
တလောက
မိတ်ဆွေတစ်ယောက် သူ့အိပ်ခန်းခေါင်းရင်းဘက်မှာ ဘုရားကျောင်းဆောင်လေးတစ်ခု
လုပ်နေတုန်း ကျွန်တော်ရောက်သွားခဲ့တယ်။ သူက သူ့စိတ်ကြိုက်
မြတ်စွာဘုရားပုံတော်တွေ၊ ဓါတ်တော်တွေ၊ တရားစာအုပ်တွေနှင့်
မိဘဓါတ်ပုံတွေကို တရိုတသေ နေရာချနေတာကြည့်ပြီး ကျွန်တော်
စိတ်ကြည်နူးမိတယ်။ နောက် သူက မြတ်စွာဘုရားကို ဖယောင်းတိုင်မီးနှင့်
အမွှေးတိုင်ပူဇော်ဖို့ နေရာစီစဉ်နေတော့ ကျွန်တော် သူ့ကို
သတိပေးစကားပြောဖြစ်ခဲ့တယ်။ ဒီနိုင်ငံမှာ နေကြရတဲ့ အခန်းတွေက ကျဉ်းပြီး
ရာသီဥတုအခြေအနေအရ တံခါးတွေက အလုံပိတ်တွေနှင့်မို့လို့ လေ၀င်လေထွက်က
မကောင်းတဲ့အတွက် အမွှေးတိုင်ပူဇော်တာ သိပ်တော့ မသင့်လျှော်ဘူးထင်ကြောင်း၊
သဒ္ဓါတရားကို ပိတ်ပင်တားဆီးသလိုမျိုး ဖြစ်မှာလည်း စိုးကြောင်း၊
အမွှေးတိုင်အစား တခြားအစားထိုး တစ်ခုခုသုံးပြီး ပူဇော်တာ
ပိုကောင်းမယ်ထင်ပါကြောင်း၊ နောက်ပြီး အတူနေတဲ့ အခန်းဖော်မိတ်ဆွေကိုလည်း
အမွှေးတိုင်အနံ့ အဆင်ပြေမပြေ အရင်မေးပြီးမှ ပူဇော်တာ ကောင်းမယ်ထင်ကြောင်း
ပြောဖြစ်ခဲ့ပါတယ်။
ကျွန်တော်
မြန်မာပြည်မှာရှိနေခဲ့တုန်းကတော့ တစ်လျှောက်လုံး မြတ်စွာဘုရားကို ပန်း၊
ဆီမီး၊ ရေချမ်း၊ အမွှေးနံ့သာ ဆိုပြီး အမြဲ အတွဲလိုက် ပူဇော်နေကြပါ။ ကိုယ်က
ဘုရားကို ပူဇော်ချင်တဲ့စိတ်က အားကြီးနေတော့ အမွှေးတိုင်ရဲ့ 
ဘေးထွက်ဆိုးကျိုးကို သိပ်မစဉ်းစားဖြစ်ခဲ့ပါဘူး။ အိမ်မှာ ဒါမှမဟုတ်
ဘုရားရင်ပြင်မှာ ပူဇော်ဖြစ်တော့လည်း လေ၀င်လေထွက်က ကောင်းနေတော့
အမွှေးတိုင်အနံ့ကို ပြဿနာလို့ မထင်မိခဲ့တာ အမှန်ပါ။ ဒါပေမယ့်
နောက်ပိုင်းတော့ တဖြည်းဖြည်းနှင့် အမွှေးတိုင်ပြဿနာကို
စဉ်းစားမိလာဖြစ်ခဲ့ပါတယ်။
ဒီနိုင်ငံရောက်လာတော့ ကိုယ်နေရတဲ့
အခန်းအနေအထားကို ကြည့်ပြီး ဘုရားကို အမွှေးတိုင်နှင့် ပူဇော်ရင်
အဆင်မပြေလောက်ဘူးဆိုတာ သတိထားမိခဲ့ပါတယ်။ စိတ်ထဲမှာ မြတ်စွာဘုရားကိုလည်း
အမွှေးနံ့သာတစ်ခုခုနှင့် ပူဇော်ချင်တဲ့စိတ်က ဖြစ်နေပါတယ်။ အဲဒီအချိန်မှာ
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ အီတလီမှာရောက်နေတဲ့ အမ မသစ္စာအလင်း (http://www.facebook.com/thanthan.sein)
