Tuesday, June 28, 2011

ဒီခရီး... သွားတော့မယ်လို့ ဆိုရင်...




အခုနောက်ပိုင်း ကျွန်တော့်ပတ်ဝန်းကျင်မှာ တရားအားထုတ်နေကြသူတွေ၊ တရားအားထုတ်တာနှင့် ပတ်သက်ပြီး စိတ်ဝင်စားနေကြတဲ့သူတွေကို အတော်များများတွေ့ရပါတယ်။ တချို့ ကိုလည်း အွန်လိုင်းမှာ မြင်နေ၊ ဖတ်နေရလို့ တွေ့နေရပါတယ်။ ဘာပဲဖြစ်ဖြစ် တရားအားထုတ်ကြတာ အင်မတန်ကောင်းပါတယ်။ တရားအားထုတ်ရာမှာ လူတစ်ဦးချင်းစီအလိုက် ရည်ရွယ်ချက်တွေ အမျိုးမျိုးကွဲပြားနိုင်ပေမယ့် တခြားသောအာရုံတွေနှင့် ကျက်စားနေကြမယ့်အစား တရားအာရုံနှင့် နေကြတယ်၊ နေချင်ကြတယ်လို့ ကြားရတာ ၀မ်းသာဖို့ကောင်းပါတယ်။

ဘာသာရေး လေ့လာလိုက်စားနေကြတဲ့သူတွေကို ပုံစံအမျိုးမျိုးနှင့် တွေ့ ကြရမှာဖြစ်ပါတယ်။ တချို့ က အခုမှ ဘာသာရေးဆိုတာကို ဘာလဲဆိုပြီး ကကြီးရေ, က လေ့လာနေဆဲကာလဖြစ်ပါတယ်။ ဗုဒ္ဓဘာသာနှင့် တခြားဘာသာတွေကို ယှဉ်တွဲလေ့လာကြမယ်။ ဘယ်နေရာ ကွာလဲ၊ ဘယ်နေရာ တူလဲစသည်ဖြင့်ပေါ့။

တချို့ ကတော့ ဗုဒ္ဓဘာသာဆိုတာကို အစကနေစပြီး ထဲထဲဝင်ဝင်လေ့လာဖို့ ကြိုးစားကြတယ်။ နီးစပ်ရာ စာပေတွေကို ဖတ်ရင်း၊ တရားခွေတွေနာရင်း၊ နီးစပ်ရာ ရဟန်းပညရှင်၊ လူပညာရှင်တွေကို မေးမြန်းစုံစမ်းရင်း မိမိတို့ရဲ့  ဘာသာရေးအသိအမြင်ဗဟုသုတကို မြှင့်တင်ဖို့ကြိုးစားနေကြတယ်။

တချို့ ကတော့ မြတ်စွာဘုရားရှင်ရဲ့ အဆုံးအမတော်တွေကို အခြေခံကနေတဖြည်းဖြည်းလိုက်နာကျင့်သုံးဖို့ အားထုတ်နေကြတယ်။ တနိုင်တပိုင် ဒါနပြုကြတယ်။ ပရဟိတတွေလုပ်ကြတယ်။ သီလစောင့်တည်ကြတယ်။ မေတ္တာဘာဝနာတွေပွားကြတယ်။ ဗုဒ္ဓဂုဏ်တော်တွေပွားများကြတယ်။

တချို့  တချို့ ကတော့ တရားအားထုတ်မှု ဘာဝနာပိုင်းကို စပြီးတက်လှမ်းနေကြပါတယ်။ အဲဒီမှာပဲ မတူညီကွဲပြားမှုတွေ နှင့် စတင်တွေ့ရပါတော့တယ်။

ကျွန်တော့်ပတ်ဝန်းကျင်မှာတော့ သမထဘာဝနာသက်သက်ကို သီးသန့်လေ့လာလိုက်စားတဲ့သူမျိုး အတွေ့ရနည်းပါတယ်။ တစ်ယောက်စ နှစ်ယောက်စတော့ မိမိတို့ ၀ါသနာအရနှင့် လက်ရှိနှီးနွှယ်နေတဲ့ လောကီကိစ္စတွေကြောင့် သမထဘာဝနာကို တစ်စိုက်မတ်မတ် လုပ်နေကြတာမျိုးတော့ရှိပါတယ်။ သူတို့တွေနှင့်ပတ်သက်ပြီးကတော့ အထူးဆွေးနွေးစရာအကြောင်း မရှိပါဘူး။ သူတို့ ယုံကြည်ချက်နှင့် သူတို့ လုပ်နေကြတဲ့သူတွေကိုး။

အခု ကျွန်တော်ဆွေးနွေးချင်၊ ပြောချင်တာကတော့ ၀ိပဿနာဘာဝနာ အားထုတ်နေကြသူတွေအကြောင်းပါ။ အဲဒီပုဂ္ဂိုလ်တွေမှာမှ သမထယာနိကသမားတွေနှင့် ၀ိပဿနာယာနိကသမားတွေဆိုပြီး ထပ်ခွဲကြည့်လို့ရပါတယ်။

တရားအလုပ်ဆိုတာ ကျွန်တော်နားလည်ထားသလောက်တော့ တခြားလောကီ လူမှုစီးပွားရေး အလုပ်တွေလိုမျိုး မဟုတ်ပါဘူး။ လောကီအလုပ်တော်တော်များများမှာ အတ္တနှင့် မောင်းတင်ပြီးလုပ်နိုင်မှ အောင်မြင်တတ်တာများပါတယ်။ တရားအလုပ်ကတော့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဘယ်သူမှသတိမထားခဲ့မိဖူးသေးတဲ့ အနတ္တဆိုတဲ့အရာကို ချပြခဲ့တာမို့လို့ အတ္တဆိုတာနှင့်တော့ လုံးလုံးဖီလာကန့်လန့်ပါပဲ။ ဒါကြောင့် တရားအလုပ်လုပ်မယ့် သူတွေအနေနှင့် ဘာမှစမလုပ်ခင် အရင်ဆုံး “ငါအခုတရားအလုပ်ကို အတ္တကြီးရှေ့ တန်းတင်ပြီး မလုပ်ပါဘူး” လို့ အကြိမ်ကြိမ် ကိုယ့်ဖာသာကိုယ် သတိပေးတာမျိုးကို လုပ်စေချင်ပါတယ်။ မဟုတ်ရင်တော့ တစ်သက်လုံးအကျင့်ပါခဲ့တဲ့ အတ္တနှင့်ပဲ ဒီတရားအလုပ်ကို လုပ်နေမိတတ်တာမို့ အဲဒီလိုလုပ်နေသမျှကတော့ မှန်ကန်တဲ့၊ လေးနက်တဲ့ တရားအသိဉာဏ်ကို သိဖို့ဆိုတာ အင်မတန်ခက်ခဲနေပါလိမ့်မယ်။

နောက်တစ်ခုက တရားအားထုတ်ပုံ နည်းလမ်းပါဘဲ။ အဲဒါကို ရှေးရှေးက ဆရာတော်တွေ၊ ဘာသာရေးဆိုင်ရာကျွမ်းကျင်သူတွေ၊ ဆရာသမားတွေလည်း အကြိမ်ကြိမ်အထပ်ထပ် သတိပေးခဲ့၊ ပြောခဲ့ကြပြီးပါပြီ။ တရားအားထုတ်ရာမှာ အားထုတ်ပုံနည်းတွေက ဆရာသမားများညွှန်ပြပုံပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားမှုရှိနေပါတယ်။ ဆရာသမားများက မိမိတို့ စရိုက်ဝါသနာအရ အားသန်ရာ၊ မိမိတို့ တရားအရသာသိခဲ့ကြရာ ရှုမှတ်နည်းများကို တဆင့် ပြန်လည်ပြသပေးကြတာမို့ မူတွေကတော့ အမျိုးမျိုးကွဲနေနိုင်မှာပါပဲ။

ကျွန်တော့်အနေနှင့် တရားအားထုတ်ကြမယ့်သူတွေကို တိုက်တွန်းချင်တဲ့ အခြေခံအချက် နှစ်ချက်ရှိပါတယ်။
(၁) တရားအားမထုတ်ခင် သဘောထားမှန်အောင် အရင်စလုပ်ကြဖို့ နှင့်
(၂) အချိန်တိုင်း မိမိကိုယ်ကို မိမိ တာဝန်ယူကြဖို့ ပါ။


နံပါတ် (၁) ကတော့ အပေါ်မှာပြောခဲ့တဲ့ အတ္တနှင့် တရားအလုပ်ကို မလုပ်မိဖို့အတွက် မိမိကိုယ်ကို အရင် သတိပေးဖို့ပါဘဲ။ တရားဆိုတဲ့အရာကို လောကီပစ္စည်းဥစ္စာတွေစုဆောင်းရှာဖွေရာမှာလို လိုချင်စိတ်အားကြီးကြီးနှင့် မရှာမိ၊ မလုပ်လိုက်မိဖို့ပါ။ နံပါတ် (၂) အကြောင်းအရာကိုတော့ အတော်ရှည်ရှည် ဆွေးနွေးရပါလိမ့်မယ်။

လူတစ်ယောက်ကို ဘယ်နည်းနှင့် တရားပြမှ တရားရမယ်ဆိုတာကို မြတ်စွာဘုရားရှင်ကလွဲလို့ ဘယ်သူမှ အတိအကျမသိကြပါဘူး။ ကြားဖူးကြလိမ့်မယ်လို့ထင်ပါတယ်။ ဘုရားလက်ထက်ကတောင် လက်ယာတော်ရံ အရှင်သာရိပုတ္တရာကိုယ်တော်ကြီးဟာ အတူနေတပည့်ရဟန်းကို ငယ်ရွယ်သူဖြစ်လို့မို့ ရာဂစရိုက်အားကြီးလိမ့်မယ်ထင်ပြီး အသုဘကမ္မဋ္ဌာန်းပေးမိတယ်။ ဒါပေမယ့် ဘယ်လိုမှ တရားအသိဉာဏ်ဖြစ်မလာတော့ နောက်ဆုံးမြတ်စွာဘုရားရှင်ဆီကိုခေါ်သွားရတယ်။ မြတ်စွာဘုရားက အာသယာနုသယဉာဏ်နှင့်ကြည့်ပြီး အတိတ်ဘ၀တွေတုန်းက ပန်းတိမ်သည်လုပ်ဖူးခဲ့တာကိုမြင်လို့ ရွှေသားနှင့်ပန်းပုံဖန်ဆင်းပြီး အနီရောင်ကသိုဏ်းကိုရှုခိုင်းခဲ့တယ်။ အဲဒီကျမှာ သမာဓိဖြစ်၊ ဈာန်တွေရပြီး နောက်ဆုံး ဖန်ဆင်းထားတဲ့ပန်း ညှိုးသွားတာမြင်တော့ သံဝေဂဖြစ်၊ မြတ်စွာဘုရားက တရားဟောပေးလိုက်တော့ ရဟန္တာဖြစ်သွားခဲ့တယ်။

တရားပြသပေးနေကြတဲ့ ဆရာသမားများဟာ သူတို့ သိထားတဲ့၊ အားထုတ်ဖူးတဲ့ နည်းကိုသာ သူတို့ သဘောပေါက်နားလည်သလို ယောဂီတွေကို ပြန်လည်ပြသပေးကြတာပါ။ သူတို့နည်းဟာ ယောဂီအားလုံးအတွက် အဆင်ပြေမယ်၊ တရားအသိဉာဏ်ကိုဖြစ်ပေါ်စေပါလိမ့်မယ်ဆိုတာမျိုး သူတို့ အာမခံထားချက် မရှိကြပါဘူး။ အကြောင်းအကျိုးဆက်စပ်မှုတွေရှိခဲ့ကြလို့သာ ဆရာတွေပြသတဲ့နည်းလမ်းနှင့် လမ်းတည့်သူတွေရှိသွားကြသလို အကြောင်းမတိုက်ဆိုင် မညီညွတ်လို့ တရားမတက်တဲ့သူတွေလည်း ရှိကြတာပါဘဲ။

ဒီတော့ စစချင်းတရားအားထုတ်မယ့်သူတစ်ယောက်အနေနှင့် မိမိနှင့် အဆင်ပြေလိမ့်မယ်လို့ထင်တဲ့ တရားနည်းတစ်ခုခုကို အခြေပြုပြီး စမယ်ဆိုရင် စကြည့်လိုက်ပါ။ ရိပ်သာတစ်ခုအနေနှင့် သတ်မှတ်ထားတဲ့ ငါးရက်၊ တစ်ပတ်၊ ဆယ်ရက်၊ ဆယ့်ငါးရက် စတဲ့ အချိန်အတောအတွင်း အဲဒီရိပ်သာက သင်ကြားပြသပေးတဲ့နည်းအတိုင်းကို သေသေချာချာ လေ့လာမှတ်သားပြီး အားထုတ်ကြည့်ပါ။ တရားဆိုတဲ့အရာကို လေ့လာသင်ယူစရာဘာသာရပ် (subject) တစ်ခုလို သဘောထားပြီး စိတ်ပါလက်ပါနှင့် လေ့လာကြည့်ပါ။ တချို့ လည်း အဆင်ပြေရင် အဲဒီရိပ်သာသတ်မှတ်ရက်တွေအတွင်း အသိဉာဏ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုကို စပြီးခံစားမိတတ်ကြပါတယ်။ တချို့ လည်း ဘာမှ ထူးထူးခြားခြား မဖြစ်ကြပါဘူး။ ဒီအတွက်တော့ သိပ်စိတ်ထဲမထားပါနှင့်။ နံပါတ်(၁) မှာ ကျွန်တော်သတိပေးထားခဲ့တဲ့အတိုင်း တရားကို အတ္တနှင့် အတင်းလုပ်ယူလို့မှ မရတာကို။ ဒါလေးကို နှလုံးသွင်းဆင်ခြင်ပြီး စိတ်အေးအေးချမ်းချမ်းသာ ထားလိုက်ပါ။ တကယ်တော့ ရိပ်သာဆိုတာ တရားနည်းကိုပြသပေးလိုက်ရုံသက်သက်ပါ။ တကယ်ပွားများအားထုတ်ရမှာက မိမိရဲ့ နေ့စဉ်ဘ၀အချိန်တွေမှာပါ။ တရားရိပ်သာက ပြသပေးလိုက်တဲ့နည်းလမ်းအတိုင်း နေ့စဉ်ရက်ဆက် ဆက်လက်အားထုတ်နိုင်ဖို့ကိုသာ အထူးကြောင့်ကြစိုက်ပြီး ကြိုးစားကြည့်ကြစေလိုပါတယ်။

