Thursday, July 12, 2012

လက်တွေ့ဘ၀ကို ပဋ္ဌာန်းနည်းဖြင့် လေ့လာသုံးသပ်ခြင်း (၂)



လောဘဖြစ်နေရင်လည်း လောဘနဲ့ အတွေးတွေ၊ လောဘနဲ့ အပြောတွေ၊ လောဘနဲ့ လုပ်ဆောင်ချက်တွေ၊ မောဟဖြစ်နေရင်လည်း ကို့ယို့ကားယားတွေ ဖြစ်နေတယ်၊ မောဟနဲ့ပက်သက်တဲ့ အတွေးတွေ တွေးတယ်၊ ဘယ်အရာမှ မဆုံးဖြတ်နိုင်ဘူး။ တွေဝေနေတယ်၊ ပြောရင်လည်း ကမောက်ကမတွေ ဖြစ်တယ်။ လုပ်ရင်လည်း ကိုးလို့ကန့်လန့်တွေ ဖြစ်ကုန်တယ် မောဟက။

ကောင်းတဲ့ဘက်ကျတော့ အလောဘဆိုတဲ့ သဘာဝ ဟိတ်တရားလေးတစ်ခု ပေါ်လာရင် လှူချင်စိတ်တွေ တန်းချင်စိတ်တွေ ပေါ်လာတယ်။ Generosity ဆိုတာလေးပေါ်လာတာနဲ့ လှူရအုံးမယ်လို့လည်း ပြောတယ်။ လှူဖို့လည်း ကြိုးစားလာတယ်။ မတူဘူး သဘာဝလေးတွေက။ အဒေါသဆိုတဲ့ မေတ္တာသဘာဝ တရားလေး ပေါ်လာပြန်ပြီဆိုရင်လည်း ဘယ်သူ့ကို ကူညီရမတုန်း စိတ်ထဲမှာ။ ပြောရင်လည်း ကြင်ကြင်နာနာ ပြောတယ်။ ကူညီဖို့စကားတွေပြောလာတယ်၊ လုပ်ဆောင်တယ်၊ အားပေးတယ်။ ဟော… အဒေါသရဲ့ သဘော။ အမောဟဆိုတာနဲ့ အသိဉာဏ်ပေါ်လာတဲ့ အခါကျတော့ တွေးလိုက်တာလည်း ကောင်းတာလေးတွေ ချည်းပဲတွေးတယ်။ မှန်မှန်ကန်ကန် တွေးတတ်တယ်။ မှန်မှန်ကန်ကန် စဉ်းစားတတ်တယ်။ လုပ်သင့်တယ် မလုပ်သင့်ဘူးဆိုတာလည်း ဆုံးဆုံးဖြတ်ဖြတ်ရှိတယ်။ တွေဝေပြီးတော့ မနေဘူး။ ပြောတဲ့စကားတွေကလည်း အကျိုးအကြောင်းဆီလျော်တယ်။ လုပ်တာကိုင်တာလည်း အဆင်တပြေရှိတယ်။ အဲဒါဟာ ဟေတုပစ္စည်းပဲ။

