွားရမယ့်နေရာတွေကိုသွား၊ နားချိန်ကို တိတိကျကျနား၊ နေရာအသစ်တစ်ခုကို စသွားရမယ့်အချိန်မှာ လေးဖင့်မနေပဲချက်ချင်းထသွားရင်း ညအပြန်ရထားအမီ ဘူတာကို ပြန်ရောက်နိုင်ခဲ့တယ်။


အဲဒီမှာ အကို ဘာကို သွားတွေးမိလိုက်လဲဆိုတော့ လူ့ဘ၀နှင့် သေခြင်းတရားကိုပါပဲ။ လူတွေမှာ သေဖို့အချိန် တဖြည်းဖြည်းနီးကပ်လာတာနှင့်အမျှ ဘ၀မှာ လုပ်စရာရှိတာတွေအများကြီးထဲကနေ ကိုယ့်အတွက် တကယ်မဖြစ်မနေ လုပ်သင့်လုပ်ထိုက်တာအချို့ ကိုပဲ စီစစ်ရွေးချယ်ပြီး မသေခင် ကြောင့်ကြစိုက်ပြီး အပြီးသတ်ဆောင်ရွက်သွားဖို့ လိုအပ်ပါလားဆိုတာကို ဒီခရီးနောက်ဆုံးနေ့ အတွေ့အကြုံလေးကနေတဆင့် သင်ခန်းစာယူလိုက်မိတယ် ညီမရေ။


တိုက်ဆိုင်တာပဲလားတော့မသိဘူး။ ခရီးကပြန်ရောက်ပြီး သိပ်မကြာမီမှာပဲ အဆက်အသွယ်ပြတ်နေတာ နှစ်လလောက်ရှိနေပြီဖြစ်တဲ့ မိတ်ဆွေတစ်ယောက်ဆီကဖုန်းဆက်လာတယ်။ သူ ဒီကြားထဲ ဆေးရုံတက်နေရတာမို့ ပျောက်နေတာပါလို့ပြောတော့ ဘာများဖြစ်လို့လဲလို့ သတင်းမေးမိတာပေါ့။ ဒီတော့ သူက အသည်းကင်ဆာဖြစ်လို့ ဆေးရုံနှစ်ခါတက်လိုက်ရတဲ့အကြောင်း ပြောလာတယ် ညီမရေ။ အကို သူနှင့်ဖုန်းပြောနေရင်း စိတ်ထဲ တော်တော်လေးမကောင်းဖြစ်သွားတယ်။ ဒီမိတ်ဆွေတော့ ဒီရောဂါနှင့်ဆိုရင် သူရှင်သန်ရမယ့်အချိန် သိပ်မကျန်တော့ဘူးဆိုတာ အကိုနားလည်လိုက်တယ်။ အသက်လေးဆယ်ကျော်ငါးဆယ်ပတ်ချာလည်လောက်ပဲရှိပါသေးတယ်။ သူ့အတွက် တကယ်ဆက်နေခွင့်ရမယ်ဆိုရင် လူ့သက်တမ်းကအများကြီး ကျန်နေပါသေးတယ်။ ဒါပေမယ့်လည်း ဒီရောဂါအခြေအနေကို အကြမ်းဖျင်း နားလည်ထားမိတော့ သူ့အတွက်တကယ်ကို နှမြောဝမ်းနည်းမိတယ်။ သေမယ့်အချိန်ကိုလှမ်းမြင်နေရပြီဖြစ်တဲ့ သူတစ်ယောက်အတွက် ကျန်နေတဲ့ လက်ကျန်အချိန်တွေကို သူဘယ်လိုကိစ္စမျိုးတွေအတွက် ရွေးချယ်အသုံးချပစ်မလဲလို့ စဉ်းစားမိတယ်။