ဒီလိုနေ့စဉ်အားထုတ်ကြည့်လို့ တစ်ဆထက်တစ်ဆ မိမိရဲ့  စိတ်နှင့်အသိဉာဏ်မှာ ပြောင်းလဲမှု၊ တိုးတက်မှုဖြစ်လာသလားဆိုတာကို သတိထားစောင့်ကြည့်ပေးပါ။ တကယ်နည်းမှန်လမ်းမှန်အားထုတ်လျက်နှင့်မှ ဘာမှထူးခြားမလာဘူး၊ ဒါမှမဟုတ် ပိုပြီးစိတ်ထဲရှုပ်ထွေးလာတယ်လို့ ခံစားရရင် ဒီတရားနည်းကို ပေပြီးဆက်မလုပ်သင့်ပါဘူး။ ခဏထားလိုက်ပါ။ အခြားနောက်ထပ်နည်းတစ်ခုခုကို ထပ်ပြီးစမ်းသပ်အားထုတ်ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။

ဒီနေရာမှာ သတိထားဖို့က တရားနည်းတွေကို ဟိုစပ်စပ်၊ ဒီစပ်စပ်နှင့် အားမထုတ်မိဖို့တော့လိုပါတယ်။ နည်းတစ်ခုကို အားထုတ်ကြည့်ပြီဆိုရင် ဆရာသမားတွေညွှန်ပြတဲ့အတိုင်း စနစ်တကျနှင့် လေးလေးစားစားလုပ်ကြည့်ဖို့တော့ မဖြစ်မနေလိုအပ်ပါတယ်။ ဒါမှလည်း တိုးတက်မှုဖြစ်ပါလိမ့်မယ်။ ဒီလိုမဟုတ်ပဲ ဟိုနည်းကောင်းနိုးနိုး၊ ဒီနည်းကောင်းနိုးနိုး လျှောက်လုပ်တာမျိုးဆိုရင်တော့လည်း ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။

နောက်တစ်ခုက တရားအားထုတ်မှုနှင့်အတူ တရားစာပေတွေကိုလည်း တတ်နိုင်သလောက် လေ့လာနိုင်ရင်ပိုကောင်းပါတယ်။ ပါဠိတော်မြန်မာပြန်စာအုပ်တွေဖြစ်ဖြစ်၊ ဆရာတော်ကြီးများ ရေးသားပြုစုထားတဲ့ စာပေတွေကိုပဲဖြစ်ဖြစ်၊ ယောဂီဟောင်းတွေရဲ့  အတွေ့အကြုံတွေကို ပြန်လည်ပြောပြထားတာမျိုးကိုပဲဖြစ်ဖြစ် လက်လှမ်းမီသလောက် လေ့လာပေးပါ။ စာဖတ်အားမသန်ခဲ့ရင် အလုပ်ပေးတရားခွေတွေကို တတ်နိုင်သလောက်ရှာပြီးနာပါ။ နီးစပ်ရာ ရဟန်း၊ သံဃာနှင့် ဘာသာရေးဆိုင်ရာ ကျွမ်းကျင်နှံ့စပ်သူတွေကိုတွေ့ရင် မရှင်းတာတွေမေးပါ။ ဘာလို့ အဲဒီလိုပြောရသလဲဆိုတော့ တခါတလေ မိမိအားထုတ်နေရင်း ကိုယ့်ဖာသာဉာဏ်ထဲမရှင်းတဲ့နေရာမျိုးလေးတွေမှာ တခြားဆရာတစ်ဦးဦးရဲ့ အာဘော်ကနေ အဖြေရသွားတတ်တာမျိုးလည်း ရှိနိုင်သလို၊ တခါတလေ ငါ့ဆရာကဘဲ ဒီလိုသိတာဆိုတဲ့ ဆရာအပေါ် တအားအကြည်ညိုလွန်တဲ့ လွဲမှားတဲ့ အတွေးတွေဖြစ်လာတဲ့အခါမှာ အော် ငါ့ဆရာလိုမျိုး တခြားဆရာတွေလည်း သိကြပါလား။ ငါ့ဆရာပြောတာ မြတ်စွာဘုရားဟောခဲ့တဲ့ ဘယ်သုတ်တော်ကနေ ကောက်နုတ်ပြောလိုက်တာပဲ စသည်ဖြင့် အသိဉာဏ်ကို ချိန်ခွင်ညှာ တည့်အောင် ညှိပေးနိုင်လို့ပါ။

နောက်တစ်ခု အရေးကြီးတာကတော့ ကိုယ့်ကိုယ်ကို မညာမိဖို့ပါဘဲ။ ကိုယ်တကယ် တရားအသိဉာဏ်ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာ ကိုယ့်ဖာသာ အသိဆုံးပါ။ တရားသဘောကလည်း တအားရှင်းပါတယ်။ ၀ မရှိဘဲ ၀ိလုပ်လို့ မရသလို၊ အခန်း (၁) မပြီးသေးဘဲ အခန်း (၂) ကို ကူးလို့ မရပါဘူး။ တကယ်လို့ ကိုယ်က စာမကျေဘဲ နောက် တစ်ခန်းကူးလိုက်မိမယ်ဆိုရင် ကိုယ့်အစာအိမ်အတွက် အစာမကျေတဲ့ အစားအသောက်တစ်ခုကို စားလိုက်မိသလိုမျိုးပါဘဲ။ အသိဉာဏ်ထဲမှာ အစာမကျေဖြစ်တတ်ပါတယ်။ ဒါလေးကိုလည်း ကိုယ့်ဖာသာ သတိထားမိဖို့လိုပါတယ်။ ဆရာသမားတွေအနေနှင့်က တခါတလေ အများနှင့် သင်ပြပေးရတာမို့ တစ်ဦးချင်းစီ ဘယ်အခြေအနေဖြစ်နေပြီဆိုတာမျိုးကို သတိမထားမိတတ်တာမျိုး ရှိကောင်းရှိနိုင်ပါတယ်။ ဒီအခါမှာ အဆင့်ပိုမြင့်တဲ့ တရားတွေ ပြသချိန်မှာ ကိုယ်ကပါ အဲဒီထဲ ရောဝင်ပါလိုက်မိပြီး ကိုယ်တကယ် သဘောမပေါက်သေးတဲ့အကြောင်းအရာတစ်ခုမှာ ဆရာက ဒီလိုမြင်အောင်ရှုလို့ ပြောလိုက်လို့ အတင်းလုပ်ယူပြီး ရှုရတယ်ဆိုရင် ကိုယ်စိတ် ဆင်းရဲပင်ပန်းမှုသာ အဖတ်တင်ကျန်တတ်ပါတယ်။ မှည့်ဖို့အများကြီးလိုနေသေးတဲ့ သရက်သီးတစ်လုံးကို ဆန်အိုးထဲထည့်ပြီး အုပ်လိုက်တဲ့အခါ သရက်သီးက နုမှည့်ကြီးသာဖြစ်သွားနိုင်ပါတယ်။ အရသာရှိပြီး စားလို့ကောင်းတဲ့အသီးကိုတော့ ရမှာမဟုတ်ပါဘူး။

ဝိပဿနာတရားဆိုတာ တကယ်တော့ ဘယ်နည်းနှင့်ပဲ အားထုတ် အားထုတ် ရောက်ရမယ့် ပန်းတိုင်က တစ်ခုတည်းပါဘဲ။ ၀ိပဿနာလမ်းကြောင်းပေါ်မှာ အားလုံးဟာ အတူတူပါဘဲ။ နည်းတွေနှင့် ရှုပ်နေကြတာ တကယ်က ၀ိပဿနာလမ်းပေါ်ကို မရောက်နိုင်ကြသေးလို့ပါ။ မိမိတရားတိုးတက်မှု ရှိ၊ မရှိကို စမ်းစစ်ချိန်ကိုက်ကြည့်လို့ရတဲ့ အချက်လေးတွေရှိပါတယ်။ ၀ိပဿနာတရားဟာ ပညတ်ကနေခွဲထွက်ပြီး ပရမတ်ထဲကို ၀င်ရောက်ကျက်စားတဲ့တရားပါ။ မိမိရဲ့  အသိဉာဏ်ဟာ ပရမတ်ကို သဘောပေါက်တဲ့ အခြေအနေမှာ ရှိနေပြီလားဆိုတာနှင့် စမ်းစစ်ကြည့်လို့ရပါတယ်။ နောက် တစ်ခုက လက္ခဏာရေး (၃)ပါးပါ။ တကယ် ၀ိပဿနာဉာဏ်ဖြစ်ကြပြီဆိုရင် ဒီလက္ခဏာရေး (၃)ပါးထဲက တစ်ပါးပါးကိုတော့ ထင်ထင်ရှားရှား ဉာဏ်ထဲမှာ သိလာတတ်ကြပါတယ်။ နောက် တစ်ခုက ရုပ်နှင့်နာမ်ကို ခွဲခြားမြင်တတ်လာပါမယ်။ ပြီးတော့ အားလုံးကြားဖူးနေကြဖြစ်မယ့် ဖြစ်ပျက်မြင်၊ ဖြစ်ပျက်မုန်းပေါ့။ ဒါကိုလည်း အသိဉာဏ်ကနေပဲ သဲသဲကွဲကွဲ မြင်နိုင်သွားပါလိမ့်မယ်။ အခု ပြောခဲ့တဲ့ အခြေအနေတွေကို ကိုယ်ပိုင်ဉာဏ်နှင့် သိသွား၊ ကြုံဖူးသွားပြီဆိုတဲ့သူတစ်ယောက်အဖို့မှာ ၀ိပဿနာလမ်းကြောင်းပေါ်ကို မှန်မှန်ကန်ကန်ရောက်နေပြီလို့ သတ်မှတ်လို့ ရနေပါပြီ။ ကျန်တာကတော့ ကိုယ့်ဖာသာကိုယ် ဆက်ပြီး ကြိုးစားသွားဖို့်ပါပဲ။

တခါတလေ တရားကလည်း သိသလိုလိုနှင့် မသိသေးတာမျိုးလည်း ဖြစ်နေတတ်ပါတယ်။ ကျွန်တော်နှင့် အတော်ရင်းနှီးပြီး လေးစားချစ်ခင်ရတဲ့ ဘကြီးတစ်ဦးရှိပါတယ်။ တကယ်တရားသမားကြီးပါ။ တစ်သက်လုံး တရားအလုပ်ကိုပဲ တစ်စိုက်မက်မက်လုပ်လာခဲ့တဲ့သူပါ။ တခါတလေ သူ့အရပ်မှာ ရိပ်သာဖွင့်ပြီးတောင် ကိုယ်တိုင် တရားပြသတတ်ပါသေးတယ်။ ကျွန်တော်နှင့်ကြုံတိုင်းလည်း တရားအကြောင်းတွေဘဲ ဆွေးနွေးဖြစ်တတ်ပါတယ်။ တခါတော့ သင်္ကြန်ပိတ်ရက်တစ်ခုမှာ သူတရားသွားအားထုတ်ရင်း ပြန်လာတော့ ကျွန်တော့်ကို သူတွေ့ခဲ့တဲ့ တရားအတွေ့အကြုံတွေကို အားရ၀မ်းသာ ပြောပြပါတယ်။ သူပြောပြတာက တရားမှတ်ရင်း လမ်းလျှောက်ချိန်မှာ ခြေထောက်မှာခံစားရတဲ့ ရုပ်ရဲ့ ဖြစ်ပျက်လက္ခဏာတွေကိုပါ။ သူက အဲဒါမျိုး သူတစ်သက်လုံးမှာ မသိခဲ့ဖူးသေးကြောင်း၊ ရုပ်နာမ်ဖြစ်ပျက်ဆိုတာကို အခုမှ ကောင်းကောင်းသဘောပေါက်ကြောင်း ပြောတော့ ကျွန်တော် အတော်လေးအံ့သြသွားခဲ့ရပါတယ်။ သူနှင့် ဟိုးအရင်တရားဆွေးနွေးချိန်တွေတုန်းက သူပြောခဲ့တဲ့ ရုပ်တရား၊ နာမ်တရားတို့ရဲ့  ဖြစ်မှုပျက်မှုဆိုတာ ဘယ်လိုနားလည်မှုနှင့် သူပြောခဲ့တာပါလိမ့်လို့ တွေးမိပါတယ်။ (သူ့အပေါ် အထင်သေးတဲ့စိတ်မျိုးနှင့် ပြောလိုခြင်းမဟုတ်ပါဘူး။ တခါတလေ တရားက သိတယ်ထင်နေပေမယ့် တကယ်မသိသေးတာကို သတိထားလိုက်မိကြောင်း ပြောချင်တာပါ။)

နောက် သတိပေးချင်တာတစ်ခုလည်းရှိပါသေးတယ်။ ကျွန်တော်ကြုံခဲ့တဲ့ အတွေ့အကြုံထဲကပါပဲ။ တချို့ သောရိပ်သာများမှာ ပြသတဲ့နည်းတွေဟာ ဘုရားဟောတရားတော်တွေထဲကအတိုင်း မှန်ကန်ပြီး၊ အားထုတ်တဲ့ ပုဂ္ဂိုလ်တွေအတွက်လည်း လွယ်ကူသက်သာ တရားကို သိလွယ်၊ မြင်လွယ်စေပါတယ်။ ဒါပေမယ့် ခက်တာက အဲဒီရိပ်သာရဲ့ ဆရာသမားများက ဒီဘ၀မှာတင် တစ်မဂ်တစ်ဖိုလ်ရဖို့ဆိုတာ မလွယ်ကြောင်း (မဖြစ်နိုင်ကြောင်း) ဆရာအစဉ်အဆက် တပည့်တွေကို ပြောကြားဆုံးမသင်ပြနေကြတဲ့ ရိပ်သာမျိုးပါ။ သူတို့တွေနှင့် စကားပြောဆွေးနွေးလိုက်ရင် အခုတရားအလုပ်လုပ်တာဟာ နောက်ဘ၀အတွက် အထုံပါရမီဖြစ်ဖို့ပါဆိုတာမျိုးနှင့်ပဲ လမ်းဆုံးသွားတတ်ကြပါတယ်။

နောက်တစ်မျိုးတွေ့ရတာကတော့ သမထယာနိကလမ်းနှင့်ပြသပေးတဲ့ ရိပ်သာတစ်ချို့ မှာပါ။ သမထနှင့် ဈာန်အဆင့်ဆင့်ကို တက်ပြီးကာမှ ၀ိပဿနာကူးလို့ရမယ်ဆိုတဲ့ပုံစံမျိုး သင်ကြားပြသနေကြတာပါ။ အဲဒီမှာ အစွဲသန်တဲ့ တပည့်ကျော်ယောဂီများက အဲဒါကို တစ်စခန်းထပြီး တခြားသောရိပ်သာနည်းတွေမှာ ၀ိပဿနာကို တန်းပြီးအားထုတ်ကြတာ၊ သမထကို သုံးလေးရက်အားထုတ်ပြီး ၀ိပဿနာဘက်ကူးသူများကို မဖြစ်နိုင်တာလုပ်ကြသူများလို့ ထင်တတ်ကြပါတယ်။ အဲဒီလိုရိပ်သာမျိုးမှာ အားထုတ်နေမိတဲ့သူများအတွက် အကောင်းဆုံးအကြံပေးချင်တာကတော့ ခုနအပေါ်မှာ ပြောခဲ့သလို တရားလည်း အားထုတ်ရင်း တရားစာပေတွေကိုလည်း လက်လှမ်းမီသလောက် လေ့လာစေချင်တာပါဘဲ။ ဒါမှ ကိုယ့်ဆရာသမားတွေပြောတာဟာ စာပေကျမ်းဂန်နှင့်ကိုက်ညီမှုရှိမရှိ သိနိုင်မှာပါ။

