Friday, July 20, 2012

For the second half of your life...




အခုဒီစာစုဟာ ကျွန်တော့်ရဲ့  အစ်မတစ်ယောက်လို ရင်းနှီးချစ်ခင်လေးစားရတဲ့ မသစ္စာအလင်း (http://www.thitsaralin.org) (http://www.facebook.com/thanthan.sein) ရဲ့  ဇူလိုင်လ (၂၀)ရက်နေ့မှာ ကျရောက်မယ့် အနှစ် ငါးဆယ်ပြည့် ရွှေရတုမွေးနေ့အထိမ်းအမှတ်အတွက် မွေးနေ့လက်ဆောင်အဖြစ် အမှတ်တရ ရေးသားထားတာဖြစ်ပါကြောင်းခင်ဗျား......

*******************************************************

အမရေ

ဒီရက်ပိုင်းထဲ စိတ်ကူးပေါ်လာတာနှင့် ကျောင်းတက်တုန်းက Class Work အတွက် ဖတ်ခဲ့ရတဲ့ စာအုပ်တစ်အုပ်ကို အွန်လိုင်းမှာ ပြန်ရှာဖတ်ဖြစ်တယ်။ စာအုပ်ရေးတဲ့သူက ၂၀၀၅ ခုနှစ်မှာ အသက် (၉၆) နှစ်အရွယ်နှင့် ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ကမ္ဘာကျော်စီမံခန့်ခွဲမှုဘာသာရပ်ပညာရှင် Peter Drucker ရဲ့  Management Challenges for the 21st Century ဆိုတဲ့ စာအုပ်ပါ။ အဲဒီစာအုပ်ကို ၁၉၉၉ ခုနှစ်မှာ သူရေးပြီး ထုတ်ဝေခဲ့တာ ဆိုတော့ အဲဒီအချိန် သူ့အသက် ၉၀ လောက်တော့ ရှိပြီပေါ့။ စာအုပ်မှာ အခန်းကြီး (၆)ခန်းပါတယ်။ ဟိုးအရင်စဖတ်တုန်းကတည်းက ကျွန်တော်က နောက်ဆုံးအခန်းဖြစ်တဲ့ အခန်း (၆) ကို စိတ်ဝင်တစားဖတ်ဖြစ်ခဲ့တာ။ အခုတစ်ခါ ပြန်ဖတ်တော့လည်း အဲဒီအခန်းကိုပဲ တန်းပြီး ဖတ်မိပြန်တယ်။ အခန်း (၆) ရဲ့  ခေါင်းစဉ်က Managing Oneself တဲ့။ အဲဒီ Chapter မှာ ထပ်ပြီး ခေါင်းစဉ်ငယ်လေး (၇) ခုနှင့် ဆွေးနွေးသုံးသပ်ထားပါတယ်။ အဲဒီခေါင်းစဉ်ငယ်လေးတွေထဲက တစ်ခုကို ဖတ်ရင်းက အစ်မမွေးနေ့ကို သတိရသွားပြီး ဒီနှစ် အစ်မအတွက် မွေးနေ့လက်ဆောင်ကို ဒီခေါင်းစဉ်ထဲကအကြောင်း ပြန်ပြောပြရင်း ပို့စ်တစ်ပုဒ်ရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီခေါင်းစဉ်ငယ်လေးက The Second Half Of Your Life တဲ့ အမရေ။

Peter Drucker က ခေါင်းစဉ်ငယ် စစချင်းမှာ What to do with the second half of one's life?ဆိုတာလေးနှင့် မေးခွန်းမေးထားတယ်။ လူတွေဟာ အလုပ်တစ်ခုမှာ တောက်လျှောက် အနှစ် နှစ်ဆယ်ကျော်၊ သုံးဆယ်လောက် လုပ်လာကြပြီးတဲ့အချိန်မှာ သူတို့တွေဟာ သူတို့လုပ်နေရတဲ့ အလုပ်တွေအပေါ်မှာ ငြီးငွေ့လာတတ်ကြတယ်။ အလုပ်အပေါ်ထားတဲ့ သူတို့ရဲ့ သဘောထားအမြင်တွေ ပြောင်းလာတတ်ကြတယ်။ အလုပ်က သူတို့အတွက် စိန်ခေါ်မှုမရှိတော့ဘူးလို့ ခံစားလာကြရတယ်။ ဒါကြောင့် အသက်လေးဆယ်ပတ်ချာလည်မှာ လူပြောများကြတဲ့ "Mid-Life Crisis" ဆိုတဲ့ ပြဿနာကို တော်တော်များများခံစားကြရပါတယ်တဲ့။ လက်ရှိသူတို့လုပ်နေရတဲ့အလုပ်တွေမှာ ဘယ်လောက်ပဲ ကျွမ်းကျွမ်းကျင်ကျင်လုပ်နိုင်နေပါစေ၊ အဲဒီအလုပ်နှင့်ပတ်သက်ပြီး လေ့လာသင်ယူမှု (Learning) အသစ်တွေလည်း မလုပ်နိုင်တော့သလို၊ မိမိအလုပ်နှင့်ပတ်သက်ပြီး Contribution တွေလည်း လုပ်နိုင်ဖို့ အားနည်းသွားပါတယ်တဲ့။

ဒီနေရာမှာ ကိုယ်ကာယကို ဦးစားပေးပြီး အလုပ်လုပ်ကြရတဲ့ သူတွေအနေနှင့်ဆိုရင် အဲဒီလောက် နှစ်တွေအများကြီးအလုပ်လုပ်ပြီးသွားချိန်မှာ သူတို့ရဲ့  ခန္ဓာကိုယ်ရော၊ စိတ်ရောဟာ အင်မတန် ပင်ပန်းနွမ်းနယ်သွားကြပြီဖြစ်လို့ နောက်ကျန်သေးတဲ့ သူတို့ရဲ့ ဘ၀သက်တမ်းကို နှစ်ပြည့် ဆက်ပြီးနေထိုင်ရအုံးမယ်ဆိုရင်တောင်မှ သိပ်ပြီး မယ်မယ်ရရ မလုပ်နိုင်ကြတော့ပါဘူးတဲ့။ ပေါ့ပေါ့ပါးပါးပဲ ဘ၀ကို ရှင်သန်နေထိုင်ပြီး အချိန်တွေကို ကုန်ဆုံးပစ်လိုက်ကြတာ များပါတယ်တဲ့။

