Thursday, March 24, 2011

ဗန်းမော်ဆရာတော်ဘုရားကြီး ၏ သမ္ဗုဒ္ဓေ ဂါထာတော်ကြီး ရှင်းပြချက်




သမ္ဗုဒ္ဓေ ဂါထာတော်ကြီး

သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊
(သမ်ဗုတ်ဓေ အထဝီသင်စ)
ဒွါဒသဉ္စ သဟဿကေ၊
(ဒွါဒသင်စ သဟသကေ)
ပဉ္စဿတ သဟဿာနိ၊
(ပင်စ သတ်တာ သဟသာနိ)
နမာမိ သိရသာမဟံ။
(နမာမိ သိရသာမဟံ)
အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊
(အပ်ပကာ ဝါလုကာ ဂင်ဂါ)
အနန္တာ နိဗ္ဗုတာ ဇိနာ၊
( အနန်တာ နိတ်ဗုတာ ဇိနာ)
တေသံ ဓမ္မဉ္စ သံဃဉ္စ၊
(တေသံ ဓမ်မင်စ သံဃင်စ)
အာဒရေန နမာမဟံ။
(အာဒရေန နမာမဟံ)
နမက္ကာရာ နုဘာဝေန၊
(နမက်ကာရာ နုဘာဝေန)
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊
(ဟိတွာ သတ်ဗေ ဥပတ်ဒဝေ)
အနေက အန္တရာယာပိ၊
(အနေက အန်တရာယာပိ)
ဝိနဿန္တု အသေသတော။
(ဝိနတ်သန်တု အသေသတော)

ဆရာတော်ကြီး တိုကျိုမြို့ ၊ နိပိုရီသုဿန်သို့ မေတ္တာပို့ရန် ကြွရောက်တော်မူလာစဉ်

အေး.. သမ္ဗုဒ္ဓေ ဆိုတာ ဘုရားရှင်တို့ကို အဋ္ဌ၀ီသဉ္စ ဆိုတာ အဋ္ဌက (၈) ဝီသဉ္စက (၂၀)။ (၈)(၂၀) ဆိုတော့ (၂၈) ပေါ့။ နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်တို့ကို နမာမိ သိရသာ မဟံ ၊ မဟံ တပည့်တော်သည် သိရသာ ဦးခေါင်းတော်ဖြင့် နမာမိ ရှိခိုးပါ၏။ ဘုန်းဘုန်းရှိခိုးတာလေးကြည့်စမ်းအုံး။ ဦးခေါင်းဖြင့်ရှိခိုးပါ၏ ဆိုတာ ရှိခိုးပြစမ်းပါ။

အေး…အဲဒီလို ရှိခိုးတာကို ခေါင်းဖြင့်ရှိခိုးတယ်လို ခေါ်တယ်နော်။ ဟောဒီလိုရှိခိုးတာကျတော့ လက်အုပ်ချီ၍ ရှိခိုးပါ၏။ ဟုတ်လား။ ဟောဒါကြတော့ လက်ဆယ်စုံ ထိပ်မှာမိုး၍ ရှိခိုးပါ၏။ ဒီခေါင်းပေါ်ကို လက် (၁၀)ချောင်းတင်လိုက်တာ ။ (မှန်လှပါဘုရား) ။ နတ်တွေ ဗြဟ္မာတွေ ရှိခိုးတာနည်းက အဲဒီလို ရှိခိုးတာနော်။ နတ်တွေ ဗြဟ္မာတွေက ဟောဒီလို ရှိခိုးတာ။ အဲဒီလိုရှိခိုးတဲ့ရုပ်ပုံတွေ မြင်ဖူးကြလား။ (မြင်ဖူးပါတယ်ဘုရား)။ ဘယ်မှာ မြင်ဖူးတုန်း။ အဲဒီလို ရှိခိုးတာတွေ အညာမှာတော့ ကောင်းမှုတော် ဆိုတဲ့စေတီကြီး မြင်ဖူးကြလား။ (မြင်ဖူးပါတယ်ဘုရား)။ အကြီးကြီးလေ ဒီလိုကြီး အဲဒီလို ပုံကြီး။ အဲဒီ ကောင်းမှုတော်စေတီကြီးဘေးမှာ နတ်ရုပ်တွေ၊ ဗြဟ္မာရုပ်တွေ ဒီလိုကြီးတွေ ရှိခိုးနေကြတာနော်။ အဲဒီနားရောက်တဲ့အခါ ဝင်ကြည့်ကြပေါ့။

အေး…ထားကြပါစို့။ ဘုရားပေါင်း ၂၈ ဆူကို ခေါင်းဖြင့်ရှိခိုးပါ၏။ ပြီးတော့ ဒွါဒသဉ္စ သဟဿကေ ဒွါဒသ ဆိုတာ ၁၂ သဟဿ ဆိုတာ ၁၀၀၀။ ၁၂ နဲ့ ၁၀၀၀ နဲ့ မြှောက်စမ်းပါ။ ၁၂၀၀၀ အေး.. ဒွါဒသဉ္စ သဟဿကေ ၁၂၀၀၀ သော ဘုရားရှင်တို့ကို့ နမာမိ သိရသာ မဟံ တပည့်တော်သည် ဦးခေါင်းတော်ဖြင့် ရှိခိုးပါ၏ ဘုရား။ ဘုရားပေါင်း ဘယ်လောက်ရှိခိုးလိုက်လဲ၊ ၁၂၀၀၀ ၊ ပြီးတော့မှ ပဉ္စသတ သဟဿာနိ ပဉ္စ က ၅ သတ က ၁၀၀ နော်။ ၅ နဲ့ ၁၀၀ နဲ့မြှောက် ၅၀၀။ သဟဿာနိ က ၁၀၀၀နော်။ ၅၀၀ နဲ့ ၁၀၀၀ နဲ့မြှောက် ၅ သိန်း။ ပဉ္စသတ သဟဿာနိ ၅ သိန်းသော ဘုရားရှင်တို့ကို့ နမာမိ သိရသာ မဟံ တပည့်တော်သည် ဦးခေါင်းတော်ဖြင့် ရှိခိုးပါ၏ ဘုရား။ အဲဒီတော့ ဘုရားပေါင်း ၅၁၂၀၂၈ ဆူ။ ဘုရားပေါင်း ဘယ်လောက်ရှိခိုးတာလဲ။ (၅၁၂၀၂၈ ဆူ)။ အေး ဘုရားပေါင်း ၅၁၂၀၂၈ ဆူ ထေရီအပဒါန ဒီပနီ ဆိုတဲ့ ကျမ်းထဲမယ် အဲဒါအပြည့်အစုံပါတယ်။

