Tuesday, January 17, 2012

ဖော်၊ ဖျောက်၊ ပျောက် Legend (အပိုင်း ၁)

တလောက Facebook မှာ မိတ်ဆွေ အမ မခင်လေးငယ် (Breathing Linn) ရဲ့  စာစုတစ်ခုကို ဖတ်ဖြစ်ရင်း အစီအစဉ်မရှိပဲ Imagination နှင့် ပတ်သက်တဲ့ တွေးမိသမျှ၊ စမ်းဖူးသမျှ၊ ကြုံဖူးသမျှ အဖြစ်အပျက်တွေထဲက မိတ်ဆွေများအတွက် အသုံးတည့်မယ်လို့ထင်တဲ့ အကြောင်းအရာတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ ကျွန်တော်ရေးထားတဲ့ အကြောင်းအရာတွေ အပေါ် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါကြောင်း.....။

ကျွန်တော်နှင့် Imagination အစ

ကျွန်တော် ခပ်ငယ်ငယ် အရွယ်လောက်ကပေါ့။ ဘာသာရေးနှင့် ပတ်သက်ပြီး တရားအားထုတ်တာကို စမ်းကြည့်ရင်း သူများတွေက စိတ်ကို ရှုမှတ်ပြီး တရားအားထုတ်ကြတယ်လို့ ပြောနေကြတော့ ကိုယ်လည်း အဲဒီလို အားထုတ်ကြည့်ချင်တာနဲ့  အဖွားလိုဖြစ်နေတဲ့ တရားပြပေးတဲ့ ဆရာမကြီးကို စိတ်ကို ဘယ်လိုမှတ်ရမလဲလို့ မေးကြည့်တယ်။ အဖွားက စစချင်း ကိုယ့်စိတ်ကို အရင်လေ့ကျင့်ကြည့်ဆိုပြီး နည်းပေးပါတယ်။ သူ့ပေးတဲ့နည်းက မျက်စိကို မှိတ်ထားပြီး ကိုယ်သွားဖူးနေကြ နေရာတစ်ခုခုမှာ လုပ်ဖူးနေကျအလုပ်တစ်ခုကို စိတ်ကူးနှင့်ပုံဖော်ပြီး လုပ်ကြည့်ပါတဲ့။ ဥပမာ ကိုယ်က အိပ်ခန်းထဲမှာ မျက်စိမှိတ်ထိုင်နေပြီး စိတ်ကို အိမ်ရှေ့ ဧည့်ခန်းထဲက စာအုပ်တစ်အုပ်ကို သွားယူခိုင်းတာမျိုးပေါ့။ အရင်ဆုံးနီးတဲ့နေရာတွေကို စမ်းပြီး လျှောက်သွားကြည့်ပါတဲ့။ နောက် တဖြည်းဖြည်း ဝေးတဲ့နေရာတွေကို သွားကြည့်ဆိုပြီး လုပ်ခိုင်းပါတယ်။ ကျွန်တော်လည်း အဲဒီတုန်းက စမ်းတော့စမ်းကြည့်ဖြစ်ခဲ့ပေမယ့် တကယ်တမ်း ထိထိရောက်ရောက် လုပ်နိုင်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။ ဘာရည်ရွယ်ချက်နှင့် အဲဒီလိုမျိုး လုပ်ခိုင်းတယ်၊ နောက်ပိုင်း ဘာဆက်လုပ်ခိုင်းမယ်ဆိုတာလည်း အဲဒီတုန်းက အဖွားကို မမေးဖြစ်ခဲ့မိပါဘူး။

တက္ကသိုလ်ကျောင်းသားဘ၀မှာ စာတွေအစုံလိုက်ဖတ်ရင်းက စိတ်ပညာနှင့်ပတ်သက်တာတွေလည်း ဖတ်ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ စိတ်ကို လေ့ကျင့်မှုအပိုင်းနှင့် ပတ်သက်ပြီး Auto-Suggestion အကြောင်းနှင့် Imagination အကြောင်းကို တော်တော်လေးဖတ်ဖြစ်ခဲ့ပြီး အတန်အသင့် နားလည်သဘောပေါက်ခဲ့ရပါတယ်။ လူတစ်ယောက်ရဲ့  အပြုအမူ၊ အကျင့်စာရိတ္တနှင့် စိတ်ဓါတ်ခိုင်မာဖို့ လေ့ကျင့်ရာမှာ သူတို့အခန်းကဏ္ဍကလည်း အရေးပါတယ်ဆိုတာ သိလာခဲ့ရပါတယ်။

