Wednesday, July 11, 2012

လက်တွေ့ဘ၀ကို ပဋ္ဌာန်းနည်းဖြင့် လေ့လာသုံးသပ်ခြင်း (၁)



ပဋ္ဌာန်းဆိုတာက အလွန်ကျယ်ပြန့်ပြီးတော့ ကြီးမားလှတဲ့ အတိုင်းအတာရှိတဲ့ ကျမ်းကြီး တစ်ခုပါ။ ဒီကနေ့ မြန်မာနိုင်ငံမှာ ထိုထိုအရပ်ဒေသမှာ အသံမစဲ ပဋ္ဌာန်းပွဲများကျင်းပပြီးတော့ ပဋ္ဌန်းပါဠိတော်ကြီးတွေကို ရွတ်ဖတ်ပူဇော်နေကြတာ ဖြစ်သောကြောင့် ပဋ္ဌာန်းကျမ်းလာ ပါဠိနဲ့ ပက်သက်ပြီး ကြားဖူးနားဝ ရှိနေကြတယ်။

ပဋ္ဌာန်း ၂၄ ပစ္စည်းဆိုတာကလည်း တော်တော်များများ သိပြီးတော့နေကြတယ်။ ဟေတုပစ္စယော၊ အာရမဏပစ္စယော စသည်ဖြင့် လူတိုင်းလောက်နီးနီး မြန်မာနိုင်ငံမှာ ပဋ္ဌာန်း ၂၄ ပစ္စည်း အကျဉ်းလောက်ကိုတော့ သိနေကြတယ်။ နောက်တဖန် အရပ်ထဲမှာပြောကြတယ်။ တစ်ဦးနဲ့တစ်ဦး အကြောင်းအကျိုး ညီညွတ်လို့ တွေ့ကြုံ ဆက်ဆံကြတဲ့အခါမှာ ပဋ္ဌာန်းဆက်၊ ပဋ္ဌာန်းဆက်နဲ့ ဘယ်သူကစသုံးတယ် မသိဘူး။ အဲဒီစကားလည်း ပြောလေ့ ရှိကြတယ်။

ပဋ္ဌာနဆိုတဲ့ ပဋ္ဌာန်းနဲ့ပက်သက်ပြီးတော့ ဘုန်းကြီးတို့ဗုဒ္ဓဘာသာဝင် သူတော်စင်တွေ မြန်မာပြည်က အင်မတန်မှ ရင်းနှီးတယ်ဆိုတာ သိသာတယ်။ သို့သော်ပဋ္ဌာန်းတရားဟာ ဘာကိုအဓိကထားဟောနေသလဲလို့ ဆိုတာကိုတော့ သတိပြုမိမှ ပြုမိပါလိမ့်မယ်။ စာအုပ်ထဲက ပဋ္ဌာန်းကိုတော့ အင်မတန်မှ ကြီးမားတယ် ကျယ်ပြန့်တယ်လို့ဆိုပြီး ဘုန်းကြီးတို့ တတွေဟာ စာအုပ်ထဲက ပဋ္ဌာန်းကိုရည်ညွန်းပြီးတော့ ပြောနေကြတာများတယ်။ ဒီကနေ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ပဋ္ဌာန်း တွေ့အောင်ရှာဖို့လိုပါတယ်။

