Friday, March 30, 2012

ရှိတဲ့ အတိုင်းလည်းသိဖို့ သိတဲ့ အတိုင်းလည်ရှိနေဖို့ - မြသန်းစံ (၂)

အဲဒီအချိန်တုန်းက ဦးတည်ချက်က မိုင်းပြင်းမြို့ နယ် သုဝဏ္ဏသျှမ်တောင်ကို သွားကြဖို့။ မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးကို အကြောင်းပြုပြီး လားဟူလီရှော တိုင်းရင်းသားတွေ ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူကြမယ့် တပေါင်းပွဲတော်။ ဆရာကြီးက ဗုဒ္ဓဘာသာဝင်များ စောင့်ရှောက်ရေး အသင်းကြီးရဲ့  နာယကအဖြစ် တာဝန်ယူလို့။ ကျွန်တော်က အဲဒီအခမ်းအနားကို မြ၀တီရုပ်သံအဖွဲ့နဲ့ မှတ်တမ်းတင်ဖို့ တပည့်လေးယောက်နဲ့ အတူလိုက်ပါလို့၊ လေယာဉ်ခရီး၊ မော်တော်ယာဉ်ခရီး၊ ခြေလျင်ခရီးတွေကို မမောမပန်း မရပ်မနားနဲ့ သွားလာခဲ့ကြလို့။ လွန်ခဲ့တဲ့ (၈)နှစ်ဆိုတော့ အဲဒီအချိန်တုန်းကတောင်မှ ဆရာကြီးက (၆၅)နှစ်ရှိနေပြီ။ ကျွန်တော်က (၃၇)နှစ်ရှိသေး။ သို့ပေမယ့် ကြမ်းတမ်းတဲ့ ခရီးဒဏ်၊ ရာသီဥတုဒဏ်ကြောင့် စစ်မြေပြင်တုန်းက ငှက်ဖျားကအခံရှိပြီးသား ကျွန်တော်က အသက်ငယ်ငယ်နဲ့လမ်းမှာဖျားလို့။ ငှက်ဖျားအတက်ကောင်းလို့။ သည်အချိန်မှာ ဆရာကြီးကတော့ ဒေါင်ဒေါင်မြည်။ ကျွန်တော့်ကိုတောင် အားပေးပြုစု လိုက်သေးတော့။ ရယ်တော့ လည်းရယ်စရာ အကောင်းသား၊ (၆၅)နှစ်ရှိတဲ့ တတိယအရွယ်ထဲ ချဉ်းနင်းဝင်ရောက်နေတဲ့ ဆရာကြီးက (၃၇)နှစ်သာရှိသေးတဲ့ ဒုတိယအရွယ်ထဲက လူငယ်တစ်ယောက်ကို ပြုစုဖေးမခဲ့ပုံလေ။ ကြား-ကြားလို့ပင်ကောင်းနိုင်ပါသေးရဲ့ လား။ အင်း-အဲဒီအကြောင်းတွေကိုလည်း မေတ္တာ၊ ဓမ္မ၊ သာသနာ့ အလင်းရောင် တို့၏ အေးမြသောဆွဲငင်အား ထဲမှာ ကျွန်တော် အသေးစိတ် ရေးခဲ့ပြီးပါပြီ။

သည်ခရီးကို အမှီပြုလို့ ဆရာကြီးဆီက ဓမ္မနဲ့ ပတ်သက်တဲ့ လေ့လာမှုဆိုင်ရာ အသိအမြင်တွေကို အမွေရခဲ့သလို၊ မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးရဲ့ ထူးခြားတဲ့ အဆုံးအမတွေ ကြောင့် အိပ်နေရာက ရုတ်တရက်လန့်နိုးခဲ့ရသူလို ဖြစ်ခဲ့ရတဲ့ ကျွန်တော်ရဲ့  နှလုံးသွင်း အပြောင်းအလဲ အချိုးအကွေ့ကိုဖြင့် ဘယ်အခါမှ မေ့ရနိုင်မှာမဟုတ်။ ဘာကြောင့်သည်လောက်အပြောင်းအလဲ မြန်ခဲ့ရသလိုဆိုတာကို ဓမ္မအတွက်ဘ၀ကို ပုံပေးရင်းက (၈)နှစ်ကြာ အားထုတ်လာခဲ့တဲ့ သက်တမ်း အတွင်းမှာမှ ပါရမီရဲ့ သဘောသဘာဝကို တစ်စထက်တစ်စ ရိပ်မိလာရတာကလား။

