Tuesday, May 31, 2011

ရက်ပေါင်း (၁၅၀) ကြာပြီးသော သူတို့စကားများ (၄)

၂၀၁၁ နှစ်သစ်မှာ ကျွန်တော့်ရဲ့  ဓမ္မမိတ်ဆွေမောင်နှမတွေကို 2011 New Year Resolution ဆိုတဲ့ခေါင်းစဉ်နှင့် ကျွန်တော် Post ရေးဖို့ Tag လုပ်ခဲ့ပါတယ်။ အဲဒီခေါင်းစဉ်နှင့် ဓမ္မမောင်နှမတွေကလည်း ကျွန်တော့်အတွက် ရေးပေးခဲ့ကြပါတယ်။ အခု ရက်ပေါင်း (၁၅၀) ဖြတ်သန်းပြီးတဲ့အချိန်မှာ မိတ်ဆွေတွေအတွက် ကိုယ်ကိုယ်တိုင်ရေးထားတာလေးတွေ အမှတ်တရပြန်ဖြစ်အောင် နှင့် ကျန်တဲ့စာဖတ်သူတွေလည်း ဖတ်ရှုနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်ခင်ဗျား။

---------------------------------------------

2011 New Year Resolution


ဓမ္မမိတ်ဆွေ ကိုဝိမုတ္တိသုခ က တဂ်ပိုစ့်အနေနဲ့ ၂၀၁၁ ခုနှစ်မှာ ဘာလုပ်နေမလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ အချိန်ပေးနိုင်ရင် ရေးပေးပါအုံး လို့ တောင်းဆိုထားတာ ကြာနေပါပြီ၊ အခုမှပဲ ရေးဖြစ်ပါတယ်၊ အကြောင်းပြချက်တွေကတော့ အမျိုးမျိုး ရှိခဲ့တယ်၊ ကော်နက်ရှင် မကောင်းတာရယ်၊ အချိန်အား မပေးနိုင်တာရယ်၊ နေရာတိုင်းမှာ အင်တာနက် မသုံးနိုင်တာရယ် အများကြီး အများကြီးလို့ ပြောရပါလိမ့်မယ် --

အစိန္တိတမ္ပိ ဘ၀တိ၊ ( လောကမှာ မကြံစည်တာတွေလဲ ဖြစ်လာတတ်တယ် )

စိန္တိတမ္ပိ ၀ိနဿတိ ( ကြိုတင် ကြံစည်ထားတာတွေလဲ မမျှော်လင့်ပဲ ပျက်စီးသွားတတ်တယ် )

လို့ မြတ်စွာဗုဒ္ဓက ဟောကြားထားတာကို တွေးမိပြန်တော့ ဘယ်အရာကိုမှ ကိုယ်ပိုင်တယ် ကိုယ့် လက်ထဲမှာလို့ မတွေးဖြစ်ပြန်ဘူး၊

လွန်ခဲ့တဲ့ ၅ လကျော်လောက်က ငြိမ်းချမ်းရာ နေရာလေးဆီကို ရက်ပေါင်း ၁၀၀ ကျော် နားခိုခဲ့ပြီး နောက်မှာ မြင်သမျှ ကြားရသမျှ အရာအားလုံးကို ငြီးငွေ့တဲ့ စိတ်တွေပဲ ဖြစ်နေမိတယ်၊ တဆက် တည်းမှာ လောကဓံတရားတွေကို ဓမ္မနဲ့ မြင်တတ်ကြည့်တတ် လာတယ်ပေါ့၊ ဒီအချိန်မှာ ကိုဝိမုတ္တိက ဆောင်းပါးရေးခိုင်းတယ် ဆိုတော့ မြင်တဲ့ ခံစားမိတဲ့အတိုင်း ရေးရရင် အရာအားလုံးကို အပျက်တွေဘက်ကပဲ မြင်နေမိတယ်၊ အပျက်ဆိုလို့ ကြည်နူးစရာ အာရုံတစ်ခုကို အဆိုးမြင်ဝါဒီ အနေနဲ့ မြင်တတ်တာမျိုး မဟုတ်ပါဘူး။ အာရုံတွေနဲ့ ကိုယ်နဲ့ တစ်ထပ်တည်း မကျပဲ ငြီးငွေ့နေတာ မပျော်ရွင်တာတွေကို ဆိုလိုတာပါ။ အထူးသဖြင့် စာရေးသူက ပတ်စပို့ နဲ့ ဗီဇာကိစ္စတွေကို ရုံးဋ္ဌာနတွေမှာ ကြိုးစားနေရပြန်တော့ ဘာကိုမှ ကိုယ်ပိုင် အစိုးမရခြင်း အနတ္တတွေနဲ့ စိတ်ဆင်းရဲခြင်း ဒုက္ခတွေကိုတော့ မမြင်ချင်မှ အဆုံး လို့ ဆိုရလိမ့်မယ် --

ဟိုတနေ့က တော့ ပေါ်လာမိတဲ့ ဓမ္မအတွေးစများ ဆိုတဲ့ ဆောင်းပါးကို ဖတ်ပြီး စာဖတ်ပရိသတ် တစ်ယောက်က အရှင်ဘုရား တရားထူးတွေ ရနေပြီထင်တယ်၊ အရိယာဖြစ်နေပြီလား ဘုရား တဲ့၊ ခန္ဓာကိုယ်ကို ထခုန်မိမတတ် လန့်ဖျတ်သွားမိတယ်၊

ဦးဇင်းကို အဲဒီလို မထင်ပါနဲ့၊ ဘာမှ မဖြစ်သေးပါဘူး၊ ဘာတရားထူးမှလဲ မရသေးပါဘူး၊ သူလို ကိုယ်လို ပုထုဇဉ်အဆင့်ပဲ ရှိပါသေးတယ် - လို့ မနည်းဖြေရှင်းလိုက်ရတယ်။ တကယ်တော့ စာရေးသူကိုယ်တိုင် ကြုံခဲ့ရတဲ့ ငြိမ်းချမ်းမှုလေးတွေကို အားလုံးကိုလဲ သိစေချင်၊ မျှဝေချင်တဲ့ ဆန္ဒနဲ့ ချရေးပြလိုက်တာပါ၊

အရင်ကတော့ လူ့ဘ၀တစ်ခုကို ရည်မှန်းချက်ထားပြီးကြိုးစားခဲ့တယ်၊ ဒီစာမေးပွဲတွေကို ငါ အောင်ကို အောင်ရမယ် ဆိုတဲ့ စိတ်နဲ့ ကြိုးစားခဲ့သမျှ ရာခိုင်နှန်း ၈၀ နီးနီး အောင်မြင်နိင်ခဲ့ပါတယ်၊ အခုလဲ သာမဏေကျော်၊ သာသနဓဇဓမ္မာစရိယ ၊ စတဲ့ လောကုတ္တရာဘွဲ့ဒီဂရီတွေ ပြီးပြန်တော့ ဘီအေ အမ်အေ ဒေါက်တာဘွဲ့ ဆိုတဲ့ ဂုဏ်ဒြပ်တွေကို လိုချင်လွန်းလို့ ကိုယ့်ဘ၀ကို ပုံစံခွက်ထဲမှာ ထည့်ပြီး ပန်းတိုင်မရောက်သေးသမျှ မနားဘူး ဆိုတဲ့စိတ်နဲ့ မရမနေ ကြိုးစားနေခဲ့တာ တော်တော် မောပန်းနွမ်းနယ်နေပါပြီ၊ အဲဒါတွေ ပြီးရင်တော့ ဘ၀ဟာ ပြီးပြည့်စုံပြီလို့ ထင်ခဲ့မိတယ်။ အခုချိန်မှာတော့ အဲဒီအတွေးတွေဟာ တက်တက်စင်အောင်လွဲနေပြန်ရော။ ပြောင်းပြန်လှန် ပစ်လိုက်သလိုပဲ သူ့အလိုလို စိတ်ဓာတ်တွေ ပြောင်းလာလိုက်တာ မယုံကြည်နိုင်အောင်ပါပဲ --

ဘွဲ့တွေ ဒီဂရီတွေနောက်ကို လိုက်ရတာ မောပမ်းနေသမျှ ဓမ္မနဲ့ ဖြေသိမ့်နိုင်အောင် ကြိုးစားနေရတယ်၊ ဒါဆို အဲဒီ ဘွဲ့တွေကို ရအောင် မကြိုးစားတော့ဘူးလား လို့ မေးခဲ့ရင် ကြိုးစားအုံးမှာပါ - ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်တိုင်ရွေးချယ်ပြီး လျောက်လှမ်းနေတဲ့ လမ်းစဉ်မို့လို့ ခရီးဆုံးကို ရောက်အောင် သွားပါအုံးမယ်၊ ဒါပေမယ့် အရင်လို အမြင်မျိုး အတွေးမျိုးတွေတော့ မရှိတော့တာ သေချာတယ် - ဥပမာအနေနဲ့ ပြောရရင် အကောင်းဆုံး အစားအစာ တစ်မျိုးကို စားသုံးဖူးတဲ့ သူဟာ ကျန်တဲ့ အစားအသောက်မှန်သမျှကို မလိုချင်တော့သလိုပါပဲ၊ နတ်သုဒ္ဒါ ကောင်းမှန်း လူတိုင်း သိကြပါတယ်၊ ခံစားနိုင်ဖို့ကိုတော့ မကြိုးစားတတ်ကြဘူး၊ ဒီလိုပါပဲ ၀ိပဿနာတရား ကောင်းမှန်း အေးမြ ငြိမ်းချမ်းမှန်း သိကြပေမယ့် အချိန်အားပေးဖို့တော့ တွန့်ဆုတ်နေတတ်ကြတယ်။ ဓမ္မအရသာကို ခံစားဖူးပြီး နောက်ပိုင်းမှာတော့ လူ့ဘ၀ကို ဘယ်လို လျောက်လှမ်းရမယ် လျောက်လှမ်းသင့်တယ် ဆိုတာလဲ အလိုလို သိမြင်တတ်လာ တယ်။ ဒါဟာလဲ ဓမ္မက ပေးတဲ့ အကျိုးကျေးဇူးပါပဲ --

လူတွေကို သြ၀ါဒပေးနေကျ စကားလေးတွေကို ဖောက်သယ်ချ ပြချင်ပါတယ် - လူမှုပတ်ဝန်းကျင်နဲ့ မကင်းနိုင်ကြတဲ့ လူတိုင်း လူတိုင်းမှာ အရေးကိစ္စတွေ ရှိတယ် - လူမှုရေး စီးပွားရေး၊ ပညာရေး ကျမ္မာရေး အိမ်ထောင်ရေး ဘာသာရေး စတာတွေပေါ့၊ တစ်ခုမှ လစ်လပ်သွားရင် မကောင်းဘူး၊ အားလုံး ပြည့်စုံနေမှ လူ့ဘ၀ဟာ အဓိပ္ပါယ်ရှိတာ၊ တစ်ခုခု လွဲချော်ပြီး အဆင်မပြေတော့ရင် ကျန်တာတွေလဲ တစ်ခုပြီး တစ်ခု လွဲတော့တာပဲ --- ဒီအရေးတွေဟာ လူတိုင်း ပြည့်စုံသင့်တယ်လို့ ဆိုရမယ် -- မပြည့်စုံ သေးရင်လဲ ပြည့်စုံနိုင်အောင် ကြိုးစားသင့်ပါတယ်--

သာသနာ့ဝန်ထမ်း ရဟန်းတော်များမှာတော့ လူမှုရေး အနည်းငယ် ရှိတတ်ပေမယ့် ဖယ်ထားရင်လဲ ရပါ တယ်၊ စီးပွားရေးနဲ့ အိမ်ထောင်ရေးကို ဖယ်ထားနိုင်ပြီး ပညာရေးကိုတော့ ကိုယ်တိုင် ကြိုးစားမှ ရလိမ့် မယ်၊ ကျမ္မာရေးကို ဂရုစိုက်သင့်သလို ဘာသာရေး ဆိုတာကတော့ ဓမ္မနဲ့ အသိ အကျင့်တစ်ထပ် တည်းကျအောင် နေနိုင်ပြီ ဆိုရင် လူ့ဘ၀ဟာ သိပ်တန်ဖိုးရှိသွားပါပြီ။

ကြားဖူးတဲ့ ဆရာဝန် သူဋ္ဌေးလင်မယား နှစ်ယောက်အကြောင်းကို ပြောပြချင်ပါတယ် ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်လောက်က ရန်ကုန်မြို့ကနေ ဆရာဝန်ဖြစ်ပြီး အမေရိကမှာ လင်မယားနှစ်ယောက် တက်ညီ လက်ညီ ကြိုးစားပြီး ငွေတွေ စုကြတယ်။ အသက် ၆၀ လောက်အထိ စုဆောင်းလို့ အပြီးမှာငွေထုတ် ပိုက်ပြီး ရန်ကုန်မြှို့ ရွှေတောင်ကြား အင်းလျားလမ်းမှာ တိုက်နဲ့ ခြံနဲ့ ကားနဲ့ နေလို့ ကောင်းဆဲ ယောကျာ်း ဖြစ်သူ ဆရာဝန်မှာ ကင်ဆာဖြစ်လို့ အမေရိကကို ပြန်ပြီး ကုတာ ငွေတွေ ကုန်ခါနီး ဖြစ်လာပါရော၊ ဒါပေမယ့် ငွေတွေက မကယ်နိုင်ခဲ့ပါဘူး၊ ဆရာဝန်ကြီးဟာ မထင်မှတ်ပဲ အသက်ဆုံးရှုံး သွားရရှာတယ်။ အဲဒီစိတ်နဲ့ပဲ မကြာမီ ဆရာဝန်မကြီးဟာလဲ အိပ်ယာထဲ ဘုန်းဘုန်းလဲကာ တစ်လလောက်သာ ခြားပြီး ဆုံးသွားရပြန်တယ်၊ သူတို့ နှစ်ယောက်လုံးရဲ့ ဘ၀ဟာ သိပ်ပြီး သနားစရာ ကောင်းပါတယ်၊ လောကီစီးစိမ်တွေ ပြည့်စုံခဲ့ပါတယ်၊ ဓမ္မအသိတွေကိုတော့ မယူနိုင်ခဲ့ကြဘူး။