အင်္ဂလိပ်စကားမှာ Effective ဆိုတဲ့စကားနှင့် Efficient ဆိုတဲ့စကား နှစ်လုံးကို ညီမသိမှာပါ။ ဒီစကားနှစ်လုံးကို အလုပ်တွေလုပ်ကြလို့ အကျိုးရလဒ်ထွက်ရှိမှု အနေအထားကို   ပြောချင်တဲ့အခါတွေမှာ သုံးတတ်ကြတယ်။ သူတို့နှစ်လုံးဟာ အဓိပ္ပါယ်တူသလိုလိုရှိပေမယ်လို့  အနှစ်သာရပိုင်းမှာတော့ ကွဲတာကို တွေ့ရတယ်ညီမရေ။ 


Effective ဆိုတဲ့ အသုံးက အလုပ်တစ်ခုကို လုပ်လိုက်တဲ့အတွက် ဒီအလုပ်ကနေ အကျိုးအမြတ်တော့ထွက်တယ်။ ဒါပေမယ့် ဒီအကျိုးအမြတ်ထွက်ဖို့အတွက် ငွေကုန်ကြေးကျလည်း များရင်များမယ်၊ အချိန်တွေ အများကြီးလည်း ပေးရင်ပေးလိုက်ရမယ်၊ ကိုယ်ရောစိတ်ရော ပင်ပန်းချင်လည်း ပင်ပန်းမယ်။ ထွက်လာတဲ့ အကျိုးရလဒ်ကလည်း ဒီလောက်ကြီး နှစ်ထောင်းအားရ ဖြစ်ရလောက်အောင် ကောင်းချင်မှ ကောင်းမယ်။ ဒါပေမယ့် အလုပ်ပြီးမြောက်အောင်မြင်သွားတဲ့အတွက် Effective တော့ ဖြစ်တယ်လို့ ပြောလို့ရတယ်။


Efficient ဆိုတာမှာကျတော့ ကိုယ်လုပ်တဲ့အလုပ်ကို ကျွမ်းကျွမ်းကျင်ကျင်၊ ပိုင်ပိုင်နိုင်နိုင်နှင့် အချိန်ကုန်၊ လူပန်း၊ ငွေကုန်ကြေးကျမရှိစေပဲ နောက်ဆုံးမှာ အရည်အသွေးကောင်းတဲ့ အကျိုးရလဒ်ထွက်တဲ့အထိ လုပ်လိုက်နိုင်တာမျိုးကို ပြောချင်တာလို့ဆိုတယ်။ စွမ်းဆောင်ရည်မြင့်မြင့်နှင့် လုပ်လိုက်နိုင်တာမျိုးပေါ့။ တကယ်တော့ Efficient ဆိုတဲ့ စကားလုံးကို သုံးလိုက်ရင် Effective လည်းဖြစ်ပြီးသားလို့ ပြောပြီးသားဖြစ်သွားတယ်။


အကိုတို့တွေလည်း နေ့တိုင်းကိုယ်နှင့်ပတ်သက်ရာအလုပ်တွေ ကိုယ်စီလုပ်နေကြရတယ်။ စားဝတ်နေရေးအတွက်ရော၊ ကိုယ်ရေးကိုယ်တာကိစ္စတွေအတွက်ရော၊ လူမှုရေးကိစ္စတွေအတွက်ရော၊ နောက် အမျိုးအမည်ခေါင်းစဉ်တပ်မရတဲ့ အလုပ်တွေလည်းအများကြီး ရှိသေးတယ်။ ဒီလိုနေ့စဉ်လုပ်နေရတဲ့ အကိုတို့ရဲ့ အလုပ်တွေကို ဒီအင်္ဂလိပ်စကားလုံးလေး နှစ်လုံးနှင့် အမြဲစမ်းစစ်နေဖို့ လိုမယ်လို့ထင်တယ်။ အခုလုပ်နေတဲ့အလုပ်က ကိုယ့်အတွက် Effective မှဖြစ်ရဲ့ လား၊ Efficient ရောဖြစ်သေးလား ဆိုပြီးပေါ့။ တခါတလေ အကိုတို့လုပ်နေတဲ့အလုပ်တွေက Effective အဆင့်တောင် မရောက်တာမျိုးတွေ တွေ့ရတတ်သေးတယ်။ ပေးလိုက်ရတဲ့အချိန်တွေ၊ ငွေတွေသာ ကုန်သွားတယ်။ ဘာအကျိုးမှ မယ်မယ်ရရ မရလိုက်တာမျိုးပေါ့။


