Wednesday, November 9, 2011

သတိနဲ့ ကိုယ့်စိတ်ကို ကိုယ်သိ (အပိုင်း-၄)


ကိုယ့်ကို အများဆုံး စိတ်ဆင်းရဲအောင် လုပ်တာဟာ သူများမဟုတ်ပါဘူး။ ကိုယ့်စိတ်ပါ။ ကိုယ့်အတွေးပါ။ ကိုယ့်သဘောထားမှားနေလို့၊ ကိုယ့်အတွေးအခေါ်တွေ မှားနေလို့၊ ကိုယ့်စိတ်ကို ကိုယ်နားမလည်လို့၊ ကိုယ့်စိတ်ကို ကိုယ်တည်ငြိမ်အောင်၊ အေးချမ်းအောင် မထားတတ်လို့၊ အဲဒီစိတ်က အတွေးတွေ အမျိုးမျိုးတွေးပြီးတော့ ကိုယ့်ကိုယ်ကို ပြန်နှိပ်စက်နေတာပါ။ တရားအားထုတ်ပြီးတော့နေရင် ကိုယ့်စိတ်က ကိုယ့်မိတ်ဆွေဖြစ်နေတယ်။

ကိုယ့်စိတ်က ကိုယ့်ကို မကောင်းတာလုပ်ဖို့ တိုက်တွန်းနေတယ်ဆိုရင် အဲဒီစိတ်က ရန်သူပဲ။ ကိုယ့်စိတ်က ကိုယ့်ကို ကောင်းတာလုပ်ဖို့ တိုက်တွန်းနေတယ်ဆိုရင် အဲဒီစိတ်က မိတ်ဆွေပဲ။

ကိုယ့်စိတ်ကို ကိုယ့်မိတ်ဆွေဖြစ်အောင် လုပ်နိုင်ပြီဆိုရင် အဲဒီလူမှာ အင်မတန်မြင့်မားတဲ့ စိတ်ဓါတ်အရည်အသွေးတွေ ရှိလာလိမ့်မယ်။ ကိုယ့်စိတ်က ကိုယ့်မိတ်ဆွေ တကယ်ဖြစ်သွားပြီဆိုရင် အဲဒီလူဟာ စိတ်ချမ်းသာ ကိုယ်ချမ်းသာ နေသွားလို့ ရပြီ။ ကုန်ကုန်ပြောရမယ်ဆိုရင် ကိုယ့်စိတ်က ကိုယ့်မိတ်ဆွေ ရာခိုင်နှုန်းပြည့် တကယ်ဖြစ်မယ်ဆိုရင် တရားကိစ္စလမ်းဆုံးတဲ့ ထိအောင် ရောက်နိုင်ပါတယ်။

“ Everything that crosses the mind, wears and tears the mind ” စိတ်ထဲကို ဖြတ်သန်းသွားတဲ့အရာ မှန်သမျှဟာ စိတ်ကို ပင်ပန်းနွမ်းနယ်စေတယ်။

လူတွေဟာ အတွေးများလွန်းလို့ စိတ်ဓါတ် energy စိတ်ဓါတ်အင်အားတွေ အများကြီး ကုန်ဆုံးသွားတယ်နော်။ အတွေးအတောထဲမှာ ငေးမောပြီးတော့ မနေပဲ ဖြစ်နိုင်သလောက်၊ ရနိုင်သလောက် ပစ္စုန်ပ္ပန်တည့်တည့်မှာ သတိကပ်ပြီး နေမယ်ဆိုရင် စိတ်ပင်ပန်းမှု မရှိတော့ဘူး။ စိတ်ကြည်ကြည်လင်လင် အေးအေးချမ်းချမ်းနဲ့ တစ်နေ့တာကုန်သွားမယ်။

သင့်အတွေးတွေက သင့်ကို ပိုပြီးတော့ ကောင်းတဲ့လူတစ်ယောက် ဖြစ်လာအောင်လည်း လုပ်လို့ရတယ်။ သင့်ကို ပျက်စီးသွားအောင်လည်း လုပ်လို့ရတယ်။ စိတ်ချမ်းသာအောင်၊ အားတက်နေအောင်လည်း လုပ်နိုင်တယ်။ စိတ်ဆင်းရဲအောင်၊ စိတ်ဓါတ်ကျနေအောင်လည်း လုပ်နိုင်တယ်။

လူတွေကတော့ ထင်တာပေါ့။ အဆင်မပြေမှုတွေ များနေလို့ စိတ်ဆင်းရဲတာပါလို့။ အဲဒီအဆင်မပြေမှုက ဘယ်အချိန်ကျမှ အကုန်လုံး ပျောက်သွားမှာလဲ၊ ဘ၀ရှိသေးသရွေ့ကတော့ ဘယ်တော့မှ အကုန်လုံး ပျောက်မသွားနိုင်ဘူး။ အနဲနဲ့အများတော့ ရှိဦးမှာပဲ။ ဒါပေမယ့် ကိုယ့်စိတ်ကိုကိုယ် သိပြီးတော့ တရားအားထုတ်ပြီးတော့ ကြည်လင်အောင်၊ သန့်ရှင်းအောင်၊ အေးချမ်းအောင်၊ မြင့်မြတ်အောင် ထားတတ်လာပြီး စိတ်က ကောင်းတာလုပ်ဖို့ပဲ အတွေးများလာတဲ့အခါမှာ ဘ၀မှာ အခက်အခဲတွေ၊ ဒုက္ခတွေ၊ ပြဿနာတွေဟာ တဖြေးဖြေးနဲသွားတယ်။

တွေးတဲ့အခါမှာ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ် (process)ကို သေသေချာချာ စိတ်ဝင်စားပြီးတော့ ကြည့်ပါ။ လောကမှာ စိတ်ဝင်စားစရာ အကောင်းဆုံးဟာ အတွေးပဲ။ အတွေးဟာ အင်မတန် နက်နဲကျယ်ပြန့်တယ်။ တစ်လောကလုံး ဒီလောက် ဆန်းပြားနေတာ အတွေးကြောင့်ပဲနော်။

တွေးတဲ့အခါမှာ အတွေးနဲ့အတူ စိတ်ထဲမှာ ဘယ်လိုခံစားမှုတွေ ဖြစ်လာသလဲဆိုတာ သိအောင်လုပ်ပါ။ ဒီကိလေသာတွေဖြစ်လာတဲ့အခါ ချက်ချင်းကြီး ဖျောက်ပစ်ဖို့ မကြိုးစားပါနဲ့။ သူတို့ရဲ့ သဘောသဘာဝတွေကို စိတ်ဝင်စားပြီးတော့ သေသေချာချာကြည့်ပါ။ သူတို့နဲ့အတူတူ ပါလာတဲ့ ဆင်းရဲတဲ့သဘော၊ ပင်ပန်းတဲ့သဘောကိုလည်း တွေ့ရလိမ့်မယ်။ ဆင်းရဲတဲ့သဘော၊ ပင်ပန်းတဲ့သဘောကို မြင်ပါများလာရင် ကိလေသာတွေကို မွေးမထားတော့ဘူး။

သူရဲ့သဘောသဘာဝတွေကို သိရင်းသိရင်းနဲ့ အသိဉာဏ် ရင့်ကျက်လာပြီး တဖြည်းဖြည်း သူ့ဟာသူ အားနဲ သွားတာပါပဲ…။ အဲဒီတော့ သူ့ရဲ့ သဘောသဘာဝတွေကို သိဖို့ အင်မတန် အရေးကြီးပါတယ်။

နာမည်တွေ ခဏဖယ်ထားပြီးတော့ အာရုံပေါ်မှာ ခံစားပြီး သိလို့ရတာလေးကိုပဲ သိနေဖို့ အရေးကြီးတယ်။ ထွက်လေ ၀င်လေမှာ ၀င်လာတဲ့လေဟာ အေးနေတယ်။ ပြန်ထွက်သွားတဲ့လေဟာ နွေးနေတယ်။ မတူတာလေးကို မတူမှန်းသိဖို့ လိုတယ်။ မတူမှန်းကို သိနေလို့ရှိရင် သတိပိုကောင်းလာတယ်။ သမာဓိ ပိုကောင်းလာတယ်။


အာရုံကို ထိထိမိမိ သိသွားတဲ့အခါမှာ အာရုံပေါ် ပိုပြီးတော့ စိတ်ဝင်စားမှုရှိတယ်။ အာရုံကို သေသေချာချာ မသိတဲ့ အချိန်မှာ စိတ်ရဲ့သဘာဝဟာ တခြားအာရုံတစ်ခုခုကို ရှာချင်တယ်။ ဒီအာရုံကို စိတ်မ၀င်စားတော့ဘူး။ ဘာမှ မထူးပါဘူးလို့ ထင်လာတယ်။ တကယ်ထိထိမိမိ လုပ်ရင် ရက်ပိုင်းအတွင်း ထူးပါတယ်။

သမာဓိကောင်းလို့ အရှိန်နဲနဲ ရသွားပြီဆိုရင် စိတ်က သူ့ဟာသူပဲ ဒီအာရုံထဲမှာ နေပြီးတော့ အလိုက်သင့်လေး၊ ပုံမှန်လေး သူ့ဟာသူ အားထုတ်သွားနေတယ်။ စိတ်ထဲမှာလည်း တင်းမနေတော့ဘူး။ လျော့သွားတယ်။ လျော့သွားတယ်ဆိုတာက ၀ီရိယ လျော့သွားတယ်လို့ မဆိုလိုဘူးနော်။ Tension တင်းမာမှု လျော့သွားတာ၊ ခန္ဓာကိုယ်မှာလည်း Tension မရှိတော့ဘူး။ စိတ်မှာလည်း Tension မရှိတော့ဘူး။ ခန္ဓာကိုယ်ကလည်း Relax ဖြစ်နေတယ်။ စိတ်ကလည်း Relax ဖြစ်သွားတယ်နော်။ အဲဒါကိုပဲ ကာယမုဒုတာ၊ စိတ္တမုဒုတာလို့ ခေါ်တာပဲ။ ကိုယ်၏ နူးညံ့ခြင်း၊ စိတ်၏ နူးညံ့ခြင်းဆိုတာ ဖြစ်သွားတယ်။

အဲသည်လို သမာဓိ တော်တော်လေး ကောင်းလာတဲ့အခါမှာ သက်တောင့်သက်သာဖြစ်သွားတော့ အင်မတန်ချမ်းသာ လာတယ်။ ပိုပြီးပျော်လာတယ်။ အဲဒီအချိန်မှာ ငြိမ်းချမ်းပြီးနေတယ်။ ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ - ကိုယ်စိတ်နှစ်ပါးလုံးရဲ့ ငြိမ်းအေးခြင်းတဲ့။ စိတ်ထဲမှာ အေးနေတယ်။

“ အရင်တုန်းက စိတ်ဆင်းရဲစရာ တစ်ခုခုရှိလာပြီဆိုရင် သူများကိုပဲ အပြစ်တင်တယ်။ ဘယ်သူ့ကြောင့်၊ ဘယ်ဝါကြောင့် ငါ့မှာ စိတ်ဆင်းရဲရတယ်လို့ ဒီလို အပြစ်တင်တယ် ” တဲ့။ “ ဒီလို တရားအားထုတ်လို့ စိတ်ချမ်းသာနေတဲ့အခါကျတော့ ဒီစိတ်ကို ကြည့်တဲ့အခါ ပြင်ပက ဘာကြီးဖြစ်နေဖြစ်နေ ကိုယ့်စိတ်ကိုကိုယ် ထားတတ်ရင် ချမ်းသာနေတာပဲဆိုတာ တွေ့ရတယ်” တဲ့။ “ အရင်တုန်းက စိတ်ချမ်းသာမှုဟာ အပြင်မှာ ရှိတယ်လို့ထင်တယ်၊ အခုတော့ စိတ်ချမ်းသာမှုဟာ စိတ်ထဲမှာပဲ ရှိတယ်ဆိုတာကို သိလာတယ် ” တဲ့။