အခုဆိုတော့လည်း တစ်ချိန်တုန်းက စတန့်ထွင် သလိုလို၊ ပုံစံတစ်မျိုးနဲ့ အများအာရုံအစိုက်ခံ ရအောင် တမင်ဖန်တီးလုပ်ခဲ့သလိုလို၊ ပုံစံပြဓမ္မ အရေခြုံပြီး၊ ထင်ရာပဲလုပ်တော့မလိုလိုဆိုတဲ့ လက်ညှိုး ထိုး စွပ်စွဲသံတွေလည်း တိုးတိတ်မှေးမှိန်ပျောက်ပျက်ကုန်ကြပြီပေါ့လေ။ အချိန်ဟာ အကောင်းဆုံး တရားသူကြီးပဲ မဟုတ်လား။

ပါရမီဆိုတာ သူတစ်ပါးက ကိုယ့်ကိုနားလည်ပေးနိုင်ဖို့ နေနေသာသာ ကိုယ့်ကိုယ်ကို နားလည်နိုင်အောင်ကိုပဲ အတော်ကြိုးစားရတာကလား။ ဟိုတစ်ချိန်တုန်းကတော့ ကိုယ့်မှာ ကျင့်ကြံအား မရှိသေးတော့ အူကြောင်ကြောင်ကြီးရယ်။ လက်ရှိလုပ်နေဆဲ အလုပ်တွေကို ဆက်မလုပ်ချင်တော့တာ တစ်ခုကလွဲလို့ ဘာဆက်လုပ်ရမလဲဆိုတာလည်း အဖြေမရှိသေးတဲ့အချိန်။ ခရီးစဉ်မှာ ဆရာကြီး ကတောင် ရယ်ရယ်မောမောနဲ့ ပြောနေပါသေးတယ်။

“ကိုမြသန်းစံ တို့ကတော့ မဟာဗောဓိမြိုင် ဆရာတော်ကြီးရဲ့  တရားနဲ့ အရှိုက်ကိုထိသွားပြီထင် တယ်ဟေ့-ဘီယာတွေ၊ ၀ီစကီတွေနဲ့လည်းဝေးရတော့မယ်ထင်တယ်ဟေ့”

ခရီးစဉ်ကပြန်လာ။ ဆရာတော်ဦးဇောတိကနဲ့တွေ့။ သည့်နောက်တရားစအားထုတ်ဖြစ်ခဲ့ပုံမှသည် ယနေ့အချိန်ထိ (၈)နှစ်တာကာလကို အခက်အခဲအမျိုးမျိုးနဲ့ ကျော်လွန်ဖြတ်သန်းခဲ့ရတဲ့ ကာလအတွင်း မှာ ဆရာကြီးနဲ့ အကြိမ်ကြိမ်တွေ့ဆုံခွင့်ရခဲ့။ လူချင်း မတွေ့ဆုံဖြစ်တောင် တယ်လီဖုန်းနဲ့တော့ မကြာခဏ စကားပြောဖြစ်ခဲ့ကြ။ တရားသဘော၊ ဓမ္မသဘောတွေကို ဆွေးနွေးဖြစ်ခဲ့ကြလေရဲ့ ။

ဆရာကြီးနဲ့ မတွေ့ဖြစ်ခဲ့တဲ့ အချိန်ကာလ တွေမှာလည်း ဆရာကြီးရဲ့  အဆုံး အမ တွေကို ဆရာကြီးရဲ့  စာအုပ်တွေကနေတစ်ဆင့် ရနေခဲ့ပြီးသား။ အထူးသဖြင့် ရဟန္တာ နဲ့ ပုဂ္ဂိုလ်ထူးများ၊ သီဟိုဠ် ခေတ် စံတော်ဝင်အရိယာများ၊ ဓမ္မဒူတ၊ ရတနာသုံးပါးကျေးဇူး စတဲ့စာအုပ်တွေထဲမှာ ဆရာကြီး ထောက်ညွှန်ပြခဲ့တဲ့ အသိတရား၊ ဉာဏ်တရားတွေဟာဖြင့် မှတ်သားလို့ မဆုံးနိုင်၊ ဉာဏ်အလင်းရောင် ရလို့မဆုံးနိုင်။ ကျင့်ကြံအားထုတ်မှုအတွက် နည်းစနစ်၊ အားမာန်တွေရလို့ မဆုံးနိုင်။ နိဗ္ဗာန်ဆိုတဲ့ ရည်မှန်းချက်ပန်းတိုင် မပျောက်သွားဖို့ စာအသိ ခန္ဓာအသိတွေနဲ့ ဆရာကြီး ရေးပြပြောပြခဲ့တာတွေဟာ ကျွန်တော်တို့လို “နောက်ပေါက်” တွေအဖို့ ကျေးဇူးများလို့ မဆုံးနိုင်။