စာပေမှာ လာတဲ့ စကားလေးတစ်ခွန်းရှိတယ်၊ " ဥဘတော ဘဋ္ဌာ " တဲ့။ လောကီဘက်ရော လောကုတ္တရာဓမ္မဘက်ရော နှစ်ဖက်စလုံး ဆုံးရှုံးတယ်ပေါ့၊ လောကီ လောကုတ် နှစ်မျိုးလုံး သိမ်းပိုက်ရယူနိုင်သူကိုတော့ " ဥဘော အတ္ထာ ပရိဂ္ဂဟိတာ "လို့ သတ်မှတ်ရတယ်။ ကိုယ်လဲ အဲဒီ အထဲမှာ မပါဖို့ အရေးကြီးပါတယ်။

To know and not to do, is not yet to know နည်းလမ်းတွေကိုတော့ သိနေတယ်၊ လက်တွေ့မပါသေးဘူး ဆိုရင် မသိသေးတာနဲ့ အတူတူပါပဲ တဲ့။ အားထုတ်ခြင်းတွေမှာ နှစ်မျိုးပဲ ရှိတယ်၊ တမင်အားထုတ်ခြင်း နဲ့ အစဉ်အားထုတ်ခြင်း ဆိတ်ငြိမ်ရာ ရိပ်သာတွေ တောတောင်တွေမှာ တကူးတက သွားရောက်ပြီး အားထုတ်တာကိုတော့ တမင် အားထုတ်ခြင်းလို့ ခေါ်ရမယ်၊ ဘယ်နေရာမှာပဲ ရောက်နေပါစေ၊ ဘာအလုပ်ကိုပဲ လုပ်နေရပါစေ၊ ဘယ်လို ပတ်ဝန်းကျင်မှာပဲ နေထိုင်ရပါစေ တရားနှလုံးသွင်းကာ အစဉ်အမြဲ အားထုတ်နိုင်တာကိုတော့ အစဉ် အားထုတ်ခြင်း လို့ ခေါ်ရပါမယ်၊

ရတနသုတ်မှာ လာတဲ့ စရိယ သုံးပါးထဲက အတ္တတ္ထစရိယ= ကိုယ့်ဘ၀ပြည့်စုံအောင် ကြိုးစားခြင်း၊( ဘုရားရှင်အတွက်တော့ ဗုဒ္ဓတ္ထစရိယ ပေါ့ ) ဥာတတ္ထစရိယ= ဆွေမျိုးမိတ်ဆွေတွေကို ထောက်ပံ့ခြင်း၊ လောကတ္ထစရိယ= အများကောင်းကျိုး အတွက် ပရဟိတသက်သက် လုပ်ကိုင် ဆောင်ရွက်ခြင်း စတဲ့ အကျင့်တွေကို တတ်နိင်သလောက် ဖြည့်ဆည်းနိုင်ဖို့ ကြိုးစားရပါအုံးမယ်။

" လောကဓံ ကြုံမြဲမို့ ၊ အမျိုးမျိုးတွေ့ရမယ်။ စိတ်အနေ မတုန်လှုပ်အောင် ထိန်းချုပ်ပါကွယ် " လို့ တောင်မြို့ဆရာတော်ဘုရားကြီး စပ်ဆိုထားတာကို ကြားဖူးတယ်။ လောကဓံ ဆိုတာကတော့ ခန္ဓကိုယ်ကြီး ရှိနေမှတော့ ဒုက္ခခံကြရတာ မဆန်းတော့ပါဘူး တဲ့။ ဒီလိုပဲ ခံနိုင်ရည်ရှိအောင် ကြိုးစားရင်း ကြိုးစားရင်းနဲ့ အသက်တွေကြီးလာပြီး လူ့ဘ၀က ထွက်ခွာသွားကြရတာပါ --

ကိုဝိမုတ္တိက ၂၀၁၁ ခုနှစ်အတွက် ရည်ရွယ်ချက် ဆုံးဖြတ်ချက် တွေ မေးလိုက်တာကြောင့် ရှိနိုင်တာက အိန္ဒိယနိုင်ငံ မွန်ဘိုင်းမှာ ဖြစ်ပါလိမ့်မယ်၊ လုပ်နေမှာက စာတမ်းအတွက် ကြိုးစားနေဖြစ်လိမ့်မယ်။

ပရဟိတအတွက် စာရေးသူရဲ့ ဘ၀အခြေချနေထိုင်မှုကတော့ မြန်မာပြည်တွင်း မှာပဲ ဖြစ်စေ၊ နိုင်ငံရပ်ခြား မှာပဲ ဖြစ်စေ ကံ ပြစ်ချရာ နေရုံပဲ လို့ ခံယူထားမိတယ်။ ဒီကြားထဲမှာ မထင်မှတ်တာတွေ ဖြစ်လာခဲ့ရင်လဲ ကမ္မဿကာ ပဲလို့ နှလုံးသွင်းမိပါတယ်။ ၂၀၁၁ မှ မဟုတ်ပဲ လာမယ့် နစ်တိုင်း နှစ်တိုင်းမှာ ကျမ္မာရေး နဲ့ အစဉ်အားထုတ်ခြင်း တွေ ပြည့်စုံအောင် နေနိုင်ဖို့ ကြိုးစားရပါအုံးမယ် --

ဒါဆိုရင် ငြိမ်းချမ်းစွာ ဘ၀နေနည်းကို ပိုင်ဆိုင်နိုင်ပါပြီ --

မေတ္တာဖြင့် …….

အရှင်သုနန္ဒာလင်္ကာရ ( M.A ) ( ပန်းကမ္ဘာ )

http://www.dhammayaungchi.com

6.Feb. 2011



ဆက်လက်ဖတ်ရှုရန်

ရက်ပေါင်း (၁၅၀) ကြာပြီးသော သူတို့စကားများ (၃)

၂၀၁၁ နှစ်သစ်မှာ ကျွန်တော့်ရဲ့  ဓမ္မမိတ်ဆွေမောင်နှမတွေကို 2011 New Year Resolution ဆိုတဲ့ခေါင်းစဉ်နှင့် ကျွန်တော် Post ရေးဖို့ Tag လုပ်ခဲ့ပါတယ်။ အဲဒီခေါင်းစဉ်နှင့် ဓမ္မမောင်နှမတွေကလည်း ကျွန်တော့်အတွက် ရေးပေးခဲ့ကြပါတယ်။ အခု ရက်ပေါင်း (၁၅၀) ဖြတ်သန်းပြီးတဲ့အချိန်မှာ မိတ်ဆွေတွေအတွက် ကိုယ်ကိုယ်တိုင်ရေးထားတာလေးတွေ အမှတ်တရပြန်ဖြစ်အောင် နှင့် ကျန်တဲ့စာဖတ်သူတွေလည်း ဖတ်ရှုနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်ခင်ဗျား။

------------------------------------



၂၀၁၁ ရယ်လို့ အမည်သညာ ခေါ်စရာ အချိန်ကာလလေးတစ်ခုကတော့ စတင်နေခဲ့တာ တစ်လတာပင်ကုန်ဆုံးခဲ့ ပါပြီ..။ ဘာတွေ ကျင့်ဆောင်မလဲ..ဘာတွေ ကျဉ်ရှောင်မလဲ..။ ဘာတွေကို စွန့်ခွာမလဲ..။၂၀၁၁ ခုနှစ်သစ်အဓိဌာန် ဥဒါန်းလေးတစ်ခုကျူးရင့်ပေးဘို့ ကျွန်မ မောင်လေး Bliss က တောင်းဆိုခဲ့တာမို့ သည်စာစုလေးကို ရေးဖြစ်ခဲ့ ပါတယ်..။

၂၀၁၀ ခုနှစ်ရဲ့ နောက်ဆုံးရက်တွေကို ဓမ္မ နဲ့ ဖြတ်သန်းလွန်မြောက်စေမယ်လို့ ဆုံးဖြတ်ခဲ့တဲ့အတိုင်း တရားစခန်း နှစ်ခု ကိုဒီဇင်ဘာ ၂၁ ရက်နေ့က စတင်ပြီး ၃၀ရက်နေ့ထိ ဝင်ဖြစ်ခဲ့ပါတယ်..။တစ်ခုကတော့ ဓမ္မဒူတအရှင်ဆေကိန္ဒ ရဲ့ နဝမတန်းကျောင်းသားလေး များအတွက် ရည် ရွယ်ပြီး မှော် ဘီ မြို့ ၊ ဇေတဝန်တောရ ဓမ္မဒူတ ဆေကိန္ဒာရာမကျောင်းတိုက်မှာ ဖွင့်လှစ်တဲ့ ယဉ်ကျေးလိမ္မာ တရားစခန်းမှာ ကျွန်မတို့ ဆရာဖြစ်သင်တန်း ဆင်းများကို လေ့လာသူအဖြစ် တက်ရောက် စေခဲ့တဲ့ နေရာ မှာ ဖြစ်ပါတယ်..။ နောက်တစ်ခုကတော့ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရားကြီးရဲ့ ပင်လယ်ဝ တရားစခန်း ပဲဖြစ်ပါတယ်..။ ဒီဇင်ဘာ ၂၅ မှာ ၃၀ရက်နေ့ ညနေအထိ ဝင်ရောက်ခဲ့တာ ပါ။

ပင်လယ်ဝ ဆိုတာကတော့ မြစ်တို့ စီးဆင်းရာ ပင်လယ်ရဲ့ အစ လို့ ရည်ညွှန်းပေမဲ့ တကယ့် ပင်လယ် ဝ နေရာမှာ သွားရောက်ဖွင့်လှစ်တာတော့မဟုတ်ပါဘူး။ လူတို့ရဲ့ အသက်အရွယ် အချိန်အပိုင်းအခြား တစ်ခုကို ရည်ညွှန်းပြဆိုတာပဲဖြစ်ပါတယ်..။

ဤ သို့ရည် ညွှန်းချက်ကို နားလည် ဘို့ ကျွန်မတို့ ဆင်သေကောင်နဲ့ ကျီးမိုက် ပုံပြင်ကို ပြန်လည် ပုံဖေါ် ကြည့်ရမှာ ဖြစ်ပါတယ်..။ ဂင်္ဂါမြစ်ဖျား ထဲကို မျောလာတဲ့ ဆင်သေကောင် ကို တွေ့ တဲ့ ကျီးကန်းတစ်ကောင်ဟာ မျက်လုံးကနေ ထိုးဖေါက်ကြည့်တဲ့အခါ အရသာတွေ့ပြီး တစ်သက်စားမကုန် တဲ့ အစားအစာ ကိုပိုင်ဆိုင်ရပြီ ကံကောင်း လှချည်ရဲ့ အထင်နဲ့ ဆင်သေကောင်မျောပါရာ ကို ဖက်တွယ်လိုက်ပါခဲ့ပါတယ်တဲ့.။အဲဒီပုံပြင် ကို အမှတ်ရမိကြပါလိမ့်မယ်..။

ဆိုလိုချင်တာကတော့ ကျီးကန်းမိုက်ဟာ ကျွန်မတို့ လူသားတွေနဲ့ တူပါတယ်..။ ဆင်သေကောင်ကတော့ ငါးပါးအာရုံ ကာမဂုဏ်တွေ နဲ့တူပါတယ်တဲ့..။ အမြင်မှားနဲ့ ကျီးမိုက်က ပျော်မွေ့နေလေတော့ ပင်လယ်ဝရောက်တဲ့ အခါ မှာ လှိုင်းလေပုတ်မှာ.. ဆုတ်နစ် လွင့်မျောရမှာ..ကမ်း နဲ့ ဝေးကွာပြီး ကမ်း စပ်ထိ ရောက်အောင် ပျံသန်းနိုင်စွမ်းမရှိမှာ တွေကို မေ့လျော့နေ တာ ကျွန်မတို့ လိုပါပဲ..။

ပင်လယ်ဝ ကို ဖြတ်သန်းပြီး ပင်လယ်ထဲကိုရောက်တဲ့အချိန်မှာ ကမ်းစပ်နဲ့ လည်းဝေးကွာခဲ့ရပါပြီ..။ တည်တန့်ခိုင်မြဲမယ်လို့ထင်ထားတဲ့ ဆင်သေကောင် ကြီး ဟာ လည်း ငါးကြီးတွေ ဝိုင်းစားတာ.ခံခဲ့ရပါပြီ.။ လှိုင်းကြမ်းတွေပုတ်ခပ်တာနဲ့ တစ်စစီ ပြုတ်ထွက် တော့မဲ့ အချိန်ရောက်မှ ပျံသန်းဘို့ ကြိုးစား ခဲ့တဲ့အခါ ကမ်းကိုမရောက်ပဲ အတောင်ညောင်းလို့ ပင်လယ်ထဲကျသေ ခဲ့ရ တာ ။

ကျွန်မတို့တတွေ အဲလို မဖြစ်ရအောင် ပျံသန်းလွတ်မြောက် ဘို့ အချိန်မှီနိုင်သေးတဲ့ ကံစွမ်းအား ဥာဏ်စွမ်းအား၊ဝီရိယ စွမ်းအားတွေမကုန်ဆုံးသေးခင်အချိန်လေးပေါ့။ အချိန် ကျန် ရှိုနိုင်နေသေးတဲ့ လူတွေကို ကယ်တင် သင်ကြားပေးတဲ့ သဘောပါ။ ပင်လယ်ဝ နားရောက် နေတဲ့ သူတွေရယ်လို့တင်စားပြီး ပင်လယ်ဝတရားစခန်းရယ် လို့ ပိုင်းလော့ဆရာတော်ဘုရားကြီးက နာမည်ပေးထားတာ ပါ..။ တကယ့်ကိုလည်း အသက် ကိုကန့်သတ့််ပြီး မှ လက်ခံခဲ့တာဖြစ်ပါတယ် ။