အိပ်ပျော်သွားလို့၊ ဘာမှ မသိတော့လို့ စိတ်ကို အနားပေးလိုက်တဲ့နည်းက သတိမပါဘူး။ ပညာမပါဘူး။ အိပ်မပျော်ပဲနဲ့ကို ကိုယ့်ခန္ဓာမှာဖြစ်နေတဲ့ ရိုးရိုးအာရုံတစ်ခုအပေါ်မှာ စိတ်ကလေးကို ကပ်ထားပြီးတော့ ဘာမှမတွေးပဲနဲ့ သိနေတဲ့အချိန်မှာ စိတ်အနားရတာက ပိုပြီးတော့ နက်နဲတယ်။ အဲဒီလို စိတ်ကို ထားနိုင်လို့ရှိရင် စိတ်ရဲ့အင်အားကလည်း ပိုပြီးတော့ ကြီးမားလာတယ်။

စားရင်းနဲ့လည်း သတိလေးနဲ့ စားလို့ရှိရင် စိတ်ထဲမှာ သဘောကျတာကိုလည်း သိတယ်။ သဘောမကျတာကိုလည်း သိတယ်။ ဒီလို သတိနဲ့စားတဲ့အခါမှာ လောဘကြီးကြီးနဲ့ စားလို့မရတော့ဘူး။ သင့်တော်တဲ့ အစားအစာကို သင့်တော်တဲ့ ပမာဏလောက်ပဲ စားလို့ရတော့တယ်။ ပိုမစားဘူး။ မကြိုက်လို့ရှိရင်လည်း ဒေါသမဖြစ်ဘူး။ ဒီအစားအစာအပေါ်မှာ စိတ်က ဘယ်လိုသဘောထားနေတယ်ဆိုတာကိုပါ သိနေတယ်။ ဒါ တရားအားထုတ်ပြီးသား ဖြစ်နေတယ်။ သိပ်ခက်တာ မဟုတ်ပါဘူး။ ၀ါသနာပါရင် လုပ်လို့ရတယ်။

အစားအသောက်ကို သတိနဲ့စားလို့ရှိရင် သတိကောင်းလာတဲ့အတွက်ကြောင့် လိုတာထက်လည်း ပိုမစားဖြစ်ဘူး။ အဲဒါ ပထမဦးဆုံးရတဲ့ အကျိုးပဲ။ သာမန်အားဖြင့် လူတွေဟာ လိုတာထက် ပိုစားမိတတ်ကြတယ်။ သတိနဲ့စားလို့ရှိရင် လိုသလောက် စားပြီးတဲ့အခါမှာ အလိုလိုတော်ချင်လာတယ်။

သတိနဲ့စားတဲ့သူဟာ အစားအသောက်ပေါ်မှာ လောဘလျော့သွားတယ်။ ဉာဏ်ပညာ ပိုကြီးလာတယ်။ ခန္ဓာကိုယ် ကျန်းမာရေးနဲ့ ကိုက်ညီအောင် လိုအပ်တဲ့ပမာဏ မပိုမလို စားမယ်။ အစားအသောက်နဲ့ စိတ်နဲ့၊ အစားအသောက်နဲ့ ခန္ဓာကိုယ်နဲ့ ဆက်စပ်မှုကိုလည်း ပိုမြင်လာတယ်။ မြင်လာတဲ့အတွက်ကြောင့် ကျန်းမာရေးနဲ့ မတည့်တာတွေ မစားတော့ဘူးနော်။ ပြီးတော့ ဒီအပေါ်မှာ စွဲလန်းမှုလည်း နည်းသွားတယ်။ နောက်နေ့ကျရင် ရှိရင်တော့ စားမယ်။ မရှိရင်လည်း ကိစ္စမရှိဘူး။ နောက်နေ့ကျ ဒါမျိုးစားဖို့အရေး ပူပူလောင်လောင်ကြီး မလုပ်တော့ဘူး။

အစားအစာတင်မကဘူး။ ဆေးဝါးလည်း ဒီလိုဘဲ။ မလိုအပ်ပဲနဲ့ မသုံးချင်ဘူး။ ဆေးတစ်ခုခု သောက်လိုက်တဲ့အခါမှာ ခန္ဓာကိုယ်မှာ ဘယ်လိုဖြစ်လာသလဲဆိုတာ အသေးစိတ် သိနေတယ်။ ဆေးရဲ့ side effect ကို ပိုသိရတယ်။ လွယ်လွယ်နဲ့ မသုံးချင်ဘူး။ သဘာဝအတိုင်း ကျန်းမာအောင်ပဲ ကြိုးစားချင်တော့တာ။

အ၀တ်အစားနဲ့ ပတ်သက်ပြီးတော့လည်း လူတွေရဲ့စိတ်မှာ ခံစားချက်တော်တော်လေး များပါတယ်။ အထူးသဖြင့် အခုခေတ်မှာ အ၀တ်အစား အထူးအဆန်းတွေ အများကြီး ၀တ်ကြတာပဲ။ တန်ကြေးဆိုရင်တော့ မပြောပြတတ်တော့ပါဘူး။ အဲဒီတော့ အ၀တ်အစားဝတ်တာနဲ့ ပတ်သက်ပြီးတော့ သတိလေးနဲ့ ဉာဏ်လေးနဲ့ လုပ်မယ်ဆိုရင် ဒီအ၀တ်အစားဟာ ဒီရာသီဥတုနဲ့ ကိုက်ညီတယ်။ ကိုယ်သွားရမယ့်ခရီး၊ ကိုယ့်တွေ့ရမယ့် ပုဂ္ဂိုလ်နဲ့လည်း ဒီအ၀တ်အစားဟာ သင့်တော်တယ်ဆိုတဲ့ ဉာဏ်ကလေး သုံးပြီးတော့ ၀တ်မှာပဲနော်။ အ၀တ်အစားနဲ့ ပတ်သက်ပြီးတော့ လွန်လွန်ကဲကဲ ကြွားစရာဝါစရာကြီးဖြစ်အောင် လုပ်မနေတော့ဘူး။

ကိုယ်ဝတ်တဲ့ အ၀တ်အစားဟာ ကိုယ့်အသက်အရွယ်၊ ကိုယ့်ဂုဏ်သိက္ခာ၊ ကိုယ်လုပ်တဲ့ အလုပ်အကိုင်နဲ့ ကိုက်ညီအောင်တော့ ရွေးလိုက်ပါနော်။ အဲဒီလို ဉာဏ်နဲ့သိပြီးတော့ လုပ်ခြင်းအားဖြင့် အကုန်အကျလည်း အများကြီး နဲသွားလိမ့်မယ်။ သူနဲ့ပတ်သက်တဲ့ လောဘလည်း နည်းသွားလိမ့်မယ်။ လောဘနဲသွားရင် ဒေါသလည်း နည်းသွားမယ်နော်.....။

ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)

Credit to: http://newworldnanda.ning.com/profiles/blogs/3451740:BlogPost:82263


ဆက်လက်ဖတ်ရှုရန်

Tuesday, November 8, 2011

လက်ငင်းအကျိုးပေးတဲ့ ဒါနစေတနာ

ဘယ်နေရာရောက်ရောက် ခွေးကျွေးတဲ့အလုပ်ကလေးကိုတော့ ၀တ်တစ်ခုလိုကိုထားပြီး လုပ်ဖြစ်ပါတယ်။ တစ်ခါတလေဆို လမ်းပေါ်မှာခွေးပိန်ကလေးတွေ တွေ့ရရင်တောင် နီးစပ်ရာ မုန့်ဆိုင်က၀ယ်ပြီး ကျွေးခဲ့ဖူးပါတယ်။ တစ်နေ့တော့ ဒီခွေးကျွေးတာနှင့် ပတ်သက်ပြီး သူငယ်ချင်းက မေးခွန်းတစ်ခု မေးလာပါတယ်။

“တနင်္လာနံမို့ ခွေးကျွေးတာလား” တဲ့။

မိမိက “တနင်္လာနံ ဆိုတာ ဘာလဲ” လို့ ပြန်မေးတော့ သူငယ်ချင်းက “ငွေနံလေ” တဲ့။

ဒီတော့မှ မိမိလည်းသဘောပေါက်သွားပြီး “တနင်္လာနံကြောင့်တော့ မဟုတ်ဘူး။ သီဟိုဠ်ဝတ္ထုလေးတစ်ပုဒ်ကို ဖတ်ဖူးထားလို့ပါ” လို့ပြောပြီး အဲဒီသီဟိုဠ်ဝတ္ထုလေးကိုပါ သူငယ်ချင်းကို ပြောပြဖြစ်လိုက်ပါတယ်။ သူငယ်ချင်းက “သြော်...ဒါကြောင့်ကိုး။” လို့ အတည်လိုလို နောက်သလိုလိုနဲ့ ပြန်ပြောခဲ့တာ အခုအထိ မှတ်မိနေပါသေးတယ်။

သူငယ်ချင်းကို ပြောပြဖူးခဲ့တဲ့ သီဟိုဠ်ဝတ္ထုလေးကို အခုချစ်တဲ့ စာဖတ်သူတွေကိုလည်း ပြန်ပြောပြချင်ပါတယ်။

တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ အရှင်စူဠနာဂ လို့ အမည်ရတဲ့ မထေရ်တစ်ပါးရှိခဲ့ဖူးပါတယ်။

သီဟိုဠ်ကျွန်း အနုရာဓမြို့ မှာ မြတ်စွာဘုရားရဲ့  ညှပ်ရိုးတော်ကို ဌာပနာထားရာလည်းဖြစ်၊ ဒေ၀ါနံပိယတိဿမင်းကြီးရဲ့  ကောင်းမှုလည်းဖြစ်တဲ့ ထူပါရုံစေတီဆိုတာ ရှိပါတယ်။ ထူပါရုံစေတီတော်ရဲ့ အနီးမှာရှိတဲ့ ကျောင်းကြီးကိုလည်း ထူပါရုံကျောင်းတိုက်ကြီးလို့ ခေါ်ပါတယ်။ အရှင်စူဠနာဂဟာ အဲဒီထူပါရုံကျောင်းတိုက်ကြီးမှာ တခြားရဟန်းတော်တွေနှင့်အတူ သီတင်းသုံးနေတဲ့ ရဟန်းတစ်ပါးပါ။

တစ်နေ့မှာ အရှင်စူဠနာဂဆွမ်းစားပြီးလို့ ခံတွင်းဆေးပြီးချိန်မှာ သားတွေပေါက်ထားတဲ့ ခွေးမတစ်ကောင်ကို တွေ့လိုက်ရပါတယ်။ ခွေးမကိုသေချာ ကြည့်လိုက်တော့ ပိန်ပိန်ချည့်ချည့်နဲ့ အတော်ဆာလောင်မွတ်သိပ်နေတဲ့ပုံပါ။ ဆာလောင်မွတ်သိပ်နေပုံရတဲ့ ခွေးမကိုမြင်လိုက်တော့ အရှင်စူဠနာဂက တော်တော်လေး သနားသွားပါတယ်။ ဒါပေမယ့် ဆွမ်းစားပြီး သပိတ်ဆေးပြီးပြီဆိုတော့

ကျွေးစရာဆွမ်းကျန်လည်း မရှိတော့ပါဘူး။

ဒါကြောင့် ဘာလုပ်လိုက်သလဲဆိုတော့ “ငါသည် စားအပ်ပြီးသော အစာမှန်သော်လည်း ထိုခွေးမအား အန်၍ လှူအံ့သောငှာအပ်၏” လို့ နှလုံးပိုက်ပြီး မိမိရဲ့ ခံတွင်းထဲကို လက်ထိုးအန်ပြီး ခွေးမကို ကျွေးလိုက်ပါတယ်။

အရှင်စူဠနာဂဟာ ခွေးမကို အန်ကျွေးရုံတင်မကပါဘူး၊ အိုးခြမ်းကွဲတစ်ခုထဲမှာ ရေထည့်ပြီး ရေလဲတိုက်လိုက်ပါသေးတယ်။

အစာထိုက်သင့်သလောက်ဝသွားတဲ့ခွေးမကို ကြည့်ပြီး အရှင်စူဠနာဂ လည်း တစ်ခါမှ မဖြစ်ဖူးတဲ့ ပီတိတွေ ဖြစ်လာပါတယ်။