ဒါပေမယ့် အသိဉာဏ်ကို အခြေပြုပြီး အလုပ်လုပ်ကြရတဲ့သူတွေ (Knowledge Workers) အနေနှင့်ကတော့ အသက်သုံးဆယ်လောက်က သူတို့အတွက် စိန်ခေါ်မှုတွေအဖြစ်သတ်မှတ်ခဲ့တဲ့အလုပ်တွေဟာ သူတို့အသက်ငါးဆယ်လောက်မှာ သေချင်လောက်အောင်ပျင်းရတဲ့ကိစ္စတွေဖြစ်သွားပေမယ့်လည်း သူတို့မှာ ကိုယ်ရော၊ စိတ်မှာပါ စွမ်းဆောင်နိုင်စွမ်းတွေက ဆက်ပြီးကျန်နေပါသေးတယ်။ ဒါကြောင့်မို့ ဒီလို အသိဉာဏ်အခြေပြုပြီး အလုပ်လုပ်နေတဲ့သူတွေအနေနှင့် သူတို့ရဲ့  ကျန်နေတဲ့သက်တမ်းတစ်ဝက်ကို ဘယ်လိုဖြတ်သန်းကျော်လွန်မယ်ဆိုတာကို ကြိုတင်ပြင်ဆင်ထားဖို့ အရေးတကြီးလိုအပ်ပါတယ်လို့ စာရေးသူက ဆိုပါတယ် အစ်မရေ။

ဒီနေရာမှာ သူက အဖြေ (၃) ခုကို ရွေးထုတ်ပြီး ဆွေးနွေးထားပါတယ်။
နံပါတ် (၁) က Career အသစ်တစ်ခုနှင့် ဘ၀ကို ပြန်စပါ တဲ့။ လက်ရှိလုပ်နေတဲ့အလုပ်နှင့် သဘာဝချင်းမတူ၊ ပတ်ဝန်းကျင်ချင်းမတူတဲ့ အခြားအလုပ်ပုံစံအသစ်တစ်မျိုးကို ပြောင်းလုပ်ဖို့ တိုက်တွန်းထားတာပါ။ ဥပမာ- အရင်က အစိုးရ၀န်ထမ်းလုပ်နေတဲ့သူက ကိုယ်ပိုင်အလုပ်တစ်ခုပြောင်းလုပ်တာမျိုး၊ အရင်က ပန်းချီဆွဲနေတဲ့ပန်းချီဆရာက စာရေးဆရာ ပြောင်းလုပ်တာမျိုး။ အဲလိုမျိုး ပြောင်းလုပ်ကြည့်ပါတဲ့။

နံပါတ် (၂) က Parallel Career ကို ပြိုးထောင်ယူပါလို့ ပြောပါတယ်။ အခုလက်ရှိ အချိန်ပြည့်လုပ်နေတဲ့ မိမိအလုပ်ကနေ အချိန်ကို လျှော့ချလိုက်ပြီး တခြား မိမိစိတ်ဝင်စားတဲ့၊ လုပ်ချင်တဲ့ Career အသစ်တစ်ခုအတွက် အချိန်ပေးလိုက်တာမျိုးပါ။ ဒီပုံစံကို တော်တော်များများလုပ်ကြတယ်၊ အောင်မြင်မှုလည်း ရကြတယ်လို့ စာရေးသူကပြောထားပါတယ်။ ဒီနံပါတ်(၂) အဖြေနှင့်ပတ်သက်ပြီး ကျွန်တော်သတိထားမိတာတော့ အခုနောက်ပိုင်း နိုင်ငံခြားက Celebrity တွေ အဲဒါမျိုးတွေလုပ်နေကြတာများလာတယ်။ သူတို့လုပ်နေတဲ့ အနုပညာလုပ်ငန်းကိုလည်း အရှိန်မပျက်ဆက်လုပ်ရင်းက တခြားအချိန်တွေမှာ လူမှုရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွပါဝင်လှုပ်ရှားလာကြတယ်။ ထင်သာမြင်သာတွေထဲကဆိုရင် ဟိုတစ်ပတ်လောက်ကမှ မြန်မာပြည်လာလည်သွားတဲ့ Jackie Chan တို့၊ မင်းသမီး Angelina Jolie တို့၊ U2 အဖွဲ့က Bono တို့ဆို သူတို့လုပ်နေတာတွေက ဒီလမ်းကြောင်းထဲ ၀င်နေတာကို ထင်ထင်ရှားရှားတွေ့ရတယ် အစ်မရေ။ နောက် အဆိုတော် Celine Dion ကျတော့ လူမှုရေးလုပ်ငန်းတွေလည်း လုပ်နေသလို၊ အခြားတစ်ဘက်မှာလည်း Perfume ကုမ္ပဏီကိုပါ တည်ထောင်ထားသေးတယ်။ ဒီလိုပုံစံမျိုး လုပ်နေကြတဲ့သူတွေကို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း တော်တော်လေး မြင်ဖူး၊ ကြားဖူးနေတာပါပဲ။ ပင်မ မိမိလုပ်နေတဲ့ အလုပ်ကိုလည်း အရှိန်မပျက်လုပ်ရင်း၊ တခြားကိုယ်ဝါသနာပါတဲ့အလုပ်ကိုပါ တပြိုင်တည်း လုပ်သွားကြတာမျိုးပေါ့။

နံပါတ် (၃) ကတော့ Social Entrepreneurs အဖြစ် ရပ်တည်နေထိုင်သွားပါတဲ့။ လက်ရှိလုပ်နေတဲ့အလုပ်မှာ အဆင်ပြေနေ၊ အောင်မြင်နေပေမယ့်လည်း အဲဒီအလုပ်ကနေ မိမိရဲ့  အချိန်တွေကို တစ်စ တစ်စ လျှော့ရင်း အခြားတစ်ဘက်မှာ အကျိုးအမြတ်မမျှော်ကိုးတဲ့ Non Profit အလုပ်တွေကို တိုးတိုးလုပ်သွားပြီး နောက်ဆုံးမှာ မိမိရဲ့ မူရင်းအလုပ်ကို လုံးဝစွန့်လွှတ်လိုက်တာမျိုးလို့ စာရေးသူကပြောထားတာပါ။ နံပါတ်(၃) ပုံစံမျိုးနှင့် ဒီဆယ်စုနှစ်တွေအတွင်းမှာ ထင်ထင်ရှားရှားနှင့် ကျွန်တော်ခေါင်းထဲ တန်းပေါ်လာတဲ့သူကတော့ Bill Gates ပါပဲ။ သူလုပ်သွားတဲ့လမ်းကြောင်းက ဒီပုံစံမျိုးဖြစ်နေတာ သတိထားမိတယ်။ အခုအချိန်မှာ သူဟာ သူတည်ထောင်ခဲ့တဲ့ Microsoft မှာ Non-executive Chairman ဆိုတဲ့ နေရာကိုပဲယူထားပြီး လက်ရှိမှာ သူတကယ်လုပ်နေတာတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ လိုအပ်တဲ့ ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေမှာ သူပိုင်ငွေတွေလိုက်လှူတယ်၊ တခြားသူဋ္ဌေးတွေကိုလည်း လှူအောင် လိုက်တိုက်တွန်းပေးတယ်။ Philanthropist တစ်ယောက်အဖြစ် ဆက်လက်ရပ်တည်နေပါတယ်။ မြန်မာပြည်မှာဆိုရင်တော့ ကိုကျော်သူနှင့်မရွှေဇီးကွက်တို့လိုမျိုး လို့ ပြောလို့ရမယ်ထင်တယ်။