စိတ်ကူးပုံ ဖော်ယူခြင်း နှင့် ကောင်းကျိုးများ

ဆရာတော် ဦးဇောတိကရဲ့  တရားတစ်ပုဒ်ထဲမှာ နာဖူးလိုက်တာပါ။ သူ အမေရိကားကို သာသနာပြုကြွရစဉ်တုန်းက ကြုံခဲ့တဲ့ အဖြစ်အပျက်ကို ပြန်ပြောပြထားတာ။ နေ့တိုင်း ရိပ်သာမှာ သီတင်းသုံးပြီး တရားဟော၊ တရားပြ၊ ဧည့်သည်နှင့် စကားပြော လုပ်နေရတော့ သူ့မှာ ကိုယ်ပိုင်အချိန်ဆိုတာ လုံးဝမရှိတော့ဘူးဖြစ်လာပါတယ်တဲ့။ မြန်မာပြည်က သူ့ကျောင်းကို တအားပြန်ချင်လာတယ်။ ပြန်လို့ကလည်း မရသေး။ ကြာလာတော့ Stress က တက်လာတယ်။ နောက်ဆုံးတော့ သူဘာလုပ်လဲဆိုတော့ သူသီတင်းသုံးနေတဲ့ ကျောင်းနားလေးက သစ်တောထဲကို တစ်ပါးထဲ ထွက်သွားပြီး သင့်တော်တဲ့နေရာလေးတစ်နေရာမှာ စိတ်အေးလက်အေးထိုင်လိုက်တယ်။ ပြီးတော့မှ စိတ်ထဲမှာ မြန်မာပြည်က ကျောင်းကို ပြန်နေရသလိုမျိုး ပုံဖော်စိတ်ကူးယူပါတယ်တဲ့။ မြန်မာပြည်က ကျောင်းဝန်းထဲမှာရှိတဲ့ အပင်တွေ၊ အဆောက်အအုံတွေ၊ ပန်းနံ့တွေ၊ ကျေးငှက်သံတွေ စသဖြင့် အကုန်လုံးကို ကျောင်းထဲပြန်ရောက်သွားသလိုမျိုး ပုံဖော်စိတ်ကူးယူပြီး အာရုံပြုနေလိုက်တော့ စိတ်က တင်းကျပ်မှုတွေလျော့သွားပြီး အတော်လေး သက်သာရာရခဲ့တဲ့အကြောင်း ဟောထားတာကို မှတ်သားခဲ့ဖူးပါတယ်။

စိတ်ပညာအလိုအရတော့ လူတစ်ယောက်က မိမိဖြစ်ချင်တဲ့ ဘ၀အနေအထားတစ်ခု၊ အခြေအနေတစ်ခုကို ခဏခဏ ပုံဖော်စိတ်ကူးပေးရင် အဲဒီအခြေအနေဟာ လက်တွေ့မှာ တကယ်ဖြစ်လာတတ်တယ်လို့ ဆိုပါတယ်။ အဲဒီလို စိတ်ကူးပုံဖော်တတ်အောင်လည်း စိတ်ကို လေ့ကျင့်ပျိုးထောင်မှုလုပ်ပေးရပါမယ်တဲ့။