ဘုန်းဘုန်းဝတ္ထုအကြောင်းလေးပြောပြပါမယ်။ ဒီကမ္ဘာက ပြန်ပြီးနောက်ပြန်ရေလိုက်တဲ့အခါ သင်္ချေ (၂၀) နဲ့ ကမ္ဘာတစ်သိန်းထက်မယ်၊ ဘယ်လောက်ကြာတုန်း။ ကမ္ဘာပေါင်း သင်္ချေ (၂၀)နဲ့ ကမ္ဘာ တစ်သိန်း၊ အဲဒီမယ် ဒီပင်္ကရာ ဆိုတာပွင့်တော်မူတယ်။ ဘာဘုရားပွင့်တော်မူလဲ။ (ဒီပင်္ကရာဘုရား) ။ ဒီပင်္ကရာ နှစ်ဆူရှိတယ်။ သင်္ချေ (၂၀)နဲ့ ကမ္ဘာ တစ်သိန်းထက်ပွင့်တဲ့ ဒီပင်္ကရာကို အရင်ကျလို့ ပေါရာဏ ဒီပင်္ကရာတဲ့။ သုမေဓာရသေ့လေးကို ဗျာဒိတ်ပေးတာက ဗျာဒိတ်ပေး ဒီပင်္ကရာတဲ့။ ဒီပင်္ကရာဘယ်နှစ်ဆူရှိလဲ။ (နှစ်ဆူရှိပါတယ်ဘုရား)။ ဘာတဲ့တုန်း။ (ပေါရာဏ ဒီပင်္ကရာ နဲ့ ဗျာဒိတ်ပေး ဒီပင်္ကရာ) ။ အေး ပေါရာဏဒီပင်္ကရာဘုရားလက်ထက် ဘုရင် သမီးတော်လေးတစ်ပါးရှိသတဲ့။ သူ့ကို ဘုံခုနှစ်ဆင့်ရှိတဲ့ ပြသဒ်ထဲမယ် သူ့ကိုတပင်တိုင် မြနန်းထားတယ်ပေါ့။ ရှေးတုန်းကတော့ တပင်တိုင်မြနန်းလို့ ရှိသေးတယ်။ ဒီပြင့်လူတွေ ယောက်ျားလေးတွေ မဝင်ရဘူး။ မိန်းကလေးတွေချည်းထားတယ်။ နောက်တက်မယ့်မင်းရဲ့ မိဖုရားဖြစ်အောင်လို့ သူ့ကိုတပင်တိုင်မြနန်းနဲ့ထားတယ်။ အဲဒီမင်းသမီလေးက ဟိုးအထက်ဆုံးအထပ်ကနေပြီးတော့ ဒီလိုလေး လှည့်ပတ်ပြီးတော့ မြို့ ကိုကြည့်တာ ညနေကြီး ဦးဇင်းလေးတစ်ပါး ဆွမ်းခံလို့တဲ့ဗျာ။ ဟိုက ဦးဇင်းလေး ညနေကြီးဆွမ်းခံနေတယ် သွား..သွား..သွား ပင့်စမ်းဆိုတော့ ပင်လိုက်လို့ ရောက်လာတော့ ဦးဇင်းလေး သူများတွေ မနက်ဆွမ်းခံ ဦးဇင်းလေး ညနေကြီးဆွမ်းခံသလား။ ညဆွမ်းစားသလားလို့မေးသတဲ့။ သမီးတော်လေးရယ် ကြည့်ပါဆိုပြီးတော့ သပိတ်လှပ်ပြတယ်။ သပိတ်ထဲမယ် ဆီတွေဘဲပါတယ်။ ဆွမ်းတွေဆွမ်းရံတွေ မပါဘူးလို့ ပြောသတဲ့။ ဘာလို့ ဆီတွေဘဲအလှူခံတာတုန်း။ သူများချက်ပြီးပြုတ်ပြီးသား စားနေတာ ဆီဘာလုပ်ဖို့တုန်း။ အဲဒီတော့ ဦးဇင်းလေးက သမီးတော်လေးရယ် ညကျတော့ ကျောင်းတိုက်ထဲမှောင်လို့ပါ၊ ဆီမီးလေးပူဇော်ပြီးတော့ ဦးဇင်းတွေ၊ ကိုယ်တော်တွေ သွားတဲ့လာတဲ့ပုဂ္ဂိုလ်တွေလင်းအောင်လို့ ထွန်းပေးတာပါ။ မြတ်စွာဘုရားနားလေးလည်းဘဲ ဆီမီးပူဇော်တာပါလို့ ပြောသတဲ့။ အော်ဒီလိုဆိုရင်ပေးပေး၊ သပိတ်ပေးဆိုပြီး သပိတ်ယူပြီး အဲဒီသပိတ်ထဲကို မုန်ညင်းဆီတွေ မုန်ညင်းဆီရော သိကြလား။ (သိပါတယ်ဘုရား) ။ မုန်ညင်းစေ့လေးတွေကို ကြိတ်လိုက်တော့ မုန်ညင်းဆီရတာပေါ့။ နှမ်းတွေ ကြိတ်တော့ နှမ်းဆီတွေရတာပေါ့။ မြေပဲတွေ ကြိတ်လိုက်တော့ မြေပဲဆီရတာပေါ့။ အဲဒီလို မုန်ညင်းစေ့လေးတွေကြိတ်လိုက်တော့ မုန်ညင်းဆီတွေရ၊ အဲဒီမုန်ညင်းဆီတွေ သပိတ်နဲ့အပြည့်လှူလိုက်တော့ ဦးဇင်းလေးကမေးသတဲ့။ သမီးတော်လေး ဘာဆုများ ပန်တုန်း။ တပည့်တော်မ က ဘုရားဖြစ်ချင်တာပါဘုရားလို့ပြောသတဲ့။ အော်..ကောင်းပ..ကောင်းပလို့ပြောပြီး သာဓု..သာဓုလို့ ခေါ်သွား။

