Saturday, July 14, 2012

လက်တွေ့ဘ၀ကို ပဋ္ဌာန်းနည်းဖြင့် လေ့လာသုံးသပ်ခြင်း (၃)



အသင်္ခတ ကျတော့ ဆန့်ကျင်ဘက်ပဲ။ အကြောင်းတရားတွေက စုပြီးတော့ လုပ်ထားတဲ့ဟာ မဟုတ်ဘူးတဲ့။ အဲဒီ အသင်္ခတ ကျတော့ ဘာအကြောင်းကမှ လုပ်ထားတာမဟုတ်တဲ့အရာ နိဗ္ဗာန်ဆိုတာရှိတယ်။ ကျန်တဲ့နေရာတွေ မှန်သမျှ အကြောင်းတရားတွေ စုပြီးတော့ ထုတ်လုပ်ထားတာတွေ ချည်းပဲ။ အကြောင်းကင်းပြီး ဘယ်အရာမှ မဖြစ်ဘူး။ ဟော - နိဗ္ဗာန်ဆိုတဲ့ အငြိမ်းဓါတ်ကျတော့ လုပ်ထားတာမရှိဘူးတဲ့။ ဘာလို့တုန်းဆိုတော့အကြောင်းတရားတွေ အားလုံးငြိမ်းနေတယ်။ အကြောင်းတရားတွေ ငြိမ်းနေလို့ အကျိုးတရား ဆိုတာလည်း မရှိတော့ဘူး။ အငြိမ်းဓါတ် သက်သက်ကိုပြောတာ။ အဲဒါကျတော့ အင်္သခတဆိုတာ နိဗ္ဗာန်။ နောက်တစ်ခု ပညတ္တိ ဆိုတာကတော့ သင်္ခတ၊ အသင်္ခတနှစ်ခုကို အစွဲပြုပြီးတော့ လူတွေကနေ အမည်အမျိုးမျိုးပေးထားတာ။ Concept လူတွေရဲ့  အယူအဆ တစ်ရပ်၊ နာမည်အမျိုးမျိုးပေးထားတာ။ အတွင်းအနှစ်မဟုတ်ဘူး။

အဲဒီတော့ ပစ္စယပိုင်းမှာ ကြည့်လိုက်မယ်ဆိုရင် အကြောင်းဆိုတဲ့ထဲမှာ သင်္ခတဆိုတဲ့ အကြောင်းရှိတယ်၊ အသင်္ခတဆိုတဲ့ အကြောင်းရှိတယ်။ ပညတ္တိ ဆိုတဲ့ အကြောင်းရှိတယ်။ အကြောင်းသုံးမျိုးတဲ့ ပဋ္ဌာန်းမှာ။ ဟေတုပစ္စယော၊ အာရမ္မဏပစ္စယော၊ အဓိပတိပစ္စယော ဆိုတဲ့ ဒီပစ္စယတွေအကုန်လုံး ပြောသွားတဲ့အထဲမှာ ဟောဒီ လိုရင်းအချု့ပ်ကတော့ ဒီသုံးခုပဲ။ ဒီသုံးခုထဲကနေပဲ ပြောနေတာ။ ကဲ ပစ္စယုပ္ပန္နပိုင်း အကြောင်းကြောင့် ဖြစ်လာတဲ့ အကျိုးတရားပိုင်းကို ကြည့်မယ်ဆိုရင် သင်္ခတ တစ်မျိုးပဲ ရှိတယ်။သင်္ခတဆိုတာ အကြောင်း တရားတွေက စုပြီးထုတ်လုပ်ထားတဲ့ အကျိုးတရားဆိုတာ စိတ်ရယ်၊ စေတသိက်ရယ်၊ ရုပ်ရယ် ဒါကိုပြောတာနော်။ အဲဒီတော့ ဘုန်းကြီးတို့တတွေမှာ ရှိနေတာဟာ စိတ်ရယ်၊ စေတသိက်ရယ်၊ ရုပ်ရယ် ဒါပဲရှိတာ။ အကျဉ်းအားဖြင့်  ပြောမယ်ဆိုရင် နာမ်နဲ့ရုပ် ဒီနှစ်ခုရှိတယ်။ Body and Mind ဒီနှစ်ခုပဲရှိတာ။ အဲဒီနှစ်ခုသည် အကြောင်းတရားဘက်မှာလည်း ပါတယ်။ အကျိုးတရားဘက်မှာလည်း ပါတယ်။ နိဗ္ဗာန်က အကြောင်းတရားဘက် သက်သက်မှာသာ ပါတယ်။ အကျိုးတရားဘက်မှာ မပါဘူးဆိုတာကို သတိထားဖို့ပေါ့နော်။ ဒါက ပဋ္ဌာန်းကျမ်းကြီး တစ်ခုလုံးကို ခြုံငုံပြီးတော့ ကြည့်လိုက်မယ်ဆိုရင် သဘာဝအားဖြင့် ဒီမြင်ကွင်းကို မြင်ရမှာ ဖြစ်ပါတယ်။