သည်အထဲမှာ ထူးထူးခြားခြား အမှတ်တရဖြစ်နေတာက ဆရာကြီးသုံးခဲ့ တဲ့ “အမွှေဓာတ်” ဆိုတဲ့ စကားလုံး။ သည်စကားလုံးက တရားရှာ၊ တရားအားထုတ်နယ်ပယ်မှာ တော်တော် “တာ” သွားတာကလား။ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့  ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းထဲက မူလနှစ်ဖြာ “အ၀ိဇ္ဇာနဲ့တဏှာ” ကို ကိုယ်စားပြုတဲ့ စကားလုံးပါလားဆိုတာကို အခုနောက်ပိုင်းမှာ ရိပ်မိလာတော့တာ။

ဟုတ်လိုက်လေ။ “တဏှာ” ဟာတကယ့်ကို ကြီးမားတဲ့ အမွှေဓာတ်ကြီးပေပဲ။ သတိပဋ္ဌာန်တရား ကို ယုံယုံကြည်ကြည် ကြိုးစားအားထုတ်မှုကြောင့် ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာနယ်ပယ်က လွတ်မြောက်ခွင့်ရခဲ့ကြတဲ့ ယောဂီရင့်မကြီးတွေတောင်မှ တဏှာနဲ့ရင်ဆိုင်ရတဲ့ အခါ အတော်များများ ပုံလဲရတော့တာ။ သည်လောက်အထိ တဏှာရဲ့  မွှေချက်ကပြင်းထန်ပါတယ်။ ဒါကြောင့်မို့ အမွှေဓာတ်ကြီးမားလှတဲ့ တဏှာကို ဘုရားရှင်ကိုယ်တော်တိုင် ဗောဓိပင်နဲ့ ရွှေပလ္လင်ရောက်မှ အောင်နိုင်ခဲ့တာ မဟုတ်လား။ တဏှာဆိုတဲ့ အဓိပ္ပါယ်ကို အပြည့်အ၀သိနားလည်ခွင့်ရဖို့ အတွက် ဘုရားရှင်ကိုယ်တော်မြတ်ကြီး တောင်မှ လေးသင်္ချေနဲ့  ကမ္ဘာ တစ်သိန်း အချိန်အရင်းအနှီးပြုခဲ့ရတာ။ “တဏှာ တည်းဟူသော လယ် သမား သင့်ကို ငါတွေ့ခဲ့ ပြီ” ဆိုတဲ့စကားကို ပိုင်ပိုင်နိုင်နိုင် ပြောနိုင်ဖို့ ဘုရားအလောင်းတော်တွေတောင် အနည်းဆုံး လေးအသေင်္ချေနဲ့ ကမ္ဘာ တစ်သိန်း ပါရမီဖြည့်ခဲ့ရတာ။ လွယ်မှတ်လို့။