ညကျတော့ မြတ်စွာဘုရားက ဆီမီးပူဇော်တဲ့ ဦးဇင်းလေးကို ခေါ်စမ်းဟဲ့ ဆိုတော့ရောက်လာတယ်။ ဦးဇင်းလေး ဒီနေ့ ဆီမီးတွေမြိုင်လှချည်လား။ ဘယ်ကဆီရတုန်း။ သမီးတော်လေးဆီကပါဘုရား။ ဘုရင့်သမီးတော်လေးက အရှင်ဘုရားနှမတော်လေးက ဘုရား ဆီမီးပူဇော်ဖို့ မုန်ညင်းဆီတွေ သပိတ်အပြည့်လှူပါတယ်ဘုရား။ အဲဒီသမီးတော်လေးနဲ့ ဒီပင်္ကရာဘုရားကလည်း ဖအေတူမအေကွဲ မောင်နှမတော်သတဲ့။ ဒါကြောင့် အရှင်ဘုရားနှမလေးက မုန်ညင်းဆီတွေအပြည့် လှူလိုက်လို့ပါဘုရား။ အော် သမီးတော်လေးက ဘာဆုပန်သတဲ့တုန်း။ တပည့်တော်လည်းမေးကြည့်တယ်ဘုရား၊ သမီးတော်လေးဘာဆုပန်တုန်း မေးတော့ ဘုရားဖြစ်ချင်တယ်လို့ ပြောပါတယ် ဘုရား။ အော်..ဒါဆိုရင် နက်ဖြန်ခါပြန်ပြောအုံး၊ မိန်းကလေးဘဝနဲ့ ဘုရားဆု မပန်ရဘူး။ နောက်ဘဝ ယောက်ျားလေးဖြစ်ပါစေ၊ ယောက်ျားလေးဖြစ်မှ ပါရမီတွေ ဒါနစတဲ့ ပါရမီတွေ လုပ်ရင် ဘုရားဖြစ်လိမ့်မယ်လို့ပြော။ ကောင်းပါပြီဘုရား။ တပည့်တော်နက်ဖြန်ခါ ပြန်ပြောပါ့မယ်ဘုရား။ ကဲကဲ ထားတော့။ ဦးဇင်းလေးကရော ဘာဆုပန်တုန်း။ တပည့်တော်က အရှင်ဘုရားအားကျလို့ဘုရား။ အရှင်ဘုရားဒီပင်္ကရာ ဆိုသလို ဒီပင်္ကရောတိ ဒီပင် ဆီမီး ကရောတိ ပြုတက် ပူဇော်တတ်၏။ ထို့ကြောင့် ဒီပင်္ကရော ဒီပင်္ကရာ မည်၏။ ဆီမီးပူဇော်တာက တပည့်တော် အရှင်ဘုရားအားကျပြီးတော့ တပည့်တော် ဘုရားဆုပန်ပါတယ်ဘုရား။ ဘုရားဖြစ်တဲ့ အခါလည်း ဘုရားဘွဲ့က ဒီပင်္ကရာ ဆိုတဲ့ ဘွဲ့ လိုချင်ပါတယ်ဘုရား လို့ဆိုသတဲ့။ အဲဒါနဲ့ ပေါရာဏဒီပင်္ကရာဘုရားက အဘိညဉ်တန်ခိုးနဲ့ကြည့်လိုက်တော့ အော်ဦးဇင်းလေး မင်းနောက် ၁၆ သင်္ချေ ကြာတဲ့အခါ ဘုရားဖြစ်လိမ့်မယ်လို့ ဗျာဒိတ်ပေးသတဲ့။ ဗျာဒိတ်ပေးတော့ ဟာ ငါဘုရားလောင်းဖြစ်ပြီ မြတ်စွာဘုရား ဗျာဒိတ်ပေးပြီးပြီ။ ည ညအိပ်မပျော်ဘူးတဲ့ ဝမ်းသာလွန်းလို့။