အဲဒီတော့ အကြောင်းပြုတယ်ဆိုတာတွေဟာ စုပေါင်းလုပ်ဆောင်ထားတဲ့ အရာတစ်ခုက ထပ်မံပြီးတော့ အကြောင်းပြုတယ်။ အဲဒီလို လုပ်ဆောင်ထားတဲ့ အရာမဟုတ်တာကလည်းပဲ အကြောင်းပြုတယ်။ လူတွေယူဆ ထားတဲ့ General Consensus လို့ခေါ်တဲ့ Concept ကလည်းပဲ အကြောင်းပြုတယ်။ အကျိုးဆိုတာကျတော့ ခုနက အကြောင်းတွေက စုပြီး ထုတ်လုပ်ထားတဲ့ အရာတစ်မျိုးသာ ဖြစ်တယ်။ ပစ္စည်း၊ ပစ္စယုပ္ပန် ဒီနှစ်ခုကို အကျဉ်းအားဖြင့် ဒီလိုမှတ်ထားပေတော့။


ကဲ...ပဋ္ဌာန်း ၂၄ ပစ္စည်းကို ချုံးပြီးတော့ ပြောမယ်ဆိုရင် အတ္ထိနဲ့နတ္ထိ ဒီနှစ်ခုလာမယ်။ အတ္ထိ - အားလုံးသိကြ တဲ့အတိုင်း ၂၄ ပစ္စည်းထဲမှာ အတ္ထိပစ္စယော၊ နတ္ထိပစ္စယော လို့လာလိမ့်မယ်။ အတ္ထိဆိုတာ ရှိနေတဲ့အချိန်ပိုင်းမှာ အကျိုးတရားကို ထုတ်လုပ်တာ၊ အကျိုးတရားကို Maintain လုပ်တာ အတ္ထိ။ နတ္ထိဆိုတာ မရှိတော့တဲ့နောက် ပျောက်ကွယ်သွားတော့မှ အကျိုးတရားကို Maintain လုပ်တာ။ အဲဒီတော့ အတ္ထိပိုင်းနဲ့ နတ္ထိပိုင်းလို့ နှစ်ခုခွဲ လိုက်မယ်။ ပဋ္ဌာန်း၂၄ပစ္စည်းမှာ။ ရှိနေတုန်း အကျိုးပြုတာက တစ်ပိုင်း၊ မရှိတော့မှ အကျိုးပြုတာ တစ်ပိုင်း။အဲဒီတော့ ရှိနေတုန်း အကျိုးပြုတယ်ဆိုတာကို စဉ်းစားကြည့်လိုက်မယ်ဆိုရင် ရှိနေတုန်း ကျေးဇူးပြုတယ်ဆိုတဲ့ဟာမှာ ပုရေဇာတ Born Earlier ကြိုတင်ပြီးတော့ ဖြစ်ပြီးရှိနေတုန်း ကျေးဇူးပြုတာက တစ်ခု။ သဟဇာတ Born Together အတူတူဖြစ်လာပြီး ကျေးဇူးပြုတာက တစ်ခု။ ပစ္ဆာဇာတ Born Later နောက်မှမွေးလာပြီး ကျေးဇူးပြုတာက တစ်ခု။ သုံးခုရှိတယ်အကြမ်းဖျင်းခွဲပြရမယ်ဆိုရင်။ ရှိတုန်း ကျေးဇူးပြုတာတွေ အကြောင်းတရားတွေဟာ တချို့ အကြောင်းတရားက အကျိုးတရားမပေါ်ခင် ကြိုတင် မွေးဖွားထားတာ၊ ကြိုတင်ပေါ်လာတယ်။ တချို့  တရားက