ပီတာဒရပ်ကာကြီးက ဆက်ပြောထားတာတော့ ကျန်နေတဲ့သက်တမ်းတစ်ဝက်ကို ကိုယ်လိုချင်တဲ့ပုံစံအတိုင်းဝင်အောင် စီမံခန့်ခွဲနိုင်တဲ့သူတွေက လူနည်းစုပါပဲတဲ့။ ကျန်တဲ့လူအများစုကတော့ လက်ရှိလုပ်နေတဲ့အလုပ်ကိုပဲ ဆက်လုပ်ရင်း၊ ပျင်းပျင်းရိရိနှင့် ဘ၀ကိုဖြတ်သန်းရင်း၊ ပင်စင်ယူရမယ့်နေ့ (အနားရမယ့်နေ့)ကို ထိုင်မျှော်ရင်း အချိန်တွေကို ကုန်ဆုံးပစ်လိုက်ကြပါတယ်တဲ့။ လူနည်းစုဖြစ်တဲ့ သက်တမ်းတစ်ဝက်ကို စီမံခန့်ခွဲနိုင်တဲ့သူတွေကတော့ သူတို့ရဲ့  ကျန်နေတဲ့ ဘ၀သက်တမ်းကို မိမိအတွက်နှင့် လူ့ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းအတွက် အခွင့်အလမ်းတစ်ရပ်အဖြစ် မြင်ထားကြတဲ့သူတွေပါပဲတဲ့။ ဒီလို ကျန်တဲ့သက်တမ်းတစ်ဝက်ကို စီမံခန့်ခွဲနိုင်ဖို့အတွက် လူတိုင်းဟာ သက်တမ်းတစ်ဝက်မရောက်ခင်ကတည်းက ကြိုတင်စီမံကိန်းချပြီး ပြင်ဆင်ထားသင့်တယ်လို့ အကြံပေးထားပါတယ်။

အထူးသဖြင့် မိမိလက်ရှိလုပ်နေတဲ့ လုပ်လက်စအလုပ် အောင်မြင်နေတုန်းအချိန်မှာကတည်းက ဒုတိယသက်တမ်းတစ်ဝက်ကို ဘယ်ပုံအသုံးချမယ်ဆိုတာ ကြိုပြင်ထားသင့်ပြီလို့ သတိပေးထားပါတယ်။ ဖြစ်နိုင်ရင် အသက်သုံးဆယ်ကျော်အရွယ်လောက်ကတည်းက ပြင်ထားပါလို့ဆိုပါတယ်။ တကယ်လို့ အခုလက်ရှိအချိန်မှာ မိမိအနေနှင့် နောင်ကျန်နေတဲ့ သက်တမ်းအတွက် ဆက်လုပ်ဖို့ လုပ်ချင်တာ တစ်ခုခု (သို့) ၀ါသနာပါတာတစ်ခုခုမရှိသေးဘူးဆိုရင် အခုအချိန်ကတည်းက စောစောစီးစီး ၀ါသနာတစ်ခုခုကို မဖြစ်မနေ ပြုစုပျိုးထောင်ထားသင့်ကြောင်း ထပ်လောင်းလို့ တိုက်တွန်းထားပါတယ်။

နှစ်ပေါင်း (၉၀)ကျော် ဘ၀ကို အောင်အောင်မြင်မြင်နှင့်ဖြတ်သန်းလာခဲ့ပြီးတဲ့ ကမ္ဘာကျော်စီမံခန့်ခွဲမှုပညာရှင်တစ်ယောက်ရဲ့  ၂၁ရာစုမှာ ရှင်သန်ကျန်ရှိခဲ့မယ့် လူသားတွေအတွက် အကြံပေးချက်တွေပါပဲ အမရေ။ သူကတော့ လောကီဘက်ကနေပြီး လူသားတစ်ယောက်အတွက် အကောင်းဆုံးဘ၀ကို အသုံးချနိုင်မယ့် ပုံစံတွေကို စဉ်းစားပြီး ပြောပြသွားခဲ့တာပါပဲ။

ဒီနေရာမှာ သူက Knowledge Workers တွေရဲ့  ဘ၀အခြေအနေကို ယေဘူယျခြုံကြည့်ပြီး ပြောသွားခဲ့တာပါ။ ကျွန်တော်တို့ဖြည့်စဉ်းစားဖို့လိုတာက ကျွန်တော်တို့နိုင်ငံရဲ့  စီးပွားရေးစနစ်၊ နိုင်ငံရေးစနစ်၊ လူမှုရေးစနစ်အနေအထားတွေနှင့်၊ ကျွန်တော်တို့ရဲ့  လက်ရှိအခြေအနေ ဘ၀ရပ်တည်နေမှုတွေနှင့် ဒီအဖြေသုံးမျိုးထဲက တစ်ခုခုကို ရွေးချယ်အသုံးချကြည့်မယ်ဆိုရင် ဖြစ်နိုင်မလားဆိုတာမျိုးပါ။ နောက်ထပ်ဖြည့်ပြီး စဉ်းစားရမယ့် အချက်တွေမှာ မိမိ မိသားစုရဲ့  စားဝတ်နေရေးက အဆင်ပြေပြေ ရပ်တည်နိုင်တဲ့ အနေအထားရှိနေပြီလား၊ ကိုယ်ကြည့်ရှုထောက်ပံ့ရမယ့် သားသမီးတွေ၊  မိဘဆွေမျိုးသားချင်းတွေကရော လက်လွှတ်လို့ရတဲ့ အခြေအနေရောက်ပြီလား၊ ကိုယ်တိုင်ရဲ့  ကျန်းမာရေးအခြေအနေကရော ကောင်းမွန်နေတုန်းလား စတဲ့ တခြားအချက်လေးတွေလည်း ပါပါမယ်။ ဒီအခြေအနေတွေအားလုံးကို ခြုံငုံသုံးသပ်ကြည့်ပြီးမှ ဘယ်လို ဘယ်ပုံ ကူးပြောင်းနိုင်မလဲ ဆက်စဉ်းစားရမယ်လို့ ထင်ပါတယ်။

