Thursday, May 24, 2012

အချိန်တွေ ကျန်ပါသေးတယ်


တစ်နေ့က ဒီမှာ လစဉ်ထုတ်နေတဲ့ ဂျာနယ်တစ်စောင်ကို ဦးစီးနေတဲ့ အကိုတစ်ယောက်နှင့် စကားလက်ဆုံပြောဖြစ်ကြတယ်။ သူက သူ့အကြောင်းတွေ ပြောပြရင်း သူဒီကို ရောက်နေတာ (၁၆) နှစ်ကျော်နေပြီတဲ့။ ရောက်ခါစနှစ်တွေတုန်းက တစ်ရက်ကို (၁၄)နာရီ နေ့တိုင်း (နားရက်မရှိ) အလုပ်လုပ်တယ်တဲ့။ (၆)နာရီအိပ်တယ်။ ပိုနေတဲ့ (၄)နာရီကိုတော့ သူဝါသနာပါတာလေးတွေ လုပ်ပါတယ်တဲ့။ ကျွန်တော်က သူ့စကားကို ကြားတော့ သဘောကျစွာနှင့် ခေါင်းညိတ်ထောက်ခံဖြစ်ခဲ့ပါတယ်။

- - - - - - - -

လွန်ခဲ့တဲ့ (၂)လလောက်က မတွေ့ဖြစ်တာကြာနေတဲ့ မိတ်ဆွေညီငယ်တစ်ယောက်နှင့် အားတဲ့ တစ်ညနေ ချိန်းပြီး စားရင်းသောက်ရင်း လမ်းလျှောက်ရင်းနှင့် ရုပ်ရှင်ရုံတစ်ရုံရှေ့ ရောက်တော့ ဘာကားတွေများ ပြနေလဲဝင်ကြည့်ရင်းက အစီအစဉ်မရှိပဲ ရုပ်ရှင်တစ်ကား ကြည့်ဖြစ်သွားပါတယ်။ ကြည့်ဖြစ်တဲ့ရုပ်ရှင်က Justin Timberlake ရဲ့  In Time ဆိုတဲ့ကားပါ။ (http://en.wikipedia.org/wiki/In_Time) (http://youtu.be/efNzhEKm3w4)

ဇာတ်လမ်းက အချိန်အကြောင်းကို သိပ္ပံစိတ်ကူးယဉ်ဆန်ဆန်ရိုက်ထားပါတယ်။ ၂၁၆၁ ခုနှစ်မှာ လူတွေရဲ့ သက်တမ်းကို ၂၅ နှစ်အထိ သတ်မှတ်ထားပြီး တကယ်လို့ ဒီထက်ပိုပြီး အသက်ရှင်ချင်တယ်ဆိုရင် သက်တမ်းကို ပိုက်ဆံရှာသလို ရှာရပါတော့တယ်။ လူတွေက အဲဒီခေတ်မှာ ငွေကြေးကို မသုံးစွဲကြတော့ပဲ အချိန်ကို ငွေကြေးအစား အသုံးချကြတော့တယ်။ သူတို့ရဲ့ လက်မှာ ဘ၀လက်ကျန် အချိန်တွေကို ဒစ်ဂျစ်တယ်ဂဏန်းတွေနှင့် ဆက်တိုက်ပြပေးနေတယ်။ နှစ်၊ လ၊ ရက်၊ နာရီ၊ မိနစ်၊ စက္ကန့် တွေကို Count Down လုပ်ပြီး ပြပေးနေတယ်။ လူတွေက အဲဒါကို ကြည့်ပြီး တစ်နေ့တာ လုပ်ရမှာတွေကို ချိန်ပြီးလုပ်နေကြရတယ်။

