Monday, October 31, 2011

အောင်ပြီ...အောင်ပြီ...အောင်ပြီ...

Credit To ဦးလောကနာထ (ဗုဒ္ဓတရားတော်များ)

**************************************************

ဒါနကောင်းမှု မြန်မြန်ပြု၊ နိဗ္ဗာန်ရအောင် ဉာဏ်ဖြင့်ရှု‏


အဘိတ္တရေထကလျာနေ၊

ပါပါစိတ္တံ နိဝါရယေ။

ဒန္ဓံဟိ ကရောတောပုညံ၊

ပါပသ္မ္မိံ ရမတိမနော။

“ကုသိုလ်ကောင်းမှုကို ဖြည်းဖြည်းနှေးနှေးပြုသောသူ၏စိတ်သည် မကောင်းမှု၌ မွေ့လျော်သွားတတ်သည်။ (၀ါ) ကုသိုလ်မပြုဖြစ်တော့ပဲ ပျက်သွားတတ်သည်။ ထို့ကြောင့် ကုသိုလ်ကိုမြန်မြန် ပြုရမည်။ မကောင်းမှုမှ စိတ်ကိုတားမြစ်ရမည်။”

အထက်ပါဒေသနာသည် လင်မယားနှစ်ယောက်မှာ အပေါ်ရုံအ၀တ်(အင်္ကျီ) တစ်ထည်သာ ရှိသော ဧကသာဋကပုဏ္ဏားကို အကြောင်းပြု၍ ဟောကြားခြင်းဖြစ်သည်။ တစ်နေ့တွင် ဗုဒ္ဓ၏တရားပွဲသို့လာရောက်ရန် အ၀တ်တစ်ထည်သာရှိကြသော လင်မယားနှစ်ယောက်မှာ တစ်ယောက်တစ်လှည့်စီတရားနာ သွားကြရ၏။ ဒါနပါရမီညံ့ဖျင်းမှုက သူတို့အား တရားနာအတူတူ သွားဘို့ရန်ပင် အ၀တ်တစ်ခုသာရှိသော လင်မယားနှစ်ယောက်၏ ဆင်းရဲကျိုးမှာ သံဝေဂရ ဖွယ် ဖြစ်လှပေသည်။ တစ်သံသရာလုံး လောဘကသာအနိုင်ယူပြီး မလှူခဲ့ မတန်းနိုင်ခဲ့သောကြောင့် ဤမျှဆင်းရဲခြင်းနှင့် တွေ့ကြုံကြရပေသည်။ ဒီတစ်ချိန်တွင်ကား ပုဏ္ဏားကြီး၏စိတ်တွင် လှူချင်စိတ်များ တဖွားဖွားပေါက်လာပြီး လောဘနှင့် တိုက်ပွဲဝင်နေရလေပြီ။ လောဘက “ဟေ့ အမောင်ပုဏ္ဏား… မင်း မှာက ရှိတာအ၀တ်တစ်ထည်တည်းရယ်။ ဘုရားလှူလိုက်ရင် မင်းတို့လင်မယားနှစ်ယောက် ဘယ်အ၀တ်နဲ့ ပွဲလမ်းသဘင်သွားလို့ရမတုန်း။ မင်းတို့ အခက်အခဲတွေ အများကြီး တွေ့ကုန်မှာပေါ့” ဟူ၍ လောဘကပြောနေသည်။ တစ်ဖက်က လှူချင်တန်းချင်နေသည့် စေတနာသဒ္ဓါတရားကလည်း “အမောင်ပုဏ္ဏား…အသင်သည် တစ်သံသရာလုံး လောဘရဲ့စေခိုင်းတိုင်းချည်း လုပ်ခဲ့ပြီး လောဘကျွန်ဖြစ်ခဲ့သောကြောင့် အခုမွဲတေနေခြင်းဖြစ်တယ်။ အလှူခံရှိနေတုန်း လှူဖြစ်အောင်လှူပါ” ဟူ၍ တိုက်တွန်းနေလေသည်။

ဤသို့ဖြင့် ပုဏ္ဏားကြီးမှာ ငယ်နိုင်ဖြစ်သောလောဘကတစ်ဖက် အခုမှ မြတ်ဗုဒ္ဓခေါ်ပေးသော မိတ်ဆွေကောင်း သဒ္ဓါကတစ်ဖက် ယှဉ်ပြိုင်နေကြရာ လက်ကလေးမြှောက်လိုက်ချလိုက်ဖြင့် ညဥ့်ဦးယံ၊ သန်းခေါင်ယံမှ မိုးသောက် ယံသို့ ရောက်သွားသည်။ မိုးသောက်ယံတွင် ပုဏ္ဏားကြီးက “တစ်သံသရာလုံး မလှူခဲ့လို့ အခုမွဲတေနေရတာ အခုအချိန်မှမလှူဖြစ်ရင် နောက်ဒီထက် ဆင်းရဲဘို့သာရှိတော့မယ်” ဟူ၍စဉ်းစားမိပြီး ဘုရားအားလှူလိုက်ပါတော့သည်။ လှူပြီးလျှင် “ငါအောင်ပြီ…ငါအောင်ပြီ…ငါအောင်ပြီ” ဟု ၀မ်းမြောက် ဟစ်ကြွေးလိုက်ရာ ပြည့်ရှင်မင်းကြီးက အပါးသို့ခေါ်စေတော်မူပြီး “အမောင် ဆင်းရဲသား… အသင်သည် မည်သည့်တိုက်ပွဲကိုမျှ မအောင်မြင်ပါပဲလျက် အဘယ်ကို အောင်မြင်သည်ဟု အော်ရသနည်း”ဟု မေးမြန်းရာ ဧကသာဋက ပုဏ္ဏားက “မှန်လှပါ၊ အရှင်မင်းကြီးတို့ ဗဟိဒ္ဓမှာတိုက်တဲ့ တိုက်ပွဲဆိုတာ စစ်အင်အားကောင်းရင်၊ လက်နက်ကောင်းရင်၊ တိုက်ရည်ခိုက်ရည်ကောင်းရင် နိုင်နိုင်ပါတယ်။ ကျွန်တော်မျိုးရဲ့စိတ်ထဲမှာဖြစ်နေတဲ့ အဇ္ဈတ္တတိုက်ပွဲကတော့ အောင်နိုင်ဘို့ရာ အင်မတန်မှ ခဲယဉ်းလှပါတယ်။ ဘ၀များစွာကပါလာတဲ့ လောဘနဲ့မစ္ဆရိယကို ကျွန်တော်မျိုးအရှုံးပေးခဲ့ရတဲ့ ဘ၀ပေါင်းများလှပါပြီ။ တစ်ညလုံးတိုက်ရတာ မနက်ကျမှ တစ်ထည်သာရှိတဲ့ အပေါ်ရုံအ၀တ် ကို ဘုရားရှင်အားကပ်လှူလိုက်နိုင်ပါတယ်။ အရှင်မင်းကြီးအတွက် မပြောပလောက်သော်လည်း ကျွန်တော်မျိုးအတွက်မှာ ကြီးမားသောစွန်းစားမှုကြီးသာဖြစ်ပါတယ်”ဟူ၍ လျှောက်ထားလိုက်ရာ ဘုရင်ကြီးမှာ များစွာကြည်ညို လှသောကြောင့် အကောင်းဆုံးဝတ်စုံတစ်စုံကို ပုဏ္ဏားအား ချက်ချင်းဆုချလေသည်။ အလောဘအရှိန်မှာ ပြင်းထန်သောကြောင့် ဘုရားအား ချက်ချင်း လှူလိုက်လေသည်။ ဘုရင်ကြီးကလည်း နှစ်ဆတက်ပြီး ပုဏ္ဏားအား နှစ်စုံ လှူပြန်သည်။ ပုဏ္ဏားကလည်း ဘုရားရှင်အား ချက်ချင်းလှူလိုက်ပြန် လေသည်။

ဤသို့ဖြင့် နှစ်ဆနှစ်ဆတက်သွားရာ (၃၂)စုံထိ ဘုရင်ကြီးကပေးလာသောအခါ ပုဏ္ဏားကြီးက “ဆက်ပေးနေမှန်းသိလို့ ဘုရားအားလှူနေတာလို့ ဘေးလူတွေက ပြောစရာဖြစ်လိမ့်မယ်” လို့ စဉ်းစားမိပြီး နှစ်စုံအားမိမိတို့ လင်မယား နှစ်ယောက်အတွက်ချန်ကာ အစုံ(၃၀)ကို ဘုရားရှင်အား လှူဒါန်းလိုက်လေသည်။ ဘုရင်ကြီးမှာလည်း ပုဏ္ဏားအား ကြည်ညိုပြီးရင်း ကြည်ညိုရင်းဖြစ်သောကြောင့် ဆင် (၄) ကောင်၊ မြင်း(၄) ကောင်၊ အသပြာ (၄) ထောင်၊ အခွန်ထွက်ရွာ (၄) ရွာ၊ ကျွန်ယောင်္ကျား (၄) ယောက်၊ ကျွန်မိန်းမ (၄) ယောက်၊ ဇနီးမယား (၄) ယောက် စသဖြင့် ၄ ခုနှစ်လီ ၂၈ မျိုးသောဆုကို ပေးသဖြင့် ချမ်းသာကြွယ်ဝသွားတော့သည်။

တစ်နေ့တွင် နေ့ချင်းညချင်း ချမ်းသာသွားသော ဧကသာဋကပုဏ္ဏား၏ ဒါနအကြောင်းကို ရဟန်းတော်များ ပြောဆိုဆွေးနွေးနေစဉ် ဘုရားရှင်ရောက်လာပြီး အကြောင်းစုံမေးမြန်းပြီးသည်နှင့် မြတ်ဗုဒ္ဓက ဤသို့မိန့်ကြားတော်မူလေသည်။ “ချစ်သားတို့ ဧက သာဋကပုဏ္ဏားရသွားသောချမ်းသာမှာ နည်းပါးသွားခြင်းသာဖြစ်သည်။ အကယ်၍ ညဥ့်ဦးယံမှာသာ ငါဘုရားကို လှူခဲ့မိရင် ၁၆ ခုနှစ်လီ ၁၁၂ မျိုးသောဆုကိုရမည်။ အကယ်၍ သန်းခေါင်ယံမှာသာ လှူခဲ့မိရင် ၈ ခုနှစ်လီ ၅၆ မျိုးသောဆုကို ရရှိမည်ဖြစ်သည်။ ယခုသော်ကား ကောင်းမှုကို ဖြည်းဖြည်းပြုသောအနေဖြင့် မိုးလင်းမှပြုနိုင်သောကြောင့် ၄ ခုနှစ်လီ ၂၈ မျိုးသောဆုနှင့်သာ တင်းတိမ်သွားရခြင်းဖြစ်သည်။ ထို့ကြောင့် သဒ္ဓါတရား၊ လှူ ဖွယ်ဝတ္ထု၊ အလှူခံ ဤ (၃)ချက် ညီညွတ်နေလျှင် ချက်ချင်းလှူးဒါန်းရမည်” ဟူ၍ မိန့်ကြားတော်မူခဲ့လေသည်။

