Tuesday, July 31, 2012

ပြောင်းလဲလာသော ဘ၀အမြင်များ

ရိုသေလေးစားခင်မင်ရတဲ့ ဘုန်းဘုန်းပန်းကမ္ဘာ မှ မွေးနေ့အမှတ်တရ ရေးပို့ပေးလိုက်တဲ့ ပို့စ်ဖြစ်ပါတယ်ခင်ဗျာ။ အားလုံးဖတ်လို့ရအောင် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

***************************************************************


ကိုဝိရေ ခေါင်းစဉ်ကို ကြည့်ပြီး စိတ်ထဲမှာတော့ သိပ်ဟဲဗီးဖြစ်နေမလား လို့ စဉ်းစားမိပါတယ်၊ သို့ပေမယ့် ဆရာကြီး ဦးရွှေအောင်ရဲ့ “အမြင်များ ပြောင်းလဲခြင်း” ခေါင်းစဉ်ကို ကြိုက်နှစ်သက်မိတာကြောင့် အခုလိုပေးလိုက်တာပါ၊ ကိုဝိက မသစ္စာအလင်းရဲ့မွေးနေ့မှာ လူတိုင်းအတွက်လက်ကျန်ဘ၀သက်တမ်းမှာ ဘာတွေ လုပ်သင့်သလဲ ဆိုတာကို ရှုထောင့်အမျိုးမျိုးကနေ စိတ်ကူးပုံဖော် အကြံပေးသလိုမျိုး ဘုန်းဘုန်းလဲ ကိုဝိကိုအကြောင်းပြုပြီး ပေးချင်တဲ့မက်ဆေ့လေးတွေ များလာတာကြောင့် အခုလို ချရေးလိုက်တယ်၊ ဒီနေရာမှာတော့ ကိုဝိက နားထောင်သူပေါ့၊ ကိုယ်တိုင်လဲ အသက် ၃၀ ကျော်ပဲ ရှိသေးတာမို့ ဘုန်းဘုန်းဆိုတဲ့အသုံးအနှုံးကို မသုံးချင်ပါဘူး၊ ဒါကြောင့် ပုံမှန်ရေးနေကျအတိုင်း စာရေးသူလို့ပဲ နာမ်စားအဖြစ် သုံးပါမယ်။ ဘ၀အမြင်များ ပြောင်းလဲလာတာက လူတိုင်းမှာတော့ ကိုယ်စီ ကိုယ်စီ ပြောပြစရာတွေ ရှိနေမှာပါ၊ ဒီဆောင်းပါးမှာတော့ ကိုယ်ကိုယ်တိုင်ရဲ့ အကြောင်းကိုပဲ အဓိက တင်ပြထားပါတယ်။

စာရေးသူ၏ ဘ၀အစ

စာရေးသူရဲ့ ငယ်ဘ၀က တောနယ်မှာပဲ ကြီးပြင်းခဲ့ပြီး ၅ တန်းရောက်တဲ့နှစ်မှာ ရန်ကုန်က နောင်တစ်ချိန် ရှင့်ဒါယိကာမကြီးဖြစ်လာမယ့် ဒကာမကြီး တစ်ယောက်က ရန်ကုန်မှာ ကျောင်းဆက်ထားပေးမယ်၊ ဘ၀တစ်ခုလုံးအတွက် အစစအရာရာ တာဝန်ယူတယ် ဆိုပြီး ကမ်းလှမ်းလာတယ်။ ကိုယ်တိုင်ကလဲ ရန်ကုန်မြို့ကြီးမှာ နေရမယ် ဆိုတော့ ပျော်နေတာပေါ့၊ သို့ပေမယ့် ကံကြမ္မာက ဒီဘက်ကို ပို့လိုက်တယ် ထင်ပါတယ်။ ငယ်ဆရာတော်က မင်း သဒ္ဒါတွေ သဂြိုလ်တွေ ရှင်ကျင့်ဝတ်၊ ရတနာ့ဂုဏ်ရည် တွေအထိ သင်ပေးထားတာ စာသင်ကျောင်းဆက်မလိုက်ရဘူး၊ ကိုရင်ဝတ်ပြီး စာသင်တိုက်ပို့ပေးမယ် ဆိုပြီး ဗီတိုအာဏာနဲ့ သင်္ကန်းစီးခဲ့ရတယ်။ ဒီနေရာမှာ ကိုဝိ ကြားဖူးထားတဲ့ သဒ္ဓါပဗ္ဗဇိတ- သာသနာတော်ကို ချစ်မြတ်နိုးလွန်းလို့ အသက်ပေးပြီး သာသနာ့ဘောင် ၀င်ရောက်ခဲ့တဲ့ အရှင်ရဋ္ဌပါလ တို့၊ အရှင်သုဒိန်တို့လို စိတ်ဓာတ်မျိုး ကလေးငယ်တစ်ယောက်ရဲ့ စိတ်ထဲမှာ မကိန်း အောင်းနိုင်ခဲ့သေးတာ အမှန်ပါပဲ။