အဲဒီနောက် တစ်နေ့ကျတော့ ညနေကျ လေးနာရီလောက် မြို့ထဲ နန်းတွင်းထဲ ဆွမ်းခံသွားပြန်ရော။ ဆီဆွမ်းခံ ပေါ့။ သမီးတော်လေးကလည်း ဘုံခုနှစ်ဆင့် ရှိတဲ့ပြဿဒ်က လှည့်ပတ်ကြည့်လိုက်တော့ ဟာမနေ့ ကဦးဇင်းလေး နဲ့တူတယ်။ ဆွမ်းခံနေတယ် သွား…သွားး…ပင့်အုံးဆိုတော့ သွားပင့်တယ်။ ရောက်လာ ဦးဇင်းလေး မနေ့ကလည်း ဆွမ်းခံ၊ ဒီနေ့လည်းဆွမ်းခံ နေတိုင်းဆွမ်းခံသလား။ အော် သမီးတော်လေးရယ် ကျုပ်က ဘုရားလောင်း။ မနေ့က ဗျာဒိတ်ရပြီးပြီ။ နောက် ၁၆ သင်္ချေကြာတဲ့အခါ ကျုပ်က ဒီပင်္ကရာ ဘုရားဖြစ်မှာ။ ဘုရားလောင်းဆိုတာ တစ်နေ့တည်း ကုသိုလ်လုပ်ပြီးတော့ ဆုပန်လို့ ဘယ်ရမတုန်း။ နေ့တိုင်းနေ့တိုင်း ဒါနပြုရတယ်၊ သီလဆောက်တည်ရတယ်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ ဝိပဿနာ တရားတော်တွေ ပွားရတယ် သမီးတော်လေးရဲ့။ အော်ဒီလိုလား ဘုရား။ မသိလိုပါဘုရား။ ဒီလိုဆိုရင် ပေးပေး၊ သပိတ်ပေးဘုရား ဆိုပြီးတော့ သပိတ်ထဲ မုန်ညင်းဆီတွေ ထည့်ထည့်ပြီးတော လှူတယ် သူက။ အရှင်ဘုရားကို တပည့်တော် ပါရမီဖြည့်ပေးမယ် ဘုရား။ အရှင်ဘုရား နေ့တိုင်းနေ့တိုင်း မြို့ထဲမယ် လှည့်ဆွမ်းခံရတာ ပင်ပန်းတယ်၊ အဲ့တော့ ဘယ်မှ မသွားနဲ့ တပည့်တော်ဆီ ဒီပြဿဒ်တန်းလာခဲ့။ တပည့်တော် နေ့တိုင်း နေ့တိုင်း တစ်သပိတ်၊ တစ်သပိတ် အပြည့်လှူမယ်။ ကောင်းပ…ကောင်းပ….သာဓု…သာဓု…သာဓု။ မနေ့တုန်းက မြတ်စွာဘုရားက မှာလိုက်သေးတယ်။ ဘယ်လို မှာတုန်းဘုရား။ သမီးတော်လေးက ဘုရားဆုပန်တယ်လို့ ဦးဇင်းက ပြောလိုက်တဲ့ အခါကျတော့ မိန်းကလေးဘဝနဲ့ ဘုရားဆုပန်လို့မပြည့်ဘူး။ နောက်ဘဝ ယောက်ျားလေးဖြစ်ပါရစေလို့ ဆုတောင်းလို့ မှာလိုက်တယ်။ အော် အဲဒီလိုလားဘုရား။ ဒီလိုဆိုရင် သပိတ်လေးကိုကပ်၊ ဘုရားတပည့်တော် မုန်ညင်းဆီလှူရတဲ့ ကုသိုလ်ကြောင့် နောင်ဘဝ ယောက်ျားလေးဖြစ်ပါရစေဘုရားလို့ ဆုပန်တယ်နော်။ အဲဒီလိုဆုပန်တဲ့ အတွက်နောက်ဘဝ ယောက်ျားလေးဖြစ်တယ်။ ဖြစ်တော့ ထားကြပါစို့ ။

၁၆ သင်္ချေကို နှစ်ပုံ ပုံလိုက်တော့ ဘုရားဆုပန်လို့ စိတ်ထဲမယ် ဆုတောင်းတာ ကမ္ဘာပေါင်း (၇) သင်္ချေ။ ဘယ်လောက်ကြာတုန်း။ (၇) သင်္ချေကြာတယ်။ စိတ်ထဲတွင်မနေနိုင်တော့ တပည့်တော် ဘုရားတပည့်တော် ဒီကုသိုလ်ကြောင့် ဘုရာဖြစ်ပါရစေဘုရားလို့ အကျယ်ကြီးဆုတောင်းတာက (၉)သင်္ချေ။ စိတ်ထဲတွင် ဆုတောင်းတာက ဘယ်လောက်လဲ။ (၇)သင်္ချေ။ နှုတ်ရွတ်ပြီးတော့ ပါးစပ်က အော်ပြီးတော့ ဆုတောင်းတာက (၉)သင်္ချေ။ (၇)သင်္ချေ နဲ့ (၉)သင်္ချေ ပေါင်းလိုက်ရင် (၁၆) သင်္ချေ။ ပထမ (၇)သင်္ချေတွင် ဘုရာပေါင်း ဘယ်လောက်ပွင့်သလဲဆိုရင် ဘုရားပေါင်း ၁၂၅၀၀၀။ ပထမ (၇) သင်္ချေ အချိန်ကာလအားဖြင့် (၇)သင်္ချေ၊ အဲဒီ (၇)သင်္ချေအတွင်းမယ် ဘုရားပေါင်းပွင့်တာက ၁၂၅၀၀၀။ အဲဒီ ဘုရားပေါင်း ၁၂၅၀၀၀ ဆီမှာ ကုသိုလ်ကောင်းမှုပြုပြီးတော့ စိတ်ထဲတွင်သူကဆုပန်တာနော်။ စိတ်ထဲတွင် ဆုပန်တဲ့ ဘုရားပေါင်း ၁၂၅၀၀၀။ နောက်ထပ် ၉ သင်္ချေကြာတော့ စိတ်ထဲတွင် မနေနိုင်တော့ဘူးတဲ့။ သူက ကုသိုလ်ကောင်းမှုပြုပြီးရင် ဘုရားတပည့်တော် ဒီကုသိုလ်စေတနာကြောင့် ဘုရားဖြစ်ပါရစေဘုရားလို့ အကျယ်ကြီးဆုတောင်းတယ်။ အဲဒီလို နှုတ်နဲ့ အကျယ်ကြီးဆုတောင်းတဲ့ အချိန်ကာလ က ၉ သင်္ချေ။ ဘုရားပေါင်းက ၃၈၇၀၀၀ ။ အဲခုနက ၁၂၅၀၀၀ နဲ့ ခု ၃၈၇၀၀၀ ပေါင်းလိုက်စမ်း။ ၅၁၂၀၀၀ နော်။ ပေါ်ပြီမဟုတ်လား။ အေး… ဒွါဒသဉ္စ သဟဿကေ ပဉ္စသတ သဟဿာနိ ၅၁၂၀၀၀ သော ဘုရားရှင် တို့ကို့ တပည့်တော်ရှိခိုးပါ၏။ ဟုတ်လား။