ပဋ္ဌာန်းတရားတော်တွေဟာ အားလုံး ဒါလက်တွေ့ဘ၀နဲ့ ယှဉ်စပ်ပြီးတော့ ကြည့်မယ်ဆိုရင် တိုယ့်ရဲ့ ဘ၀မှာ ပဋ္ဌာန်းတရားတော် မြတ်စွာဘုရားရှင်းပြတဲ့အတိုင်း အကြောင်းတရား၊ အကျိုးတရားတွေ ပေါင်းစပ်ယှဉ်တွဲပြီးတော့ ဖြစ်ပေါ်နေစေတာပါလား။ တို့ဟာ အကြောင်းတရားတွေနဲ့ပေါင်းပြီးတော့ အကြောင်းတရားတွေရဲ့  ဖန်တီးမှုကို ခံနေရတာပါလားလို့ ပဋ္ဌာန်းတရားမှာ သဘောပေါက်ရမယ်။ အဲဒီလို သဘောပေါက်သွားတော့ ဘာအကျိုးရှိတုန်းဆိုရင် မကောင်းတဲ့အကြောင်းတွေ လက်မခံနဲ့ပေါ့ဗျာ။ မကောင်းတဲ့အကြောင်းတွေ လက်ခံနေရင် မကောင်းတဲ့ အကျိုးတရားတွေ လာမှာပေါ့။ အဲဒီတော့ လူတိုင်း၊ လူတိုင်းဟာ ကောင်းကျိုး ချမ်းသာချည်းပဲ  လိုချင်ကြတာ ဒါသဘာဝပဲ။ မချမ်းသာချင်ဘူးလား၊ ချမ်းသာချင်တယ်။  ဆင်းရဲဒုက္ခ မရောက်ချင်ဘူး ဘယ်သူမှ။ သုခ၊ ကာမ ချမ်းသာကို လိုလားတယ်။ ဒုက္ခ၊ ပဋိကူလာ ဆင်းရဲမှုကို ရွံရှာ စက်ဆုပ်ကြတယ်။ အဲဒီလိုအနေအထား ရှိလာတဲ့အခါမှာ ချမ်းသာချင်တိုင်း ချမ်းသာတာ မဟုတ်ဘူး။ ချမ်းသာခြင်းရဲ့  အကြောင်းဖြစ်တဲ့ အကြောင်းတရားကို လုပ်ဆောင်မှ ချမ်းသာတာ။ မျိုးစေ့လေးက အပင်ပေါက်စေချင်ရင် ဟေ့ ပေါက်လို့အမိန့်ပေးလို့ မရဘူး။ သူ့ဆိုင်ရာ အကြောင်းနဲ့ ပေါင်းဖက်ပေးရတယ်။ ဘာလုပ်ရတုန်းဆိုရင် မြေကြီးထဲချပြီး ရေလေးလောင်းပြီးတော့ မြေနဲ့ရေနဲ့ ဆုံစည်းပေးရတယ်။ ကိုယ်ကပေါက်ခိုင်း လို့မရဘူး။ အဲဒီတော့ ဘာလုပ်တာတုန်းဆိုရင် Condition လေးတွေနဲ့ ဆုံပေးတာပဲ။ ကိုယ်လုပ်နိုင်တာအဲဒါပဲ။ Condition ကို ဆုံပေးရတယ်။ မြေနဲ့ရေနဲ့ပေါင်းပေးရင် အဲဒီမျိုးစေ့လေးက အပင်ပေါက်လာမှာ သေချာတယ်။  အပင်တော့ ပေါက်စေချင်တယ်။ အဲဒီမျိုးစေ့လေးကို ပုလင်းထဲထည့်ပြီးတော့ သိမ်းထားမယ်ဆိုရင် ပေါက်မလား။ မပေါက်ဘူးနော်။ မြေနဲ့ရေနဲ့ ဝေးဝေးထားရင် မပေါက်ဘူး။ ဘာလို့တုန်းဆိုရင် Condition မှမရှိတာ။