နောက်တစ်ခုအနေနှင့် ထပ်ဖြည့်ပြောရအုံးမယ်ဆိုရင် ကျွန်တော်တို့က ဘာသာရေးရှုထောင့်ကပါ စဉ်းစားလိုက်တဲ့အခါကျတော့ Career ကို ပြောင်းတဲ့အခါမှာ လောကီကိစ္စတစ်ခုတည်းလည်း မဖြစ်နိုင်တော့ဘူး။ လူသားအကျိုးပြုလုပ်ငန်းချည်းပဲလည်း မဟုတ်တော့ဘူး။ လောကုတ္တရာအရေး၊ သံသရာအရေး၊  ဘ၀လွတ်မြောက်ရေးကိစ္စတွေကိုပါ ထည့်စဉ်းစားဖို့လိုအပ်လာပါတယ်။ ဒီတော့ Career ကို ပြောင်းတဲ့အခါမှာ လောကီကြီးပွားရေး၊ Society ဖွံ့ ဖြိုးတိုးတက်ရေးချည်းမဟုတ်ပဲ မိမိရဲ့  Insight Development ကိုပါ ထည့်တွက်ဖို့ လိုလာပါလိမ့်မယ်။

ဒီတော့ Peter Drucker ရဲ့  အဖြေတွေကို မှီးပြီး ကျန်နေတဲ့သက်တမ်းတစ်ဝက်မှာ ဘာသာရေးကိုပါ ကိုယ့်ဘ၀ထဲကအချိန်တွေကို ဖဲ့ပေးချင်တဲ့သူတွေအတွက် ဓမ္မအရေးပါ ပါတဲ့ Career အသစ်တစ်ခုကို ဘယ်လို အပြောင်းအလဲလုပ်ကြည့်ရင်ကောင်းမလဲဆိုတာကို ကိုယ့်ဖာသာ Customized လုပ်ပြီး စဉ်းစားကြည့်ကြရအောင်ဗျာ။

နံပါတ်(၁) အနေနှင့် လောကီရေးကိစ္စတွေကို လုံးဝရပ်လိုက်ပြီး၊ နောက် လူဝတ်ကိုပါစွန့်ပြီး (ရဟန်းအဖြစ်၊ သီလရှင်အဖြစ်၊ ရာသက်ပန်ယောဂီအဖြစ်နှင့်) လောကုတ္တရာသီးသန့်ပဲ လုပ်တော့မယ့်နည်းပါ။ ဒီနည်းက Risk တော့ အတော်များမယ် အမရေ။ တော်ရုံသတ္တိနှင့်တော့ လုပ်ဖို့မလွယ်ဘူးလို့မြင်တယ်။ ဒါပေမယ့် ဘုရားလက်ထက်ကစလို့ ယခုခေတ်တိုင်အောင် တချို့ သော ပုဂ္ဂိုလ်တွေ လုပ်သွားနိုင်တာတွေ့ရပါတယ်။ ရဟန်းတော်တွေထဲမှာဆိုရင် အခုလက်ရှိ ထင်ထင်ရှားရှားဖြစ်နေတဲ့ ဆရာတော်အချို့ ကို  ကြည့်ရင် အဲဒီ နံပါတ်(၁) အဖြေကို လိုက်သွားကြတဲ့သူတွေဆိုတာ သတိထားမိပါတယ်။ သီလရှင်တွေထဲမှာလည်း အနည်းအကျဉ်းတော့ တွေ့မိတယ်။ ရာသက်ပန်ယောဂီလုပ်သွားတဲ့သူ အချို့ လည်း ရှိပါတယ်။ ကျွန်တော်နှင့် မြေးအဖွားလိုချစ်တဲ့ အဖွားသားအမိနှစ်ယောက်ဆိုရင် သမီးကအသက်လေးဆယ်ကျော်၊ အမေက အသက်ခြောက်ဆယ်လောက်မှာ ပိုင်ဆိုင်တာတွေအားလုံးကို ထုခွဲရောင်းချပြီး ရိပ်သာတစ်ခုမှာ အပြီးသွားနေလိုက်ပါတော့တယ်။ အဲဒီရိပ်သာမှာပဲ နှစ်ယောက်လုံး ခေါင်းချသွားကြပါတယ်။ ဟိုရက်ပိုင်းလောက်က ဒီက ကျွန်တော့်မိတ်ဆွေတစ်ယောက်ပြောပြလို့ သိရတာ သိပ်မကြာခင်ကမှ သူ့အစ်မ၀မ်းကွဲတစ်ယောက်လည်း ပိုင်ဆိုင်တာအားလုံးကို စွန့်လွှတ်လိုက်ပြီး ဆရာတော်တစ်ပါးရဲ့  ရိပ်သာမှာ အပြီးသွားနေလိုက်ပါတယ်တဲ့။ ထုခွဲရောင်းချသွားတာတောင်မဟုတ်ဘူး။ အပြီးစွန့်လိုက်တာပါတဲ့ အစ်မရေ။ ကြားရတာ အံ့ဖွယ်ရှိလေစွ လို့ပဲ ရေရွတ်မိပါတယ်။

နံပါတ် (၂) ကတော့ လက်ရှိ လုပ်လက်စအလုပ်တွေကို လုပ်ရင်းနှင့် တစ်ဘက်ကလည်း ဓမ္မလမ်းကို လိုက်မယ့်နည်းပေါ့။ ဒီလို ပုဂ္ဂိုလ်တွေကတော့ ကျွန်တော်တို့တွေ ပတ်ဝန်းကျင်မှာ တော်တော်များများကိုတွေ့နေ၊ မြင်နေရပါတယ်။ လောကီဘက်က အချိန်များများ၊ လောကုတ္တရာဘက်က အချိန်နည်းနည်းယူပြီးလုပ်နေကြတဲ့သူတွေ ရှိသလို၊ လောကီဘက်က အချိန်နည်းနည်း၊ လောကုတ္တရာဘက်က အချိန်များများယူပြီး လုပ်နေကြတဲ့သူတွေလည်း တွေ့နေရပါတယ်။ ကျွန်တော့်မိတ်ဆွေတစ်ယောက်ရဲ့  မိဘနှစ်ပါးဆိုရင် တစ်ယောက်ကို တစ်လစီ အလှည့်ကျ ရိပ်သာဝင်ပါတယ်။ တစ်ယောက်ရိပ်သာဝင်နေတုန်း ကျန်တဲ့တစ်ယောက်က အိမ်မှုကိစ္စ၊ သားရေး သမီးရေးကိစ္စတွေ လုပ်ပါတယ်။ နောက်ထပ် ကျွန်တော့်အသိ ဆရာသမားတစ်ယောက်ကတော့ အမြဲတမ်း နှစ်လတစ်ကြိမ် ရဟန်းခံပြီး ဆယ်ရက် တစ်ပတ်လောက် တရားအားထုတ်တတ်ပါတယ်။