နောက်တစ်မျိုးဖြစ်တဲ့ ဘယာပဗ္ဗဇိတ- လူ့ဘ၀ကြီးရဲ့ စားဝတ်နေရေး ဒုက္ခတွေကို ရင်မဆိုင်နိုင်လို့ သာသနာ့ဘောင် ၀င်ရောက်ခဲ့ရိုး မဟုတ်တာလဲ သေချာပါတယ်၊ ဒါဆို ဘယ်လိုရောက်လာသလဲ လို့မေးရင် မသိနားမလည်သေး ဘ၀အကြောင်းတွေကို မစဉ်းစားတတ်သေးဘဲ ယောင်လည်လည် ရောက်လာတယ်လို့ပဲ ပြောရမှာပေါ့၊ ဒါပေမယ့် သာသနာ့ဘောင်ရောက်လာပြီး နောက်မှာတော့ စာသင်စရာ ရှိတာတွေ သင်ယူခဲ့တယ်၊ အောင်သင့်အောင်ထိုက်တဲ့ စာမေးပွဲတွေ မဖြစ်မနေ အောင်အောင် ကြိုးစားခဲ့ပါတယ်။

သာမဏေငယ်ဘ၀မှာ အစပျိုးခဲ့မိတာကတော့ စာဖတ်ခြင်းဝါသနာပါပဲ၊ ငယ်ဘ၀မှာ ကာတွန်းစာအုပ်၊ ၀တ္ထုစာအုပ်မျိုးစုံအပါအ၀င်၊ ကြီးပွားရေးစာအုပ်များအဆုံး စာပေါင်းစုံ ဖတ်ခဲ့ဖူးတယ်၊  ဒီတော့ ပတ်ဝန်းကျင်က သူငယ်ချင်းတွေက မင်းတော့ ပျက်စီးတော့မယ်၊ ဘာညာဆိုပြီး သြဘာပေးခဲ့ကြတာ မှတ်မိနေသေး၊ ဒါပေမယ့် စာရေးသူရဲ့ ခံယူချက်က စာမျိုးစုံကို ဖတ်ရှုပြီး ကောင်းတာ လိုချင်တာကို ယူမယ်၊ မကောင်းတာကို မယူဘူး၊ သိမ်းမထားဘူး ဆိုတဲ့စိတ်နဲ့ ဆိုတော့ အဆိပ်အတောက်ဖြစ်စေတာမျိုးတော့ မရှိခဲ့ပါဘူး။ သာသနာမှာ နေဖို့အတွက် မရှိမဖြစ် လိုအပ်လာတာက သဒ္ဓါတရား အားကောင်းဖို့ ဆိုပြီး ဆရာသမားများက ဆုံးမလေ့ရှိကြတယ်။ အရာရာမှာ သဒ္ဓါတရား အခြေခံရှိထားရင် သာသနာ့ဝန်ထမ်းရှင်ရဟန်းကောင်း ဖြစ်နိုင်ပါတယ်တဲ့။