လက်တွေ့ဘ၀ကို ပဋ္ဌာန်းနည်းဖြင့် လေ့လာသုံးသပ်ခြင်းလို့ဆိုတော့  တကယ်စင်စစ် မြတ်စွာဘုရားဟောထားတဲ့ ပဋ္ဌာနလို့ခေါ်တဲ့ Conditional Relation  အကြောင်းတရားနဲ့ အကျိုးတရား တစ်ခုနဲ့ တစ်ခု ဆက်သွယ်ပြီးတော့ ဖြစ်ပေါ်နေတယ်ဆိုတာ လူသားတွေနဲ့ ပက်ဝန်းကျင်ကို ပြောတာပါ။ ဘုန်းကြီးတို့ဘ၀မှာ ရရှိထားတဲ့ ခန္ဓာ ၊ ရုပ်ခန္ဓာနဲ့ နာမ်ခန္ဓာ သို့မဟုတ် ခန္ဓာငါးပါး။ ထိုခန္ဓာငါးပါးဟာ အကြောင်းနဲ့အကျိုးနဲ့ အပြန်အလှန်ဆက်သွယ်ြပီးတော့ တည်ရှိနေတယ်ဆိုတာကို ဘုန်းကြီးတို့ သဘောပေါက်ဖို့ပါ။

ဘယ်လိုဆက်သွယ်နေတယ်ဆိုတာ ပဋ္ဌာန်းကျမ်းကြီးရဲ့  နည်းစနစ်နဲ့ တစ်ခုချင်း တစ်ခုချင်း ပြောမယ်ဆိုရင် အချိန်ပေါင်း တော်တော်ကြာကြာ ရက်ပေါင်း တော်တော်ကြာကြာ ပဋ္ဌာန်းအကြောင်း ဟောရပြောရ ရှင်းရမှာပါ။ သို့သော် ပဋ္ဌာန်းရဲ့  သဘာဝ၊ ပဋ္ဌာန်းဆိုတာ မိမိတို့ဘ၀မှာ ဘယ်လို ဆက်စပ်နေတယ်ဆိုတဲ့ Perspective Viewကိုတော့ ဒီကနေ့ သဘောပေါက်သွားဖို့ ဘုန်းကြီးတို့ လမ်းညွှန်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

ပင်လယ်မမြင်ဘူးတဲ့ ပုဂ္ဂိုလ်တွေကို ပင်လယ်ကမ်းစပ်ခေါ်သွားပြီး ပင်လယ်ဆိုတာ ဒါပဲဟေ့၊ ကမ်းမမြင် လမ်းမမြင် အင်မတန်မှ ကျယ်ဝန်းပြီးတော့ အန်မတန်မှ နက်ရှိုင်းတဲ့ ရေပြင်ကြီးကိုခေါ်တာလို့ ပင်လယ်ပြင်ကြီးကို လက်ညှိုးထိုးပြလို့ ကြည့်လိုက်ရတဲ့ ပုဂ္ဂိုလ်တွေက မင်းတို့ပင်လယ်ဆိုတာ သိပြီလားလို့ဆိုရင် သိပါပြီ။ မြင်ဖူးပြီလားဆိုရင် မြင်ဖူးပါတယ် ဒီလိုပဲ ပြောကြမှာပါ။ ဒီကနေ့လည်း ကမ်းစပ်ကရပ်ပြီးတော့ ပင်လယ်ပြင်ကြီးကို လက်ညှိုးညွှန်လိုက်သလို ပဋ္ဌာန်းရဲ့ သဘာဝ အကြောင်းတရားတွေ မိမိတို့ရဲ့ ခန္ဓာကိုယ်မှာ၊ မိမိတို့ရဲ့ ဘ၀မှာ ဆက်စပ်ဖြစ်ပေါ်နေပုံကို ညွှန်ပြပါ့မယ်။