ဘ၀အောင်မြင်ရေးနှင့်ပတ်သက်ပြီး ပညာရှင်တွေ ပြောကြတဲ့ စကားတစ်ခွန်းရှိတယ်။ “မသွားခင်က ရောက်နှင့်သည်” ဆိုတဲ့စကားပါ။ ဆိုလိုတာက ကိုယ်ဖြစ်ချင်တဲ့ ဘ၀ပုံစံတစ်ခုကို လောလောဆယ်မှာ ဖြစ်မလာသေးပေးမယ့်လည်း ဖြစ်ပြီးသူတစ်ဦးလို နေထိုင်ကျင့်ကြံပါလို့ ပြောတာပါ။ ဒီတော့ လုပ်ငန်းရှင်တစ်ဦး ဖြစ်ချင်ရင် လုပ်ငန်းရှင်လိုနေပါပေါ့။ သူဌေးဖြစ်ချင်ရင် သူဌေးလိုနေပါ။ ပညာရှင်ဖြစ်ချင်ရင် ပညာရှင်လိုနေပါ။ စာရေးဆရာဖြစ်ချင်ရင် စာရေးဆရာလိုနေပါ။ အဆိုတော်ဖြစ်ချင်ရင် အဆိုတော်လိုနေပါ။ ဘုန်းကြီးလုပ်ဖို့ရည်ရွယ်ချက်ရှိတဲ့သူကလည်း ဘုန်းကြီးနှင့်တူအောင်နေပါ။

ဥပမာအနေနှင့် ပြောရရင် လုပ်ငန်းရှင်တစ်ဦးကိုယ်က ဖြစ်ချင်တယ်ဆိုပါစို့။ ဒါဆိုရင် လုပ်ငန်းရှင်တစ်ဦးမှာ ရှိသင့်တဲ့ အစွမ်းအစ၊ အရည်အချင်းတွေ၊ စိတ်နေစိတ်ထားတွေကို အရင်ဆုံး ကိုယ်က ကြိုသိထားဖို့၊ လေ့လာထားဖို့တော့လိုပါတယ်။ ပြီးတော့မှ အဲဒီအစွမ်းအစတွေ၊ အရည်အချင်းတွေကို ကိုယ့်ကိုယ်ထဲ တစတစ ကိန်းဝင်လာအောင် ကြိုးစားလေ့ကျင့်ယူရမှာပါ။ (ဒါကို မိမိခန္ဓာထဲမှာ ကံသတ္တိတွေ ကိန်းအောင်လုပ်တယ်လို့လည်း ဘာသာရေးပညာရှင်တွေက ဆိုကြပါတယ်။) ကိစ္စတိုင်းကို စဉ်းစားတဲ့အခါတိုင်း၊ ဆုံးဖြတ်တော့မယ့်အခါတိုင်း တကယ်လို့ ငါသာ လုပ်ငန်းရှင်တစ်ဦးဖြစ်နေရင် ဘယ်လိုဆုံးဖြတ်မလဲ၊ ဘယ်လိုစဉ်းစားမလဲ ဆိုတာမျိုးကို နေ့စဉ်ကိုယ့်ဘ၀ထဲမှာ အကျင့်ပါနေအောင် လုပ်ယူရင်းက တချိန်ချိန် အကြောင်းတရားတွေပြည့်စုံချိန်မှာ လုပ်ငန်းရှင်တစ်ဦး တကယ်ဖြစ်လာပါလိမ့်မယ်။ ကျန်တာတွေလည်း ထိုနည်းတူပဲပေါ့။

စိတ်ကူးပုံဖော်ယူခြင်းဟာ လောကထွက်မြောက်ကြောင်းကျင့်စဉ်တွေမှာလည်း အဖိုးအနဂ္ဂထိုက်တန်စွာနှင့် အသုံးတည့်တာကို တွေ့ရမှာ ဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်က “ကောင်းမှုကုသိုလ်ကို လုပ်မယ်လို့ ကြံစည်စိတ်ကူးလိုက်ရုံမျှဖြင့် အကျိုးများလှပြီ” လို့ သုတ်တော်တစ်ခုမှာ ဟောကြားတော်မူထားခဲ့ပါတယ်။ တကယ်လက်တွေ့လုပ်ဖြစ်ပြီဆိုရင်တော့ ပြောနေစရာ မလိုတော့အောင်ပါပဲ။