တစ်ခါတစ်ခါ အမွှေဓာတ်ကြီးနဲ့ မျက်နှာချင်းဆိုင် တွေ့နေရပေမယ့် ကိုယ့်ဘက်က ပိုင်ပိုင်နိုင်နိုင် နဲ့ ငေါက်ငေါက်ငမ်းငမ်း မပြောနိုင်ခဲ့ပါဘူး။ အမွှေဓာတ်မှန်းလည်း သိနေတယ်။ သူ့သတ္တိကလည်း မကုန် သေးတော့ ခေါင်းငုံ့ခံနေရသလို ဖြစ်နေရင်းနဲ့ ရှုမှတ်နေရတော့တာ။ အဲဒီ ကိလေသာအမွှေဓာတ်တွေ အပြီးသတ်ကုန်ဆုံးသွားမယ့် အချိန်တစ်ချိန်ကို ရောက်ခဲ့ ရင် ဘယ်လောက်လွတ်လပ်သွားလိမ့်မလဲရယ် လို့ တစ်ခါတစ်ခါ တမ်းတမ်းတတ ဖြစ်မိပါရဲ့ ။ ဒါပေမယ့် ရှုမှတ်မှု ဆိုတာက အနာဂတ်ကိုလည်း မမျှော်ရ ဘူး။ အတိတ်ကိုလည်း မပြန်ရဘူးလေ။ ပေါ်ဆဲရုပ်နာမ်- ပစ္စုပ္ပန်ကိုပဲ မှန်မှန်ကြည့်ရမှာ။ သည်တော့ ပေါ်ဆဲရုပ်နာမ် ပစ္စုပ္ပန်မှာဘာတွေ့ရမယ်ထင်သလဲ။ ပညတ်တွေ ခုခံနေချိန်မှာတော့ ဉာဏ်အမြင်မရှင်းလို့ သဲသဲကွဲကွဲ မသိရသေးပေမယ့် ပရမတ်အရှိတရားကို အာရုံပြု ဖြစ်လာတဲ့အထိ အသိဉာဏ်တွေ မြင့်လာ တဲ့အခါမှာတော့ အဲဒီအမွှေဓာတ်ဟာလည်း ဖြစ်ပြီးရင် ပျက်တာပဲဆိုတဲ့ သဘာဝ တစ်ခုကို ရိပ်မိလာပါ တော့တယ်။

ဒါတွေဟာ ရှုမှတ်ရင်း၊ လေ့ကျင့်ရင်းနဲ့ ဘုရားရှင်ရဲ့  တရားတော်တွေအပေါ်မှာ လေးလေး နက်နက်ယုံကြည်မှုက ပေါက်ဖွားလာတဲ့ အသိတရား၊ အသိဉာဏ်တွေပဲပေါ့။ ပညာဉာဏ်တွေပဲပေါ့။ သည်အထိ ခရီးပေါက်အောင် အတော့်ကို ဖြတ်သန်းခဲ့ ရတာကလား။ လွယ်မယ်ထင်လို့လုပ်ကြည့်၊ မရတော့ နောက်ဆုတ်သွား၊ ကြာလာတော့ စိတ်ပျက်၊ ရိုးအီစရာကြီးပါကွာ၊ ဘာမျှလည်းရတာ မဟုတ်ဘူးလို့ ထင်တဲ့လူတွေနဲ့တော့ တရားတော်ဟာ လားလားမျှ မပတ်သက်ချင်ပါဘူး။ ဓမ္မရဲ့  လျှို့ ဝှက်ချက် တွေဆို ကျင့်ကြံအားထုတ်မှုနဲသာ သိခွင့်ရစကောင်းတာ။ သီလကို အလွဲသုံးစားလုပ်တဲ့လူ၊ သမာဓိကို တန်ဖိုးမထားတဲ့လူ၊ ပညာကို အထွတ်မတင်ချင်တဲ့ လူတွေနဲ့တော့ ဓမ္မဟာ လားလားမျှ မထိုက်တန်နိုင်ပါ ဘူး။

ဒါကြောင့်မို့ ဓမ္မရဲ့  ငြိမ်းချမ်းတဲ့ အေးရိပ်မှာ ခိုလှုံချင်ရင်တော့ ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရပါမယ်။ သီလကို လေးစား၊ သမာဓိကို တန်ဖိုးထား၊ ပညာကို ဦးထိပ်တင်ချင်တဲ့ လူမျိုးဆိုရင် ဘယ်သူ ကိုမဆို ဓမ္မဟာ အချိန်မရွေး လက်လှမ်းကြိုနေတာပါ။ ရာထူးရှိတဲ့လူ၊ ငွေရှိတဲ့လူ၊ ရာထူးမရှိတဲ့လူ၊ ငွေမရှိ တဲ့လူဆိုပြီး ခွဲခြားဆက်ဆံတာမျိုးဟာ ဓမ္မမှာ မရှိရိုးထုံးစံပါ။ သုညနိဗ္ဗာန်ဆိုက်ချင်မှတော့ ကိုယ့်ဘက်က လည်းရှိတယ်လို့ ထင်ထားခဲ့တာတွေကို သုညအဖြစ် လုပ်ခဲ့တော့ပေါ့။

