Tuesday, January 17, 2012

ဖော်၊ ဖျောက်၊ ပျောက် Legend (အပိုင်း ၂)

ရာဇ၀င်ထဲက စိတ်ကူးပုံဖော်မှားကြသူများ

တကယ်လို့များ အပိုင်း (၁) မှာတုန်းက ကျွန်တော် ဖော်ပြခဲ့တဲ့ မြတ်စွာဘုရားရှင်ရဲ့  အဆုံးအမစကားတော် “ကောင်းမှုကုသိုလ်ကို လုပ်မယ်လို့ ကြံစည်စိတ်ကူးလိုက်ရုံမျှဖြင့် အကျိုးများလှပြီ” ဆိုတာကို ပြောင်းပြန် အဓိပ္ပါယ်ကောက်ကြည့်မယ် ဆိုပါစို့။ မကောင်းမှုကို လုပ်မယ်လို့ ကြံစည်စိတ်ကူးလိုက်ရုံမျှဖြင့်ရော အကျိုးတွေ ဘယ်လောက်များ ပျက်စီးဆုတ်ယုတ်သွားနိုင်မလဲ။

ဘာသာရေးနှင့်ပတ်သက်တဲ့ သမိုင်းရာဇ၀င်မှာ စိတ်ကူးပုံဖော်မှားမိလို့ ရသင့်ရထိုက်တဲ့အကျိုးတွေ မရတော့ရုံသာမက အနှုတ်လက္ခဏာပါပြသွားရတဲ့ ထင်ရှားတဲ့သူနှစ်ဦးရှိခဲ့ပါတယ်။ အားလုံးသိကြမှာပါ။ ပထမတစ်ဦးက အရှင်ဒေ၀ဒတ်ဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်နှင့် ယောက်ဖတော် တော်စပ်ပြီး ရှေးကပါရမီကုသိုလ်ထူးတွေရှိခဲ့လို့ သာသနာ့ဘောင်ထဲ စောစီးစွာ ၀င်ခွင့်ရခဲ့သလို၊ လောကီ ဈာန် အဘိညဉ်တွေလည်း အဆင့်မြင့်မြင့်ပိုင်ဆိုင်နိုင်သူတစ်ဦး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သံသရာတစ်လျှောက်က မြတ်စွာဘုရားရှင်ကို ကန့်လန့်တိုက်ဖို့ အထုံရေစက်က ပါခဲ့လေတော့ နောက်ဆုံး မြတ်စွာဘုရားရှင် ဖြစ်တော်မူတဲ့ဘ၀တိုင်အောင် သူ့မှာ ကန့်လန့်တိုက်ဖို့ အကြောင်းတွေက ရှိနေရပြန်ပါတယ်။ ဒီလိုနှင့် မြတ်စွာဘုရားကို သေကြောင်းကြံတဲ့အထိ ကြိုးစားခဲ့ပါတယ်။ တစ်လောကလုံးရဲ့  အတုမရှိဖြစ်တော်မူတဲ့ မြတ်စွာဘုရားရှင် မြားမှန်ပြီး သေတာကို သူက ပုံဖော်စိတ်ကူးခဲ့ပါတယ်။ ဆင်နင်းပြီး ပြားသေတာကို ပုံဖော်စိတ်ကူးခဲ့ပါတယ်။ ကျောက်တုံးပိပြီး သွေးသန်ရဲရဲနှင့် သေတဲ့ပုံကို ပုံဖော်စိတ်ကူးမိခဲ့ပါတယ်။ သူစိတ်ကူးပုံဖော်တဲ့အတိုင်းလည်း အပြင်မှာ လက်တွေ့ အကောင်အထည်ဖော်ခဲ့ပါတယ်။ သူစိတ်ကူးပုံဖော်မှားခဲ့တဲ့ဒဏ်တွေကို အခုအချိန်မှာတော့ သူခံနေရရှာပါပြီ။

နောက်ထပ်တစ်ဦးကတော့ အဇာတသတ်ဘုရင်ပါပဲ။ အရှင်ဒေ၀ဒတ်နှင့် အစောပိုင်းတုန်းကတော့ ဆရာတပည့် တော်ခဲ့ပါတယ်။ သူလည်း ဆရာအတင်မှားရာကနေ လူသားတစ်ယောက်အတွက် ကျေးဇူးတရားအင်မတန်မှ ကြီးမားလှတဲ့ ဖခင်ဖြစ်တဲ့သူကို သေအောင် အားထုတ်ခဲ့ပါတယ်။ ပထမ မင်းသားဘ၀မှာ ဖခင်ကို ဓါးဒဏ်ရာနှင့် သေတာကို စိတ်ကူးပုံဖော်ခဲ့ပါတယ်။ နောက် ဘုရင်ဖြစ်လာပြန်တော့လည်း ဖခင်ကို ထောင်ပြန်ချပြီး အစာအဟာရ ပြတ်ပြီးသေတဲ့ပုံ၊ လမ်းမလျှောက်နိုင်ဖြစ်ပြီး သေတဲ့ပုံ စတာတွေကို စိတ်ကူးပုံဖော်ခဲ့ပါတယ်။ လက်တွေ့လည်း အကောင်အထည်ဖော်ခဲ့ပါတယ်။ သူစိတ်ကူးပုံဖော်မှားမိတာတွေကြောင့် မြတ်စွာဘုရားရှင် သာမညဖလသုတ်ဟောတဲ့အချိန်မှာ ရသင့်တဲ့ အခွင့်အလမ်းကို လက်လွတ်ဆုံးရှုံးသွားခဲ့ရသလို အခုအချိန်အထိလည်း အပြစ်ဒဏ်တွေကို ပေးဆပ်နေရတုန်း ရှိပါသေးတယ်။