တစ်နှစ်မှာ တစ်ခါသာခေါ်ယူခဲ့သင်ကြားခဲ့တာပါ။။ ဒီနှစ်တော့ ဆရာတော်ဘုရား က နှစ်ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်..။ မှော်ဘီမြို့တွင် ဒေါက်တာဦးဖေဥာဏ် တည်ထောင်ထားတဲ့ စန္ဒကူးမြိုင်တရားရိပ်သာ မှာ တစ်ကြိမ်၊နဲ့ မိုးညှင်းသိင်္ဂီကျောင်းတိုက်မှာ တစ်ကြိမ် ဖွင့်လှစ်ပေးခဲ့တာမို့ ကျွန်မ ဒုတိယအကြိမ်ကို ကံကောင်းထောက်မစွာ မှီခဲ့ပါတယ်..။ ဒါမှအပ ကျန်တာ ဘာမှအရေးမကြီး..သလို အရေးအကြာင်းကြီးပြီး ကျန်တာတွေကိုမေ့ပျောက်ထားခဲ့ပါတယ်..။ပင်လယ်ဝကိုရောက်ခါနီးနေပြီမဟုတ်ပါလား။

ဒီလို စိတ်အမြင်လေးပြောင်းလာလေတော့ ဘဝရဲ့ လက်ကျန်အချိန်တွေမှာ လုပ်စရာ အလုပ်ကိုပိုင်းခြားကြည့်လိုက်ရင် နှစ်မျိုးနှစ်စား သာ ရှိပါတော့တယ်..။

  • · တစ်ခုကတော့ ဆင်သေကောင် နဲ့ ပတ်သက်တဲ့အပိုင်းဖြစ်ပြီး
  • · ကျန်တစ်ခုကတော့ ဆင်သေကောင်ထံမှ ဖယ်ခွာကာ ကမ်းသို့လွတ်မြောက်အောင် ပျံသန်းနိုင်ဘို့ ဆိုတဲ့ နှစ်မျိုးနှစ်စား သာ ရပါတော့တယ်..။

အဲဒီအချိန်မှာ စီမံစရာ အဲဒီနှစ်မျိုးသာရှိတယ်ဆိုတာ ကျွန်မ သဘောပိုက်ထားမိပါပြီ..။ အခုမှသေချာချရေး ဖြစ်ခဲ့ပါတယ်

စွန့်ခွာတယ်ဆိုတာကတော့ အားလုံးကို ထားရစ် ပြီးလူက ထွက်ခွာ ပြီးကာမှ စိတ်က ညိတွယ် ကျန်နေတာမျိုး မဟုတ်ပါဘူးလေ…။ စားနေစဉ် ၊သွားနေစဉ်၊ လုပ်နေစဉ် အမှန်မြင်နိုင်လို့ ဥာဏ်နဲ့ ထွက်ခွာလွတ်မြောက်စေတဲ့ လွတ်မြောက်မှု မျိုးပါ..။ မြင့်မြတ်သူတို့အတွက်နေစရာ အိမ် အရိယာဝါသ မှာနေရင်းလွတ်မြောက် နေတာမျိုး ကို ပြောတာပါ..။

သေရင်ထားခဲ့ရမဲ့ ကိစ္စ တွေအတွက် အချိန်များစွာပေးနေမိပြီး သေရင် ပါသွားမဲ့ ပါရမီတွေ..သေရင်လွတ်မြောက်စေမဲ့အားထုတ်မှု တွေကို အချိန်နည်းနည်းပဲပေးနေတာ…ကိုသတိရဆင်ခြင် ဖြစ်ခဲ့ပါတယ်..။

ဒီတော့ အိုးအိမ်စီးပွား နဲ့ ပတ်သက်တာ စီးပွားရေး ကြီးပွားရေးတွေဟာ ဆင်သေကောင်လို..လျော့ပါးပျက်သုဉ်းနေတယ်..ရွေ့လျောစီးမျောနေတယ်..။ အခိုင်အမာ မှီတွယ်ရာ မဟုတ်ပေဘူးပေါ့..။ တကယ်တမ်းထားခဲ့ရချိန် ခွဲခွာချိန်မှာ ဓါးပြတိုက်ခံရသလို မခွဲချင်ပဲ ခွဲ ရ မထားချင်ပဲထားရလို့ အပူတွေသာ ထွက်လာမှာပါ။ ထွက်လာမဲ့အပူတွေ နဲ့ သေလို့ကတော့ အပါယ်လေးဘုံ ကလွဲပြီး ရောက်နိုင်စရာမရှိတာ သိပ်ကိုသေချာနေပါတယ်..။

အဲဒီအပူတွေကင်းအောင် အခုကတည်းက ဥာဏ်နဲ့ ဖယ်ခွာထား ခဲ့ဘို့ ပွားများနေရပါပြီ..။ဆင်သေကာင် ကိုစားတော့စားတယ် ပျံသန်းဘို့ခွန်အား အတွက်ပါပဲ..လို့ ရည် ရွယ်ခဲ့ပါတယ်..။ ကုသိုလ် အရှိန်ကုန်ရင် အကုန်ထားခဲ့ရမှာကို အမြဲနှလုံးသွင်းပါတော့တယ်..။

ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော်ဘုရား ရဲ့ ဆုံးမမှုကြောင့် လျှောက်ရမဲ့လမ်းလည်းရှင်း ခဲ့ပါပြီ..။

ဝိပဿနာကို ပွားများအားထုတ်တတ်တယ်။ အအေးဓာတ် ကိုလည်း ခံစားဘူးတယ်..။ဒါပေမဲ့ အမြဲအားမထုတ် ပဲ ဘေးမှာ ချချထားတာ ကိုယ့်ကိုကိုသေမယ်မထင်သေးလို့ တဲ့..။ အချိန်မရွေးသေနိုင်တယ် ဆိုတာ တွေးမိတာ နဲ့ တစ်ပြိုင်နက် မာန တွေ ..၊ တင်းနေတဲ့ အကြောတွေ အကုန်လျော့ကုန်တော့ တာပါပဲ..။ တကယ်လည်း၊အချိန်မရွေးသေဘို့ဆိုတာ ဖြစ်နိုင်တာပဲ နော်..။

ဒါကြောင့် အနာဂတ်စီမံကိန်းတွေ ကို မဆုပ်ကိုင်တော့ပါဘူး၊မစွဲလန်းတော့ပါဘူး၊ ဖြစ်စေချင်တဲ့ပုံစံကို အသေမချတော့ပါဘူးနော်..။

စီတော့စီမံမယ် ..အကြောင်းညီညွတ် မှ သာ ဖြစ်လာမှာဆိုတာ ကိုလည်း ခံယူထားတာမို့ ၂၀၁၁ ကို လည်း နောက်ဆုံး ထွက် သက်ထိ တစ်မိနစ်ချင်း၊တစ်စက္ကန့်ချင်း ဖြတ်သန်းလွန်မြောက် စေပါတော့တယ်..။ အချိန်နဲ့ အမျှသေဆုံး ပျောက်ရှ ပြနေတဲ့ ခန္ဓာ ငါးပါး ရဲ့ ဖွားသေ(ပရမတ္ထ အသေ) တွေကို ကြည့်ရင်း၊နှလုံးသွင်းရင်း သမုတိအသေကိုမျှော်နေမိပါတော့တယ်..။

သစ္စာအလင်း
http://www.thitsaralin.org

ဆက်လက်ဖတ်ရှုရန်

ရက်ပေါင်း (၁၅၀) ကြာပြီးသော သူတို့စကားများ (၂)

၂၀၁၁ နှစ်သစ်မှာ ကျွန်တော့်ရဲ့  ဓမ္မမိတ်ဆွေမောင်နှမတွေကို 2011 New Year Resolution ဆိုတဲ့ခေါင်းစဉ်နှင့် ကျွန်တော် Post ရေးဖို့ Tag လုပ်ခဲ့ပါတယ်။ အဲဒီခေါင်းစဉ်နှင့် ဓမ္မမောင်နှမတွေကလည်း ကျွန်တော့်အတွက် ရေးပေးခဲ့ကြပါတယ်။ အခု ရက်ပေါင်း (၁၅၀) ဖြတ်သန်းပြီးတဲ့အချိန်မှာ မိတ်ဆွေတွေအတွက် ကိုယ်ကိုယ်တိုင်ရေးထားတာလေးတွေ အမှတ်တရပြန်ဖြစ်အောင် နှင့် ကျန်တဲ့စာဖတ်သူတွေလည်း ဖတ်ရှုနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်ခင်ဗျား။

----------------------------------------

*2011 New Year Resolution*

ဘာရယ်မဟုတ်၊ ကိုဝိမုတ္တိသုခ (www.vimuttisukha.com/) က အထက်ပါ ခေါင်းစဉ်နဲ့ လာတဂ်(TAG) ပါတယ်။ အဲဒါမို့ လုပ်မယ်လို့ ရည်ရွယ်ထားတာလေးတွေကို ကမန်းကတန်း အစီအစဉ်ဆွဲပြီး ခုလို ချရေးဖြစ်ပါတယ်။

၁)
နယ်ပယ်ချိန်းဖို့ ကြိုးစားမည်။
ဒီစိတ်ကူးကို ကျွန်တော် ပိုင်းလော့ဆရာတော်ဘုရားရဲ့ တရားတစ်ပုဒ်နာပြီးမှ ရရှိခဲ့တာပါ။ ကျွန်တော်တို့တွေဟာ များသောအားဖြင့် သားအာရုံ၊ သမီးအာရုံ၊ မိသားစုအာရုံ.. ပြောရရင် ကာမဂုဏ်ငါးပါးမှာ ငြိစွန်းပြီး နေနေကြတယ်။ ဒါဟာ ပုံမှန်အားဖြင့် ကျွန်တော်တို့ ကျက်စားနေကျ မူလအာရုံ၊ မူလနယ်ပယ်..။ ဒီနယ်ပယ်မှာ လူးလွန့်ရင်းမှ တစ်ခုခု ပူစရာကြုံလို့ပဲဖြစ်ဖြစ်၊ အဆင်မပြေတာ ကြုံလို့ပဲဖြစ်ဖြစ်.. လောကဓံ တစ်ခုမဟုတ် တစ်ခု ခပ်ပါးပါးလေး လာရိုက်ခတ်တော့မှ တရားအာရုံဘက်ကို စိတ်ကူးမိတတ်ကြစမြဲပါ။ တရားနယ်ပယ်ဘက်ကို ခြေလှမ်းဖို့ စိတ်ညွတ်မိတတ်ကြစမြဲပါ။ ဒါကို ကျွန်တော် ပြောင်းပြန်လှန်နိုင်အောင် ကြိုးစားကြည့်မယ်။ တရားအာရုံကို မူလနယ်ပယ် သတ်မှတ်ပြီး ဟိုအပူ၊ ဒီအပူ၊ ဟိုအာရုံ၊ ဒီအာရုံတွေကို လိုအပ်မှသာ ခဏတဖြုတ် သွားရောက်ကျက်စားတဲ့ နယ်ပယ်တစ်ခုအဖြစ် သဘောထားလိုက်မယ်။

အဲဒီတရားထဲမှာ ကိုယ့်နယ်ပယ်မှာပဲ ကိုယ် ကျင်လည်ကျက်စားဖို့ ပေးထားတဲ့ ဥပမာက..