ဒါကြောင့် ဆုတစ်ခုကို ကောက်ခါငင်ခါ တောင်းလိုက်ပါတယ်။ သူ့ရဲ့ ဆုတောင်းက

"ငါသည် ဤခွေးမအား မိမိရဲ့ခန္ဓာကိုယ်ကို မငဲ့ကွက်ဘဲ အန်၍ကျွေးလိုက်ရသော ကုသိုလ်ကောင်းမှုကြောင့် နိဗ္ဗာန်ရောက်ရပါလို၏။ နိဗ္ဗာန်မရသေး၍ သံသရာကျင်လည်ရသည်ရှိသော် ပစ္စည်းလာဘ်လာဘ ပေါများရပါလို၏" တဲ့။

စာမှာတော့ အရှင်စူဠနာဂရဲ့  ဒါနစေတနာဟာ ပထမဇောအဆင့်မှာတင် အရှိန်အဟုန်အစွမ်း တော်တော်ကြီးမားနေခဲ့တယ်လို့ ဆိုပါတယ်။

အရှင်စူဠနာဂဆုတောင်းတဲ့နေ့ ညချမ်းမှာပဲ ဒကာ ဒကာမများစွာဟာ ထောပတ်တွေ တင်လဲခဲတွေ သကာတွေ ပျားရည်တွေ ယူလာပြီး “အရှင်စူဠနာဂ ဘယ်ကျောင်းမှာ နေပါသလဲ” လို့ မေးပြီး ရောက်လာကြပါတယ်။ အရှင်စူဠနာဂလည်း ကိုယ့်ကိုယ်ကို အံ့အားသင့်နေပါတယ်။ အရှင်စူဠနာဂဟာ ရောက်လာတဲ့ ဘုဉ်းပေးစရာတွေကို သီတင်းသုံးဖော်ရဟန်းတော်တွေကိုပါ ခွဲဝေလှူဒါန်းလိုက်ပါတယ်။

နောက်မကြာခင်မှာ ဒကာ ဒကာမတွေ ထပ်ရောက်လာပြန်ပါတယ်။ သူတို့ သီဟိုဠ်ခေတ်မှာ အသုံးများတဲ့ ဇာတိပ္ဖိုလ်ပွင့် အစရှိတဲ့ဆေးတွေကို ယူလာပြီး ကပ်လှူပြန်ပါတယ်။ အရှင်စူဠနာဂလည်း ရှေးနည်းအတိုင်း သီတင်းသုံးဖော်တွေကိုပါ ခွဲဝေလှူဒါန်းလိုက်ပါတယ်။

နံနက်လင်းလို့ ဆွမ်းခံကြွတဲ့အခါမှာတော့ ဒကာ ဒကာမတွေဟာ ရေတွက်လို့မရနိုင်လောက်အောင် ဆွမ်းဟင်းများစွာကို လောင်းလှူတော့တာပါပဲတဲ့။

ဘယ်လောက်အထိ ဆွမ်းတွေရသလဲဆိုရင် ထူပါရုံကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ ရဟန်းတော်အားလုံး သုံးဆောင်နိုင်လောက်အောင်အထိ များပြားလွန်းတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အရှင်စူဠနာဂက ကျောက်စည်ကို တီးခတ်ပြီး ထူပါရုံကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ ရဟန်းတော်တွေကို ပြန်ပြီးလောင်းလှူလိုက်ပါတယ်။ နောက်ရက်တွေမှာလည်း အရှင်စူဠနာဂဟာ ရသမျှဆွမ်းဟင်းတွေကို ကျောက်စည်တီးခတ်ပြီး နေ့စဉ်ပြန်လှူခဲ့ပါတယ်။

တစ်နေ့မှာတော့ အရှင်စူဠနာဂဟာ မိမိပြုခဲ့တဲ့ ဒါနစေတနာကို ပြန်ဆင်ခြင်ရင်း ပီတိတွေဖြစ်လာပါတယ်။ အဲဒီဖြစ်ပေါ်လာတဲ့ ပီတိကို အခြခံပြီး ၀ိပဿနာဘက်ကူး ကမ္မဋ္ဌာန်းဘာဝနာကို ကြိုးကြိုးစားစား အားထုတ်လိုက်တာ ရဟန္တာဖြစ်သွားခဲ့ပါတယ်။ တက်ကြွထက်သန်တဲ့ ဒါနစေတနာဟာ ပစ္စုပ္ပန်အကျိုးတင်မကဘဲ အရဟတ္တဖိုလ်အထိ အကျိုးပေးသွားတာပါပဲ။

အရှင်စူဠနာဂ ရဟန္တာဖြစ်ပြီးနောက်ပိုင်း တစ်ခုသောကာလကြာကြာ ရက်တစ်ရက်မှာ ထူပါရုံကျောင်းတိုက်မှာရှိတဲ့ ရဟန်းတော်ငါးရာကြွလာပြီး မဇ္ဈိမဒေသ အိန္ဒိယနိုင်ငံမှာရှိတဲ့ မဟာဗောဓိပင်ကို လိုက်ပို့ပေးဖို့ တောင်းပန်ကြပါတယ်။ အရှင်စူဠနာဂကလည်း လိုက်ပို့ပေးပါမယ်လို့ ပြန်ဝန်ခံလိုက်ပါတယ်။ အရှင်စူဠနာဂကို လိုက်ပို့ပေးဖို့ တောင်းပန်ရခြင်းရဲ့  အဓိကအကြောင်းကတော့ လမ်းခရီးတစ်လျှောက်မှာ ဆွမ်းကွမ်းအခက်အခဲ မရှိအောင်လို့ပါ။

အရှင်စူဠနာဂလည်း ဂတိခံထားတဲ့အတိုင်း ရဟန်းတော်ငါးရာကို မဟာဗောဓိပင်ကို လိုက်ပို့ပေးပါတယ်။ လမ်းခရီးတစ်လျှောက်မှာ နတ်ကောင်းနတ်မြတ်တွေက ကူညီစောင့်ရှောက်သလို ရောက်ရာဒေသက ဒကာ ဒကာမတွေကလည်း ဆွမ်းအချိုပွဲတွေ အလျှံအပယ် လောင်းလှူကြပါတယ်။

မဟာဗောဓိပင်ကိုဖူးပြီး အပြန်ခရီးမှာတော့ အရှင်စူဠနာဂဟာ လေ၀မ်းရောဂါကို အပြင်းအထန်ခံစားရပါတော့တယ်။ ဒီတော့ အတူပါလာသူ ရဟန်းတော်တွေလည်း စိတ်မကောင်းဖြစ်ကြရပါတယ်။ သူတို့စိတ်မကောင်းဖြစ်ကြခြင်းရဲ့  အကြောင်းကတော့ အကယ်၍ အရှင်စူဠနာဂ လမ်းခရီးမှာ ပရိနိဗ္ဗာန်ပြုခဲ့ရင် သူတို့အတွက် ဆွမ်းဘောဇဉ်အခက်အခဲ တွေ့ကြမှာစိုးလို့ပါ။ ဒါကိုသိတဲ့ အရှင်စူဠနာဂက အဖော်ရဟန်းငါးရာကို ဘယ်လိုမိန့်သလဲဆိုတော့ “အရှင်ဘုရားတို့၊ အထွေအထူး မစိုးရိမ်ကြပါနဲ့ ။ တပည့်တော် ပရိနိဗ္ဗာန်ပြုခဲ့ရင် ကြွင်းကျန်တဲ့ တပည့်တော်ရဲ့ ဓါတ်တော်ကို ရှေ့ ဆုံးကကြွတဲ့ မထေရ်ရဲ့  ရေစစ်မှာဖြစ်ဖြစ်၊ သပိတ်မှာဖြစ်ဖြစ် ဖွဲ့ ချည်ပြီး မြို့ ရွာထဲ ၀င်ပါဘုရား။ ဒါဆို အရှင်ဘုရားတို့အတွက် လမ်းခရီးမှာ ပစ္စည်းလေးပါးအတွက် မပင်မပန်းဖြစ်ရပါလိမ့်မယ်ဘုရား။” လို့ အကြံပေးတော်မူပါတယ်။

အရှင်စူဠနာဂမထေရ်လည်း အဲဒီလိုအကြံပေးပြီး မကြာခင်မှာပဲ ပရိနိဗ္ဗာန်ပြုသွားပါတယ်။ ကျန်ခဲ့တဲ့ သတင်းသုံးဖော်ရဟန်းတော်တွေက အရှင်စူဠနာဂရဲ့  အလောင်းတော်ကို ကောင်းကောင်းသဂြိုလ်ပြီး အရှင်စူဠနာဂမှာခဲ့တဲ့အတိုင်း ဓါတ်တော်တွေကိုယူပြီး ကြွတော်မူကြပါတယ်။ ကြွတော်မူတဲ့ လမ်းခရီးတစ်လျှောက် ပစ္စည်းလေးပါးမပင်မပန်းနဲ့  မိမိတို့သီတင်းသုံးရာ သီဟိုဠ်ကျွန်း ထူပါရုံကျောင်းတိုက်ကို ပြန်ရောက်ခဲ့တယ်လို့ဆိုပါတယ်။

စေတနာကြီးမားလှတဲ့ သာမန်ဒါနလေးဟာ ကာယကံရှင်မရှိတော့တာတောင် ကျန်ခဲ့သူတွေအတွက် အကျိုးပြုသွားတဲ့ သီဟိုဠ်ဓမ္မ၀တ္ထုလေးပါ။ စေတနာရဲ့  သဘောသရုပ်ကို ဖွင့်ပြခဲ့တဲ့ ၀တ္ထုလေးအဖြစ်လည်း ပူးတွဲသဘောပေါက်လိုက်ရပါတယ်။

အရှင်စူဠနာဂရဲ့ ဝတ္ထုလေးကို သတိရနေသမျှတော့ ခွေးတွေကို ကျွေးဖြစ်နေအုံးမှာပါ။

ခွေးတွေကို ကျွေးဖြစ်နေသမျှတော့ အရှင်စူဠနာဂရဲ့  ၀တ္ထုလေးကို သတိရနေဖြစ်အုံးမှာပါ။


ကျမ်းကိုး

မဓုရ ရသ၀ါဟိနီကျမ်း - စူဠနာဂမထေရ်ဝတ္ထု

(နှာ ၃၇၁-၃၈၀)

ရဝေနွယ် (အင်းမ)

Faces (မုခ) မဂ္ဂဇင်း

ဇန်န၀ါရီ ၂၀၀၃

“ကုသိုလ်ဖြစ်အောင်တွေးမယ်” စာအုပ်မှ ပြန်လည်ကူးယူ ပူဇော် ဖော်ပြပါသည်။


ဆက်လက်ဖတ်ရှုရန်

Sunday, November 6, 2011

သတိနဲ့ ကိုယ့်စိတ်ကို ကိုယ်သိ (အပိုင်း-၃)




လူတွေဟာ သနားစရာ အင်မတန် ကောင်းတယ်။ စိတ်ကူးယဉ် ပြဿနာတွေနဲ့ ဒုက္ခရောက်နေကြတယ်။ ကိုယ့်စိတ်က ဖန်တီးထားတဲ့ ပြဿနာကို စိတ်က ဖန်တီးထားတာလို့ အမှန်အတိုင်း မသိတော့ ပျောက်အောင် ဘယ်လိုမှ လုပ်လို့ မရနိုင်ဘူး။ သူ့စိတ်ထဲမှာတော့ သူ့ပြဿနာတွေဟာ ပြဿနာအစစ်တွေချည်းပဲလို့ ထင်မှာပဲ။

လူ့ဘ၀မှာ တွေ့ကြုံနေရတဲ့ ပြဿနာတော်တော်များများဟာ စိတ်က ဖန်တီးထားတာပါ။ စိတ်က မရှိတာကို အရှိဖြစ်အောင် လုပ်တတ်တယ်။ တကယ်ရှိတာ မဟုတ်ဘူး။ ပြောရရင် ယုံနိုင်စရာ မရှိဘူး။