ပြောရရင် ဆရာကြီးကိုယ်တိုင်လည်း အမွှေဓာတ်ရဲ့  ဒဏ်ကို ဘယ်လောက်အထိ ခံခဲ့ရသလဲ မသိဘူးနော်။ ဘ၀နဲ့ ယှဉ်တွဲနေတဲ့ ဓမ္မခရီးလမ်းမှာ အမွှေဓာတ်ဆိုတာ မတွေ့မဖြစ်တွေ့ရမယ့် အတားအ ဆီးတစ်ခု မဟုတ်လား။ ဒါတွေကို အပ္ပမာဒ ဓမ္မရသမဂ္ဂဇင်းရဲ့  တွေ့ဆုံ မေးမြန်း ဓမ္မလမ်း ကဏ္ဍမှာ ဆရာကြီး ကိုယ်တိုင်ဖွင့်ဟ ဖော်ထုတ်ခဲ့ပြီးသားပါ။ ၂၀၀၁ခုနှစ်၊ မေလတုန်းက ဆရာကြီးအိမ်မှာ ဆရာကျော်နန္ဒအောင် မေးမြန်းခဲ့စဉ်တုန်းက ဆရာကြီးဖြေခဲ့ပြီးသားပါ။ (၁၆)နှစ်သားလောက်မှာ မုံရွာ ဇောတိကာရုံကျောင်းတိုက်ရဲ့  သာမဏေဘ၀က စခဲ့တဲ့ ဆရာကြီးရဲ့  ဓမ္မခရီးလမ်းဟာ ထက်မြတ်တဲ့ ပညာဉာဏ်တွေနဲ့ လျှမ်းလျှမ်းတောက်ခဲ့ရတာကိုလည်း ပြန်ပြီးမြင်ယောင် နေမိပါရဲ့ ။ အသက် (၂၃)နှစ် မှာ ဓမ္မစရိယတန်းကို ပါဠိဘာသာနဲ့ ဖြေဆိုအောင်မြင်လို့ မစိုးရိမ်ဆရာတော်ဘုရားကြီး ထံပါးမှာ အနီး ကပ်အလုပ်အကျွေးပြုရင်းနဲ့ စာဝါတွေ ပို့ချလို့၊ အသက်(၂၇)နှစ်မှာ ကမ္ဘာအေးကုန်းမြေကို ရောက်လို့၊ ဆဋ္ဌမသင်္ဂါယနာမှာ အဘိဓဇ မစိုးရိမ်ဆရာတော်ဘုရားကြီးရဲ့  ထံပါးမှာ သင်္ဂါယနာကိစ္စတွေ တစ်တပ် တစ်အား ပါဝင်ဆောင်ရွက်လို့၊ မဇ္ဈမနိကာယ်သုံးကျမ်းနဲ့ သံယုတ်ပါဠိတော်ငါးကျမ်းကို နိဿယရေးခဲ့လို့ စတဲ့ သာသနာတော်ရဲ့  ကြီးမားတဲ့ တာဝန်တွေကို သက်တော်ငယ်ငယ် ဉာဏ်ထက်ထက်နဲ့ ထမ်းဆောင်ခဲ့တာတွေကို ကြားရတော့ အားကျကြည်ညိုရပါတယ်လေ။

အဲဒီနောက် အသက်(၃၃)နှစ်မှာ လူဝတ်လဲ၊ သာသနာရေးဝန်ကြီးဌာနမှာ တာဝန်ထမ်း၊ အဲဒီကနေ အဆင့်ဆင့်သော တာဝန်တွေယူ၊ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်)မှာ တွဲဖက်ပါမောက္ခအဖြစ်၊ ပြီးတော့ ၁၉၉၃-ခုနှစ် ကစပြီး သာသနာရေးဝန်ကြီးဌာနရဲ့  အကြံပေး ပုဂ္ဂိုလ်အဖြစ် စတဲ့ တာဝန်တွေကို မရပ်မနားထမ်းဆောင်ခဲ့တာတွေကိုလည်း ဆရာကြီးပြောပြချက်အရ ပုံရိပ်တွေကို မှန်းဆပြီး မြင်ယောင်နေမိပါရဲ့ ။