ဘီလုံး ငှက်ငယ်လေး တစ်ကောင် ကို သူ့အမေက “သား.. အမေ အစာရှာထွက်တုန်း.. ဒီမြေစာကျင်းထဲမှာပဲနေ.. ဒီမြေစာ ကျင်းထဲကနေ အပြင်လုံးဝ မထွက်နဲ့” လို့ မှာတယ်.. အဲလိုမှာပြီး အမေဖြစ်တဲ့ ငှက်မကြီးက အစာရှာ ထွက်တာပေါ့..။ အဲဒါကို သားဖြစ်သူက နားမထောင်ဘဲ မြေစာကျင်းထဲကနေ အပြင်ကို ထွက်တော့ အစာရှာထွက်တဲ့ စွန် တစ်ကောင်က မြင်ပြီး သုတ်ပါလေရော.. အဲဒီမှာ ကံကောင်းထောက်မစွာ စွန်လက်သည်းကြားထဲ ပါသွားတဲ့ ဘီလုံးငှက်ငယ်က.. “တောက်.. ငါ သတိမထားလိုက်မိလို့ ခုလို အသုတ်ခံရတာ.. နောက်တစ်ခါ ဆိုလို့ကတော့ ဒီလို သုတ်လို့ ဘယ်ရလိမ့်မလဲ” လို့ ကြုံးဝါးတော့.. အဲဒါကို မခံချင်စိတ် ဖြစ်တဲ့ စွန်ကလည်း ဘီလုံးငှက်ကို ခုန မြေစာကျင်းနှုတ်ခမ်းမှာ ပြန်ချပေးတာပြီး နောက်တစ်ကြိမ် သုတ်ဖို့ ကောင်းကင်ပေါ် ပျံဝဲသတဲ့.. ဒီတော့ ဘီလုံးငှက်က တွင်းဝကနေ “ဟေ့ စွန်ရဲကြီး လာလေကွာ.. လာစမ်းပါ” ဆိုပြီး စိန်ခေါ်တာပေါ့.. ဒါနဲ့ စွန်က တစ်ရှိန်ထိုး.. ထိုးသုတ်တဲ့အခါ ဘီလုံးငှက်က တွင်းထဲက လှစ်ခနဲ ၀င်ပြေးလိုက်တော့ စွန်ငှက်ကြီးခမျာ.. တွင်းဝက မြေစာခဲနဲ့ ရင်ဘတ်နဲ့ စောင့်ပြီး သေပွဲ ၀င်ရသတဲ့.။

ဆိုလိုတာက ကိုယ့်နယ်ပယ်မှာကိုယ် သတိနဲ့ နေရင် အန္တရာယ်ကင်းတာကို ပြောပြသွားတာ ပါပဲ။

၂)
တရားဘက်ကို နယ်ပယ်ချိန်းတော့မယ် ဆိုတော့.. ဒီအာရုံဘက်ကို ခပ်များများလေးနဲ့ ရေရှည် လုပ်နိုင်ဖို့က ကြားမှာ သံဝေဂခံဖို့ လိုလာပြီ။ သံဝေဂက သိပ်ရှာစရာတော့ မလိုပါဘူး။ သေခြင်းတရား ကမ္မဋ္ဌာန်းပါတဲ့ အဘိဏှသုတ်က ကျွန်တော့်ရဲ့ လက်တွဲဖော် ဖြစ်သွားမယ်။ ဒီ အဘိဏှသုတ် မြန်မာပြန်ကို ကိုဝိမုတ္တိ ဆိုဒ်မှာ တွေ့ကတည်းက ကျွန်တော် တော်တော်သဘောကျခဲ့တာ။ မသိသေးသူများ သိနိုင်စေဖို့ ထပ်ပြီး ရေးပေးလိုက်ပါ့မယ်။

နေ့ စဉ်ပွားပါ ဤငါးဖြာ

၁။ ငါသည် အိုခြင်းသဘောရှိသည်ဖြစ်၏။ အိုခြင်းသဘောတရားကို မလွန်ဆန်နိုင်။

၂။ ငါသည် နာခြင်းသဘောရှိသည်ဖြစ်၏။ နာခြင်းသဘောတရားကို မလွန်ဆန်နိုင်။

၃။ ငါသည် သေခြင်းသဘောရှိသည်ဖြစ်၏။ သေခြင်းသဘောတရားကို မလွန်ဆန်နိုင်။

၎။ ငါ့အား ခပ်သိမ်းသော နှလုံးကို ပွားစေတတ်သော အဆွေအမျိုး၊ အဆွေခင်ပွန်း၊ ချစ်ကျွမ်းဝင်သူတို့နှင့် အရပ်တစ်ပါးသို့ ပြောင်းသွားသဖြင့် ရှင်ကွဲ ကွဲရခြင်းသည် လည်းကောင်း၊ ဘ၀တစ်ပါးသို့ ပြောင်းသွားသဖြင့် သေကွဲ ကွဲရခြင်းသည် လည်းကောင်း ဖြစ်တတ်ချေ၏။

၅။ ငါသည် ကံသာလျှင် မိမိဥစ္စာရှိသည်၊ ကံသာလျှင် အကြောင်းရင်းရှိသည်၊ ကံသာလျှင် အမွေခံရှိသည်၊ ကံသာလျှင် အဆွေအမျိုးရှိသည်၊ ကံသာလျှင် ကိုးကွယ်လဲလျောင်းရာ ရှိသည် ဖြစ်၏။ ကောင်းသည်လည်းဖြစ်သော၊ မကောင်းသည်လည်းဖြစ်သော အကြင်ကံကို ပြုအံ့။ ထိုပြုသော ကောင်းမှုမကောင်းမှုကံ၏ ကောင်းမွေ ဆိုးမွေခံသည် ဖြစ်ရအံ့။

အဘိဏှသုတ်

———————————————————–

ဒီသုတ်ကို လင်္ကာအတိုလေးနဲ့လည်း ခုလို ကျွန်တော် မှတ်ထားပါသေးတယ်။

အိုခြင်းတစ်ဖြာ၊ နာခြင်းတစ်ထွေ၊ သေခြင်းတစ်ခြား၊ ကွဲပြားတစ်တန်၊ ကံလျှင်ဥစ္စာ၊ ဤငါးဖြာကို၊ မကွာနေ့ည၊ ဉာဏ်သက်ဝင်၍ ဆင်ခြင်ကြ။

သေခြင်းတရား ဆင်ခြင်ပုံနဲ့ ပတ်သတ်လို့လည်း

“ဤကမ္ဘာအတွင်းမှာပင် မသေဖူးသော နေရာဟူ၍မရှိတော့.. မိမိ လမ်းလျှောက်တဲ့ နေရာတိုင်း၊ ခြေလှမ်းတိုင်းဟာ မိမိရဲ့ သင်္ချိုင်းမြေ” ဆိုပြီး ဆင်ခြင်ရမယ်လို့လည်း ကျွန်တော် သေသေချာချာ မှတ်သားမိခဲ့ပါသေးတယ်။

၃)
သေခြင်းတရားကို နှလုံးသွင်းရင်းနဲ့မှ ရံဖန်ရံခါ မေတ္တာပွားတဲ့ဘက်ကိုလည်း ကူးမိမှာပါ။ ကျွန်တော် မှတ်သားဖြစ်ခဲ့တဲ့ သေခြင်းတရားကနေ မေတ္တာကို ကူးယူပုံလေးက..

“တို့အားလုံးဟာ သေဖော်သေဖက်တွေပဲ၊ မသေခင် ခဏ တွေ့ကြရတာ.. ရင်ထဲ အေးကြပါစေ”

ဒါက အသေကို ပွားများရာကနေ မေတ္တာဘက်ကူးဖို့ စိတ်အလှည့်လေးပါ။

၎)
နောက်ပြီး.. တရားအားထုတ်ရတဲ့ ရည်ရွယ်ချက်ကိုလည်း ကျွန်တော် လက်လွတ်ခံမှာ မဟုတ်ပါဘူး။ ဒါဟာလည်း သံဝေဂဉာဏ် ရင့်သန်ဖို့အတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အကူ ဖြစ်စေမှာမို့ပါ။

“တရားအားထုတ်ရတဲ့ ရည်ရွယ်ချက်က အို၊ နာ၊ သေ လွတ်ဖို့၊ ဇာတိကုန်ဖို့.. ဇာတိကုန်အောင် အားမထုတ်နိုင်သေးတောင် အပါယ်မကျဖို့”

အထက်တန်း၊ အလယ်တန်း ကျောင်းသားဘ၀က စာမေးပွဲအောင်ဖို့ဆို ဘာသာရပ်တိုင်းကို အောင်မှတ် ၄၀-ရအောင် လုပ်ဖို့က အဓိကပဲ..။ အမှတ်များတာ မများတာ၊ ဂုဏ်ထူးပါတာ မပါတာကတော့ နောက်ကဏ္ဍပေါ့။ ခုလည်း အပါယ်မကျဖို့က အဓိက..။ အပါယ်ကျမှာကိုတော့ သံဝေဂ အပြင်းစားကြီး မဟုတ်သော်လည်း ကျွန်တော် တော်တော်လေး လန့်မိသည်။ အပါယ်ဘုံဘ၀နှင့် ပတ်သတ်ပြီး ဟိုတစ်ခါ နာရတဲ့တရားထဲမှာ

“ချစ်သားတို့ သံသရာ သက်တမ်းက ရှည်ကြာလှပါပြီ။ ဒီသက်တမ်းမှာမှ တိရစ္ဆာန် ဖြစ်ခဲ့ရတဲ့ဘ၀၊ တိရစ္ဆာန်ထဲမှာမှ နွားဘ၀၊ နွားထဲမှာမှ နွားနီချည်းသက်သက် ဖြစ်ခဲ့တဲ့ ဘ၀တွေကို စဉ်းစားကြည့်ရင် အဲဒီ နွားနီ ဘ၀နဲ့ပဲ လည်လှီးအသတ်ခံရလို့ ကျခဲ့ရတဲ့ သွေးဟာ မဟာသမုဒ္ဒရာ ရေထုနဲ့ နှိုင်းယှဉ်ရင် ဘယ်ဟာက များမလဲ..၊ မဟာသမုဒ္ဒရာ ရေထုက နည်းပေလိမ့်မယ် ချစ်သားတို့..” တဲ့..။

အဲဒီတရား ပြန်ပြန်သတိရတိုင်း ကျွန်တော့်လည်ပင်း ကျွန်တော် ပြန်ပြန် စမ်းမိတာက ခဏခဏ..။ ဟိုနေ့ကလည်း ဓာတ်ပုံတွေထဲမှာ လည်လှီးပြီး အသတ်ခံရလို့ သေနေတဲ့ နွားပုံကို မြင်တော့.. အားပါးပါး ငါသာ ဒီလိုဘ၀မျိုး ဖြစ်လို့ကတော့ သွားပြီဆိုပြီး တအား ကြောက်မိသေးတယ်..။ တော်ပြီ.. တော်ပြီ.. တရားအာရုံနဲ့ပဲ ပျော်နိုင်အောင် ကြိုးစားတော့မယ်..။ ထပ်ပြီး လည်လှီး မခံရဲတော့ဘူးဗျာ..။

၅)
ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ပြီး အကဲခတ်မိသလောက် စိတ်ကူးယဉ် နည်းနည်းဆန်ပြီး အပြောင်းအလဲ ကြိုက်တတ်တာကို သွားတွေ့တယ်..။ စိတ်ကူးယဉ် ဆန်တယ်ဆိုတာ အတွေးတွေနဲ့ စကားပြောတာလို့ ကျွန်တော်မြင်တယ်။ အဲလို စိတ်ကူးယဉ် ဆန်လို့လည်း အတွေးထဲမှာတင် မအောင့်အီးနိုင်ဘဲ ပွင့်အံထွက်လို့ စာတွေ ရေးဖြစ်ခဲ့တယ်..။ စာရေးတဲ့ အလုပ်ဟာ တရားအာရုံ ယူသူတွေအတွက် မကောင်းဘူးဆိုတာ စာ စရေးဖြစ်ကတည်းက ကျွန်တော် နည်းနည်းရိပ်မိပါတယ်။ ဘာလို့လည်း ဆိုတော့ စာတစ်ပုဒ် စရေးဖို့ စဉ်းစားပြီ ဆိုကတည်းက အတွေးတွေက တောင်စဉ်ရေမရ ပြန့်ထွက်သွားလိုက်တာ.. ဒီစာကို ဘယ်လိုရေးမယ်၊ ခေါင်းစဉ်ကိုတော့ ဘယ်လိုပေးမယ်၊ ဒီပုံပြင်လေးက ဒါလေးနဲ့ကိုက်တယ်၊ အဲ.. ဒီအဆုံးအမကိုတော့ ဒီနေရာလေး ထည့်လိုက်ရင် အဆင်ပြေမယ်.. အစချီလို့ အတွေးတွေက ဘောင်ဘင်ခတ်ကော..။ သမာဓိ ပျက်တယ်လို့ ပြောရမယ်ထင်တယ်..။ 2011 New Year Resolution ခေါင်းစဉ်နှင့် စာရေးဖို့ လာတဂ်တော့လည်း ဒီစာတွေ ရေးဖြစ်ဖို့ ညက အချိန်တော်တော်များ အတွေးတွေ ယောက်ယက်ခတ် သွားတာတော့ ကျွန်တော် ၀န်ခံရပါဦးမည်။

အဲဒီတော့ ကျွန်တော် စာရေးတဲ့ အလုပ်ကိုလည်း ဖြတ်ဖို့ ကြိုးစားပါဦးမယ်.. ဥပါဒါန် အစွဲလေးတွေကြောင့် တုံးတိကြီး မဖြတ်နိုင်သေးတောင် ဖြည်းဖြည်းချင်းတော့ မျှဉ်းပြီး ဖြတ်သွားမှာပါ။ ဒီ စာရေးတာက ကျွန်တော့်အတွက် ၀ါသနာလို့လည်း ပြောလို့ ရသလို စိတ်ထွက်ပေါက် တစ်ခုလည်း ဖြစ်နေသည့်အတွက် ဖြတ်နိုင်ဖို့ကတော့ ၀ီရိယ အားကောင်းသည့် သတိကို ကျွန်တော်အရင် မွေးမြူရပါဦးမည်။

ဒီလို စာရေးတာကို ဖြတ်ဖို့ တွန်းအားပေးတဲ့.. ကျွန်တော် ဖတ်ဖြစ်ခဲ့တဲ့ စာစုလေးက.. ဆရာမြသန်းစံရဲ့ “မမေ့သူတို့ ဓလေ့တူ၍ အတွေ့တူတို့ အတူတွေ့” ဆိုတဲ့ စာအုပ် (စာရေးသူ၏ နိဒါန်းစကား) ထဲက..၊ ဆရာမြသန်းစံ စာပေတွေ ရေးသားသည်ကို သိ၍ ဆရာမြသန်းစံ၏ ဆရာအရှင် ဆုံးမသည့်စကားပါ။ (ကျွန်တော့်အထင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး ဖြစ်ဖို့များပါသည်။)