ဘုန်းကြီးတို့ ဒီလူ့လောက  မွေးလာတာကိုက ပဋ္ဌာနလို့ဆိုတဲ့ အကြောင်းအကျိုးတွေ ဆက်စပ်ပြီးတော့ မွေးလာတာ။ ဘ၀မှာရှင်သန်နေတော့လည်းပဲ အကြောင်းအကျိုးတွေ ဆက်စပ်ပြီးတော့ ရှင်သန်နေကြတာ။ နောက်ဆုံးဘ၀ နိဂုံးချုပ်သွားတဲ့အခါမှာလည်းပဲ ဟောဒီအကြောင်းအကျိုးတွေ ဆက်စပ်ရှင်သန်ပြီးတော့နေအုံးမှာ။ သံသရာထဲက မထွက်သေးသမျှ ကာလပတ်လုံး အကြောင်းနဲ့အကျိုးနဲ့ ဆက်နွယ်ပြီးတော့ ဘုန်းကြီးတို့ဘ၀ဟာ မွေးဖွားလိုက်၊ အိုမင်းသွားလိုက်၊ သေဆုံးသွားလိုက်၊ ထပ်မံမွေးဖွာလာလိုက်၊ အိုမင်းသွားလိုက် သေဆုံးသွားလိုက်နဲ့ ဒီလို ဘ၀သံသရာ စက်ရဟတ်ကြီးထဲမှာ အဆက်မပြတ် လည်ပတ်သွားလာနေရတာဟာ ဘယ်လို အခြေအနေတွေနဲ့ ရပ်တည်ပြီးတော့ လည်ပတ်သွားလာနေတာလဲ။ အကြောင်းတရားက ဘာလဲ။ ဘာကိုမှီတည်ပြီးတော့ ဒီလိုဖြစ်နေတာလဲလို့ဆိုတာဟာ ပဋ္ဌာန်းကို သဘောပေါက်ရင် ဘယ်အကြောင်းကြောင့် တို့တတွေဟာ  ဒီလို လည်ပတ်သွားလာနေရတယ်ဆိုတာ သဘောပေါက်မှာပါ။

ဗုဒ္ဓမြတ်စွာရဲ့  ပဋ္ဌာန်းတရားကို မသိတဲ့ ပုဂ္ဂိုလ်ကျတော့ တို့တတွေ ဘ၀သံသရာထဲ လည်ပတ်သွားလာနေရတာ သို့မဟုတ် လူ့ဘ၀ရလာတာဟာ တန်ခိုးရှင်တစ်ယောက်ကဖန်ဆင်းလို့ဆိုတဲ့ အတွေးတွေဝင်လာတယ်။ အဲဒီ တန်ခိုးရှင်ဆိုတဲ့ အတွေးဟာ တကယ်စစ်မှန်တဲ့ အကြောင်းတရားကို မဖော်ထုတ်နိုင်လို့ မမြင်နိုင်တဲ့ အရာတစ်ခုကို လက်ညှိုးညွှန်ပြခြင်းသာ ဖြစ်ပါတယ်။ လောကမှာ မြန်မာပြည်မှာ ခေါ်တဲ့ အခေါ်အဝေါ်လေးတွေ ရှိတယ်။ နတ်ရေတွင်းဆိုတဲ့ စကားလေး။ တူးတဲ့လူမရှိပဲနဲ့ သဘာဝ ဖြစ်နေတဲ့ ရေတွင်းကို နတ်ရေတွင်းလို့ ခေါ်တယ်။ တစုံတယောက်က တူးထားတာမဟုတ်ဘူး။ တူးတဲ့လူရှာမရလို့ နတ်ရေတွင်း နတ်တူးတာလို့ ဒီလိုခေါ်တဲ့သဘော။ အဲဒီသဘောက ပတ္တမြားထွက်တဲ့ မိုးကုတ်ရောက်သွားလို့ရှိရင် မိုးကုတ်ကလူတွေ ခေါ်တဲ့ ဝေါဟာရ တစ်ခုနဲ့ နှိုင်းယှဉ်ကြည့်ရင် ပေါ်လာလိမ့်မယ်။ မိုးကုတ်က လူတွေက ကျောက်တူးတဲ့ အခါမှာ အဲဒီတူးတဲ့ကျောက်တွေထဲမှာ လေးဖက်လေးတန်ချောပြီးတော့ သဘာဝကိုက လူလုပ်ထားသလိုပဲ ကျောက်ပွင့်ကလေးတွေ တခါတရံ ပါလာတတ်တယ်။ အဲဒီကျောက်ပွင့်လေးတွေကို နတ်သွေးလို့ခေါ်တယ် သူတို့က။ သွေးတဲ့လူမရှိဘူး။ မသိဘူးလေ။ တွင်းထွက်ကိုက အဲဒီလိုလေးဘက်ဒေါင့်ကလေးတွေ ပီပီပြင်ပြင်သွေးထားတဲ့ ကျောက်ကို နတ်သွေးလို့ခေါ်တယ်။ ဘာဖြစ်လို့ နတ်သွေးလို့ခေါ်တာတုန်း။ သွေးတဲ့လူရှာ မတွေ့လို့ပြောတာ။ သူ့မှာတော့ သူ့ဆိုင်ရာ ဆိုင်ရာ အကြောင်းရှိမှာပေါ့။ အဲဒီလိုပဲ လောက ကအကြောင်းရှာမရရင်  နတ်ကိုသွားပြီ ညွှန်းတတ်တယ်ဆိုတဲ့ သဘောကိုပြောတာပါ။