ဆရာကြီးရဲ့ ထင်ရှားကျော်ကြားတဲ့ လက်ရာဖြစ်တဲ့ “ရဟန္တာနဲ့ ပုဂ္ဂိုလ်ထူးများ” စာအုပ်ကို ဆရာကြီး အသက်(၄၂)နှစ်မှာ ရေးနိုင်ခဲ့တာကအစ၊ အခုနောက်ဆုံး ဆရာကြီးရဲ့  နောင်တော်ကြီးဖြစ်တဲ့ မောင်းထောင်မြေဇင်းတောရ ဆရာတော် ဘုရာကြီးရဲ့  ၀ိပဿနာရှုနည်းနဲ့ ရန်ကင်းတောင် ၀ိပဿနာ စခန်းမှာ ယောဂီတွေအတွက် အကျိုးများရာများကြောင်း ဟောပြောပို့ချခဲ့တာအဆုံး၊ အားလုံးအားလုံး ဟာ ဗုဒ္ဓသာသနာ အပေါ်မှာထားရှိခဲ့တဲ့ ဆရာကြီးရဲ့ စေတနာ သဒ္ဒါတရားကို မှတ်ကျောက်တင်နိုင်ခဲ့တာ တွေပါ။

ကျွန်တော်လျှောက်ရမယ့် ဓမ္မခရီးလမ်းမှာ မလိုလားအပ်တဲ့ အမွှေဓာတ်ရဲ့  ဒဏ်ရာဒဏ်ချက်ကို မခံရဖို့အတွက် ဆရာကြီးဟာ ကရုဏာတရားရှေ့ ထားပြီး မကြာခဏ ကျွန်တော့်ကို ဆုံးမလေ့ရှိပါတယ်။ ဆရာကြီးက စကားပြောရင် ကိုယ့်ထက်ငယ်တဲ့ သူကို “ကိုရင်” ဆိုပြီးနာမ်စားလေးသုံးပြီးပြောလေ့ရှိပါ တယ်။

“ကိုရင် ဘာမလုပ်နဲ့နော်၊ ညာမလုပ်နဲ့နော်၊ ကိုရင်ကငယ်သေးတာ၊ လမ်းကြောင်း မတိမ်း မစောင်းဖို့ လိုတယ်နော်၊ ဘာကိုတော့ လုပ်နော်၊ ဘာကိုတော့ဖြင့် နှလုံးသွင်းနော်” နဲ့ လောကဓံတရားနဲ့ ပက်သက်လာရင် ကိုယ်တိုင်နာကျင်ခဲ့သူပီပီ ကျွန်တော့်ကို အားမနာတမ်းဆုံးမလေ့ ရှိပါတယ်။ ဆရာကြီး လုပ်ချင်ခဲ့တဲ့ မဂ္ဂဇင်းပုံစံမျိုး ကျွန်တော်လုပ်ဖြစ်လေတော့ “မုဒိတာ” စိတ်အပြည့်နဲ့ အား ပေးလိုက် တာ။

“အပ္ပမာဒဆိုတဲ့ မဂ္ဂဇင်းတစ်စောင်ကို ကိုယ်လုပ်ချင်ခဲ့တာ၊ အခုတော့ ကိုယ်မလုပ်နိုင်ခဲ့ပေမယ့် ကိုရင်က လုပ်နိုင်သွားပြီဆိုတော့ သာသနာအတွက် တစ်အားပဲဟေ့” ဆိုပြီး ကလောင်အားရော၊ လူအားပါ ၀ိုင်းကူပေးခဲ့ရှာပါတယ်။ ဆရာကြီးဇေယျမောင်ကို သွားတွေ့ဖို့ကအစ၊ ဂုရုကြီးဂိုအင်ကာနဲ့ ဆုံတွေ့ဖို့အရေးအထိ ဆရာကြီးခမျာ ကိုယ်တိုင်လိုက်ကူပံ့ပိုးပေးခဲ့ပါတယ်။ ဒါတွေဟာပြောမကုန်နိုင်တဲ့ ကျေးဇူးတရားတွေပဲပေါ့။

သာသနာတော်ကို ရိုသေလေးစား ချစ်မြတ်နိုးတတ်တဲ့ ဆရာသမားတွေများနော်၊ ကိုယ့်တပည့် သားသမီးဟာ သာသနာအတွက် အသုံးဝင်တန်ဖိုးရှိတဲ့သူတစ်ယောက် ဖြစ်လာရင် ၀မ်းမြောက်ဝမ်းသာ အားပေးချီးမြှင့်လိုက်ကြတာနော်။ သာသနာတော်ကို မျက်နှာမူပြီး အသက်ရှင်သွားကြတဲ့ ဆရာသမား တွေရဲ့  ရင်ထဲကအဖြူဓာတ်ကို ဘယ်လိုအဖြူရောင်မျိုးမျှ လိုက်လို့မမီနိုင်ပါဘူးလေ။