“ခင်ဗျားမှာ စာပိုးရှိတယ်နော်.. သတိထား၊ ခင်ဗျားတို့ ကျုပ်တို့ မပြောနဲ့.. ရှေးရှေး ဆရာတော်ကြီးတွေတောင် ဒီလိုပဲ စာပိုး အနှိပ်စက် ခံရတာချည်းပဲ.. ကိုယ့်ကို လွတ်လွတ်ကျွတ်ကျွတ် မဖြစ်အောင် အဲဒီ စာပိုးက အနှောင့်ယှက်နိုင်ဆုံးပဲ..။ တစ်ချို့များ ခန္ဓာဝန် ချတော့မယ့် အချိန်အထိ အဲဒီ စာပိုးက အကြွေးတောင်းသလို လိုက်တောင်းနေတော့တာ။ အဲဒါ သတိသာ ထားပေတော့.. ကိုယ်က တောင်ကုန်းပေါ် တက်နေတုန်းမှာ သူများကို ကုန်းပိုးပြီး ခေါ်ချင်နေရင် ကိုယ်လည်း ခရီးမတွင် သူများလည်း ခရီးမရောက်ပေဘူး။ ကိုယ်ကိုယ်တိုင် လွတ်လွတ်ကျွတ်ကျွတ် တောင်ကုန်းပေါ် ရောက်ခဲ့ပြီဆိုရင် အောက်ကို ကြိုးစ ပစ်ချလိုက်ပါဗျာ.. တစ်ယောက်ပြီး တစ်ယောက် ဆွဲတင်ပြီး ခေါ်လို့ ရပါတယ်ဗျ..။ ဘုရားရှင်နဲ့ အဂ္ဂသာဝက၊ မဟာသာဝက မထေရ်ကြီးတွေက ရှေးရှေးတုန်းက ဒီလိုပဲ.. ကိုယ်တိုင် တောင်ကုန်းပေါ် ရောက်ပြီးမှ အောက်ကို ကြိုးစပစ်ချပြီး ဝေနေယျတွေကို ကယ်ခဲ့ကြတာပါဗျ။ ကိုယ့်ကျမှ ပြောင်းပြန် မလုပ်ချင်ပါနဲ့ဗျာ..။”

ဒီအဆုံးအမက ကျွန်တော့်အတွက် အတော် “တာ” သွားသလို.. ကျွန်တော် စာရေးချင်တိုင်း.. သို့တည်းမဟုတ် တရားနှင့် မလျော်တာတွေ လုပ်မိဖို့ စိတ်ကူးပေါ်တိုင်း အနီးကပ်စောင့်ရှောက်သည့် မိတ်ဆွေကောင်းသဖွယ် အားကိုးအားထား ပြုဖြစ်မှာပါ။

{စာပေ ရေးသားလျှက်ရှိတဲ့ လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်များကို ကျွန်တော် (တပည့်တော်) အနူးအညွတ် တောင်းပန်ပါရစေ။ ဒီလို စာပေရေးသားသူတွေ ရှိလို့လည်း ကျွန်တော် (တပည့်တော်) ဒီလိုအသိတွေ ရရှိတာပါ (ဘုရား) }

၆)
ကျေးဇူးသိတတ်သော၊ ကျေးဇူးဆပ်နိုင်သော သားကောင်းတစ်ယောက် ဖြစ်အောင်လည်း ကျွန်တော် ကြိုးစားဖြစ်ဦးမှာပါ။
အဖေကား ကျွန်တော်တို့ လျှောက်ရမည့် မရဏခရီးကို ဦးအောင် လျှောက်သွားပြီ..။ ကျွန်တော့်မှာ အမေပဲ ရှိတော့သည်။ ဒီအသက်အရွယ်၊ ဒီလို အခြေအနေရောက်အောင် ကျွန်တော့် မိဘနှစ်ပါးက ကျွန်တော့်ကို ပြုစုပျိုးထောင်ခဲ့သည်။ အဖေ့ကို လုပ်ကျွေးခွင့် မရတော့သော်လည်း အမေ့ကို အတိုးချ၍ ကျွေးမွေး စောင့်ရှောက်ခွင့် ကျွန်တော့်မှာ ရှိသည်။ အမေ့ကို ပြုစုရမည်၊ စောင့်ရှောက်ရမည်၊ တရားနှင့်အညီ အလုပ်အကျွေး ပြုနိုင်ရန်တော့ ဘာသာရေး အဆုံးအမတွေက ကျွန်တော့်ကို ထိန်းကျောင်းပေးသွား ပေလိမ့်မည်။

၇)
အထက်ပါ အစီအစဉ်တို့ကား ကျွန်တော် အဓိက လုပ်ဖြစ်မည့် အရာများကို အကျဉ်းမျှ ချရေးထားခြင်းမျှသာ..။ ကြိုကြား ကြိုကြား ကျွန်တော်လုပ်ချင်သည့် အရာများလည်း ရှိနေပါသေးသည်၊ ရှိပါလိမ့်ဦးမည်။ သို့သော် ဘယ်အရာပဲ ဖြစ်ဖြစ် ကျွန်တော် လုပ်ချင်စိတ် ပေါ်တိုင်း မဖြစ်မနေ ရကိုရ,ရမည် ဟူသော ဥပါဒါန် ပြင်းပြင်းဖြင့် မဆောင်ရွက်မိအောင်လည်း ကျွန်တော့်စိတ်ကို ထိန်းကျောင်းပါဦးမည်။ “တောင့်တနည်းလေ ကြောင့်ကြနည်းလေ” ဟူသော အဆုံးအမနှင့် “အဘယ်အရာမျှ အစိုးမရသည့် အနတ္တ” သဘောကိုလည်း ဘုရားအဆုံးအမကနေ ကျွန်တော် သိရှိထားပြီးပြီ။ ရှေ့လျှောက် လုပ်ရမည့် စီမံကိန်းနှင့် အနတ္တသဘော ရောယှဉ်သော အဆုံးအမ တစ်ခုကိုလည်း ပိုင်းလော့ဆရာတော်ဘုရား တရားတစ်ပုဒ်ကနေ ကျွန်တော် မှတ်သားထားပြီးပြီ။

“အနာဂတ်အတွက် ပုံစံတော့ချ၊ သို့သော်.. ဖြစ်ချင်မှ ဖြစ်မယ်၊ ဖြစ်ချင်ရာ ဖြစ်လိမ့်မယ်..။”

—————————————————-

အထက်ပါ အစီအစဉ် တို့နှင့်ပတ်သတ်၍ ရာခိုင်နှုန်း (%) ဘယ်လောက်များများ လုပ်ဖြစ်မည် ဆိုသည်ကိုတော့ သတိဦးစီးသော ၀ီရိယ ဘယ်လောက် ကောင်းမကောင်းက ဆုံးဖြတ်ပေးသွား ပါလိမ့်မည်။ အခြေခံကတော့ သတိ (သမ္မာသတိ) ပေါ့။

ကျွန်တော် လုပ်ဆောင်မည့် အစီအစဉ်များကို ပြန်စဉ်ကြည့်မိသည်။
၁) နယ်ပယ်ချိန်းဖို့ (တရားနယ်ပယ်သို့)
၂) တရားနယ်ပယ်တွင် ရေရှည်တည်စေရန် သံဝေဂပွားဖို့ (သေခြင်းတရား)
၃) သေခြင်းတရား ကမ္မဋ္ဌာန်းမှ မေတ္တာကမ္မဋ္ဌာန်းသို့ ကူးပြီး ပွားများဖို့
၎) တရားအားထုတ်ရတဲ့ ရည်ရွယ်ချက်ကို မမေ့ဖို့ (အပါယ်မကျအောင်တော့ ကြိုးစားရမည်။)
၅) စာရေးသည့် အလုပ်အား တဖြည်းဖြည်း ဖြတ်ဖို့
၆) အမေ့ကို ပြုစုလုပ်ကျွေးလျှက် စိတ်ချမ်းသာအောင် ထားသွားဖို့
၇) ဖြစ်ချင်သည့် စိတ်ဆန္ဒ ပေါ်တိုင်း ကောင်းတာဆိုလျှင် အတတ်နိုင်ဆုံး လုပ်မည် ဖြစ်သော်လည်း ကိုယ်ဖြစ်ချင်တိုင်း ဖြစ်ခွင့်မရှိသော အနတ္တ သဘောကိုတော့ မေ့မထားဖို့

အနှစ်ချုပ်ရရင်တော့ ဘ၀ကို ဓမ္မဖြင့် တည်ဆောက်ဖို့ ကျွန်တော် ဆုံးဖြတ်ထားသည်။

သို့သော်.. ကျွန်တော်သည် သာမန် လူတစ်ယောက် ပုထုဇဉ် အရူးသာ ဖြစ်လို့.. အကယ်၍ ကျွန်တော့် စိတ်ကူးများ လွဲချော်ကာ အမိုက်ဓာတ်များဝင်လို့ အပေါ်ကအတိုင်း ကျွန်တော် စိတ်ကူးထားတာတွေ အနည်းနှင့် အများ မလုပ်ဖြစ်ဘဲ ရှိကောင်း ရှိနိုင်ပါသည်။ ဤသို့ ဓမ္မလမ်းကြောင်းကို သွေဖီ၍ အဓမ္မ လမ်းကြောင်းပေါ်ရောက်လို့ လမ်းမှားလိုက်နေသော လူတစ်ယောက် ကျွန်တော် ဖြစ်သွားလျှင်..၊ ဖြစ်ခဲ့လျှင်.. ကျွန်တော့်အား အားမနာတမ်း ပြောဆိုဆုံးမ သွန်သင်ပေးကြမည့် ဆရာသမားကောင်း၊ မိတ်ဆွေကောင်းများ ကိုတော့ ကျွန်တော် အထူးတောင့်တမိပါသည်။ သွန်သင်ဆုံးမ ပဲ့ပြင်ပေးကြပါရန်လည်း ယခု ဤပို့စ်ကို တဂ်သော ကိုဝိမုတ္တိသုခ နှင့်တကွ ဆရာသမားအပေါင်း၊ မိတ်ဆွေအပေါင်းကိုလည်း ရိုကျိုးစွာ မေတ္တာရပ်ခံအပ်ပါသည်။

နှစ်သစ်မှာ အားလုံးပဲ စိတ်နှလုံး အေးမြကြပါစေ။

လေးစားရိုသေ ကျေးဇူးတင်စွာဖြင့်
ဖိုးသား


ဆက်လက်ဖတ်ရှုရန်

ရက်ပေါင်း (၁၅၀) ကြာပြီးသော သူတို့စကားများ (၁)


၂၀၁၁ နှစ်သစ်မှာ ကျွန်တော့်ရဲ့  ဓမ္မမိတ်ဆွေမောင်နှမတွေကို 2011 New Year Resolution ဆိုတဲ့ခေါင်းစဉ်နှင့် ကျွန်တော် Post ရေးဖို့ Tag လုပ်ခဲ့ပါတယ်။ အဲဒီခေါင်းစဉ်နှင့် ဓမ္မမောင်နှမတွေကလည်း ကျွန်တော့်အတွက် ရေးပေးခဲ့ကြပါတယ်။ အခု ရက်ပေါင်း (၁၅၀) ဖြတ်သန်းပြီးတဲ့အချိန်မှာ မိတ်ဆွေတွေအတွက် ကိုယ်ကိုယ်တိုင်ရေးထားတာလေးတွေ အမှတ်တရပြန်ဖြစ်အောင် နှင့် ကျန်တဲ့စာဖတ်သူတွေလည်း ဖတ်ရှုနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်ခင်ဗျား။

-----------------------------------------



2011 New Year Resolution (သို့) ဓမ္မနုပဿနာ...ဆီသို့ သာ

ကိုဝိမုတ္တိ (www.vimuttisukha.com/) က ကျွန်ုပ် ရဲ့ နှစ်သစ် 2011 New Year Resolution (နှစ်သစ်ဆုံးဖြတ်ချက်) နဲ့ ပတ်သက်ပြီး ဇန်န၀ါရီ ၄ရက် လွတ်လပ်ရေးနေ့မှာ တဂ်(TAG) ထားခဲ့ပါတယ်။
ကိုဝိမုတ္တိက တချို့က နှစ်သစ်မှာ ဘာတွေ ဘယ်လိုလုပ်ဖို့ စီမံထားတယ် ....သူတို့ရှေ့ ဆက်လုပ်မည့် အစီအစဉ်များကို ထုတ်ပြန်ကြေငြာမှုတွေ ပြုလုပ်ကြတယ်ပြောပါတယ်။

ကျွန်တော်လည်း ကိုဝိမုတ္တိဆီ 2011 New Year Resolution (နှစ်သစ်ဆုံးဖြတ်ချက်) ကို ပြန်ရေးဖို့ရာ နေမကောင်းဖြစ်နေသဖြင့် တော်တော်နဲ့ ရေးမထွက်ခဲ့ပါချေ။

၁) နှစ်သစ်တိုင်းအတွက် အလိုအပ်ဆုံး

တကယ်တမ်းပြောရရင်တော့ ယခု နှစ်သစ် 2011 အတွက်သာ မကပဲ .....နှစ်သစ်တိုင်းအတွက်...(ဘ၀တစ်ခုလုံးအတွက်) ကျွန်ုပ်မှာ အရေးကြီးဆုံးသော သန္နိဋ္ဌာန်..ဆုံးဖြတ်ချက်-အစီအစဉ် (Every New Year Resolution) က ရှိနေနှင့်ပြီးဖြစ်ပါသည်။ 2011 နှစ်ဦး နေမကောင်းဖြစ်စဉ် ပေါ်လာသည့်အသိက ကျွန်ုပ်၏ ရည်မှန်းချက်ကို ပြည့်စုံအောင်လုပ်ဖို့ အတော်လိုနေသေးကြောင်း ......တတ်နိုင်သမျှ ပိုမိုကြိုးစားဖို့ လိုအပ်နေသေးကြောင်း နားလည်လာမိပါသည်။

၂) သန္နိဌါန်များ.....ကျရှုံးမှုများ နှင့် ....အောင်မြင်မှုများ

ကျွန်ုပ်တို့သည် ငယ်ရွယ်စဉ်ကျောင်းသား ဘ၀ကတည်း က ဒီနှစ်ဘာဖြစ်အောင်လုပ်မည်....နောက် နှစ်ဘာလုပ်မည်... စသည်ဖြင့် ကျွန်ုပ်တို့ စီစဉ် စိတ်ကူးလုပ်ဆောင်ခဲ့ကြဖူးလေသည်။ ထို့နောက် စီးပွားရှာသောအရွယ် တွင်လည်းကောင်း၊ လူမှုရေးလုပ်ဆောင်မှုများတွင်လည်းကောင်း တခြားသောကိစ္စများ ဆောင်ရွက်ရာတွင်လည်းကောင်း သန္နိဋ္ဌာန်များ ...အစီအစဉ်များ ရေးဆွဲ ကာ လုပ်ဆောင်ကြလေသည်။

မဆုံးနိုင်သော အစီအစဉ် သန္နိဋ္ဌာန်များ ...ချကာ လုပ်ဆောင်ရာတွင် ကျရှုံးသူများ ရှိသလို ....အောင်မြင်သွားကြသူများလည်း ရှိကြပါမည်။

ငါးတွေလည်းကူးခတ်ရင်း...ငှက်တွေလည်း ပျံသန်းရင်း သေဆုံးသွားကြသလို...
လူတွေလည်း ကြံရင်း ဖန်ရင်း....မိမိယုံကြည်ရာ ကို ရည်မှန်းချက် သန္နိဋ္ဌာန် အတိုင်း အဖန်ဖန်ကြိုးစားရင်း.... သေဆုံးသွားကြပါသည်။

..သန္နိဋ္ဌာန်အတိုင်း အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သူများလည်း ဘ၀အတွက်အလုပ်များပြီးဆုံးသွားသည် မရှိပဲ သန္နိဋ္ဌာန်နောက်တစ်ခု တစ်ခုပြီးတစ်ခု..ချမှတ်ကာ...လုပ်ဆောင်လိုက်...အဆင်ပြေလိုက်...နှင့် အဟုတ်ကြီး ဟုတ်နေသူများလည်း ရှိနေပေသည်။

၃) ထားဖူးခဲ့သော၊ ပျက်ပြယ်ခဲ့ဖူးသော ....

