Saturday, March 17, 2012

ဖော်၊ ဖျောက်၊ ပျောက် Legend (အပိုင်း ၃)

ကျွန်တော့် သူငယ်ချင်းတစ်ယောက် တခါကပြောဖူးတယ်။ သူက နောက်ပြီးပြောတာလား၊ တကယ် အတည်ပြောတာလားတော့ မသိပါဘူး။

“သူများတွေက မှတ်ဉာဏ်တွေကောင်းအောင်၊ ဖြစ်ပြီးခဲ့တဲ့ အဖြစ်အပျက်တွေကို ပြန်သတိရနေအောင် လုပ်နေကြတယ်။ ငါကတော့ အရင်ကကိစ္စတော်တော်များများကို မေ့ပစ်ဖို့ပဲကြိုးစားနေတယ်။ ဘာလုပ်မှာလဲ။ ဖြစ်ပြီးခဲ့တာတွေ ခေါင်းထဲမှာလိုက်မှတ်နေတော့ ခေါင်းရှုပ်ရုံပဲရှိမှာပေါ့။” တဲ့။

ကျွန်တော် ဒီစာကိုရေးရင်း သူ့စကားကို ဘာရယ်မဟုတ်။ အမှတ်တရဖြစ်ပြီး ပြုံးမိပါတယ်။

စိတ်ကူးပုံ ဖျောက်ပစ်ခြင်း နိဒါန်း

စိတ်ကူးပုံဖော်တာနှင့်ပတ်သက်ပြီး ကျွန်တော်တို့တွေအနေနှင့် ကိုယ်ကိုယ်တိုင်က စိတ်ထဲမှာ စိတ်လိုလက်ရ ပုံဖော်မိလိုက်တာမျိုးတွေရှိသလို၊ ကိုယ်သတိမထားလိုက်မိပဲ ပုံဖော်လိုက်မိတာမျိုးတွေလည်း အများကြီးရှိနေပါတယ်။ နေ့စဉ်ဘ၀မှာ ကောင်းတာတွေ ပုံဖော်နေသလို၊ မကောင်းတာတွေကိုလည်း ပုံဖော်မိနေတတ်ပါတယ်။

ကောင်းတာတွေ ပုံဖော်မိလို့ ကိုယ့်အတွက် အကျိုးဖြစ်စေပေမယ့်၊ မကောင်းတာတွေကို ပုံဖော်မိခဲ့မယ်ဆိုရင်တော့ နစ်နာမှုတွေက ဘယ်အတိုင်းအတာထိဖြစ်မယ်ဆိုတာ မမှန်းနိုင်အောင်ပါ။ ရှေ့ ပိုင်းမှာ ပြောခဲ့တဲ့ ဒေ၀ဒတ်တို့၊ အဇာတသတ်တို့က သက်သေခံနေပါတယ်။

လူတွေမှာ မကောင်းတဲ့ အမူအကျင့်တွေ၊ ၀ါသနာတွေ၊ စရိုက်ဗီဇတွေဟာ မွေးရာပါသော်လည်းကောင်း၊ ပတ်ဝန်းကျင်ဆီက ကူးစပ်ခံရတာသော်လည်းကောင်း၊ ကိုယ်ကိုယ်တိုင်က လိုလိုချင်ချင်နှင့် လုပ်ယူထားတာတွေသော်လည်းကောင်း အမျိုးမျိုး ကိုယ့်ဆီမှာ ရှိနေတတ်ပါတယ်။ ကိုယ်က သတိမထားမိခင်တုန်းက မသိသာပေမယ့်၊ ကိုယ့်ဖာသာ ပြန်သတိထားမိလိုက်တဲ့အချိန်မှာ အမူအကျင့်တစ်ခု