ဆရာကြီးရဲ့  နောက်ဆုံးအခြေအနေကို တွေ့နေရတဲ့ အချိန်မှာ ဆရာကြီးရဲ့ ကျေးဇူးတရားတွေ ဟာ ဓမ္မာရုံထဲမှာ အစီအရီပေါ်လာတာများ ကုန်-ကုန်နိုင်သေးတော့၊ သတိပြန်လည်သလို ဖြစ်လာတဲ့ အချိန်မှာတော့ မျက်စိရှေ့ က မြင်ကွင်းကို နှလုံးသွင်းဖြစ်ပါပြီ။ ကျေးဇူးရှင် မောင်းထောင်မြေဇင်း ဆရာတော်ဘုရားကြီးက ဆရာကြီးကို တရားတော်တွေ အားရပါးရ ချီးမြှင့်ဟောကြားပေးပြီးတဲ့နောက်မှာ ဆရာကြီး အပါးကခွာလို့ အခန်းထဲက အပြင်ထွက်သွားမှ ကျွန်တော်ဟာ ဆရာကြီးအနားကို တိုးကပ်နိုင် ပါတော့တယ်။

ပထမဦးစွာ ဆရာကြီးရဲ့  ရင်ထဲ ဓမ္မဓာတ်ကို ကျွန်တော်အာရုံပြု ကြည်ညိုရင်းက ဂါရဝေါစ မင်္ဂလာတရားနဲ့ ညီစွာ ဦးသုံးကြိမ်ချ ရှိခိုးမိပါတယ်။ သည့်နောက် ဆရာကြီးရဲ့  ခုတင်နားအထိချဉ်းကပ်ပါ တယ်။ ကျွန်တာ့်မျက်နှာနဲ့ ဆရာကြီးမျက်နှာနဲ့ နီးကပ်သည်အထိ တိုးကပ်လိုက်ပါတယ်။ ကျွန်တော်ပြော တဲ့ စကားသံကြားရအောင်လို့ပါ။ ဆရာကြီးဟာ မျက်လုံးကလေးမှေးမှိတ်ထားရာက ခပ်ဖြည်းဖြည်းခပ် လေးလေးကလေး ဖွင့်ဟလာပါတယ်။ ကျွန်တော့်ကိုမြင်တော့ ချက်ချင်းမှတ်မိပါတယ်။ အသံတိုးယဲ့ယဲ့ ကလေးနဲ့ပဲ ဆရာကြီးက စကားစပြောပါတယ်။

“ ကိုမြသန်းစံရေ၊ မစားသာဘူးဟေ့ .... အတော်ခံနေရတာ”

ဆရာကြီးခမျာ ဒုက္ခဝေဒနာနဲ့ ရင်ဆိုင်နေရတဲ့ အပေါ်မှာ ဒေါမနဿဖြစ်မသွားဖို့ အတော်ကြိုးစား သတိထားနေပုံရပါတယ်။ ဒုက္ခဝေဒနာတွေ ပြင်းပြင်းထန်ထန်ဖောက်ပြန်ရင် တော်ရုံတန်ရုံလူတွေဟာ စိတ်မှာ ဒေါမနဿ ဝေဒနာတွေဖြစ်ပေါ်လာတတ်ကြစမြဲပါပဲ။ သုခဝေဒနာနဲ့ ကြုံရင်သာ ပြုံးပြုံး-ပြုံးပြုံးနဲ့ စိတ်ထဲမှာ သောမနဿဝေဒနာတွေဖြစ်လို့၊ ခံစားလို့မ၀အောင် ဖြစ်တတ်ကြတာလည်း တရားသဘောနဲ့ အလှမ်းဝေးကြတဲ့ လူတွေရဲ့ ဖြစ်စဉ် သဘာဝတစ်ခုပေပဲပေါ့။ ဒုက္ခဝေဒနာ မဖြစ်တဲ့ အချိန်၊ သုခဝေဒနာ မဖြစ်တဲ့ အချိန်တွေမှာ ဥပေက္ခာဝေဒနာရဲ့  သဘောသဘာဝဟာ မိမိခန္ခာအစဉ်မှာ အမျှင်မပြတ် တရစပ်ဖြစ်နေတတ်တဲ့ သဘာဝကိုတော့ မောဟဖုံးနေတဲ့လူတွေအဖို့ ရိပ်မိနိုင်ဖို့ အခက်သားလား။ မြင်တွေ့နိုင်ဖို့ အဝေးသားလား။ အာရုံပြုတတ်ဖို့ ဖြစ်နိုင်ခဲသားလား။

