Tuesday, May 22, 2012

မစိုးရိမ်ဆရာတော်ဘုရားကြီးနှင့် ကျွန်တော့်ရဲ့  စိတ်ကူးပေါက်အလှူ


မစိုးရိမ်ဆရာတော်ဘုရားကြီး တိုကျို မြန်မာဘုန်းကြီးကျောင်းကို မေလဆန်းကတည်းကကြွရောက်လာတာကို စရောက်ရောက်ချင်းကတည်းက သိထားခဲ့ပေမယ်လို့  ဘယ်လိုမှ မအားတာနှင့် သွားပြီး မဖူးနိုင်ခဲ့ပါဘူး။ တရားပွဲ နှစ်ပွဲသာလုပ်ပြီးသွားတယ်။ မရောက်ဖြစ်ခဲ့ဘူး။

ဆရာတော်ကြီးအကြောင်းကို မြန်မာပြည်မှာ ရှိတုန်းက နည်းနည်းပါးပါးသိထားခဲ့ပြီး ဒီကိုရောက်တော့မှ အွန်လိုင်းကနေတဆင့် ပိုပြီးအကျွမ်းတ၀င်ရှိလာခဲ့ပါတယ်။ စင်္ကာပူနှင့် အမေရိကားမှာ ဟောထားတဲ့ဆရာတော်ကြီးတရားတော်တွေကို နာဖူးတာတွေရော၊ ဘုန်းဘုန်း ဓမ္မဂင်္ဂါရေးတဲ့ မစိုးရိမ်ဆောင်းပါးများကနေတဆင့်ရော ဆရာတော်ကြီးရဲ့  သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့အပေါ်မှာ ကြည်ညိုမှုတိုးရင်း ဖူးချင်နေခဲ့တာ ကြာခဲ့ပါပြီ။

ဆရာတော်ကြီးကို မြန်မာပြည်မှာ ဖူးမြော်ခွင့်ရဖို့ဆိုတာ ကျွန်တော့်အတွက်တော့ တကယ်မလွယ်ကူနိုင်တဲ့ကိစ္စပါ။ မန္တလေးကိုလည်း သွားဖြစ်မှ၊ မစိုးရိမ်ကျောင်းတိုက်ကိုလည်း ရောက်ဖြစ်မှ၊ ဆရာတော်ကြီးကလည်း ကျောင်းမှာရှိနေအုံးမှ၊ ရှိနေရင်တောင် ကိုယ့်ကိုအဖူးခံဖို့အတွက် အချိန်ကပေးနိုင်အုံးမှ။ အခုတော့ ဆိုက်ဆိုက်မြိုက်မြိုက်ကို ကိုယ်ရှိတဲ့နေရာအရပ်ကို ဆရာတော်ကြီးက ကြွလာတယ်။ ဖူးချင်ရင် ဘုန်းကြီးကျောင်းသွားလိုက်ရုံပဲဆိုတော့ ဒီလိုအခွင့်အရေးမျိုးက ရခဲပါဘိ။

ဒါနဲ့ ဒီနေ့တော့ ဆရာတော်ကြီးကို သွားဖူးဖြစ်အောင် ဖူးတော့မယ်လို့ စိတ်ဆုံးဖြတ်ပြီး ကျောင်းကို ဖုန်းဆက် အခြေအနေမေးကြည့်လိုက်ပါတယ်။ ဆရာတော်ကြီး ဒီညနေ အပြင်မကြွပဲ ကျောင်းမှာပဲရှိနေမယ်။ လာချင်လာခဲ့လို့ ကျောင်းက ဦးဇင်းက ပြန်ဖြေတော့ အားရ၀မ်းသာစွာနှင့် ဘုန်းကြီးကျောင်းဘက်ကို  ခြေဦးလှည့်ခဲ့ပါတော့တယ်။