စိတ်ကူးယဉ်ပြဿနာတွေကို စိတ်ကူးယဉ် ပြဿနာတွေပါလို့ သိပြီးတော့ သူတို့ကို လက်လွှတ်လိုက်လို့ရှိရင် ပြဿနာအစစ်တွေကို ဖြေရှင်းဖို့ရာ အချိန်ပိုပေးနိုင်တယ်။ ပြဿနာအစစ်ဆိုတာ တကယ်ပြောရရင် ၁၀%တောင် ရှိချင်မှ ရှိမယ်။ စိတ်ကူးယဉ်ပြဿနာတွေက ၉၀%လောက်ရှိတယ်။ အဲဒီစိတ်ကူးယဉ်ပြဿနာတွေကို စိတ်ကူးယဉ်ပြဿနာပဲလို့ သိပြီးတော့ လက်လွှတ်လိုက်လို့ရှိရင် ၉၀%လောက် သက်သာသွားတယ်။ ဒါကြောင့် စိတ်ကို သေသေချာချာကြည့်ပြီးတော့ သိဖို့အားပေးတာ တိုက်တွန်းတာပါနော်။

လူ့အသိုင်းအ၀ိုင်းအပေါ်မှာ စေတနာထားတယ်၊ မေတ္တာထားတယ်၊ ကောင်းစေချင်တယ်ဆိုရင် ကိုယ့်ကိုကိုယ်ပိုင်္ပြီးတော့ ကောင်းတဲ့လူဖြစ်အောင် ကြိုးစားပါ။ သတိနဲ့ နေတဲ့ အလေ့အကျင့်ကို လုပ်ပါ။ အဲသလိုဆိုရင် ကိုယ့်ကိုကိုယ်ကောင်းအောင် လုပ်ရာလည်း ရောက်တယ်။ လောကကြီးကို ကောင်းအောင်လုပ်ရာလည်း ရောက်သွားတယ်။ ပြီးတော့ မြတ်စွာဘုရား ကိုလည်းပဲ အကောင်းဆုံးနည်းနဲ့ ကျေးဇူးဆပ်ရာ ရောက်သွားပြီ။

လောကကြီးကို တကယ်ကောင်းစေချင်တယ်ဆိုရင် သတိနဲ့နေတဲ့ အလေ့အကျင့်လုပ်ပါ။ သတိနဲ့နေလာရင် ကိုယ့်ကိုကိုယ် အများကြီး သိလာလိမ့်မယ်။ ကိုယ့်စိတ်ကို အများကြီး သိလာမှသာ သူတစ်ပါးစိတ်ထဲ ဘယ်လိုခံစား နေရသလဲဆိုတာ နဲနဲ သိလာပါလိမ့်မယ်။ အဲဒီလိုလူမှသာ ကိုယ့်အကျိုးရော အများအကျိုးပါ မထိခိုက်အောင် လုပ်နိုင်တယ်။ ဒါအပြင့် ကိုယ့်အကျိုးရော၊ အများအကျိုးရော ကြီးကြီးမားမား ဖြစ်ပေါ်လာအောင် အကျိုးကို ဆောင်ရွက်နိုင်တယ်။ ဒါကြောင့် အများအကျိုးကို ဆောင်ရွက်ချင်တဲ့လူဆိုရင် သတိ၊ သမာဓိ၊ ဉာဏ်ပညာရှိဖို့လိုတယ်။

သတိ၊ သမာဓိရှိတဲ့လူ၊ သက္ကာယဒိဋ္ဌိ အားနည်းတဲ့သူဟာ ကိစ္စတစ်ခု ဖြစ်မြောက်သွားဖို့ပဲ ဦးစားပေးတယ်။ “ငါလုပ်လို့ပဲဖြစ်ဖြစ်၊ သူများလုပ်လို့ပဲဖြစ်ဖြစ်၊ ကောင်းတဲ့ကိစ္စတစ်ခု ဖြစ်သွားရင် အများချမ်းသာတယ်၊ ငါမလုပ်ရလည်း ကိစ္စမရှိဘူး” လို့ဆိုပြီး အေးအေးချမ်းချမ်း နေနိုင်တယ်။ အဲဒီလိုပုဂ္ဂိုလ်မျိုးဟာ လောကရဲ့အကျိုးကို အကြီးအကျယ် ဆောင်ရွက်နိုင်တယ်။

အတ္တက ဘယ်တော့မှ သူ့မှာ ပြည့်စုံတယ်လို့ မရှိဘူး။ အတ္တဟာ အားငယ်နေတယ်။ ဒါကြောင့် အားကိုးစရာကို ရှာတယ်။ ငွေကို အားကိုးတယ်၊ ဂုဏ်ကို အားကိုးတယ်၊ ဒါပေမယ့် ဘယ်လောက်ရရ အားငယ်တုန်းပဲ။ ပြည့်စုံပြီလို့ မခံစားရဘူး။ အားငယ်စိတ်ကြောင့် မပြည့်စုံတာ၊ လိုချင်တာ။ တကယ်အသုံးလိုလို့ လိုချင်တာ မဟုတ်ဘူး။

အတ္တရဲ့ သဘာဝမှာ ပြည့်စုံခြင်းဆိုတာ ဘယ်တော့မှ မရှိဘူး။ အတ္တရဲ့ သဘာဝဟာ အမြဲတမ်း ချို့တဲ့နေပါတယ်။ ထူးဆန်းတာက လိုချင်တာ များများရလေ ပိုပြီးမပြည့်စုံလေ ဖြစ်လာတယ်။ အတ္တဟာ တစ်ကိုယ်ကောင်းဆန်တဲ့ သဘောဖြစ်လို့ သူ့အလိုပြည့်ဖို့တစ်ခုကိုပဲ စဉ်းစားတယ်။

အတ္တဟာ ငြီးငွေ့သွားတယ်။ မေတ္တာဟာ မငြီးငွေ့ဘူး။ အတ္တက တစ်ခုခုကို တန်ဖိုးထားတယ်ဆိုတာ ခဏပဲ။ သူချစ်တယ်ဆိုတာ အမှန်တော့ သူ့ကိုယ်ကျိုးအတွက်ပဲ။

အတ္တက ဖျက်ဆီးချင်တဲ့သဘောရှိတယ်။ သူရပ်တည်ရာမြဲဖို့ သူတစ်ပါးကို နေရာဖယ်ချင်တယ်။ အတ္တမရှိရင် ဘယ်သူ့ကိုမှ မဖျက်ဆီးချင်ဘူး။ အတ္တမရှိရင် အရာရာတိုင်းကို ပိုပြီးတော့ တန်ဖိုးထားတယ်။ ပိုပြီး သနားတတ်တယ်။ ပိုပြီး ချစ်တတ်တယ်။ ပိုပြီး လေးစားတယ်။

အတ္တရဲ့ သဘာဝကို သေသေချာချာ စဉ်းစားပါ။ အတ္တမှာ လုံခြုံမှုဆိုတာ ဘယ်တော့မှ မရှိဘူး။ စိတ်မချဘူး၊ အမြဲတမ်း စိုးရိမ်နေတယ်။ အမြဲတမ်း ကြောက်နေတယ်။ အကြောက်ပြေဖို့ကို နည်းအမျိုးမျိုးနဲ့ ကြိုးစားတယ်။ ပိုက်ဆံရှိရင် အားရှိတယ်၊ အာဏာရှိရင် အားရှိတယ်။ အဲဒီလိုတွေးတယ်၊ လူတွေကို ငါချုပ်ကိုင်ထားလို့ရရင် ငါခိုင်းသလို လုပ်ရင် ငါနည်းနည်း လုံခြုံမှုရှိမယ်။ စိတ်အေးရမယ်။ ဒါကြောင့် ငါခိုင်းတာကို လုပ်မယ့်သူတွေ များအောင်လုပ်မှဖြစ်မယ်။ ငါခိုင်းသလို မလုပ်တဲ့သူတွေကို ဖယ်မှဖြစ်မယ်။

အတ္တဟာ တစ်ဖက်သားကို ချုပ်ချယ်ချင်တယ်။ သူတစ်ပါးကို ချုပ်ကိုင်ထားပြီးတော့ ကိုယ့်ဘ၀ရပ်တည်မှုကို ရှာချင်တယ်။ ကိုယ့်အတွက် အဆင်ပြေဖို့ သူများကို အသုံးချလိုက်တယ်။ အတ္တဟာ သူတစ်ပါးကို ဘယ်တော့မှ လွတ်လပ်မှု မပေးဘူး။ သူကိုယ်တိုင်ကော လွတ်လပ်သလား။ သူကိုယ်တိုင်လည်း ဘယ်တော့မှ မလွတ်လပ်ဘူး။



ဒီအတ္တရဲ့သဘာဝကို ပိုသိလာတော့ မြတ်စွာဘုရားကို ပိုပြီးတော့ ကျေးဇူးတင်တယ်။ အနတ္တသဘာဝကို နားလည် နိုင်အောင် သဘောပေါက်နိုင်အောင် ဟောခဲ့တယ်။ တရားအားထုတ်ပြီးတော့ ကိုယ်ပိုင်ဉာဏ်နဲ့မြင်နိုင်အောင် နည်းလမ်းတွေ ပေးခဲ့တယ်။ ဘုရားပေးတဲ့နည်းအတိုင်း အားထုတ်လို့ အနတ္တကို သိလာတဲ့အခါမှာ အနတ္တဟာ ဘယ်လောက် အေးချမ်းသလဲ၊ လွတ်လပ်သလဲဆိုတာ သိလာတယ်။ အနတ္တစိတ်ဟာ ဘယ်လောက်ပြည့်စုံသလဲဆိုတာ သိလာတယ်။ အနတ္တစိတ်နဲ့နေတဲ့အချိန်မှာ ဘယ်သူ့ကိုမှ မချုပ်ချယ်ချင်ဘူး။ ဘယ်သူကမှလည်း ချုပ်ချယ်လို့ မရဘူး။

လူတွေဟာ ကိုယ့်အကြောင်းကိုယ် မသိဆုံးပဲ၊ ပြင်ပအကြောင်းတွေသိတာ အင်မတန်များတယ်။ လူတွေကတော့ ကိုယ့်အကြောင်းကိုယ် သိတယ်လို့ ထင်မှာပဲ။ တကယ်တော့ မသိဘူး။ အထင်ပဲ။ “ငါ့စိတ်” “ငါ့စိတ်” လို့သာ ပြောနေတာ တကယ်တော့ ငါ့စိတ်အကြောင်း ငါမသိဘူး။ သိတယ်လို့ ထင်နေတာပဲ။ ဒီစိတ်က တွန်းပေးသမျှ ခိုင်းသမျှ အားလုံးကို လျှောက်လုပ်နေတယ်။

စိတ်အကြောင်းကို တကယ်သိသွားရင် စိတ်က ခိုင်မာရင့်ကျက်လာမယ်။ အေးချမ်းလာမယ်။ တည်ငြိမ်လာမယ်။ အရာရာတိုင်းကို စိတ်က လွှမ်းမိုးတယ်။ စိတ်ကို တကယ်သိသွားရင် အဲဒီစိတ်က လွှမ်းမိုးတာ၊ ချုပ်ချယ်တာ၊ နှိပ်စက်တာ မခံရတော့ဘူး။ ကိုယ့်ကို အနှိပ်စက်ဆုံးဟာ သူတစ်ပါးမဟုတ်ဘူး။ ကိုယ့်စိတ်ပဲ။ ဒါကြောင့် သူ့အကြောင်းကို မသိရင် ခက်မယ်။

ကိုယ့်စိတ်မှာ ဖြစ်သမျှကို သတိထားပြီး ကြည့်နေရင် ကိုယ့်စိတ်ကို ရှင်းပြီးသား ဖြစ်သွားတယ်။ အရေးကြီးတာက နေ့စဉ်နေ့စဉ် ကိုယ့်စိတ်ရဲ့ တံခါးဝမှာ သတိဆိုတဲ့ အစောင့်လေး ရှိဖို့လိုတယ်။