အဲဒီတော့ အပင်ဆိုတဲ့ အကျိုးကို ရချင်ရင် အဲဒီအပင်ကို ဖြစ်အောင်လုပ်တဲ့ အကြောင်းတရားနဲ့ ဆုံစည်းပေး ရတယ်။ လူကလုပ်နိုင်တာ ဒါဘဲ။ သူ့ဆိုင်ရာအကြောင်းကို လုပ်ပေးရတယ်။ ဟော လုပ်ပေးတဲ့အခါမှာ သစ်ပင်လေးက ပေါက်လာတယ်။ ပေါက်လာရင်လည်း ထိုသစ်ပင်လေး ရှင်သန်ဖို့အတွက် ဆန့်ကျင်ဘက် အကြောင်းတရားတွေ ဖယ်ရှားပစ်ရမယ်။ အကျိုးပြုတဲ့ အကြောင်းတရားတွေ ပေါင်းစပ်ပေးရမယ်။ မြေသြဇာထည့် ပေးသင့်တဲ့အခါ ထည့်ပေးရမယ်။ Fertilizer လုပ်ပေးရတယ်။ ရေလောင်းပေးရတယ်။ ဟော အကြောင်းတွေ လုပ်ပေးတာ။ ပိုးတွေဘာတွေ ဖယ်ရှားပေးတယ်၊ နေရောင်ခြည်ရတဲ့ နေရာထားပေးတယ်။ ဟော အကြောင်းတရားတွေကို ကိုယ်ကလုပ်ပေးနေတာ။ အကြောင်းတရားတွေ လုပ်ပေးရင် ပန်းပင်လေးဆိုရင် အဲဒီပန်းပင်လေးက အပွင့်တွေပွင့်လို့ လှလှပပဖြစ်လာတယ်။

ထို့အတူဘဲ ကိုယ့်ရဲ့ ဘ၀မှာ ပဋ္ဌာန်းကို သဘောပေါက်သွားရင် ကိုယ့်ရဲ့ ဘ၀မှာ ကောင်းတဲ့ချမ်းသာ သုခကို ဖန်တီးပေးနိုင်တဲ့ အကြောင်းတရားတွေကို ရွေးချယ်ရမယ်။ ဆိုးကျိုးကို ဖန်းတီးပေးနေတဲ့ အကြောင်းတရား တွေကို ဖယ်ရှားရမယ်။ အကြောင်းတရားသည် အမြဲတမ်း နှစ်ခုရှိတယ်။ ကောင်းကျိုးချမ်းသာကို ဖြစ်ပွား စေတတ်တဲ့ အကြောင်းတရားကတစ်မျိုး၊ မကောင်းကျိုး၊ ဆင်းရဲဒုက္ခတွေကို ဖြစ်ပွားစေတတ်တဲ့ အကြောင်းတရားက တစ်မျိုး၊ အဲဒီနှစ်မျိုးထဲမှာ ကိုယ်လုပ်ပေးနိုင်တာ ဘာလဲဆိုရင် ကောင်းတဲ့အကြောင်းတရားတွေကို ရှာကြံပြီးတော့ ဖြည့်တင်းပေးဖို့ပဲ။ အဲဒီလိုဖြည့်တင်းပေးရင် ထိုကောင်းတဲ့အကြောင်းတရား၊ ကောင်းတဲ့ Condition တွေက ကောင်းတဲ့အကျိုးတွေကို သူ့ဖာသာသူ ထုတ်လုပ်သွားမှာပါ။ ကိုယ်လုပ်နိုင်တာ ဒါပါပဲ။ အေး ပဋ္ဌာန်းဆိုတာ အကြောင်းနဲ့ အကျိုး Conditional Relation အကြောင်းအကျိုး ဆက်သွယ်နေတာကို ပြောတာ။

ကဲ ပဋ္ဌာန်းတရားမှာ ဗုဒ္ဓမြတ်စွာက အဓိကဟောတဲ့ အားလုံးသိကြတဲ့၂၄ပစ္စည်းမှာ ပဋ္ဌာန်းတရားတော်မှာ အဓိကအကြောင်းတရားနဲ့ အကျိုးတရား။ အကြောင်းတရားကို ပစ္စယလို့ခေါ်တယ်။ ပစ္စယ - ပစ္စယုပ္ပန္န္န ။ Perceptive of Pattana, Conditional Relation ကိုကြည့်မယ်။