ဒီကနေ့ ဗုဒ္ဓမြတ်စွာက ပဋ္ဌာန်းတရားတော်မှာ အကြောင်းတရားတွေကို ရှာပြထားတယ်။ အဲဒီအကြောင်းတရားတွေကို သိလို့ရှိရင် မဆီဆိုင်တဲ့ ၀ိသမဟေတုဆိုတဲ့ မမှန်ကန်တဲ့ အကြောင်းတရားတွေ၊ အကြောင်းမဲ့ဖြစ်ပါတယ်ဆိုတဲ့အဟေတုက အကြောင်းကို လက်မခံတဲ့ အယူဝါဒတွေ မှားယွင်းတဲ့ အယူအဆတွေကို ဖယ်ရှားပစ်နိုင်မှာ ဖြစ်ပါတယ်။ မှန်ကန်တဲ့ အယူအဆ တစ်ရပ်ကို ဖော်ထုတ်နိုင်မှာဖြစ်တယ်။ ဒါကြောင့် ပဋ္ဌာန်းတရားတော်ကို လေ့လာသင်ယူရတယ်ဆိုတာ မိမိဘ၀ကို မိမိဘ၀ခရီးကို ကောင်းကောင်းနားလည်ပြီးတော့ ဘ၀လမ်းကြောင်း ဖြောင့်ဖြောင့်တန်းတန်းနဲ့ လျှောက်လှမ်းပြီး ဘ၀ခရီး အဆုံးသတ်တဲ့နည်း ဘ၀နိရောဓ ဘယ်လိုရှာရမယ်ဆိုတဲ့ စနစ်တွေပါ ဟောဒီ ပဋ္ဌာန်းကျမ်းကြီးကို လေ့လာလိုက်လို့ရှိရင် အစစ်အမှန် အကြောင်းအရာတွေကို တွေ့ရှိသွားမှာ ဖြစ်ပါတယ်။

ဗုဒ္ဓမြတ်စွာက အကြောင်းတရားတွေကို ဖော်ပြဖို့အတွက် ၂၄ မျိုးသော စွမ်းရည်သတ္တိ၊ ၂၄ ပစ္စည်းကို ဖော်ထုတ်ထားပါတယ်။ ၂၄နာရီ ဘုန်းကြီးတို့ အသက်ရှင် နေကြတဲ့ တနေ့တာမှာ ၂၄နာရီမှာ ၂၄ပစ္စည်းဆိုတဲ့ အကြောင်းတရားတွေနဲ့ ရပ်တည်ပြီး အသက်ရှင်နေကြတာနော်။ ၂၄နာရီမှာ ၂၄ မျိုးသော ပစ္စည်းတွေ သတ္တိလို့ဆိုတာ Energy  သဘာဝတရားတွေမှာ ဆိုင်ရာဆိုင်ရာ စွမ်းအားလေးတွေ၊ စွမ်းအင်လေးတွေ ရှိတယ်။ အဲဒီစွမ်းအင်လေးတွေ တစ်ခုနဲ့တစ်ခု ပေါင်းလိုက်တဲ့အခါ စွမ်းအားလို့ဆိုတဲ့ Force တွေဖြစ်လာတယ်။ Energy တွေကနေပြီးတော့ Force ဖြစ်လာတယ်။ ၂၄ပစ္စည်းဆိုတဲ့ စွမ်းအင်တွေက အကြောင်းတရားနဲ့ အကျိုးတရား နှစ်ခုပေါင်းစပ်လိုက်တဲ့အခါ စွမ်းအားဖြစ်လာပြီးတော့ ဘ၀တစ်ခု ဖန်တီးပြီးတော့ လှုပ်ရှားလာတာ ဖြစ်ပါတယ်။