ဥပမာ အလှူတစ်ခုလုပ်မယ်လို့ စိတ်ကူးမိတယ်ဆိုပါစို့။ လှူဖို့ကိစ္စကို စပြီးစိတ်ကူးမိတာကနေ ဆက်တိုက်ဆိုသလို ဘယ်လိုလှူမယ်၊ ဘယ်မှာလှူမယ်၊ ဘယ်သူ့ကိုလှူမယ် စသဖြင့် အလှူတစ်ခုရဲ့ ပုံရိပ်တွေကို တစ်ခုပြီး တစ်ခု စိတ်က ဆက်တိုက် ပုံဖော်နေပါတော့တယ်။ ပုံဖော်နေရင်းကလည်း အလှူအပေါ် ပိုပြီး စိတ်အားထက်သန်လာပြီး စိတ်ကူးနေတဲ့ အချိန်တလျှောက်လုံးလည်း ကြည်နူးဝမ်းမြောက်မှုတွေ တရိပ်ရိပ်ဖြစ်နေတာ ခံစားမိနေပါလိမ့်မယ်။ နောက်ဆုံးတော့ စိတ်ကူးကနေ လက်တွေ့အကောင်အထည်အဖြစ် အလှူတစ်ခုကို ပြုလုပ်နိုင်သွားပါတော့တယ်။ အလှူလုပ်တာမျိုးမှရယ်မဟုတ်ပဲ တခြားအများအကျိုးအတွက် ရည်ရွယ်ပြီးလုပ်တဲ့ ဘယ်လုပ်ငန်းမျိုးမှာမဆို ဒီလိုစိတ်ကူးပုံဖော်ယူရင်းကနေ လက်တွေ့လုပ်ဆောင်ဖြစ်သွားတဲ့အဆင့်အထိ အဆင့်ဆင့် ဆက်တိုက်စိတ်ကူးများက တွန်းအားပေးနိုင်ပါတယ်။

ရတနာသုံးပါးအပေါ် ကြည်ညိုသဒ္ဓါတရားတက်လာအောင်လည်း စိတ်ကူးပုံဖော်ပြီး တည်ဆောက်ယူလို့ ရပါတယ်။ စိတ်ဟာ မကောင်းမှုမှာသာ အမြဲတမ်းမွေ့လျော်နေတတ်တဲ့အကျင့်ကရှိနေတာကြောင့် သူ့အလိုလို ဘုရား၊ တရား အာရုံဘက်ကို လိုလိုချင်ချင် ကြည်ကြည်နူးနူးညွှတ်လာဖို့ဆိုတာက တအားကြီးတော့ မလွယ်ပါဘူး။ ဘုရားဂုဏ်တော်တွေကို စာရွတ်သလို ရွတ်တာမျိုးမလုပ်ပဲ မြတ်စွာဘုရားရှင်ရဲ့  ကြည်ညိုဖွယ်ရာ စိတ်ထားတော်တွေ၊ ကရုဏာတရား ကြီးမားပုံတွေ၊ အနစ်နာခံမှုတွေ၊ အသိဉာဏ်ကြီးမားပုံတွေကို စာပေတွေ၊ တရားခွေတွေကနေတဆင့် ဖတ်ရှုနာယူမှတ်သားပြီး မြတ်စွာဘုရားရှင်ရဲ့ ကျေးဇူးကြီးမားပုံတွေကို စိတ်အာရုံမှာပုံဖော် တွေးပြီး ကြည်ညိုတဲ့အလေ့အကျင့်ကို နေ့စဉ်အချိန်တစ်ခုပေး လုပ်ဆောင်ခြင်းဖြင့် ရက်ကြာလာတာနှင့်အမျှ ရတနာသုံးပါးအပေါ် ယုံကြည်မှုသဒ္ဓါတရား တစတစခိုင်မာလာတာကို တွေ့ရမှာဖြစ်ပါတယ်။