ဗုဒ္ဓရှင်တော်မြတ်သည် ပိဋကတ်တော်၌ အလှူခံပုဂ္ဂိုလ်ရွေးချယ်ပြီးလှူရန် ဟောတော်မူခဲ့ခြင်းမှာ ဉာဏ်နုသူများအတွက်ဖြစ်ပါသည်။ ဉာဏ်ပညာရင့် ကျက်သူများအတွက်ကား အလှူခံပုဂ္ဂိုလ်သည် အဓိကမကျ၊ မိမိသဒ္ဓါတရားကသာ အဓိကကျပေသည်။ ထိုအဆိုကို ထောက်ခံသော ပါဠိတော်မှာ

တိဋ္ဌန္တေ နိဗ္ဗုတေစာပိ၊

သမေစိတ္တံ သမံဖလံ။

စေတောပဏိဓိဟေတုဟိ၊

သတ္တာ ဂစ္ဆန္တိသုဂတိံ။ (၀ိမာန၀တ္ထု ပါဠိတော်)

“သက်တော်ထင်ရှား ဘုရား၌လည်းကောင်း၊ စေတီရုပ်ပွား၌လည်းကောင်း စိတ်ထားအတူတူ ထားပြီးလှူလျှင် အကျိုးပေးတူသည်သာဖြစ်၏။ သတ္တ၀ါတို့သည် ကြည်ညိုသောသဒ္ဓါတရား စိတ်ကြောင့်သာလျှင် ကောင်းသောသုဂတိ ဘ၀သို့ ရောက်ကြရသည်။”

ဒါနပြုရာ၌ ရှိမှလှူမယ်ဆိုပြီး မတွေးတောနှင့်။ မရှိတဲ့ကြားက လှူဖြစ်အောင် လှူမယ်ဆိုပြီး ဘုံဘ၀ကိုမတောင်းတပဲ နိဗ္ဗာန်ကို ဦးတည်ပြီး လှူဒါန်းရပေမည်။ ရှိပြီးလှူရုံနှင့်မပြီးသေး၊ သိပြီးလှူဒါန်းတတ်ဖို့လည်း အရေးကြီးသည်။ လှူလိုသောသဒ္ဓါတရားသည် သူ ငါမဟုတ်၊ ကုသိုလ်စိတ်နာမ် တရားသည်သာဖြစ်၏။ ဟန်ဆောင် လှူခြင်းမျိုး မဟုတ်ပဲ၊ စစ်မှန်သော သဒ္ဓါတရားဖြင့် လှူလိုက်သည်နှင့် တစ်ပြိုင်နက် တစ်ဖက်မှ လောဘနှင့် မစ္ဆရိယတရားနှစ်ပါး ကင်းပျောက်ပြီး အလောဘ နှင့် အမစ္ဆရိယတရားနှစ်ပါး ၀င်ရောက်လာခြင်းပင်ဖြစ်သည်။ ထိုတရားတို့သည်လည်း သူ ငါမဟုတ်၊ ကုသိုလ်စိတ်နာမ်တရားသာလျှင်ဖြစ်သည်။ ငါလှူနိုင်တယ်၊ ငါလှူလိုက်တယ်ဟူ၍ ထင်နေသည်မှာ အယူမှား အမြင်မှားခြင်း မိစ္ဆာဒိဋ္ဌိ၊ သူ ငါမဟုတ် နာမ်နှင့်ရုပ်သာလျှင် ဤအမှုကိုပြု၏ဟူ၍ ဉာဏ်ဖြင့် ရှုရသည်။ ထိုတရားသည် မမြဲခြင်း အနိစ္စဖြစ်ကြောင်းပြပေသည်။ တစ်ဖန် အကောင်အထည် အတ္တဟူ၍မရှိ အနတ္တသဘောသာလျှင် တွေ့ရမည်ဖြစ်သည်။ ထိုတရားသဘော မသေခင် ဉာဏ်ကဦးအောင်ရှုကြည့်ဘို့ သတိတရား မြဲစွာထားရန် ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီးက “အသေ မဦးခင်၊ ဉာဏ်ဦး အောင်လုပ်” ဟူ၍ ခဏခဏ မိန့်မှာတော်မူခြင်းဖြစ်ပေသည်။ ဉာဏ်ဖြင့်သိလျှင် “ဒါနကို ခန္ဓာကိုယ်တောင်ပေါင်ပြီးလှူ” ဟူ၍လည်း မိန့်ကြားတော်မူခဲ့ခြင်းဖြစ်ပေသည်။

စာရှုသူပရိတ်သတ်အပေါင်း ဒါနကောင်းမှု မြန်မြန်ပြုနိုင်ပြီး နိဗ္ဗာန်ကိုရအောင် ဉာဏ်ဖြင့်သေချာရှုနိုင်ကြပြီး ဒီဘ၀မှာတင် နိဗ္ဗာန်မဂ်ဖိုလ် မျက်မှောက်ပြုနိုင် ကြပါစေ။

Credit To ကိုထွန်းထွန်းလှိုင် (http://htunhlaing.blogspot.com)


ဆက်လက်ဖတ်ရှုရန်

Thursday, October 27, 2011

ရှင်သန်ခြင်း


ကျွန်တော်ရေးဖြစ်ခဲ့တဲ့ ပို့စ်တော်တော်များများက သေခြင်းတရားနှင့် ပတ်သက်တာတွေချည်းဖြစ်နေခဲ့တော့ ဒီတစ်ခါတော့ ရှင်တာနှင့်ပတ်သက်ပြီး ပြောင်းရေးလိုက်အုံးမယ်လို့တွေးရင်း ဒီပို့စ်ကို အရှင်သုနန္ဒာလင်္ကာရ (ဘုန်းဘုန်းပန်းကမ္ဘာ) (http://www.dhammayaungchi.com) မွေးနေ့အတွက် ရေးဖြစ်သွားပါတယ်။

..........................


လူတိုင်းအသက်ရှည်ရှည်နေချင်သလားလို့မေးကြည့်ရင် အားလုံးနီးပါးက နေချင်ကြတယ်လို့ပဲ ပြန်ဖြေကြမှာပါ။ ကိုယ့်မျက်စိရှေ့ မှာ တွေ့မြင်နေရတဲ့ အသက်အရွယ်ကြီးရင့်နေကြတဲ့သူတွေကို ကြည့်ပြီး ကျွန်တော်တွေးမိတာရှိပါတယ်။ မြန်မာတွေပြောလေ့ပြောထရှိတဲ့ စကားတစ်ခွန်းရှိတယ်။ “ဘုန်းကြီးလို့ အသက်ရှည်တယ်” ဆိုတဲ့စကားပါ။ တချို့ က အသက်တော့ရှည်ကြတယ်။ ဒါပေမယ့် ဘုန်းကံနည်းပါးကြတော့ အသက်မွေးနေထိုင်ရတာ ခက်ခဲပင်ပန်းဆင်းရဲကြရတယ်။ တချို့ ကတော့ ဘုန်းကြီးပေမယ့် အသက်ကတော့ မရှည်ကြရှာဘူး။ များသောအားဖြင့် လူတော်တွေ၊ ပါရမီရှင်တွေ အတော်များများ အဲဒီအမျိုးအစားထဲ ပါဝင်နေကြသလိုပဲ။ လူကောင်းတွေဆို စောစောစီးစီးသေလိုက်ကြတာ တဖြုတ်ဖြုတ်နဲ့။

ကျွန်တော်တွေးမိတာက ဘုန်းကြီးရုံ၊ အသက်ရှည်ရုံနှင့် လူတစ်ယောက်အတွက် ဘ၀မှာ အဓိပ္ပါယ်လုံလောက်ပြည့်စုံပြီလားဆိုတာပါဘဲ။

ကမ္ဘာပေါ်မှာ အာဏာရှင်တချို့ ဆို အသက်တွေအရှည်ကြီးနေပြီး ဘုန်းကံတွေကလည်း ကြီးလိုက်ပါဘိသနဲ့။ သူတို့ဘ၀တွေကိုပဲ ကိုယ်က အားကျရတော့မလား။

တချို့ လည်း ငွေကြေးသြဇာတွေတော့ တောင့်တင်းပါတယ်။ ကျန်းမာရေးက ချို့ တဲ့ပြီး လူတွေရဲ့ အပြုစုခံ အစောင့်ရှောက်ခံအဖြစ်နှင့် အသက်တွေအရှည်ကြီးနေနေကြတာမျိုးတွေလည်း တွေ့မိတယ်။ သူတို့လိုမျိုးဆိုရင်ရော။

တချို့ လည်း အစစအရာရာပြည့်စုံ၊ ကျန်းမာရေးကလည်း ကောင်း၊ အသက်အရွယ်တွေကြီးရင့်တဲ့အချိန်အထိ အပျော်အပါး၊ အသောက်အစားတွေနှင့် ကာမဂုဏ်တွေနှင့် အဆီရစ်နေကြဆဲ။ သူတို့ဘ၀လိုမျိုးရော။

ကျွန်တော်ရောက်နေတဲ့နိုင်ငံကလူမျိုးတွေလို မွေးကတည်းက ဘ၀နှင့်အလုပ်ကို ထပ်တူပြုထားပြီး အလုပ်မလုပ်နိုင်တော့တဲ့နေ့ဟာ သေတဲ့နေ့ပဲ ဆိုတာလိုမျိုးရော။

အသက်ရှည်ရမယ်ဆိုရင် ဘယ်လိုဘ၀ပုံစံမျိုးနေထိုင်ရှင်သန်မလဲလို့ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်မိပါတယ်။

......................................