ပညာသည်သာ အားကိုးရာ

သာမဏေဘ၀မှာ သာသနာအလင်္ကာရ စာမေးပွဲအောင်ပြီးပြန်တော့ အော် သာသနာမှာ ဆက်နေမယ် ဆိုရင် ဒီဘွဲ့ရပြီးပြန်ရင်လဲ ဓမ္မာစရိယ စာချတန်းလောက်တော့ အောင်ထားမှ ဖြစ်မှာပါလေ ဆိုပြီး ဆက်ကြိုးစားဖြစ်ပြန်တယ်၊ ဒီလိုနဲ့ ဘွဲ့ဒီဂရီတွေ တစ်ခုပြီးတစ်ခု ရလာပြန်တော့လဲ နောက်ထပ်နောက်ထပ် လိုချင်တာတွေ များလာတာကို သတိပြု ဖြစ်လာပြီ၊ အော် ငါတစ်ယောက်ထဲမဟုတ်ပဲ လူတိုင်း လူတိုင်းမှာ တခုပြီးတခု လိုအပ်ချက်တွေ ရအောင် လျောက်လှမ်းရင်းနဲ့ အသက်တွေ ကြီးလာတာပါလား လို့လဲ ခံစားတတ်လာခဲ့တယ်။

လက်ရှိဘ၀မှာ ကိုယ်အစွမ်းရှိသလောက် အမြင့်ဆုံး ထိပ်ဆုံးအထိရောက်အောင် တက်လှမ်းမယ်၊ မတက်နိုင်တော့တဲ့ အခြေအနေတစ်ခုကို ရောက်မှ ဘ၀ကို အနားပေးမယ်ပေါ့၊ အဲဒီအချိန်မှာ အညွန့်တစ်လူလူနဲ့  BA. MA. နဲ့ PhD ဘွဲ့တွေဆိုတဲ့  ရည်ရွယ်ချက်တွေ ပန်းတိုင်တွေ ဆန္ဒတွေနဲ့ အနာဂါတ်ဟာ လှပနေခဲ့တယ်။ ဒါကြောင့်လဲ အခုလို မဆုံးနိုင်တဲ့ လမ်းမှာ ဆက်လျှောက်နေရဆဲ ဖြစ်နေတာပါ။

နောက်ပိုင်းမှာတော့ ဘာသာရေးစာအုပ်တွေလက်လှမ်းမှီရာ ဖတ်ဖြစ်လေ့လာဖြစ်ခဲ့တယ်၊ ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ၊ သီဟိုရ်ရာဇ၀င်၊ ဇိနတ္တပကာသနီကျမ်း၊ တောင်တန်းသာသနာပြုဆရာတော်ကြီးရဲ့ ချမ်းမြေ့စွာ ဘ၀နေနည်း၊ ချမ်းမြေ့ဆရာတော်ကြီးရဲ့ ဘာသာရေးအမေးအဖြေ များစွာပါဝင်တဲ့ တက္ကသိုလ်ဓမ္မသဘင်၊ စတဲ့စာအုပ်တွေကို ဖတ်ပြီး ပညာကို တန်ဖိုးထားတတ်လာတယ်၊ ပညာစုံလာတဲ့အလျောက် မာန်မာနလေးတွေလဲ ထောင်စပြုချင်လာတယ်။

စာဆိုတော် ရှင်မဟာရဋ္ဌသာရက “ပညာ မုန်ယို၊ အရွယ်ပျိုက၊ မဆိုစလောက်၊ မာန်စောင်မြောက်ခဲ့” ဆိုပြီး သံဝေဂ ဖြစ်စေခဲ့တယ် မဟုတ်လား၊ နောက်တဖန် “တပိုင်းကြောင် ကျက်စာရရုံနဲ့ ခက်ပါလှ သဘောဥာဏ်၊ ထက်မာန အပြောသန်တယ်၊ ဒေါသမာန် ထူပွား၊ စောဒက တုဖက်လာလျင်၊ သူ့ထက်ငါ ငြင်းတဲ့လူသား၊”  ဆိုပြီး စာပေကျမ်းဂန်ပိဋကတ်တွေ တတ်ကျွမ်းပြီး မာန်ထောင်နေတဲ့ သူတွေကို အစွယ်ချိုးထားတဲ့ လယ်တီဆရာတော်ဘုရားကြီး ရဲ့လင်္ကာကလဲ ရှိသေးတာကိုး။  ကိုယ်လဲ ပုထုဇဉ်လူသားပေမို့ ပညာမာန်တွေ၊ ယောဗ္ဗနမာန်တွေနဲ့ မသိမသာ မာန်တက်ခဲ့ပါတယ်၊