လမ်းမှာ ဆရာတော်ကြီးကို ကြုံတောင့်ကြုံခဲ တစ်ခုခုလှူချင်စိတ်က ဖြစ်လာပါတယ်။ ဘာလှူရင်ကောင်းမလဲလို့ စဉ်းစားမိတယ်။ ဆရာတော်ကြီးအတွက် တကယ်အသုံးတည့်မယ့် ပစ္စည်းတစ်ခုခု လှူချင်တဲ့စိတ်ကဖြစ်လာတယ်။ သင်္ကန်းတို့၊ ဆေးတို့၊ စားစရာသောက်စရာတွေဆိုတာက လူအတော်များများက လှူကြမှာဆိုတော့ ဆရာတော်ကြီးအနေနှင့် လိုအပ်တာထက်ကို ပိုလျှံတောင်နေမှာပါ။ ကျွန်တော်တွေးဖြစ်တာက ဆရာတော်ကြီးက စာချဆရာတော်ကြီးတစ်ပါးမို့ စာပေနှင့် ပတ်သက်ပြီး အထောက်အကူဖြစ်မယ့် ပစ္စည်းတစ်ခုခုလှူရင် ကောင်းမှာပဲလို့ စိတ်ကူးဖြစ်မိတယ်။ ဒါနဲ့ပဲ စာရေးကိရိယာပစ္စည်းတွေရောင်းတဲ့ဆိုင်ထဲ ၀င်ကြည့်လိုက်တယ်။

ဆိုင်ထဲရောက်ပြီး လျှောက်ကြည့်လိုက်တော့ စိတ်ထဲမှာ ၀ယ်ချင်လောက်တဲ့ ပစ္စည်းကရှာမတွေ့သလိုဖြစ်နေတယ်။ ဒါနဲ့ပဲ စာရေးကိရိယာဆိုင်ထဲက ပြန်ထွက်လာခဲ့တယ်။ လမ်းမှာ ကုန်စုံဆိုင်ကြီးတစ်ခုထပ်တွေ့တာနှင့် ဘာရယ်မဟုတ် ၀င်ကြည့်ဖြစ်ပြန်တယ်။ ဟိုကြည့်ဒီကြည့်လုပ်ရင်း ထိုင်ခုံတွေရောင်းတဲ့ဆီကို မျက်စိကရောက်သွားတယ်။ အဲဒီကောင်တာမှာ ကြမ်းပေါ်မှာချပြီး ထိုင်လို့ မှီလို့ရတဲ့ ခေါက်ထိုင်ခုံပုံစံတစ်မျိုးကို သတိထားမိတယ်။ စိတ်ထဲမှာလည်း ဆရာတော်ကြီးက စာရေးတာ၊ စာဖတ်တာ၊ ဆွမ်းစားတာတွေလုပ်ရင် ကြမ်းခင်းပေါ်မှာ ထိုင်လိမ့်မယ်ထင်တယ်။ ဒါဆိုရင် ဒီထိုင်ခုံလေးနှင့်ထိုင်ရရင် သက်တောင့်သက်သာဖြစ်မှာပဲလို့ စိတ်ကူးပုံဖော်မိသွားတယ်။ ဒါနဲ့ပဲ သင်္ကန်းရောင်နှင့်လိုက်ဖတ်မယ့်အရောင်ကိုရွေးပြီး ဆရာတော်ကြီးကိုလှူဖို့ ခုံတစ်လုံး ၀ယ်ဖြစ်သွားတယ်။


ထိုင်ခုံက သိပ်အလေးကြီးမဟုတ်ပေမယ့် နဲနဲတော့ ထုထည်ရှိတယ်။ တကယ်လို့ မြန်မာပြည်ပြန်တဲ့အခါ သယ်ဖို့ အဆင်မှပြေပါ့မလားလို့တော့ တွေးမိတယ်။ ဒါပေမယ့် သယ်သွားတာ မသယ်သွားတာကတော့ ဆရာတော်ကြီး ဆန္ဒပါပဲ။ လှူဖြစ်ဖို့က ကိုယ့်ကိစ္စပဲလို့ နှလုံးသွင်းပြီး ဘုန်းကြီးကျောင်းကို ဆက်ထွက်လာဖြစ်ပါတယ်။

ကျောင်းရောက်တော့ အောက်ထပ်မှာ ကျောင်းကကိုယ်တော်နှစ်ပါးစကားပြောနေကြတယ်။ ဧည့်သည်ဘယ်သူမှမရှိဘူး။ ဒါနဲ့ ဦးဇင်းတွေက ဆရာတော်ကြီး အပေါ်ထပ်မှာ စာဖတ်နေတယ်။ ကိုယ့်ဖာသာမိတ်ဆက်ပြီး သွားဖူးပေတော့ဆိုပြီး အပေါ်ကိုလွှတ်လိုက်ကြပါတယ်။ အပေါ်ထပ်ရောက်တော့ ကုတင်အောက်ကြမ်းပြင်ပေါ်မှာ ဆရာတော်ကြီးကထိုင်နေပြီး ကုတင်ပေါ်မှာ စာအုပ်တစ်အုပ်ကိုတင်ကာ အ၀င်ဝတံခါးကို ကျောပေးလို့ စာကို စိတ်ဝင်တစားဖတ်နေပါတယ်။

