Tuesday, July 24, 2012

ပေါ်ရာ ရှုတာ ၀ိပဿနာ


ချမ်းမြေ့ဆရာတော်ဘုရားကြီး


ဒါဖြင့် တို့ပရိတ်သတ်… ဟောဒီနှာသီးဝက အမြဲတမ်း ရှူရှိုက်နေတဲ့ လေကလေး မရှိဘူးလား။ အဿာသ၊ ပဿာသ ၀ါယောဓါတ်လို့ခေါ်တာ။ ၀င်တဲ့လေကျတော့ ၀င်သက်၊ ထွက်သွားတဲ့လေကျတော့ ထွက်သက်။ ၀င်သက်၊ ထွက်သက် ၀ါယောဓါတ် ခြောက်ပါး၊ အဿာသ၊ ပဿာသ ၀ါယောဓါတ်။ အဲဒီတော့ ဒီအသက်လို့ခေါ်တဲ့ လေကလေးဟာ ကြည့်လိုက်။ ဗုဒ္ဓရှင်တော်ဘုရားက တကွေးတဆန့်အတွင်းမှာ ပျက်စီးပြီးတော့သွားနိုင်တယ်။ တို့ပရိတ်သတ် နားလည်အောင်ပြောမယ်ဆိုရင် သေနိုင်တယ်။ ကွေးသောလက် မဆန့်ခင်၊ ဆန့်သောလက် မကွေးခင် အဲဒီလောက်မြန်နေတာ။ ဒီထက်နားလည်အောင်ပြောမယ်ဆိုရင် ၀င်သွားတဲ့လေကလေးက ပြန်မထွက်ရင် သေတာပဲ .... ဟုတ်ရဲ့လား။ ထွက်သွားတဲ့လေကလေးက ပြန်ပြီးတော့မ၀င်ရင် သေတာပဲ။ သေတာများ အကြာကြီးထင်မနေနဲ့ .... ဟုတ်လား။ ဒါဖြင့် ဒို့က ဒီအသက်လေးကို အနှစ်သာရထင်ပြီးတော့ တယုတယ မွေးမြူပြီးတော့နေတဲ့အသက်။ အဲဒီလောက်ထိအောင် မြန်ဆန်ပြီး ပျက်ဆီးလွယ်ပြီးတော့ နေသည့် အတွက်ကြောင့် ဒီအသက်သည် “အကာခေါ်မလား၊ အနှစ်ခေါ်မလား”  ....အကာ၊ သေချာပြီလား။ အဲဒီဝင်လေ၊ ထွက်လေ၊ ၀င်သက်၊ထွက်သက်ဆိုတဲ့ အကာအသက်ထဲကနေပြီးတော့ အနှစ်တရားကို ထုတ်ယူပါဆိုတော့ဝိပဿနာတရားကို ထုတ်ယူရမယ်။  ဘာကိုထုတ်ယူရမယ်... ၀ိပဿနာ

ဝိပဿနာဆိုတာကတော့ ပေါ်ရာပေါ်ရာ ရှုတာကို ...ဘာပါလိမ့် ... ၀ိပဿနာ။ ၀ိပဿနာဆိုတာ တစ်ခုထဲစွဲ ရှုတာမဟုတ်ဘူး၊ ပေါ်ရာ ရှုတာ။ သမထကျတော့ တစ်ခုတည်းစွဲပြီးတော့ ရှုတာ။ ကိုယ်ရှုတဲ့အာရုံ တစ်ခုတည်းကို စူးစိုက်ပြီးတော့ ဘယ်နေရာ ဘာဖြစ်လို့မှ ဂရုမစိုက်ဘူး။ သူကတစ်ခုတည်းစွဲပြီးတော့ ရှုတယ်။ ၀ိပဿနာကျတော့ ပေါ်ရာ၊ ပေါ်ရာတွေလိုက်ပြီးတော့ ဘာလုပ်ပါလိမ့် ရှုမှတ်တာနော်။ ဆို.....
“ပေါ်ရာ၊ ပေါ်ရာ ရှုမှတ်တာ၊ ခေါ်ပါ ၀ိပဿနာ”

အေး.... ၀ိပဿနာကျတော့ ဘာတုန်း။ မိမိရဲ့ ခန္ဓာကိုယ်ကြီးမှာ ဉာဏ်နဲ့ကြည့်ပြီးတော့ ပေါ်ရာ ရှုတယ်။ ဘယ်ကိုရှုရမှာတုန်း ပေါ်ရာရှုရမှာနော်။ ဒါဖြင့်ပေါ်နိုင်တဲ့ ဌာနတွေကြည့်လိုက် ဒို့ခန္ဓာကိုယ်ကြီးမှာ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်။ ဘယ်နှစ်ခု၊ ဒွါရခြောက်ပါးလို့လည်း ခေါ်တယ် ဟုတ်ရဲ့ လား။ မျက်စိရော မပေါ်နိုင်ဘူးလား၊ နားကရော၊ နှာခေါင်းရော၊ လျှာကကော၊ ခန္ဓာကိုယ်ရော၊ စိတ်ရော မပေါ်နိုင်ဘူးလား။ အေး....ပေါ်ရာရှု။ မပေါ်ရင် မရှုနဲ့၊ ဒါပြောနေတာ။ မျက်စိကပေါ်ရင် မျက်စိရှု၊ နားကပေါ်ရင် နားရှု၊ နှာခေါင်းကပေါ်ရင် နှာခေါင်းရှု၊ လျှာကပေါ်ရင် လျှာရှု။ ဘာလုပ်ရမလဲ ပေါ်ရာကိုရှုရမယ်။

Typed By: M.N.Pyone

No comments:

Post a Comment