ရုပ်ပိုင်းဆိုင်ရာ အိုးအိမ်မရှိတဲ့သူတွေဟာ ဘယ်လိုနေကြရသလဲ။ ဟိုနေဒီနေ အတည်တကျမရှိဘူး၊ ဘယ်နေရာမှ သူ့အိမ်သူ့ရာလို့ ပြောလို့မရဘူးနော်။ ခြေသလုံးအိမ်တိုင် ဖြစ်နေတယ်။ ဂုဏ်သိက္ခာ မဲ့တယ်။ သတိမရှိတဲ့စိတ်ကလည်း ထို့အတူပဲ။ ဟိုရောက်ဒီရောက်နဲ့ ဂုဏ်သိက္ခာမရှိဘူး။ မကောင်းတဲ့အာရုံ၊ လောဘ၊ ဒေါသ၊ မာနစတဲ့ အကုသိုလ် အန္တရာယ်တွေ များတယ်။

သတိဆိုတဲ့အိမ်မှာ တကယ်နေလိုက်ပြီဆိုရင် လုံခြုံတယ်၊ စိတ်ချရတယ်၊ အန္တရာယ်ကင်းတယ်၊ တည်ကြည် ခံ့ညားမှုရှိတယ်။ သတိဟာ စိတ်အတွက် အိမ်ပဲ။ သတိနဲ့မနေတဲ့ သူရဲ့စိတ်မှာ အိမ်မရှိဘူး။ ရောက်ရာပေါက်ရာ လျှောက်သွားနေတာပဲ။ ပေ ၊ တေ ၊ လေ နေတဲ့စိတ်ပဲ။

စိတ်ကို ကြည်လင်အောင်၊ တည်ငြိမ်အောင်၊ အတွေးမျိုးစုံနဲ့ ရှုပ်ထွေးမနေအောင် ညှိတတ်ဖို့လိုမယ်။ (mental tuning) လုပ်တယ်ဆိုတာ စိတ်ကို ကြည်အောင် လုပ်တာ၊ အတွေးမျိုးစုံရောပြီး ရှုပ်မနေအောင် လုပ်တာကို ပြောတာ၊ မဆိုင်တဲ့ကိစ္စတွေ တွေးပြီး စိတ်ရှုပ်ထွေးနေရင် အခုလုပ်နေတဲ့အလုပ်နဲ့ ပတ်သက်ပြီးတော့ အကောင်းဆုံး အကြံဉာဏ်တွေ စိတ်ကူးတွေ မထွက်နိုင်တော့ဘူး။

စိတ်ကိုသိနေတဲ့ အလေ့အကျင့်၊ အတွေးတွေကို သိနေတဲ့အလေ့အကျင့် သေသေချာချာ လေ့ကျင့်ထားရင် စိတ်ထဲမှာ အတွေးတွေ ရှုပ်လာတဲ့အခါ အဲဒါကို သိမယ်။ သေသေချာချာသိရင် ရှင်းလို့ရတယ်။ စိတ်ရှင်းရှင်းနဲ့ နေတတ်ရင် လုပ်သင့်တာတွေ ပိုလုပ်နိုင်တယ်။ မလုပ်သင့်တာတွေကို မလုပ်တော့ဘူး။ မတွေးသင့်တာကိုလည်း မတွေးတော့ဘူး။ အဲဒီလိုနေနိုင်ရင် ကိုယ့်ဘ၀မှာ အဆင်ပြေတာတွေ များလာမယ်။ ကိုယ့်ဘ၀ဟာ ကိုယ့်လက်ထဲမှာ ရှိမယ်။

တရားအားထုတ်ပြီးတော့ သတိ၊သမာဓိတွေ ပိုကောင်းလာတဲ့လူဟာ (quality) အရည်အသွေးဆိုတဲ့ သဘာဝကို ပိုနားလည်လာတယ်။ ဘယ်ဟာလုပ်လုပ် အရည်အသွေး ပိုမြင့်တာကို လုပ်တယ်။ စာအုပ်ဖတ်မယ်ဆိုရင် ကြုံရာစာအုပ် မဖတ်ဘူး။ လူလူချင်းဆက်ဆံရေးမှာ ဘယ်သူနဲ့ဆက်ဆံရင် ပညာရသလဲ ဆိုတာကို စဉ်းစားပြီးမှ အဲဒီလူတွေဆီကနေ ပညာများများ ရအောင် ဆက်ဆံတယ်။ ကိုယ်ကလည်း ပေးရမယ်ဆို ပေးတယ်။ အသွားအပြန် ရှိတယ်။

အကယ်၍ television ကြည့်တယ်ဆိုရင်တောင်မှ ဘယ်အပိုင်းလေးဟာ မှတ်သားစရာ နည်းယူစရာ ကောင်းတာလေးတွေပါသလဲ အဲဒီအပိုင်းလေးတော့ ရွေးပြီး ကြည့်တယ်။ ကျန်တဲ့အပိုင်းတော့ မကြည့်ဘူး။

သတိရှိတဲ့သူ၊ ဉာဏ်ရှိတဲ့သူ၊ စိတ်ဓါတ်အင်အားကြီးတဲ့လူဟာ အတိုင်းအရှည်ကို သိတယ်။ အဲလောက်ဆိုရင် သင့်တော်တယ်ဆိုတာကို သိတယ်။ အဲဒီသင့်တော်တဲ့ အတိုင်းအရှည်ထဲကနေ လွန်မသွားဘူး။ စကားပြောတာတောင် တစ်နေကုန် တစ်နေခန်းတော့ ပြောမှာမဟုတ်ဘူး။ အချိန်အကန့်အသတ်လေးနဲ့ ပြောမယ်၊ စာဖတ်တာလည်း အချိန်အကန့်အသတ်လေးနဲ့ ဖတ်မယ်၊ ဘာပဲလုပ်လုပ် အကန့်အသတ်လေးတစ်ခု ထားပြီးလုပ်မယ်။ အဲဒီလိုလူရဲ့ ဘ၀အရည်အသွေးဟာ ကြာလေ တက်လေ ဖြစ်လာတယ်။

ဒါကြောင့် တရားကိုအားထုတ်လို့ သတိ၊ သမာဓိကောင်းလာလို့ရှိရင် အကောင်းအဆိုး အမှားအမှန်ကို ခွဲခြားနိုင်လာတယ်။ တန်ဖိုးရှိတယ်၊ မရှိဘူးဆိုတာ ပိုပြီးတော့မြင်လာတယ်။ တန်ဖိုးရှိတာကို ပိုလုပ်ချင်တယ်၊ တန်ဖိုးရှိတာကို လုပ်လို့ရတဲ့ ကျေနပ်မှုကိုလည်း သိပ်သဘောကျတယ်.....။


ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)


(http://newworldnanda.ning.com/profiles/blogs/3451740:BlogPost:82453)


ဆက်လက်ဖတ်ရှုရန်

သတိနဲ့ ကိုယ့်စိတ်ကို ကိုယ်သိ (အပိုင်း-၂)




အသိဥာဏ်မြင့်လာတော့ တစ်ခုခုကို စဉ်းစားလို့ရှိရင် ပိုပြီးတော့ မှန်မှန်ကန်ကန် စဉ်းစားနိုင်တယ်။ တစ်ခုခုကို ဆုံးဖြတ်မယ်ဆိုရင်လည်းပဲ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်တယ်။ ပြီးတော့ ဘာလုပ်လုပ် စိတ်ပါလက်ပါ လုပ်တယ်။ မလုပ်ချင် လုပ်ချင်နဲ့ စိတ်မပါပဲလုပ်တာ နဲသွားတယ်။ စိတ်နှစ်ခွဖြစ်တာနဲသွားတယ်။ ဘယ်လောက်ပင်ပန်း ပင်ပန်း လုပ်တယ်။ ပင်ပန်းမှာလည်း မကြောက်တော့ဘူး။

အဲဒါကြောင့် သမာဓိကောင်းလာရင် စိတ်တည်ငြိမ်လာရင် ဘာလုပ်လုပ် ပိုပြီးတော့ ထိရောက်တယ်။ ပိုပြီးတော့ အကျိုးရှိတယ်။ တည်ငြိမ်တဲ့စိတ်ဟာ ထက်နေတဲ့ဓါးနဲ့တူတယ်။

တရားသတိနဲ့နေတဲ့ အလေ့အကျင့် များတဲ့သူ၊ ကိုယ့်စိတ်ကိုကိုယ် ကောင်းကောင်း သိတဲ့သူ၊ စေတနာမှန်တဲ့သူ၊ ရိုးသားတဲ့သူ၊ တကိုယ်ကောင်း မဆန်တဲ့သူဟာ ဆုံးဖြတ်ချက်ကို လွယ်လွယ်ကူကူ မှန်မှန်ကန်ကန် ချနိုင်တယ်။

သတိနဲ့နေတဲ့သူဟာ အရေးမကြီးတဲ့ကိစ္စတွေမှာ ပတ်ဝန်းကျင်နဲ့ ပဋိပက္ခ မဖြစ်ဘူး။ အနိုင်လည်း မယူဘူး၊ အရှုံးလည်း မပေးဘူး။ ကိုယ့်စိတ်ဓါတ် အဆင့်အတန်း နိမ့်ကျသွားမယ့်ကိစ္စကို မလုပ်ဘူး။ သူများကို အနိုင်ရတာကို လွတ်လပ်တာလို့ မယူဆဘူး။ အနိုင်အရှုံး မရှိတာကို လွတ်လပ်တာလို့ ယူဆတယ်။

သူဟာ ကိုယ့်ရဲ့စိတ်ဓါတ်အင်အားတွေ၊ အသိဉာဏ်တွေ၊ အရည်အချင်းတွေကို အကောင်းဆုံး နေရာမှာသုံးတယ်။ အကောင်းဆုံးနေရာမှာ သုံးတယ်ဆိုတာ ကိုယ့်စိတ်ဓါတ်နဲ့ အသိဉာဏ်ကို မြှင့်တင်တာပါပဲ။

လိုချင်နေတဲ့သဘောလေးတွေ သို့မဟုတ်ရင် စိတ်ဆိုးနေတဲ့ သဘောလေးတွေ သို့မဟုတ်ရင် သူ့အဆင့်အတန်း၊ ငါ့အဆင့်အတန်း၊ သူ့ဂုဏ် ငါ့ဂုဏ်တွေ စဉ်းစားနေတယ်။ အဲဒါလေးကို ပြန်ကြည့်စမ်းပါ။ အဲဒီစိတ်က လူကြီးဆန်သလား၊ လူကြီးဆန်တယ်၊ Mature ဖြစ်တယ်ဆိုတာ အသက်နံပါတ်နဲ့ မဆိုင်ဘူး။ အသိဉာဏ်နဲ့ပဲ ဆိုင်တယ်။ သတိနဲ့ သိနေတာ များလေလေ လူကြီးဆန်လေလေ၊ ရင့်ကျက်လေလေ၊ မျှတလေလေ ဖြစ်လာမှာပါ။

ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်စမ်းပါ။ ငါ ကလေးဆန်ချင်သလား၊ လူကြီးဆန်ချင်သလား။ အဖြေကတော့ လူကြီးဆန်ချင်တယ်လို့ပဲ ထွက်လာမှာပေါ့…။ ဒါက ပိုပြီး ရင့်ကျက်တယ်၊ ပိုကောင်းတာကိုး။ လူကြီးဆန်ချင်တယ်ဆိုရင် သတိနဲ့ များများနေမှရမယ်။ သတိလွတ်တယ်ဆိုတာနဲ့ တစ်ပြိုက်နက် ကိလေသာတွေ ၀င်ပြီ။ ကိလေသာ ၀င်ပြီဆိုတာနဲ့ တစ်ပြိုက်နက် အမျှော်အမြင် မရှိတော့ဘူး။ ရေရှည်ကို မမြင်တော့ဘူး။ ကလေးဆန်သွားပြီ။