တဆက်ထဲမှာ  ပိဋကတ်ပင်လယ်ကြီးက မဆုံးနိုင်ပါလား၊ လောကကြီးအကြောင်း၊ လိုချင်မှုလောဘ တွေ တဆင့်ထက် တဆင့်များလာတဲ့အကြောင်း သိလာပြီးနောက်မှာတော့ လူ့ဘ၀မှာ လေ့လာသင်ယူစရာတွေ မကုန်ခင်မှာပဲ လူတိုင်းဟာ သင်ယူရင်း လေ့လာရင်း လေ့လာရင်း သင်ယူရင်းနဲ့ ဘ၀တစ်ခုကို နိဂုံးချုပ်ပြီး လက်မြှောက်ခဲ့ရတယ်လို့ တွေးတတ်လာတယ်၊

အဲဒီမှာ ထူးထူးခြားခြားအဖြစ် စဉ်းစားဖြစ်တာလေးကတော့ သာသနာ့ဘောင်မှာလဲ မနေချင်ဘူး၊ လူ့ဘ၀လဲ မသွားချင်ဘူး၊ ဒီဘ၀နှစ်ခုခြားက လွတ်တဲ့ဘ၀တခုရှိရင် ကောင်းမှာပဲလို့ ရူးမိုက်စွာ စဉ်းစားခဲ့ဖူးတယ်၊ ဒါပေမယ့် လူသားတစ်ယောက်ဖြစ်နေမှတော့ လူ့လောကထဲမှာ ကျင်လည်ရမှာ သဘာဝပဲ မဟုတ်လား..။

ရဟန်းဘ၀ဟူသည် ဓားသွားပေါ်က ပျားရည်စက်ပမာ

အဖဘုရားရှင်ကတော့ သုတ္တနိပါတ်မှာ သိခီ ယထာ နီလဂီဝေါ ၀ိဟင်္ဂမော၊ ဟံသဿ နောပေတိ ယဒါ ကုဒါစနံ - တဲ့၊ ဥဒေါင်းငှက်တွေဟာ အဆင်းသဏ္ဍာန်က ဘယ်လောက်လှနေပါစေ- ဟင်္သာငှက်တွေကို  အမြန်နှုံးမမှီနိုင်ပါဘူး၊ အဲဒီလိုပဲ လူ့ဘ၀ဟာ ရဟန်းဘ၀နဲ့ နှိုင်းယှဉ်ရင် သံသရာထွက်မြောက်ရာလမ်းမှာ ဘယ်လိုမှ ယှဉ်လို့ မရနိုင်ပါဘူး တဲ့၊  သို့ပေမယ့် ချွင်းချက်တော့ ရှိသေးတယ်၊ ရဟန်းဘ၀ဆိုတာ ကြိုးတန်းပေါ် လမ်းလျောက်ရသလို သီလ သမာဓိ ပညာ သိက္ခာသုံးပါးကို လုံခြုံအောင် စောင့်ထိန်းနိုင်ပါမှ တစ်ဖက်ကမ်းကို မြန်မြန်ရောက်နိုင်မှာပါ၊ ပကတိ လူသားတွေထက် သာလွန်မြင့်မြတ်တာပါ၊ ဒါကြောင့်လဲ အခုခေတ် ရိပ်သာများမှာ ဒုလ္လဘရဟန်းခံပြီး ၀ိပဿနာ တရားအားထုတ်ကြတယ် မဟုတ်လား၊