ပဋ္ဌာန်းတရားရဲ့  အနေအထားကို ဘ၀နဲ့ လေ့လာကြည့်ရအောင်။ ထင်ရှားတာလေး တစ်ခုနဲ့ ပြောပြမယ်။ ဟေတုပစ္စည်းလို့ ဆိုပါစို့ ။ ဟေတုပစ္စယော။ ဟေတုဆိုတာ ဘာကိုပြောတာတုန်းဆိုရင် လူသားတွေရဲ့  စိတ်သန္တန်ထဲမှာ နှစ်သက်စရာ မြတ်နိုးစရာ အာရုံလေးကိုတွေ့တဲ့အခါမှာ လိုချင်တယ်၊ ကြိုက်တယ်ဆိုတဲ့ သဘောလေး ပေါ်လာတယ်။ အဲဒီလိုချင်မှု၊ တွယ်တာမှု ဆိုတဲ့ သဘောလေးကို အဘိဓမ္မာ ဝေါဟာရက လောဘလို့ခေါ်တယ်။ ဒါလေးပေါ်တာလာတယ်။ ကိုယ်မနှစ်မြို့ တဲ့ အာရုံနဲ့ ဆုံတဲ့အခါကျတော့ မကြိုက်ဘူး။ မုန်းတယ်ဆိုတဲ့ သဘောလေးပေါ်လာတယ်။ အကြောင်းအရာ တစ်ခုကို ဆင်ခြင်စဉ်းစားလို့ လက်လှမ်းမမှီတဲ့ အခါ တွေဝေတယ်ဆိုတဲ့ အမှန်တရားကို အမှန်အတိုင်း မသိဘူး၊ ဘာလုပ်ရမယ် ဘာကိုင်ရမယ်ဆိုတာ မသိဘူး။ ဘယ်လိုဆုံးဖြတ်ရမှန်းမသိဘူး  ဆိုတဲ့ တွေဝေတဲ့ သဘောလေးပေါ်လာတယ်။ မုန်းတီးတယ်ဆိုတဲ့ သဘောလေးကို ဒေါသလို့ခေါ်တယ်။ တွေဝေတယ်ဆိုတဲ့ သဘောလေးကို မောဟလို့ခေါ်တယ်။