နံပါတ် (၂) ကို ဘာလို့ ကျွန်တော်ပြောရတာလဲဆိုတော့ တရားအားထုတ်ကြတဲ့သူတော်တော်များများကို မေးလိုက်ရင် “ဆရာသမားက ဒီလိုပဲမှာထားတယ်။ ရိပ်သာမှာက အဲဒီအတိုင်းပဲလုပ်တယ်။ ကျန်တာတွေမသိဘူး။ စိတ်လည်း မ၀င်စားဘူး ” ဆိုတာမျိုး ဖြေတတ်ကြပါတယ်။ ၀ိပဿနာတရားအားထုတ်ကြရာမှာ အဆင့်မြင့်လူ့အဖွဲ့အစည်းတွေမှာ မရှိမဖြစ်လိုအပ်တဲ့ Proactive ဆိုတာလေးလည်း ရှိဖို့ လိုလိမ့်မယ်လို့ ထင်ပါတယ်။ ဆရာသမားကတော့ ဒီလိုမှာထားပါတယ်။ မြတ်စွာဘုရားရှင်ကတော့ ဒီလိုဟောထားခဲ့တယ်။ ဘယ်ဆရာသမားတွေကတော့ ဘယ်လိုမျိုး ပြောထားတယ်။ ကိုယ်တိုင် အားထုတ်တဲ့အခါမှာ ဘယ်လိုမျိုးလေး လုပ်တာက ကိုယ့်အတွက် ပိုတရားသိလွယ် မြင်လွယ်တယ် ဆိုတာမျိုး တရားအားထုတ်သူဘက်က ကိုယ်ပိုင်ဝေဖန်သုံးသပ်နိုင်မှုလေး ရှိရင်တော့ ပိုကောင်းလိမ့်မယ်လို့ ထင်ပါတယ်။ (ကိုယ့်ဆရာသမားပြောတဲ့အတိုင်း လိုက်လုပ်တာလည်း လမ်းမှန်ကျပြီး ကိုယ့်အတွက် လွယ်ကောင်းလွယ်နိုင်ပါတယ်။) ကျွန်တော်ဆိုလိုချင်တာက မေးလိုက်ရင် ဆရာကိုချည်း၊ ရိပ်သာကိုချည်း ပုံချလိုက်တာမျိုးမဟုတ်ပဲ မြတ်စွာဘုရားရှင်အလိုတော်နှင့် ချိန်ညှိဖို့၊ တခြားဆရာသမားတွေရဲ့  အယူအဆကိုလည်း လေ့လာဖို့၊ ကိုယ်ကိုယ်တိုင်ရဲ့  အတွေ့အကြုံလေးပါ ထည့်စမ်းကြည့်ဖို့ တိုက်တွန်းလိုပါတယ်။

တရားအလုပ်ကို စလုပ်မယ်လို့ စိတ်ကူးနေကြသူများအတွက် အကြံပေးချင်တာကတော့ မိမိနှင့် အဆင်ပြေမယ့် တရားနည်းတစ်ခု (ရိပ်သာတစ်ခု) ကိုရွေးပါ။ အဲဒီက သင်ကြားပြသတာကို စနစ်တကျသင်ယူလေ့လာပါ။ တရားလောဘ သိပ်မကြီးပါနှင့်။ အနတ္တတရားမို့လို့ အကြောင်းညီညွတ်ရင် သူ့အလိုလိုရ ရသွားပါလိမ့်မယ်။ ကိုယ့်ဘက်ကသာ မှန်မှန်ကြိုးစားနေပေးဖို့ပါ။ စလုပ်ဖြစ်သွားဖို့နှင့် စွဲစွဲမြဲမြဲဆက်လုပ်သွားဖို့က အဓိကလိုရင်းပါလို့ ပြောချင်ပါတယ်။

အားထုတ်လက်စပုဂ္ဂိုလ်များကို အကြံပေးချင်တာကတော့ မိမိတရား တိုးတက်မှုရှိမရှိကို အမြဲသတိထားကြည့်ပေးပါ။ ကိုယ့်ကို အကောင်းဆုံး တရားစစ်ပေးမှာက လောကဓံတရားတွေပါဘဲ။ မင်္ဂလာတရားတော်မှာပါတဲ့ “ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ၊” ဆိုတဲ့ မင်္ဂလာတရားဟာ ကိုယ့်အတွက် တရားမှတ်ကျောက်တိုက်သလို ဖြစ်နေစေမှာပါ။ ၀ိပဿနာတရားဟာ ထိုင်ပြီးမှတ်မှ မှတ်လို့ရတဲ့တရားမျိုးလည်း မဟုတ်ပါဘူး။ တစ်နေ့လုံး အိပ်ရာနိုးတဲ့အချိန်ကနေ ညအိပ်ရာဝင်တဲ့အချိန်အထိ မှတ်လို့ရနေတာပါ။ ရိပ်သာတွေမှာ တရားထိုင်ချိန်ဆိုပြီး နာရီတွေနှင့် သတ်မှတ်ထားပေမယ့် နေ့စဉ်ဘ၀အားထုတ်ချိန်မှာတော့ မနက်မိုးလင်းကနေ ညမိုးချုပ်အထိ တရားချိန်လို့သတ်မှတ်ပြီး အားထုတ်နိုင်ရင် အကောင်းဆုံးပါဘဲ။ အချိန်သတ်သတ်မှတ်မှတ်ပေးနိုင်တဲ့အခါ Formal Sitting နှင့်လည်း တရားကိုအားထုတ်ပါ။ ကျန်အချိန်တွေမှာတော့ Living Meditation လို့ခေါ်တဲ့ တစ်နေ့တာ လုပ်စရာ ကိစ္စအ၀၀ကို လုပ်နေရင်းနှင့် တရားရှုမှတ်နှလုံးသွင်းတာကိုလည်း မဖြစ်မနေ လုပ်ကြစေလိုပါတယ်။ အဲဒီလို တစ်နေ့တာလုံး တရားကို တစ်နည်းနည်းနှင့် အမြဲအားထုတ်ဖြစ်နေအောင် ကိုယ့်ဖာသာ တတ်နိုင်သလောက် လေ့ကျင့်ယူပေးကြပါလို့ ပြောချင်ပါတယ်။

အခုပြောခဲ့တဲ့ အခြေခံအချက်(၂)ချက်ဟာ တရားစစအားထုတ်ခါစအချိန်တစ်ခုတည်းမှာသာ လိုအပ်တာမဟုတ်ပဲ တရားအားထုတ်နေသမျှကာလပတ်လုံး ဒီနှစ်ချက်ဟာ အမြဲ လိုအပ်နေမှာ ဖြစ်ပါတယ်။

ကျွန်တော်လည်း သိပ်သိနေလို့ ဒီစာကိုရေးတာတော့ မဟုတ်ပါဘူး။ ခရီးတစ်ခုသွားနေရင်း လမ်းမှာ ကိုယ်နှင့်ခရီးတူသွားမယ့်သူတွေကို ကိုယ်သိသလောက် လမ်းကူပြပေးတဲ့သဘောမျှပါပဲ။ တချို့ လည်း ဒီခရီးအကြောင်း ကိုယ့်ထက်ပိုသိကြသူတွေလည်း ရှိနေမှာပါ။ အဲဒီပုဂ္ဂိုလ်များက ကျွန်တော်အခုရေးတဲ့အထဲ လွဲမှားတာတွေပါခဲ့ရင် မေတ္တာရှေ့ ထား ပြင်ပေးကြပါလို့.....။

လေးစားစွာဖြင့်
ဝိမုတ္တိသုခ
ဇွန်လ ၂၈ ရက်၊ ၂၀၁၁ခုနှစ်။


ဆက်လက်ဖတ်ရှုရန်

Monday, June 27, 2011

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၄၀)

ကျွန်ုပ်တွေ့သောစိတ်သဘာဝ ( ၉ )

ဤဘဝအတွင်း အားထုတ်ဆဲ၌ပင် စိတ်ငြိမ်းချမ်းမှု ရစေနိုင်သော ကျင့်စဉ်ကြီး
အတိတ်ဘဝ ရှိမရှိ၊ သံသရာ အစ ဘယ်သို့နည်း-ဟူသော ပြဿနာအားလုံး ရှင်းနိုင်သောလုပ်ငန်း

လွန်ခဲ့သော စက်တင်ဘာလအတွင်းက ရန်ကုန်မြို့သို့ ရောက်ခဲ့ရာတွင် ကျွန်ုပ်၏ဆောင်းပါးများကို ဖတ်ရှု၍ ၊ ဗုဒ္ဓဟောပြတော်မူခဲ့သည့် ဒိဋ္ဌေဒိဋ္ဌမတ္တံနည်းအတိုင်း ကျွန်ုပ် အားထုတ်ပုံများကို နှစ်သက်သဘောကျသော လူကြီးပိုင်းနှင့်လူလတ်ပိုင်းအချို့က ၎င်းတို့အား သင်တန်းပေးဖို့ တောင်းပန်ကြသည့် အလျောက်၊ လူကြီးများနှင့် လူလတ်များကို တစ်ခုစီ ပိုင်းခြားလျက် သုံးကြိမ်မျှစီ သင်တန်းပေးခဲ့ရပါသည်။ ထို့ပြင် မြန်မာပြည် အနှံ့အပြားရှိ ကျွန်ုပ်၏ ဆောင်းပါးပရိတ်သတ်အနက် နှစ်သက်သဘောကျသဖြင့် စမ်းသပ်အားထုတ်ကြသူများလည်း ဤမြို့တစ်ယောက် ထိုမြို့တစ်ယောက် စသည်ဖြင့် ရှိနေကြ၍ ၎င်းတို့ထံမှ ပေးစာများလည်း လက်ခံရရှိခဲ့ရာ ဤသူတို့အတွက်လည်းကောင်း၊ ရန်ကုန်မြို့၌ သင်တန်းဆင်းပြီးသော ဓမ္မ မိတ်ဆွေများအတွက်လည်းကောင်း ၊ ကျွန်ုပ်ပို့ချပြောပြခဲ့သော အခြင်းအရာများကို အကျဉ်းချုံးကာ ဆောင်းပါးတစ်ပုဒ် အနေဖြင့် ရေးသားဖော်ပြလိုက်ရပေဦးမည်။

ပန်းချီဆရာ ဥပမာ

ရှေးဦးမှာ စိတ်သဘာဝနှင့် ပတ်သက်၍ လူအများတို့ အထင်မှားလျက်ရှိသော အချက်တစ်ခုကို တင်ပြလို၏။ (ဤအကြောင်းအရာမှာ လွန်ခဲ့သော ၉ နှစ်ခန့်က ဟံသာဝတီ သတင်းစာ၌ ရေးသားဖော်ပြ ခဲ့ဖူးပါသည်။)

ပန်းချီဆရာ တစ်ယောက်သည် ကြောက်မက်ဖွယ်ကောင်းသော ဘီလူးရုပ် သို့မဟုတ် သရဲရုပ် တစ်ခုကို ရေးခြယ်သည်ဆိုအံ့။ အလွန်တရာ စိတ်ကူးကောင်း၍ လက်ရာမြောက်သော ပန်းချီကျော် တစ်ယောက်ဖြစ်သည့်အလျောက်၊ သူရေးခြယ်သော ဘီလူးရုပ်သည် လွန်စွာကြောက်စရာကောင်းလှ၍ ထိုသူသည် မိမိရေးခြယ်ထားသော အရုပ်ကြီးကို ကြည့်ရင်း သည်းတုန်အူတုန်ဖြစ်ကာ အလန့်တကြား အော်ဟစ်လိုက်မိသည်ဆိုအံ့။ ၎င်း၏ အော်သံကို ကြားရသောသူများသည် သူ၏ပန်းချီခန်းထဲသို့ ပြေးဝင်လာကြ၍ “ဘာဖြစ်တာလဲ” ဟုမေးကြည့်ရာတွင် ၎င်းပန်းချီဆရာက ဘီလူးရုပ်ကြီးကို ညွှန်ပြကာ “ကြောက်လှချေရဲ့ဗျာတို့” ဟုပြောသည်ဆိုအံ့။ ထိုအခါတွင် လူများက ၎င်းအရုပ်ကြီးကို မည်သူရေးခြယ်ပါသနည်းဟုမေးကြရာ ပန်းချီဆရာက မိမိ ရေးခြယ်ထားကြောင်း ပြောပြသည်နှင့် “အံ့ဩစရာကောင်းလိုက်တဲ့ လူတစ်ယောက်ပါပဲဗျာ၊ ကိုယ်ရေးတဲ့ အရုပ်ကို ကိုယ့်ဟာကိုယ်ကြည့်ပြီးလန့်အော်ရသတဲ့ဗျာ၊ ဒီလူတော့ရူးပြီထင်တယ်” ဟု ဆိုကြပေလိမ့်မည်။

ထိုအခါ တစ်ယောက်သောသူက “ဒါဖြင့် ဒီအရုပ်ကားကြီးကို ဖျက်ပစ်လိုက်ပါတော့လားဗျ” ဟုပြော၍ ပန်းချီဆရာ က “ရေးထားမိပြီးဟာမို့ ဖျက်လို့မရတော့ဘူးဗျာ” ဟုပြောရာတွင် “ခက်လိုက်တဲ့ လူတစ်ယောက် ပါတကား ၊ ကိုယ်ရေးတဲ့ အရုပ်ကို ကိုယ်ဖျက်လို့ မရတော့ဘူးတဲ့ဗျာ၊ ဟုတ်နိုင်ကြရဲ့လား” ဟုဆိုသူများက ဆိုကြပေလိမ်မည်။ ဤတွင် အခြားလူတစ်ယောက်က “ဒီလိုဆိုရင် ဒီအရုပ်ကားကြီး ကို မကြည့်ဘဲနေပါတော့လားဗျာ….”ဟု အကြံပေးရာ ပန်းချီဆရာက “မကြည့်ဘဲလည်း ကျွန်တော် မနေနိုင်ဘူးဗျ၊ ကြည့်နေရမှာဘဲ” ဟုပြန်ပြောသည်ဆိုအံ့။ ကြားရသောလူများက “ခက်ပြီဗျို့  ၊ ကျုပ်တို့ ပန်းချီ ဆရာတော့ ရူးတာမှ သွက်သွက်ချာနေပါပြီကောလားဗျာတို့” ဟုဆိုကြပေလိမ့်မည်။ ဤကား စိတ်သဘာဝနှင့် ပတ်သက်သည့် ဥပမာဖြစ်၏။ ဥပမေယျကား ဤသို့တည်း။