အဲဒီနည်းအတိုင်းပါဘဲ။ မေတ္တာပို့တဲ့အလုပ်၊ မေတ္တာပွားတဲ့အလုပ်ကို လုပ်တဲ့အခါမှာလည်း မေတ္တာပို့တဲ့ ပါဠိစာတွေ၊ မြန်မာပြန် စာတွေကို ဒီအတိုင်းချည်း ရွတ်နေတာမျိုး မလုပ်တော့ပဲ မိမိမေတ္တာပို့ချင်တဲ့သူ တစ်ဦးဦးကို စိတ်ထဲကနေ အာရုံပြုပုံဖော်ပြီး သူစိတ်ချမ်းသာဖို့၊ ကောင်းကျိုးတွေဖြစ်ထွန်းဖို့ကို အထူးလိုလားတဲ့စိတ်တွေ တဖွားဖွားပေါ်လာအောင် လေ့ကျင့်ပျိုးထောင်ယူလို့ရတာကိုလည်း တွေ့ရပါတယ်။ ဒီလိုအလေ့အကျင့်လုပ်ခြင်းဖြင့်လည်း မေတ္တာစိတ်ကို ကြီးမားလာအောင် လုပ်ယူနိုင်ပါတယ်။

သတိပြုလေ့လာကြည့်မယ်ဆိုရင် သမထဘာဝနာရဲ့  လုပ်ငန်းစဉ်တိုင်းမှာ စိတ်ကူးပုံဖော်ယူခြင်းအလုပ်ဟာ မဖြစ်မနေပါနေတာကို တွေ့ရမှာပါ။ စစချင်း စိတ်ကူးပုံဖော်ယူပြီး၊ အဲဒီနောက် ကိုယ်ဖော်ယူထားတဲ့ အာရုံကို ထင်ရှားသထက် ထင်ရှားလာအောင် ကြိုးစားကြရင်းကနေ ရည်မှန်းရာ သမာဓိအဆင့်ဆင့်၊ ဈာန်အဆင့်ဆင့်ကို တက်လှမ်းယူသွားကြရတာပဲဖြစ်ပါတယ်။

စိတ်ကူးပုံ ဖော်ယူခြင်း နှင့် ဆိုးကျိုးများ

စားတတ်ရင် ဆေး၊ မစားတတ်ရင် ဘေး ဆိုတဲ့စကားလိုပါဘဲ။ စိတ်ကူးပုံဖော်ခြင်းဟာ အသုံးမမှန်တဲ့အခါမှာ ပုံဖော်စိတ်ကူးတဲ့ကာယကံရှင်ကို ဒုက္ခကောင်းကောင်းလည်း ပေးနိုင်ပါသေးတယ်။

ပုံဖော်စိတ်ကူးတာမှာ အစပထမပိုင်း စိတ်ကူးပုံဖော်မှုက အားမကောင်းသေးပေမယ့် စိတ်ကူးပုံဖော်မှုက ကြိမ်ဖန်များလာလေ၊ နေ့ရက်ကြာလာလေ တစတစ အချိန်တိုင်း အဲဒီစိတ်ကူးကသာ ကိုယ့်ကိုလွှမ်းမိုးနေတော့တာပါ။

ကိုယ်သဘောကျနှစ်ခြိုက်တဲ့ အာရုံငါးပါး တစ်ခုခုနှင့်တွေ့ရင် စိတ်မှာ သတိအထိန်းအကွပ်မရှိလို့ကတော့ တပ်ငြိမှုဆိုတာက ချက်ချင်းရောက်လာတတ်တာပါ။ ဒီလိုနှင့်ပဲ ကျွန်တော်တို့တွေမှာ တပ်ငြိမှုသေးသေးလေးတွေ အကြီးကြီးတွေ မျိုးစုံနှင့် နေ့စဉ်ဘ၀ကို နေထိုင်သွားနေကြရတာမဟုတ်လား။ အဲဒီထဲကမှ ကိုယ်က ပိုအာရုံစိုက်ပြီး အချိန်ပေး ပုံဖော်စိတ်ကူးယူမိလိုက်တဲ့ အာရုံက ကိုယ့်ကို အချိန်တိုင်းနီးပါးကပ်ပြီး နှိပ်စက်တော့တာပါဘဲ။