အကယ်၍သာ ကြိုးတန်းပေါ် ကောင်းကောင်း မလျောက်နိုင်ဘူး ဆိုလျင်တော့ ချောက်နက်နက်ကြီးထဲ ကျပြီး ပြန်တက်ဖို့ သိပ်စဉ်းစားစရာ မရှိတော့ဘူး၊ ဆိုလိုတာက လျောက်နိုင်ရင် ကောင်းကောင်း လျောက်ပါ၊ နိဗ္ဗာန်နဲ့ နီးမယ်၊ မလျောက်နိုင်ရင် ပန်းတိုင် ပိုဝေးမယ် လို့ မြတ်စွာဘုရားက အတန်တန် သတိပေး ဆုံးမတော်မူခဲ့တယ်။ကောင်းကောင်းမနေနိုင်ရင် အ၀တ်သင်္ကန်းပတ်ထားတာပဲ (အသွင်ပဲ) ထူးခြားမယ်၊ အကျင့်တော့ ထူးခြားမလာဘူး လို့ ဆိုလိုပါတယ်၊ လူတွေအတွက်လဲ ကောင်းကောင်း လျောက်သူအတွက် လမ်းဆုံးပန်းတိုင် နီးနိုင်သလို ဖြစ်သလိုနေသူများကတော့ ဝေးပြီးရင်း ဝေးနေဆဲပေါ့။

နက်နဲခြင်း ဓမ္မခရီးဆီသို့

အသက် ၂၅ ၀န်းကျင်က ပေါ့၊ ဘုန်းကြီးဘ၀မှာ နေမယ်ဆိုရင် နေ့စဉ် စာဝါချစရာရှိတာ စာဝါချပေးပြီး ဘုရားရှိခိုး၊ ဂုဏ်တော်ပွား၊ ပုတီးစိပ်၊ ပဋ္ဌာန်းရွတ်ကာ နေမယ်ပေါ့၊  ဒီလောက်ဆိုရင် ဘ၀မှာ ပြည့်စုံလုံလောက်ပြီ၊ သံသရာအတွက် သိပ်ပြီး မပူပန်ရတော့ဘူး လို့ တွေးခဲ့ဖူးတယ်၊ အဲဒီအချိန်အထိ အဲဒီအသိလောက်ပဲ ရှိခဲ့တာကိုး၊ နောက်ပိုင်းမှာ ကိုယ်နဲ့ ရင်းနှီးတဲ့ ဒကာ ဒကာမတွေက ၀ိပဿနာ တရားတွေ အားထုတ်ပြီး သူတို့ မသိတဲ့ မရှင်းလင်းတဲ့ အကြောင်းအရာတွေကို အားကိုးတကြီးနဲ့ မေးတာခံရတယ်၊ အမှန်အတိုင်း ၀န်ခံရရင် ကိုယ်တိုင် ဘာမှ မဖြေနိုင်ခဲ့ဘူး၊ ဘုရားစာပေတွေ ပိဋကတ် တော်တွေ သင်ထားပေမယ့် စာသိ သညာသိနဲ့ ကျေနပ်ခဲ့တာကို ကိုယ့်ဘာသာ ရှက်စိတ်ဝင်လာတယ်၊ မဖြစ်ချေဘူး ဆိုပြီး ဓမ္မခရီးကို ကိုယ်တိုင်လျောက်လှမ်းဖြစ်တော့မှ အော် ငါသိထားတာတွေဟာ အပေါ်ယံသက်သက်ဖြစ်ပြီး ဘာမှ မဟုတ်သေးပါလား ဆိုတာ သတိထားမိလာပြန်တယ်။ အထူးသဖြင့် စိတ်ရဲ့ သိမ်မွေ့နူးညံ့လာပုံ၊ လောကဓံကို ခံနိုင်ရည် ရှိလာပုံတွေ လက်တွေ့ခံစားရချိန်မှာတော့ မြတ်စွာဗုဒ္ဓရဲ့ တရားတော်အပေါ်မှာ အကြွင်းမဲ့ ယုံကြည်တတ်လာတယ်။

ဒီနေရာမှာအသိပညာများပြားလာတဲ့လူတစ်ယောက်ဟာသာမာန်ကိစ္စတွေအစ ဘယ်အရာမှာပဲဖြစ်ဖြစ် ကိုယ်တွေ့ လက်တွေ့မကြုံဖူးရင် မယုံနိုင်ပဲ လက်မခံတတ်ကြတာပါပဲ၊ ဓမ္မခရီးကို တစတစ တိုးဝင် မိချိန်မှာတော့ ဘ၀ကိုနေပျော်တတ်လာတယ်၊ သန္ဒိဋ္ဌိကဂုဏ်တော်၊ အကာလိကဂုဏ်တော်၊ ပစ္စတ္တံ ဝေဒိတဗ္ဗဂုဏ်တော်တွေကို ရာခိုင်နှုန်းပြည့် ကြည်ညိုတတ်လာတယ်။