ကျွန်တော့်ဘ၀မှာ Role Model တွေထဲအပါအ၀င်ဖြစ်တဲ့ အဖွားကြီးသားအမိနှစ်ယောက်ရှိပါတယ်။ သူတို့က ကျွန်တော်နှင့် ဆွေမတော်၊ မျိုးမစပ်ပေမယ့် ဘယ်ဘ၀ကရေစက်တွေကြောင့်လည်း မသိ။ ကျွန်တော် နှင့် သူတို့ဟာ မြေးအဖွားတွေလိုမျိုး သံယောဇဉ်တွေနှင့် ချစ်ခင်ကြတယ်။

အမေလုပ်တဲ့ အဖွားက သီပေါမင်းပါတော်မူတဲ့နှစ်မှာမွေးပါတယ်။ သူအသက်ငယ်ငယ် အရွယ်ကောင်းတုန်းမှာပဲ ခင်ပွန်းဆုံးပါးသွားပြီး သမီးတစ်ယောက်နှင့် ဘ၀ကို နှစ်ပေါင်းများစွာဖြတ်သန်းခဲ့တယ်။ သမီးလုပ်တဲ့ အဖွားကလည်း သူ အသက် ၂၀ ကျော်အရွယ်မှာ ဖခင်ဆုံးသွားခဲ့တော့ အမေကို ပြုစုဖို့ အိမ်ထောင်သားမွေးကိစ္စတွေကို မျက်ကွယ်ပြုခဲ့တယ်။

ကျွန်တော်လမ်းလျှောက်တတ်တဲ့အရွယ်မှာ အမေဖြစ်သူ ဖွားဖွားကြီးက အသက် (၉၀) နားကပ်နေပြီ။ သမီးလုပ်တဲ့သူက (၇၀)ကျော်အရွယ်။ သမီးလုပ်တဲ့သူ အသက် (၄၀)အရွယ်လောက်မှာပဲ သားအမိနှစ်ယောက်လုံး တရားအလုပ်ကို ဇောက်ချအားထုတ်ခဲ့ကြတော့တယ်။ ဒီလိုနှင့် နောက်ပိုင်းတော့ သူတို့ပိုင်ဆိုင်တာတွေ အားလုံးရောင်းချပစ်ပြီး ရိပ်သာတစ်ခုမှာ အပြီးနေထိုင်လိုက်ကြတယ်။

သူတို့နှစ်ယောက်ရဲ့ ထူးခြားချက်တွေကိုပြောပြချင်ပါတယ်။ သားအမိနှစ်ယောက်လုံးဟာ အသက်အရွယ်တွေသာကြီးကြတယ်။ ကျန်းမာရေးက ဒေါင်ဒေါင်မြည်ပါဘဲ။ ဘာရောဂါမှ ကြီးကြီးမားမားမရှိဘူး။ အစားဆို ဘာမှ ရှောင်နေစရာမလိုဘူး။ နား၊ မျက်စိတွေ အားလုံးကောင်းတယ်။ သူတို့ကို စကားပြောရင် ပုံမှန်လေသံနှင့်ပဲပြောလို့ရတယ်။ မျက်စိကလည်း ဟိုးအဝေးကလာနေတဲ့သူ ဘယ်သူဆိုတာကို ကောင်းကောင်းမြင်တယ်။ သွားတွေအစုံမရှိတော့ပေမယ့် ထမင်းကို ကောင်းကောင်းစားနိုင်တယ်။ သူတို့သားအမိစားဖို့ ထမင်းဟင်းကို သူတို့ကိုယ်တိုင်ပဲချက်တယ်။ ဈေးကိုယ်တိုင် မသွားနိုင်ကြတော့လို့ သူများကို ဟင်းလျာမှာရပေမယ့် ချက်တာပြုတ်တာအားလုံးကို ကိုယ်တိုင်ပဲလုပ်ကြတယ်။ အမေလုပ်တဲ့ အဖွားက ကုလားထိုင်တစ်လုံးမှာထိုင်ပြီး ဆေးပြင်းလိပ်ကြီးကိုခဲ၊ ကွမ်းကိုဝါးရင်း သတင်းစာဖတ်တယ်။ တခါတလေ ဟင်းချက်နေတဲ့သူ့သမီးကို လှမ်းပြီး ဟိုလိုချက်၊ ဒီလိုချက်ဆိုပြီး လှမ်းပြောလိုက်သေးတယ်။ သမီးလုပ်တဲ့ အဖွားက ထင်းမီးဖိုတစ်လုံးနှင့် ထမင်းဟင်း သူတို့နှစ်ယောက်စာချက်တယ်။ မနက်တိုင်း ရိပ်သာက ဆွမ်းခံကြွတဲ့ ကိုယ်တော်တွေကို ဆွမ်းလောင်းလိုက်သေးတယ်။ အ၀တ်ကို သမီးလုပ်တဲ့သူကလျှော်တယ်။ သူ့အမေရေချိုးဖို့ ရေ သူကိုယ်တိုင်ခပ်တယ်။ သူကိုယ်တိုင်ရေချိုးပေးတယ်။ အမေလုပ်တဲ့သူရဲ့  ဝေယျာဝစ္စအားလုံးကို သမီးအဖွားကြီးက အကုန်လုံးလုပ်ပေးတယ်။ သူတို့တွေမှာ ဆွေမျိုးတွေရှိပေမယ့် ဘယ်သူ့ကိုမှ အကူအညီမတောင်းဘူး။ တခြား တစိမ်းဘယ်သူ့ကိုမှလည်း အကူအညီမတောင်းဘူး။

ဒီလိုနှင့် အမေလုပ်တဲ့ ဖွားဖွားက အသက်(၁၀၄)နှစ်မှာ လူကြီးရောဂါနှင့်ဆုံးပါတယ်။ လူကြီးရောဂါဆိုတာ အရင်က ကျွန်တော် ဘာမှန်းမသိဘူး။ အဲဒီအဖွားဆုံးမှပဲ သဘောပေါက်တော့တယ်။ ဘာရောဂါမှ မယ်မယ်ရရမရှိပါဘူး။ သက်တမ်းစေ့တော့ ဘယ်လိုမှခန္ဓာကိုယ်အစိတ်အပိုင်းတွေက ဆက်အလုပ်မလုပ်တော့ဘူး။ ဆရာဝန်က ကျွန်တော့်ကို အဲဒီတုန်းက ပြောတာ မှတ်မိသေးတယ်။ အဖွားရဲ့  internal organs တွေအားလုံးက over ripe ဖြစ်နေပြီတဲ့။ ဘာမှ လုပ်ပေးလို့ မရတော့ဘူးတဲ့။ ဆုံးတဲ့အချိန်အထိ သတိတစ်ချက်မလွတ်ပါဘူး။ သူငယ်တစ်ချက်မပြန်ခဲ့ဘူး။ အားလုံးကိုသိတယ်။ မှတ်မိတယ်။ မှန်မှန်ကန်ကန်ကို ပြောနိုင်ဆိုနိုင်တယ်။

အမေဆုံးသွားတော့ သမီးလုပ်တဲ့အဖွားက အဲဒီဇရပ်မှာပဲ သူတစ်ယောက်တည်း ဆက်နေတယ်။ အရင်အတိုင်းပဲ သူ့ထမင်းသူချက်၊ သူ့အ၀တ်သူလျှော်၊ နေ့စဉ်ဝတ္တရားမပျက် ဆွမ်းဝတ်မပျက် ပုံမှန်အတိုင်းပါဘဲ။ ကျွန်တော်သူ့ဆီသွားလည်ရင် ကျွန်တော့်အတွက် သူကိုယ်တိုင် ကော်ဖီဖျော်တိုက်တယ်။ အသက် (၉၀)ကျော် အဖွားကြီးက ကျွန်တော့်ကို ကော်ဖီဖျော်တိုက်တာ ဘယ်လိုမှ ကြည့်လို့ အဆင်မပြေတော့ ကျွန်တော်က မလုပ်ပါနှင့်ဆိုပြီး ကိုယ်တိုင်ဝင်လုပ်ရင် သူက ငြိမ်ငြိမ်ထိုင်နေစမ်းပါ ဆိုပြီး ဟောက်တတ်တယ်။ သူလမ်းလျှောက်ရင် ဘေးကနေတွဲပေးတာကို မကြိုက်ဘူး။ သူ့တောင်ဝှေးနှင့်သူအားပြုပြီးလျှောက်တယ်။ အထိုင်အထတွေမှာ သူများကို အားမကိုးချင်တော့ ကိုင်စရာရှိတဲ့ နံရံတစ်ခုခု ဒါမှမဟုတ် တိုင်တစ်ခုခုဘေးမှာပဲ ရွေးပြီးထိုင်တယ်။ ထတဲ့အခါ အဲဒီ ကိုင်စရာ၊ ဒါမှမဟုတ် တိုင်ကို ကိုင်ပြီးထတယ်။ စကားပြောရင် အမြဲအားမာန်အပြည့်နှင့်ပြောတယ်။ တခါတလေစကားပြောနေရင်း လူတစ်ယောက်ယောက်နာမည် သူစဉ်းစားလို့မရတော့တဲ့အခါကျရင် “ဒီဦးနှောက်ကလည်း မေ့တတ်လိုက်တာ” ဆိုပြီး အဲဒီနာမည်ကို မရ ရအောင် စဉ်းစားတယ်။ ဘုရားရှိခိုးစာတွေကို ကျွန်တော်ရွတ်ဖို့ဆိုပြီး သူကိုယ်တိုင်စာရွက်နှင့်ရေးပေးတာ လက်ရေးက ညီနေတာပဲ။ အသက် (၉၀) ကျော်ရဲ့ လက်ရေးပါလို့ ဘုရားစူးကြိမ်ပြောရမှာမျိုး။ သူ့မျက်နှာကိုကြည့်လိုက်ရင် အမြဲတမ်း လန်းဆန်းနေတတ်တယ်။ ဒီလိုနှင့် အဲဒီဖွားဖွားလည်း အသက် (၁၀၀)ပြည့်တဲ့နှစ်မှာ လူကြီးရောဂါနှင့်ပဲ ကွယ်လွန်ခဲ့ပါတယ်။ သူဆုံးခါနီး ရက်ပိုင်းလောက်အလိုမှပဲ တခြားလူရဲ့ အပြုအစုကို စပြီးခံပါတော့တယ်။ မခံလို့လဲမရတော့ဘူး။ အိပ်ယာထဲက မထနိုင်တော့တဲ့ အခြေအနေဖြစ်သွားပြီကိုး။ သူ့နောက်ဆုံးကွယ်လွန်ချိန်အထိ သတိက အားကောင်းနေဆဲရှိတုန်းပါ။ ခန္ဓာကိုယ်သက်တမ်းကုန်လို့သာ တစ်ဘ၀ကုန်လိုက်ရတဲ့သဘောပါပဲ။

သူတို့ သားအမိနှစ်ယောက်လုံးမှာ သီလလုံခြုံတာကတော့ အထင်အရှားတွေ့နိုင်ပါတယ်။ အမှတ်သတိအားကောင်းတာကတော့ သူတို့ အနှစ် (၆၀)ကျော် အားထုတ်ထားတဲ့ ၀ိပဿနာတရားရဲ့ ကျေးဇူးလို့ ပြောလို့ရပါတယ်။ သူတို့ဟာ သက်တမ်းစေ့နေသွားတာမှာ ဘယ်သူ့ကိုမှ ဒုက္ခမဖြစ်စေခဲ့ပါဘူး။ ဘယ်သူ့ကိုမှလည်း အားမကိုးခဲ့ဘူး။ ရုပ်ရော၊ စိတ်ရော မှာ အားမာန်တွေနှင့်။ တကယ့် အာဂအဖွားကြီး နှစ်ယောက်ပါပဲ။ ကျွန်တော်လည်း တကယ်လို့များ အသက်ရှည်ရှည်နေရမယ်ဆိုရင်တော့ ဒီအဖွားနှစ်ယောက်လိုမျိုးနေနိုင်ရင်တော့ ကောင်းမှာပဲလို့ တွေးမိပါတယ်။

.................................