ဥပမာ အလုပ်လုပ်ရင် ပိုက်ဆံမပေးပဲ အသက်ဆက်ရှင်ဖို့ အချိန်ကို ပေးတယ်။ အချိန်ကို အလုပ်ရှင်က သူတို့ကိုယ်ထဲကို လက်ကနေတဆင့် ထည့်ပေးတယ်။ တစ်ခုခုဝယ်မယ်၊ ဘက်စ်ကားစီးမယ်၊ ပါတီမှာပျော်မယ်ဆိုလည်း ကိုယ့်ရဲ့ သက်တမ်းထဲက အချိန်ကို လက်ကနေတဆင့် ကျသင့်ငွေရှင်းသလို ရှင်းရတယ်။ သူတို့ကိုယ်ထဲမှာ အချိန်က နာရီပိုင်းပဲကျန်တော့တယ်၊ ထပ်ပြီး ဖြည့်ဖို့အတွက် အခြေအနေမပေးတော့ဘူးဆိုရင် လက်က အချိန်က တဖြေးဖြေးနှင့် သုညစက္ကန့်ကို ရောက်ပြီး သွားရင်းလာရင်းနှင့်ပဲ လဲကျသေဆုံးကြရတော့တယ်။ Time is money ဆိုတဲ့စကားကို အတွေးအခေါ်ဆန်းသစ်ပြီး ရိုက်ထားတဲ့ ကားလို့ ထင်မိပါတယ်။

ကျွန်တော် အဲဒီရုပ်ရှင်ကြည့်နေရင်းရော၊ ကြည့်ပြီးသွားတဲ့အချိန်မှာရော အချိန်နှင့် သေခြင်းတရားအကြောင်းကို တောက်လျှောက်စဉ်းစားမိတော့တယ်။ တကယ်တော့ ကျွန်တော်တို့မှာလည်း နေရမယ့်အချိန်ဆိုတာက သတ်မှတ်ထားပြီးသားပါ။ သက်တမ်း နှစ်တစ်ရာဆိုပေမယ့် ဘယ်သူမှ နှစ်တစ်ရာပြည့်အောင် မနေနိုင်တော့တဲ့ ခေတ်ဖြစ်နေပါပြီ။ ဘယ်နေ့သေရမယ်ဆိုတာကို သိမထားလို့သာ ကျွန်တော်တို့အားလုံး ပေါ့ပေါ့တန်တန်နေနေကြတာလို့ ထင်ပါတယ်။ တကယ်လို့ အဲဒီရုပ်ရှင်ထဲကလို လက်မှာ လက်ကျန်အချိန်ကို Count Down စနစ်နှင့်သာ တောက်လျှောက် ပြနေမယ်ဆိုပါတော့။ တော်တော်လေး ရင်ခုန်ဖို့တော့ ကောင်းမှာပါ။ လက်ကျန်သက်တမ်းကို အမြဲတမ်း စစ်လို့ရနေမယ်။ ဥပမာ ဒီလထဲသေရမယ့်သူဆိုရင် သူ့ရဲ့ အချိန်တွေက ရက်၊ နာရီ၊ မိနစ်၊ စက္ကန့် တွေလောက်ပဲ ပြတော့မယ်။ တဖြည်းဖြည်းနှင့် လျှော့လာ လျှော့လာပြီး နောက်ဆုံး နာရီလောက်ပဲကျန်တော့မယ်။ ဒီလိုမျိုးသာဆိုရင် အဲဒီလူ ဘာတွေများဆက်လုပ်မလဲ တွေးမိပါတယ်။ ငါဆိုရင်ကော ဘာတွေလုပ်ဖြစ်မလဲပေါ့။

ကျိန်းသေတာတော့ အပိုတွေကို အချိန်ကုန်ခံပြီး လုပ်တော့မှာ မဟုတ်တော့ပါဘူး။ အချိန်က ကိုယ့်အတွက် အဖိုးအရမ်းတန်နေတော့ တကယ်လိုအပ်မယ့်ကိစ္စတွေ၊ မဖြစ်မနေလုပ်ရမယ့် ကိစ္စတွေကိုပဲ လုပ်ဖြစ်တော့မှာပါ။ ဒီလူတစ်ယောက်အတွက် ဖြုန်းစရာ အချိန်ဆိုတာ မရှိတော့ဘူး။ သူအကျိုးရှိမှာတွေကိုပဲ ရွေးလုပ်ဖြစ်တော့မှာ။ စက္ကန့်ပိုင်းလေးတွေက အစ သူ့အတွက် တန်ဖိုးရှိနေမှာ အမှန်ပါပဲ။