သေဖို့ရက်ဆီကို တဖြည်းဖြည်းနီးလာပြီဖြစ်တဲ့ အကိုတို့တွေဟာ ဘ၀ကို Efficient ဖြစ်အောင် အသုံးချနေထိုင်တတ်ဖို့က မဖြစ်မနေ လိုအပ်ပါတယ်။ အထူးသဖြင့် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့  အဆုံးအမတော်တွေအတိုင်း လိုက်နာကျင့်သုံးနေထိုင်နိုင်အောင် ကြိုးစားနေတဲ့ အကိုတို့ ညီမတို့တတွေဟာ ဒီကိစ္စကို ပိုပြီး သတိထားသင့်တယ်။ လူ့ဘ၀ကို ရောက်လာ၊ ရလာခြင်းဟာ ကုသိုလ်တရားတွေ စုဆောင်းဖို့၊ သံသရာလွတ်မြောက်ရာကို ရောက်အောင် အားထုတ်ဖို့ အတွက်ပဲ ဖြစ်သင့်ပါတယ်။ ရဟန်းသံဃာတော်တွေလို တရားဓမ္မကို အချိန်ပြည့်အားမထုတ်နိုင်သေးတဲ့ လူဝတ်ကြောင်တွေအတွက် လောကီရေးကိစ္စတွေဆောင်ရွက်ရင်း၊ မိသားစုတာဝန်တွေကို ထမ်းဆောင်ရင်း အားထုတ်နိုင်ဖို့ မြတ်စွာဘုရားရှင်က သတိပဋ္ဌာန်တရားတော်ကို ဟောကြားခဲ့ပြီးဖြစ်ပါတယ်။ နေရာမရွေး၊ အချိန်မရွေး၊ ဣရိယာပုဒ်မရွေး၊ အာရုံမရွေးမှာ အားထုတ်တတ်အောင် နည်းညွှန်ပြသပေးခဲ့ပါတယ်။


လူတိုင်းဟာ ဘ၀မှာ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို  ဖြည့်ဆည်းနိုင်ဖို့ကြိုးစားရင်းနှင့် အသက်ရှင်နေကြရတယ်။ လိုအပ်ချက်တွေကို လူတစ်ယောက်ရဲ့ အခြေအနေပေါ်မူတည်ပြီး ပညာရှင်တွေက အဆင့်တွေခွဲပြီး သတ်မှတ်ကြတယ်။ ဒါနဲ့ပတ်သက်ပြီး ထင်ရှားတဲ့ သီအိုရီတစ်ခုရှိတယ်။ ညီမလည်း ကျောင်းတုန်းကတော့ သင်ဖူးခဲ့မယ်ထင်ပါတယ်။ Maslow ရဲ့  Hierarchy Of Needs ဆိုတာကိုလေ။ လူတွေရဲ့ ဘ၀မှာ အရင်းခံအဖြစ် လိုအပ်ချက်တွေကို ပိရမစ်ပုံနှင့်ဖော်ပြရှင်းလင်းခဲ့တဲ့ သီအိုရီပေါ့။ လူတွေရဲ့ အမူအကျင့်နှင့် စိတ်ပိုင်းဆိုင်ရာအကြောင်းတွေ ပြောကြရပြီဆိုရင် ဒီသီအိုရီကို ထည့်ပြောရစမြဲကိုး။  ပိရမစ်ပုံရဲ့ သဘာဝအတိုင်း အောက်ဆုံးအဆင့်တစ်ခုကို ရရှိအောင်မြင်မှသာ နောက်အပေါ်ကအဆင့်တစ်ခုကို တက်လို့ရမယ့်သဘော၊ နောက်တစ်မျိုးပြောမယ်ဆိုရင် လူအများစုသာလျှင် အောက်ခြေအဆင့်တွေမှာရှိနေတတ်ပြီး၊ လူအနည်းစုသာလျှင် အထက်အထိပေါက်မြောက်ရောက်ရှိနိုင်ကြတယ်ဆိုတဲ့သဘော အဓိပ္ပါယ်ဖွင့်လို့ရပါတယ်။