အဲဒီမှာ ပဋ္ဌာန်းတရားရဲ့  Main Point က ဘာတုန်းဆိုရင် တဖက်က ပစ္စယ၊ တဖက်က ပစ္စယုပ္ပန္န္န။ ပစ္စယရဲ့ အဓိပ္ပာယ်က ဘာတုန်းဆိုရင် ဖြစ်စေခြင်းနဲ့ တည်စေခြင်း။ Cause to Arise and Cause to Maintain။ဖြစ်အောင်လုပ်တယ်။ ဖြစ်ပြီးရင်လည်း တည်တံ့စေ တယ်အဲဒါ။ “ဖြစ်စေ၊ တည်စေ ဤနှစ်ထွေ ခေါ်လေ ကျေးဇူးပြု။” မဖြစ်သေးရင် ဖြစ်အောင်လုပ်တဲ့ အကြောင်းတရား၊ ဖြစ်လာပြီးရင်လည်း တည်တံ့စေတဲ့ အကြောင်းတရား အဲဒါကို ပစ္စယ။ ဟေတုပစ္စယေန ပစ္စယော။ ပစ္စယော ပစ္စယောနဲ့ ရွတ်နေတာဟာ အဲဒါ.. အကြောင်း။ ကျေးဇူးပြုတယ်ဆိုတာ လူတွေလည်း တစ်ယောက်ကို တစ်ယောက် ပြောကြတယ်၊ ဟာ သူက ကျေးဇူးပြုလိုက်တာ ဘယ်သူက ကျေးဇူးပြုတယ်နဲ့ ဒီစကားကိုသုံးတယ်။ ပစ္စယဆိုတဲ့ စကားလုံးကို။ အဲဒီတော့ ကျေးဇူးပြုတယ်ဆိုတာ ဘာတုန်းဆိုရင် မဖြစ်သေးတာကို ဖြစ်အောင်လုပ်တယ်၊ ဖြစ်လာပြီးရင် တည်တံ့စေတယ်။ အဲဒါကို ပစ္စယ။ ပစ္စယုပ္ပန္န္န လို့ဆိုတာ ပစ္စယ ဥပ္ပန္န္န။ ပစ္စယဆိုတာ အကြောင်းတရားကြောင့် ဥပ္ပန္န္န္န ဖြစ်ပေါ်လာတာ။ အကြောင်းတရားကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရား။ ပြောမယ်ဆိုရင် Cause and Effect ပဲ။ ပစ္စယဆိုတာ Cause၊ ပစ္စယုပ္ပန္န္နဆိုတာ Effect။ အကြောင်းနဲ့ အကျိုး။ အဲဒီအကြောင်းနဲ့အကျိုး နှစ်ခုသည် Mutual Relation။ အဲဒီနှစ်ခုသည် ဆက်စပ်ပြီးတော့ နေတယ်။

ပဋ္ဌာန်းတရားကြီးကို ခြုံငုံကြည့်မယ်ဆိုရင် ပစ္စယပိုင်းမှာ ဘာတွေ ပါလဲဆိုတာကို ကြည့်မယ်။ မြတ်စွာဘုရားက ပဋ္ဌာန်းဟောတာ လူသားတွေတင် မဟုတ်ဘူး။  သက်ရှိသတ္တ၀ါတွေနဲ့ သက်မဲ့တွေအားလုံး Universal Dhamma, Universal Truth , Universal Law of Nature အဲဒါကို ဟောတာဖြစ်တော့ အားလုံးကို Cover ဖြစ်အောင်ဟောထားတာ။ အဲဒီတော့ ပစ္စယဆိုတဲ့ အကြောင်းပိုင်းမှာ ၃မျိုးရှိတယ်ဆိုတာမှတ်။ နံပါတ် (၁) က သင်္ခတ - Sankhata၊ နံပါတ်(၂)က  Asankhata၊ နံပါတ်(၃)က Pannatti။ အဲဒီ ဝေါဟာရလေးတွေက ပါဠိဝေါဟာရလေးတွေ။ ဒါပေမယ့် မြန်မာလူမျိုးတွေရဲ့  အသိဉာဏ်ထဲမှာ ဒီဝေါဟာရလေးတွေရှိတယ်လို့ ထင်ပါတယ်။ သင်္ခတတရား၊ သင်္ခတ၊ အသင်္ခတ၊ ပညတ္တိ။ သင်္ခတဆိုတာ ဘာတုန်း။ သံ ဆိုတာ အကြောင်းတရားတွေ စုပေါင်းပြီး ခတ Created အကြောင်းတရားတွေက ပေါင်းပြီးတော့ ဖန်တီးထားတဲ့အရာလို့ ဒီလိုပြောတာ။