- - - - - - -

ပြီးခဲ့တဲ့ တစ်လလောက်က မြန်မာပြည်မှာတုန်းက မိတ်ဆွေတစ်ယောက်ပြောပြဖူးတာလေးက စိတ်ထဲရောက်လာတယ်။ အချိန်ပေးနိုင်ရင် ပဋ္ဌာန်းပစ္စယနိဒ္ဒေသပါဠိတော်ကို တစ်ရက်ကို (၂၄)ခေါက်နှုန်းနှင့် (၂၄) ရက် ပူဇော်ကြည့်ဖို့ တိုက်တွန်းဖူးတယ်။ အဲဒါကို စိတ်ထဲက စမ်းကြည့်ပူဇော်ချင်လာတာနှင့် ကိုယ့်မှာ အချိန် လုံလောက်မှုရှိလားလို့ တွက်ကြည့်တော့ တစ်ရက်ကို (၈)နာရီလောက် အချိန်အားရနေတာ သတိထားမိတယ်။ ဒါနဲ့ လုပ်ရင်ဖြစ်လောက်ပါတယ်လေဆိုတဲ့စိတ်နှင့် အဲဒီအဓိဋ္ဌာန်ကို စပြီး ၀င်ဖြစ်လိုက်တယ်။

အဓိဋ္ဌာန်ဝင်ပြီး သုံးလေးရက်လောက်ရှိတဲ့အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် အလုပ်က တစ်လခွဲလောက် ပုံမှန်ထက် အချိန်တိုးပြီး လုပ်ပေးရဖို့ ဖြစ်လာတယ်။ အဓိဋ္ဌာန်ကလည်း ရက်အတော်ရနေပြီဆိုတော့ ဖျက်လိုက်ရမှာ အတော်လေးနှမြောမိပါတယ်။ ဒါနဲ့ တစ်ရက်၊ နှစ်ရက် စမ်းကြည့်မယ်လို့ စိတ်ကူးလိုက်တယ်။ တစ်ရက် (၂၄) နာရီမှာ အလုပ်အတွက် အချိန်က (၁၄) နာရီ ပေးလိုက်ရတယ်။ (၁၄) နာရီလုံး အလုပ်လုပ်နေရတာ မဟုတ်ပေမယ့် တခြားကိစ္စမလုပ်နိုင်ပဲ သူ့အတွက် စိတ်ရော၊ ကိုယ်ရော အချိန်ဖဲ့ပေးလိုက်ရတာနဲ့ အဲဒီလောက် ဖြစ်သွားတယ်။ အိပ်ချိန်က (၅)နာရီခွဲ ပတ်ချာလည်လောက်ယူလိုက်တယ်။ ကျန်တဲ့အချိန်အားလုံးမှာ ပဋ္ဌာန်း (၂၄)ခေါက်ကို မရ၊ ရအောင် ပူဇော်ပါတော့တယ်။

ပထမရက်တွေမှာတော့ အတော်လေး ပင်ပန်းပါတယ်။ ခဏခဏ အဓိဋ္ဌာန်ကို ဖျက်လိုက်ချင်စိတ်တွေ ပေါက်လာပါတယ်။ ဒါပေမယ့် ကိုယ့်ဖာသာ ပြန်ပြန်စီစစ်ပြီး ဆုံးမရပါတယ်။ ဘာလို့ ဖျက်ချင်ရတာလဲ။ ဘာအဆင်မပြေတာရှိလို့လဲ ဆိုပြီးတော့ မေးကြည့်တယ်။ တခြားကိစ္စလုပ်ဖို့တော့ အချိန်ပိုက လုံးဝကို မရှိပေမယ့်လို့ ပဋ္ဌာန်းကိုက ပူဇော်နိုင်လောက်အောင် အချိန်က လုံလောက်နေတာပဲ။ ဘာလို့ စိတ်လျှော့ချင်တာလဲလို့ ပြန်ပြန် အားတင်းဆုံးမရပါတယ်။ ဒီလိုနှင့်ပဲ (၂၄) ရက်ပြည့်သွားခဲ့ပါတော့တယ်။ အခေါက် (၆၀၀) ပြည့်သွားအောင် နောက်ထပ် တစ်ရက်တောင် ထပ်ပြီး ပူဇော်ဖြစ်လိုက်ပါသေးတယ်။