ဓမ္မခရီးမှာ တစတစလျောက်လှမ်းရင်း မမြဲတဲ့အပျက်တရားတွေမြင်တတ်လာပြီး မိမိအပါအ၀င် လောကကြီးကို ကြောက်တတ်၊ အပြစ်မြင်တတ်လာတယ်၊ ဒီဘ၀ကြီးကို ဆက်လျောက်ရမှာ ငြီးငွေ့ လာတော့တယ်၊ ဒီဘ၀ကနေ ထွက်ပြေးလွတ်မြောက်လိုစိတ်တွေ မကြာခဏဖြစ်တတ်ပြီး တစ်ချို့ကိစ္စတွေမှာ ဥပေက္ခာတရားကို လက်ကိုင်ထားတတ်လာပြန်ရော.. ဒါကပဲ ဘ၀ထွက်မြောက်ရေး လမ်းစဉ်တွေဖြစ်တဲ့ ဘင်္ဂဉာာဏ်၊ ဘယဉာဏ်၊ အာဒီန၀ဉာဏ်၊ နိဗ္ဗိဒါဉာဏ်၊ မုဉ္စိတုကမျတာဉာဏ်၊ ပဋိသင်္ခါ၊ သင်္ခါရုပေက္ခာဉာဏ်စတာတွေပဲ မဟုတ်လား.. ဒါဟာ ဘ၀ရဲ့ နက်နဲခြင်း သင်္ကေတတစ်ခုပဲလို့ နားလည်လိုက်မိတယ်၊

နောက်ဆုံးမှာ ထူးခြားမှုလေး ရှိသေးတယ်။ ယာ သိခါပတ္တာ၊ သာ သာနုလောမာ သင်္ခါရုပေက္ခာ၊ ၀ုဋ္ဌါနဂါမိနီ ၀ိပဿနာ တိ စ ပ၀ုစ္စတိ- ဆိုတဲ့စာသားလေးကို ၁၅ နှစ်သား ကိုရင်ဘ၀ကတည်းက အဘိဓမ္မာ သဂြိုလ်မှာ ကျက်ခဲ့ဖူးပေမယ့် ဘာမှန်း မသိခဲ့ နားမလည်ခဲ့ဘူး၊ အခုနောက်ပိုင်းကျမှ ဥပေက္ခာဥာဏ်ရဲ့နောက်ပိုင်း အသိမ်မွေ့ဆုံးဖြစ်တဲ့ အနုလောမပိုင်းမှာ ဖြစ်တဲ့ ဥာဏ်ကို ၀ုဋ္ဌာနဂါမိနီ ၀ိပဿနာဥာဏ်ဟု ခေါ်ဆိုကြောင်း သိရပြန်တော့ စိတ်ထဲမှာ တော်တော်လေး ကြည်နူးသွားမိတယ်၊ လက်တွေ့နဲ့ စာတွေ့ ဟာ တစ်ထပ်ထည်းပဲ ဆိုတာ သိစေချင်ရုံသက်သက်ပါ။ 