အဲလိုနဲ့ ဘုရားဆုပန်လိုက်တာ သုမေဓာရသေ့ဘဝရောက်၊ သုမေဓာရသေ့ဘဝကနေ ပြီးတော့ သူကတောထဲမယ် တရားကျင့်နေတာ။ ရသေ့တွေ ဆိုတော့ တောထဲမယ် အကြာကြီးမနေရဘူးတဲ့။ တောထဲမယ် အကြာကြီးနေရင် အိုက်အိုဒင်းဆားဓါတ်နည်းပြီးတော့ လည်ပင်းကြီးရောဂါဖြစ်တယ်။ အဲဒီရောဂါကို အိုက်အိုဒင်းဆား စားလိုက်ရင်ပျောက်တယ်။ သုမေဓာရသေ့က ကဲ ငါလည်းဘဲ တော်ကြာ လည်ပင်းကြီးနေ လိမ့်မယ် ဆိုပြီးတော့ ကောင်းကင်ကပြန်လာ၊ အောက်မှာ လူတွေ တအုံးအုံးနဲ့ လူတွေတပျော်တပါးကြီး အလုပ်လုပ်နေတာ မြင်တော့ ဆင်းပြီးတော့ သူကမေးတယ်။ ဟေ့..ကောင်တွေ မင်းတို့ဘာလုပ်နေကြတာတုန်း တပျော်တပါးကြီးပါလား။ လောကသုံးပါး ဘုရားပွင့်ပြီလေ။ ဒီပင်္ကရာဘုရားပွင့်ပြီ။ နောက်တော်ပါ ရဟန်း လေးသိန်းနှင့်အတူ အခုဆွမ်းခံ ကြွမှာ။ မိုးတွေရွာလို့ ဒီမှာ ဗွက်တွေ ပြင်နေတာ ကျုပ်တို့ ဗွက်တွေ ဖို့နေတာဗျလို့ ပြောသတဲ့။ ဟာ....ဒီလိုဆိုရင် ငါလဲဘဲ ကုသိုလ် ပါဝင်အုံးမယ်ကွ။ ငါ့ကိုတစ်နေရာပေးလို့ ပြောကတဲ့။ ဦးရသေ့ကြီး ခင်ဗျားက မြေလျှိုးမိုးပျံ တန်ခိုးတွေ ရနေတော့ ဗွက်တွေ ထူတဲ့နေရာ ခင်ဗျားယူ။ ဗွက်ထူတဲ့နေရာပေးသတဲ့။ ပေးတော့လည်း အေးပါကွာ ဘယ်နေရာရရ ငါရသမျှ လုပ်မယ်ဆိုပြီးတော့ နီးတဲ့အိမ်လေးတစ်အိမ်က ပေါက်ပြားလေးတစ်လက်၊ တံရွင်းတစ်ချောင်း၊တောင်းတစ်လုံး ငှား။ မြေကြီးတွေ တူးပြီးတော့ သူကဖို့တာပေါ့။ ဖို့တော့ ပြီးခါနီး ဟောဒီလောက်ကလေးကျန်တော့တယ်။ တလံလောက်ကလေး။ အဲဒီလောက်ကလေးလဲကျန်ရော။ အော်..ဒီပင်္ကရာဘုရား နောက်တော်ပါရဟန်း လေးသိန်းနဲ့ ဆွမ်းခံကြွလာပြီခင်ဗျား။ ဆွမ်းလောင်းဖို့ ပြင်ကြပါလို့ နိဗ္ဗာန်ဆော်က ကြေးစည်လေးတီးပြီး ရှေ့ကနေဟစ်သတဲ့။ ဟာ..ဘုရားကြွလာပြီ ဘုရားကြွလာပြီ ဆိုပြီး ပြေးကြလွှားကြ ဆွမ်းတွေ၊ ဆွမ်းရံတွေပြင်ဆင်ကြပေါ့လေ။ သုမေဓာ ရသေ့လေးကျတော့ အရမ်းချစ်နေကြတာ။ သူ့ဘယ်သူမှ ဂရုမစိုက်၊ ကူဖေါ်လောင်ဖတ်လည်း မရှိဘူး။ ငါလည်း ခက်နေပြီ ဒီလောက်ကလေးကျမှ ကျန်နေတယ်။ ခက်ပြီ..ဘယ်လိုလုပ်ရပါ့မတုန်းဆိုပြီးတော့ သူက သင်္ကန်းကြီးဖြန့်ခင်း အဲဒီပေါ်မယ် ဝမ်းယားမှောက် ဘုရားကြွလာတဲ့ဘက် ခေါင်းပြုပြီးတော့ မြတ်စွာဘုရား တပည့်တော် ကျောပေါ် သံဃာတော် လေးသိန်းနှင့်တကွ နင်းလျှောက်ပါဘုရား။ ဗွက်ထဲကို မနင်းပါနဲ့ ဘုရား။ တပည့်တော်ကျောပေါ်နင်းပါဘုရားလို့ သူကအော်လျှောက်တယ်။