ကျွန်တော်လည်း အသံမထွက်အောင် တိတ်တိတ်လေး ၀င်သွားပြီး ဆရာတော်ကြီးနောက်ခပ်လှမ်းလှမ်းမှာ ထိုင်၊ ဦးချပြီး ဆရာတော်ကြီးကို “ဆရာတော်ဘုရား” လို့ အသံပြုပြီး ခေါ်ပါတယ်။ ဒါပေမယ့် ဆရာတော်ကြီးက မကြားဘူး၊ ဒါနဲ့နောက်တစ်ကြိမ်ထပ်ခေါ်တယ်။ ဒါလည်း မကြားဘူး။ အဲဒါနှင့် ဆရာတော်ကြည့်ရတာ စာထဲလုံးဝ စိတ်နှစ်ပြီးဖတ်နေတာနေမယ်ဆိုပြီး မနှောက်ယှက်ချင်တော့တာနှင့် အောက်ပြန်ဆင်းလာခဲ့လိုက်တယ်။ အောက်ရောက်တော့ ဦးဇင်းနှစ်ပါးက ”ရတယ်ဒကာ၊ အားမနာပါနဲ့၊ ထပ်သာ အသံကျယ်ကျယ်ပြုပြီး အော်ခေါ်ပါ” ဆိုတာနှင့် နောက်တစ်ကြိမ် အပေါ်ထပ်ကို ထပ်တက်သွားလိုက်ပါတယ်။ ဒီတစ်ခါတော့ ဆရာတော့်ကျောနားလောက်အထိ သွားပြီး “ဆရာတော်ဘုရား” လို့ ခေါ်တော့မှ ဖျက်ခနဲလှည့်ကြည့်ပါတော့တယ်။ ဟူး.....တော်သေးရဲ့ ။

ဒါနဲ့ ဆရာတော်ကြီးကို “တပည့်တော် လာဖူးတာပါဘုရား၊ ဒါလေးလည်း လှူချင်လို့ပါ။”ဆိုပြီး သယ်လာတဲ့ စက္ကူပုံးကို ကပ်ဖို့လုပ်တော့ ဆရာတော်ကြီးက “အဲဒါဘာလဲဒကာ” ဆိုတော့ ”ထိုင်ခုံပါဘုရား၊ ကြမ်းပေါ်မှာ ထိုင်လို့ရတဲ့ ခုံပါ” ဆိုတော့ ဆရာတော်ကြီးက “ဟေ...ဟုတ်လား၊ ဒါဆို ကပ် ဒကာ။ အခု ထိုင်ကြည့်ရအောင်။” တဲ့ဗျာ။

ထိုင်ခုံပုံးကို ကပ်တော့ ဆရာတော်ကြီးတိုင်ပေးတာကို နောက်ကလိုက်ဆိုပြီးတဲ့နောက် ပုံးကိုဖောက်၊ အထဲက ထိုင်ခုံကိုထုတ်ပြီး ဆရာတော်ကြီးကို ထိုင်လို့ရအောင် နေသားတကျပြင်ပေးလိုက်တော့ ဆရာတော်ကြီးက ခုံပေါ်ကို ပြောင်းပြီး သီတင်းသုံးတော်မူပါတော့တယ်။ စိတ်ထဲ ကြည်နူးလိုက်တယ်ဖြစ်ခြင်း....။