ကဲ ပဋ္ဌာန်းတရားတော်အရ ပြောမယ်ဆိုရင် အားလုံး လက်တွေ့ ကိုယ်တွေ့ကြုံဖူးကြလိမ့်မယ်။ တစုံတခုကို အလိုမကျလို့ ဒေါသဖြစ်နေတယ်ဆိုပါစို့။ ဒေါသဆိုတဲ့ သဘာဝတရားလေး မိမိစိတ်ထဲမှာ ပေါ်လာတယ်။ အလိုမကျ ဒေါသဖြစ်နေတဲ့ အချိန်မှာ ကိုယ့်ကိုကိုယ် ဆန်းစစ်ကြည့်။ ဘာတွေတွေးနေတုန်း။ အတွေးပိုင်းကို စဉ်းစားကြည့်လိုက်မယ်ဆိုရင် မုန်းတီးတဲ့ အတွေးတွေပဲ တွေးနေတယ်။ မကျေနပ်တဲ့ အတွေးတွေပဲ တွေးတယ်။ မကျေနပ်စရာတွေတွေးတယ်၊ မုန်းစရာတွေတွေးတယ်၊ အလိုမကျမယ့် ကိစ္စတွေတွေးတယ်။ တွေးလေ တွေးလေ ပေါ်လာသမျှတွေကလည်း အလိုမကျမှုတွေ ပံ့ပိုးနေသလိုဖြစ်နေတယ်။ ကဲ အဲဒီကိစ္စမှာ ပဋ္ဌာန်းက မြတ်စွာဘုရားက ဘယ်လိုဟောတုန်းဆိုရင် ဒေါသဆိုတဲ့ ခုနက အမုန်းတရားလေး မိမိသန္တန်မှာပေါ်လာရင် အဲဒီဒေါသလေးဟာ ရေသောက်မြစ်လိုဖြစ်သွားတယ်။ အဲဒီဒေါသဆိုတဲ့ အမုန်းတရားလေးသည် မုန်းတီးရွံ့ရှာတဲ့ အတွေးတွေကို ဆက်လက်ဖြစ်ပေါ်စေနေတယ်။ သစ်ပင်မှာ သစ်မြစ်က အပွင့်တွေ အသီးတွေ အရွက်တွေ အကိုင်းတွေ အခက်တွေကို စည်ပင်ရှင်သန်နေအောင် အမြစ်က ထောက်ပံ့နေသလို အမုန်းတရားလေးက မုန်းတဲ့ အတွေးတွေကို တွေးနေစေတယ်တဲ့။ အမုန်းတရားလေး မကင်းမခြင်း ဒေါသဆိုတဲ့ အမုန်းတရားလေး မကင်းမခြင်း မုန်းတီးတဲ့ အတွေးတွေဟာ ပျောက်မသွားဘူး။ အဲဒါကို ပဋ္ဌာန်းပါဠိတော်မှာ ဟေတူ ဟေတု သမ္ပယုတ္တကာနံ ဓမ္မာနံဒီလိုဟောတာ။ ဟေတူ ဟိတ်ခြောက်ပါး ပစ္စည်းတရားတို့သည် ဟေတု သမ္ပယုတ္တကာနံ ဟိတ်နှင့်ယှဉ်သော စိတ်စေတသိတ်တရားတို့အားလို့ဆိုတော့ စိတ်ထဲက အတွေးတွေဟာ အရပ်လိုပြောရင်တော့ အတွေးတွေပေါ့ စာပေလိုပြောရင်တော့ စိတ်နှင့်ယှဉ်ဖက်သဘာဝ သဘောတရားတွေပေါ့။ ဒေါသလေးတွေကို အကြောင်းပြုပြီးတော့ မုန်းတီးတဲ့အတွေးတွေဟာ ဒေါသရှိနေသေးသမျှကာလပတ်လုံး မုန်းတီးတဲ့အတွေးတွေဟာ ရှင်သန်နေမယ်။ ဒေါသလေးသည် မုန်းတီးတဲ့ အတွေးတွေကို Fortifying လုပ်ထားတယ်။ ခိုင်မြဲနေအောင်လုပ်ထားတယ် ရှင်သန်နေအောင်လုပ်ထားတယ်။