ကျွန်ုပ်တို့သည် တစ်ခုခုဖြစ်ဖို့၊ တစ်ဦးဦးဖြစ်ဖို့၊ ဘာဖြစ်ဖို့၊ ညာဖြစ်ဖို့၊ ဘယ်လိုလုပ်ဖို့၊ ညာလိုလုပ်ဖို့ စသည်ဖြင့် ရည်မှန်းချက်များ သန္နိဋ္ဌာန်များ ချဖူး၊...ထားဖူး၊ လုပ်ဖူး၊ ရယူဖူး၊ ပျက်ပြယ်ခဲ့ဖူးလေပြီး

ဘာသာရေးသမားဖြစ်စေ၊ စီးပွားရေးသမားပဲဖြစ်စေ၊ နိုင်ငံရေးသမားဖြစ်စေ၊ လူမှုရေးသမားဖြစ်စေ၊ သုတေသနသမားဖြစ်စေ၊ ဒုစရိုက်သမားဖြစ်စေ ကျွန်ုပ်တို့အားလုံးဟာ ရည်မှန်းချက်ထား၍ ဆုံးဖြတ်ချက်အတိုင်း အင်တိုက်အားတိုက် ကိုယ်ရောစိတ်ပါ လုပ်ဆောင်ရန် ကျွန်ုပ်တို့ လေ့လာဖူး၊ နာကြားဖူး၊ သင်ယူခဲ့ဖူးကြပါသည်။

၎) မကြားဖူးသေးသော ရည်မှန်းချက် (အဟုတ်ထင်ငြိတွယ်မှု ကင်းစေဖို့သာ)

ကိုဝိမုတ္တိရေ.....
ဒါပေမယ့် ဘာသာရေးသမားဖြစ်စေ၊ စီးပွားရေးသမားပဲဖြစ်စေ၊ နိုင်ငံရေးသမားဖြစ်စေ၊ လူမှုရေးသမားဖြစ်စေ၊ ပညာရေး သုတေသနသမားဖြစ်စေ၊ ...... (တစ်ခုခုဖြစ်ဖို့၊ တစ်ဦးဦးဖြစ်ဖို့၊ ဘာဖြစ်ဖို့၊ ညာဖြစ်ဖို့ ) ဆိုသည့် သန္နိဋ္ဌာန် ရည်မှန်းချက်များ ကိုလည်းကောင်း၊ ထိုရည်မှန်းချက်များ လုပ်ဆောင်နေမှုကိုလည်းကောင်း၊ ထိုထိုရည်မှန်းချက်များ အောင်မြင်မှု(သို့) ကျရှုံးမှုကိုလည်းကောင်း အဟုတ်ထင်ငြိတွယ်မှု ကင်းကင်းနှင့် လုပ်ရုံသက်သက်လုပ်တတ်ဖို့ သည်သာ တကယ့်ကို အရေးကြီးဆုံးဖြစ်ကြောင်း ကိုတော့ ကျွန်ုပ်တို့ ကြားတောင်မကြားဖူးကြပါချေ။

အနုပညာနယ်၊ စာပေနယ်၊ စီးပွားရေးနယ်၊ လူမှုရေးနယ်၊ နိုင်ငံရေးနယ် စသည့် ဟိုအပူ၊ ဒီအပူ၊ ဟိုအာရုံ၊ ဒီအာရုံ အာရုံနယ်ပယ်များတွင် မနေပဲ တရားအာရုံသို့ တချိန်ချိန်ပြောင်းသင့်ကြောင်း ကျွန်ုပ်တို့ ဓမ္မဘလော့ဂါများ သဘောပေါက်ကြပါသည်။

(တရားအာရုံဆိုတော့လည်း ကျွန်ုပ်တို့ သည် နားလည်သည်မှာ တည်ငြိမ်နေသောတစ်ခုခု (သို့) လှုပ်ရှားနေသောတစ်ခုခု ...ဝေဒနာဖြစ်စေ၊ ထွက်သက်ဝင်သက်ဖြစ်စေ၊ ပိန်မှုဖောင်းမှုဖြစ်စေ၊ အလင်းနိမိတ်ဖြစ်စေ၊ စကားလုံးဖြစ်စေ၊ အဓိပ္ပါယ်ဖြစ်စေ စသည့် အာရုံတစ်ခုခုတွင် စိတ်ကို စူးစိုက်နေနိုင်ရန်ကြိုးစားခြင်းလောက်ဖြင့်သာ နားလည်မှု လမ်းဆုံးသွားပါသည်။)

ဒါ့ကြောင့် ကိုဝိရေ ..ကျွန်တော်အတွက်တော့ -
စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးစသည့် ဟိုအပူ၊ ဒီအပူ၊ ဟိုအာရုံ၊ ဒီအာရုံ အာရုံများကို ရော......
တရားအာရုံဆိုသည့် တည်ငြိမ်နေသောတစ်ခုခု (သို့) လှုပ်ရှားနေသောတစ်ခုခု ...ဝေဒနာဖြစ်စေ၊ ထွက်သက်ဝင်သက်ဖြစ်စေ၊ ပိန်မှုဖောင်းမှုဖြစ်စေ၊ အလင်းနိမိတ်၊ စကားလုံးများ ၊ အသံများကို ဖြစ်စေ၊ တွေ့ကြုံရသမျှ အကောင်းအဆိုးများကို ဖြစ်စေ...ဟုတ်ထင် ငြိတွယ်မှု ကင်းရေးကိုသာ ကျွန်တော် ရဲ့ New year Resolution အဖြစ် ထားရှိကြောင်းပါ။

၅) မပြောင်းလဲသော ပြောင်းလဲခြင်းများလား

ကျွန်ုပ်တို့ ဓမ္မ ဘလော့ဂါများအပါအ၀င် ၊ spiritual ကို အလေးအနက်ထားသော ဗုဒ္ဓဘာသာဝင်အများစု၏ ကြီးမားသော Life Resolution မှာ ဦးကျော်ဟိန်းကဲ့သို့ အချိန်တစ်ခုရောက်လျှင် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးစသည့် ဟိုအပူ၊ ဒီအပူ၊ ဟိုအာရုံ၊ ဒီအာရုံ အာရုံများမှ တရားအာရုံဆိုသည့် ဘုန်းကြီးဘ၀၊ သီလရှင်ဘ၀ (သို့) သူတော်စင်ဘ၀..ယောဂီတစ်ယောက်ဘ၀ အဖြစ်သို့ ပြောင်းလဲပစ်ရန် ဖြစ်ပါသည်။

လွန်ခဲ့တဲ့ ၃-၄ လလောက်ကထင်သည်။ ဦးကျော်ဟိန်း(ရဟန်းဘ၀ဖြင့်) မှ ဆရာတော်တစ်ပါးအား သူ၏ ရောဂါဝေဒနာ RESULT နှင့် ပတ်သက်ပြီး ပူပန်နေမိသဖြင့် သူ၏အားထုတ်သော တရား လမ်း မှန် မမှန် လာရောက်မေးမြန်းသည်ကို နာကြားရလေသည်။ မိမိ၏ life RESOULTION ကို အများပြည်သူကို ချပြကာ စံနမူနာပြ လုပ်ဆောင်ပြနိုင်ခဲ့သော မင်းသားကြီးဦးကျော်ဟိန်း သည်ပင် တကယ့်အရေးမှာ မရေရာဆဲပါကလား။ လို့ ကျွန်တော် စဉ်းစားမိပါသည်။

မိမိ တွေ့ကြုံရသမျှ .....
"အောင်မြင်မှုဖြစ်ဖြစ်..ကျရှုံးမှုဖြစ်ဖြစ်၊".....
"အပူအာရုံဖြစ်ဖြစ်...အအေးအာရုံဖြစ်ဖြစ်၊"
"စာရေးရသောဘ၀ဖြစ်ဖြစ်...စာမရေးပဲနေနိုင်သောဘ၀ဖြစ်ဖြစ်"၊
"ရောဂါခံစားနေရသောဘ၀ဖြစ်ဖြစ်...ကျန်းမာနေသောဘ၀ဖြစ်ဖြစ်၊"
"သုခဝေဒနာဖြစ်ဖြစ်...ဒုက္ခဝေဒနာဖြစ်ဖြစ်၊"
"ဆူညံသောအာရုံဖြစ်ဖြစ်....တိတ်ဆိတ်သောအာရုံဖြစ်ဖြစ်၊"
"ပြေးလွှားနေသောဘ၀ဖြစ်ဖြစ်....တည်ငြိမ်နေသောဘ၀ဖြစ်ဖြစ်၊"
"ခမ်းနားသောအိမ်မှာနေသောဘ၀ဖြစ်ဖြစ်...သစ်တစ်ပင်အောက်မှာနေသောဘ၀ဖြစ်ဖြစ်"၊
"လွင့်ပါးနေသောစိတ်ဖြစ်ဖြစ်... တည်ငြိမ်နေသောစိတ်ဖြစ်ဖြစ်၊"
"တစုံတခုသောအာရုံ..(ခံစားမှု)ကို နှစ်သက်သောစိတ်ဖြစ်ဖြစ်.....မနှစ်မြို့သောစိတ်ဖြစ်ဖြစ်"
ဒါတွေက အဓိက မဟုတ်ပဲ ဒါတွေကို တကယ့်အနှစ်သာရပဲဆိုပြီး ......
အဟုတ်ထင်ငြိတွယ်နေမှု ကင်းဖို့ အရေးသည်သာ ကျွန်ုပ်တို့ ထားသင့်သော 2011 အတွက် resolution ဖြစ်သလို နှစ်သစ်တိုင်းအတွက် spiritual resolution ဖြစ်ပါသည်။

ကိုဝိရေ -
ဒီလိုပြောလို့ လောကီ ရည်မှန်းချက်တွေ ဖျက်ပစ်ရမယ်...လို့ မဆိုလိုပါဘူးခင်ဗျား။
ကျွန်ုပ်တို့ လူသားများအတွက် တခြားသော စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေး သန္နိဌါန်များ၊ ရည်မှန်းချက်များ ထားရှိရပါမယ်။
ဒါတွေဟာ ဘ၀အတွက် သုံးရုံသက်သက်သက်ရမည့် ဟာတွေ ပါ.. ။
အဟုတ်ထင်ကာ တွယ်နေရမှာမဟုတ်သလို၊ ပစ်ပယ်ရမှာလည်း မဟုတ်ပါ။

သို့ရာတွင် စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး ရည်မှန်းချက်များ အပေါ်မှာ လည်းကောင်း၊ ရရှိလာမယ့် ... ဖြစ်ပေါ်လာမယ့် အရှုံးအမြတ် အပေါ်တွင်လည်းကောင်း .......အဟုတ်ထင်ငြိတွယ်မှုကင်းရေး (သို့).....ရည်မှန်းချက်များကို (တစ်ဦးဦး-တစ်ခုခု)ကို ကိုယ်စားမပြုပဲ လုပ်ရုံသက်သက် လုပ်တတ်ဖို့ သည်သာ အဓိက အရေးကြီးဆုံးအဖြစ် ဖြစ်ကြောင်း ကို တော့ နားလည် သိရှိသူ အလွန်ရှားမည်ထင်ပါသည်။

ထိုရည်မှန်းချက် ကို ထားရှိဖို့နေနေသာ ဘာကြောင်းထားရတယ်ဆိုတာ ကြားဖူးဖို့ ...နားလည်ဖို့ပင် ခက်မည်ထင်ပါသည်။