သူမွေးမွေးချင်း အကျိုးတရားပါ တခါတည်းပါလာတယ် သဟဇာတ။ တချို့ ကျတော့ မမွေးခင်က အကျိုးတရားကရှိနှင့်နေတယ်။ နောက်မှ အကြောင်းတရားက ပေါ်လာပြီးတော့ ထောက်ပံ့တယ် ပစ္ဆာဇာတ။ အပိုင်း၃ပိုင်းရှိတယ် အတ္ထိမှာ။ အဲဒီတော့ အတ္ထိရဲ့  သဘောက ရှိနေခိုက်မှာ ကျေးဇူးပြုတယ်၊ မရှိတော့ရင် ကျေးဇူးမပြုဘူး။ ဥပမာမယ် -  ညောင်ရေအိုးထဲမှာ ထည့်ထားတဲ့ရေကလေးက ထိုညောင်ရေအိုးထဲမှာ စိုက်ထားတဲ့ ပန်းကလေး ညှိုးမသွားအောင် သူရှိနေတဲ့အခိုက်မှာ သူကျေးဇူးပြုတယ်။ အဲဒီရေမရှိတော့ရင် ကျေးဇူးမပြုနိုင်ဘူး။ ရှိနေခိုက်မှာ ကျေးဇူးပြုတာ။ အဲဒါမျိုးကို အတ္ထိလို့ခေါ်တယ်။ အတ္ထိပစ္စယောဆိုတာ ရှိနေတဲ့အခိုက်ကျေးဇူးပြုတာ။ မရှိတော့ရင် ကျေးဇူးမပြုဘူးဆိုတဲ့ အဓိပ္ပာယ်ရတယ်။ အကျိုးတရားလည်း ရှိနေရမယ်၊ အကြောင်းတရားလည်း ရှိနေရမယ်၊ ရှိနေတဲ့အခိုက်ကလေးမှာ ကျေးဇူးပြုတယ်။

သဟဇာတဆိုတာကျတော့ အကျိုးတရားနဲ့ အကြောင်းတရား ပြိုင်တူပေါ်လာပြီးတော့ အပြန်အလှန် ကျေးဇူးပြုတယ်။ ဒါရော ဖြစ်နိုင်သလားဆိုတော့ ဖြစ်နိုင်တယ်။ Born Together တွေက နေမင်းကြီးထွက်လာရင် တခါတည်း အမှောင်လည်းပျောက်သွားတယ်၊ အလင်းလည်း ရောက်လာတယ်။ တပြိုက်နက်ပဲလေ။ အမှောင်ပျောက်တာရယ်၊ အလင်းရောက်တာရယ် တပြိုက်နက်ပဲ။ Simultaneously တပြိုင်နက် ဖြစ်လာတယ်။ အလင်းက အရင်ပေါ်လာပြီး အမှောင်ကနောက်မှ ပျောက်တာ မဟုတ်ဘူး။ အမှောင်ပေါ်တာနဲ့ တပြိုင်နက် အလင်းလည်း ပျောက်သွားတယ်။ Born Together ။ နေမင်းကြီးထွက်လိုက်တာနဲ့ အလင်းက တခါတည်း ပါလာတယ်။ Born Together  - သဟဇာတ။ အဲဒီလို အကြောင်းတရားရော၊ အကျိုးတရားရော နှစ်ခုစလုံးဟာ တပြိုက်နက်ပေါ်လာပြီးတဲ့အခါ အပြန်အလှန် ထောက်ပံ့နေတာကို သဟဇာတပစ္စည်းလို့ ခေါ်တယ်။