နံပါတ် (၃) အနေနှင့်ကတော့ လောကီလူဝတ်ကိုလည်း မစွန့်ပဲ လောကုတ္တရာသီးသန့်ကို ဇောက်ချလုပ်တဲ့နည်းပါ။ ဒီလိုမျိုးလုပ်နေတာမျိုးကို တွေ့ရမှာကတော့ ဘုရားလက်ထက်ကဆိုရင် စိတ္တသူကြွယ်တို့  ခုဇုတ္တရာတို့လိုမျိုးပေါ့အမရေ။ ဒီဘက်ခေတ်မှာဆိုရင်တော့ ဟိုးဘက်နှစ်တွေမှာဆိုရင် လူသိများခဲ့တဲ့ အနာဂါမ်ဆရာသက်ကြီးတို့၊ ပခုက္ကူဦးကြည်တို့၊ ဆရာကြီး ဦးဘခင်တို့၊ ဒီဘက်ခေတ်ထဲမှာဆိုရင် ဆရာကြီးဦးဂိုအင်ကာတို့၊ ဆရာမကြီးဒေါ်ခင်လှတင်တို့၊ အနောက်တိုင်းကဆိုရင် Joseph Goldstein တို့ စသဖြင့် ပြောလို့ရမယ်ထင်ပါတယ်။ တခြားလည်း အများကြီးရှိအုံးမှာပါ။ သူတို့လည်း သူတို့ဘ၀အခြေအနေတွေ၊ သူတို့ဖြည့်ခဲ့တဲ့ပါရမီ၊ တောင်းခဲ့တဲ့ဆုတောင်းတွေကြောင့် လူဝတ်ကိုမစွန့်ပဲ တရားအတွက် အချိန်ပြည့် ဘ၀ပေးပြီး လုပ်ဆောင်နိုင်ကြတာဖြစ်ပါလိမ့်မယ်။

နောက်ထပ်တစ်ခါ ကိုယ့်ရဲ့  ဘ၀ပေးအခြေအနေပေါ်မူတည်ပြီး ဖြည့်ပြီးစဉ်းစားရမယ့် အချက်တွေလည်း ရှိအုံးမယ် အမရေ။ အဲဒါတွေထဲကမှ ကျွန်တော့်အနေနှင့် အသက်အရွယ်ရယ်၊ မိသားစုအခြေအနေရယ်၊ ကျန်းမာရေးရယ်ကို Highlight လုပ်ပြီး စဉ်းစားကြည့်ချင်တယ်။

အရွယ်နှင့်ပတ်သက်ပြီး ကျွန်တော်တို့ မြန်မာလူမျိုးတွေမှာ တော်တော်များများ ကိုးကားပြီး ပြောလေ့ပြောထရှိတဲ့ စကားတစ်ခုရှိပါတယ်။ “ပထမအရွယ်မှာပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ၊ တတိယအရွယ်မှာ တရားရှာ”ဆိုတဲ့စကားပါ။ အရင်ကတော့ လူကြီးတွေပြောနေကြတာ နားယဉ်နေတော့ ဒါကို သိပ်မစဉ်းစားမိပဲ ပြောဖြစ်၊ လက်ခံဖြစ်ခဲ့တာပါပဲ။ တကယ်တော့ ဒီစကားက အပြည့်အ၀မမှန်ဘူးဆိုတာ တကယ်လက်တွေ့ဘ၀ကို ဖြတ်သန်းလာတဲ့အချိန်မှာ တစ်စတစ်စ ထင်ရှားလာပါတယ်။ ပညာဆိုတာ တကယ်တော့ ပထမအရွယ်တစ်ခုတည်းရှာလိုက်ရုံနှင့် မပြီးသွားတာမျိုးပါ။ သေတဲ့အထိ ကိုယ့်အတွက် လိုအပ်မယ့် ပညာအမျိုးမျိုးက သင်ယူနေရဆဲပါပဲ။ ဥစ္စာရှာတာလည်း ထိုနည်းလည်းကောင်းပါပဲ။ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ ပထမအရွယ်မှာကတည်းက အလုပ်လုပ်ပြီး ပိုက်ဆံရှာနေကြရတဲ့လူငယ်တွေကို မြင်နေ တွေ့နေရတာပါပဲ။ မရှာလို့မှမရတာ။ ခေတ်အခြေအနေ၊ ဘ၀အခြေအနေတွေအရ ရှာမှဖြစ်တော့မှာမို့ ရှာနေကြရပါတယ်။ အခြေအနေမပေးခဲ့ရင် တတိယအရွယ်တိုင်အောင်လည်း ဥစ္စာစီးပွားဆိုတာကြီးက ဆက်ရှာနေကြရတာပါ။

တရားရှာတာမှာကတော့ တတိယအရွယ်အထိ မစောင့်ပဲ စောနိုင်သမျှ စောလေ ကောင်းလေပဲလို့ မြတ်စွာဘုရားရှင်ပြောထားခဲ့တဲ့စကားတော်က ရှိပြီးသားပါပဲ အမရေ။ တရားကို စောစောမရှာလို့ အကျိုးဆုတ်ယုတ်ရပုံနှင့် ပတ်သက်ပြီး ဓမ္မပဒက ဂါထာလေးတစ်ပုဒ်ရှိပါတယ်။

သူမိုက်တို့သည် အရွယ်ရှိခိုက် မြတ်သောအကျင့်ကို မကျင့်လိုက်မိ၊ ဥစ္စာကိုလည်း မရလိုက်မိ သောကြောင့် ငါးကုန်ခမ်းသော ညွန်အိုင်၌ အတောင်ကျွတ်သော ကြိုးကြာအိုတို့ကဲ့သို့ အရွယ်လွန်သောအခါ  ကြံမှိုင်၍သာ နေကြရကုန်၏။

သူမိုက်တို့သည် အရွယ်ရှိခိုက် မြတ်သောအကျင့်ကို မကျင့်လိုက်မိ၊ ဥစ္စာကိုလည်းမရလိုက်မိသောကြောင့်
လေးမှ လွတ်ပြီးနောက် အရှိန်ကုန်သော မြှားကဲ့သို့ ရှေးဖြစ်ဟောင်းသုခတို့ကို ညဉ်းတွား အောက်မေ့၍သာ   နေကြရကုန်၏။  ( ဓမ္မပဒ . ဇရာဝဂ္ဂ ၁၅၅၊ ၁၅၆ မဟာဓနသေဋ္ဌိ )