ဒီနေရာမှာ ၀ိသုဒ္ဓိမဂ်မှာလာတဲ့ ဘင်္ဂဥာဏ်ရဲ့ အကျိုးတရား (၈) ပါးထဲက လက်တွေ့ဘ၀နဲ့ ကိုက်ညီတာလေးတွေကို ပြောပြချင်သေးတယ်။
ဇီဝိတနိကန္တိ ပရိစ္စာဂေါ- ကိုယ့်အသက်ကို တွယ်တာမှု ကင်းလာတတ်တယ်၊
ဝိသုဒ္ဓါ ဇီဝိတတာ- အသက်မွေးမှုကို စင်ကြယ်အောင် ထိန်းသိမ်းချင်လာတယ်၊
ဥဿုက္ကပဟာနံ-ကိစ္စကြီးငယ် အများစုမှာ ကြောင့်ကြပူပင်မှု ဗျာပါရတွေ နည်းနည်းချင်း ကင်းလာတယ်၊
ဝိဂတဘယတာ-ကိုယ့်ကိုယ်ကိုချစ်တဲ့စိတ်နည်းလာလို့ ကြောက်တတ်တဲ့စိတ်လည်း နည်းလာတတ်တယ်၊
ခန္တီသောရစ္စ ပဋိလာဘော- အရာရာမှာ သည်းခံနိုင်စွမ်းအား ကောင်းလာပြီး ကောင်းမှုမှန်သမျှကို လုပ်ချင်လာတတ်တယ်၊
အရတိ ရတိသဟနတာ- သစ်ပင်ဝါးပင်အောက်မှာဖြစ်စေ၊ တိုးတက် ခေတ်မှီနေတဲ့ အဆောက်အဦးပေါ်မှာဖြစ်စေ ဘ၀ကို အေးချမ်းစွာ ဖြတ်သန်းတတ်လာတယ်..
ဒါတွေ ဟာလဲ နက်နဲခြင်းကို ရှာဖွေရင်းက တွေ့ရှိခံစားလာရတဲ့ သန္တိရသတွေပဲပေါ့။

စာလဲ တော်တော်ရှည်သွားပါပြီ၊ ဒီဆောင်းပါးကို အနှစ်ချုပ်လိုက်ရင် လမ်းဆုံးပန်းတိုင်ကို ရောက်ဖို့အတွက် ဖြတ်သန်းနေရတဲ့ လူ့ဘ၀လေးမှာ အမြင်များ အတွေးများဟာ အသက်အရွယ်အလိုက်၊ လောကဓံအလိုက် တဆင့်ချင်း တဆင့်ချင်း တိုးတက် ပြောင်းလဲနေတယ် ဆိုတာကို သတိပြုမိစေဖို့ ရည်ရွယ်ပါတယ်၊ တခြားမရိုးသားသော ရည်ရွယ်ချက်များ၊ ကိုယ်ရည်သွေးခြင်းများလို့ မထင်မှတ်စေချင်ပါ။ ဗုဒ္ဓဘာသာတို့အတွက် တစ်ကြောင်းတည်းသော လမ်းဟာ ဖြောင့်ဖြူးစွာရှိပြီးသားပါ၊ တိုးတက်ပြောင်းလဲနေတဲ့ ဘ၀အမြင်များကို သတိထားကြည့်ပြီး သံသယကင်းကင်း ရဲရဲဝံ့ဝံ့သာ လမ်းမှန်ကို ရှာဖွေလျှောက်လှမ်းဖို့ လိုပါတယ်။

ဘ၀အောင်မြင်ရေးထက် ဘ၀ကိုတန်ဖိုးရှိစွာ ဖြတ်သန်းရေးက အရေးကြီးတယ် ဆိုပေမယ့် အောင်မြင်မှုရော တန်ဖိုးရှိတာရော နှစ်ခုစလုံး စုံလင်အောင် စွမ်းနိုင်ရင်တော့ ကော ပန ၀ါဒေါ-ဘာပြောစရာ လိုတော့မလဲ၊ အတိုင်းထက်အလွန်ပေါ့၊ ဘ၀ကို အောင်မြင်အောင် ကြိုးစားပြီး တန်ဖိုးရှိစွာ ဖြတ်သန်း နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..

ကိုဝိ tag လိုက်တဲ့ ဆရာတော် ဦးဇောတိကရဲ့ စာသားလေးတွေနဲ့ ဒီဆောင်းပါးနဲ့ ကိုက်ညီနေတာမို့  တချိန်ထဲ ခံစားလို့ရအောင် ထည့်ပေးလိုက်ပါတယ်…

One day is exactly the same for me as any other day.
I’m neither happy nor unhappy about the coming new year.
So instead of saying ‘Happy New Year’ to you,
I would rather say ‘Happy every day’, if such a thing could be.
It is the same for me with my birthday;
I don’t know why I should feel happier on my birthday.
But I don’t mind people saying ‘Happy Birthday to you’.

(Sayadaw U Jotika)

မေတ္တာဖြင့်
Date.31.Jul.2012

No comments:

Post a Comment