ပုထုဇနော ဥမ္မတ္တကော

သတ္တဝါဟူသမျှမှာ (အထူးသဖြင့် လူသတ္တဝါများမှာ) အထက်ပါ ပန်းချီဆရာကဲ့သို့ ပြုမူလျက်ရှိနေခြင်းကို ကိုယ့်ဟာကိုယ် မသိဘဲဖြစ်လျက်ရှိကြသည်။ လူသတ္တဝါသည် ပစ္စုပ္ပန်အပေါ်၌ အာရုံ မပြုဘဲလျက် အတိတ်အဖြစ်အပျက်များနှင့် အနာဂတ်အတွက် အတွေးအခေါ်များဖြင့်သာ အချိန်ကုန်လျက်ရှိ ကြ၏။

တစ်ယောက်သောသူက မိမိအား ထိခိုက်နစ်နာလောက်အောင် ပုတ်ခတ်ကဲ့ရဲ့သည်ဆိုလျှင် ၊ ခံရသောလူသည် ထိုအခြင်းအရာကို မကြာမကြာ သတိရကာ ခဏခဏ ဖော်ထုတ်၍ ကြိမ်ဖန်များစွာ ဒေါသဖြစ်လျက်၊ စိတ်ဆင်းရဲခြင်း ဖြစ်ရလေတော့သည်။ ပုတ်ခတ်ကဲ့ရဲ့သောလူ၏ စကားလုံးများကား အတိတ်ဖြစ်၍ လေထဲ၌ ပျောက်ကွယ်ကုန်ခန်းသွားခဲ့လေပြီ။

ခံရသူအဖို့မှာကား ပြန်လည်ဖော်ထုတ်မိတိုင်း မူလကကဲ့သို့ ပီပီသသကြီး ပေါ်ထွက်လာ၍ နှလုံးပူလောင်ခြင်း ဖြစ်ရလေတော့သည်။ ခံရသောလူသည် ထိုအခြင်းအရာ ကို ဖျောက်ဖျက်ပစ်ရန် မတတ်နိုင်ဟု ဆိုလျှင် ၊ ပန်းချီကား ကို ဖျက်ပစ်ရန် မတတ်နိုင်ဟု ဆိုသော ပန်းချီဆရာနှင့် တူသည်မဟုတ်ပါလော။ ထိုအကြောင်းကို မစဉ်းစားဘဲ မနေနိုင်ဟု ပြောခဲ့လျှင်လည်း၊ ပန်းချီကားကို မကြည့်ဘဲ မနေနိုင်ဟုပြောသော ပန်းချီဆရာ၏ စကားနှင့် အတူတူပင် ဖြစ်သည် မဟုတ်ပါလော။

ပန်းချီဆရာကိုမူကား အရူးတစ်ယောက်ဟူ၍ ခေါ်ကြမည်ဖြစ်ရာ လွန်လေပြီးသော အဖြစ်အပျက်တစ်ခုသည် မိမိအား နှလုံးမသာယာခြင်း ဖြစ်စေသည်ဟု သိပါလျက်နှင့် တစ်ဖန်ပြန်၍ ဖော်ထုတ်ခေါ်ယူခြင်း မပြုဘဲ မနေနိုင်ပါဟု ဆိုခြင်းသည်လည်း “ရူးခြင်း” ပင်ဖြစ်သည်ဟု ဆိုထိုက်သည် မဟုတ်ပါလော။ (ပုထုဇနော ၊ ဥမ္မတ္တကော) ပုထုဇဉ်ဟူသမျှသည် “အရူးများ” ဖြစ်ကြသည်ဟု ဗုဒ္ဓဆိုတော်မူခဲ့ရာ ထိုစကားတော်၏ မှန်ကန်ခြင်းသည် ဤကိစ္စမျိုးတွင် အထူးထင်ရှားလှသည်ဟု ကျွန်ုပ် စဉ်းစားမိပါတော့သည်။

ဆန်းကြယ်သော စိတ်သဘာဝ

လွန်လေပြီးသော နှလုံးမသာယာဖွယ်အဖြစ်အပျက် တစ်ခုကို ပြန်လည်ဖော်ထုတ် သည့်အခါ နှလုံးမသာမယာ ဖြစ်ရခြင်းတည်းဟူသော စိတ်သဘာဝကို ရှင်းလင်း ဖော်ပြရပေဦးမည်။

လူတစ်ယောက်သည် ဆင်အကြောင်းကိုစဉ်းစားလိုက်သည့်အခါ ၊ ဆင်တစ်ကောင်၏ ပုံသဏ္ဌာန် ပေါ်ထွက်လာပေလိမ့်မည်။ ၎င်းဆင်သည် တကယ့်ဆင်လောဟု မေးလျှင် တကယ့်ဆင်မဟုတ် ၊ စိတ်က ဖန်ဆင်းသော ဆင်မျှသာဖြစ်သည်ဟု ဖြေတတ်ကြပေလိမ့်မည်။ သို့ဆိုလျှင် စိတ်သည် တစ်နေရာမှနေ၍ ဆင်ကောင်ကြီးကိုဖန်ဆင်းသလော၊ စိတ်တခြား ဆင်တစ်ခြားလောဟုမေးခဲ့လျှင် ရုတ်တရက် မဖြေတတ်ဘဲ ရှိတတ်ပြီးနောက် တစ်ခြားစီကား မဟုတ်နိုင် အတူတူပင်ဖြစ်တန်ရာသည်ဟု စဉ်းစားမိကြတန်ရာသည်။ သို့သော် အများအားဖြင့် ထင်မှတ်တတ်ကြသည်မှာကား စိတ်က ဆင်ကောင်ကြီးကို ဖန်ဆင်းလိုက်သောအခါ၊ ထိုဆင်ကောင်ကြီးကို ငါကမြင်ရသည်ဟု ထင်မှတ်တတ်ကြ လေသည်။ စိတ်သဘာဝ အစစ်အမှန်မှာ စိတ်တခြား ဆင်တခြားမဟုတ်ရုံသာမကသေး၊ ဆင်ကောင်ကို စိတ်ကဖန်ဆင်းသော အခိုက်အတန့်တွင် ဆင်၏ သဏ္ဌာန်ကို သိသောစိတ် (ဆင်စိတ်) ဖြစ်လာ၍ ထိုဆင်သည် “ စိတ်ဆင်” မျှသာဖြစ်သည်။ ထိုပုံသဏ္ဌာန်ကို မြင်သော ငါကောင်ဟူ၍ ရှိသည် မဟုတ်ချေ။ စာဖတ်သူသည် ဤအခြင်းအရာကို နှလုံးသို့ ခိုက်အောင် မခံယူနိုင်သေးစေကာမူ ၊ ဦးနှောက် ဖြင့်(intellectually) သဘောပေါက်သည်ဆိုလျှင်ပင် ချီးကျူးထိုက်ပါပေပြီ။ (မဂ်ဖိုလ် အလုပ်ဟူသည်မှာ ဦးနှောက်သက်သက် အလုပ်မဟုတ်၊ နှလုံးသို့ခိုက်အောင် ခံယူရသော အလုပ်မျိုးဖြစ်ချေသည်။)

ကိုယ့်ဟာကိုယ်ဆင်းရဲအောင်လုပ်ခြင်း

တစ်ဖန် အထက်တွင်ဖော်ပြခဲ့သော အခြင်းအရာ၌ မိမိအား ပုတ်ခတ်ကဲ့ရဲ့ သောဖြစ်ရပ်ကို ပြန်လည်ဖော် ထုတ် လိုက်သည့်အခါ စင်စစ်အားဖြင့် ၎င်းဖြစ်အင်ကို ငါကပြန် သတိရလာခြင်းကား မဟုတ်၊ သညာ၏ အကူအညီအားဖြင့် ၎င်းဖြစ်ရပ်ကို တစ်ဖန်ထပ်၍ သိသော ဝိညာဉ်စိတ် ဖြစ်ပေါ်လာ၍ ဒေါသတည်းဟူသော သင်္ခါရက္ခန္ဓာ၊ အခံရခက်ခြင်းတည်းဟူသော ဒုက္ခဝေဒနာတို့သည် (နမ်ခန္ဓာလေးပါးတို့သည်) တစ်ပြိုင်နက် တည်း ဖြစ်ပေါ်လာကြရခြင်းမျှသာဖြစ်လေသည်။ ထိုကဲ့သို့ အသစ်တစ်ဖန်ထပ်လောင်း၍ အခံရခက်ခြင်း တည်းဟူသော ဒုက္ခဝေဒနာ ခံစားရခြင်းကိစ္စ၌ ပုတ်ခတ်ကဲ့ရဲ့သော လူသည် အကြောင်းရင်း စစ်စစ် မဟုတ်။ စိတ်ဆင်းရဲစေရအောင် စိတ်ကပင် ပြုလုပ်ခြင်းဖြစ်လေသည်။ ဆိုလိုရင်းမှာ မူလပထမ၌ ထိုသူ၏ ပုတ်ခတ်ကဲ့ရဲ့မှုကြောင့် စိတ်ဆင်းရဲခြင်း ဖြစ်ခဲ့ရသည်မှန်သော်လည်း၊ နောက်တစ်ဖန် ထပ်၍ အကြိမ်ကြိမ် ဒုက္ခဖြစ်ရခြင်းမူကား စိတ်ကို စိတ်က ပြုလုပ်ခြင်းဖြစ်သည်ဟုသာ ဆိုထိုက်ပေသည်။ အကြောင်းမူကား လွန်လေပြီးသော ဖြစ်ရပ်တစ်ခုသည် ပြီးဆုံးခဲ့ပြီး ဖြစ်ပါလျက် စိတ်က ဖော်ထုတ်ပြီး ကိုယ့်ဟာကိုယ် ဆင်းရဲအောင် ပြုလုပ်ရာရောက်လေသောကြောင့်တည်း။

(ကျွန်တော်ဆက်လက် ပို့စ်တင်နိုင်ရန်အတွက် ဒိဋ္ဌေဒိဋ္ဌမတ္တံစာအုပ်ကို အစအဆုံး စေတနာမေတ္တာဖြင့် ကူညီစာရိုက်ကုသိုလ်ပြုပေးတဲ့ ဒေါက်တာဝင်းလွင် ကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျား။)


(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)



ဆက်လက်ဖတ်ရှုရန်

Friday, June 17, 2011

Nothing Exists



ဇင်ပုံပြင်တွေကြိုက်တတ်တဲ့ ဘုန်းဘုန်းအတွက် မွေးနေ့လက်ဆောင်အဖြစ် ဇင်ပုံပြင်တစ်ပုဒ်နှင့် ပူဇော်လိုက်ပါတယ်ဘုရား။

ဘုန်းဘုန်း အသက်ရာကျော်ရှည်လို့ သာသနာတော်ရဲ့ အကျိုး၊ အများအကျိုး၊ မိမိအကျိုးကို ဒီ့ထက်ပိုလို့ ဆောင်ရွက်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ဘုရား။

Nothing Exists

A young student of Zen visited one master after another. He called upon Dokuon of Shokoku.

Desiring to show his attainment, he said: "The mind, Buddha, and sentient beings, after all, do not exist. The true nature of phenomena is emptiness. There is no realization, no delusion, no sage, no mediocrity. There is no giving and nothing to be received."

Dokuon, who was smoking quietly, said nothing. Suddenly he whacked the student with his bamboo pipe. This made the youth quite angry.

"If nothing exists," inquired Dokuon, "where did this anger come from?"

................................................

ဂတိချိုချို ဂတိခါးခါး

တစ်ခါတုန်းက အနိဝတ္တဗြဟ္မဒတ်မင်းဆိုတာ ရှိခဲ့ဖူးပါတယ်။ အနိဝတ္တဆိုတာ မြန်မာလို ပြန်ရင်တော့ နောက်မဆုတ်တဲ့မင်းလို့ အဓိပ္ပာယ်ရပါ တယ်။ အဲဒီမင်းက ဘာကိုပဲလုပ်လုပ် နောက်ဆုတ်လေ့ မရှိပါဘူးတဲ့။

တစ်နေ့တော့ အနိဝတ္တမင်းက ဥယျာဉ်တော်ကို ထွက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ တောမီး ထလောင်ပါတယ်။ မီးက အစိုအခြောက် မရွေး သစ်ပင်မြက်ပင်တွေကို အကုန်လောင်တော့တာပါ။ နောက်မဆုတ်ဘဲ ရှေ့ကို တိုးတိုးပြီးတော့ လောင်သွား တာပါ။ အနိဝတ္တမင်းက လောင်နေတဲ့ မီးကို ဥပမာပြုပြီး အာရုံနိမိတ် ယူပါတယ်။

“မီးတစ်ဆယ့်တစ်ပါးဟာ သတ္တ၀ါတွေကို ကြီးစွာ ဆင်းရဲစေလျက် နောက်ကို မဆုတ်ဘဲ ဆက်ဆက် လောင်သွားတယ်။ ငါလည်း ဒီဆင်းရဲ တွေငြိမ်းဖို့ ဒီမီး လောင်သလို မဂ်တည်းဟူသော မီးနဲ့ ကိလေသာတွေကို လောင်ပြီး ဘယ်လို သွားရပါ့မလဲ”လို့ အတွေးနိမိတ်ယူပါတယ်။

နောက် ရှေ့ဆက်သွားတော့ မြစ်ထဲက ငါးတွေကို ဖမ်းနေတဲ့ တံငါသည်တွေကို တွေ့ရပြန်ပါတယ်။ ဒီအချိန်မှာ ပိုက်ကွန်မှာ မိနေတဲ့ ငါးတစ်ကောင်က ပိုက်ကွန်ကို ဖြတ်ပြီး ထွက်ပြေးသွားပါတယ်။ ဒီတော့ တံငါသည်တွေက “ငါးက ပိုက်ကွန်ကို ဖြတ်ပြေးသွားပြီ”လို့ အော်ပါတယ်။

အနိဝတ္တမင်းက ဒီအသံကြားတော့ ရှေ့ကအတိုင်း အာရုံနိမိတ်ယူမိ ပြန်ပါတယ်။

“ငါလည်း မဂ်ဉာဏ်နဲ့ တဏှာဒိဋ္ဌိ တည်းဟူသော ပိုက်ကွန်ကို ဘယ်အချိန်လောက် ဖြတ်နိုင်ပါ့မလဲ”လို့ တွေးပါတယ်။

နောက်ဆုံးတော့ ရထားတဲ့ မင်းအဖြစ်ကိုစွန့်ပြီး ၀ိပဿနာ တရားတွေ အားထုတ်လိုက်တာ ပစ္စေကဗုဒ္ဓါ ဖြစ်သွားပါတော့တယ်။

(အပါဒါန်အဋ္ဌကထာ၊ စာမျက်နှာ၂၁၀) သုတ္တနိပါတ်အဋ္ဌကထာ ပတွဲ၊ စာမျက်နှာ ၁၀၂)

အနိဝတ္တမင်းကတော့ လောင်နေတဲ့မီး၊ ပိုက်ကွန်က လွတ်သွားတဲ့ ငါးကိုကြည့်ပြီး သံဝေဂဖြစ်ပါတယ်။ အဲဒီ သံဝေဂကိုပဲ အခြေခံပြီး တရားအားထုတ်လိုက်တာ တရားထူး တရားမြတ် ရသွားခဲ့ပါတယ်။