အသက်မသေနေဘူး၊ အသက်ရှူနေတာကြောင့် လူတစ်ယောက်ကို ရှင်သန်နေပါတယ်လို့ ပြောလို့မရနိုင်ဘူးလို့ ကျွန်တော်နားလည်မိပါတယ်။ ရှင်သန်ခြင်းနှင့်ပတ်သက်ပြီး ကမ္ဘာပေါ်က ပညာရှင်အသီးသီးက အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ အမျိုးမျိုးဖွင့်ဆိုထားကြတာရှိသလို အနုပညာရှင်တွေကလည်း ရှင်သန်ခြင်းကို ပုံစံအမျိုးမျိုးဖွဲ့ဆိုရေးသားကြ၊ တင်ဆက်ကပြထားကြတာတွေရှိပါတယ်။ ချစ်ခြင်းမေတ္တာတွေနှင့်တွဲဖက်ပြီးဖွင့်ဆိုကြတယ်။ ကိုယ်ကျိုးမဖက် ပရဟိတလုပ်ငန်းတွေလုပ်တာတွေနှင့် တွဲဖက်ပြီးဖွင့်ဆိုကြတယ်။ ဘာသာရေးလုပ်ငန်းတွေ လုပ်တာတွေနှင့် တွဲဖက်ပြီး ဖွင့်ဆိုကြတယ်။

ကျွန်တော်တို့ ကိုးကွယ်ယုံကြည်ဆည်းကပ်ရာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကရော ရှင်သန်ခြင်းကို ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပါသလဲ။

ဓမ္မပဒ၊ အပ္ပမာဒ၀ဂ်မှာ မြတ်စွာဘုရားရှင်က....

အပ္ပမာဒေါ အမတပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။
အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ။

လို့ဟောတော်မူထားပါတယ်။ အဓိပ္ပါယ်က
“မမေ့မလျော့ခြင်းသည် နိဗ္ဗာန်၏အကြောင်းတည်း၊ မေ့လျော့ခြင်းသည် သေခြင်း၏အကြောင်းတည်း၊ မမေ့မလျော့သောသူတို့သည် သေသည်မမည်ကုန်၊ မေ့လျော့သောသူတို့သည် သေသည် မည်ကုန်၏။” တဲ့။

အသက်တွေ ဘယ်လောက်ပဲရှည်ရှည်နေခွင့်ရနေပါစေ၊ သတိတရားမရှိပဲ နေနေကြမယ်ဆိုရင် ဒီလူရဲ့  ဘ၀ကို ရှင်သန်နေတယ်လို့ ပြောလို့ လုံးဝမရနိုင်ဘူးဆိုတာကို မြတ်စွာဘုရားရှင်က အတိအလင်းဟောကြားထားခဲ့တာပါ။ မြတ်စွာဘုရားရှင်ရဲ့  ရှင်သန်ခြင်း အဓိပ္ပါယ် ဖွင့်ဆိုချက်ပါပဲ။

ကျွန်တော်တို့အားလုံး မွေးတဲ့အချိန်ကစလို့ ယနေ့တိုင်အောင် နှစ်တွေဆယ်စုနှစ်ပေါင်းများစွာ ဖြတ်သန်းနေထိုင်ခဲ့ကြပြီးပါပြီ။ ကျွန်တော်တို့တွေ တကယ်ရှင်သန်နေတာရောဟုတ်ရဲ့ လား၊ အသက်ရှင်လျက် သေနေကြတာများလားဆိုတာကိုကတော့ ကိုယ့်ဖာသာပဲ သိနိုင်ကြလိမ့်မယ်လို့ ထင်မိကြောင်းပါခင်ဗျာ။

(ဘုန်းဘုန်းပန်းကမ္ဘာရဲ့  သက်တော် (၃၃)နှစ်မြောက်မွေးနေ့မှသည် သက်တမ်းပြည့် သက်တမ်းစေ့ ရှင်သန်နေထိုင်သွားနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း ဒီပို့စ်ကို ရေးသားပူဇော်အပ်ပါတယ်ဘုရား။ )

ရိုသေလေးစားစွာဖြင့်
ဝိမုတ္တိသုခ
(27.10.2011)



ဆက်လက်ဖတ်ရှုရန်

Thursday, October 13, 2011

အမှတ်မထင်ပဲ နာယူလိုက်ရတဲ့ အဆုံးအမ

မနေ့က ဘုန်းကြီးကျောင်းမှာ အဘိဓမ္မာအသံမစဲရွတ်ဖတ်ပူဇော်ပွဲရှိတာနှင့် ညနေဘက်အိမ်ကထွက်ခဲ့ပါတယ်။ ထွက်လာတုန်းကတော့ ကျောင်းမှာ တစ်နာရီ၊ နှစ်နာရီလောက်နေပြီးပြန်မယ်ဆိုပြီး တွက်ထားတာပါ။ ဟိုရောက်တော့ အွန်လိုင်းတိုက်ရိုက်လွှင့်ပေးနေတဲ့အကိုက ညဘက် သူတစ်ယောက်ထဲဆို အဆင်မပြေဘူး ၀င်ကူပေးပါအုံးလို့ ချောဆွဲတာရယ်၊ ညဘက်ကျရင် ရွတ်မယ့်သူ လူအင်အားနဲနေတာရယ်နှင့် ဘုန်းကြီးကျောင်းမှာပဲ ညအိပ်ဖြစ်သွားပါတော့တယ်။

ညဥ့်နက်လို့ ရထားချိန်တွေကုန်တော့ ကျောင်းမှာရောက်နေကြတဲ့ ဧည့်သည်တွေနှင့် လာပြီး ပူဇော်ရွတ်ဖတ်ကြတဲ့သူအတော်များများ ပြန်ကုန်ကြပါတယ်။ နောက်ဆုံး ကျောင်းအနီးအနားမှာ နေတဲ့သူတွေရယ်၊ ကိုယ်ပိုင်ကားနှင့် လာတဲ့သူတွေရယ်၊ ညအိပ်ပေးမယ့်သူတွေရယ်၊ ဘုန်းဘုန်းတွေရယ်ပဲ ကျန်ပါတော့တယ်။ ဒုတိယထပ်က ဘုရားခန်းမှာ အလှည့်ကျတဲ့သူတွေက ပဋ္ဌာန်းပူဇော်ရွတ်ဖတ်နေကြတဲ့အချိန် အောက်ထပ်ဆွမ်းစားခန်းထဲမှာ ဘုန်းဘုန်းတွေနှင့် ဒကာ၊ ဒကာမ လူရင်းတွေချည်းပဲ ထိုင်ရင်း အလ္လာပ၊ သလ္လာပတွေ ပြောနေကြတယ်။

အဲဒီအချိန် အမျိုးသမီးယောဂီတစ်ယောက်က အိမ်ပြန်တော့မလို့ ဘုန်းဘုန်းတွေကို ကန်တော့နှုတ်ဆက်ပါတယ်။ ဘုန်းဘုန်းတွေနှင့် ပြောမနာဆိုမနာရင်းနှီးနေကြတော့ ကန်တော့ရင်းကနေ “ဘုန်းဘုန်း၊ တပည့်တော် ကန်တော့တယ်နော်။ ဆုတော့ ပေးမနေပါနှင့်တော့၊ ဆုပေးတိုင်းလည်း ရတာမဟုတ်ဘူး၊ ကိုယ်လုပ်မှ ကိုယ်ရမှာ။ ဟုတ်တယ် မဟုတ်လားဘုရား” လို့ နောက်ပြီး လျှောက်လိုက်ပါတယ်။ ဒါနှင့် ဘေးမှာရှိတဲ့တစ်ယောက်က “ဘုန်းဘုန်း၊ ဒါဆိုလည်း ကိုယ့်ဖာသာကိုယ် လိုချင်တာကို ရအောင်လုပ်စေ” ဆိုပြီး ဆုပေးလိုက်ပါ ဘုရား လို့ ထပ်ပြီး ၀င်နောက်လိုက်ပါတယ်။

အဲဒါနှင့်ပဲ နာဂိုယာက ခဏကြွလာတဲ့ ဆရာတော်က...

“ခင်ဗျားတို့တွေ အဲဒီကိစ္စမှာ အယူအဆလေးတွေ နဲနဲလိုနေကြတယ်။ ဆုပေးတယ်၊ ဆုယူတယ်ဆိုတာ မလိုအပ်ဘူးဆိုပြီး အယူမလွဲရဘူး။ တချို့ ဆရာတော်တွေက ဆုတောင်းမနေနှင့်၊ ကိုယ်လုပ်မှကိုယ်ရမှာ၊ ဆုတောင်းနေရုံနှင့်ရမှာမဟုတ်ဘူးလို့ ပြောတတ်ကြတယ်။ ဆုတောင်းမနေနှင့်ဆိုတဲ့စကားဟာ အစွန်းမလွတ်ဘူး။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကစလို့ ပစ္စေကဗုဒ္ဓါအရှင်မြတ်တွေ၊ အဂ္ဂသာဝကတွေ၊ မဟာသာဝကတွေ၊ ပကတိသာဝကတွေ အားလုံးဟာ အခုလိုမျိုး အခြေအနေကို ရဖို့အတွက် ဆုတွေတောင်းခဲ့ကြ့ရတယ်။ ဆုမတောင်းခဲ့တဲ့သူ တစ်ပါးမှ မရှိဘူး။ ဆုလည်း တောင်းကြရတယ်၊ ပြီးတော့ တောင်းထားတဲ့ဆုအတိုင်း ပြည့်ဝအောင် ပါရမီတွေကိုလည်း ဖြည့်ကျင့်ရတယ်။ အစဉ်က အဲဒီအတိုင်းသွားတယ်။