ဒါတင်လားလို့ဆိုတော့ မကသေးဘူး။ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဆိုတော့ ပြောပြီဆိုတဲ့အချိန်ကျတော့ ချိုချိုသာသာ မပြောဘူး။ ဒေါသရှိနေတဲ့ ပုဂ္ဂိုလ်က အနည်းဆုံး မာဆတ်ဆတ်ပြောတယ်။ တိုတိုတောင်းတောင်း ပြောတယ်။ စကားကို တိုတိုပြတ်ပြတ်ပြောတယ်။ ကြင်နာတဲ့ စကားမျိုးကိုမပြောဘူး။ ရိုင်းရိုင်းပျပျပြောတယ်။ အဲဒီအပြောတွေဟာ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ခုနက အမုန်းတရား လွှမ်းမိုးထားတဲ့ စိတ်ကထုတ်လုပ်လိုက်တဲ့ ပစ္စည်းပဲ။ အဲဒါကို စာပေကျတော့ စိတ္တဇရုပ်လို့ပြောတာပေါ့ဗျာ။ ဝေါဟာရလေးတွေတင်ပဲ ကွဲသွားတာ။ ကဲဒါတင်လားဆိုတော့ မဟုတ်သေးဘူး။ ကာယကံမြောက် တစ်ခုခု လုပ်တဲ့အခါမှာလည်းပဲ စိတ်ဆိုးနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်သည် လမ်းလျှောက်နေတာတောင်မှ ဆောင့်ဆောင့်အောင့်အောင့်နဲ့ သွားမယ်။ ငြင်ငြင်သာသာ မသွားဘူး။ တစုံတခုကို ကိုင်တဲ့ တွယ်တဲ့အခါမှာလည်းပဲ ကြမ်းကြမ်းတမ်းတမ်း ဆောင့်ဆောင့်အောင့်အောင့် လုပ်လေ့ရှိတယ်။ တံခါးပိတ်တာက အစ၊ ဒေါသထွက်နေရင် တံခါးပိတ်တာကအစ လမ်းလျှောက်တာက အစ ဆောင့်ဆောင့်အောင့်အောင့် ပြင်းပြင်းထန်ထန် လုပ်လာတယ်။ အဲဒီလို ကိုယ်ရဲ့ အမူအယာ Physical Actionတွေကြမ်းတမ်းလာတာဟာ ဘယ်သူ့ကြောင့်တုန်းဆိုရင် ဟောဒီ ဒေါသလေးကြောင့်။ ဒေါသလေး မပြေမချင်း ဒီအမူအယာတွေ မပြေဘူး။ အဲဒါကို ဟေတုပစ္စည်းနဲ့ ထောက်ပံ့ထားတယ်လို့ ပြောတာ။ ပဋ္ဌာန်းက။