ကိုယ့်ဝန်းကျင်မှာ သံဝေဂဖြစ်စရာ သက်ရှိသက်မဲ့တွေ အများကြီးရယ်ပါ။ ဒါတွေကို ကြည့်ုပြီး သံဝေဂဖြစ်ကြတဲ့သူတွေ ရှိကြသလို မဖြစ်ကြတဲ့ သူတွေလည်း အများကြီးပါပဲ။

ပါရမီရှင်တွေကတော့ မမြဲတဲ့ သဘောတရားတွေကို သိပြီး နောက်ဆုံးတော့ မင်းစည်းစိမ်ကိုစွန့် တရားအားထုတ် တော့တာပါပဲ။ တကယ်လို့ ပါရမီ မပြည့်သေးလို့ တရားထူး မရသေးရင်တောင် နောက်ဘ၀ တွေမှာလည်း ဆက်စွန့်ပြီး ဆက်အားထုတ် နေဦးမှာပါ။ စွန့်ရဲတဲ့အထုံ ပါသွားရင် နောက်ဘ၀တွေမှာလည်း စွန့်ဖို့ ၀န်မလေးတော့ပါဘူး။ မစွန့်ရဲသေးတဲ့ စာရေးသူတို့သာ သံသရာထဲမှာ ကျန်နေကြရတာပါ။ စွန့်ရဲတဲ့ သူတွေက စွန့်ပြီး မစွန့်ရဲတဲ့ သူတွေကတော့ စားနေကြတုန်းပါ။

စာရေးသူရဲ့ဇာတိ အင်းမဆိုတာ သရေခေတ္တရာ ပြည်ခရိုင်ထဲကပါ။ တစ်နှစ်ကို နှစ်ခေါက် လောက်တော့ ပြည်ကို ရောက်ဖြစ်ပါတယ်။ ပြည်ရောက်ရင် အမြဲသွားဖြစ်တဲ့ နှစ်နေရာရှိပါတယ်။ ရွှေဘုံသာမုနိရယ် သရေခေတ္တရာ နန်းတော်ဟောင်း နေရာရယ်ပါ။

ရွှေဘုံသာမုနိမှာ ကုသိုလ် ကောင်းမှုပြု၊ မမြင်အပ်တဲ့ ပုဂ္ဂိုလ်တွေကို အမျှအတမ်း ပေးဝေပြီးရင် နန်းတော်ဟောင်း နေရာကို ကြည့်ရတာ အရသာတစ်ခုလို ဖြစ်နေလို့ပါ။ နောက် နန်းတော်ဟောင်းကို ကားနဲ့ တစ်ပတ်ပတ်ပြီး ကြည့်လိုက်ပါသေးတယ်။ ကြည့်ရတိုင်းလည်း ဘယ်အခါမှ ရိုးမသွားခဲ့ပါဘူး။ ကြည့်လို့ကောင်းနေခဲ့တာပါ။

တကယ်ဆို နန်းတော်ဟောင်းကို ကြည့်ပြီး သံဝေဂ ပွားရမှာပါ။ သံဝေဂမပွားဘဲ အနုပညာတစ်ခုလို ခံစားနေတော့ တရားနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။

သရေခေတ္တရာမှာ မင်းဆက်(၂၅)ဆက် သံလျက်ကိုင် အုပ်ချုပ်သွားခဲ့ပါတယ်။ ဘာမှ မမြဲတဲ့ သဘောတရားအရ ပျက်စီးခြင်းသာ အဆုံးရှိတဲ့ သဘောတရားအရ ဒီနေ့ဒီအချိန်မှာ သံလျက်ကိုင် အုပ်ချုပ်ခဲ့တဲ့ မင်းတွေ တစ်ပါး မှ မရှိတော့သလို သူတို့ကိုင်ခဲ့တဲ့ သံလျက်တွေလည်း တစ်လက်မှ မရှိတော့ပါဘူး။ ဘယ်ဘ၀ ဘယ်ဒေသ ရောက်နေမှန်းလည်း မသိရတော့ပါဘူး။

သံလျက် ကိုင်ခွင့်ရတယ်ဆိုတာ အတိက်ဘ၀တွေက ကုသိုလ်ပါရမီကြီးခဲ့လို့ပါ။ ဒီတော့ ခပ်ညံညံ့မဟုတ်ဘဲ ကုသိုလ် ပါရမီ ပါခဲ့သူဆိုတာ တွေးလို့ရပါတယ်။

ဒါကြောင့် ပါလာတဲ့ ကုသိုလ်ပါရမီကို အရင်းတည်ပြီး မဂ်ဖိုလ်နိဗ္ဗာန်ရကြောင်း ကုသိုလ်ပါရမီကောင်းတွေကိုပဲ ဆက်ပြီး ဖြည့်သွားလေသလား၊ ပါခဲ့တဲ့ ကုသိုလ်ပါရမီတွေကိုပဲ ထိုင်ပြီးစားသွားကြလေသလား မပြောတတ်ပါဘူး။

တစ်ချို့လည်း ဂတိချိုချိုကို ရောက်နေကြမှာပါ။ တချို့ကျတော့ ဂတိခါးခါးကို ရောက်ချင် ရောက်နေကြမှာပါ။ မျိုးဆက်အဆင့်ဆင့် ခြားသွားပြီ ဆိုတော့ ဂတိခါးခါးရောက် နေသူတွေအတွက် ရည်မှန်းပြီး ကုသိုလ်ပြု အမျှဝေ ပေးဖို့လည်း ဘယ်သူကမှ စိတ်ကူးမရှိတော့ပါဘူး။

လောကီရေးပဲဖြစ်ဖြစ်၊ လောကုတ္တရာ ရေးပဲဖြစ်ဖြစ် ပါရမီပါခဲ့သူ မပါခဲ့သူ နှစ်ယောက် အားထုတ်ရင် ပါရမီ ပါခဲ့သူက မပါခဲ့သူ လိုက်မမီအောင်ကို အကျိုးပေး ပါတယ်။ ပါရမီပါခဲ့တဲ့ သူတွေ အလုပ်လုပ်ရင် ပိုပြီးထိရောက်ပါတယ်။

ဘုရားဟောအရ ဘာမှ မမြဲပါဘူး။ တစ်နေ့မှာ ပျက်စီးမှာပါပဲ။ နှေးတာနဲ့ မြန်တာပဲ ကွာပါလိမ့်မယ်။ မြဲတယ်ဆိုရင်တော့ ဘုရားဟောနဲ့ ဆန့်ကျင်ဘက်ဖြစ် နေမှာပါ။

ဘာမှ မမြဲတဲ့လောကကြီးမှာ ကိုယ်တစ်ယောက်ကတော့ ကိုယ့်နောက် ပါမယ့် တရားတွေ ရှာနိုင်ဖို့ သိပ်ပြီး အရေးကြီးပါတယ်။

အမှန်တော့ မမြဲတဲ့တရားတွေနဲ့ နေနေရတာ စိတ်ထဲမှာ ပျော်မှာလည်း မဟုတ်ပါဘူး ။ အမြဲပူနေရတာပါ။ ကိုယ့်နောက်ပါမယ့် တရားတွေနဲ့ နေနေရင် တရားတွေက ပြန်စောင့်ရှောက် နေတဲ့အတွက် စိတ်က အမြဲအေးချမ်းနေမှာပါ။ ကိုယ့်နောက်ပါမယ့် တရားတွေကို အမြဲမဟုတ်တောင် အချိန်လေးတစ်ခု အနေနဲ့ ပွားများ အားထုတ်တာတောင် စိတ်ကလေး တဒင်္ဂလေး အေးချမ်းနေတာက သက်သေပါ။

စာရေးသူကတော့ မမြဲတဲ့၊ ပျက်စီး သွားပြီဖြစ်တဲ့ သရေခေတ္တရာမြို့ဟောင်း တစ်နေရာကို ရောက်မြဲလည်း ရောက်နေဦးမှာပါ။ ကြည့်မြဲလည်း ကြည့်နေဦးမှာပါ။ တစ်နေ့သောအခါမှာတော့ သံဝေဂအကြည့်နဲ့ ကြည့်ဖြစ်ပါစေလို့ပဲ ဆုတောင်းမိပါတယ်။

ခန္ဓာကိုယ် စားဝတ်နေရေး ရှိနေတဲ့အတွက်၊ မိသားစု ရှိနေတဲ့အတွက် မမြဲတဲ့ တရားတွေလည်း လိုအပ်နေတာပါပဲ။ ဒါပေမယ့် မမြဲတဲ့ တရားတွေကို ခန္ဓာကိုယ်လိုအပ်ချက်အရ မလွှဲမရှောင်သာ အနေနဲ့သာ သုံးပြီး မမြဲတာကို မမြဲမှန်းသိပြီး ကိုယ့်နောက်ပါမယ့် တရားတွေကိုလည်း ကျင့်သုံးရင်း နေထိုင်သွားဖို့ပါပဲ။

တကယ့်တော့လည်း သေရင် မမြဲတဲ့ တရားတွေကို အကုန်လုံးထားခဲ့ ကြရမှာပါ။ မြန်မာနိုင်ငံမှာ မမြဲတဲ့ တရားတွေကို သိခွင့်ရနေတာကကို သူများ နိုင်ငံထက် သာနေပါပြီ။

အခု မြန်မာနိုင်ငံမှာ ၀ိပဿနာတရားကို မဂ်ပေါက် ဖိုလ်ဝင် ပြပေးနိုင်တဲ့ သီလ သမာဓိ ပညာကြီးတဲ့ ဆရာတော်ကြီးတွေလည်း အများကြီးပါပဲ။ ဒါက ကို ကိုယ့်နိုင်ငံက ကံကောင်းနေတာပါ။

အသက်အရွယ် ကြီးရင့်မှ တရားကို ရှာမယ်ဆိုရင် လူငယ်တစ်ယောက်လို ခရီးမပေါက် နိုင်တော့ပါဘူး။ ငယ်တုန်း ကျန်းမာတုန်း ဖြည့်ကျင့် တာကတော့ အကောင်းဆုံးပါပဲ။

အနိဝတ္တမင်းကတော့ မမြဲတဲ့ သဘောတရားတွေ သိပြီး ဆက်လက်အားထုတ်သွားတာ ဂတိချိုချို ဂတိခါးခါးတွေကို ဘယ်တော့မှ ပြန်မလာ တော့ဘဲ နိဗ္ဗာန်ကို မျက်မှောက်ပြုသွားခဲ့ပါပြီ။

ကိုယ်က အနိဝတ္တမင်းလို ဂတိချိုချို ဂတိခါးခါးက မလွန်မြောက်နိုင်သေး ရင်တောင် ကိုယ်ရထားတဲ့ ရာထူးဋ္ဌာနန္တရ ငွေကြေးဥစ္စာ လုပ်ပိုင်ခွင့် ကိုယ့်ဝန်းကျင်မှာ ရှိနေတဲ့ သက်ရှိ သက်မဲ့တွေကို ကြည့်ပြီး “သြော်.. မမြဲတဲ့ တရားတွေဘဲ၊” လို့ ဆင်ခြင်ပေးရပါမယ်။ အဲဒီလို ဆင်ခြင် တာလေးကိုလည်း အထုံအလေ့ အကျင့်ဖြစ်အောင် လုပ်ထားရပါမယ်။ အထုံဆိုတာ အမြဲလေ့ကျင့်ထားရင် ထုံသွားတာပါပဲ၊လေ့ကျင့်စမှာသာ ကိုယ်က အားစိုက်ရတာပါ။ အထုံဖြစ်သွားရင်တော့ အထူး အာရုံစိုက်စရာ မလိုတော့ပါဘူး။ ဆင်ခြင်ပြီးတဲ့အခါ အနိဝတ္တမင်းကို အားကျ အတုယူပြီး ၀င်လေ ထွက်လေပဲ ဖြစ်ဖြစ် ၊ ဖောင်းတယ် ပိန်တယ်ပဲဖြစ်ဖြစ်၊ ထင်ရှားတဲ့ ရုပ်နာမ် တစ်ခုခုမှာ သတိကပ်ပြီး ပဲဖြစ်ဖြစ် ၀ိပဿနာ တရားကို နှစ်မိနစ် သုံးမိနစ်လောက်လေး ရှုမှတ်လိုက်ဖို့ပါ။

သံဝေဂစစ်စစ်၊ ၀ိပဿနာစစ်စစ်တာ့ ဖြစ်ချင်မှ ဖြစ်မှာပါ။ ဒါပေမယ့် ဆင်ခြင်နေတဲ့ အခိုက်အတန့် ရှုမှတ်နေတဲ့ အခိုက်အတန့် လေးမှာတော့ အကုသိုလ် ကိလေသာတွေ ကင်းနေတာ အမှန်ပါပဲ။ အကုသိုလ် ကိလေသာ ကင်း နေရင် တဒင်္ဂလေးတော့ စိတ်အေး ချမ်းနေပါတယ်။

ဒါတင်မကပါဘူး။ နောက်ဘ၀ နောက်ဘ၀တွေအထိလည်း ဆင်ခြင်တဲ့ အထုံ ပွားများတဲ့ အထုံလေးတွေ ဆက်ဆက်ပါသွားမှာပါ။ ဒီဘ၀ ဆင်ခြင်ပွားများရင် နောက်ဘ၀ နောက်ဘ၀တွေလည်း ဆက်ပြီး ဆင်ခြင်ပွားများနေဦးမှာပါပဲ။ အဲဒီလို ဆင်ခြင် ပွားများနေတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကို ပါရမီဖြည့်နေတယ်လို့ လည်း သဘောထားပေါ့။ တစ်နေ့ကို ဆင်ခြင်တာ တစ်မိနစ်၊ ပွားများတာ သုံး မိနစ် စုစုပေါင်း လေးမိနစ် လောက်လေးတော့ လေ့ကျင့် လေ့ကျင့်သွားသင့်ပါ တယ်။ လေးမိနစ်ဆိုတော့ ဘာမှ မကြာပါဘူး ။ နောက်ဘ၀ ဘ၀အထုံတွေ အတွက် အဲဒီလောက် လေးတော့ အချိန်ပေးသင့်ပါတယ်။ ပါရမီ ပြည့်တဲ့ ဘ၀တစ်ခုမှာတော့ အနိဝတ္တမင်းလို တရားထူး ရသွားမှာပါ။

ဒါကြောင့်လည်း ရုံးတက်ရင်းလည်း ဆင်ခြင်ပွားများလို့ ရပါတယ်။ ကားစီးရင်းလည်း ဆင်ခြင်ပွားများ လို့ရပါတယ်။ ဈေးရောင်းရင်းလည်း ဆင်ခြင်ပွား များလို့ရပါတယ်။ နောက်ဆုံး ရေချိုးခန်းဝင်နေရင်းလည်း ဆင်ခြင် ပွားများလို့ ရတာပါပဲ။