ပစ္ဆာဇာတပစ္စည်း ကျတော့ အဓိပ္ပာယ်တစ်မျိုး။ အကျိုးတရားတွေက သူ့ဘာသူ ဆိုင်ရာ အကြောင်းကြောင့် ဖြစ်နှင့်နေတယ်။ အဲဒီ ဖြစ်နှင့်နေတဲ့ အကျိုးတရားကို နောက်မှဖြစ်ပေါ်လာပြီးတော့ ထောက်ပံ့တယ်။ သူ့ကျတော့ ဖြစ်စေတာ မဟုတ်ဘူး၊ ထောက်ပံ့တာ။ Sustain လုပ်တာ။ နောက်မှ ပေါ်လာပြီးတော့ ထောက်ပံ့ တာ။ ဒါတွေက ဖြစ်တာပေါ့။ နောက်မှရောက်လာပြီးတော့ ထောက်ပံ့နိုင်တာတွေလည်း အများကြီးရှိတာပေါ့။ အရင်မွေးထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို နောက်မှမွေးလာတဲ့ ပုဂ္ဂိုလ်က အထောက်အပံ့ပေးတာတို့။ စာပေထဲမှာတော့ ဘာနှင့်ဥပမာပေးထားတုန်းဆိုတော့ ဠင်းတငယ်လေးတွေရဲ့  ခန္ဓာကိုယ်ကိုတဲ့… အစာစားလိုတဲ့ အာသာကနေပြီးတော့ သူတို့ရဲ့  ခန္ဓာကိုယ်ကို ထောက်ပံ့ပေးထားတယ်လို့ အဋ္ဌကထာက ဒီဥပမာပေးထားတယ်။

အဲဒီဥပမာကို အဓိပ္ပါယ်ဖော်တဲ့အခါမှာ ဘယ်လိုအဓိပ္ပါယ်ဖော်ကြတုန်းဆိုရင် ဠင်းတလေးတွေဟာတဲ့… မိဘတွေကနေပြီးတော့ အစာမကျွေးဘူး။ စားရနိုး၊ စားရနိုးနှင့် မျှော်လင့်ချက်ပဲရှိတယ်။ မိဘဖြစ်တဲ့ ဠင်းတ အမေ၊ အဖေတို့ကနေ အစာကိုယူပြီးတော့ မကျွေးသည့်အတွက်ကြောင့်  သူတို့ဟာ စားရနိုးဆိုတဲ့မျှော်လင့်ချက်လေးနှင့်ပဲ အသက်ရှင်၊ ကိုယ်တိုင် အတောင်အလက်စုံတဲ့အခါမှာ ရှာပြီးစားတယ်လို့ ဒီလိုအဓိပ္ပါယ်ဖော်တယ်။ အမှန်တော့ အဲဒီအဓိပ္ပါယ်မဟုတ်လောက်ဘူးနော်။

ဘာဖြစ်လို့တုန်းဆိုတော့ ဠင်းတက အစာမကျွေးဘူးဆိုတာလည်း မဟုတ်ဘူး။ လူတွေက ဠင်းတကြီးတွေ အစာချီသွားတာကို မတွေ့လို့ ဠင်းတငယ်လေးတွေကို အစာမကျွေးဘူးဆိုတဲ့ အယူအဆတစ်ရပ်ပေါ်လာတာ။ အမှန်ကတော့ ဠင်းတကြီးတွေဆိုတာ ဠင်းတတွေက အခုခေတ်တော့ တော်တော်ရှားသွားလို့ မမြင်ဖူးတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိကောင်းရှိမယ်။ ပုပ်စပ်နေတဲ့အသားမှ သူတို့က စားလေ့ရှိတာကို။ ခွေးသေကောင်နှင့်ဠင်းတဆိုပြီးတော့ ပြောကြတာ။ အဲဒီတော့ ဠင်းတတွေက ပုပ်နေတဲ့အသားတွေကို စားပြီး သူတို့စားတဲ့အခါမှာ သူတို့လည်ပင်းကြီးတွေက အရှည်ကြီးတွေ။ အဲဒီလည်းပင်းထဲမှာ သူတို့က သိမ်းတဲ့အိတ်ကလေးပါတယ်။ ဠင်းတရဲ့  လည်ပင်းထဲမှာ သိမ်းထားတဲ့အိတ်ရှိတယ်။ သူတို့စားတာလည်း စားတယ်။ အပိုကို သူတို့ အဲဒီလည်ချောင်းထဲမှာ ထည့်သွားတယ်။