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက အခါတစ်ပါးမှာ တောင်းစားရတဲ့  ဘ၀ကို ရောက်နေကြတဲ့ မဟာဓနသူဋ္ဌေးလင်မယား အဖိုးကြီးအဖွားကြီး နှစ်ယောက်ကို မြင်ပြီး အရှင်အာနန္ဒာကို ပြောခဲ့တာရှိပါတယ်။ ဒီလင်မယားနှစ်ယောက်ဟာ ပထမအရွယ်မှာ တရားအားထုတ်ရင် ယောကျာ်းက ရဟန္တာ၊ မိန်းမက အနာဂါမ်ဖြစ်မယ်၊ ဒုတိယအရွယ်မှာအားထုတ်ရင် ယောကျာ်းကအနာဂါမ်၊ မိန်းမက သကဒါဂါမ်ဖြစ်မယ်၊ တတိယအရွယ်မှာ အားထုတ်ရင်တောင် ယောကျာ်းက သကဒါဂါမ်၊ မိန်းမက သောတာပန်ဖြစ်အုံးမယ် စသဖြင့်ပေါ့။ အခု နောက်ဆုံး သေခါနီးအရွယ်ရောက်မှတော့ ဘာမှလုပ်လို့မရတော့ဘူးဆိုတာလေး ပြောသွားခဲ့တာ အမလည်း သိပြီးသားပါ။ ဒီတရားတော်ကို ဖတ်ရတော့ အသက်အရွယ်နှင့် တရားအသိဉာဏ်ရဖို့နှင့် ဆက်နွှယ်နေမှုကို စေ့စေ့တွေးလေ ထိတ်လန့်သံဝေဂရဖြစ်ရလေပါပဲ။

နောက်တစ်ချက်ဖြစ်တဲ့ မိသားစုအခြေအနေဆိုတာလေးကို တွေးကြည့်မိတယ်။ ကျွန်တော်တို့တွေမှာ အသီးသီး ဆိုင်ရာ မိသားစုအသိုက်အမြုံတွေ ကိုယ်စီရှိနေကြပါတယ်။ ကိုယ်က အဲဒီမိသားစုမှာ အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေရတဲ့သူ၊ ဦးစီးဦးဆောင်လုပ်နေရတဲ့သူဆိုရင် ဘ၀ဦးတည်ချက်ကို ဓမ္မဘက်လှည့်တော့မယ်လို့ ဆုံးဖြတ်တော့မယ့်အခါဆိုရင် အတော်လေးဦးနှောက်ကို အလုပ်ပေးရပါလိမ့်မယ်။ သားသမီးရှိတဲ့သူဆိုရင် သားသမီးတွေကို လက်လွှတ်လို့ရတဲ့ အခြေအနေဖြစ်ပြီလား၊ သူတို့တွေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့အနေအထားမျိုးဖြစ်ကြပြီလားဆိုတာမျိုး၊ ဇနီးခင်ပွန်းတွေကရော ကိုယ့်အပေါ်နားလည်မှုပေးနိုင်တဲ့ အနေအထားမှာ ရှိပြီလားဆိုတာမျိုး၊ မိဘတွေကို လုပ်ကျွေးပြုစုနေရတဲ့သူတွေဆိုရင်လည်း မိဘတွေကို ဘယ်သူက ဆက်ပြီး တာဝန်ယူစောင့်ရှောက်ပေးနိုင်မလဲဆိုတာမျိုး၊ ကိုယ့်အနေနှင့် ဆက်ပြီးမိသားစုတာဝန်ကို မလုပ်ပေးနိုင်တော့တဲ့အချိန်မှာ ကျန်နေခဲ့မယ့်သူတွေ ဆက်ပြီး ရင်းနှီးစားသောက်နေထိုင်နိုင်ဖို့အတွက် လုံလောက်ပြည့်စုံမှုရှိမရှိဆိုတာမျိုးတွေ ထောင့်စေ့နေအောင် စဉ်းစားရပါလိမ့်မယ်။

ကျွန်တော် ရိပ်သာတစ်ခုမှာ ဦးဇင်းတစ်ပါးအကြောင်းသိခဲ့ရဖူးတယ်။ အသက်ငါးဆယ်ကျော်အရွယ်မှာ တရားတွေအားထုတ်ရင်း လောကီကို စိတ်ကုန်လာတော့ ဘုန်းကြီးဝတ်ချင်လာတယ်။ ဒီတော့ သူက ရဟန်းမ၀တ်ခင် အိမ်စီးပွားကို အဆင်ပြေအောင် အကုန်စီစဉ်ပေးခဲ့ပြီး ရဟန်းဝတ်လိုက်တော့တယ်။ ဒါပေမယ့် ကျန်ခဲ့တဲ့မိသားစုမှာ အရွယ်မရောက်သေးတဲ့ သားသမီးတွေက ပညာရေးတန်းလန်းတွေနှင့် ကျန်နေခဲ့တော့ ဇနီးလုပ်တဲ့သူက ရိပ်သာဆရာတော်ကြီးဆီသွားပြီး သူ့ယောကျာ်းကို ရဟန်းဝတ်ပေးလိုက်လို့ အပြစ်တင်ပါတယ်။ ဒါနဲ့ နောက်ပိုင်းဆရာတော်ကြီးက ဒီလိုကိစ္စမျိုးတွေအတွက် ရဟန်းအပြီးဝတ်ချင်တဲ့ ယောဂီတွေဆိုရင် သား၊ သမီးတွေ လက်လွှတ်နိုင်တဲ့အခြေအနေအထိ ရောက်အောင်စောင့်ဖို့၊ ဒီကြားထဲတော့ လူဝတ်ကြောင်ဘ၀နှင့်ပဲ မိသားစုတာဝန်ထမ်းရင် တရားအားထုတ်နေဖို့ မိန့်တော်မူပါတယ်။ အားထုတ်ပုံနည်းလမ်းလည်း ပေးတော်မူပါတယ်။

တချို့  အပျိုကြီး၊ လူပျိုကြီးတွေကျပြန်တော့ အသက်အရွယ်ကြီးနေပြီဖြစ်တဲ့ မိဘတွေကို လုပ်ကျွေးစောင့်ရှောက်နေကြရတာတွေ ရှိတတ်ပါတယ်။ တခါတလေသူတို့တွေခမျာ တရားကို ဇောက်ချလုပ်ချင်ကြပေမယ့် မိဘတွေကို ပြန်ငဲ့နေရလို့ စိတ်သွားတိုင်း ကိုယ်မပါနိုင်ဖြစ်နေတာမျိုးတွေ တွေ့ဖူးပါတယ်။ ကိုယ်ကလွဲပြီး တခြားမိဘကို စောင့်ရှောက်ပေးနိုင်မယ့် ဆွေမျိုးသားချင်းမျိုး မရှိနေဘူးဆိုရင်တော့ သူတို့မှာ ရွေးချယ်စရာလမ်းက မရှိပါဘူး။ မိဘကိုပဲ အသက်ထက်ဆုံး လုပ်ကျွေးပြုစုပြီး တရားကိုလည်း နိုင်သလောက်အားထုတ်နေဖို့ပဲရှိပါတယ်။ တကယ်လို့ ကိုယ့်ကိုယ်စားစောင့်ရှောက်ပေးနိုင်မယ့်သူတွေလည်း ရှိမယ်၊ မိဘကလည်း လိုလိုလားလားခွင့်ပြုမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပဲပေါ့။