ခင်ဗျားတို့ သြကာသကန်တော့ချိုးမှာ တချို့ က ပထမပိုဒ်ကိုပဲ ဆိုဖို့ ပြောကြတယ်။ နောက်က ကန်တော့ရသော အကျိုးအားကြောင့်ဆိုတာကို ထည့်မဆိုခိုင်းဘူး။ တကယ်တော့ ဒီကန်တော့ချိုးဟာ ရှေးပညာရှိဆရာတော်ကြီးတွေ စီမံရေးသားခဲ့ကြတာ။ အဓိပ္ပါယ် အနှစ်သာရ အပြည့်အ၀ပါတယ်။ အဲဒီကန်တော့ခန်းမှာပါတဲ့ စကားလုံးတိုင်းကို နားလည်ရင် တော်တော်ကို အကျိုးများတယ်။ ဒါကို အခုတချို့ ဆရာတော်တွေက ဖြုတ်ဖို့ လုပ်နေကြတာ တကယ်တော့မလုပ်သင့်ဘူး။ ဘာသာ၊ သာသနာကို တိုးတက်အောင်ပြုပြင်တယ်ဆိုရာမှာ လုပ်လို့ အကုသိုလ်ဖြစ်မယ့် ကိစ္စမျိုးတွေကို မလုပ်ဖြစ်အောင် တားမြစ်တာမျိုး၊ ပြုပြင်တာမျိုးပဲ ဖြစ်ရမယ်။ သူ့ဖာသာထားလို့လည်း ဘာမှ မဖြစ်၊ ပြင်လိုက်လို့လည်း ဘာမှမဖြစ်တဲ့ကိစ္စမျိုးတွေကို အတင်းလိုက်ပြုပြင်နေရင် နောင်ဘာဖြစ်လာမလဲဆိုတော့ ဒကာ၊ ဒကာမတွေကြား အုပ်စုတွေကွဲ၊ အငြင်းတွေပွားပြီး အကုသိုလ်တွေသာ တိုးပွားသွားစေနိုင်တယ်။

နောက်ထပ် ဥပမာ တစ်ခု အများကြားဖူးတာလေး ထပ်ပြောမယ်ဆိုရင် သီလပေးတဲ့အခါ၊ သရဏဂုံဆောက်တည်တဲ့အခါ ဒကာ၊ ဒကာမတွေက “အာမဘန္တေပါဘုရား” လို့ နောက်ကလိုက်ဆိုကြတယ်။ တချို့ ဆရာတော်တွေက အဲဒါကို “ပါဘုရား” မထည့်ရဘူး ဆိုပြီး အတင်းဖြုတ်ခိုင်းတယ်။ အဲလိုမျိုးပဲ။ “သာဓု၊ သာဓု၊ သာဓု ပါဘုရား” မှာလည်း “ပါဘုရား” ကို ဖြုတ်ခိုင်းကြတယ်။ စာအနေနှင့်ကြည့်ရင်တော့ ဒါကို ဖြုတ်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် “ပါဘုရား” ထည့်လိုက်တော့ရော ဘာများ အဓိပ္ပါယ် မှားသွားလို့လဲ။ ဘာများ အကုသိုလ်ဖြစ်သွားလို့လဲ။ ဘာသာ၊ သာသနာမှာ တခြားတကယ်ပြင်ရမယ့် အရေးကြီးတဲ့ကိစ္စတွေ အများကြီးရှိပါတယ်။ ဒီလို သေးသေးမွှားမွှားလေးတွေကို လိုက်ပြင်နေတာ ဘာမှ အကျိုးမဖြစ်ပါဘူး။ ဒကာ၊ ဒကာမတွေကြား သူ့ဆရာတော်ပြောတာမှ အမှန်၊ ငါ့ဆရာတော်ပြောတာမှ အမှန်ဆိုပြီး အငြင်းပွားဖို့ပဲ ရှိပါတယ်။

နိုင်ငံခြားက ဗုဒ္ဓဘာသာဝင်တွေက ဘုရားရှိခိုးတဲ့အခါ နမောတဿကနေ စပြီးရှိခိုးကြတယ်။ အဲဒါကို လိုက်အတုယူအားကျပြီး ဟိုးအရင်တုန်းက ဆရာတော်တစ်ပါးက သူတရားဟောရင် အဲဒီအတိုင်း နမောတဿကပဲ ဒကာ၊ ဒကာမတွေကို လိုက်ဆိုခိုင်းတယ်။ သြကာသကို ဖြုတ်ထားခဲ့တယ်။ ဒါနဲ့ သံဃာ့မဟာနာယကအဖွဲ့ က အဲဒီဆရာတော်ကို ခေါ်ပြီး ဒါမျိုးမလုပ်ဖို့ သတိပေးခဲ့ရဖူးတယ်။

ဒီတော့ ပြောချင်တာက သြကာသကန်တော့ချိုးကိုလည်း မဖြုတ်ပါနှင့်၊ ဆုတောင်းကိုလည်း မဖြုတ်ပါနှင့်။ ဆရာတော်တွေဘက်ကလည်း ငါသီလပေးတဲ့အခါကျရင် သြကာသကန်တော့ချိုးက ဒီပုံစံမျိုးမှ ဖြစ်ရမယ်ဆိုတာမျိုး မလုပ်ပါနှင့်။ ဒကာ၊ ဒကာမတွေ ဆိုတတ်သလိုဆိုကြပါစေ။ သူတို့အတွက် အကုသိုလ်မဖြစ်ဘူးဆိုရင် မလိုအပ်ပဲ လိုက်ပြင်မနေပါနှင့် လို့ ပြောချင်ပါတယ်။”

လို့ ကျွန်တော်တို့ အားလုံးကို အမိန့်ရှိတော်မူလိုက်ပါတယ်။


ဆက်လက်ဖတ်ရှုရန်

Tuesday, October 11, 2011

သတိ....သူတို့တွေ ကြည့်နေတယ်နော်!


သရဲအကြောင်းရေးမိတော့ တချို့ လည်း ကြောက်ကြတယ်။ တချို့ လည်း မယုံကြဘူး။ ဒီလိုပါဘဲ။ လူတိုင်း လွတ်လပ်စွာကွဲလွဲနိုင်ခွင့်ရှိသည်မို့......။ :)

ကြားဖူးတာ လူတိုင်းကို သရဲက ခြောက်လို့မရဘူးတဲ့။ သူတို့ ခြောက်လို့မရတဲ့သူတွေက ဘုန်းကံတအားကြီးနေတဲ့သူ၊ သရဲရှိရှိ မရှိရှိ လုံးဝကို စိတ်ထဲမှာ မထားတဲ့သူ၊ နောက် ရူးနေတဲ့သူ တဲ့။ ကိုယ်လည်း အခြောက်မခံချင်ရင်တော့ ဒီသုံးခုထဲ တစ်ခုခုလိုင်းဝင်လိုက်ကြဖို့ပါဘဲ။

ကျွန်တော် မြန်မာပြည်မှာရှိတုန်းက မိတ်ဆွေလင်မယားနှစ်ယောက်ရှိတယ်။ သူတို့က နှစ်ထပ်တိုက်လေးတစ်လုံးကို ငှားပြီးနေကြတယ်။ သူတို့နေတဲ့အိမ်မှာ အိမ်ရှင်အဖိုးကြီးက ကိုယ့်ကိုယ်ကို ဆွဲကြိုးချပြီး သေသွားခဲ့တယ်တဲ့။ အပေါ်ထပ်က အိပ်ခန်းမှာ။ အဲဒီအဖိုးကြီးသေပြီးနောက်ပိုင်း အိမ်သားတွေက အဲဒီအိမ်မှာ ဆက်မနေချင်ကြတော့တာနဲ့ အိမ်ကို လူငှားတင်ပြီး တခြားမှာ သွားနေကြတယ်။ ဒီလိုနှင့် မိတ်ဆွေလင်မယားက နေဖြစ်သွားတယ် ဆိုပါတော့။ သူတို့လင်မယားနှစ်ယောက်က ခုန အပေါ်က သုံးခုထဲက သရဲကို စိတ်ထဲလုံးဝမထားတဲ့သူတွေပါ။ သရဲအဖိုးကြီးက အပေါ်ထပ်မှာ အမြဲရှိပါတယ်။ သူတို့ကိုလည်း သူရှိမှန်း သိအောင်လုပ်ပြတတ်ပါတယ်။ ဒါပေမယ့် သူတို့လင်မယားက နဲနဲလေးမှ မကြောက်ကြပါဘူး။ တခါက သူတို့အိမ် ကျွန်တော်သွားလည်တော့ အောက်ထပ်က ဧည့်ခန်းမှာ အားလုံးထိုင်ပြီး စကားပြောနေကြပါတယ်။ အဲဒီအချိန် အပေါ်ထပ်က ၀ုန်းဒိုင်းဆိုပြီး အသံတွေထွက်လာတယ်။ ကျွန်တော်က ဘာဖြစ်တာပါလိမ့်ပေါ့။ ပစ္စည်းတစ်ခုခုပြုတ်ကျတာလား၊ ကြောင်တွေဘာတွေများ ၀င်သလားလို့ စိတ်ထဲထင်မိပါတယ်။ ကျွန်တော်တွေးနေတုန်းမှာပဲ အကြောင်းသိနေတဲ့ မိတ်ဆွေအမျိုးသမီးက အပေါ်ထပ်ကို လှမ်းပြီး “ဟေ့ အပေါ်ကတစ်ယောက် ငြိမ်ငြိမ်နေ။ အောက်မှာ ဧည့်သည်နှင့် စကားပြောနေတယ်။ ဆူညံဆူညံမလုပ်နဲ့” လို့ လှမ်းအော်ပြောလိုက်တယ်။ အဲလို ပြောလိုက်ပြီးနောက်တော့ ဘာအသံမှ ထပ်ပြီးထွက်မလာတော့ဘူး။ မိတ်ဆွေအမျိုးသမီးက ကျွန်တော့်ဘက်လှည့်ပြီး“အဲလိုပဲ။ သူ့ကို နဲနဲတော့ မာန်ပေးရတယ်” တဲ့။ သူတို့လင်မယား အဲဒီအိမ်မှာ နေနေတာ နှစ်ပေါက်နေပါပြီ။ ဘယ်ဘုန်းကြီးမှလည်း မပင့်ပါဘူး။ ဘာမှလည်း မလုပ်ဘူး။ တကယ်ကိုအေးရာအေးကြောင်းပါဘဲ။ သရဲက သူတို့ကို ပြဿနာရှာတယ်လို့ ပြောသံလည်း တခါမှ မကြားမိဘူးဗျ။ သူတို့ကပဲ သရဲကို ပြဿနာ ပြန်ရှာနေလားတော့ မသိဘူးဗျာ။