တခြားလည်း ဘာသာရေးသမိုင်းစာမျက်နှာမှာ စိတ်ကူးပုံဖော်မှားမိခဲ့တဲ့သူတွေအကြောင်း ဆွဲထုတ်ပြလို့ရတဲ့ ဖြစ်စဉ်တွေ အများအပြားရှိခဲ့ပါတယ်။ လူ့သမိုင်းကြောင်းတလျှောက်မှာလည်း စိတ်ကူးပုံဖော်မှားမိကြတဲ့သူတွေအကြောင်း အများကြီး ကျွန်တော်တို့ လေ့လာဖူးခဲ့ကြပါတယ်။ သူများတွေအကြောင်းကိုသာ ကျွန်တော်တို့က သံဝေဂရစရာအနေနှင့် လေ့လာနေကြတာပါ။ တကယ်ဆိုရင် ကျွန်တော်တို့ ကိုယ်တိုင်လည်း မွေးကတည်းက အခုအချိန်အထိ စိတ်ကူးပုံဖော်မှားမိတဲ့ ဖြစ်စဉ်ပေါင်း မရေတွက်နိုင်အောင် ရှိနှင့်နေပြီးဖြစ်ပါတယ်။

လူကိုသော်လည်းကောင်း၊ တိရစ္ဆာန်ကိုသော်လည်းကောင်း တစ်ဦးဦးအပေါ်မှာ ကျွန်တော်တို့တွေဟာ မကျေနပ်တဲ့စိတ် ပြင်းထန်ရင် ပြင်းထန်သလောက် အဲဒီကိုယ်မကျေနပ်တဲ့သူ မကောင်းတာတစ်ခုခု ဖြစ်သွားတဲ့သဏ္ဍာန်ကို ကျွန်တော်တို့ သိသိနှင့်ရော၊ မသိတသိနှင့်ရော ပုံဖော်စိတ်ကူးမိတတ်ကြပါတယ်။ အဲဒီလို စိတ်ကူးလိုက်ရတာကိုပဲ အရသာခံနေတတ်ပြန်ပါသေးတယ်။ ကိုယ်မကျေနပ်တဲ့သူက ကိုယ့်ကြောင့်သော်လည်းကောင်း၊ တခြားတစ်ယောက်ယောက်ကြောင့်သော်လည်းကောင်း တစ်ခုခု ဒုက္ခရောက်သွားတာမျိုး ကြားရ ကြုံရရင် ၀မ်းသာတတ်ကြပြန်ပါတယ်။

တကယ်လို့များ ကျွန်တော်တို့ဟာ မြတ်စွာဘုရားရှင်ရဲ့  အပေါ်ကဖော်ပြခဲ့တဲ့ အဆုံးအမတော်ကို Reverse လုပ်ကြည့် လိုက်ကြမယ်ဆိုရင် ရလာမယ့် ရလဒ်တွေက မတွေးရဲ စရာပါပဲနော်။

စိတ်ကူးပုံဖော်ခြင်းနှင့် စိတ်ကူးယဉ်ခြင်း

ဒီနေရာမှာ စိတ်ကူးပုံဖော်ခြင်းနှင့် စိတ်ကူးယဉ်ခြင်း ဘယ်လိုမျိုး ခြားနားလဲလို့ မေးစရာရှိနိုင်ပါတယ်။ ကျွန်တော် နားလည်မိသလောက်တော့ စိတ်ကူးယဉ်တဲ့ဖြစ်စဉ်မှာ ဦးတည်ချက် ခိုင်ခိုင်မာမာရှိမနေပါဘူး။ ပြတ်သားတဲ့ အဆုံးသတ်မှု ရှိမနေပါဘူး။ မိမိရဲ့  ထိန်းချုပ်မှုရှိမနေပါဘူး။ အတွေးအမျှင်တန်းကြီးက ကိုယ်မဖြတ်ရင် မဖြတ်သလို တောက်လျှောက် ဝေေ၀၀ါးဝါးနှင့် တောင်စဉ်ရေမရ သွားနေတဲ့ ဖြစ်စဉ်လို့ နားလည်မိပါတယ်။

စိတ်ကူးပုံဖော်ခြင်းမှာတော့ ဦးတည်ချက် ခိုင်ခိုင်မာမာရှိပါတယ်။ စိတ်ကူးပုံဖော်နေတဲ့ တစ်လျှောက်လုံးမှာလည်း အသိကရှိနေပြီး ပြတ်သားတဲ့အဆုံးသတ်မှုလည်း ရှိပါတယ်။ မိမိရဲ့  ထိန်းချုပ်မှုအောက်မှာ ရှိပါတယ်။ သူတို့နှစ်ခုမှာ ထင်ရှားတဲ့ ခြားနားချက်ကတော့ စိတ်ကူးယဉ်ပြီးတဲ့အချိန်မှာ စိတ်ရဲ့  ခွန်အားဟာ လျော့နည်းသွားတတ်ပေမယ့် စိတ်ကူးပုံဖော်မှုပြီးတဲ့အချိန်မှာတော့ (ပုံဖော်တဲ့အကြောင်းအရာ ကောင်းသည် ဆိုးသည်ကို ခဏထားလို့) စိတ်ရဲ့ ခွန်အားဟာ တိုးလာစေတတ်တယ်လို့ အကြမ်းအားဖြင့် နားလည်မိပါတယ်။

(ဆက်ရန်)

လေးစားစွာဖြင့်

ဝိမုတ္တိသုခ

၁၅၊ ၁၊ ၂၀၁၂။ (တနင်္ဂနွေနေ့)

No comments:

Post a Comment