ဥပမာ-လူငယ်အရွယ်တွေဖြစ်တတ်ကြတဲ့ ဆန့်ကျင်ဘက်လိင်အပေါ် ရင်ခုန်ခြင်းပြဿနာဆိုပါစို့။ စစ တွေ့တွေ့ချင်းအချိန်မှာတော့ ပြဿနာက ဒီလောက်မကြီးပါဘူး။ အဲဒါကို ပဲ ကိုယ်ကိုယ်တိုင်က လိုလိုလားလားလက်ခံယူပြီး အာရုံကို ထင်ရှားသထက် ပိုထင်ရှားအောင်၊ စွဲသထက်စွဲလာအောင် အချိန်တွေပေးပြီး သိစိတ်နှင့်ပဲဖြစ်ဖြစ်၊ မသိစိတ်နှင့်ပဲဖြစ်ဖြစ် လေ့ကျင့်ပျိုးထောင် ယူမိပါတော့တယ်။ ဒီလိုနှင့် နေ့စဉ်အချိန်တိုင်းနီးပါးမှာ သူဆိုသူမှ ဆိုတာမျိုး ဖြစ်လာပါတော့တယ်။၊ စားလည်း ဒီစိတ်၊ သွားလည်းဒီစိတ်၊ အိပ်ယာနိုးတာနှင့်သူ၊ အိပ်ယာဝင်လည်း သူ ဆိုတာမျိုးတွေ ဖြစ်လာပါတယ်။ နှစ်ဦးနှစ်ဘက် အဆင်ပြေသွားကြရင်တော့ ပြဿနာမကြီးလှပေမယ့် တစ်ဘက်က ကိုယ့်ကို ပြန်မကြည်ဖြူတဲ့အခါမျိုးဆိုရင်တော့ ကိုယ်မွေးတဲ့မီးက ကိုယ့်ကိုပြန်လောင်ပါတော့တယ်။ ဒီလိုနှင့် အသည်းကွဲတာတွေ၊ ဘ၀ပျက်တာတွေ၊ ကိုယ့်ဖာသာအဆုံးစီရင်တာတွေ စတဲ့ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာရပါတော့တယ်။ နောက်ဆုံးလက်သည် တရားခံကတော့ စိတ်ကူးပုံဖော်မှားသွားခဲ့လို့ပါဘဲ။

ဒီနေရာမှာ ကြုံကြိုက်လို့ မြတ်စွာဘုရားရှင်က ရဟန်းတော်လေး တစ်ပါးကို အကြောင်းပြုပြီး ဟောထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြချင်ပါတယ်။

ဘုရားရှင်လက်ထက်တော်တုန်းက ရဟန်းလေး တစ်ပါး ဇနီးဟောင်းက ဖြားယောင်းလို့ သာသနာ့ဘောင်မှာ မပျော်တာကို အကြောင်းပြုပြီး ဘုရားရှင်က သိတော့ “ချစ်သား သင်ဟာ ခုမှ မိန်းမကို အကြောင်းပြုပြီး ပျက်စီးတာ မဟုတ်ဘူး၊ အရင်ကလည်း မိန်းမကြောင့် ငရဲလားခဲ့ရပြီးပြီ” လို့ ပြောပြီး အတိတ်ကို ပြန်လည်ဟောပြတော်မူပါတယ်။

အတိတ်ဘ၀တစ်ခုမှာတုန်းက တောင်ခြေတစ်ခုမှာ သမင်အုပ်တစ်အုပ် နေကြတယ်။ သမင်တစ်ကောင်က သမင်မလေးတစ်ကောင်ကို မြတ်နိုးတော့ ဘယ်သွားသွား နောက်က တစ်ကောက်ကောက်လိုက်တာပေါ့။ တစ်နေ့တော့ တောင်အောက်ဆင်းပြီး အစာရှာဖို့ သမင်မလေးအသွား သမင်ထီးက မနေနိုင်ဘူး။ နေခဲ့လို့ ပြောတာတောင် မရဘူး။ အဲလိုနဲ့ သွားလိုက်တာ တစ်နေရာအရောက် မုဆိုးတစ်ယောက်က သားကောင်နံ့ရတော့ ခြုံကွယ်မှာ ပုန်းပြီးစောင့်နေပါတယ်။ သမင်မကလည်း သိတယ်။ လူနံ့ရတယ်၊ အန္တရာယ်တော့ တွေ့ပြီပေါ့။ ဒါနဲ့ နောက်ကနေ ကပ်လိုက်လာတဲ့ သမင်ထီးကို ရှေ့ကသွားဖို့ ပြောတော့ သမင်ထီးကလည်း သမင်မလေးပြောသလို ရှေ့ ကနေသွားပေးပါသတဲ့။ အဲဒီမှာ မုဆိုးက ချက်ကောင်းကိုစောင့်ပြီး လှံနဲ့ပစ်တော့ ပွဲချင်းပြီးသေသွားပါတယ်။ သမင်မလေးကတော့ လန့်ပြေးရင်း လွတ်သွားခဲ့ပါတယ်။