အဲဒီမှာ အောက်ဆုံးအဆင့် နံပါတ်(၁) က Biological and Physiological Needs တဲ့။ လူတစ်ယောက်အတွက်အသက်ရှင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အသက်ရှူဖို့လေ၊ သောက်ဖို့ရေ၊ စားဖို့၊ ၀တ်ဖို့၊ နေဖို့၊ အိပ်ဖို့၊ ကာမဂုဏ်ခံစားဖို့။ ဒါတွေဟာ လူတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့အရာတွေလို့ ပြောပါတယ်။ ဒီလိုအပ်ချက်တွေ မပြည့်စုံနိုင်ပဲ လူတစ်ယောက်ဟာ ဘယ်လိုမှ အထက်အဆင့်တွေကို တက်ဖို့ ဖြစ်နိုင်မှာ မဟုတ်ပါဘူးတဲ့။


ပထမအဆင့်ပြည့်စုံရင် ဒုတိယအဆင့် နံပါတ်(၂) က Safety Needs တဲ့။ ကိုယ့်ရဲ့  အသက်အိုးအိမ်စည်းစိမ် လုံခြုံစိတ်ချရမှုပေါ့။ ကိုယ့်ရဲ့  ခန္ဓာကိုယ်ကို လုံခြုံမှုရချင်တယ်။ အလုပ်အကိုင်နှင့်ပတ်သက်ပြီး စိတ်ချမှုရချင်တယ်။ ငွေကြေးဆိုင်ရာမှာလည်း စိတ်ချမှုရချင်တယ်။ ကျန်းမာရေးအတွက်၊ မတော်တဆ ထိခိုက်မှုဖြစ်တာတွေ၊ ရာသီဥတုဘေးအန္တရာယ်ကျရောက်မှုတွေ၊ တရားဥပဒေစိုးမိုးရေး စတာတွေအတွက် လုံခြုံစိတ်ချမှုရချင်တယ်။


ပထမအဆင့်နှင့် ဒုတိယအဆင့်ပြည့်စုံပြီဆိုရင် တတိယအဆင့် နံပါတ်(၃) က Love and Belongingness Needs တဲ့။ လူတွေရဲ့  စိတ်သဘာဝမှာ တစ်ဦးဦးဆီကဖြစ်ဖြစ်၊ လူတစ်စုဆီကပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုခုဆီကနေဖြစ်ဖြစ် ကိုယ်က သူ့အတွက် (သို့) သူတို့အတွက် အရေးပါတဲ့နေရာကဏ္ဍလေးတစ်ခုကို မျှော်လင့်တတ်ကြတယ်။ သူတို့တွေရဲ့ ကြည်ဖြူလက်ခံမှုကို လိုချင်တတ်ကြတယ်။ ကိုယ်နှင့် အနီးကပ်ဆက်ဆံနေရတဲ့ မိသားစုဝင်တွေ၊ ဇနီးခင်ပွန်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ သူငယ်ချင်းတွေဆီကနေ ဒီလိုအပ်မှုကို တောင့်တနေတတ်တယ်။ တချို့ ဖြစ်စဉ်တွေမှာ တခါတလေ ကိုယ်မျှော်လင့်သလို သူတို့တွေဆီက ချစ်ခင်လေးစားတန်ဖိုးထားမှုကို မရတဲ့အဖြစ်မျိုးတွေနှင့် ကြုံရတဲ့သူတွေဟာ ပထမနှင့် ဒုတိယအဆင့်လိုအပ်မှုတွေကိုပါ အရေးမစိုက်နိုင်လောက်အောင်ဖြစ်ပြီး ဒီတတိယလိုအပ်ချက်ကြောင့် အရူးတစ်ပိုင်း ဖြစ်တတ်တာမျိုးတွေလည်း ရှိတတ်တယ်။