ကျွန်တော်ငယ်ငယ် အလယ်တန်းကျောင်းသားဘ၀တုန်းက သမိုင်းသင်တဲ့ ဆရာတစ်ယောက်ကို အမှတ်ရမိတယ်။ သူက ပြီးခဲ့တဲ့ အတိတ်ဘ၀ကို ပြန်မှတ်မိတယ်။ သူပြောပြဖူးတာ အရင်ဘ၀က သူက ပြိတ္တာ (သရဲ) ပါတဲ့။ ကျွန်တော်တို့နေတဲ့မြို့ မှာပဲ သူပြိတ္တာဖြစ်ခဲ့ပါတယ်တဲ့။ သူပြောပြတဲ့ နေရထိုင်ရတာ၊ စားရသောက်ရတာတွေကတော့ တရားတော်တွေမှာ ပါတဲ့အတိုင်းပါဘဲ။ ဆင်းရဲဒုက္ခအတိပေါ့။ သူပြောလို့ ကျွန်တော်တို့မြို့ မှာ ပြိတ္တာတွေ ကြပ်ပိတ်သိပ်နေတာပဲတဲ့။ သူတောင် တစ်နေရာစာ နေရဖို့ ကိုယ်ကို ကျုံ့ ပြီးနေခဲ့ရတယ်လို့ပြောတယ်။ သူပြောပုံအရတော့ ပြိတ္တာ(သရဲ) မရှိတဲ့ နေရာ(အိမ်) ရယ်လို့ မရှိသလောက်ပါဘဲတဲ့။ တစ်မြို့ လုံး သူတို့တွေနှင့်ပြည့်နေတယ်တဲ့။ သူပြောတာကို အခြေခံပြီးစဉ်းစားကြည့်ရင် ဗုဒ္ဓဘာသာတွေအများစုနေထိုင်နေတဲ့ မြန်မာပြည်လို နေရာမှာတောင် သရဲတွေ ဒီလောက်ပြည့်နေရင် အခုကျွန်တော်တို့တွေရောက်နေတဲ့ နိုင်ငံတွေမှာဆို ဘယ်လောက်တောင် ပြည့်နေမလဲပဲ။

သရဲခြောက်တာနှင့်ပတ်သက်ပြီး စိတ်ဝင်စားဖို့ကောင်းပြီး ဆင်ခြင်သင့်တဲ့ တကယ့်အဖြစ်အပျက်တစ်ခု ပြောပြလိုက်အုံးမယ်။ အဲဒီအဖြစ်အပျက်က နယ်မြို့ တစ်မြို့ မှာ ဖြစ်ခဲ့တာပါ။ လွန်ခဲ့တဲ့ ငါးနှစ် ခြောက်နှစ် ပတ်ဝန်းကျင်လောက်ကပေါ့။ ဘာသာခြားသာသနာပြုဘုန်းကြီးတစ်ပါး သူ့မိသားစုနှင့်အတူ အဲဒီမြို့ လေးကို ရောက်လာပါတယ်။ သူ့အတွက် အသင်းကနေ အိမ်စီစဉ်ပေးထားတယ်။ အဲဒီမှာ သူတို့မိသားစုနေပြီး သူကတော့ သူတို့ဘာသာရဲ့  ဘုန်းကြီးအဖြစ်နှင့် တာဝန်ထမ်းဆောင်နေတယ်။ သူ့မှာက ကလေးနှစ်ယောက်ရှိတယ်။ ယောကျာ်းလေးတွေချည်းပဲမွေးထားတယ်။ အရွယ်တွေက လူပျိုပေါက်အရွယ်တွေ။ သူ့တို့အိမ်ကို နွေရာသီကျောင်းပိတ်ရက်ဆိုရင် သူ့တူမတစ်ယောက်က တခြားမြို့ တစ်မြို့ ကနေ လာလည်ပြီး ရက်ရှည်နေတတ်တယ်တဲ့။

တစ်ခါတော့ သူ့တို့အိမ်ကို သူ့တူမလာလည်တဲ့ အချိန်မှာ သူ့တူမကို သရဲက၀င်ပူးပါလေရောတဲ့။ အကောင်းကြီးကနေပြီး စကားမေးလည်းမရ၊ သတိလည်း မလည် တငိုငို တရယ်ရယ် ဖြစ်နေတော့ ဘုန်းကြီးလုပ်သူက ဒါသွေးရိုးသားရိုး မဟုတ်ဘူးဆိုတာကိုတော့ သိတယ်။ ဒါနဲ့  သူ့ဘာသာထုံးစံတွေနှင့် ကောင်မလေးကို ကုကြည့်တယ်။ ဘယ်လိုမှ သက်သာမသွားဘူး။ နောက်ဆုံး ဘေးပတ်ဝန်းကျင်က ဗုဒ္ဓဘာသာဘုန်းကြီးတွေ အကူအညီတောင်းကြည့်ဖို့ပြောတော့ မတတ်နိုင်တော့တာနှင့် လက်လျှော့လိုက်ပြီး ဘုန်းကြီးကျောင်းကို ခလေးမလေးကို ခေါ်သွားကြတယ်တဲ့။ ဘုန်းကြီးကျောင်းရောက်တော့ ဆရာတော်က ပရိတ်ရေမန်းတွေ တိုက်ပေးပြီး “ကဲ ကောင်မလေးကိုယ်ထဲ ၀င်နေတဲ့သူ၊ ဘာများ ဆန္ဒရှိလို့လဲ။ ငါတို့ ဘာကူညီဆောင်ရွက်ပေးရမလဲ” လို့ မေးပါတယ်။ ဒီတော့မှ ကောင်မလေးကို ၀င်ပူးနေတဲ့သရဲက သူက ခုနသာသနာပြုဘုန်းကြီး အိမ်မှာနေတဲ့ သရဲဖြစ်ကြောင်း၊ သူ့တို့လည်း မိသားစု လိုက်နေနေကြောင်း။ သူ့တို့တွေက အခုနေနေတဲ့ ဘုန်းကြီးမိသားစုကို စိတ်အနှောက်အယှက်ဖြစ်အောင် ဘာမှ မလုပ်ကြကြောင်း၊ သူ့မှာလည်း အရွယ်ရောက်စ သမီးတစ်ယောက်ရှိနေကြောင်း၊ အခု သူမကျေနပ်တာက ဘုန်းကြီးရဲ့  လူပျိုပေါက်သားနှစ်ယောက်က အနေအထိုင် စည်းကမ်းမရှိကြောင်း၊ အ၀တ်အစားလဲတာမျိုး၊ ညအိပ်ယာဝင်တာမျိုးတွေမှာ ပရမ်းပတာနှင့် အ၀တ်တွေကို ချွတ်လေ့ရှိကြောင်း၊ အဲဒါကို သူ့သမီးက အမြဲလို မြင်နေ တွေ့နေရတော့ ရှက်ကြောင်း၊ ဒါကြောင့် သမီးရှင် ဖခင်တစ်ယောက်အနေနှင့် နောင်ဒါမျိုး မလုပ်အောင် ၀င်ပူးပြီး တားမြစ်ခြင်းသာဖြစ်ကြောင်း ပြောပါတယ်တဲ့။ ဘာလို့ ဧည့်သည်ကောင်မလေးကိုမှ ၀င်ပူးရတာလဲလို့ မေးတော့ အားလုံးထဲမှာ အဲဒီတစ်ယောက်က ကံအနိမ့်ဆုံးဖြစ်နေလို့ လို့ ပြောပါတယ်။

ဒါနဲ့ သာသနာပြုဘုန်းကြီးလည်း အကျိုးအကြောင်းသိသွားတော့ သူ့သားတွေကို အနေအထိုင် ဆင်ခြင်ကြဖို့ ပြောဆိုပြီး အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနှင့် ကိစ္စပြီးသွားပါတယ်တဲ့။ အဲဒီ သရဲမိသားစုကလည်း နောက်ပိုင်း ဘာမှ ထပ်ပြီး အနှောက်အယှက်မပေးတော့ပါဘူးတဲ့။

အဲဒီ အဖြစ်အပျက်ကို ကြားခဲ့တုန်းက ကျွန်တော် အတော်လေးတော့ လန့်သွားတယ်။ မြင်အပ် မမြင်အပ်သတ္တ၀ါတွေရှိတယ်ဆိုတာ သိထားခဲ့ပေမယ့် သိပ်လေးလေးနက်နက် မတွေးဖြစ်ခဲ့ဘူး။ ဟုတ်တာပဲ။ ကိုယ်တွေက သူတို့ကို မမြင်ပေမယ့် သူတို့က ကိုယ်လုပ်သမျှကို အကုန်မြင်နေရတာပဲ။ ဆိတ်ကွယ်ရာဟူသည်မရှိဆိုတဲ့ စကားကလည်းရှိနေတာပဲကိုး။ ကိုယ့်ပတ်ချာလည်မှာ မမြင်အပ်တဲ့ နတ်တွေပဲဖြစ်ဖြစ်၊ သရဲလို့ခေါ်တဲ့ ပြိတ္တာတွေပဲဖြစ်ဖြစ်၊ တခြား အစောင့်အရှောက်ပုဂ္ဂိုလ်တွေဆိုတာ အမြဲရှိနေနိုင်တယ်။ တစ်ဘက်က ပြန်စဉ်းစားကြည့်တော့လည်း ကိုယ်တွေဘ၀က Privacy ဆိုတာ ရှိမနေပါလားလို့ တွေးပြီး စိတ်ညစ်မိပါရဲ့ ။ ဒါပေမယ့် မတတ်နိုင်ပါဘူးလေ။ အဲဒီသရဲဇာတ်လမ်း သိပြီးကတည်းက သူတို့တွေ ကိုယ့်အနားမှာ ရှိနေမှန်းသိနေတော့ တစ်ယောက်ထဲဆိုပြီး ပရမ်းပတာ နေတာ၊ ထိုင်တာ၊ အ၀တ်လဲတာ အစစအရာရာကို ဂရုပိုစိုက်ပြီး လုပ်ရတော့တယ်။ (လုံလုံခြုံခြုံ လုပ်ရတော့တယ်။ တော်နေကြာ မြင်သွားမှဖြင့် ဆိုပြီး... :D )

တမျိုးလည်း ကောင်းပါတယ်။ ကိုယ်အမူအရာ၊ နှုတ်အမူအရာတွေကို လူတွေ သူတွေရှေ့ မှာမို့ လူအမြင်ကောင်းအောင် ထိမ်းနေရတာမျိုး မဟုတ်တော့ပဲ၊ ဘယ်သူမှမရှိလည်း ထိမ်းဖြစ်သွားတာပေါ့။ မိုးကုတ်ဆရာတော်ကြီးရဲ့ တရားတစ်ပုဒ်ထဲမှာတော့ ကိုယ့်အတွေးတွေကိုပါ ထိမ်းပါတဲ့။ ကိုယ့်အတွေးတွေကို သိတဲ့ နတ်တွေက ကိုယ်ဘာတွေးတယ်ဆိုတာကို သိရင် ရှက်စရာကြီးတဲ့။

အင်း.....တခါတလေ လူလုပ်စားရတာ တယ်လည်း မလွတ်လပ်ပါလားနော် လို့ပဲ ကိုယ့်ဖာသာ စိတ်ပျက်လက်ပျက်နှင့် တွေးမိပါတော့တယ်။



ဆက်လက်ဖတ်ရှုရန်

Sunday, October 9, 2011

သရဲခြောက်ခံကြအုံးမလား....ညီ အကို တို့ရေ....