နေ့စဉ် အချိန်မရွေး၊ နေရာမရွေး သတိကပ်ပြီးတော့နေတဲ့ အလေ့အကျင့်ကို ကြိုးကြိုးစားစား စိတ်ပါလက်ပါ လုပ်ကြည့်ပါ။ (၂)နှစ်၊ (၃)နှစ်လောက် လုပ်ကြည့်ရင်ပဲ စိတ်ဓါတ်ရော အသိဉာဏ်ပါ လေးနက်တဲ့သူ၊ ရင့်ကျက်တဲ့သူ၊ သဘောထား မှန်တဲ့သူ၊ သဘောထားကြီးတဲ့သူ ဖြစ်လာမယ်။ ဘ၀ကို အဓိပ္ပါယ်ရှိရှိ ကျေကျေနပ်နပ် နေနိုင်တဲ့သူဖြစ် လာမယ်။ သတိနဲ့နေတဲ့ အကျင့်ရသွားရင် သတိမပါ၊ ဉာဏ်မပါဘဲ ပေါ့ပေါ့နေ၊ ပေါ့ပေါ့စား နေတာမျိုး မနေနိုင်တော့ဘူး။

သတိနဲ့နေတဲ့အတွက်ကြောင့် အတ္တစွဲ၊ မာနစွဲ၊ ဒေါသနည်းသွားတယ်။ အတ္တ-မာန-ဒေါသ နည်းတဲ့အတွက်ကြောင့် သည်းခံနိုင်တယ်။ သည်းခံနိုင်တဲ့အတွက်ကြောင့် အမှားနည်းသွားတယ်။ သည်းမခံနိုင်ရင် အမှားများတာကိုး။ အမှား တစ်ခုခုမှားပြီးပြီဆိုရင် ဘယ်နှယ့်နေမလဲ၊ ဒီကိစ္စကို တအုံနွေးနွေးနဲ့ စဉ်းစားရပြီ။ ပို မပင်ပန်းဘူးလား။

ဒီလို သတိနဲ့နေသွားခြင်းအားဖြင့် ဘယ်လောက်အကျိုးများတယ်ဆိုတာကို အခြေခံကလေးက စပြီးတော့ ပြောချင်တာနော်။ ကြီးကြီးကျယ်ကျယ် အဆင့်ကို မရောက်သေးဘူး။ ဒါပေမယ့် ဘ၀တစ်ခုလုံးဟာ ပိုပြီးတော့ အေးချမ်းမှု ရှိလာတယ်။ ကြည်လင်မှု ရှိလာတယ်။ ချမ်းသာလာတယ်။ ကိုယ်ဆင်းရဲမှု၊ စိတ်ဆင်းရဲမှုဟာ နည်းသွားတယ်။ အဲဒီလူဟာ တရားအားထုတ်တဲ့အခါမှာ ဘယ်လိုနေမလဲ၊ စိတ်ကပိုပြီးတော့ ဖြောင့်တယ်၊ စိတ်ကြည်ကြည်လင်လင် အေးအေး ချမ်းချမ်းနဲ့ပဲ စိတ်ဖြောင့်ဖြောင့်နဲ့ပဲ သူ တရားအားထုတ်သွားနိုင်တယ်။ သူကြာလေ တိုးတက်လေ ဖြစ်လာတယ်။ သူ့ဘ၀ အခြေအနေဟာ အစစအရာရာ တိုးတက်ပြောင်းလဲလာတယ်။

သတိနဲ့နေတဲ့သူဟာ လုပ်သင့်တာကို လုပ်တယ်။ လုပ်သင့်တဲ့အချိန်မှာ လုပ်တယ်။ သူ့နေရာလေးနဲ့သူ အံဝင်ခွင်ကျ ဖြစ်တယ်။ ဘာလုပ်ရမယ်ဆိုတာလည်း ရှင်းရှင်းလေး သိနေတယ်။ အလုပ်လုပ်တဲ့အခါမှာ လောဘရဲ့၊ ဒေါသရဲ့၊ မာနရဲ့ လွှမ်းမိုးမှုနဲ့ မလုပ်ဘူး။ မနာလို ၀န်တိုမှု၊ သံသယတွေရဲ့ လွှမ်းမိုးမှုနဲ့ မလုပ်တော့ဘူး။ သတိလေးနဲ့ ဉာဏ်လေးနဲ့ သိပြီးတော့ ကြည့်ပြီးတော့ လုပ်တဲ့အတွက်ကြောင့် ကိုယ်လည်း အကျိုးရှိအောင်၊ သူတစ်ပါးလည်း အကျိုးရှိအောင် လုပ်တာပဲ များတယ်။ မှားရင်လည်းပဲ မတော်တဆ မှားသွားတာပဲ။ သူ့ဘ၀ဟာ ရိုးတယ်၊ ရှင်းတယ်။

ဒါကြောင့် သတိရှိခြင်းအားဖြင့် ဘ၀ဟာ ရှင်းလာတယ်။ ရိုးလာတယ်။ လူတော်တော်များများရဲ့ ဘ၀ဟာ မရိုးဘူး၊ မရှင်းဘူး။ အများကြီး ရှုပ်ထွေးနေတယ်။ ဘာဖြစ်လို့တုန်း။ စိတ်က ရှုပ်ထွေးနေတာကိုး၊ စိတ်ရှုပ်ထွေးနေသမျှ ဘ၀လည်း ရှုပ်ထွေးနေမှာပဲ။ စိတ်ရှင်းရင် ဘ၀လည်း ရှင်းတာပဲ။

သတိရှိနေလို့ရှိရင် ဘ၀က ရိုးရှင်းမယ်။ လွယ်ကူမယ်။ သတိမရှိလို့ရှိရင် ဘ၀ဟာ တကယ့်ကို ၀န်ထုပ်ဝန်ပိုး အကြီးကြီး ဖြစ်လာမယ်။

လူတွေရဲ့ ဘ၀ကိုကြည့်လို့ရှိရင် သိပ်ရှုပ်ထွေးပွေလီနေတာကို တွေ့ရတယ်။ သူ့နေရာနဲ့သူ မဖြစ်ဘူး။ အားလုံးဟာ ပရမ်းပတာတွေ ဖြစ်နေတယ်။ တစ်ခုခု လုပ်စရာရှိလာရင်လည်းပဲ ဘာလုပ်ရမယ်ဆိုတာ မသိဘူး။ ထင်မိထင်ရာတွေ လုပ်တယ်။ ခဏခဏ မှားတယ်။ အဲဒီအမှားတွေရဲ့ ဒဏ်ချက်ကိုလည်း ပြန်ပြန်ပြီးတော့ ခံရတာပဲ။

ဒီလို သတိနဲ့နေလာတဲ့အခါမှာ ဖြစ်ပေါ်လာသမျှ ပြဿနာကို မျှမျှတတ ဟိုဘက်ဒီဘက် မြင်တတ်တယ်။ ဘာလုပ်ရမယ်ဆိုတာလဲ အလိုလို သိသွားတယ်။ ဖြေရှင်းတဲ့အခါမှာလည်း သတိနဲ့ ဉာဏ်နဲ့ကြည့်ပြီးတော့ ဖြေရှင်း တတ်တယ်။ အဲဒီလို ဖြေရှင်းတဲ့အခါမှာ အရာရာတိုင်းဟာ ပိုပြီးတော့ အဆင်ပြေသွားတယ်။ ဒါကြောင့် အရာရာတိုင်းဟာ သူ့နေရာနဲ့သူ အံဝင်ခွင်ကျ ဖြစ်သွားတယ်။



သတိအမြဲတမ်း ကပ်ပြီးတော့ နေသွားတဲ့သူဟာ သူ့ဘ၀မှာ တွေ့ကြုံလာရတဲ့ အခက်အခဲတွေကို သတိနဲ့ကြည့်တဲ့အခါမှာ ပိုပြီးတော့ အမြင်ရှင်းတယ်။ ကိုယ်လိုတဲ့ဖက်ကို မဆွဲဘူး။ ပုဂ္ဂိုလ်ရေးရှုထောင့်ကနေ မကြည့်ပဲနဲ့ သဘာဝကျကျ၊ အခြေခံကျကျ ခြုံပြီးတော့ ပြည့်ပြည့်စုံစုံ မြင်နိုင် သိနိုင်တဲ့ အသိဉာဏ်မျိုးကိုလည်း ရနိုင်တယ်။ အဲသလို အသိဉာဏ်မျိုးကို ရလာတဲ့သူဟာ ဘ၀မှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကို ပိုပြီးတော့ သဘာဝကျကျ မှန်မှန်ကန်ကန် ဖြေရှင်းနိုင်တယ်။ အဲသလို ဖြေရှင်းနိုင်ရင် ဘ၀မှာ ဒုက္ခတွေ အများကြီး နဲသွားနိုင်တယ်။ အဲလိုလူဟာ ဦးဆောင်နိုင်တဲ့သူ ဖြစ်လာတယ်။

ဘ၀ကို စမ်းတ၀ါးဝါး နေကြတာများပါတယ်။ ရမ်းပြီးတော့ လုပ်ကြတာတွေလည်းများတယ်။ မှန်းပြီးတော့ လုပ်ကြတာ တွေလည်း ရှိတယ်။ တခါတလေ ကိစ္စတစ်ခုကို လုပ်ချင်လွန်းလို့ လုပ်တယ်၊ လုပ်ပြီးလို့ တော်တော်ကြာတဲ့အခါကျမှ မလုပ်ချင်တော့ဘူး။ တစ်ခုခု လိုချင်တယ်ဆိုပြီးတော့ ရအောင်လုပ်တယ်။ ရပြီးကာမှ မလိုချင်တော့ပြန်ဘူး။ အဲဒီလို ဖြစ်တာတွေက အင်မတန်များပါတယ်။ ကိုယ့်ဘ၀ကိုယ် ကြည့်ရင် တွေ့နိုင်ပါတယ်။

တရားအားထုတ်တဲ့လူကျတော့ ဒီလိုမဟုတ်တော့ဘူး။ ကိုယ်တစ်ခုခု လုပ်မယ်ဆိုရင် ကိုယ့်စိတ်ကိုကိုယ် ပြန်ကြည့်တယ်။ ငါ ဒါကို ဘာဖြစ်လို့ လုပ်ချင်တာလဲ၊ တစ်ခုခု အကျိုးစီးပွားလိုချင်လို့လား၊ ဂုဏ်လိုချင်လို့လား၊ သူများအထင်ကြီးတာ လိုချင်လို့လား၊ ကြွားချင်လို့လား၊ ရေရှည်လုပ်နိုင်မှာလား စတဲ့မေးခွန်းတွေကို ကိုယ့်ကိုယ်ပြန်မေးတယ်။ ကိုယ့်စိတ်ကို ကိုယ် ပြန်ကြည့်ရင် သိတယ်။ အဲဒီတော့ လုပ်သင့်တာဆိုရင် လုပ်တယ်။ မလုပ်သင့်တာဆို မလုပ်ဖြစ်ဘူး။ ဖြစ်နိုင်တာကို လုပ်တယ်။ မဖြစ်နိုင်တာကို မလုပ်ဘူး။

တရားအားထုတ်တဲ့သူဟာ စိတ်ရှည်တယ်၊ ဇွဲကောင်းတယ်၊ လွယ်လွယ်နဲ့ စိတ်မပျက်ဘူး။ ဒါကြောင့် တစ်ကယ် တန်ဖိုးရှိတဲ့ အလုပ်ကို ရေရှည်စီမံကိန်းနဲ့ လုပ်တယ်။ ဖြစ်တာ များတယ်။ ဒါကြောင့် အောင်မြင်မှုလည်း ရတယ်။

လူတွေမှာ အင်မတန်ကြီးမားတဲ့ အစွမ်းသတ္တိတွေ အများကြီး ရှိပါတယ်။ အဲဒီအစွမ်းသတ္တိတွေဟာ ကစဉ့်ကရဲ ဖြစ်နေတယ်။ တစ်ခုဆိုတစ်ခု လေးလေးနက်နက် ဦးတည်ချက်ထားပြီး တကယ်စွဲစွဲမြဲမြဲ လုပ်ကြည့်စမ်းပါ။ အများကြီး ဖြစ်မြောက် အောင်မြင်တာ တွေ့ရလိမ့်မယ်။