အော်လျှောက်တော့ ဟာ..အာဂယောက်ျားဘဲဟေ့။ သံဃာတော် လေးသိန်းနဲ့ တက်နင်းရင် သူသေမှာ အသေခံရဲတယ်။ တကယ့်ယောက်ျား၊ ဘယ်လို ပုဂ္ဂိုလ်လဲဟဲ့လို့ ကြည့်လိုက်တော့မှ အော်လွန်ခဲ့တဲ့ ဆယ်ခြောက်သင်္ချေတုန်းက သမီးတော်လေး ဖြစ်ပြီးတော့ ငါ့ကိုနေ့တိုင်းနေ့တိုင်းမုန်ညင်းဆီ တစ်သပိတ်လှူတဲ့ ပုဂ္ဂိုလ်လေးဘဲလို့သိသွားတယ်။ ဘုရားက။ အေး.. သုမေဓာရသေ့လေး ဆိုပြီးတော့ ခုန သမီးတော်လေးအကြောင်းပြန်ပြောင်းဟော၊ ဟောပြီးတော့ မင်းကျောပေါ်မလျှောက်ပါဘူးကွာ တို့ကောင်းကင်ကကြွမယ်ဆိုပြီးတော့ တန်းခိုးနဲ့ကြွ၊ ကြွပြီးတော့ သင်ဟာ ဒီကုသိုလ်စေတနာကြောင့် လေးသင်္ချေ နဲ့ ကမ္ဘာ တစ်သိန်းကြာတဲ့အခါ ဂေါတမ ဘုရားဖြစ်လိမ့်မယ်လို့ ဗျာဒိတ်ပေးသတဲ့။ သင်ဟာ ငါဦးဇင်းလေးဘဝတုန်းက နေ့တိုင်းနေ့တိုင်း မုန်ညင်းဆီ တစ်သပိတ်လှူတဲ့ ကုသိုလ်စေတနာကြောင့် သင့်နောက်ဆုံးဘဝ နာမည်က သိဒ္ဓတ္တ မင်းသားလို့ဖြစ်လိမ့်မယ်။ သိဒ္ဓတ္တ ဆိုတာ မုန်ညင်း တေလဆိုတာ ဆီ။ သိဒ္ဓတ္တတေလ ဆိုတော့ မုန်ညင်းဆီ ။ မုန်ညင်းဆီ တစ်သပိတ် တစ်သပိတ် လှူခဲ့တဲ့အတွက် အဲဒီစေတနာက အကျိုးပေးပြီးတော့ သင့်ရဲ့နောက်ဆုံးနာမည်သည် ဘာဖြစ်လိမ့်မတုန်း။ သိဒ္ဓတ္တမင်းသားလို့ ဖြစ်လိမ့်မယ်လို ဗျာဒိတ်ပေးသတဲ့။

အေး...အဲဒီမုန်ညင်းဆီလှူတဲ့ ကုသိုလ်စေတနာကံသည် ကမ္မပစ္စည်း၊ ဒီဘက်ဘဝမယ် သိဒ္ဓတ္တ လို့ နံမည်လေးရ၊ ဘုရားဖြစ်တာက ကမ္မပစ္စည်းရဲ့ ပစ္စယုပ္ပန် သဘောပေါက်လား။ ဘဝပေါင်း ကမ္ဘာပေါင်း သင်္ချေ ၂၀ နဲ့ ကမ္ဘာပေါင်း တစ်သိန်းကြာတယ်။ ပျောက်မသွားဘူးနော်။ အဲ့ဒီပျောက်မသွားတဲ့ သတ္တိလေးကို ကမ္မသတ္တိ။ ဟုတ်ကလား။ အဲဒါဆိုရင် အဖိုးတန်တယ် မဟုတ်လား။ အဲ...ဟုတ်ပြီ။တစ်ခေါက်လောက်ဆိုပြစမ်းပါအုံး။

“သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ

ဒွါဒသဉ္စ သဟဿကေ

ပဉ္စသတ သဟဿာနိ

နမာမိ သိရသာ မဟံ

အပကာ ၀ါဠုကာ ဂင်္ဂါ

အနန္တာ နိဗ္ဗုတာ ဇိနာ

တေသံ ဓမ္မဉ္စ သံဃဉ္စ

အာဒရေန နမာမဟံ

နမက္ကာရာ နုဘာဝေန

ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ

အနေက အန္တရာယာပိ

ဝိနာဿန္တု အသေသတော”

ကဲ....တော်လိုက်ကြအုံးစို့။

သာဓု……သာဓု……သာဓု

(ဗန်းမော်ဆရာတော်ကြီး ပဋ္ဌာန်းတရားပွဲ အသံတော်မှ ကူးယူပူဇော်ပါသည်။)

အောင်ပြည့်စုံအေး

(Facebook မှ ပြန်လည်ကူးယူဖော်ပြဓမ္မဒါန ပြုပါသည်။)
ဆက်လက်ဖတ်ရှုရန်

Wednesday, March 23, 2011

Homeless အတွေးများ (၂)