ပြီးခဲ့တဲ့ သုံးလေးရက်လောက်ကစပြီး ကျွန်တော့်အခန်းဖော်ဆီကို ညတိုင်း သူ့သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်ဆက်ပြီး သူ့အိမ်မှာ လာအိပ်ပေးဖို့ခေါ်ပါတယ်။ အကြောင်းမေးကြည့်တော့ ညဘက်ကျ သရဲခြောက်လို့ပါတဲ့။

အဲဒီ တစ်ယောက်က ဒီလဆန်းကမှ အရင်နေနေတဲ့အခန်းကနေ တခြားအခန်းတစ်ခုကို ပြောင်းနေတာပါ။ အဲဒီအခန်းမှာ သူနှင့် နောက်တစ်ယောက်နှင့် နှစ်ယောက်နေကြတယ်။ သူ့အခန်းဖော်က ညဘက် အလုပ်ဆင်းရတဲ့သူဆိုတော့ ညဘက်ရောက်ရင် သူတစ်ယောက်ထဲ အခန်းမှာ အိပ်ရတယ်။ အဲဒါ စပြောင်းပြီး တစ်ရက် နှစ်ရက်နေတော့ ညဘက် သူအိပ်ပြီဆို သရဲစခြောက်တယ်လို့ပြောပါတယ်။ သရဲခြောက်ပုံတွေ အမျိုးမျိုးကြားဖူးပေမယ့် အခုသူ့ကိုခြောက်ပုံကတော့ နည်းနည်းလေးစမ်းတယ်ဗျာ။ ခြောက်တဲ့သရဲက သရဲထီးမဟုတ်တာတော့ ကျိန်းသေတယ်။ ဘာလို့လဲဆိုတော့ သူပြောပြပုံအရ မှန်းကြည့်လို့ရတာကို။ သူ့ကို သရဲခြောက်ပုံက ဒီလိုလေးပါတဲ့....။ (ဒီစာဖတ်နေကြတဲ့ အမတွေ၊ ညီမတွေ၊ အန်တီတွေ အားလုံးကိုတော့ ကြိုတောင်းပန်ပါတယ်နော်။ ရိုင်းတဲ့ အသုံးအနှုန်းတွေ ဖြစ်နေခဲ့ရင် ခွင့်လွှတ်ပေးကြပါလို့...။)

ည သူအိပ်ပျော်နေတဲ့အချိန် သူ့ခြေထောက်အောက်ပိုင်းကို တစ်စုံတစ်ဦးကလာပြီးပွတ်သပ်ပေးတာကို သူသိလိုက်တယ်တဲ့။ နောက် ခြေထောက်တွေကနေတဆင့် အပေါ်ကို တဖြည်းဖြည်းတက်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ပွတ်သပ်ပေးပါတော့တယ်။ ပထမတော့ သူကအိပ်မက်မက်နေတယ်လို့ထင်နေတာပါတဲ့။ နောက်တော့မှ သူနိုးနေတာကိုလည်း သိတယ်။ နောက် ခန္ဓာကိုယ်က လှုပ်လို့မရတော့တာလည်းသိတယ်။ စကားလည်း ပြောလို့မထွက်တော့ဘူးဖြစ်သွားပါတယ်တဲ့။ နောက်ပိုင်းဆက်ဖြစ်တာကတော့ ယောကျာ်းနှင့်မိန်းမ ကိုယ်လက်နှီးနှောတဲ့ ပုံစံမျိုးကို ခံစားရပြီး အားလုံးပြီးမှပဲ ကိုယ်က လှုပ်လို့ပြန်ရတယ်လို့ပြောပါတယ်။

ပထမရက်ကတော့ သူ့ကိုယ်သူ ဘာဖြစ်သွားတာမှန်း သေသေချာချာမသိလိုက်ဘူးတဲ့။ နောက်ရက်မှာလည်း ညဘက် အိပ်ပျော်တဲ့အခါ အဲဒီလိုမျိုးပဲ ထပ်ဖြစ်ပါတယ်တဲ့။ ဒီတစ်ခါဖြစ်တော့ ဒါသရဲခြောက်တာမှန်းသိသွားပါတော့တယ်။ ဒါနဲ့နောက်ရက်တွေ တစ်ယောက်ထဲ မအိပ်ရဲတော့ပဲ သူငယ်ချင်းတွေဆီ ဖုန်းတွေလိုက်ဆက်ပြီး အဖော်လာလုပ်ပေးဖို့ ခေါ်ပါတော့တယ်။ ဒီမှာကလည်း လူတိုင်းက အလုပ်ကိုယ်စီတွေနှင့်ဆိုတော့ သူ့ကို သီးသန့်သွားပြီး အဖော်အိပ်ပေးဖို့ဆိုတာက လွယ်တာမှမဟုတ်တာကိုး။ ဒီတော့ သူဖာသာ တစ်ယောက်ထဲပဲ ဆက်အိပ်ရပါတယ်။ သူလည်း ဘာမှမသိရင်ပြီးရော ဆိုပြီး ညဦးကတည်းက အရက်ကို လူမှန်းမသိအောင် အမူးသောက်ပြီး အိပ်နေရပါတော့တယ်တဲ့။

ကျွန်တော်က ကြားခါစက ယောကျာ်းလေးချင်း နောက်ပြီး လျှောက်ပြောတာနေမှာပါလို့ အခန်းဖော်ကို ပြောတော့ ဒီရက်ပိုင်းသူနှင့်ဆုံတဲ့အခါမှာ မျက်တွင်းတွေကျပြီး အတော် ကယောင်ခြောက်ခြားဖြစ်နေတဲ့ပုံပေါ်နေတယ်လို့ ကျွန်တော့်အခန်းဖော်က ပြောပါတယ်။ အခန်းနေရာပြောင်းတာ ရက်ပိုင်းပဲရှိသေးတာဆိုတော့ ဘုန်းကြီးပင့်ပြီး ပရိတ်တွေ ဘာတွေရွတ်ဖို့ အကြံပေးထားတယ်လို့ အခန်းဖော်ကတော့ ကျွန်တော့်ကိုပြောတယ်။

ကျွန်တော်နှင့်ရင်းနှီးတဲ့ မိတ်ဆွေအမျိုးသမီးတစ်ယောက်ဆိုရင် အရင်သူကျောင်းတက်တုန်းက ကျောင်းကပေးတဲ့အဆောင်မှာနေရတာပါ။ အဲဒီအဆောင်က သူနေတဲ့အခန်းမှာ သူ့ရှေ့ ကအရင် ယိုးဒယားမတစ်ယောက်နေသွားခဲ့တာလို့ပြောတယ်။ အဲဒီယိုးဒယားမက Accident တစ်ခုနှင့် သေသွားခဲ့တယ်တဲ့။ အဲဒါ သူနေတဲ့အခန်း သရဲခြောက်တယ်ဆိုပြီး သတင်းတွေထွက်နေတာတဲ့။ သူလည်းစနေရော ညဘက်အိပ်နေချိန် အဲဒီယိုးဒယားမသရဲက သူ့လည်ပင်းကို လာညှစ်ပါတော့တယ်။ ကိုယ်ထင်ရှားလည်း မြင်ရတယ်ပြောတယ်။ ဆံပင်ဖါးလျားချပြီး အဖြူရောင်ဝတ်ရုံကြီးနှင့်တဲ့။ အဲဒါသူက ပါးစပ်ကအသံထွက်မရတော့ စိတ်ထဲကပဲ ဘုရားဂုဏ်တော်ကိုးပါးကို ရွတ်တာမှာ သရဲမက ရှေ့ ဆက်မညှစ်တော့ပဲ တန့်သွားပါတယ်တဲ့။ နောက် သူ ဂုဏ်တော်ကိုးပါးကို ဆက်တိုက်ဆက်ရွတ်တဲ့အခါမှာတော့ လည်ပင်းကလက်ကို ဖြည်လိုက်ပြီး နောက်ကို ဆုတ်သွားပါတော့တယ်တဲ့။ နောက်ရက်တွေမှာ အဲဒီသရဲမကို မြင်တော့မြင်ရတယ်တဲ့။ ဒါပေမယ့် ရန်မူတဲ့လက္ခဏာတော့မပြတော့ဘူးလို့ ကျွန်တော့်ကို ပြောပြပါတယ်။

နောက်မိတ်ဆွေတစ်ဦးကတော့ သူအခုနေတဲ့အခန်းမှာ သရဲမြေးအဖိုးနှစ်ယောက်ရှိတယ်လို့ပြောတယ်။ အဲဒီသရဲနှစ်ဦးကတော့ နေတဲ့သူတွေကို မခြောက်ပဲ စတတ် နောက်တတ်တယ်လို့ ပြောပါတယ်။ တခါတလေ ဘယ်သူမှ မဖွင့်ပဲ အ၀တ်ဗီဒိုတံခါးပွင့်သွားတာတို့၊ တီဗွီပွင့်သွားတာတို့၊ အိပ်နေရင် အပေါ်ကနေ မိုးပြီးလာကြည့်နေတာတို့လောက်ပါပဲတဲ့။

တချို့ အခန်းတွေကတော့ တော်တော်ကြမ်းကြမ်းခြောက်တယ်ဆိုတာမျိုး ကြားရတတ်ပါတယ်။ အာဠာဝကတိုက်တယ်ဆိုတာမျိုးအထိကို ကြားဖူးတယ်။ အခန်းထဲက ပစ္စည်းတွေကို ၀ုန်းဒိုင်းကျဲပြီး လွှင့်ပစ်တာမျိုးတွေလုပ်တဲ့အထိတဲ့။ တချို့ မြန်မာတွေ အိမ်ခန်းဝယ်ပြီး ပြန်လူငှားတင်ကြတာမှာ အဲဒီအိမ်ခန်းက သရဲကတအားကြမ်းလို့ လူတင်လို့မရဖြစ်ရတာမျိုးတွေလည်း ကြားရတတ်ပါတယ်။ ဒီရက်ပိုင်း အခန်းဖော်ရဲ့ သူငယ်ချင်းသရဲခြောက်ခံရတာနှင့် ပတ်သက်ပြီးတော့မှပဲ ထပ်ပြီး ကြားရတာကတော့ ဒီက သရဲမတွေက အဲလိုပဲတဲ့ဗျာ။ အခြောက်ကြမ်းတယ်တဲ့။ သူတို့ ကြိုက်တဲ့ ယောကျာ်းတွေဆို ဒီလိုမျိုးဆန်ဆန် ခြောက်လေ့ခြောက်ထရှိတတ်ပါတယ်တဲ့။ အဲဒီစကားပြောတဲ့သူက ယောကျာ်းလေးဆို နောက်ပြီး ပြောတယ် ထင်အုံးမှာ။ အခုပြောတာ ဒီရောက်တာ အနှစ်နှစ်ဆယ်ကျော်၊ အစိတ်လောက်ရှိပြီဖြစ်တဲ့ အန်တီကြီးတစ်ယောက်က ပြောပြတာဆိုတော့ ယုံရခက်ခက်ကြီး။ သူက ခြောက်ပုံခြောက်နည်းတွေတောင် အသေးစိတ် ဆက်ပြောလိုက်သေးတယ်။ ရေးတော့မပြတော့ပါဘူးနော်။ :D