အခုပြောခဲ့တဲ့ အဆင့်သုံးဆင့်ကို လူသားတစ်ဦးအတွက် အခြေခံအဆင့်တွေအဖြစ်နှင့်သတ်မှတ်ထားတယ်။ နောက်ထပ်လာမယ့် အဆင့် လေးနှင့်ငါးကိုတော့ မြင့်မားတဲ့ ဘ၀လိုအပ်ချက်တွေအဖြစ် ခွဲထုတ်ထားတယ်။ လေးနှင့်ငါးအဆင့်ကို သီးခြားခွဲထုတ်ထားတယ်ဆိုပေမယ့်လို့ တစ်ခုနှင့်တစ်ခုက သဘောတရားချင်း နီးစပ်မှုရှိနေပါတယ်။


စတုတ္ထအဆင့် နံပါတ်(၄) က ဘာလဲဆိုတော့ Esteem Needs ပါတဲ့။ ကိုယ့်ကိုယ်ကို တန်ဖိုးထားတာ၊ လေးစားတာ၊ သူများကလည်း ကိုယ့်ကို တန်ဖိုးထားလေးစားတာ၊ ကိုယ်ကလည်း သူများကို လေးစားတန်ဖိုးထားတာ၊ တခြားသူတွေအပေါ်တာဝန်ယူနိုင်တာ၊ အသိုင်းအ၀ိုင်းတစ်ခုထဲမှာ ကိုယ့်အတွက်နေရာပေးတာ၊ လွတ်လပ်မှုရှိတာ စတဲ့အချက်တွေကို လိုချင်လာပါတယ်တဲ့။ ဒီအဆင့်မှာပဲ ထပ်ပြီး နှစ်ပိုင်းခွဲထုတ်လိုက်ကြတယ်။ Cognitive Needs ရယ်၊ Aesthetic Needs ရယ်ဆိုပြီး။ Cognitive Needs အရ လူတွေက အသိပညာဗဟုသုတကိုရှာဖွေတာတွေ၊ ဘ၀ရဲ့ အဓိပ္ပါယ်ကိုရှာဖွေတာတွေကို လုပ်လာကြတယ်။ Aesthetic Needs အရတော့ လူတွေဟာ အလှအပတရားတွေကို ခံစားနားလည်နိုင်ဖို့၊ ဟန်ချက်ညီတဲ့ဘ၀ပုံစံကို နားလည်နိုင်ဖို့တွေ ကြိုးစားလာကြတယ်လို့ဆိုတယ်။


နောက်ဆုံးအဆင့်ကတော့ Self-Actualization Needs ပါတဲ့။ ဒီအဆင့်ကတော့ လူတစ်ယောက်အတွက် သူ့ပါရမီဓါတ်ခံ၊ စရိုက်ဝါသနာအရ သူမှာရှိတဲ့ အစွမ်းအစတွေအကုန်လုံးထုတ်သုံးပြီး သူဖြစ်ချင်တဲ့၊ သူဖြစ်ခွင့်ရှိတဲ့ သူ့ဘ၀ရဲ့ အိပ်မက်ကို တည်ဆောက်ခွင့် ရလိုခြင်းဖြစ်ပါတယ်။ ဒီအဆင့်ကို ရနိုင်ဖို့ကတော့ အောက်ကအဆင့်အားလုံးကို အောင်မြင်ဖြတ်သန်းနိုင်မှသာ ဖြစ်နိုင်ပါမယ်လို့ဆိုတယ်။ အဲဒီအဆင့်ကိုမှ နောက်ထပ် ထပ်ချဲ့ လိုက်တာက Transcendence Needs ပါ။ တကယ်လို့ အစွမ်းအစတွေကို ထုတ်သုံးလိုက်လို့ လိုချင်တဲ့ပန်းတိုင်ကို ရရှိအောင်မြင်ပြီးသွားတဲ့သူဟာ တခြားလူတွေကို သူလိုပဲအောင်မြင်ပေါက်မြောက်နိုင်ဖို့အတွက် ကူညီလမ်းပြစောင့်ရှောက်ပေးချင်တဲ့ လိုအင်ဆန္ဒကို ခေါ်ပါတယ်တဲ့။ 