ကဲခုနက သစ်ပင်လေး မျိုးစေ့လေးကို စိုက်လိုက်တဲ့အခါ အပင်လေး ပေါက်လာတယ်။ အဲဒီပေါက်လာတဲ့ အပင်လေးဟာ အကြောင်း ဘယ်နှစ်ခုကနေပြီး ဖန်တီးထားတုန်း။ အကြမ်းအားဖြင့် ကြည့်မယ်ဆိုရင်မျိုးစေ့လေးပါတယ်၊ မြေပါတယ်၊ ရေပါတယ်။ လူရဲ့ လုံ့လ ၀ီရိယ အသာထားလိုက်အုံးနော်။ အနည်းဆုံး ကြည့်မယ်ဆို သုံးခု မရှိဘူးလား။ အဲဒီတော့ မြေပါရမယ်၊ ရေပါရမယ်၊ မျိုးစေ့ပါရမယ်။ မြေကြီးချည်းဆိုလဲ မပေါက်ဘူး။ ရေချည်းဆိုလဲ မပေါက်ဘူး မျိုးစေ့မပါပဲ။ မျိုးစေ့ချည်းဆိုလဲ မပေါက်ဘူး။ မြေရယ် ရေရယ် မျိုးစေ့ရယ် ဟောဒီ သုံးခုပေါင်းလိုက်တဲ့အခါမှာ အညှောင့်လေးထွက်လာတာ၊ အပင်လေး ပေါက်လာတာ။ အဲဒီတော့ ကြည့်လေ မြေဆိုတဲ့ အကြောင်းတရား၊ ရေဆိုတဲ့ အကြောင်းတရား၊ မျိုးစေ့ဆိုတဲ့ အကြောင်းတရား အဲဒီ အကြောင်းတရား သုံးခုသည် ပေါင်းစုပြီးတော့ Harmonious Reward ။ ပေါင်းပြီးတော့ သူတို့လုပ်လိုက်တာ၊ သူတို့ထုတ်လိုက်တာ ဘာထုတ်လိုက်လဲဆိုရင် အပင်လေးထုတ်လိုက်တာ။ အဲဒီ အကြောင်းတရားလေးတွေကို ပစ္စယလို့ခေါ်တယ်။ အဲဒါကို သင်္ခတလို့ခေါ်တယ်။ သင်္ခတဆိုတာ အခုပြောတဲ့ အကြောင်းတရားတွေက ပေါင်းပြီးတော့ ထုတ်လုပ်ထားတာ။ အဲဒီတရားမျိုးတွေကို သင်္ခတ။