နှင့် အွန်လိုင်းမှာ ခင်မင်ရင်းနှီးခွင့်ရခဲ့ပါတယ်။ ကျွန်တော့်ကို
မြတ်စွာဘုရားကို အမွှေးနံ့သာနှင့် ဘယ်လိုပူဇော်လို့ရတယ်ဆိုတာကို
သင်ပြပေးပြီး ဆရာတော်အရှင်ဆန္ဒာဓိကရဲ့  တရားတစ်ပုဒ်
နာခိုင်းခဲ့ပါတယ်။ နောက်ပြီး အမက ကျွန်တော်ပူဇော်လို့ရအောင်
မြတ်စွာဘုရားရှင်ဓါတ်တော်တွေရယ်၊ ရဟန္တာအရှင်မြတ် ရှင်သီဝလိဓါတ်တော်တွေရယ်၊
နောက် အီတလီရေမွှေးပုလင်း တစ်ပုလင်းရယ်ကို ဓမ္မလက်ဆောင်အဖြစ်
လှမ်းပို့ပေးလိုက်ပါတော့တယ်။
ကျွန်တော်လည်း ဆရာတော်ဟောထားတဲ့ “နံ့ သာဖြင့် ထုံမွမ်းအပ်သော”
ဆိုတဲ့ တရားကို နာယူဖြစ်ခဲ့ပြီး မြတ်စွာဘုရားရှင်ကို အမွှေးနံ့ သာဖြင့်
စနစ်တကျပူဇော်ပုံကို နည်းယူမှတ်သားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းတော့
အမလက်ဆောင်ပေးတဲ့ ရေမွှေးကို ပုဝါတစ်ထည်မှာ ဆွတ်ဖြန်းပြီး ဘုရားရှင်ကို
အမြဲတမ်း ပူဇော်ဖြစ်ခဲ့ပါတော့တယ်။ အခုဆိုရင် ကျွန်တော့်အခန်းမှာ
ဘုရားရှင်ကို ပူဇော်ထားတဲ့ ရေမွှေးနံ့က အမြဲတမ်းသင်းပျံ့ နေပါတယ်။ အပြင်က
ပြန်ရောက်လာတိုင်း အခန်းထဲဝင်လိုက်တာနှင့် ရေမွှေးနံ့ကို
စတင်သတိထားမိတတ်ပြီး မြတ်စွာဘုရားကို အမွှေးနံ့သာနှင့် ပူဇော်ထားတာပါလား
ဆိုတဲ့ အမှတ်ရမှုကို ဖြစ်ပေါ်စေပါတယ်။
ရေမွှေးနဲ့ ပူဇော်တာဟာ
အမွှေးတိုင်ထွန်းပြီး ပူဇော်တာထက် အားသာချက်တွေရှိတာကို သတိပြုမိပါတယ်။
အဓိကကတော့ မီးခိုးငွေ့ပြဿနာ လုံးဝမရှိခြင်းပါပဲ။ အမွှေးတိုင်ရဲ့ အငွေ့ဟာ
နံ့သာပါတယ်ဆိုပေမယ့်လို့ ရှူမိသူတွေအတွက် ရေရှည်မှာ ကျန်းမာရေးကို
ထိခိုက်စေနိုင်ပါတယ်။ နောက် အမွှေးတိုင်မီးလောင်ပြီး ကျလာတဲ့ ပြာတွေကလည်း
အမှိုက်ပွစေတတ်ပြီး လေတိုက်တဲ့အခါလည်း နေရာအနှံ့ ကို လွင့်တတ်ပါသေးတယ်။
နောက် အမွှေးတိုင်ဆိုတာမျိုးက တစ်ကြိမ်ပူဇော်ရင် မိနစ်အနည်းငယ်သာ
အချိန်ကြာမြင့်နိုင်ပါတယ်။ အမွှေးတိုင်ကုန်ရင် အနံ့လည်း ကုန်သွားတာပါပဲ။
ရေမွှေးနှင့် ပူဇော်တာကျတော့ တစ်ခါပူဇော်ထားရင် ရက်နှင့်ချည်ပြီး ရနံ့ က