မြတ်သော တောင်းခံကြသူများ


တစ်ရက် ကျွန်တော်အလုပ်ကနေပြန်လာတော့ တိုက်အောက်က အမှိုက်ပုံးတွေစုပြီးပစ်ရတဲ့နေရာမှာ Homeless တစ်ယောက် အမှိုက်ပုံးတစ်ခုကို ဖွင့်ပြီး အဲဒီပုံးထဲက ဟင်းတွေကို မြိန်ရည်ယှက်ရည်စားနေတာကိုတွေ့ရပါတယ်။ ကျွန်တော်လည်း အဲဒီHomeless ကို ဖြတ်ကျော်ရင်း ဘူတာဘက်ကို ထွက်လာခဲ့လိုက်ပါတယ်။ နောက်တစ်နေ့ အလုပ်ထဲရောက်တော့ အတူလုပ်တဲ့ မြန်မာအကိုနှင့် စကားပြောဖြစ်တော့ မနေ့ကတွေ့ခဲ့တဲ့ Homeless အကြောင်းရောက်သွားပါတယ်။ ဖြစ်ချင်တော့ သူကလည်း အဲဒီမြင်ကွင်းကို တိုက်အပေါ်ကနေ လှမ်းမြင်လိုက်တယ်လို့ပြောတယ်။ သူတင်မကပဲ အလုပ်ထဲကဂျပန်ကလည်း မြင်လိုက်တယ်တဲ့။ မြင်လိုက်တဲ့ဂျပန်က အဲဒီအကိုကို “မင်းတို့တိုင်းပြည်မှာ အဲဒီလိုမျိုး ငတ်ပြတ်နေတဲ့သူမျိုးတွေ ရှိလား” လို့ မေးပါတယ်တဲ့။ အဲဒါနှင့် သူက “ငါတို့တိုင်းပြည်မှာ ဒီလိုမျိုးငတ်နေရင် ဘုန်းကြီးဝတ်လိုက်ပြီ။ ဒါမျိုးတော့ မလုပ်ဘူး” လို့ ပြန်ဖြေလိုက်တယ်ဆိုပဲ။ ဒီတော့ ဂျပန်က “ဟာ....ဒီလိုမျိုး လုပ်လို့ရလား။ ကောင်းတာပေါ့” လို့ ပြန်ပြောပါတယ်တဲ့။ သူကတော့ ကျွန်တော့်ကို သူဂျပန်ကို စကားအနိုင်ရလိုက်တယ်ဆိုပြီး ဂုဏ်ယူတဲ့သဘောပြောလာတာပါ။ ကျွန်တော့်မှာတော့ သူ့ပြောတာကိုနားထောင်ပြီး အတော်ကို ရင်ထဲအောင့်သွားရပါတယ်။ ဂျပန်ကို သူစကားနိုင်မနိုင်တော့ မသိပါဘူး။ ဒါပေမယ့် အဲဒီဂျပန်ကတော့ မြန်မာ ဘုန်းကြီးတွေမြင်တိုင်း ငတ်လို့ ဘုန်းကြီးဝတ်ထားကြသူတွေလို့ မြင်သွားတော့မှာ ဖြစ်ပါတယ်။ နောက် ဒီအကိုရဲ့  သံဃာတော်တွေအပေါ် သူနားလည်ထားပုံလွဲနေတာအတွက်လည်း အတော်ကို စိတ်မကောင်းဖြစ်မိပါတယ်။ သူ့ကို ရှင်းပြချင်ပေမယ့်လည်း ကိုယ်ရှင်းပြလို့ နားလည်သဘောပေါက်ဖို့ အကြောင်းတွေ သိပ်မရှိတာနှင့် သူ့ကို ဘာမှပြန်မပြောဖြစ်လိုက်တော့ပါဘူး။

မိရိုးဖလာဗုဒ္ဓဘာသာဖြစ်လာခဲ့လို့သာ ဗုဒ္ဓဘာသာအမည်ခံထားပြီး ဗုဒ္ဓဘာသာအကြောင်းဘာမှ မသိ၊ နားမလည်ကြတဲ့သူတွေရယ်၊ တခြားအယူဝါဒရှိတဲ့ ဘာသာခြားတွေရယ်အမြင်မှာတော့ ဘုန်းကြီး(သံဃာ)ဆိုတာ မနက်ဆို သပိတ်တစ်လုံးနှင့် အိမ်တကာလှည့်ပြီး လူတွေချက်ထားတဲ့ ထမင်းဟင်းတွေ လိုက်ယူ၊ ကျောင်းပြန်သယ်သွားပြီးစား။ တစ်နေကုန် တချို့ က ဘာတွေမှန်းမသိတဲ့စာတွေအော်ကျက်၊ တချို့ လည်း မျက်လုံးကြီးမှိတ်ငြိမ်ပြီး ထိုင်လို့၊ (ငိုက်ပဲနေတာလား၊ ဘာလုပ်နေမှန်းမသိ) လောကီကြီးပွားရာ ကြီးပွားကြောင်းဘာမှမလုပ်ပဲ အေးအေးလူလူနှပ်နေကြတဲ့သူတွေလို့ မြင်စရာ အကြောင်းရှိပါတယ်။ ဒါကြောင့်လည်း တချို့ သော ပုဂ္ဂိုလ်တွေ အနေချောင်၊ အစားချောင်မယ်အမှတ်နှင့် သံဃာ့ဘောင်ထဲ ၀င်ကြတာတွေလည်း ရှိနေပါတယ်။

ဗုဒ္ဓဘာသာဝင်အမည်ခံထားပြီး ကိုယ့်ဘာသာအကြောင်း ဘာမှမလေ့လာ၊ မသိကြတဲ့သူအချို့ နှင့် ကျွန်တော် စကားပြောကြည့်ဖူးပါတယ်။ တချို့ က ဘုန်းကြီးဆိုတာမျိုးက တချိန်လုံးအလှူပဲခံနေကြတာပဲတဲ့။ သူတို့က ပြန်ပြီးလှူပါတယ်ဆိုတာမျိုး မကြားမိပါဘူး လို့ ပြောတတ်ကြတယ်။ တချို့ ကလည်း ဘုန်းကြီးဆိုတာမျိုးက လူဖြစ်လျက်နှင့် လောကီတာဝန်တွေမယူချင်လို့ ခေါင်းရှောင်ကြတဲ့သူတွေလို့ မြင်ကြတယ်။ တချို့ က ဘုန်းကြီးဆိုတာ သာရေး နာရေးကိစ္စတွေကျရင် လာပြီး ရွတ်ဖတ်ပေးကြတဲ့သူတွေလို့ မြင်တဲ့သူတွေလည်းရှိတယ်။ နောက်ဆုံးအားလုံးကို ခြုံပြောရရင်တော့ သင်္ကန်းဝတ်ထားလို့သာ သူတို့ကို ကန်တော့နေကြရတာပါ ဆိုတာမျိုး ပြောလိုရင်းဖြစ်နေပါတယ်။