နောက်တစ်ချက် ကျန်းမာရေးအကြောင်း ပြောကြည့်မယ်။

“အိုမှုကနေ နာမှုမကူးခင် ၀ိပဿနာအလုပ်အားထုတ်ကြပါ။” လို့ ဆရာတော်ဘုရားကြီးတွေက ဆုံးမမှာကြားထားခဲ့ကြပါတယ်။

ခန္ဓာကိုယ်မှာ ကျန်းမာရေးလည်းကောင်းနေတုန်း၊ အရိုးတွေ၊ အကြောတွေ သန်မာတုန်း၊ သွားနိုင်လာနိုင်တုန်း၊ ရောဂါကြီးကြီးမားမားမရှိတုန်းမှာ တရားအလုပ်ကို ထိထိရောက်ရောက် ကြိုးပမ်းအားထုတ်ထားသင့်ပါတယ်။ တကယ်လို့ ခန္ဓာကိုယ်မှာ တစ်ခုခုချွတ်ယွင်းလာတော့မှ အားထုတ်ကြမယ်ဆိုရင် သတိအားကလည်း မလိုက်နိုင်၊ စိတ်အားကလည်းနဲနေပြီိး၊ ခန္ဓာကိုယ်ကလည်း လူကောင်းတစ်ယောက်လို မဟုတ်တော့တဲ့အခါကျမှဆိုရင် အတော်ကို ခက်ခက်ခဲခဲ ဆင်းရဲပင်ပန်းကြီးပြီး အားထုတ်ရပါတော့တယ်။

ရိပ်သာတွေမှာ တရားစခန်းဝင်ကြတဲ့ ယောဂီတွေမှာ တချို့  အချိန်ကြာကြာမထိုင်နိုင်တဲ့သူတွေ၊ ခဏခဏ အပေါ့အလေးသွားနေရတဲ့သူတွေ၊ အာရုံကြောအားနည်းနေတဲ့သူတွေ၊ ကိုယ်လက်အင်္ဂါချို့ ယွင်းနေကြတဲ့သူတွေ လာပြီး အားထုတ်တတ်ကြတာ အမလည်း မြင်ဖူးမှာပါ။ ဘာပဲပြောပြော သူတို့တွေကမှ ရိပ်သာအထိ ရောက်အောင်လာနိုင်ကြလို့ တော်ပါသေးတယ်။ တချို့ ပုဂ္ဂိုလ်တွေများဆို ကိုယ့်အိမ်မှာတင် ဘယ်မှ မသွားနိုင်တော့တဲ့အခြေအနေမျိုးဖြစ်နေကြပြီ။ အဲဒီအချိန်ကျတော့မှ တရားစအားထုတ်မယ်ဆိုရင်တော့ အတော်ကို မလွယ်တော့တာပါပဲ။ ကျွန်တော့်သူငယ်ချင်းရဲ့ မိခင်တစ်ယောက်ဆိုရင် ရုတ်တရတ်လေဖြတ်ပြီး အိပ်ယာပေါ်လှဲနေရတော့တယ်။ အဲဒီအချိန်မှာ တရားအားထုတ်တာတောင် မဟုတ်သေးဘူး။  ပုတီးစိတ်ဖို့ကိုတောင်မှပဲ စိတ်အား၊ လူအားအတော်ကြီးစိုက်ပါမှ ပုတီးလုံး တစ်လုံးကိုချနိုင်တဲ့အဖြစ်မျိုးကို မြင်တွေ့ခဲ့ဖူးပါတယ်။

တကယ်တော့ နာမှုဆိုတာက အိုတဲ့အထိတောင်မစောင့်ပါဘူး။ အရွယ်ငယ်ငယ်နှင့်လည်း နာကြရတဲ့သူတွေအများကြီးပါပဲ။ နာရာကနေတဆင့် အိုတာကိုကျော်ချပြီး သေသွားကြတာတွေလည်း ဒုနှင့်ဒေးပါပဲ။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်တုန်းက ကျွန်တော့်ဘလော့ဂ်မှာ စာလာဖတ်ရင်းကနေ အွန်လိုင်းမှာခင်မင်ခဲ့ရတဲ့ ဆရာဝန် အစ်မတစ်ယောက်ဆို အသက်သုံးဆယ်ကျော်၊ လေးဆယ်နီးပါးထဲကပါပဲ။ တစ်ရက်တော့ သူခွဲစိတ်ကုသမှုတစ်ခု ခံစရာရှိတယ်လို့ဆိုပြီး ပြောသွားတယ်။ နောက် ဆေးရုံတက်နေရင်း ကျွန်တော့်ဆီကို အီးမေးလ်တစ်စောင်လှမ်းပို့လိုက်သေးတယ်။  နောက်တော့ အွန်လိုင်းမှာ တော်တော်ကြာကြာ ပျောက်နေရာက မေးကြည့်လိုက်တော့ ခွဲစိတ်ကုသမှုခံရင်း ဆုံးသွားပါပြီတဲ့။ သူဆိုလည်း ဘာသာရေးကို စိတ်ဝင်စားပြီး တရားအားထုတ်မှုပိုင်းကို စဖို့အားယူနေတုန်း လေ့လာနေတုန်းမှာတင် ဘ၀ကအဆုံးသတ်သွားခဲ့ရပါတယ်။

ဒီတော့ နာမှုနှင့် သေမှုက လူတစ်ယောက်ဆီကို ဘယ်အချိန် လာမယ်မှန်းမသိလေတော့ သူတို့မလာခင် သူတို့ကို အေးအေးချမ်းချမ်းရင်ဆိုင်နိုင်မယ့် တရားဆိုတဲ့ လက်တွဲဖော်ကို ကျန်းမာနေတုန်းမှာ တစ်နိုင်တစ်ပိုင်အချိန်ပေးပြီး ရှာထားဖို့က မဖြစ်မနေလိုအပ်လှပါတယ်နော် အမရေ။