ဒါကတော့ အမေရိကန်နိုင်ငံသား စိတ်ပညာရှင် Abraham Harold Maslow ရဲ့  နာမည်ကျော် Hierarchy Of Needs Theory ပဲဖြစ်ပါတယ်။ ဒီအဆင့်ငါးဆင့်လုံးကို ရောက်နိုင်တဲ့သူဟာ အယောက်တစ်ရာမှာ တစ်ယောက်တောင်ရှိဖို့မလွယ်ပါဘူးတဲ့။ နောက်ပြီး အပေါ်ကအဆင့်တစ်ခုခုကို ရောက်ဖို့ကြိုးစားနေတုန်းမှာပဲ အောက်က အဆင့်တစ်ခုခုက အကြောင်းကြောင်းကြောင့် ထိခိုက်ပျက်စီးခဲ့မယ်ဆိုရင်လည်း ရောက်နေတဲ့အဆင့်ကနေ နိမ့်လျှောကျသွားရတတ်တာမျိုးတွေ ရှိနေသေးတာကိုး။ ဒီတော့ ပိရမစ်ရဲ့  ထိပ်ဆုံးအထိရောက်ဖို့ဆိုတာ လူတိုင်းအတွက်တော့ မဖြစ်နိုင်တာ သေချာနေပါတယ်။


ဒီသီအိုရီကို အကိုတို့ ဓမ္မအမြင်နှင့် ယှဉ်ထိုးစဉ်းစားကြည့်ကြမယ်ဆိုပါတော့။ သာမန်လူသားတိုင်းအတွက်တော့ အောက်ခြေက လိုအပ်ချက် အဆင့်သုံးဆင့်က မဖြစ်မနေဖြည့်ဆည်းကြရမှာပဲ။ ဒီလိုဖြည့်ဆည်းတဲ့အခါမှာ ကိုယ်လုပ်သမျှကို Effective ဖြစ်မဖြစ်၊ Efficient ဖြစ်မဖြစ်နှင့် ချိန်ပြီးတော့ လုပ်နိုင်ကြရင်တော့ ပိုကောင်းတာပေါ့။ အဲဒီအဆင့်တွေကို အထိုက်အလျှောက်ပြည့်စုံလို့ စတုတ္ထအဆင့်ကို ရောက်လာတဲ့အခါမှာတော့ ဘုရားရှင်ရဲ့  တပည့်သားသာဝကဟာ ဘ၀ရဲ့  အဓိပ္ပါယ်ကို ရှာဖွေတဲ့အခါမှာ ဓမ္မနှင့် ရှာဖွေလာကြတယ်။ လောကရဲ့ လွတ်မြောက်ရာကို သိချင်လာကြတယ်။ ဘ၀ကို ဓမ္မနှင့်တွဲပြီး ဟန်ချက်ညီညီနှင့် ဘယ်လိုနေထိုင်နိုင်မလဲလို့ စဉ်းစားလာကြတယ်။ အဲဒီအချိန်မှာ သတိပဋ္ဌာန်တရားတော်ဟာ ဘ၀လွတ်မြောက်မှုအတွက် တစ်ကြောင်းတည်းသောလမ်းဆိုတာကို သိလာကြတယ်။ 