လူတွေနဲ့ တွေ့တဲ့အခါမှာ တစ်ယောက်ကိုတစ်ယောက် လွှမ်းမိုးတဲ့သဘောက ရှိနေတယ်။ သူက ကိုယ့်ကို လွှမ်းမိုးမယ် သို့မဟုတ် ကိုယ်က သူ့ကို လွှမ်းမိုးမယ်။

သတိကောင်းနေရင် ကိုယ့်စိတ်ကိုကိုယ် သိနေရင် ဘယ်သူမှ ကိုယ့်ကို လွှမ်းမိုးလို့ မရဘူး။ ကိုယ့်စိတ်က တည်ငြိမ် အေးချမ်းပြီး လေးနက်ခိုင်ခန့်နေတယ်ဆိုရင် တစ်ဖက်လူဟာ ရာထူးအားဖြင့် ကြီးချင်ကြီးမယ်၊ ဓနအားဖြင့် ကြီးချင်ကြီးမယ်၊ ဒါပေမယ့်သူက ကိုယ့်ကို လွှမ်းမိုးလို့ မရဘူး။ ဒါကြောင့် သူများလွှမ်းမိုးတာ မခံရချင်ရင် တည်ကြည်ခံညားမှုရှိအောင် သတိနဲ့ နေရမယ်။

နေ့တိုင်း အချိန်တိုင်း စိတ်ကို ကြည့်ပြီးတော့ သိပြီးတော့ မကြာမကြာ ညှိပေးနေဖို့ လိုပါတယ်။ အခုခေတ် ဥပမာနဲ့ ပြောရရင် တချို့အိမ်တွေမှာ automatic voltage regulator ဆိုတာ သုံးတယ်။ အဲဒီစက်က လျှပ်စစ်မီးဗို့အားကို ညှိပေးတယ်၊ ထိန်းပေးတယ်၊ များလာရင် လျှော့ပေးတယ်။ နဲသွားရင် တိုးပေးတယ်။

အဲဒီ automatic voltage regulator လိုပဲ သတိဆိုတာလည်း စိတ်ကို ညှိပေးတယ်၊ ထိန်းပေးတယ်၊ ခံစားမှုတွေ၊ စိုးရိမ်တာတွေ၊ ကြောက်တာတွေ၊ အားငယ်တာတွေ လွန်မသွားအောင် ထိန်းပေးတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှု တိုးလာအောင်၊ စိတ်အေးချမ်းမှု၊ တည်ငြိမ်မှု တိုးလာအောင် ပြဿနာတွေကို မှန်မှန်ကန်ကန် မြင်နိုင်တဲ့ ဉာဏ်အမြင် တိုးလာအောင်၊ လုပ်နိုင်သလောက်ကို လုပ်ပြီးတော့ ဖြစ်လာတဲ့ အခြေအနေကို ရင့်ကျက်တဲ့စိတ်နဲ့ လက်ခံနိုင်အောင် စိတ်အားကို မြှင့်ပေးတယ်။

စိတ်ကို ဒီလို သတိနဲ့ကြည့်ပြီင်္း ညှိပေးတဲ့ အလေ့အကျင့် မရှိရင်၊ စိတ်အတက်အကျ များနေရင် ဘ၀မှာ နေရထိုင်ရတာ၊ လုပ်ရကိုင်ရတာ အဆင်မပြေဘူး။ ဆက်ဆံရေးတွေလည်း ကမောက်ကမ ဖြစ်တတ်တယ်။ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ အောင်မြင်ရေးတွေ အားလုံးထိခိုက်တယ်။

ဒါကြောင့် ကိုယ့်ဘ၀မှာ အစစအရာရာ အဆင်ပြေချင်ရင် ကိုယ့်စိတ်ကို သတိနဲ့ကြည့်ပြီး ညှိပေးတတ်တဲ့ပညာကို တတ်အောင်သင်ဖို့နဲ့ အမြဲတမ်း သတိနဲ့နေဖို့ လိုတယ်။ အလေ့အကျင့် ရသွားရင် မခက်ဘူး။ ဒါတစ်ခုကို နိုင်နိုင်နင်းနင်း လုပ်နိုင်ရင် ဘ၀မှာတွေ့ရတဲ့ အခက်အခဲတွေဟာ ဉာဏ်ပါပါကစားရတဲ့ ကစားနည်းတစ်ခုလို ဖြစ်လာတယ်။ နားလည်နိုင်တဲ့ အရည်အချင်း၊ ကိုင်တွယ်နိုင်တဲ့ အရည်အချင်း၊ လက်ခံနိုင်တဲ့ အရည်အချင်းတွေ တိုးလာလို့ ဘ၀ကို အပေါ်စီးက ကြည့်ပြီး ပိုင်ပိုင်နိုင်နိုင် နေသွားနိုင်တယ်။ expert in living “ ဘ၀နေနည်း ကျွမ်းကျင်သူ” ဖြစ်လာမယ်.....။


ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)

(http://newworldnanda.ning.com/profiles/blogs/3451740:BlogPost:82257)


ဆက်လက်ဖတ်ရှုရန်

သတိနဲ့ ကိုယ့်စိတ်ကို ကိုယ်သိ (အပိုင်း-၁)




ကိုယ့်စိတ်ကို ကိုယ်သိတယ်ဆိုတာ ကိုယ့်ရဲ့အကောင်းဆုံး အရည်အချင်းတွေ ထွက်လာဖို့ အဓိက အကြောင်းဖြစ်တယ်။ ဒီတစ်ခုကိုမှ မလုပ်လို့ရှိရင် ပိုကောင်းတဲ့ တခြားအရည်အချင်းတွေ ထွက်မလာနိုင်ဘူး။

လူနဲ့ တိရစ္ဆာန် ခြားနားမှုဖြစ်တဲ့ မိမိစိတ်ကို မိမိသိခြင်းဆိုတဲ့ စွမ်းရည်ဟာ အတိုင်းအတာ ကန့်သတ်ချက် မရှိဘူး။ လူကို လူပီသအောင်လုပ်ပေးတဲ့ စွမ်းအားသတ္တိဖြစ်ရုံတင်မကပါဘူး၊ သာမန်လူထက် ပိုလွန်တဲ့၊ ထူးကဲတဲ့၊ မြင့်မြတ်တဲ့ လူသားတစ်ဦး ဖြစ်အောင် လုပ်ပေးနိုင်တယ်။

လူတိုင်းမှာ တကယ်မလုပ်မဖြစ်တဲ့အလုပ် တစ်ခုပဲရှိတယ်။ ကိုယ့်အကြောင်း ကိုယ် သိဖို့ပဲ။

ကိုယ့်အကြောင်းကို ကိုယ် အမှန်အတိုင်း သိရတာ မသက်သာပါဘူး။

ကိုယ့်စိတ်ကို ကိုယ် သိလာတဲ့အခါမှာ အင်မတန်ကြီးမားတဲ့ အင်အားတစ်ခုကို တွေ့ရတယ်။ အားငယ်စိတ်၊ ကြောက်စိတ် မရှိတော့ဘူး။ ချီးမွမ်းတာ၊ ကဲ့ရဲ့တာကို မကြောက်တော့ဘူး။ ဆင်းရဲတာ ပင်ပန်းတာကို မကြောက်တော့ဘူး။ ဘာကိုမှ မကြောက်တဲ့စိတ်ကို ရတယ်။

ကိုယ်စိတ်ကို ကိုယ်သိနေတဲ့လူဟာ အကျိုးမရှိတာကို လုပ်ချင်တဲ့စိတ်ကို ဦးစား မပေးတော့ဘူး။ အကျိုးရှိတာကို ဦးစား ပေးတယ်။ လုပ်သင့်တာကို ပိုလုပ်ဖြစ်တယ်။ ဒါကြောင့် ကိုယ့်ဘ၀ဟာ ပိုပြီး အဆင်ပြေလာတယ်။

ကုသိုလ်ကောင်းမှုတွေ အမျိုးမျိုးရှိတဲ့အထဲက တကယ် အကျိုးအများဆုံး၊ အင်အားအကြီးဆုံးကုသိုလ်ဟာ မမေ့မလျော့ သတိနဲ့နေတာ။

ကိုယ့်စိတ်ကိုကိုယ် အမှန်အတိုင်း မသိရင် ကိုယ့်စိတ်က ဂယောက်ဂယက် ဖြစ်နေရင် ကိုယ့်မှာ ဘာ Power မှ မရှိဘူးလို့ ပြောလို့ရတယ်။ မောဟကြီးတဲ့သူရဲ့စိတ်မှာ Power မရှိဘူး။ သတိကြီးတဲ့သူ၊ သမာဓိကြီးတဲ့သူ၊ ဉာဏ်ပညာကြီးတဲ့ သူရဲ့စိတ်မှာ Power ရှိတယ်။

“အပ္ပမာဒေါ အမတံ ပဒံ” ဆိုတာ…အပ္ပမာဒေါ- မမေ့မလျော့ခြင်းသည်၊ အမတံ-မသေခြင်း၏ (တစ်နည်းအားဖြင့်) နိဗ္ဗာန်၏ ၊ ပဒံ- အကြောင်းပင်တည်း။

“ ပမာဒေါ မစ္စုနော ပဒံ ” ဆိုတာ…ပမာဒေါ-မေ့လျော့ခြင်းသည်၊ မစ္စုနော-သေခြင်း၏၊ ပဒံ-အကြောင်းပင်တည်း။

“ အပ္ပမတ္တာ နမီယန္တိ- မမေ့မလျော့သူတို့သည် မသေကုန် ”

“ ယေ ပမတ္တာ ယထာမတာ- မေ့လျော့သူတို့သည် သေသူတို့နှင့် တူကုန်၏ ”

သတိမပါ၊ ဉာဏ်မပါပဲနဲ့ ဟိုတွေးဒီတွေးနဲ့ မေ့တိမေ့လျော့နေတဲ့သူဟာ အဲဒီအချိန်ဟာ သူ့အတွက် သေသွားတဲ့ အချိန်ပဲ။ ကိုယ့်ဘ၀မှာ နေနေရတဲ့အချိန်နဲ့ သေနေရတဲ့အချိန် ဘယ်ဟာက များနေလဲဆိုတာ တော်တော် စဉ်းစားသင့်တယ်။ ဒါကြောင့် တကယ်နေလိုက်ရတဲ့အချိန်၊ တန်ဖိုးရှိရှိ နေလိုက်ရတဲ့အချိန်၊ သတိနဲ့ ဉာဏ်နဲ့ သေသေချာချာ နေလိုက်ရတဲ့ အချိန်တွေ များအောင်လို့ ကြိုးစားမှသာ တကယ်အသက်ရှင်တဲ့သူလို့ ဆိုနိုင်မယ်။

သတိနဲ့နေတဲ့ အကျင့်ကို များများလုပ်လာတဲ့အခါကျမှ မေ့တိမေ့လျော့ နေခြင်းသည် တကယ်အသက်မ၀င်ဘူးဆိုတာ သိလာတယ်။ သတိနဲ့နေတာ အင်မတန်အသက်ဝင်တယ်။ ကိုယ့်ဟာကိုယ် တကယ်ခံစားလို့ရတယ်နော်။ သတိမြဲအောင် ကြိုးစားပြီးတော့ နေသွားလို့ရှိရင် “သတိမြဲလာလေလေ အသက်ဝင်လေလေ ” ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ကို ပိုသိလေလေ ဖြစ်လာတယ်။

မေ့တိမေ့လျော့ သတိလက်လွတ်နေတယ်ဆိုတာ မကောင်းပါဘူး။ ဘာပဲလုပ်လုပ်၊ ဘာပဲတွေးတွေး အချိန်မရွေး အခါမရွေး သတိနဲ့နေရတာ အကောင်းဆုံးပဲ။

တစ်နေ့တာလုံး သတိကပ်ပြီးတော့ နေတဲ့သူဟာ ကြည်လင်တယ်၊ အေးချမ်းတယ်၊ နူးညံ့တယ်၊ တည်ကြည် ခံညားတယ်။ မျက်နှာအမူအရာ၊ ပြောတာဆိုတာကို ကြည့်ရင်လည်း သတိနဲ့နေတဲ့သူဟာ အပိုအလို မရှိ ပြောတယ်။ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း ရှိတယ်။