ကိုယ့်ရဲ့ နေ့စဉ်ဘ၀ထဲမှာ ရောက်နေတာကို တွေ့လိုက်ကြရပါတယ်။

မကောင်းတဲ့အမူအကျင့်တစ်ခုကို ပြင်ဖို့၊ ဖျောက်ပစ်ဖို့လုပ်တဲ့အခါမှာ ပထမဆုံး ဒီအမူအကျင့်ဟာ ကိုယ့်အတွက်မကောင်းဘူး ဆိုတာကို ကိုယ်ကိုယ်တိုင်က တကယ်ယုံယုံကြည်ကြည်နှင့် လက်ခံမှသာ ပြင်လို့ရတတ်တာမျိုးပါ။ ကိုယ်ကိုယ်တိုင်က တကယ်လက်မခံနိုင်ပဲ ဘေးပယောဂတစ်ခုခုရဲ့ ဖိအား၊ တွန်းအားတွေကြောင့် ပြင်ရတယ်ဆိုရင် တချိန်ချိန်မှာ ဒီအမူအကျင့်က ကိုယ့်ဆီပြန်ရောက်လာအုံးမှာပါဘဲ။

ကိုယ့်ဆီမှာ စွဲနေပြီဖြစ်တဲ့ အမူအကျင့်တစ်ခု၊ ၀ါသနာတစ်ခု၊ ငြိတွယ်မှုတစ်ခုကို ပြင်ယူဖို့အတွက်ဆိုရင် စိတ်ကူးပုံဖော်မှုကိုပဲ စပြီးပြင်မှ ရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့အားလုံးဟာ ဘာကိုပဲလုပ်လုပ် တကယ်တော့ စိတ်ကအရင် ပုံဖော်လိုက်ပြီးတော့မှ လုပ်ကြတာမို့လို့ပါဘဲ။ တကယ်လို့ စိတ်ကူးအဆင့်မှာကတည်းက ဒီစိတ်ကူးကို ပြင်လိုက်လို့ရရင် (သို့) ရပ်ပစ်လိုက်နိုင်ခဲ့ရင် ရှေ့ ဖြစ်လာမယ့် အကျိုးဆက်ကို ကိုယ်က ထိန်းသိမ်းထားနိုင်သွားမှာပါ။

စောင့်ထိန်းခြင်း နှင့် အာရုံပြောင်းခြင်း

စိတ်ကူးပုံဖော်မှုကို ဖျောက်ဖို့ကြိုးစားရာမှာ ကိုယ့်စိတ်ကို သတိထားစောင့်ထိန်းပြီးတော့ ဖျောက်လို့ရတဲ့ ပုံစံတစ်မျိုးရှိပါတယ်။

ဥပမာအနေနှင့် ပြောကြပါစို့။ ကျွန်တော်တို့တွေ ဥပုသ်စောင့်ကြတဲ့အခါ အမြဲတမ်းအကျင့်ပါနေလို့ ပါးစပ်က သီချင်းယောင်ပြီး ဆိုမိတတ်ပါတယ်။ အဲဒီအခါမျိုးမှာ ငါ ဥပုသ်ကြီးနှင့်ပါလားဆိုပြီးတော့ အလျင်အမြန် ဘရိတ်အုပ်ရတတ်ပါတယ်။ ဒီ့ထက် သတိပိုကောင်းလာရင်တော့ သီချင်းဆိုချင်စိတ်ပေါ်လာတာနှင့် ငါ သီချင်းဆိုလို့မရဘူး ဆိုပြီး စိတ်ကို ထိန်းထားလိုက်နိုင်ပါတယ်။ ဒီအခါမှာ ဆိုဖို့ ပြင်နေတဲ့ သီချင်းဟာ စိတ်ထဲ ပုံဖော်ရုံအဆင့်အခြေအနေကနေပြီး ရှေ့ ဆက်မတိုးတော့ပဲ ရပ်သွားရပါတော့တယ်။ ဒီဥပမာနှင့် သဘောတရားအတူတူထားပြီး မိမိဖျောက်ချင်တဲ့ အမူအကျင့်တစ်ခုခုကို စိတ်ကူးပုံဖော်တဲ့အဆင့်မှာတင်ပဲ စောင့်ထိန်းမှုနှင့် အားလျှော့ပျက်ပြယ်သွားအောင် ထိန်းသိမ်းနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကို ဘာသာရေးအသုံးအနှုန်းအနေနှင့် သုံးမယ်ဆိုရင်တော့ သီလနှင့် ထိန်းတယ်လို့ ပြောလို့ရမယ်ထင်ပါတယ်။