ကျွန်တော်တို့မြန်မာတွေဒီမှာ နေနေကြတဲ့အခန်းတွေက များသောအားဖြင့်တော့ အခန်းဟောင်းတွေများပါတယ်။ ရှေးတုန်းက ကိုယ့်အရင် ဘယ်သူတွေနေသွားခဲ့ကြတယ်ဆိုတာ မသိတော့ပါဘူး။ ဘယ်နှစ်ယောက် ဒီအခန်းတွေမှာ သေသွားကြလဲ မသိနိုင်တော့ပါဘူး။ မြန်မာတွေကြားမှာ နေနေတဲ့အခန်းတွေ သရဲခြောက်တယ်ဆိုတာမျိုးက ခဏခဏကြားဖူးနေတာပါ။ ဘုန်းကြီးကျောင်းက ဘုန်းဘုန်းတွေကိုလည်း ဒီလိုကိစ္စမျိုးတွေအတွက် လာပြီးပင့်ကြတာတွေ မနဲဘူးရှိနေပါတယ်။ အိမ်ပင့်ပြီး ဘုန်းကြီးတွေကို ပရိတ်ရွတ်ခိုင်းတာ၊ ကမ္မ၀ါစာရွတ်ခိုင်းတာနှင့်ပတ်သက်ပြီးတော့ စဉ်းစားကြည့်ဖို့ကောင်းတာလေးတစ်ခုကို နာဖူးထားတဲ့ တရားတစ်ပုဒ်ကနေ ပြန်ပြီးဖောက်သည်ချချင်ပါတယ်။

မြန်မာပြည်က နာမည်ကျော်ဆရာတော်တစ်ပါး စင်္ကာပူကိုကြွတုန်း ဆရာတော်ကို စင်္ကာပူရောက် မြန်မာတစ်ဦးက မေးတာကို ဆရာတော်က ပြန်ဖြေထားတာလေးပါ။ စင်္ကာပူလည်းပဲ အခုလို သရဲခြောက်တဲ့ပြဿနာတော်တော်ရှိပါတယ်။ အဲဒီကိစ္စကို ဘယ်လိုလုပ်ရမလဲလို့ ဆရာတော်ကိုမေးလျှောက်တာပါ။ ဆရာတော်ပြန်ဖြေတာက အိမ်တစ်အိမ်မှာ အရင်ရောက်နှင့်နေတဲ့သူတွေကရှိတယ်။ ကိုယ်က သူတို့နောက်မှ အဲဒီအိမ်ကိုရောက်သွားတယ်။ ကိုယ်က နောက်မှလည်း ရောက်လာသေးတယ်။ အရင်နေနေတဲ့သူတွေကို မင်းတို့မနေနှင့် ဆင်းသွားလို့ ပြောရင် သင့်တော်ပါ့မလား၊ တရားနည်းလမ်းကျပါ့မလားလို့ စဉ်းစားခိုင်းပါတယ်။ တကယ်တော့ ဖြစ်သင့်တာက အရင်ရောက်တဲ့သူတွေလည်း သူတို့မှာ အကြောင်းကြောင်းတွေကြောင့် နေစရာ မရှိလို့ ဒီမှာနေနေရတယ်။ ငါတို့လည်း ဒီမှာ မနေလို့မရဘူး။ ဒီတော့ မင်းတို့လည်း စိတ်အေးချမ်းသာစွာနေကြပါ။ ငါတို့လည်း စိတ်အေးချမ်းသာစွာနေချင်ပါတယ်။ မင်းတို့ကိုလည်း မနှောက်ယှက်ဘူး။ ငါတို့ကိုလည်း မနှောက်ယှက်ပါနှင့် ဆိုပြီး မေတ္တာစိတ်ရှေ့ ထားပြီး အပြန်အလှန်နားလည်မှုယူပြီး နေနိုင်ကြရင် ပိုကောင်းမယ်လို့ အကြံပေးပါတယ်။

တကယ်တော့ သံသရာမှာ မတော်ဖူးတဲ့အမျိုးရယ်လို့မှ မရှိတာပဲ။ သူတို့နှင့်ကိုယ်နှင့် ရေစက်တွေပါခဲ့လို့ အခုလို အခန်းတစ်ခုထဲအတူတူပြန်ဆုံနေရပြီ။ ပြန်ဆုံတဲ့အချိန်မှာ သူတို့ဘ၀က ကိုယ်တွေထက်နိမ့်ကျနေတယ်။ သူတို့အပေါ်ကရုဏာစိတ်တွေထားပြီး ကိုယ်ကောင်းမှုကုသိုလ်လုပ်သမျှကို သူတို့ကို အမျှတွေဝေမယ်။ မေတ္တာတွေပို့မယ်။ တရားတော်နှင့် လျှော်ညီတဲ့ ထောက်ပံ့ကူညီမှုတွေ လုပ်ပေးမယ်ဆိုရင် သူတို့တွေလည်း ဒီဘ၀တွေထက် ပိုပြီးမြင့်မားတဲ့ဘ၀တွေကို တက်လှမ်းရောက်ရှိကောင်း ရောက်ရှိသွားနိုင်ကြမှာဖြစ်သလို ကိုယ်တွေမှာလည်း ကုသိုလ်တွေ အများကြီးတိုးအုံးမှာပါ။ ပရိတ်ရွတ်တာ၊ ကမ္မ၀ါစာရွတ်တာတွေကတော့ ကိုယ့်အရှိန်နှင့်မဟုတ်ပဲ ရတနာသုံးပါးရဲ့ တန်ခိုးအရှိန်နှင့်ဆိုတော့ သူတို့မှာ ကြောက်အားလန့်အားနှင့် ဖယ်တော့ပေးရမှာပေါ့။ စိတ်ထဲဘယ်ကျေနပ်လိမ့်မလဲနော်။ နဂိုကမှ ဒီနေရာကို စွဲလွန်းအားကြီးလို့ ဒီဘ၀ရောက်နေပါတယ်ဆိုပါမှ ကိုယ်နေချင်တဲ့နေရာကနေ အတင်းဖယ်ရှားခံကြရတော့ သူတို့ စိတ်ထဲ တော်တော်ကို ပူလောင်ခံပြင်းမှုတွေဖြစ်မှာပါပဲ။ အခန်းမှာနေတဲ့သူတွေအပေါ်မှာလည်း ပိုအငြိုးအတေးတွေဖြစ်သွားနိုင်ပါသေးတယ်။ ကိုယ်ချင်းစာကြည့်တာပါ။

သရဲအခြောက်မခံရအောင်ကတော့ မိမိကိုယ်တိုင် ကုသိုလ်ကောင်းမှုတွေနှင့် ဘုန်းကံကြီးမားအောင် ပြုပြင်နေထိုင်ဖို့တော့လိုပါတယ်။ တခါတလေ ကိုယ့်ဆီက ကုသိုလ်ကောင်းမှုကို လိုချင်လို့ သူတို့ရှိမှန်းသိအောင် တစ်နည်းနည်းနှင့်ပြတာမျိုးလည်း ဖြစ်နိုင်တာပါဘဲ။ ကိုယ့်မှာ ကိုယ်ပိုင်ကောင်းမှုကုသိုလ်လည်းရှိမယ်၊ သူတို့ကိုလည်း ရည်စူးပြီး အမျှဝေမယ်၊ မေတ္တာပို့မယ်ဆိုရင်တော့ ဘာပဲဖြစ်ဖြစ် သူတို့ကလည်း ကိုယ့်အပေါ် မေတ္တာစိတ်ပြန်ဖြစ်မှာ ကျိန်းသေပါတယ်။ နောက်တစ်ခုက ဒီလိုနိုင်ငံတွေမှာ နေနေကြတဲ့ သူတွေအနေနှင့် မြတ်စွာဘုရားရဲ့  အဆုံးအမတရားတော်တွေဆိုတာ နာယူနိုင်ဖို့အတွက်က အင်မတန်မှ ခဲယဉ်းပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် တရားတော်တွေကို ရွတ်ဖတ်ပူဇော်တာမျိုးဖြစ်ဖြစ်၊ ဆရာတော်ကြီးတွေရဲ့  တရားအဆုံးအမတွေကို ကိုယ်တိုင်လည်း နာသလို၊ သူတို့အတွက်လည်း ရည်မှန်းပြီး ဖွင့်ပေးတာမျိုးဖြစ်ဖြစ် လုပ်ပေးသင့်ပါတယ်။ ဗုဒ္ဓတရားတော်တွေနှင့် ထိတွေ့ကျွမ်းဝင်မှုရှိတဲ့ မြန်မာလူမျိုးတွေနှင့် အတူတူနေခွင့်ရခြင်းဟာ သူတို့အတွက် အခွင့်ကောင်းရခြင်းပဲဆိုတာမျိုး ဖြစ်သွားအောင် ကျွန်တော်တို့က သူတို့အပေါ် တကယ်မေတ္တာ၊ ကရုဏာတွေနှင့် ကူညီစောင့်ရှောက်ပေးသင့်ပါတယ်။ တစ်ဦးနှင့်တစ်ဦးမေတ္တာတွေထားနိုင်ကြပြီဆိုအဆင်မပြေစရာ မရှိနိုင်တော့ဘူးပေါ့။

အဲ... တစ်ခုတော့ရှိတယ်။ သူတို့ဘက်က တအားမေတ္တာစိတ်တွေလွန်ပြီး ခုန ကျွန်တော့်အခန်းဖော်ရဲ့ သူငယ်ချင်းလိုဖြစ်သွားရင်တော့လည်း မတတ်နိုင်ဘူးပေါ့ဗျာ...။ :D


ဆက်လက်ဖတ်ရှုရန်