ဆရာကြီးရဲ့  စကားအပေါ်မှာ ဘယ်လို တုံ့ပြန်ပြောပြရလေမလဲလို့ စဉ်းစားတဲ့အခါ ဝေဒနာနဲ့ ပတ်သက်လို့ ကိုယ့်ခန္ဓာမှာရှုမှတ်ခဲ့၊ မြင်ခဲ့ရတာတွေက စိတ်သန္တာန်မှာ စုဖွဲ့လာပါတယ်။ ဒါပေမယ့် ဒါတွေ ကိုဆရာကြီးလည်း သိပြီးသားပါလေ။ ဆရာကြီး ကိုယ်တိုင်လည်း စာအုပ်တွေ အတော်များများမှာ ရေးပြ ခဲ့ပြီးသားပဲ။ တရားနဲ့ပက်သက်လို့ နကန်းတစ်လုံးမျှ မသိခဲ့ရတဲ့ ကျွန်တော်တို့တစ်တွေတောင်မှ ဆရာကြီး ရဲ့  စာအုပ်တွေထဲက ဆရာကြီးရဲ့  ရေးသားချက်တွေ အပေါ်မှာမှီပြီးမှ သုတမယဉာဏ်၊ စိန္တာမယဉာဏ်တွေ ဖြစ်ခွင့်ရခဲကြတာ မဟုတ်လား။ ဒါကြောင့်မို့ ဒါတွေကိုသာပြောနေရင် မိကျောင်းမင်း ရေးကင်းပြသလို ဖြစ်နေပါဦးမယ်။ အရေးကြီးဆုံးက ဆရာကြီးမှာ လက်ကျန်အချိန်တွေ သိပ်မရှိတော့ဘူးဆိုတာကို အကင်းပါးပါးနဲ့ သိမြင်နိုင်ဖို့ပါပဲ။ ဒီတော့ ဘာပြောမလဲ။

ဆရာကြီးဟာ ကုသိုလ်တရားနဲ့ ပတ်သက်လာရင် ဒုနဲ့ ဒယ်နဲ့ လုပ်ဆောင်ခဲ့ပြီးပါပြီ။ ဒါတွေကို ပြန်ပြောင်းအောက်မေ့ ပြောနေမယ်ဆိုရင် အချိန်တွေကုန်ရုံသာ ရှိတော့မယ်။ ပြီးတော့ ခုနကတွင် ဆရာကြီးရဲ့ နောင်တော်ကြီးဖြစ်တဲ့ မောင်းထောင်မြေဇင်းတောရဆရာတော်ဘုရားကြီးက ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိတွေနဲ့ ဆရာကြီးရဲ့  စိတ်အစဉ်ကို ရတနာသုံးပါးလွှမ်းခြုံရင်းနဲ့ သန့်ရှင်း စင်ကြယ်စေခဲ့ပြီ။ ကုသိုလ်စေတသိက် အကြောင်းခံတွေက ဆရာကြီးမှာ ရှိခဲ့ပြီးသား။ လတ်တလော အချိန်ကလေး အတောအတွင်းမှာလည်း ဒုက္ခဝေဒနာကို အာရုံပြုရာက စိတ်အစဉ်ကို ခေတ္တခွာလို့ ရတနာသုံးပါးကို အာရုံပြုဖြစ်နေတဲ့အတွက် ဆရာကြီးရဲ့  စိတ်အစဉ်ဟာ သန့်ရှင်းစင်ကြယ် ကြည်လင် လန်းဆန်း နေတဲ့ကာလ။ ဒါကို အမိအရ ဖမ်းဆုပ်လို့ သည်အချိန်မျိုးမှာ အပြောသင့်ဆုံးစကား က-

(ဆက်လက်ဖော်ပြပေးပါမည်။)

*ဤစာစုအား အစမှအဆုံးတိုင် မေတ္တာစေတနာသဒ္ဓါတရား အပြည့်နှင့် အပင်ပန်းခံ စာစီရိုက်နှိပ်ပေးသော ညီမငယ် မ Monica Pyone အား အထူးကျေးဇူးတင်ရှိပါကြောင်း။*

No comments:

Post a Comment