စတုတ္ထအဆင့်ကို ရောက်တဲ့အချိန်မှာ သတိပဋ္ဌာန်တရားတော်နှင့်အညီ နေထိုင်ပြီး လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ကြိုးစားလာတော့ အောက်ခြေက အခြေခံလိုအပ်ချက်အဆင့်သုံးဆင့်ကို ပြည့်စုံအောင် ဆက်ပြီး ဖြည့်တဲ့နေရာမှာလည်း အဆင်ပြေလွယ်ကူလာတယ်။ အကုသိုလ်နည်းနည်း၊ စိတ်ပင်ပန်းမှုနည်းနည်းနှင့် လုပ်တတ်လာတယ်။ ဘ၀က တဖြည်းဖြည်းချင်း ဟန်ချက်ညီလာတယ်။ လုပ်တဲ့အလုပ်တော်တော်များများကို Efficient ဖြစ်အောင် လုပ်ဖို့ကို ဦးတည်စဉ်းစားနိုင်လာတယ်။ အကျိုးမရှိ၊ အနှစ်သာရမရှိတဲ့ အလုပ်တွေအတွက် အချိန်ပေးဖို့ တွန့်ဆုတ်လာတယ်။ မလုပ်ချင်တော့ဘူး ဖြစ်လာတယ်။ 


အကိုတို့ရဲ့  အရှေ့ မှာ သတိပဋ္ဌာန်တရားကို အားထုတ်ရင်းနှင့်ပဲ ပဉ္စမအဆင့်လိုအပ်ချက်ကို ပြည့်အောင် ဖြည့်သွားနိုင်ကြတဲ့သူတွေ အများကြီးရှိနေတာ တွေ့ရတယ်။ ကိုယ်တိုင်လည်း ပါရမီဓါတ်ခံအားလျှော်စွာ မိမိရည်မှန်းတဲ့ပန်းတိုင်တွေဆီ ရောက်ရှိပေါက်မြောက်သွားကြသလို ကိုယ်သိထားတဲ့အတိုင်း တခြားသူတွေလည်း သိနိုင်အောင် ပြန်ပြီး လမ်းပြကူညီ စောင့်ရှောက်ပေးနေကြတဲ့ သူတွေလည်း အများကြီးရှိနေတယ်။ တချို့ ပုဂ္ဂိုလ်တွေကျတော့လည်း ဒီပဉ္စမအဆင့်ကို ဓမ္မလမ်းကြောင်းနှင့်အညီ ဖြည့်ဆည်းနိုင်ဖို့ ရှိသမျှအစွမ်းအစတွေ အကုန်ထုတ်သုံးပြီး အသီးသီး တစ်နိုင်တစ်ပိုင် ကြိုးစားအားထုတ်နေကြတာ တွေ့နေရတယ်။ 


ဒီတော့ ဒါကိုကြည့်ပြီး ဘာကို ကောက်ချက်ဆွဲမိလဲဆိုတော့ သတိပဋ္ဌာန်တရားတော်အတိုင်းသာ လိုက်နာကျင့်သုံးနေထိုင်နိုင်မယ်ဆိုရင် အကိုတို့တတွေဟာ Maslow ပြောခဲ့တဲ့ လိုအပ်ချက်တွေကို  ဘယ်အဆင့်မှာပဲဖြစ်ဖြစ်၊ ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ်၊ ဘယ်ဘ၀အခြေအနေမှာပဲဖြစ်ဖြစ် အနှစ်သာရရှိရှိ ဖြည့်ဆည်းနိုင်တယ် ဆိုတဲ့အချက်ပဲဖြစ်တယ်။ နောက်ပြီး လိုအပ်ချက်အဆင့်ငါးဆင့်လုံးကို ဓမ္မနှင့်အညီ ကျင့်ကြံနေထိုင်ဖြည့်ဆည်းသွားနိုင်တဲ့သူတွေ အရင်တုန်းကရော၊ အခုရော ရှိနေတယ်ဆိုတာကိုလည်း သတိထားလိုက်မိတယ် ညီမရေ။ ဒါဟာ အကိုတို့တွေအတွက်တော့ အားတက်စရာခွန်အားပါဘဲ။