ကဲဘုန်းကြီးတို့တတွေကိုလည်းပဲ ခန္ဓာကိုယ်ထဲကို ကြည့်ကြည့်လိုက်။ မျက်စိလေး နှစ်လုံးဖွင့်ပြီးတော့ အိမ်ပေါ်ကနေ ပြတင်းပေါက်ဖွင့် ဟိုဘက် ဒီဘက် ကြည့်လိုက်တဲ့အခါ မြင်စရာအာရုံတွေ မမြင်ဘူးလား။ ကဲ အဲဒီလို မြင်တဲ့အထဲမှာ အကြောင်းတရား အကြမ်းဖျင်းအားဖြင့် စဉ်းစားကြည့်မယ်ဆိုရင် မျက်စိပါလို့ မြင်တာ မဟုတ်လား။ အပြင်ဘက်က မြင်စရာအာရုံတွေရှိလို့ မြင်တာမဟုတ်လား။ သြော် မျက်စိက အကြောင်းတစ်ခု၊ မြင်စရာ အာရုံက အကြောင်း တစ်ခု၊ အဲဒီထဲမှာ မှောင်နေမယ်ဆိုရင် မြင်စရာတွေကို မြင်ရမှာမဟုတ်ဘူး။ အလင်းလေးရဲ့  အကူအညီလည်း ပါသေးတယ်။ အလင်းရောင် လေးက အကြောင်းတစ်ခု။ မိမိရဲ့  သတိထားမှု ဆိုတဲ့ Attention ကအကြောင်းတစ်ခု။ ဘယ်နှစ်ခုဖြစ်သွားတုန်း။ လေးခုဖြစ်သွားတယ်။ အဲဒီလေးခု ပေါင်းလိုက်တော့မှ မြင်တယ်လို့ ပြောရတဲ့ အသိစိတ်လေး ပေါ်လာတာ။ ကြည့်လေ ဒီအသိစိတ်လေးကို  ဟောဒီ အကြောင်းလေးခုက ထုတ်ပေးလိုက်တာ။ အဲဒါကို သံ(San) - အကြောင်းတရားတွေက ပေါင်းပြီးတော့ ခတ(khata) - ဖန်တီးလိုက်တာ။ သင်္ခတ ဆိုတာ အဲဒါကိုပြောတာ။ အကြောင်းတရားတွေက စုပေါင်းပြီးတော့ ပြုလုပ်ထားတဲ့ အရာတဲ့။

ကဲဘုန်းကြီးတို့ ဘ၀ကြီးတစ်ခုလုံးကို ကိုယ့်ရဲ့ လက်တွေ့ဘ၀ကို ပဋ္ဌာန်းနည်းနဲ့ ယှဉ်စပ်ကြည့်မယ်။ ကိုယ့်ဘ၀မှာ ဒီလို ဆိုင်ရာဆိုင်ရာ အကြောင်းတွေက ထုတ်လုပ်ပေးနေတာ နေ့တိုင်းနေ့တိုင်း။ အကြောင်းတရားမပါဘဲနဲ့ လုံးဝ ဘယ်အရာမှမဖြစ်ဘူး။ ကြည့် မျက်စိကမြင်တာလေးပဲ အကြောင်းက။ နားကလည်း ထို့အတူဘဲ။ အသံကြားတယ်ဆိုရင် အသံရှိရတယ်၊ နားရှိရတယ်။ အဲတစ်ခုခု မရှိဘူးဆိုရင် အသံက တိတ်ဆိတ်နေရင် မကြားဘူး။ နားကပင်းနေတယ်၊ ကန်းနေတယ်ဆိုလည်း မကြားရဘူး။ ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားတွေက အပြည့်အစုံ ရှိနေရမယ်။ အပြည့်အစုံရှိနေရင် ပြည့်စုံတဲ့ အကျိုးတရားတွေက ၀င်နေမှာပဲ။တခြားစိတ်တွေ စိတ်တွေကလည်း ပဋ္ဌာန်းနည်းနဲ့ နောက်ကျရင် ယှဉ်ပြီးတော့ ကြည့်တဲ့အခါမှာ တွေ့လာမယ်။ အဲဒီတော့ သင်္ခတ ဆိုတဲ့ အဓိပ္ပာယ်က ဒီလို အကြောင်းတရားတွေက စုပြီးတော့ လုပ်ထားတာဆိုတာ ထင်ရှားတယ်။

(ဆက်ရန်) 






Typed By: M.N.Pyone

No comments:

Post a Comment