ပြီးတော့ ဆရာတော်ကြီးနှင့် စကားစမြည်ပြောဖြစ်ပါတယ်။ ဆရာတော်ကြီး ပြောသွားတာတွေထဲက မှတ်မိသလောက် ပြန်ပြောပြရရင် အင်္ဂလိပ်စာကို စနစ်တကျ ကြိုးစားသင်ယူဖို့၊ သင်ယူပြီးရင်လည်း မြန်မာပြည်ပြန်ရောက်တဲ့အခါ လူငယ်တွေကို ပြန်လည်သင်ကြားပို့ချပေးဖို့၊ ဆင်းရဲနွမ်းပါးသူတွေကို အလကားသင်ပေးဖို့၊ ဦးသန့်၊ ဂျာနယ်ကျော်ဦးချစ်မောင်၊ ဗိုလ်ချုပ်အောင်ဆန်းတို့လို အသက်ငယ်ပေမယ့် အင်္ဂလိပ်စာတော်တဲ့သူတွေဖြစ်အောင်လုပ်ဖို့၊ ဘာသာစကားတွေကို များများတတ်ကျွမ်းနားလည်အောင် ကြိုးစားဖို့၊ စာကို များများဖတ်ဖို့၊ ဘယ်စာကိုမှ မရွေးပဲ လက်လှမ်းမှီသမျှ အကုန်ဖတ်ဖို့ တိုက်တွန်းမိန့်တော်မူပါတယ်။ နောက် နိုင်ငံခြားရောက်နေတဲ့ မြန်မာမိဘတွေက သားသမီးတွေကို မြန်မာစကားကို စနစ်တကျနှင့် ပီပီသသပြောတတ်အောင် လေ့ကျင့်သင်ကြားပေးဖို့လိုကြောင်း၊ သူရောက်ခဲ့ဖူးတဲ့ နိုင်ငံတွေမှာ မြန်မာကလေးတွေ မြန်မာစကား ကောင်းကောင်းမပြောတတ်ကြတာတွေ တွေ့ခဲ့ကြောင်း၊ ဒါမျိုးက မဖြစ်သင့်ကြောင်း၊ မိဘတွေဘက်က ဒီကိစ္စမပေါ့ဆသင့်ကြောင်းလည်း မိန့်ကြားပါတယ်။ နောက် မှန်တာကို ပြောရဲ၊ ဆိုရဲ လုပ်ရဲဖို့လိုကြောင်း၊ ဒီအတွက်သတ္တိရှိရမှာဖြစ်ကြောင်းလည်း ဆုံးမတော်မူပါတယ်။

ကျွန်တော်နှင့် စကားလက်ဆုံပြောနေတုန်းမှာပဲ ဆရာတော်ကြီးကို လာဖူးကြတဲ့ တခြားဒကာ၊ ဒကာမတွေလည်း ရောက်လာတာနှင့် ဆက်လက်ပြီး ထွေရာလေးပါး ပြောဖြစ်ကြပါတယ်။ ဆရာတော်ကြီးက သူ့ရဲ့  ထောင်တွင်းအတွေ့အကြုံတွေကို ဗဟုသုတအဖြစ် မိန့်ကြားတော်မူပါသေးတယ်။ စကားကောင်းတုန်းမှာပဲ ည ကိုးနာရီခွဲသွားတာနှင့် ဆရာတော်ကြီးက သူကျိန်းတော့မယ်လို့ ပြောလာပြီး ကျွန်တော်တို့အားလုံးလည်း ၀တ်ချနှုတ်ဆက်ကန်တော့ကာ ဆရာတော်ကြီးအခန်းထဲကနေ ပြန်ထွက်လာခဲ့ကြပါတော့တယ်။

အမြဲတမ်း ဓါတ်ပုံတွေထဲမှာ ဖူးတွေ့ရတဲ့အခါတိုင်း ခါးကိုမတ်ပြီး အမြဲထိုင်တတ်တဲ့၊ အသံသြဇာနှင့် ပြည့်စုံတဲ့၊ ပြတ်ပြတ်သားသား စကားပြောလေ့ရှိတဲ့ သက်တော် (၇၉) နှစ်ဖြစ်ပေမယ့် ကျန်းမာရေးကောင်းနေတုန်းရှိသေးတဲ့ စိတ်ဓါတ်ကြံ့ခိုင်ပြီး အားကျအတုယူချင်စဖွယ် ဂုဏ်တော်တွေနှင့် ပြည့်စုံတဲ့ ဆရာတော်ဘုရားကြီးကို အနီးကပ်ပူဇော်ကြည်ညိုခွင့်ရလိုက်လို့ အတိုင်းမသိကြည်နူးမှုတွေနှင့်အတူ ဓမ္မမောင်နှမတွေကို ပြန်လည်ဖောက်သည်ချချင်လို့ ဒီစာကို ရေးလိုက်ရပါတော့တယ်ခင်ဗျာ။

(ဘုန်းဘုန်း ဓမ္မဂင်္ဂါရေးတဲ့ မစိုးရိမ်အလွမ်းများဆောင်းပါးတွေကို ဒီလင့်ခ်မှာ  သွားရောက်ဖတ်ရှုနိုင်ကြောင်းပါ။)

လေးစားစွာဖြင့်
ဝိမုတ္တိသုခ
၂၂၊ ၅၊ ၂၀၁၂။ (အင်္ဂါနေ့)

No comments:

Post a Comment