ရေချိုးခန်း ၀င်နေတုန်းဆို ကိုယ်တစ်ယောက်တည်း ရှိနေတဲ့အတွက် ၊ အသံတိတ်ဆိတ်မှုလည်း ရှိနေတဲ့အတွက် ဆင်ခြင်ပွားများရတာ ပိုလို့တောင် လွတ်လွတ်လပ်လပ်ရှိဦးမှာပါ။ ရေချိုးခန်းဝင်နေတဲ့ အချိန်မှာ ဧည့်သည်လည်း မလာသလို ဖုန်းလည်း မလာပါဘူး။ ပြင်ပ လုပ်စရာလည်း ဘာမှမရှိပါဘူး။ ဘာအနှောက် အယှက်မှမရှိတဲ့ တကယ့် သီးသန့်ကိုယ်ပိုင် အချိန်တစ်ခုပါပဲ။ ရေးချိုးခန်း ၀င်တာကတော့ လူတိုင်း လူတိုင်း တစ်နေ့ကို တစ်ကြိမ် နှစ်ကြိမ် တော့ မဖြစ်မနေ ၀င်ကြရတာပါ။ တရားအားထုတ်ဖို့ အချိန်မရှိဘူးလို့ ဆိုတဲ့ သူတွေအတွက် “သီးသန့် ကိုယ်ပိုင် အချိန်လေး”တစ်ခုပါ။ ကိုယ်က ရေချိုးခန်း ၀င်တုန်းမှာ ဆင်ခြင်ပွားများတဲ့ အထုံအလေ့ အကျင့်လေး လုပ်ထားလိုက်ရင် နောက်ဆို ရေချိုခန်းဝင်လိုက်တာနဲ့ ဆင်ခြင်ပြီးသား၊ ပွားများပြီးသား ဖြစ်နေပါလိမ့်မယ်။ အမြဲဆင်ခြင် ပွားများ နေတဲ့အတွက် ကိုယ့်ကိုယ်ကို သတိပေးနေရာလည်း ရောက်ပါတယ်။ တရားတွေ အများကြီး မလုပ်နိုင်သေး ပေမယ့် နေ့စဉ် မိနစ်ပိုင်း ဆင်ခြင် ပွားများနေတဲ့အတွက် “ ငါတရားနဲ့ သိပ်ကွာဟ မနေပါဘူးလေ” ဆိုပြီး ကိုယ့်ကိုယ်ကိုလည်း အားပေးလို့ရပါတယ်။ တရားမလုပ်ဖြစ်သေးလို့ တစ်ခါတစ်လေ စိတ်ဓာတ် ကျရသူတွေအတွက် ဖြေဆည်ရာ တစ်ခုပါ။

ဒီလိုပါပဲ ၊ ဈေးရောင်း နေရင်းလည်း ဆင်ခြင်ပွားများလို့ ရတာပါပဲ။ ဈေး ဆိုတာ အချိန်ပြည့်ရောင်းနေတာ မဟုတ်ပါဘူး။ ကြားထဲမှာ ၀ယ်သူမလာသေးတဲ့ အချိန်ဆိုတာ ရှိနေတာပါပဲ။ ၀ယ်သူ မလာသေးတဲ့ အချိန်တွေမှာ ဆင်ခြင်ပွားများ နေလို့ရတာပါပဲ။ ဒါဆိုရင် ဈေးရောင်းရင်း ကုသိုလ်တွေ ဖြစ်နေတော့တာပါ။ ဆင်ခြင် ပွားများနေတဲ့ ဈေးသည် တစ်ယောက်ဟာ ဘယ်တော့မှ အကုသိုလ် မကင်းတဲ့ ဈေးရောင်းမှုကို မပြုပါဘူး။ ဈေးရောင်းရင်း ကုသိုလ်ဖြစ်တဲ့သူတွေ ရှိသလို ဈေးရောင်းရင်း အကုသိုလ် ဖြစ်တဲ့သူတွေလည်း အများကြီးပါ။

ဈေးရောင်းတာဟာ သတိရှိရင် နိဗ္ဗာန်နဲ့နီးရသလို သတိမရှိရင် ငရဲနဲ့လည်း နီးရပါတယ်။ ဒါကြောင့် ငရဲနဲ့နီးတဲ့ ဈေးရောင်း နည်းကိုတော့ အထူး ရှောင်ကြဉ် ရပါမယ်။

တရားထူး ရသွားကြတဲ့ ထေရီထေရာ အရှင်မြတ်တွေဟာ တစ်ပါးနဲ့တစ်ပါး ဆင်ခြင်ပုံချင်းတော့ မတူကြပါဘူး။ ဒီတော့ ကိုယ်အားကျကြည်ညိုတဲ့ ထေရီ ထေရာ တစ်ပါးပါးရဲ့ ဆင်ခြင်မှုကို အတုယူပြီး ဆင်ခြင်လို့ ရသလို ကိုယ်ကြားဖူး တဲ့ ရှေးရှေး ဆရာတော်ဘုရားကြီးတွေရဲ့ ဆင်ခြင်မှုမျိုးတွေနဲ့လည်း ဆင်ခြင်လို့ ရပါတယ်။ ဒါမှမဟုတ် ကိုယ်နားလည် သဘောပေါက်တဲ့ ဆင်ခြင်မှုမျိုးနဲ့လည်း ဆင်ခြင်လို့ ရပါတယ်။

သီလ သမာဓိ ပညာ ကြီးမားတဲ့ ရှေးရှေး ဆရာတော်ဘုရားကြီးတွေရဲ့ ဆင်ခြင်မှုလောက် အဆင့်မမြင့်ပေမယ့် သူတော်ကောင်းတွေရဲ့ အပြုအမူ အတိုင်း အတုယူ ကျင့်သုံးနေတဲ့အတွက် ကိုယ့်ကိုယ်ကို ကြည်ညိုလို့ရနေပါပြီ။ ဒါ သူတော်ကောင်းဓာတ် ကူးဆက်တယ်လို့လည်း ခေါ်ပါတယ်။

ဘာပဲပြောပြော ကိုယ့်ဝန်းကျင်မှာရှိတဲ့ သက်ရှိသက်မဲ့ မမြဲတဲ့သဘော တရားတွေကို ကြည့်ပြီး “သြော်… မမြဲတဲ့ တရားတွေဘဲ၊ တစ်နေ့မှာ ပျက်စီးရမှာပဲ”လို့ နေ့စဉ် ဆင်ခြင်ပေးပါ။ နောက်ဘ၀မှာ အထုံပါရမီလေးပါသွား အောင်လို့ပါ။

ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း

ဇန္န၀ါရီ ၂၀၁၀

ကျမ်းကိုး

ပုံတော်စုံထေရအပါဒါန်ဝတ္ထုတော်ကြီး(အရှင်ဓမ္မသာမီဘိဝံသ)

ရဝေနွယ်(အင်းမ)


ဆက်လက်ဖတ်ရှုရန်

Tuesday, June 14, 2011

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၃၉)

အတွင်းဘက်သို့ လှည့်ခြင်း

ဒိဋ္ဌေဒိဋ္ဌမတ္တံနည်းအတိုင်း အားထုတ်သော ယောဂီသည် ပဉ္စာရုံများ ဆိတ်သုဉ်းသွားစေအောင် ရည်ရွယ်ချက် မထားသင့်။ အာရုံအမျိုးမျိုးနှင့် တိုက်ခိုက်၍ ဖြစ်ပေါ်လာသော (ဝိညာဉ်) စိတ်တို့ကို သတိနှင့် စောင့်ကြည့်ဖို့ဖြစ်၏။ ဥပမာ အသံတစ်ခုကြားလိုက်ရသည်ဆိုအံ့။ “ဘာသံပါလိမ့်” ၊“ဘယ်ကလာတဲ့ အသံပါလိမ့်” ဟူ၍ စဉ်းစားတွေးတောခြင်းမပြုရသည်ကား မှန်၏။ သို့ရာတွင် အသံကြားသည့် အခိုက်အတန့်၌ ဖြစ်ပေါ်လာသည့် (သောတဝိညာဉ်) ကြားစိတ်ကိုမူကား “ဘာပါလိမ့်” ဟုစူးစမ်းသင့်၏။ “ဘာသံပါလိမ့်” ဟူ၍ စဉ်းစားခြင်း နှင့် “ဘာပါလိမ့်” ဟူ၍ စူးစမ်းခြင်းတို့သည် ခြားနားခြင်းရှိ၏။ “ဘာသံပါလိမ့်” ဟူ၍ စဉ်းစားခြင်းသည် မိမိကြားဖူးသည့် အသံမျိုးတည်းဟူသော သညာအမှတ်အသား တို့ကို အမှီသဟဲပြု၍ စဉ်းစားပြီးနောက် ၊ ဇွန်းနှင့် ပန်းကန်ထိလိုက်သော အသံဟူ၍ ဆုံးဖြတ်ချက် ချပေတော့မည်။ အသံကို ကြားလိုက်ရသောအခါ “ဘာသံပါလိမ့်” ဟူ၍ မစဉ်းစားဘဲ “ဘာပါလိမ့်” ဟူ၍ စူးစမ်းခြင်းမူကား ဓမ္မဝိစယသမ္ဗောဇ္ဈဉ် အလုပ်ဖြစ်၍ “ကြားစိတ်” ၏ သဘောတရားကို စူးစမ်းခြင်းဖြစ်လေသည်။ ယင်းသို့စူးစမ်းသောအခါတွင်လည်း “သောတဝိညာဉ်စိတ်” ဟူသော အမည်ပညတ်ဖြင့် ကိုယ့်ဟာကိုယ် အဖြေပေးရန်မဟုတ်။ ထိုကြားစိတ်၏ သဘာဝကို စူးစမ်းဆင်ခြင်ရန်မျှသာ ဖြစ်ပေသည်။ ဤကဲ့သို့ စူးစမ်းခြင်းသည် ပစ္စုပ္ပန် အာရုံပေါ်မှ ဖြစ်ပေါ်လာသော သဘာဝနှင့် ပတ်သက်၍ ဆင်ခြင်ခြင်းဖြစ်သောကြောင့် ပစ္စုပ္ပန် တည့်တည့်ကြီး မဟုတ်တော့စေကာမူ ပညာစေတသိက်ဖြစ်သော ဓမ္မဝိစယသမ္ဗောဇ္ဈဉ် နှင့် လည်းကောင်း၊ ၀ိတက်စေတသိက်ဖြစ်သော သမ္မာသင်္ကပ္ပမဂ္ဂင်နှင့် လည်းကောင်း ယှဉ်သည်ဖြစ်၍ တန်ဖိုးရှိလှသည်ဟု နားလည်သင့်ကြပေသည်။ ဖြစ်ပေါ်လာသောပဉ္စာရုံ အပေါ်၌ လည်းကောင်း၊ ကြံစည်စိတ်ကူးမိခြင်းတည်းဟူသော ဓမ္မာရုံ အပေါ်၌လည်းကောင်း ထိုကဲ့သို့ ရံဖန်ရံခါ စူးစမ်းဆင်ခြင်သင့်ပေသည်။

ဉာဏ်အမြင်ပါရမည်

ကြားကာမတ္တ၊ မြင်ကာမတ္တဖြင့်သာ နေနိုင်လောက်အောင် သတိကောင်း လှပါသည်ဆိုသော်လည်း၊ အထက်တွင်ဖော်ပြခဲ့သည့် ဓမ္မဝိစယသမ္ဗောဇ္ဈဉ် နှင့် သမ္မာသင်္ကပ္ပမဂ္ဂင်တို့ မယှဉ်ခဲ့လျှင် ဉာဏ်အမြင်မပါဘဲ လျက်နှင့် ပဉ္စာရုံများ ဆိတ်သုဉ်းသွားသည်အထိ သမာဓိလွန်ကဲသွားတတ်သောကြောင့် အထူးသတိပြု ကြရာချေသည်။ သမာဓိလွန်ကဲပြီး အာရုံတွေ ဆိတ်သုဉ်းသွားရသည်ဆိုလျှင် ဉာဏ်အမြင်တိုးတက်ခြင်း လည်း မရှိနိုင်တော့၊ လုပ်စရာ အလုပ်လည်း ရှာမတွေ့ဘဲ တငြိမ်းတည်းငြိမ်းနေရုံသာရှိပေတော့မည်။ ငြိမ်း တိုင်းလည်း မဂ်မဟုတ်၊ ဖိုလ်လည်းမဟုတ်။ သမာဓိသက်သက်ဖြစ်နိုင်၏။ အထူးအရေးကြီးသည်ကား မဂ်ဖိုလ် နိဗ္ဗာန် အလုပ်ဟူသည်မှာ သမာဓိအထောက်အကူ လိုအပ်သည်မှန်သော်လည်း ထူးကဲသော ဉာဏ်အမြင် မပါဘဲလျက်နှင့် မဖြစ်နိုင်ခြင်းကိုလည်း သတိပြုကြရာချေသည်။

သဘောပေါက်ခဲ့ရပုံ

ဤကျင့်စဉ်နှင့်ပတ်သက်၍ ကျွန်ုပ်၏ ကိုယ်တွေ့တစ်ခုကို တင်ပြရပေဦးမည်။ အတော်သတိမြဲ၍ အလေ့အကျင့် ရရှိလာသောအခါ၌ ဗဟိဒ္ဓသို့ စိတ်မရောက်တော့ဘဲ ဖြစ်လေသမျှသော အခြင်းအရာ တို့သည် မိမိအတွင်း၌သာ ဖြစ်လျက်ရှိသည်ဟု ထင်မြင်လာရာတွင် “ဒါဘာဖြစ်တာလဲ” ဟု ကိုယ့်ဟာကိုယ် မေးလိုက်၏။ ထိုကဲ့သို့မေးရင်း အတွင်း၌ ဖြစ်နေသော သဘောကိုလည်း အထပ်ထပ်ရှုဆင်ခြင်၏။ ဤတွင် အောက်ပါအတိုင်း ကျွန်ုပ် သဘောကျလာသည်။