ပျက်ပြယ်မသွားတတ်ပါဘူး။
ရေမွှေးသုံးပြီး ပူဇော်မယ်ဆိုရင်တော့
ဖြစ်နိုင်ရင် ကိုယ်တန်ဖိုးထားပြီး အမြတ်တနိုးသုံးစွဲတဲ့ ရေမွှေးမျိုးနှင့်
ဘုရားရှင်ကို ပူဇော်တာကတော့ အကောင်းဆုံးဖြစ်မှာပါပဲ။ ကိုယ်ကိုယ်တိုင်က
ရေမွှေးသုံးလေ့သုံးထမရှိဘူးဆိုရင်တော့ အနံ့တအားမပြင်းတဲ့ ရေမွှေးမျိုးကို
ရွေးချယ်သင့်ပါတယ်။ နောက်ပြီး ရေချိုးခန်းသုံးရေမွှေးမျိုးတွေ
မသုံးမိဖို့လည်း သတိပြုသင့်ပါတယ်။ တချို့ ရေမွှေးတွေမှာ တိရစ္ဆာန်တွေရဲ့ 
သွေးသားကထွက်တဲ့အဆီအနှစ်တွေကို ထည့်သွင်းအသုံးပြုတတ်ကြတာမို့ အဲဒါမျိုးတွေ
မပါရင်တော့ ပိုကောင်းလိမ့်မယ်လို့ထင်ပါတယ်။ ဒါပေမယ့် မိမိရဲ့ 
စေတနာသဒ္ဓါတရားကသာ အဓိကဖြစ်တာမို့ ရေမွှေးအမျိုးအစားရွေးချယ်မှုကိုတော့
ဒီလောက် ရှေ့ တန်းတင်နေဖို့ တကယ်ကတော့ မလိုပါဘူးလေ။
အမွှေးတိုင်အသုံးပြုတာဟာ
ကျန်းမာရေးရှုထောင့်ကနေကြည့်ရင် ကျွန်တော်တို့တွေအတွက် မကောင်းသလို
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးရှုထောင့်ကကြည့်ရင်လည်း
မကောင်းပြန်ပါဘူး။ အမွှေးတိုင်တွေဖြစ်လာဖို့အတွက် အသုံးပြုနေရတဲ့ သစ်ပင်တွေ
ဝါးပင်တွေက တစ်နှစ်တစ်နှစ်ကိုဆို မနည်းပါဘူး။ ဒါတွေဟာ အခုနေမသိသာပေမယ့်
ရေရှည်မှာ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနှင့်အတူ ဘေးထွက်ဆိုးကျိုးများစွာကို
ဖြစ်ပေါ်လာစေမှာပါ။
ဘယ်လိုပဲဖြစ်ဖြစ် အခုရော၊ နောင်မှာရော
အမွှေးနံ့ သာတိုင်နှင့် ဘုရားရှင်ကို ပူဇော်မယ့်သူတွေကတော့
ရှိနေအုံးမှာပါပဲ။ အခု ကျွန်တော်ရေးတဲ့ ဒီစာဟာ ဒီပုဂ္ဂိုလ်တွေရဲ့ 
သဒ္ဓါတရားကို တန်ဖိုးမထား၊ ကန့်ကွက်လိုတဲ့ ဆန္ဒနှင့် ပြောတာ မဟုတ်ပါဘူး။
ဒါပေမယ့် နံ့သာတိုင်နှင့် ဘုရားကိုပူဇော်သလို တခြားနည်းတစ်ခုနှင့်လည်း
ပူဇော်ကြည့်လို့ ရတယ်ဆိုတာလေး မျှဝေပြောပြချင်လို့ပါခင်ဗျာ။
(ရေမွှေးအလှူရှင် အမ မသစ္စာ အား ကျေးဇူးတင်စွာဖြင့် အမှတ်တရ ဒီဆောင်းပါးကို ရေးလိုက်ပါတယ်။)
လေးစားစွာဖြင့်
ဝိမုတ္တိသုခ
၂၆၊ ၅၊ ၂၀၁၂။ (စနေနေ့)
ဆက်လက် ဖတ်ရှု နာယူရန်
No comments:
Post a Comment