အသိုက်ပြန်ရောက်တဲ့အခါကျတော့ ပါးစပ်ကလေးဟပေးတော့ ဟိုကောင်ကလေးတွေက လည်ချောင်းထဲက အစာတွေကို အဲဒီမှာနှိုက်စားကြတာ။ လူတွေအနေနှင့် ကြည့်မယ်ဆိုရင် ဠင်းတကြီးတွေ အစာချီသွားတာမရှိဘူး။ သူတို့ပဲ စားသွားကြတယ်လို့ ဒီလိုထင်ကြတာကို။ ထင်တော့ ဠင်းတတွေက အစာမကျွေးဘူးလို့ ဒီလိုထင်တာ။ မဟုတ်ဘူး။ ကျွေးတယ်။ လည်ပင်းထဲကနေ ပါးစပ်ဟပေးတဲ့အခါမှာ လင်းတလေးတွေက နှိုက်စားကြရတာ။ ဘယ်မိခင်ဖြစ်ဖြစ် အစာတော့ ကျွေးတာချည်းပဲ။ အစာအငတ်ထားထားရင် သေသွားမှာပေါ့နော်။  အေး…အဲဒီလိုဆိုတော့ အဋ္ဌကထာလာတဲ့အဓိပ္ပါယ်ဟာ မျှော်လင့်ချက်နဲ့ မစားရသေးတဲ့အချိန်မှာ လင်းတငယ်လေးတွေရဲ့ ခန္ဓာကိုယ်ဆိုတာက ဥကပေါက်လာလို့ ထိုဠင်းတရဲ့  ခန္ဓာကိုယ်လေးတွေက အရင်မွေးဖွားထားတယ်။ မွေးဖွားထားပေမယ့်လို့ အစာစားလိုတဲ့ အာသာဆန္ဒပေါ်လာတဲ့အခါ အဲဒီအာသာဆန္ဒကနေပြီးတော့ သူတို့ရဲ့ ခန္ဓာကိုယ်ကို ထိန်းထားတယ်ဆိုတဲ့ အဓိပ္ပာယ်လေးကို ပြောတာ၊ အချိန်ပိုင်းလေး။

လူတွေဟာ မျှော်လင့်ချက်နဲ့အသက်ရှည် ဆိုတာလိုပေါ့။ မျှော်လင့်ချက်ကလေးနဲ့ အသက်ရှည်နေတယ်ဆိုတဲ့ အဓိပ္ပာယ်။ စိတ်စွမ်းအားလို့ပြောတာ။ စိတ်စွမ်းအားကလည်း အလွန်ကြီးတယ်။ တခါတုန်းက ဒကာကြီးတစ်ယောက် သေလုမျောပါးဖြစ်နေပြီ၊ သေခါနီးနေပြီ ဆိုပါစို့။ သို့သော် အသက်က မထွက်သေးဘူး၊ ဘာလို့ အသက်မထွက်သေးတာတုန်းဆိုတော့ အဝေးမှာနေတဲ့ သူ့သားကြီး မလာသေးလို့ အသက်မထွက်သေးတာ။ သူ့သားက ကနေ့ရောက်မယ်၊ မနက်ဖြန်ရောက်မယ်နဲ့ အဲဒါမျှော်နေတာ။ အသက်က မထွက်ဘူး အဲဒါ။ ဒါလည်းပစ္ဆာဇာတပစ္စည်းပဲ။ မျှော်လင့်ချက်ကနေပြီးတော့ ဆွဲထားတာ။ သားလည်းရောက်ရော၊ ရောက်ပါပြီဆို စကားစမြည်ပြောပြီးတာနဲ့ သေသွားရော အဲဒါ။ ဒါပစ္ဆာဇာတ။ နောက်မှဖြစ်လာပြီးတော့ ထောက်ပံ့တယ်ဆိုတဲ့ သဘောကိုပြောတာ။ အဲဒါ အတ္ထိပစ္စည်း