မိမိအတွင်း၌ ဖြစ်လေသမျှသော “သိစိတ်” ဟူသမျှတို့ သည် အဟုတ်တကယ် ရှိနေသည်မဟုတ်၊ မှန်ထဲ၌ အရိပ်သဖွယ် ထင်လာခြင်းမျှသာဖြစ်သည်။ ဥပမာ၊ မှန်တစ်ချပ်ကို ထောင်ကြည့်လိုက်သောအခါ အလျဉ်းသင့်သော ဝတ္ထုပစ္စည်းများ၏ အရိပ်များ ထင်လာခြင်းကို မြင်ရ၏။ တစ်နေရာ၌ စားပွဲကုလားထိုင်များကိုမြင်ရ၍ မှန်ကို အနည်းငယ်ရွှေ့ပေးလိုက်ရာတွင် ဗီရိုကိုမြင်ရ၏။ တစ်ဖန်ထပ်၍ ရွှေ့ပြန်သော် ပြတင်းပေါက်ကို မြင်ရ၏။ ထိုမှန်ထဲ၌ မြင်ရသောဝတ္ထုပစ္စည်းများသည် တကယ်မဟုတ်၊ အရိပ်များသာဖြစ်၏။ အရိပ်သည်တကယ်ဟုတ်သော်လည်း မှန်ထဲမှ ဝတ္ထုပစ္စည်းများကား တကယ်မဟုတ်ချေ။ ထိုနည်းတူစွာ စိတ်ထဲ၌ အာရုံတစ်ခု ပေါ်လာသောအခါ တကယ့်အခြင်းအရာမဟုတ်၊ အာရုံ၏ အရိပ်ထင်ခြင်းမျှသာဖြစ်ချေသည်ဟု သဘောကျလာ၏။ တိုက်ရိုက်ဖော်ပြရသော် ကျွန်ုပ်အားစော်ကားဖူးသော လူတစ်ယောက်အားသတိရလိုက်သည် ဆိုလျှင် ထိုလူသည် ကျွန်ုပ်အဖို့၌ အဟုတ်တကယ်ရှိလာ၍ ဒေါသစိတ်ဖြစ်ပေါ်လာရတော့သည်။ စင်စစ်မှာ ထိုလူသည် ၎င်းခဏ၌ အဟုတ်တကယ်ရှိကောင်းမှ ရှိမည်။ ကွယ်လွန်ပြီး ဖြစ်ချင်လည်းဖြစ်နိုင်သည်။ ကွယ်လွန်ပြီးပင်ဖြစ်စေကာမူလည်း စော်ကားခြင်းကို သတိရလိုက်မိလျှင်ဒေါသစိတ်ဖြစ်တတ်သေး၏။ သို့ ဆိုလျှင် အရိပ်ကိုအကောင်ထင်ပြီး နှလုံးမသာယာမှုဖြစ်ရခြင်းပေတကား။ မှန်ထဲ၌ မြင်ရသော ဝတ္ထုပစ္စည်း ကို တကယ်ထင်မှတ်၍ ကိုင်တွယ်စမ်းသပ်လိုခြင်းမျိုးနှင့် တူနေပြီတကား စသဖြင့် သဘောပေါက်ခဲ့ဖူးလေသည်။

သိသည်ဆို၍ မပြီးခြင်း

ထိုနောက်ပိုင်း၌မူကား ပေါ်လာလေသမျှသော ဣဋ္ဌာရုံများ နှင့် အနိဋ္ဌာရုံများသည် တကယ်ပေလောဟု ကိုယ့်ကိုယ်ကိုယ်မေးလိုက်သည့်အခါ တကယ်မဟုတ်၊ အကြောင်းတိုက်ဆိုင်ခိုက်တွင် အာရုံ၏ အရိပ်ထင်ခြင်းမျှသာ ဖြစ်သည်ဟု သုံးသပ်မိ၍ ထိုကဲ့သို့ သုံးသပ်မိတိုင်းလည်း အတော်ကြီး ငြိမ်းချမ်းမှုရလေ တော့သည်။ တစ်ခါတစ်ရံတွင်လည်း အလိုမရှိအပ်သော အနိဋ္ဌာရုံကို ဤနည်းဖြင့် သုံးသပ်၍ ပျောက်ကွယ် သွားသောအခါ၊ အာရုံနှင့်တကွ ထိုအာရုံကို သိသောစိတ်သည်ပျောက်ကွယ်သွား၍ ၊ စိတ်အသစ် ဖြစ်ပေါ် နေခြင်းကို တွေ့ရပြန်ရာတွင် ယခင်စိတ်ဟောင်းသည် မည်သည့်နေရာဌာနသို့ ရောက်သွားပြီး စုပုံလျက်ရှိပါသနည်းဟူ၍ စစ်ဆေးမိပါသေးသည်။ ဘယ်မှာမှ စုပုံလျက်မရှိပါဟူ၍ ပြောတတ်ကြမည်ဖြစ်သော်လည်း၊ သာမန်ပြောတတ်ခြင်းနှင့် တကယ့် လက်တွေ့အလုပ်လုပ်၍ တွေ့ရှိ ရသောအခြင်းအရာတို့၏ ခြားနားပုံ အရေးကြီးခြင်းကို အထပ်ထပ်သတိပေးလိုသည်။ တရားဆိုသည်မှာ “သိလျှင်ပြီးသည်” ဟူသောဂိုဏ်းသားများလည်းရှိကြပေရာ၊ ထိုသူတို့ကလည်း “ဘယ်မှာမှ စုပုံလျက်မရှိခြင်း” ကို မိမိတို့သိပါသည်ဟု ပြောကြပေလိမ့်မည်။ သို့ရာတွင် ထိုသူတို့၏ “အသိ”နှင့် ဓမ္မဝိစယသမ္ဗောဇ္ဈဉ်အရ စုံစမ်းစစ်ဆေးခြင်းအားဖြင့် ဖြစ်ပေါ်လာသော ယောဂီ၏ “အသိ” တို့မှာအကြီးအကျယ်ခြားနားခြင်းရှိကြောင်း သတိပြုကြစေလိုသည်။

ဉာဏ်ရင့်ကျက်ရပုံ

ကိုယ်တွေ့အခြင်းအရာတစ်ခုကို ဆက်လက်တင်ပြရသော်၊ တစ်ခါတစ်ရံတွင် စိတ်တုန်လှုပ်ချောက်ချားစေ သည့် ဓမ္မာရုံ တစ်ခုဖြစ်ပေါ်လာ၍ အထက်ပါနည်းအတိုင်းဆင်ခြင်သုံးသပ်လိုက်သဖြင့် ပျောက်ကွယ်သွား ရာတွင် “ဘယ်လိုဖြစ်တာပါလိမ့်” ဟူသောစုံစမ်းမှု ဖြစ်ပေါ်လာ၏။ ဤတွင် အောက်ပါဥပမာသည် စိတ်ထဲတွင်ဘွားခနဲပေါ်လာ၏။

လူသူမနီးသော တောကြီးထဲ၌ လေပြင်းကလေး တစ်ချက်တိုက်ခတ်လိုက်ရာတွင် သစ်ကိုင်းသစ်ခက်များရုတ်တရက်လှုပ်ရှား၍ သစ်ရွက်များကြွေကျကာ ၎င်းဒေသတဝိုက်၌ လှုပ်လှုပ်ရှားရှားဖြစ်သွားသော်လည်း တစ်ခဏမျှကြာ၍ လေငြိမ်သက်သွားရာတွင် သစ်ကိုင်းသစ်ခက်နှင့် သစ်ရွက်တို့လည်းငြိမ်သက်သွားကြ၏။ တောနက်ကြီးထဲ၌ဖြစ်သော လှုပ်ရှားမှုတစ်ခုဖြစ်ခြင်းကြောင့် တစ်ဦးတစ်ယောက်သောသူကမျှ သတိလည်းမပြု၊ သိလည်းမသိလိုက်ချေ။ ထိုနည်းတူစွာ ကျွန်ုပ်၏စိတ် တုန်လှုပ်ချောက်ချားမှုမှာလည်း ဘယ်သူမှ မသိလိုက်ဘဲ ပြီးဆုံးသွားချေပြီတကား။ လေတိုက်စဉ်ခဏတွင် တောထဲ၌ သစ်ရွက်များကြွေကျခြင်းကဲ့သို့ ၊ ကျွန်ုပ်စိတ်မှာလည်း ထိုစဉ်က လှိုင်းထမ်းပိုးထကြွကာ အရေးတကြီး ထင်ခဲ့မိသော်လည်း၊ ဆင်ခြင်သုံးသပ်လိုက်သောအခါတွင် ထိုလေကဲ့သို့ပင် ဘယ်ဆီ ရောက်မှန်းမသိ ပျောက်ပျက်သွားချေပြီတကား၊ စသည်များဖြင့် နှလုံးသွင်းခြင်းအားဖြင့် ဉာဏ်ရင့်ကျက် ခြင်း သို့ ရောက်လာရပေသည်။

တိုက်တွန်းနှိုးဆော်ချက်

နိဂုန်းချုပ်အနေဖြင့် ကျွန်ုပ် အထူးတလည် တိုက်တွန်းလိုသည်မှာကား ဤခေတ်၌ တရားအားထုတ်ကြသော ယောဂီများသည် သမာဓိ အရေးကြီးခြင်းကို နားလည်ကြသလောက်၊ ဓမ္မဝိစယသမ္ဗောဇ္ဈဉ် နှင့် သမ္မာသင်္ကပ္ပမဂ္ဂင်တို့၏ အရေးကြိးခြင်းကို အလေးပေးပြီး ထည့်သွင်းအလုပ်လုပ်ခြင်း နည်းပါးလှ၏။ ဝိတက်စေတသိက်ဖြစ်သော သမ္မာသင်္ကပ္ပမဂ္ဂင်အကြောင်းကို ရံဖန်ပြောတတ်ကြသော်လည်း၊ ပညိနြေ္ဒစေတသိက်ဖြစ်သည့် ဓမ္မဝိစယသမ္ဗောဇ္ဈဉ် ခေါ်စူးစမ်းခြင်းအလုပ်မျိုးကိုမူ ပြောသံကြားရခဲလှသည်။ အခြားသောအားထုတ်နည်းများအကြောင်းကို ဝေဖန်ရန် အလိုမရှိဘဲ၊ ဒိဋ္ဌေဒိဋ္ဌမတ္တံ နည်းအရ အားထုတ် ကြသော ယောဂီများအဖို့မှာ သမာဓိ သက်သက်လွန်ကဲသောအခါ၌ ဉာဏ်အမြင်ဖြင့် အဆင့်ဆင့်တက်ရ မည့်အစား၊ အာရုံများဆိတ်သုဉ်း၍ “ငြိမ်း” သွားသောအဖြစ်သို့ ရောက်သွားတတ်သည် ဖြစ်သောကြောင့် ဓမ္မဝိစယသမ္ဗောဇ္ဈဉ် သို့မဟုတ် သမ္မာသင်္ကပ္ပမဂ္ဂင်ကိုလက်မလွတ်စေဖို့ နှိုးဆော်အပ်ပါသည်။

(ကျွန်တော်ဆက်လက် ပို့စ်တင်နိုင်ရန်အတွက် ဒိဋ္ဌေဒိဋ္ဌမတ္တံစာအုပ်ကို အစအဆုံး စေတနာမေတ္တာဖြင့် ကူညီစာရိုက်ကုသိုလ်ပြုပေးတဲ့ ဒေါက်တာဝင်းလွင် ကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျား။)


(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)


ဆက်လက်ဖတ်ရှုရန်

Wednesday, June 8, 2011

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၃၈)

ကျွန်ုပ် သံဝေဂရခဲ့ပုံ

ရုတ်တရက်မဖြေဆိုခဲ့ခြင်းမှာ ဤသို့သော အကြောင်းကြောင့်ပေတည်း။

ကျွန်ုပ်သည် ပထမအကြိမ် တရားအားထုတ်ပြီးသည့် ခပ်ရွယ်ရွယ်အချိန်၌ တရားသဘာဝ အယူအဆနှင့်ပတ်သက်၍ တရားသမားများ၏ အမှားကိုထောက်ပြခြင်းအလုပ်၌ အလွန် မွေ့လျော်၏။ တရားဆွေးနွေးသည်ဆိုလျှင် တစ်ဖက်သား၏ ချွတ်ယွင်းချက်ကို “တက်ခနဲ” ထောက်ပြချင်တတ်၏။

တစ်နေ့သ၌ တရားဂိုဏ်းသား တစ်စု နှင့် တွေ့ဆုံမိရာ ၊ ၎င်းဂိုဏ်း၏ အယူမှာ နိဗ္ဗာန်သည် အလွယ်ကလေးနှင့်ရနိုင်သော သဘာဝဖြစ်သည်။ “ဥပါဒါန ပစ္စယာ ဘဝေါ” ဟု ဗုဒ္ဓဟောတော်မူသောကြောင့် ဥပါဒါနကို ဖြတ်လိုက်လျှင် ဘဝမရှိနိုင်။ သူတို့အဖို့မှာ လူလည်းမဖြစ်ချင်၊ နတ်လည်းမဖြစ်ချင် ၊ ဗြဟ္မာလည်းမဖြစ်ချင်၊ ထို့ကြောင့် ဥပါဒါန်ပြတ်လျက်ရှိသည်။ ထို့ကြောင့်ဘဝမရှိတော့၊ နိဗ္ဗာန်ရောက်ကြရမည်ဟူသော အယူပင်ဖြစ်သည်။ သို့ဆိုလျှင် လောကဓံရှစ်ပါးကို အောင်မြင်ကြပြီလောဟု ကျွန်ုပ်ကမေးရာ ယခုမအောင်မြင်သော်လည်း ဟိုရောက်တော့ (နိဗ္ဗာန်ရောက်တော့) မှ အောင်မြင်ကြလိမ့်မည်ဟု ဖြေဆိုကြသည်။

ဤတွင်ကျွန်ုပ်က ဥပါဒါန် ပြတ်ခြင်းဟူသည်မှာ ဤ ပစ္စုပ္ပန် ဘဝ၌ တွေ့ကြုံ ခံစားရသော ဣဋ္ဌာရုံ ၊ အနိဋ္ဌာနရုံ များအပေါ်တွင် ပြတ်ရမည်ဖြစ်ကြောင်း ၊ နတ်တို့ခံစားသော ကာမဂုဏ်စည်းစိမ်ကို အလိုမရှိတော့ပါဟု ပြောသော်လည်း ဤလက်ငင်းဘဝ၌ ခံစားရသော ကာမဂုဏ်စည်းစိမ် များအပေါ်တွင် သာယာမှုရှိနေသည် ဆိုလျှင် ဥပါဒါန်ပြတ်သည်ဟု မဆိုနိုင်ကြောင်း ၊ ဤဘဝတွင် နိဗ္ဗာန်မမြင်ရဖူးဘဲ နိဗ္ဗာန်ကို မရောက်နိုင် ကြောင်း အစချီကာရှင်းလင်းပြောပြလေရာ အချို့ကငြင်းကြသော်လည်း နှစ်ယောက် သုံးယောက်က မူ သဘောကျ၍ ဝန်ခံကြသည်။ တစ်ယောက်သော မိန်းမကြီးကမူ “ ကျုပ်တို့မှာ ပတ္တမြားမှတ်လို့ ထုပ်ထားမိတာပါ၊ လက်စသတ်တော့ ပတ္တမြား မဟုတ်ဘဲ ခရမ်းချဉ်သီးဖြစ်နေပါပြီကော” ဟု ဝမ်းနည်းပက်လက် စိတ်ပျက်စွာနှင့် ပြောလိုက်သေးသည်။