အဲဒါကို အဲဒီတောထဲမှာ သစ်ပင်စောင့်နတ်ဖြစ်နေတဲ့ ဘုရားလောင်းက မြင်တော့ ညည်းတွားပါသတဲ့။ “အင်း..ဒင်းသေတာ အမေ့ကြောင့်လည်း မဟုတ်၊ အဖေ့ကြောင့်လဲမဟုတ်၊ ကာမတဏှာကြောင့်သာ သေရတယ်။ ကာမဂုဏ်ဆိုတာ သုဂတိသွားမယ့်လမ်းကြောင်းကိုတောင် ဖြတ်တောက်ပစ်လေ့ရှိတယ်။ မူမမှန်တဲ့ အမျိုးသမီးရှိတဲ့ အရပ်၊ အဲဒီလိုအမျိုးသမီး ခြယ်လှယ်တဲ့အရပ်ဒေသဟာ စပ်ဆုပ်ဖွယ်ကောင်းတယ်။ အဲဒီအမျိုးသမီး အလိုကို လိုက်နေရတဲ့ ယောကျာ်းတွေလည်း အတူတူပဲ..” လို့ ဆိုပြီး ဂါထာလေးတစ်ပုဒ်နဲ့ ဥဒါန်းကျူးလိုက်ပါတယ်တဲ့။

ဒီမြတ်စွာဘုရားဟောထားတဲ့ ဇာတ်တော်ပုံပြင်လေးကို နည်းယူဆင်ခြင်ပြီး ညီငယ်၊ ညီမငယ်များ (အကိုတော်၊ အမတော်များ)လည်း အလွန်အကျွံတွေ နှင့် မျက်ကန်းအချစ်မျိုးတွေ မဖြစ်မိဖို့ သတိပေးချင်ပါတယ်။ ကိုယ့်ကို သူတော်ကောင်းတွေက ခုန သစ်ပင်စောင့်နတ်လိုများ ကဲ့ရဲ့ စကားပြောကြရင် ရှက်ဖို့များ ကောင်းနေမလားလို့ပါ။

ထင်ရှားအောင်လို့ အချစ်ကိစ္စကို အဓိကထား ဥပမာပေးလိုက်တာပါ။ တခြား အစားအသောက်ကို အလွန်အကျူးဖြစ်တာတွေ၊ တီဗီ၊ ရုပ်ရှင်၊ သီချင်း၊ အင်တာနက်၊ ဂိမ်း၊ ဘောလုံးပွဲ၊ ချဲထီ စတာတွေမှာ အလွန်အကျူးဖြစ်တာတွေ၊ ဆေးလိပ်အရက်စတာတွေမှာ အလွန်အကျူးဖြစ်တာတွေ၊ အ၀တ်အစားနှင့် အလှပြင်ပစ္စည်းတွေမှာ အလွန်အကျူးဖြစ်တာတွေ အားလုံးလည်း ဒီ စိတ်ကူးပုံဖော်မှားခြင်းမှာ အကျုံးဝင်နေတာပါဘဲ။

(ဆက်ရန်)

လေးစားစွာဖြင့်

ဝိမုတ္တိသုခ

၁၁၊ ၁၊ ၂၀၁၂။ (ဗုဒ္ဓဟူးနေ့)

No comments:

Post a Comment