Peter Drucker ရဲ့  What to do with the second half of one's life? ဆိုတဲ့မေးခွန်းကို ဘာသာရေးရှုထောင့်ကိုပါ ထပ်ပေါင်းထည့်ပြီး ကျွန်တော်စဉ်းစားမိသလောက် အဖြေထုတ်ကြည့်လိုက်တာပါ။ အစ်မလည်း ဒီမေးခွန်းရဲ့ အဖြေကို ကိုယ့်ဘ၀အခြေအနေတွေနှင့်ချိန်ပြီး ထုတ်ယူနိုင်လိမ့်မယ်ဆိုတာ ကျွန်တော်ယုံကြည်နေပြီးသားပါဗျာ။

ဘ၀သက်တမ်းတစ်ဝက်မှာဘာတွေဘယ်လို ပြင်ဆင်ရမယ်ဆိုတာတွေကို အဖြေရှာပြီးသွားတော့ မသေခင်သိရှိသွားရမယ့် ဘ၀ရဲ့  လျှို့ ဝှက်ချက်တွေအကြောင်းလည်း ကြုံတုန်းတစ်ခါတည်း နည်းနည်းလောက် ပြောလိုက်ချင်သေးတယ် အမရေ။ အမရဲ့  ရွှေရတုမွေးနေ့အတွက် အထူးအမှတ်တရဖြစ်အောင်လို့ပါနော်။

လွန်ခဲ့တဲ့ သုံးလေးလလောက်ကဖြစ်မယ်။ မဟာမြိုင်ဆရာတော်ဦးဇောတိက စင်္ကာပူကို ခဏကြွလာတာ အွန်လိုင်းမှာ ဖူးလိုက်ရပါတယ်။ ဓါတ်ပုံတွေမှာ ဆရာတော်လက်ထဲ စာအုပ်တစ်အုပ် ကိုင်ထားတာ တွေ့လိုက်တော့ ဘာစာအုပ်လဲမသိဘူးဆိုပြီး စပ်စုမိတယ်။ ဆရာတော်ကို သွားဖူးခဲ့တဲ့ စင်္ကာပူက ညီမတစ်ယောက်က စာအုပ်နာမည်ကို မှတ်လာပြီး ပြန်ပြောပြလို့ အွန်လိုင်းမှာ ရှာပြီး ဖတ်ကြည့်ဖြစ်ခဲ့တယ်။ ဆရာတော်ဖတ်နေတဲ့ စာအုပ်နာမည်က John Izzo ရေးတဲ့ The Five Secrets You Must Discover Before You Die တဲ့။ စာရေးဆရာနှင့် သူ့အဖွဲ့ က အသက် (၆၀) ကျော် အရွယ်ရှိကြတဲ့ လူပေါင်း ၂၀၀ကျော်ကို အင်တာဗျူးလုပ်ပြီး သူတို့ပြောပြချက်ကနေ ရေးထားတာပါ။

အချက် (၅)ချက်က ဘာတွေလဲဆိုတော့
(၁) ကိုယ့်ကိုယ်ကို ရိုးသားနိုင်ဖို့
(၂) ဘ၀မှာ စိုးရိမ်ပူဆွေးမှုနှင့် နောင်တတရားတွေ ကျန်မနေခဲ့ဖို့
(၃) ကိုယ်ကိုယ်တိုင်အပါအ၀င် ကိုယ့်မိသားစု၊ ကိုယ်နှင့်ဆက်ဆံနေရတဲ့သူတွေကို ချစ်တတ်ဖို့
(၄) ဘ၀ကို လက်ရှိပစ္စုပ္ပါန်အချိန်လေးမှာပဲ နေတတ်ဖို့
(၅) လောကကို ကိုယ်ယူထားတာတွေထက် ပိုပြီး ပြန်ပေးနိုင်ဖို့ ပါတဲ့။

ဒီအချက် ငါးချက်ကိုသာ မသေခင်တွေ့ရှိခဲ့မယ်ဆိုရင် ဒီလူဟာ သေပျော်တဲ့သူတစ်ယောက်ဖြစ်ပါပြီတဲ့။ လူတစ်ယောက်အနေနှင့် မသေခင်သိသွားရမယ့်တရားတွေပဲပေါ့ အမရေ။

ဒီအချက်ငါးချက်ကို သေသေချာချာကြည့်လိုက်တော့ မြတ်စွာဘုရားရှင်ဟောခဲ့တာတွေနှင့်ကွက်တိဖြစ်နေတာကို အံ့သြဖို့ကောင်းလောက်အောင် တွေ့လိုက်ရတယ်။ မြို့ ပတ်ရထားကြီး ဘယ်ဘူတာကိုပဲသွားသွား နောက်ဆုံးတော့ ဒီဘူတာကိုပဲ ပြန်ဆိုက်ရတယ် ဆိုတာလို ကမ္ဘာပေါ်က အသိပညာရှင်တွေ၊ တွေးခေါ်ပညာရှင်တွေ ကြံဆတွေးခေါ်လိုက်သမျှ၊ တွေ့ရှိလိုက်သမျှအမှန်တရားဆိုတာတွေဟာ ဘုရားရှင်ရဲ့  သစ္စာတရားမှာပဲ နောက်ဆုံးဂိတ်ဆုံးရတာပါပဲနော်။

ကဲ...အမရေ။ အမရဲ့  ရွှေရတုမွေးနေ့အတွက် ကျွန်တော် အမအသုံးတည့်လောက်မယ်လို့ မျှော်လင့်ပြီး ဒီစာစုလေးကို မွေးနေ့လက်ဆောင်အဖြစ်နှင့် ရေးပေးလိုက်ပါတယ်။ အသုံးမတည့်ခဲ့ရင်တောင်မှ အမှတ်တရအဖြစ်နှင့်တော့ သိမ်းထားဖြစ်လိမ့်မယ်လို့တော့ ထင်ပါတယ်။

အစ်မတစ်ယောက် ကျန်ရှိနေတဲ့သက်တမ်းတစ်ဝက်ကို အနှစ်သာရအပြည့်အ၀နှင့် အသုံးချရင်း ရည်မှန်းထားရာ ၊ ဆုတောင်းထားရှိရာ ပန်းတိုင်ဆီကို အခက်အခဲမရှိ၊ ဘေးမထိပဲ အေးချမ်းအောင်မြင်စွာ ရောက်အောင်သွားနိုင်တဲ့သူ တစ်ယောက်ဖြစ်ပါစေကြောင်း စစ်မှန်တဲ့ မေတ္တာအာသီသနှင့် ဆုတောင်းပေးလိုက်ပါတယ်နော် အမရေ။

အမရဲ့  မောင်ငယ်
Bliss
19.07.2012 (Thu.)

No comments:

Post a Comment