အဲဒီတော့ အတ္ထိပစ္စည်းနဲ့ ပက်သက်ပြီးတော့ ပစ္စည်းခွဲတွေလည်းရှိတယ်။ အဲဒီတော့ ရှိနေတုန်းမှာ အကျိုးနဲ့အကြောင်းတရား ပစ္စည်းနဲ့ပစ္စယုပ္ပန်ရှိနေခိုက်မှာ ကျေးဇူးပြုတာ၊ အဲဒီလို ကျေးဇူးပြုတဲ့အခါမှာ Born Earlier ကြိုတင်ဖြစ်နှင့်ပြီးတော့ ကျေးဇူးပြုတဲ့ ပစ္စည်းတွေရှိတယ်၊ Born Together တပြိုင်တည်းဖြစ်ပြီး ကျေးဇူးပြုတာတွေရှိတယ်၊ Born Later နောက်မှ မွေးပြီး ကျေးဇူးပြုတာတွေရှိတယ်လို့ အပိုင်း၃ပိုင်း။ အဲဒီလို ရှိနေခိုက် ကျေးဇူးပြုတာတွေကိုလည်း အတ္ထိထဲမှာ ဒီလိုမျိုး ၃မျိုးခွဲနိုင်တယ်။

နောက်တစ်ခု နတ္ထိ။ မရှိတော့မှ ကျေးဇူးပြုတာ။ မရှိတော့မှ ကျေးဇူးပြုတယ်ဆိုတာ ဒါလည်းပဲ တော်တော် ထူးဆန်းတဲ့ Condition တစ်ခုပဲ။ မရှိတာသည်ပင်လျှင် နောက်ထပ်ပေါ်ဖို့အတွက် Chance ပဲ။ မရှိတာဟာ နောက်ဟာကို ကျေးဇူးပြုတယ်။ အနန္တရပစ္စယော၊ သမနန္တရပစ္စယော၊ ဥပနိဿယ ပစ္စယော၊ အာသေ၀န ပစ္စယော၊ ကမ္မပစ္စယော၊ နတ္ထိပစ္စယော၊ ၀ိဂတပစ္စယော။ အဲဒီငါးမျိုးက မရှိတော့တဲ့နောက်မှာ ကျေးဇူးပြုတာတွေ သူက။ ရှိနေတုန်းမှာ ကျေးဇူးမပြုဘူး။ သူတို့ ချုပ်ပျောက်ပေးသွားခြင်းသည်ပင်လျှင် အကြောင်းတရားပဲ၊ ကွယ်ပေးခြင်းသည်ပင်လျှင် အကြောင်းတရားပဲ။ ဆိုပါစို့။ နေကြီး ၀င်လိုက်တာနဲ့ တပြိုက်နက် အမှောင်ရောက် မလာဘူးလား။ အဲဒီတော့ နေသည် ကွယ်ပေးခြင်းဟာ အမှောင်အတွက် Chance ပေးလိုက်တာ။ နေကြီးကသာ ဆက်ရှိနေမယ်ဆို အလင်းကြီးကဆက်ရှိနေအုံးမှာပဲလေ။ အဲဒီတော့ နေ၀င်လိုက်တာနဲ့ တပြိုင်နက် အမှောင် ရောက်လာတယ်။ နေ၀င်ဝင်ချင်းမှောင်သွားတယ်ဆိုရင် ဟော အမှောင်ဖြစ်ဖို့ရန်အတွက် Chance တစ်ခုပေး လိုက်တာပဲ။ အဲဒီပစ္စည်းမျိုးကို ဒါ နတ္ထိပစ္စည်းလို့ မရှိတော့တဲ့ နောက်မှာ ကျေးဇူးပြုတာ။ မရှိခြင်းဖြင့် ကျေးဇူးပြုတာ။ ရှိနေတုန်းမှာ ကျေးဇူးမပြုဘူး။ မရှိတော့မှ ကျေးဇူးပြုတယ်။ ဒီအုပ်စုက ၇ ခုရှိတယ်။


(ဆက်ရန်) 




Typed By: M.N.Pyone

No comments:

Post a Comment