သတိရှိနေခြင်းသည်ပင်လျှင် စိတ်ဓါတ်နဲ့အသိဥာဏ်ကို မြှင့်ပေးထားတာနဲ့ တူတယ်။ မေ့တိမေ့လျော့နေတာဟာ ကိုယ့်ရဲ့ စိတ်အဆင့်အတန်းကို ကျသွားအောင်၊ ဘ၀အဆင့်အတန်းကို ကျသွားအောင် ခွင့်ပြုထားတာနဲ့ တူတယ်။


လူတစ်ယောက်ရဲ့ စိတ်နေသဘောထား၊ အကျင့်သီလ၊ အသိဉာဏ်၊ လုပ်ရည်ကိုင်ရည် စသည်ဖြင့် အားလုံး အဆင့်မြင့်မားလာဖို့အရေးမှာ အခြေခံ အကျဆုံး အချက်ဟာ သတိပဲ။

စိတ်ထားတွေ၊ အသိဉာဏ်တွေ၊ လုပ်ရည်ကိုင်ရည်တွေ၊ လူမှုရေး၊ စီးပွားရေးတွေပါ တဖြည်းဖြည်း တိုးတက်လာချင်ရင် တတ်နိုင်သလောက် ကိုယ့်စိတ်ကို သိပြီးနေပါ။

ပစ္စည်းကောင်းတွေ သုံးနိုင်ရုံနဲ့ အဆင့်အတန်း မြင့်တဲ့သူ မဖြစ်သေးဘူး။ စိတ်နေသဘောထား အဆင့်အတန်းမြင့်မှ အဆင့်အတန်းမြင့်တဲ့သူလို့ ဆိုနိုင်တယ်။ နေပုံထိုင်ပုံ၊ ပြောပုံဆိုပုံ အဆင့်အတန်းမြင့်မှ အဆင့်အတန်းမြင့်တဲ့သူဖြစ်တယ်။

Self-perfection is culture. ဆိုတာ “ မိမိကိုယ်ကို ကောင်းသည်ထက် ကောင်းအောင် ချို့ယွင်းချက် ကင်းအောင် လုပ်တာဟာ ယဉ်ကျေးမှုပါ ”

Self-perfection ဆိုတာ ရုပ်ရည်ကို perfect ဖြစ်အောင် လုပ်တာကို ပြောတာ မဟုတ်ဘူး။ ခန္ဓာကိုယ်ကြီးကို ချို့ယွင်းချက်ကင်းအောင်၊ perfect ဖြစ်အောင် ဘယ်လိုမှ လုပ်လို့မရဘူး။ ဒါဖြင့်ရင် perfect ဖြစ်အောင်၊ ကြာလေ ပိုကောင်းလေဖြစ်အောင် ဘယ်ဟာကို လုပ်ရင်ရမှာလဲဆိုတော့ စိတ်ပဲရတယ်။ ဘုရားဟောတဲ့ ကိလေသာတွေ လုံးဝ ကင်းတဲ့ထိအောင် တရားအားထုတ်ဖို့ဆိုတာဟာ Self-perfection ပဲ။ ဒါကြောင့် ရဟန္တာဖြစ်သွားရင် စိတ်က perfect ပဲနော်။ ချို့ယွင်းချက် ကင်းသွားတယ်။ အဲသလိုဆိုရင် အဲဒီရှုထောင့်ကနေ ကြည့်တော့ ဘုရားဟောတဲ့ တရားတော်တွေက အမြင့်ဆုံး ယဉ်ကျေးမှု ဖြစ်သွားတယ်။

ကိုယ့်ဘ၀ကို တကယ်ပိုကောင်းအောင် လုပ်တဲ့အခါမှာ သေချာတဲ့နေရာက စပါ။ စိတ်ထားကောင်းအောင် အရင်လုပ်ပါ။ တည်ငြိမ်အေးချမ်းအောင်၊ ရိုးသားဖြောင့်မတ်အောင်၊ ကိုယ်ချင်းစာတတ်အောင်၊ ကူညီတတ်အောင်၊ မနာလို ၀န်တိုစိတ် နဲအောင်၊ မုဒိတာများအောင်၊ တစ်ကိုယ်ကောင်း မဆန်အောင်၊ ခွင့်လွှတ်တတ်အောင်၊ အကောင်းမြင်တတ်အောင် နေ့စဉ် စိတ်ကို သတိနဲ့ စောင့်ကြည့်ရင်း လေ့ကျင့်ယူပါ။

ဝမ်းနဲဝမ်းသာ များလွန်းတဲ့သူဟာ ဘ၀လမ်းကြောင်း မဖြောင့်ဘူး၊ ၀မ်းနဲဝမ်းသာ ဖြစ်တိုင်း ဘ၀လမ်းကြောင်း ကွေ့ကောက်သွားတယ်။

ကိုယ့်စိတ်ကို ကိုယ်သိပြီးတော့ ၀မ်းနဲ ၀မ်းသာဖြစ်တာတွေ၊ ကျေနပ်တာ မကျေနပ်တာ ဖြစ်တာတွေ အဖြစ်နဲအောင် နေနိုင်တဲ့သူရဲ့စိတ်ဟာ ကြည်လင်အေးချမ်းမှု ပိုရှိတယ်။

ကြည်လင်အေးချမ်းတဲ့စိတ်နဲ့ ကိုယ့်ရည်မှန်းချက် ပန်းတိုင်ကို ဖြောင့်ဖြောင့် သွားလို့ရတယ်။

သတိနဲ့နေတဲ့ အလေ့အကျင့်ကို စွဲစွဲမြဲမြဲ နေ့စဉ် တစ်နေ့လုံး သတိရတိုင်း လေ့ကျင့်လာတဲ့သူဟာ တဖြည်းဖြည်းနဲ့ မြင်ရတဲ့အခါမှာ ဖြစ်လာတဲ့ အတွေးအမျိုးမျိုး၊ ကြားရတဲ့အခါမှာ ဖြစ်လာတဲ့ အတွေးအမျိုးမျိုး၊ စားသောက်ရတဲ့အခါ ဖြစ်လာတဲ့ အတွေးအမျိုးမျိုး၊ ခံစားမှုအမျိုးမျိုးနဲ့ မြင်တာ ကြားတာ အပေါ်မှာ သဘောထား အမျိုးမျိုးဖြစ်နေတာကို ပိုပြီး အသေးစိတ် မြင်လာတယ်၊ သိလာတယ်။ လိုချင်နေတဲ့စိတ် အမျိုးမျိုး၊ လိုချင်တာ မရမှာ စိုးရိမ်တဲ့စိတ်အမျိုးမျိုး၊ လိုချင်တာ ရတဲ့အခါ ဖြစ်တဲ့ ပျော်ရွှင်မှု၊ ကျေနပ်မှု၊ မာန စတဲ့ စိတ်ရဲ့သဘာဝတွေကိုလည်း ပိုသိလာတယ်။ အဲဒီအခါမှာ ဖြစ်သမျှကို ဘေးကနေ ပွဲကြည့်ပရိသတ်လို သဘောထားမျိုးနဲ့ အေးအေးဆေးဆေး ကြည့်နိုင်တယ်။

အဲဒီလို ပွဲကြည့်ပရိသတ်လို ဘာမှ ၀င်မစွက်ပဲ အေးအေးဆေးဆေး ကြည့်နိုင်တဲ့ အရည်အချင်းဟာ အင်မတန် အရေးကြီးတဲ့ တန်ဖိုးရှိတဲ့ အရည်အချင်းဖြစ်တယ်။ အဲဒီလို ကြည့်နိုင်လေလေ အမြင်ရှင်းလေလေပဲ။ အမြင်ရှင်းလေလေ အသိဉာဏ် အဆင့်အတန်း မြင့်မားလေလေပဲ။ အသိဉာဏ် အဆင့်အတန်း မြင့်မားလေလေ စိတ်မှာ လွတ်လပ်မှု ပိုရှိလေလေ ဖြစ်မယ်။

ကိုယ့်စိတ်ထားတွေကို ပိုပြီးတော့ တည်ငြိမ်အောင်၊ အေးချမ်းအောင်၊ ချမ်းသာအောင်၊ တကယ်အဆင့်အတန်းမြင့်တဲ့ အသိဉာဏ်တွေ၊ စိတ်ထားတွေရအောင် လုပ်ချင်တယ်ဆိုရင် သတိနဲ့နေတဲ့အကျင့်ကို လုပ်မှဖြစ်မယ်။

အဲဒီလို သတိနဲ့နေတဲ့အကျင့်ကို လုပ်လေလေ ကိုယ့်ရဲ့ philosophy of life ဘ၀အမြင်၊ ကိုယ့်ရဲ့ခံယူချက်၊ ကိုယ့်ရဲ့ သဘောထားတွေက ပိုပြီးတော့ ပီပြင်လေ ဖြစ်လာတယ်။ ငါဘာအတွက် အသက်ရှင်နေတာလဲဆိုတာ ပိုပြီးတော့ ရှင်းရှင်း လင်းလင်းသိလာတယ်။ ငါဘာအတွက် အသက်ရှင်နေတာလဲဆိုတာကို သေသေချာချာ သိရတာဟာ တော်တော် စိတ်ချမ်းသာစရာကောင်းတယ်။

ကိုယ့်စိတ်ကို ကိုယ် သိပြီးတော့ ပိုပြီး သဘောထားမှန် ပြင်နိုင်တာဟာ လူသားရဲ့ ထူးခြားတဲ့ အရည်အချင်း၊ စွမ်းရည်သတ္တိ၊ (power) ဖြစ်တယ်။

တိရစ္ဆာန်တွေဟာ ကိုယ့်စိတ်ကို ကိုယ်ပြန်မကြည့်နိုင်ဘူး။ မသိနိုင်ဘူး။ ဒါကြောင့် ပြင်လည်း မပြင်နိုင်ဘူး။ သူတို့ဟာ ဗီဇစိတ်ရဲ့ ကန့်သတ်မှုထဲက ထွက်လို့ မရဘူး။ သူတို့စိတ်ကို သူတို့ ပိုကောင်းအောင် လုပ်လို့မရဘူး။ လူသာလျှင် ထူးထူးခြားခြား ကိုယ့်စိတ်ကို ကိုယ်သိပြီး ပြင်နိုင်တဲ့ သတ္တ၀ါဖြစ်တယ်။ ဒါကြောင့် ဒီအရည်အချင်းကို ထိထိရောက်ရောက် သုံးနိုင်ရင် လူတစ်ယောက်အနေနဲ့ ဖြစ်နိုင်တဲ့ အဆင့် မြင့်မားတဲ့လူသားဖြစ်လာမယ်။

ကိုယ့်စိတ်ကိုကိုယ် သိတဲ့အခါမှာ စိတ်ကို ပူလောင်စေတဲ့ လောဘတွေ၊ ဒေါသတွေ၊ မာနတွေ၊ မနာလို ၀န်တိုတဲ့စိတ်တွေ ပါးသွားတဲ့အခါမှာ စိတ်က အင်မတန် ချမ်းသာလာတယ်။ ပေါ့ပါးလာတယ်။ ကိုယ့်ကိုယ်ကိုလည်းပဲ ပိုပြီးတော့ ချစ်လာတယ်။ ကိုယ့်ကိုယ်ကို ပိုပြီးတော့လည်း လေးစားလာတယ်။ စိတ်ဓါတ်အင်အားတွေလည်း တက်လာပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေလည်း ပိုရှိလာတယ်။ အသိဉာဏ်လည်း တော်တော်မြင့်လာတယ်။ ကိုယ့်အသိဉာဏ်ကို ကိုယ် ယုံကြည်လာတယ်။ ကိုယ့်အသိဉာဏ်ကို ကိုယ်ယုံကြည်လာလို့ ကိုယ့်ကိုယ်ကိုကိုယ် လေးစားမှု ပိုရှိလာပြန်တယ်။

ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရဆရာတော်)

(http://newworldnanda.ning.com/profiles/blogs/3451740:BlogPost:80188)

ဆက်လက်ဖတ်ရှုရန်