အကိုတို့ရဲ့ ကျန်ရှိနေတဲ့ ဘ၀အချိန်တွေမှာ လုပ်ရတဲ့အလုပ်တိုင်း အလုပ်တိုင်းကို Efficient ဖြစ်အောင် ကြိုးစားလုပ်ရင်း၊ မြတ်စွာဘုရားရှင် သင်ကြားပြသပေးခဲ့တဲ့ သတိပဋ္ဌာန်တရားတော်ကိုလည်း ကြိုးစားအားထုတ်ရင်း၊ ဖြည့်ဆည်းရမယ့်ဘ၀ရဲ့  လိုအပ်ချက်အဆင့်တွေကိုလည်း ဖြည့်ဆည်းရင်း နေထိုင်သွားနိုင်မယ်ဆိုရင် ဘယ်အချိန်၊ ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ် ဒီဘ၀ကို စွန့်ခွာသွားရဖို့ အချိန်ရောက်လာရင်တောင် နောင်တရပူပန်နေစရာ၊ ၀မ်းနည်းပူဆွေးသောကဖြစ်နေစရာ ရှိလာမှာ မဟုတ်တာ သေချာနေပါတယ်။ ဒီလိုအခြေအနေအမျိုးဖြစ်အောင် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက အကိုတို့အားလုံးကို လိုလေသေးမရှိ ဟောကြားဆုံးမထားခဲ့ပြီးပြီပဲ။ 


ကတံ ဝေါ တံ မယာ။ 
ဈာယထ ဘိက္ခဝေ မာ ပမာဒတ္ထ။ 
မာ ပစ္ဆာ ၀ိပ္ပဋိသာရိနော အဟုဝတ္ထ။ 
အယံ ဝေါ အမှာကံ အနုသာသနီ။


မယာ၊ ငါဘုရားသည်။ တံ၊ ထိုပြုသင့် ပြုထိုက်သော တာဝန်ကို။ ဝေါ၊ သင်တို့အတွက်။ ကတံ၊ ပြုပြီးပြီ။ 
ဘိက္ခဝေ၊ ရဟန်းတို့။ ဈာယထ၊ ၀ိပဿနာတရားကို အားထုတ်ကြကုန်လော့။ မာပမာဒတ္တ၊မမေ့လျော့ကြကုန်လင့်။ 
ပစ္ဆာ၊ နောက်မှ။ ၀ိပ္ပဋိသာရိနော၊ နှလုံးမသာမယာခြင်းသည်။ မာအဟုဝတ္ထ၊ မဖြစ်ကြကုန်လင့်။ 
အယံ၊ ဤသည်ကား။ ဝေါ၊ သင်တို့အတွက်။ အမှာကံ၊ ငါတို့၏။ အနုသာသနီ၊ အဆုံးအမတည်း။ 

(ဒွေဓာဝိတက္ကသုတ်။ သီဟနာဒ၀ဂ်၊ မူလပဏ္ဏာသ)


ကဲ... အကိုတို့ရဲ့  ဆရာသခင် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့  တာဝန်ကတော့ ပြီးပြည့်စုံနေပါပြီ။ ကျန်တာကတော့ တပည့်အလိမ္မာတွေဖြစ်ချင်ကြတဲ့ အကိုတို့၊ ညီမတို့ တာဝန်ပဲ ရှိတော့တယ်မဟုတ်ပါလား ညီမရေ....။

ညီမရဲ့  မွေးနေ့မှသည် ရှေ့ ဆက်ပြီး ကောင်းမှုကုသိုလ်တရားတွေကို တိုးလို့စုရင်း မြတ်စွာဘုရားရှင်လမ်းညွှန်းပြခဲ့တဲ့ တရားအဆုံးအမတော်တွေအတိုင်း ကျင့်ကြံအားထုတ်နိုင်တဲ့ စွမ်းဆောင်ရည်မြင့်မားတဲ့ အမျိုးကောင်းသမီးတစ်ဦး ဖြစ်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း...။


ခင်မင်စွာဖြင့်
ကိုဝိ
(၃၀၊ ၈၊ ၂၀၁၂) 

No comments:

Post a Comment