ဒီနေရာမှာ ဒီရည်မှန်းချက်ကို ဘာကြောင့် ထားရတယ်ဆိုတာ မပြောတော့ပါ။

၆) ဘာပြောင်းလဲချင်တာလဲ ၊ ဘာဖြစ်ချင်တာလဲ၊ ဘာလုပ်မှာလဲ

ကျွန်ုပ်တို့ ဘာဖြစ်ဖို့ ...ညာဖြစ်ဖို့၊
ဒီနယ်ပယ်ကနေ.....ဟိုနယ်ပယ်သို့၊
.ဘယ်ဘ၀ကနေ...ညာဘ၀သို့၊
ဒီအခြေအနေကနေ ....ဟိုအခြေအနေဖြစ်သွားဖို့၊
ဘယ်လိုပုဂ္ဂိုလ်မျိုးကနေ ...ညာလိုပုဂ္ဂိုလ်မျိုးဖြစ်ဖို့
ဒီလို လုပ်ဆောင်မှုကနေ..ဟိုလိုလုပ်ဆောင်သွားဖို့၊
တစ်ခုခုလုပ်နေတဲ့ဘ၀ကနေ....အနားယူတော့ဖို့၊ (သို့) ဘာမှမလုပ်ရာကနေ...တစ်ခုခုလုပ်ဖို့၊ ဘယ်လိုချမ်းသာမှုကနေ....ညာလိုချမ်းသာမှုဖြစ်ဖို့ ...
ဘယ်လို ဆိုးရွားတဲ့အခြေအနေကနေ ကောင်းမွန်တဲ့အခြေအနေဖြစ်ဖို့ စတာတွေကို အဓိက ရည်မှန်းချက်ထား လုပ်ဆောင်ခဲ့ဖူးသလို ရည်မှန်းချက်များပြည့်ဝခဲ့ဖူး...(သို့) ရည်မှန်းချက်များပျက်ပြယ် စိတ်ညစ်ခဲ့ဖူးလေပြီ။
ကျွန်ုပ်တို့ ရည်မှန်းချက်ပြည့်ဝမှုများကိုလည်း ယခုတိုင် အဟုတ်ထင် မက်မောဆဲ၊
ရည်မှန်းချက်များ ပျက်ပြယ်သွားမှုကိုလည်း အဟုတ်ထင် ထိတ်လန့်နေဆဲ။

ဘာဖြစ် ညာဖြစ်ဆိုတဲ့၊ ဘာ ဘ၀ ညာဘ၀ဆိုတဲ့၊ ဒီအခြေအနေ ဟိုအခြေအနေဆိုတဲ့၊ ဘာချမ်းသာ..ညာချမ်းသာဆိုတဲ့ တစ်ခုခုသော ဒီရည်မှန်းချက်တွေ..တနည်းအားဖြင့် ကာယ-၀စီ-မနောနဲ့ ပတ်သက်တဲ့ ခံစားမှုတွေ-ဆင်းရဲ-ချမ်းသာအောင်မြင်မှုတွေကို အဟုတ်ထင်ပြီး ကြိုးစားနေမှု...
နှင့်
-ကာယ- ၀စီ-မနောနဲ့ ပတ်သက်တဲ့ ခံစားမှုတွေ-ဆင်းရဲ-ချမ်းသာအောင်မြင်မှုတွေ....
ဘာဖြစ် ညာဖြစ်ဆိုတာတွေကို
အဟုတ်ထင်ငြိတွယ်မှု ကင်းကင်း နှင့် လုပ်ရုံသက်သက် လုပ်တတ်ဖို့ ရည်မှန်းချက်ထားလုပ်ဆာင်ခြင်း တို့ ရဲ့ ဘာကွာခြားသလဲဆိုတာကို
ရည်ရွယ်ချက် ပြောင်းကြည့်သူ ၊ ပြောင်းကြည့်ရန်ကြိုးစားကြည့်သူမှ သာ နားလည်နိုင်ပေမည်။

ကျွန်ုပ်၏ resolution ရည်မှန်းချက်ပြည့်မပြည့်တော့ မသေချာသေးပေမယ့်။ ကျွန်ုပ်ရည်မှန်းချက်ကို နားမလည်သူတချို့တို့ ရှိမှာသေချာနေပေသည်.။
ကျွန်ုပ်၏ ဓမ္မဘလော့ဂါမိတ်ဆွေများအကြေား ကျွန်ုပ်နှင့် ရည်မှန်းချက်တူသူ ရှိမရှိ မသေချာပေမယ့်
ကျွန်ုပ်ရည်မှန်းချက်ကို ဘယ်လိုပြည့်အောင် လုပ်ရမလဲဆိုတဲ့ နည်းလမ်းကိုတော့ သိလိုသူ အလွန်ရှားမှာ သေချာပေသည်။
မည်သို့ပင်ဖြစ်စေ...ကျွန်ုပ်ရည်မှန်းချက် 2011 နှစ်သစ်အတွက် resolution လို့ပဲပြောပြော နှစ်သစ်တိုင်းအတွက် life resolution လို့ပဲ ဆိုဆို ဒီ resolution ဟာ ကျွန်ုပ်အတွက် အချိန် အကန့်အသတ်မဲ့ သော တစိုက်မတ်မတ် ကြိုးစားရန်လိုသော (ကျွန်တော့်အတွက်တော့) အကြီးကျယ်ဆုံးသော ရည်မှန်းချက်ပဲ ဖြစ်ပါတော့သည်။




Bonus


ကျွန်ုပ်၏ 2011 resolution or life resolution ကို နားလည်ရန်အတွက်
သင့်ကို အကူအညီပေးမည့် စကားလုံးတချို့ ...


၁) သူတပါး အပြစ်ကို ရှာဖွေ စိစစ်နေမှု ထက်
ကိုယ့်စိတ် ကိုယ်စစ် ဖို့ က ပိုမို အရေးကြီးပါ၏...
ကိုယ့်စိတ် ကိုယ်စစ်ဖို့ထက်.. ပိုမိုအရေးကြီးသည်မှာ..
ကိုယ့်စိတ်၊ သူတပါးစိတ်အဖြစ် ခွဲခြားသတ်မှတ်နေမှု၊
ငါ့ရည်မှန်းချက်၊ ငါ့ဆုံးဖြတ်ချက်၊
ငါ့စိတ်၊ သူ့စိတ်၊ တစ်ဦးဦးပိုင်စိတ် အဖြစ် အဟုတ်ထင်ငြိတွယ်နေမှု
အထင်မှားနေမှု (အ၀ိဇ္ဇာ-သမုဒယသစ္စာ) ပဲ ဖြစ်နေခြင်း ကို
မမေ့ဖို့ - သတိရနေဖို့ - သတိထားနေဖို့ပါ ....

၂) ဝေဒနာ နဲ့ ငါ မရောဖို့ အရေးကြီးပါ၏.
ကိုယ်နာ သော်လည်း စိတ်မနာ ပဲ နေနိုင်ဖို့ လိုအပ်ကြောင်း -
ကျွန်ုပ် သိနားလည်ခဲ့ပြီး ပါပြီ။
နားလည်ဖို့ ထပ်မံ လိုအပ်နေသည်မှာ ....
ကိုယ်နာကျင်မှု-ဝေဒနာကို လည်းကောင်း
စိတ်နာကျင်မှု-စိတ်ခံစားမှု-ဝေဒနာတို့ကိုလည်းကောင်း
ခံစားနေရသောငါ (သို့) မခံစားရသောငါ အဖြစ် ကိုလည်းကောင်း
-တကယ့်အရှိပဲ ဆိုပြီး အထင်မှားနေမှု၊
-အတည်ယူနေမှု၊
-အဟုတ်ထင်ငြိတွယ်နေမှု
ပဲ တကယ်ဖြစ်နေတာ ကို မမေ့ဖို့
အမြဲမပြတ် သတိထား-သတိရနေဖို့ ပါ ....

၃) ၀င်လေ-ထွက်လေ (သို့) ပိန်မှု-ဖောင်းမှု စသည်ဖြင့် ရုပ် တစ်ခုခု သည်လည်းကောင်း..
မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ ကြံတွေးစိတ် စသည့် စိတ် တို့သည်လည်းကောင်း၊
အကောင်းအဆိုး ခံစားချက် ၊ စသည်ဖြင့် ဝေဒနာ တစ်ခုခု တို့သည်လည်းကောင်း ဖြစ်ပြီး ပျက်ပျက်နေသောကြောင့် အတည်ယူလို့ မရပါ။
တရားခံက ရုပ်တွေ၊ စိတ်တွေ၊ ဝေဒနာတွေ ဆိုတဲ့ တစ်ခုခုတွေ မဟုတ်ဘဲ..
ဒီ-ရုပ်တွေ၊ စိတ်တွေ၊ ဝေဒနာတွေ၊ တစ်ခုခုတွေ ကို အချိန်တစ်ခုကြာ တကယ် ရှိနေ၊ တကယ်ဖြစ်နေတာ ဟူ၍
အထင်မှားအောင် ဖန်တီးပြုလုပ်နေမှု (အ၀ိဇ္ဇာ၊သင်္ခါရ)ပဲဆိုတာ နှလုံးသားထဲက ခြွင်းချက်မရှိ နားလည်ထောက်ခံ .သွားနိုင်ဖို့ပါ........

ယခု ဤပို့စ်ကို တဂ်သော ကိုဝိမုတ္တိသုခ နှင့်တကွ မိတ်ဆွေအပေါင်းကိုလည်း ရိုကျိုးစွာ နှစ်သစ်မှာ အားလုံးပဲ စိတ်နှလုံး အေးမြကြပါစေ။


မေတ္တာဖြင့်
စိုးဝင်းထွဋ်
www.trueanswer.co.cc
www.onlymiddleway.co.cc

ဆက်လက်ဖတ်ရှုရန်

မြစ်တစ်စင်း၌ သက်ဝင်ခြင်း

ညီရေ....

ညီ့ရဲ့  ဒီတစ်ခေါက်မွေးနေ့တော့ အစောပိုင်းတုန်းက ပြောထားခဲ့သလို အကို ပုံပြင်လေးတွေနှင့် စလိုက်ချင်ပါတယ်။ ညီက မကြာခင်မှာ မြန်မာပြည်ပြန်ပြီး တာဝန်ထမ်းဆောင်တော့မယ့်သူဆိုတော့ အခုပြောပြမယ့် ပုံပြင်က ညီ့အတွက် အသုံးတည့်ကောင်း တည့်နိုင်ပါတယ်။

တစ်ခါက အိမ်လေးတစ်လုံးမှာ မိသားစုဝင်တွေ အများကြီးနေထိုင်ကြတယ်တဲ့။ သူတို့တွေအပြင် သူတို့မွေးထားတဲ့ ခွေးရယ်၊ ကြောင်ရယ်၊ ကြက်ရယ်၊ ဘဲရယ်၊ ၀က်ရယ်ဟာလည်း အဲဒီအိမ်ထဲမှာပဲ လူတွေနှင့်အတူတူရောပြီး နေကြပါတယ်တဲ့။ ဒီအခါမှာ အိမ်ထောင်ဦးစီးလုပ်တဲ့ ယောကျာ်းက “အင်း....ငါ့အိမ်လေးက သေးသေးလေးနှင့် နေတဲ့သူတွေက များတော့ နေရထိုင်ရတာ ကျဉ်းကျပ်နေတယ်။ ဘာလုပ်ရင် ကောင်းမလဲ” ဆိုပြီး တွေးသတဲ့။ နောက်ဆုံးတော့ အကြံဉာဏ်တောင်းဖို့ ပညာရှိတစ်ယောက်ဆီကို ထွက်လာခဲ့တယ်။ အဲဒီ ပညာရှိဆီကို ရောက်တော့ အကျိုးအကြောင်းပြောပြပြီး အကြံဉာဏ်တောင်းခံတယ်ပေါ့။ ဒီအခါမှာ ပညာရှိက အဲဒီယောကျာ်းကို အိမ်ကြီးကြီး၊ ခြံကျယ်ကျယ်နှင့်ပြောင်းနေဖို့ အကြံပေးတယ်၊ ယောကျာ်းက သူငွေကြေး မတတ်နိုင်ကြောင်း ပြောတယ်။ ဒါဆို မိသားစုထဲက တချို့ ကို တခြားပြောင်းပြီးထားဖို့ ပြောတယ်။ ဒါလည်း မဖြစ်နိုင်ကြောင်းပြန်ဖြေတယ်။ ဒါဖြစ်ရင် မွေးထားတဲ့ တိရစ္ဆာန်တွေကို တစ်နည်းနည်းနှင့် လျှော့လိုက်ဖို့ပြောတယ်။ ဒါလည်း မဖြစ်နိုင်ကြောင်း ယောကျာ်းက ပြန်ဖြေတယ်။ နောက်ဆုံးတော့ ပညာရှိက ဒီလိုဖြစ်ရင် အဲဒီအိမ်ထဲမှာ နောက်ထပ် နွားတစ်ကောင်ရယ်၊ သိုးတစ်ကောင်ရယ်၊ ဆိတ်တစ်ကောင်ရယ် ထပ်ပြီး မွေးဖို့ အကြံပေးတယ်။ အဲဒီလိုမွေးပြီးလို့ နှစ်ပတ်လောက်ကြာရင် သူ့ဆီပြန်လာပြီး အကျိုးအကြောင်းပြောဖို့လည်း မှာလိုက်တယ်။