အဲတော့ နေ့စဉ်ဘ၀မှာ အကြောင်းတရားက ရှိနေတာ။ နှလုံးသားထဲမှာ ဒေါသ၀င်လာလိုက်တာနဲ့ တပြိုင်တည်း မုန်းတီးတဲ့ အတွေးတွေက အဆက်မပြတ်ပေါ်နေတယ်၊ တိုတိုပြတ်ပြတ်နဲ့ ရိုင်းပြတဲ့  စကားပြောချင်တယ်၊ ပြောတာတွေဖြစ်ပေါ်လာတယ်။ ရိုင်းပြတဲ့ အမူအယာနဲ့ ပြုလုပ်တာ၊ ဆောင့်ဆောင့်အောင့်အောင့် ပြုလုပ်တယ်ဆိုတဲ့ အမူအယာတွေ ပေါ်လာတယ်။ ဘယ်သူကဒါတွေကို ဆက်လက်ဖြစ်ပေါ်စေသလဲဆိုရင် ဒေါသဆိုတဲ့တရားက ဆက်လက်ဖြစ်ပေါ်နေစေတာ။ ဒါကြောင့် ဒေါသကို မြတ်စွာဘုရားက ဟေတုပစ္စယောလို့ ဟောတာပါ။ ဟေတုဆိုတဲ့ အကြောင်းတရားတဲ့။ သစ်မြစ်လိုပဲတဲ့။ အမြစ်ရှိနေသေးသမျှ အဲဒီအပင်ဟာ ရှင်သန်နေအုံးမှာပဲ။ အပွင့်ပွင့်တဲ့ အချိန်ကျပွင့်မယ်၊ သီးတဲ့ အချိန်ကျ သီးလာမယ်။ ဒီအမြစ်မပြတ်သေးသမျှ ဒါတွေ ဆက်လက်ဖြစ်နေမယ်လို့ ဒီလိုဟောတာ။ အဲဒါကို ပဋ္ဌန်းပါဠိတော်မှာ ဟေတူ ဟေတု သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ဟေတူ လောဘ၊ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ ဆိုတဲ့ဟေတုအမည်ရတဲ့ သဘာဝတရားတွေဟာ ဟေတုသမ္ပယုတ္တကာနုံ ထိုဟိတ်နှင့်ယှဉ်ပြီးတော့ ဖြစ်ပေါ်လာတဲ့ စိတ်စေသတိတ်လို့ဆိုတဲ့ သဘာဝတရားတွေ တံသမုဋ္ဌာနာနဉ္စ ရူုပါနံ ထိုဟိတ်နှင့်ယှဉ်တဲ့ သဘာဝတရားတွေနဲ့ ဆက်စပ်ဖြစ်ပေါ်နေုတဲ့ စိတ္တဇရုပ်ဆိုတဲ့ ပြောဆိုမှုတွေ လုပ်ရှားမှုတွေ ဒီရုပ်တရားတွေကို ဟေတုပစ္စယေနဟေတုပစ္စယသတ္တိဖြင့် ပစ္စယော ဥပက္ကာရကော ကျေးဇူးပြုကာ ထောက်ပံ့ထားသည် ဟောတိဖြစ်၏။Maintaining လုပ်ထားတာ ၊ Fortifying လုပ်ထားတာ။

ကဲ ဒေါသလေးလည်း ပြေသွားရော ခုနကဟာတွေ ရှိသေးလား။ မရှိတော့ဘူး။ လူတွေက ဖြစ်လာပြီ အဲဒီကျတော့ I am so sorry, I apologize ဖြစ်လာပြီ။ ခုနတုန်းကတော့ ပြောချင်ရာပြောတယ် ဒေါသရှိတုန်းကတော့ ပြောချင်ရာပြော ဆိုချင်ရာဆိုပြီးတော့ နောက်ကျတော့ I am so sorry ဖြစ်သွားပြီ။ ဘာဖြစ်လို့ ဒေါသလေး ပြေသွားတာနဲ့ ခုနဟာတွေ တစ်ခုမှ မရှိတော့ဘူး။ မုန်းတဲ့အတွေးတွေ ပျောက်သွားပြီ အိုခွင့်လွတ်လို့ အကြင်နာတွေ ဖြစ်ကုန်ပြီ်။ ပြောတဲ့အခါမှာလည်း အကြင်အနာ စကားတွေပြော ချိုချိုသာသာတွေ ဖြစ်လာပြီ။ ပိုပြီးတော့ စိတ်ဆိုးပြီး စိတ်ပြေသွားရင် ပိုကြင်နာတယ် လူတွေက။ သွားတဲ့လာတဲ့အခါမှာလည်း ခုနလို ဆောင့်ဆောင့်အောင့်အောင့် မဟုတ်တော့ဘူး။ အဲဒီသဘောတွေကို မြတ်စွာဘုရားက ပဋ္ဌာန်းမှာဟောတာပါ။ ဒါလက်တွေ့ဘ၀မှာ ပဋ္ဌာန်းနည်းနဲ့အရ ရှုလို့ရတယ်။ ထို့အတူပဲ ဒါနမူနာလေးအနေနဲ့ ဘုန်းကြီးတို့ကြည့်ရမယ်။ 

(ဆက်ရန်)






Typed By: M.N.Pyone

အပိုင်း (၁) 



အပိုင်း (၂) 

No comments:

Post a Comment