ဒီအကြောင်းသိရတော့ ကျွန်တော့်ကို မေးချင်တဲ့ မေးခွန်းတွေ ရှိလာလောက်တယ်။ ဘာအကျိုးမျှော်ပြီး ရွတ်တာလဲ၊ ဘာအကျိုးများ ရသွားလဲ၊ ပဋ္ဌာန်းကို ဒီလိုရွတ်ရုံနှင့် ဘာအကျိုးရှိမှာလဲ စသဖြင့်ပေါ့။

ရွတ်ဖြစ်တာကတော့ မိတ်ဆွေပြောဖူးတဲ့စကားလေးကို အကောင်အထည်ဖော်ကြည့်ချင်တာရယ်၊ နောက် ဒီလို ရက်ရှည် အချိန်တွေ အများကြီးပေးပြီး လုပ်ရတဲ့ အလုပ်တစ်ခုကို လုပ်ကြည့်ချင်တာရယ်၊ မြတ်စွာဘုရားကို ပဋ္ဌာန်းနှင့် ပူဇော်ဖူးချင်တာရယ်၊ အဓိဋ္ဌာန်ပါရမီ ဖြည့်ချင်တာရယ်ကြောင့်ပါပဲ။

ဘာအကျိုးမျှော်လဲဆိုတော့ နိဗ္ဗာန်အကျိုးကိုပဲ မျှော်တယ်လို့ ပြောချင်ပါတယ်။ ဘာအကျိုးများ ရသွားလဲဆိုရင် ပထမအကျိုးအနေနှင့်ကတော့ အချိန်တွေ ကိုယ့်မှာ တော်တော်များများ ပိုလျှံနေတာ သတိထားလိုက်မိတယ်။ ပုံမှန်တခြားအချိန်တွေမှာသာ တစ်နေ့ (၁၄) နာရီလောက် အလုပ်လုပ်ရမယ်ဆိုရင် အလုပ်က ပြန်ရောက်တာနှင့် ပင်ပန်းတာ အကြောင်းပြပြီး ဘာမှ မယ်မယ်ရရ လုပ်ဖြစ်မှာ မဟုတ်ပါဘူး။ အခုတော့ အဓိဋ္ဌာန်တစ်ခုကို ထိန်းထားတယ်၊ ဖြစ်အောင်လုပ်ရမယ် ဆိုတဲ့စိတ်နှင့် အချိန်တွေကို မရ ရအောင်ယူပြီး လုပ်ဖြစ်သွားပါတယ်။ ဘာသာရေး အဓိဋ္ဌာန်မှရယ်မဟုတ်ပါဘူး။ တခြား လောကီရေးဖြစ်တဲ့ ပညာရပ်တစ်ခုခုလေ့လာတာပဲဖြစ်ဖြစ်၊ ၀ါသနာပါတာတစ်ခုခုကို လေ့ကျင့်ပျိုးထောင်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် စိတ်အေးချမ်းမှုအလေ့အကျင့်ဖြစ်တဲ့ သမထ၊ ၀ိပဿနာ ဘာဝနာ တစ်ခုခု လုပ်တာပဲဖြစ်ဖြစ် တကယ်လုပ်ချင်တယ်ဆိုရင် ကိုယ့်မှာ အချိန်တွေရှိနေသေးတာ သတိထားမိသွားပါတယ်။