ဤတွင် ၎င်းဂိုဏ်းသားအချင်းချင်းလည်း ပဋိပက္ခဖြစ်ကြ၍ စိတ်ပျက်သည်ဆိုသော ဂိုဏ်းသားများသည် ကျွန်ုပ်ထံမှ နည်းနာကျနအောင် ယူ၍ အားထုတ်ခြင်းလည်းမပြု၊ မည်သည့်တရားကိုမျှ စိတ်ဝင်စားခြင်း မရှိတော့ဘဲ၊ ပစ္စလက္ခသဘောမျိုး နေလိုက် ကြတော့သည်။ ထိုလူစုကား လွယ်လွယ်နှင့်မရနိုင်ဆိုလျှင် ခဲယဉ်းစွာ အလုပ်မလုပ်ချင်ကြသော လူများဖြစ်ကြဟန်တူ၏။

ထိုအချိန်မှစ၍ ကျွန်ုပ်မှာ တရားဆွေးနွေးခြင်းနှင့်ပတ်သက်၍ သံဝေဂဖြစ်ပြီး နှုတ်ဆိတ်စွာနေလာခဲ့ပါတော့သည်။


ပရိယာယ်သုံးရခြင်း

ကျွန်ုပ်၏ ဆောင်းပါးများကိုဖတ်ရ၍ ဒိဋ္ဌေဒိဋ္ဌမတ္တံနည်းအရ လေ့ကျင့်လျက်ရှိသော အထက်ဖော်ပြခဲ့သည့် ပုဂ္ဂိုလ်တို့မှာမူ ၊ ထိုကဲ့သို့ စိတ်ပျက်ပြီး လက်လျော့သွားမည့် အမျိုးအစားမဟုတ်ခြင်းကို ကျွန်ုပ် အကဲခတ်မိပါ၏။ သို့သော် သူ၏ တရားအမြင်ကို အတော်ကြီးသဘောကျလျက်ရှိသူဖြစ်၍ ကျွန်ုပ်က ဤသို့မဟုတ်သေးဟု ပြောပြလိုက်ပါက ၊ အလွယ်တကူလက်ခံမည့်သူတစ်ယောက် ဟုတ်ဟန်မတူသည့်ပြင် ကျွန်ုပ်အပေါ်၌ပင် အထင် အမြင်သေးသွားမည့်ပုံရ၏။

ထို့ကြောင့် ကျွန်ုပ်က သူ၏ တရားအမြင်နှင့် ကျွန်ုပ်၏တရားအမြင်မှာ ခြားနားလျက်ရှိကြောင်း ၊ သူကမှန်ချင်လည်းမှန်ပေမည်။ ကျွန်ုပ်က မှန်ချင်လည်းမှန်နေမည်။ ဆက်လက်ဆွေးနွေးသောအခါ၌ သူကမှန်လျှင်လည်း ကျွန်ုပ်က ပြုပြင်ရပေမည်။ ကျွန်ုပ်ကမှန်လျှင်လည်း သူကပြုပြင်ထိုက်သည် မဟုတ်ပါလောဟု မေးလိုက်ရာ သူက “ဟုတ်ပါပေသည်၊ ကျွန်တော်မှားလျှင်လည်း ပြုပြင်ပြောင်းလဲဖို့ အဆင်သင့်ရှိပါသည်” ဟု ဝန်ခံပေသည်။ (ဤသို့ဆွေးနွေးလျက်ရှိနေစဉ် ကျွန်ုပ်တို့အနီး ၌ ကျွန်ုပ်ညွှန်ပြသည့် ဒိဋ္ဌေဒိဋ္ဌမတ္တံ နည်းအရ အားထုတ်ဆဲရှိသော အခြားယောဂီတစ်ယောက်သည်လည်း နားထောင်လျက်ရှိရာ၊ သူ၏မျက်နှာ၌ အံ့အားသင့်သော အမူအရာ ဖြစ်ပေါ်လာခြင်းကို ကျွန်ုပ် သတိပြုလိုက်မိ၏။ ထိုယောဂီက ကျွန်ုပ်အား နောင်၌ပြောပြသည်မှာ “ဆရာကြီးဟာ စာရေးတဲ့အခါတော့ အင်မတန် လေထန်ပြီး စကားပြောတော့ လေပျော့လှပါကလားလို့ အောက်မေ့မိတယ်…” ဟုပြောပြ၏။ ကျွန်ုပ်က စာရေးသောအခါ၌ ပြတ်ပြတ်သတ်သတ်၊ တင်းတင်းမာမာ ရေးတတ်ခြင်းကား မှန်ကြောင်း၊ စကားပြောသောအခါ၌လည်း ကျွန်ုပ်အား “ကပ်ဖဲ့” ပြောချင်သူဖြစ်လျှင် ဆိတ်ဆိတ်သော်လည်းနေမည်၊ သို့မဟုတ်၊ ခပ်တင်းတင်းပြောလျှင်လည်းပြောမည်ဖြစ်ကြောင်း၊ ထိုပုဂ္ဂိုလ်မှာမူ “ကပ်ဖဲ့” ပြောခြင်းမဟုတ် ဘဲ၊ ဆွေးနွေးခြင်းမျှသာဖြစ်၍ တင်းလွန်းခြင်းကြောင့်မပြတ်စေဘဲ ခပ်မျှင်းမျှင်း ဆွဲယူခြင်းဖြစ်ကြောင်းနှင့် ပြောပြရာ ကျွန်ုပ်၏ ပရိယာယ်ကို အတော်သဘောကျသည်၊ စင်စစ်သော်ကား ကျွန်ုပ်၏ တရားအမြင်မှာ အယူအဆမဟုတ်၊ အတွေးအခေါ်လည်းမဟုတ်၊ ထင်မြင်ချက်လည်းမဟုတ်၊ မျက်ဝါးထင်ထင် မြင်ဖူးသော အခြင်းအရာဖြစ်၍ မည်သူကမျှ ပြင်ဆင်ပြောင်းလဲပေးနိုင်လိမ့်မည် မဟုတ်ဟူ၍ တထစ်ချ ယုံကြည်စိတ်ချထားပြီးဖြစ်လေသည်။


သဘာဝသဘော

ထိုပုဂ္ဂိုလ်က ပြင်ဆင်ဖို့လိုလျှင်ပြင်ဆင်ပါမည်ဟု ဝန်ခံချက်ထွက်လာသောအခါ ကျွန်ုပ်သည် ထိုသူ၏ ဒိဋ္ဌေဒိဋ္ဌ မတ္တံ သုံးသပ်ပုံ သုံးသပ်နည်း နှင့် ပတ်သက်၍ “တစ်စိတ်ချင်း ဝေဖန်ပါတော့မည်။ ပဉ္စရုံ နှင့် လောကီဓမ္မာရုံများ ဆိတ်သုဉ်းသော အခိုက်အတန့်မျိုး ကြုံရဖူးပါသည်ဆိုရာ၌ ဝိပဿနာဂုဏ်အမြင်မျိုး မဟုတ်ဘဲ၊ သမာဓိအစွမ်းသက်သက်လည်း ဖြစ်နိုင်သည် မဟုတ်ပါလော”ဟု ကျွန်ုပ်က မေးရာ ဖြစ်မည်ဆိုက ဖြစ်နိုင်ပါသည်ဟု သူက ဝန်ခံသည်။ ဤတွင် ကျွန်ုပ်က လောကီကိုလွန်မြောက်သည့် လောကုတ္တရာ (နိဗ္ဗာန်) အာရုံဟူသည်မှာ ဝိပဿနာဉာဏ် အဆင့်ဆင့်တက်ပြီးမှ တွေ့ရခြင်းဖြစ်ကြောင်း၊ ဗုဒ္ဓလက်ထက်တော်၌ တရားအဆုံးတွင် သောတာပန်၊ သကဒါဂါမ် စသည်ဖြင့် (တစ်ကိုယ်တည်းနှင့်) အရိယာဖြစ်ကြသူများ ရှိသည်ဆိုသော်လည်း၊ စိတ္တက္ခဏာ၏ လျင်မြန်ခြင်းကြောင့်သာ “တစ်ထိုင်တည်း” ဟု ဆိုရသည်၊ စင်စစ်အားဖြင့်၊ ဥဒယဗ္ဗယဉာဏ်၊ ဘင်္ဂဉာဏ်မှစ၍ အနုလောမဉာဏ်တိုင်အောင် တစ်ဟုန်ထိုးတက်သွားခြင်းဖြစ်ကြောင်း၊ ယုတ်စွအဆုံးအားဖြင့် ဖြစ်ချည်ပျက်ချည် ရှိနေသော ဥဒယဗ္ဗယဉာဏ်သဘော သို့တည်းမဟုတ်၊ အဟုတ်ရှိ တကယ်ရှိ မဟုတ်သောသဘော စသည်တို့ကို ဉာဏ်အားဖြင့် ရှင်းရှင်းလင်းလင်းကြီး မြင်ကြရမည်ဖြစ်ကြောင်း၊ ပဉ္စာရုံတို့နှင့် လောကီဓမ္မာရုံတို့မှာ ဆိတ်သုဉ်းသွားသည်ဆိုသော်လည်း အထက်ပါ ဝိပဿနာဉာဏ်မျိုးမပါရှိဘဲ ဆိတ်သုဉ်းခြင်း ဖြစ်ခဲ့ပါမူ၊ သမာဓိအစွမ်းသက်သက်ဖြစ်နိုင်ကြောင်း၊ သို့ဆိုပါလျှင် အဟုတ်ရှိ တကယ်ရှိသော သဘောတရားကြီးနှင့် ထိတွေ့ခြင်းမဟုတ်ဘဲ၊ သဘာဝသဘောဖြစ်နိုင်ကြောင်း ရှင်းလင်းပြောပြလေသည်။ ထိုအခါ ၎င်းပုဂ္ဂိုလ်က အဟုတ်ရှိ တကယ်ရှိသော သဘာဝကြီးနှင့် ကျွန်ုပ်ထိတွေ့ဖူးပုံကို စစ်ဆေးမေးမြန်း၍ ကျွန်ုပ်၏ အဖြေများကို ကျေနပ်သောအခါ သူ၏ အားထုတ်ပုံ ချွတ်ယွင်းချက်ကို ထောက်ပြပါတော့ဟု တောင်းပန်လေသည်။

လေ့ကျင့်ပုံဖော်ပြနည်း

ဒိဋ္ဌေဒိဋ္ဌမတ္တံ ကျင့်စဉ်အတိုင်း အားထုတ်လျက်ရှိပါကြောင်းနှင့် ကျွန်ုပ်ထံသို့ပေးစာများ လက်ခံရရှိ သော်လည်း ၊ အထက်ပါပုဂ္ဂိုလ်ကဲ့သို့ စစ်ဆေးမေးမြန်းရသည့် အခွင့်အရေးမျိုး မရရှိရာတွင် ၊ “လမ်းချော်” သူများလည်း ရှိနိုင်သည်ဖြစ်၍ ၎င်းကျင့်စဉ် အကြောင်းကို ထပ်လောင်း၍ ဖော်ပြလိုက်ပါဦးမည်။ ဤ ဆောင်းပါးအစတွင်ဖော်ပြခဲ့သည့်အတိုင်း ဒိဋ္ဌေဒိဋ္ဌမတ္တံနည်းအရ အားထုတ်သော ယောဂီသည် အခြားသော ဝိပဿနာနည်းမျိုးကဲ့သို့ ရှေ့စိတ်ကိုနောက်စိတ်က လိုက်၍ သိမှတ်ခြင်းမျိုးမဟုတ်ဘဲ ၊ သတိ စေတသိက် ယှဉ်သောစိတ်မျိုး မွေးမြူ၍ အာရုံနှင့် အာရမ္မဏိတ ထိခိုက်မိတိုင်း၊ သတိကပ်လျက်ရှိသည်ဖြစ်၍ ပစ္စုပ္ပန် တည့်တည့်အပေါ်မှာချည်း အသိကျရောက်လျက်ရှိသည်ဆိုလျှင် အထူးရှုမှတ်နေဖို့ မလိုတော့ဘဲ မပြတ်စောင့်ကြည့်ဖို့သာရှိ၏။ ဥပမာ၊ တစ်စုံတစ်ခုကို လှမ်းယူလိုက်သည်ဆိုလျှင် “လှမ်းတယ်” “ကိုင်တယ်” “ယူတယ်” စသည်ဖြင့် ပညတ်အခေါ်အဝေါ်များကို စိတ်ထဲ၌ ဖော်ထုတ်နေဖို့မလို၊ ကိုယ်ကာယ၏ လှုပ်ရှားပုံ အနေအထား ပြောင်းလဲပုံတည်းဟူသော အခြင်းအရာများကိုသာ စောင့်ကြည့်ဖို့ လိုပေသည်။ တစ်နေရာတွင် ထိုင်လျက်၊ ခပ်စိပ်စိပ်၊ အလုပ်လုပ်သော အချိန်များတွင်လည်း ကြားခြင်း၊ ထိတွေ့ခြင်း အသက်ရှူရှိုက်ခြင်း၊ အစရှိသော အာရုံပြောင်းလဲမှုများကို သက်သက်သာသာကလေးနှင့် ပြောင်းတိုင်းပြောင်းတိုင်း သိအောင်လေ့ကျင့်ရပါသည်။

စူးစမ်းသောစိတ်ထား

အရေးကြီးသော အချက်တစ်ခုမှာ ထိုအာရုံများနှင့် မထိခိုက်စေရအောင် စိတ်ကိုထိန်းသိမ်းထားဖို့မဟုတ် (ထိန်းသိမ်းထားခြင်းသည် သမာဓိအလုပ်ဖြစ်၍ သမထဘက်သို့ ယိမ်းသွားနိုင်သည်။) အာရုံပြောင်းလဲတိုင်း၊ ပြောင်းလဲခြင်းကို သိအောင် သတိရှိစေဖို့မျှသာဖြစ်သည်။ ထိုအခါတွင် ဓမ္မဝိစယသမ္ဗောဇ္ဈဉ်အရ “ဒါတွေ ဘာဖြစ်တာပါလိမ့်” ဟု စူးစမ်းသောသဘောသွင်းလိုက်သည့်အခါ အာရုံပြောင်းလဲတိုင်း စိတ်ပြောင်းလဲခြင်း ပါတကား၊ စိတ်သည် ဖြစ်ချည်ပျက်ချည် ရှိနေခြင်းပါတကား စသည်ဖြင့် ဥဒယဗ္ဗယ သဘောကို “ဘွားခနဲ ထင်မြင်လာတတ်ပေသည်။ ဤသို့ ထင်မြင်လာသော ဥဒယဗ္ဗယသဘောနှင့် “ဖြစ်ပျက် ဖြစ်ပျက်” ဟူ၍ အခြောက်တိုက် ဆင်ခြင်သုံးသပ်သော ဥဒယဗ္ဗယတို့၏ ခြားနားခြင်းကိုလည်း သတိပြုကြရာချေသည်။


(ကျွန်တော်ဆက်လက် ပို့စ်တင်နိုင်ရန်အတွက် ဒိဋ္ဌေဒိဋ္ဌမတ္တံစာအုပ်ကို အစအဆုံး စေတနာမေတ္တာဖြင့် ကူညီစာရိုက်ကုသိုလ်ပြုပေးတဲ့ ဒေါက်တာဝင်းလွင် ကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျား။)


(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)


ဆက်လက်ဖတ်ရှုရန်