နောက်တစ်နည်းအနေနှင့်ကတော့ အာရုံပြောင်းပြီး ဖျောက်တဲ့နည်းပါ။ တချို့ တရားရိပ်သာတွေမှာ တရားအားထုတ်ကြတဲ့အခါ စစချင်းရက်တွေမှာဆိုရင် တရားအားထုတ်တဲ့ယောဂီတွေကို ၀င်လေထွက်လေ ကို နှာသီးဖျားလေးမှာ စိတ်ကိုထားပြီးတော့ မှတ်ခိုင်းတတ်ကြပါတယ်။ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် သက်မှတ်ထားတဲ့ နှာသီးဖျားနေရာမှာပဲ စိတ်ကိုထားခိုင်းထားပါတယ်။ ထိုင်တာအချိန်ကြာလာလို့ တစ်နေရာရာက ယားသလိုလို၊ နာသလိုလို ဖြစ်လာရင်လည်း အဲဒီဖြစ်တဲ့နေရာကို စိတ်ကိုရောက်မသွားစေပဲ နှာသီးဖျားမှာပဲ စိတ်ကို စူးစူးစိုက်စိုက် သတိကပ်ပြီး မှတ်ခိုင်းတတ်ပါတယ်။ အဲဒီလို မှတ်လိုက်တဲ့အခါကျတော့ ခုနက ဖြစ်နေတဲ့ ယားတာ၊ နာတာလေးက ပျောက်သလိုဖြစ်သွားပါတယ်။ ဒါဟာ တကယ်တော့ မလိုလားတဲ့နေရာကို အာရုံမရောက်စေပဲ သတ်မှတ်ထားတဲ့ နေရာမှာပဲစိတ်ကိုနေစေပြီး အာရုံကို ပြောင်းယူထားလိုက်တဲ့သဘောမျိုးပါ။ သမာဓိကျင့်စဉ်တစ်မျိုးအဖြစ် လေ့ကျင့်ပေးကြတာပါ။ ဒီသဘောတရားအတိုင်းပါပဲ။ ကျွန်တော်တို့တွေရဲ့  သာမန်နေ့စဉ်ဘ၀မှာ ကိုယ့်အနေနှင့် ဖျောက်ပစ်ချင်တဲ့အမူအကျင့်တစ်ခုခုကို လုပ်ဖို့အတွက် ဆန္ဒပေါ်လာတယ်ဆိုပါစို့။ အဲဒီအခါမှာ ပေါ်လာတဲ့စိတ်ကူးကို တခြားစိတ်ကူးတစ်ခုနှင့်လွှဲယူအစားထိုးလိုက်ပြီး ကိုယ်လွှဲယူလိုက်တဲ့အာရုံအသစ်ထဲမှာ စိတ်ကိုနှစ်ထားလိုက်ခြင်းအားဖြင့် ဖျောက်ပစ်လိုက်လို့ရပါတယ်။

ဒီစောင့်ထိန်းခြင်းနှင့် အာရုံပြောင်းယူခြင်းနည်း နှစ်မျိုးလုံးကို တစ်မျိုးချင်းစီသော်လည်းကောင်း၊ နှစ်မျိုးလုံးကို တစ်လှည့်စီသော်လည်းကောင်း အသုံးပြုရင်း မိမိတို့ဆီမှာ စွဲနေတဲ့ မကောင်းတဲ့ အကျင့် ၀ါသနာ ဗီဇတွေကို မိမိကသာ လိုလိုလားလား ဆန္ဒရှိမယ်ဆိုရင် ဖျောက်ပစ်သွားလို့ ရနိုင်ပါတယ်။ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန်တော့ ဖျောက်ချင်မှ ဖျောက်နိုင်မှာဖြစ်ပေမယ့် စွဲစွဲမြဲမြဲနှင့် နေ့စဉ်ကြိုးစားသွားရင် ဖျောက်လို့ရတာကတော့ ကျိန်းသေပါတယ်။

(ဆက်ရန်)

လေးစားစွာဖြင်

ဝိမုတ္တိသုခ

၂၅၊ ၂၊ ၂၀၁၂။ (စနေနေ့)

No comments:

Post a Comment