ဒုတိယအကျိုးအနေနှင့်ကတော့ စိတ်စူးစိုက်မှုအလေ့အထတစ်ခုကို ကျင့်မိလျက်သား ဖြစ်သွားခြင်းပါပဲ။ လမ်းသွားရင်း၊ လူကူးမျဉ်းကြားမှာ လမ်းဖြတ်ကူးဖို့စောင့်ရင်း၊ ရထားစီးရင်း၊ ဆူညံသံပေါင်းစုံတွေကြားမှာ ကိုယ်ရွတ်စရာရှိတဲ့ ဘုရားစာကို အာရုံမလွင့်အောင် ထိန်းပြီး ရွတ်ရတာ သမထဘာဝနာတစ်ခုပွားနေရသလိုပဲ ခံစားရပါတယ်။

တတိယအကျိုးအနေနှင့်ကတော့ မနက် မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်လိုက်တာနှင့် ငါပဋ္ဌာန်းရွတ်ရမယ်ဆိုတဲ့ အသိက စ၀င်လာပြီး အဲဒီအသိက တစ်နေကုန် ဖြစ်နေခြင်းပါပဲ။ နဲနဲလေး မအားလိုက်နှင့်။ အားတာနှင့် ပဋ္ဌာန်းရွတ်မယ် ဆိုတာမျိုး ဖြစ်သွားပါတယ်။ ကိုယ့်ဖာသာလည်း အဲဒီလို ဖြစ်သွားတာကို ကျေနပ်မိပါတယ်။

- - - - - -

ဒါကြောင့် ခုန အပေါ်မှာပြောခဲ့တဲ့ ဂျာနယ်ထုတ်တဲ့အကိုက အချိန်အကြောင်းပြောလာတော့ ကျွန်တော် သူပြောတဲ့စကားကို လေးလေးနက်နက်နှင့်ကို ထောက်ခံချက် ပေးမိလိုက်ပါတယ်။

ဟုတ်ပါတယ်။ ကျွန်တော်တို့အားလုံးမှာ ကိုယ်လုပ်ချင်တာ၊ ကိုယ်ဝါသနာပါတာ၊ တန်ဖိုးရှိတာတွေကို လုပ်ဖို့အတွက် ယူတတ်မယ်ဆိုရင် အချိန်တွေ ကျန်နေပါသေးတယ်။ ကိုယ့်အတွက် မလိုတာတွေ၊ အရေးမကြီးတာတွေကို လုပ်နေမိတဲ့အချိန်တွေကို လျှော့လိုက်ပါ။ လုပ်မယ်လို့ စိတ်ကူးထားတာတွေကို ဖြစ်နိုင်ရင် စိတ်အဓိဋ္ဌာန်တင်ပြီး လုပ်ကြည့်ပါ။ ဒါဆိုရင် လွယ်လွယ်နှင့် လုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ထင်ထားတာတွေဟာ လုပ်ဖြစ်သွားတာ တွေ့ရပါလိမ့်မယ်။

ကျွန်တော်တို့မှာ နေရဖို့ အချိန်က လက်ကျန်သိပ်မရှိတော့ပါဘူး။ ဖြစ်နိုင်ရင် အချိန်သိပ်မဆွဲနေပါနဲ့တော့။ လုပ်ရမှာ တစ်ခုခုကို စဖြစ်အောင် စလုပ်လိုက်ကြပါလို့...။


(ဒီဆောင်းပါးဖြင့် ကျွန်တော့် Status မှာ တင်ခဲ့တဲ့ သုံးလုံးဂဏန်းတွေရဲ့  အဓိပ္ပါယ်ကို သိချင်နေကြတဲ့ မိတ်ဆွေတွေအားလုံးကို အဖြေပေးလိုက်ပါတယ်နော်။)

လေးစားစွာဖြင့်
ဝိမုတ္တိသုခ
၂၄၊ ၅၊ ၂၀၁၂။ (ကြာသပတေးနေ့)

No comments:

Post a Comment