အိမ်ရှင်ယောကျာ်းလည်း ပညာရှိပြောတဲ့အတိုင်း နောက်ထပ် နွားရယ်၊ သိုးရယ်၊ ဆိတ်ရယ်ကို ထပ်ပြီး အိမ်ထဲမှာ မွေးလိုက်တယ်တဲ့။ နဂိုကမှ ကျပ်နေတဲ့အိမ်မှာ နောက်ထပ် တိရစ္ဆာန်တွေထပ်မွေးလိုက်တော့ ပိုပြီးတော့ ကျပ်သွားတာပေါ့။ ဒါနဲ့ နှစ်ပတ်နေတော့ အိမ်ရှင်ယောကျာ်းဟာ ပညာရှိဆီကို ပြန်သွားပြောသတဲ့။ သူ့အိမ်ဟာ အရင်ကထက် ပိုပြီးကျပ်သွားပါပြီ။ လှည့်လို့ ပြုလို့တောင် မရနိုင်အောင်ဖြစ်နေပါပြီလို့ ပြောတာပေါ့။ ဒီတော့ ပညာရှိလုပ်တဲ့သူက ဒါဆိုရင် နောက်ဆုံးမွေးထားတဲ့ နွားရယ်၊ သိုးရယ်၊ ဆိတ်ရယ်ကို ပြန်ပြီး ရောင်းလိုက်တော့လို့ ပြောသတဲ့။ အိမ်ရှင်ယောကျာ်းလည်း ပညာရှိပြောလိုက်တဲ့အတိုင်း နောက်ဆုံးမွေးထားတဲ့ အကောင် သုံးကောင်ကို ပြန်ပြီးရောင်းလိုက်တယ်။ အဲဒီလို အကောင်တွေ ရောင်းလိုက်ပြီးတဲ့အခါမှာတော့ သူ့အိမ်ဟာ နေလို့ထိုင်လို့ တအားကောင်းသွားပြီး သိသိသာသာကြီးကို ချောင်ချိသွားတာကို ခံစားလိုက်ရပါတော့တယ်တဲ့။

ညီရေ ပထမပုံပြင်လေးကတော့ ဒီလောက်ပါဘဲနော်။ ညီလည်း တကယ်လို့ တစ်ချိန်ချိန်မှာ ယူထားရတဲ့ တာဝန်ဝတ္တရားတွေ တအားများနေပြီလို့ ကိုယ့်ဖာသာထင်တဲ့အခါကျရင် ဒီပုံပြင်လေးထဲကအတိုင်း နွားရယ်၊ သိုးရယ်၊ ဆိတ်ရယ် ထပ်ပြီးဝယ်ကြည့်လိုက်ပါလို့ အကို အကြံပေးချင်ပါတယ်။

ညီ့ကို နောက်ထပ် ပုံပြင်တစ်ပုဒ်ထပ်ပြောပြအုံးမယ်
တခါတုန်းက နွားကျောင်းသားတစ်ယောက်ဟာ နေ့တိုင်း တောအုပ်လေးတစ်ခုနားက မြက်ခင်းစားကျက်ကောင်းကောင်းရှိတဲ့နေရာမှာ သူ့နွားတွေကို အမြဲကျောင်းလေ့ရှိသတဲ့။ အဲဒီနေရာရောက်ရင်လည်း သူက သစ်ပင်ရိပ်ကောင်းကောင်းတစ်ခုအောက်မှာ ခဏလောက် အိပ်တတ်တယ်တဲ့။ သူအိပ်နေတဲ့အချိန်မှာ နွားတွေ လျှောက်ထွက်မသွားရအောင် နွားတွေကိုလည်း သစ်ပင်တွေမှာ ကြိုးရှည်ရှည်နှင့် ချည်ထားတတ်တယ်တဲ့။ တစ်ရက်တော့ သူဟာ လုပ်နေကျအတိုင်း နွားတွေကို သစ်ပင်တွေမှာ ချည်ဖို့လုပ်တော့ နွားတစ်ကောင်အတွက် ချည်စရာကြိုး မေ့ပြီး ပါမလာတာ သတိထားမိလိုက်တယ်။ ကျန်တဲ့နွားတွေအကုန်ချည်ပြီးကာမှ ဒီတစ်ကောင်ထဲ ကွက်ကျန်နေတော့ သူဘာလုပ်ရမှန်းမသိဘူးဖြစ်သွားတယ်။ သူအကြံအိုက်နေတုန်းမှာ အဲဒီအနားကို တောအုပ်ထဲမှာ နေတဲ့ ပညာရှိတစ်ယောက်ဖြတ်သွားတာနှင့်ကြုံတာနှင့် အဲဒီပညာရှိပုဂ္ဂိုလ်ကို လှမ်းခေါ်ပြီး အကြံဉာဏ်တောင်းခံသတဲ့။ ဒီတော့ ပညာရှိက “ဒါမခက်ပါဘူး။ နေ့တိုင်းလုပ်နေကျအတိုင်းဘဲ အဲဒီနွားရဲ့ လည်ပင်းမှာ ကြိုးချည်သလိုလုပ်၊ နောက်သစ်ပင်မှာ ချည်သလိုလုပ်။ ဒါဆို အဲဒီနွား ဘယ်မှ ထွက်မသွားတော့ပါဘူး” လို့ အကြံပေးတယ်။ ဒါနဲ့ နွားကျောင်းသားလည်း ပညာရှိပေးတဲ့အကြံအတိုင်း နွားလည်ပင်းမှာ ကြိုးချည်ဟန်ဆောင်၊ သစ်ပင်မှာ အဲဒီကြိုးကို ချည်ဟန်ဆောင်လိုက်တယ်တဲ့။ ဒီအခါ နွားက သူ့ကို နေ့တိုင်းလုပ်နေကျ သစ်ပင်မှာ ကြိုးနှင့်ချည်ထားတယ်လို့ပဲ ယူဆပြီး အဲဒီသစ်ပင်နားက ဘယ်မှထွက်မသွားပဲ အေးအေးလူလူထိုင်ပြီး စားမြုပ်ပြန်နေတော့တာပေါ့။ ဒီတော့ နွားကျောင်းသားလည်း ဟန်ကျပြီဆိုပြီး ပုံမှန် အိပ်နေကျအတိုင်း သစ်ပင်အောက်မှာ စိတ်ချလက်ချနှင့် တစ်ရေးတစ်မော အိပ်လိုက်တော့တယ်တဲ့။

ညနေ အိပ်ယာကနိုးလို့ နွားတွေကို အိမ်ပြန်ကျောင်းရတော့မယ့်အချိန် ရောက်တော့ သစ်ပင်တွေမှာချည်ထားတဲ့ကြိုးတွေကို လိုက်ပြီးဖြေပေးတာပေါ့။ ကြိုးမချည်ထားတဲ့နွားကတော့ ဘာမှ လုပ်စရာမလိုဘူးပေါ့။ ဒါပေမယ့် နွားအားလုံးအသီးသီး အိမ်ဘက်လှည့်ပြန်ကြချိန်မှာတော့ ခုနကြိုးမချည်ထားတဲ့နွားက သစ်ပင်အောက်မှာဘဲ ဘယ်မှမသွားဘဲ ဆက်ပြီးထိုင်နေတယ်တဲ့။ သူ့ကို အတင်းမောင်းလည်း မထဘူးတဲ့။ ဒါနဲ့ နွားကျောင်းသားလည်း ဘာလုပ်ရမှန်းမသိတော့လို့ ပညာရှိဆီကို ပြေးမေးရသတဲ့။ ဘာလုပ်ရမလဲပေါ့။


ဒီတော့ ပညာရှိက ခုန သစ်ပင်မှာ နွားကို ကြိုးချည်ဟန်ဆောင်ခဲ့သလိုမျိုးဘဲ အခု တစ်ခါမှာ ကြိုးဖြေဟန်ဆောင်လိုက်ဖို့ ပြောလိုက်တယ်။ နွားကျောင်းသားလည်း ပညာရှိမှာလိုက်သလို နွားကို သစ်ပင်ကနေ ကြိုးဖြေလိုက်ဟန် လုပ်ပေးလိုက်ပြီး သွားခိုင်းတော့မှ နွားဟာ ထိုင်နေရာကနေ ထပြီး တခြားနွားတွေနှင့်အတူရောပြီး အိမ်ပြန်ပါတော့တယ်တဲ့။

ဒုတိယပုံပြင်လေးကတော့ ဒီလောက်ပါဘဲ ညီရေ။ အကိုတို့ ညီတို့တွေလည်း ဘ၀မှာ ဒီနွားလိုမျိုး အကျင့်ပါနေလို့ ကြိုးအဖြေထိုင်စောင့်နေမိတာတွေဘယ်လောက်ရှိမလဲမသိဘူးနော်။


နောက်ဆုံးအနေနှင့်တော့ ထုံးစံအတိုင်း ဘာသာရေးလေး နည်းနည်းပြောတာပေါ့ ညီရာ။
အကိုတို့ တွေအားလုံးဟာ စိတ်ချမ်းသာမှု၊ စိတ်ငြိမ်းချမ်းမှုကို လိုချင်ကြတယ်။ အဲဒါကို ရဖို့အတွက်လည်း နည်းအမျိုးမျိုးနှင့်ကြိုးစားနေကြတယ်။ နောက်ပြီး ပြောတတ်ကြတယ်။ ငါစိတ်ချမ်းသာတယ်။ သူက ငါ့ကိုစိတ်ချမ်းသာအောင်လုပ်ပေးတယ်။ ငါ စိတ်ချမ်းသာချင်တယ်။ ငါက သူ့ကို စိတ်ချမ်းသာစေချင်တယ်။ စသည်ဖြင့်ပေါ့။ တကယ်တော့ စိတ်ချမ်းသာမှု၊ ငြိမ်းချမ်းမှုဆိုတာ သဘာဝတရားတစ်ခုသာဖြစ်လို့ လုပ်ယူလို့ မရပါဘူး။ တစ်ယောက်ကနေ အခြားတစ်ယောက်ကို လုပ်ပေးလို့လည်း မရပါဘူး။ လုံလောက်တဲ့အကြောင်းတွေ တိုက်ဆိုင်မှသာ သူ့ဖာသာသူ ပေါ်ပေါက်တတ်တဲ့ သဘောတစ်ခုသာဖြစ်ပါတယ်။ ငြိမ်းချမ်းမှု၊ စိတ်ချမ်းသာမှုကို ကြိုက်နှစ်သက်လိုချင်နေတဲ့စိတ်အခြေခံကိုက အဲဒီ ငြိမ်းချမ်းမှုနှင့် ဝေးစေတယ်လို့ဆိုပါတယ်။

ဒါနှင့်ပတ်သက်ပြီး တရားပြဆရာတစ်ဦး ရှင်းပြထားတာလေးကို တဆင့်ဖောက်သည်ချချင်ပါတယ်။ သူက ဥပမာပေးတာက I like peace ဆိုတဲ့ ၀ါကျမှာ စစချင်း I ဆိုတာကို စဖယ်လိုက်ပါတဲ့။ ဒါဆိုရင် like peace ဆိုတာပဲ ကျန်ပါမယ်တဲ့။ အဲဒီကနေတခါ like ဆိုတာကိုပါ ထပ်ဖယ်ပါတဲ့။ ဒါဆိုရင် နောက်ဆုံးမှာ peace ဆိုတာပဲကျန်တော့မယ်လို့ ပြောပါတယ်။

ညီလည်း အခုဒီဘက်နှစ်တွေထဲမှာ တရားတွေကို စာတွေ့ရော၊ လက်တွေ့ရော လေ့လာအားထုတ်နေတဲ့သူမို့ ဒီဥပမာလေး ဘာဆိုလိုတယ်ဆိုတာကို သဘောပေါက်ပြီးသားဖြစ်လိမ့်မယ်လို့ အကိုယုံကြည်ပါတယ်ညီရေ။

ကဲ ညီရေ။ ညီ့ရဲ့  (၂၆)နှစ်ပြည့်မြောက်တဲ့မွေးနေ့အတွက် အကို့ရဲ့ အမှတ်တရလက်ဆောင်ကို ဒီလောက်နှင့်ပဲ ကျေနပ်ရောင့်ရဲပေးပါလို့...။


ညီငယ် တစ်ယောက် မွေးနေ့ပေါင်းများစွာကို တည်ငြိမ်ရင့်ကျက်အေးချမ်းစွာ ဖြတ်သန်းကျော်လွှားနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း....

ခင်မင်စွာဖြင့်
ဝိမုတ္တိသုခ
၂၀၁၁၊ မေလ ၃၀ ရက်။

ညီငယ် ဖိုးသား (အဖြူရောင်မေတ္တာ) ရဲ့  အသက် (၂၆) နှစ်မြောက် မွေးနေ့ အမှတ်တရ လက်ဆောင်အဖြစ် ရေးပေးခြင်း ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

ဂဏန်း (၅) လုံး ဓမ္မပူဇာ

ဂဏန်း (၅) လုံး ဓမ္မပူဇာ

`တစ်`ကြောင်းတည်းသော သတိပဋ္ဌာန် မဂ္ဂင်လမ်းဖြင့်
ရုပ်နာမ် `နှစ်`ပါးကို အရှုခံထားကာ
အနိစ္စ၊ ဒုက္ခ၊ အနတ္တတရား `သုံး`ပါး တို့ကို လက္ခဏာတင်ပြီး
သစ္စာ `လေး`ပါး ကိုတပြိုင်တည်း ထိုးထွင်းသိမြင်နိုင်သော
ခန္ဓာ `ငါး`ပါးတရားအပေါင်းအစုတို့ ချုပ်ငြိမ်းရာ အရပ်ဆီသို့ ရောက်အောင်
ကျင့်ကြံပွားများအားထုတ်နိုင်သူ ဖြစ်ပါစေကြောင်း......

အရှင်ဘုရားရဲ့  သက်တော် (၃၃)နှစ်မြောက် မွေးနေ့အမှတ်တရ ဓမ္မပူဇာအဖြစ် မေတ္တာပို့သ ဆုမွန်ကောင်းတောင်းအပ်ပါသည် ဘုရား။

အရှင်တိက္ခဉာဏလင်္ကာရ (www.tknn.org) အတွက် မွေးနေ့အမှတ်တရ ရေးသားပူဇော်ခြင်းဖြစ်ပါသည်။

ရိုသေစွာဖြင့်
ဝိမုတ္တိသုခ
၂၀၁၁၊ မေလ ၂၇ ရက်။
ဆက်လက်ဖတ်ရှုရန်