မြန်မာစကားမှာလူတိုင်းသိကြတဲ့ “မကောင်းကျောင်းပို့” ဆိုတဲ့ စကားတစ်ခုရှိပါတယ်။ မူရင်းအဓိပ္ပါယ်က ဘာကိုဆိုလိုချင်တာလဲ ကျွန်တော်သေသေချာချာမသိပေမယ့် ဒီနေ့ခေတ်အနေအထားမှာဆိုရင်တော့ ဗုဒ္ဓဘာသာဝင်အချို့  လုပ်တတ်တာကတော့ သူတို့အတွက်အသုံးမ၀င်တော့တဲ့ ပစ္စည်း၊ မလိုချင်တော့တဲ့ ပစ္စည်းမျိုးကိုဆို ဘုန်းကြီးကျောင်းကို ပေးလှူလိုက်တတ်ကြပါတယ်။ လူတိုင်းကိုတော့ မဆိုလိုပါဘူး။ ထင်ရှားတဲ့ဥပမာတစ်ခုဆိုရင် အိမ်တစ်အိမ်မှာ တစ်ယောက်ယောက်သေဆုံးခဲ့ပြီဆိုရင် အဲဒီလူအိပ်ခဲ့တဲ့ ကုတင်တို့၊ ခေါင်းအုံးတို့၊ စောင်တို့၊ အ၀တ်အစားတို့ကို ဘုန်းကြီးကျောင်းကို လှူလိုက်တတ်ကြပါတယ်။ ခေါင်းစဉ်ကတော့ ကွယ်လွန်သူ ဘယ်သူဘယ်သူအတွက် ရည်စူးတဲ့ ကောင်းမှုပေါ့။ သေဆုံးသူ ၀တ်ခဲ့တဲ့ လက်ဝတ်ရတနာတွေကို ဘုန်းကြီးကျောင်းကို လှူလိုက်တယ်ဆိုတာမျိုးတော့ မကြားမိသလောက်ပါဘဲ။

တစ်ခါတုန်းက ဒီကမိတ်ဆွေတစ်ယောက်က သူမြန်မာပြည်ပြန်ရောက်ပြီးရင် အပြီး ဘုန်းကြီးဝတ်တော့မယ်လို့ ပြောတော့ သူ့မိတ်ဆွေ ဂျပန်က မင်းဘုန်းကြီးဝတ်ရင် ၀င်ငွေကောင်းလားတဲ့။ မိတ်ဆွေက ငါတို့ မြန်မာဘုန်းကြီးတွေက ဘာဝင်ငွေမှမရှိဘူး။ သူများ ပေးလှူတာနဲ့ ရပ်တည်ပြီးနေကြရတာလို့ ပြန်ဖြေတယ်။ အဲဒီအခါမှာ ဂျပန်မိတ်ဆွေက မင်းက ဒါများ ဘာလို့ ဘုန်းကြီးလုပ်ချင်တာလဲ။ မင်းတို့ မြန်မာဘုန်းကြီးတွေက မနိပ်ပါဘူး။ ငါတို့ ဂျပန်ဘုန်းကြီးတွေဆို ၀င်ငွေတအားကောင်းတာ၊ အားလုံး သူဌေးတွေချည်းပဲ လို့ ပြောတာကို မိတ်ဆွေက ပြန်ပြောပြလို့ သိခဲ့ရပါတယ်။

ဗုဒ္ဓဘာသာဝင်တွေ အလေးအမြတ်ထား ပူဇော်နေကြတဲ့ ဘုန်းကြီး (သံဃာ)ဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးများလဲ။ သူတို့ ဘာလို့ အိမ်တကာလှည့် တောင်းခံစားသောက်နေကြတာလဲ။ ဘာလို့ လောကီကြီးပွားရာ ကြီးပွားကြောင်းကို မလုပ်ပဲနေနေကြတာလဲ။ သေသေချာချာ တွေးကြည့်ရင် မေးချင်စရာကောင်းတဲ့ မေးခွန်းတွေ ထွက်လာမှာပါ။

သံဃာဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာ မသိသေးတဲ့ ဗုဒ္ဓဘာသာဝင်များအတွက် ပထမဆုံး သံဃာ့ဂုဏ်တော် (၉) ပါးကို ရေလည်စွာနားလည်အောင် လေ့လာသင့်တယ်လို့ အကြံပြုလိုပါတယ်။ ပြီးတော့မှ သံဃာတွေ ဘာလို့ ဆွမ်းခံစားနေကြတယ်၊ အလှူခံပုဂ္ဂိုလ်ကိုမှီပြီး ဘာလို့ ရပ်တည်ကြတယ်ဆိုတာလေးကို သိထားသင့်ပါတယ်။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ ကိုယ်တော်တိုင်လည်း အိမ်စဉ်လည်ပြီး ဆွမ်းခံတတ်သလို ဆွမ်းခံစားခြင်းနှင့် ပတ်သက်ပြီး သုတ်တော်ပေါင်းများစွာကို ချီးမွှမ်းဟောကြားတော်မူခဲ့ပါတယ်။ လက်လှမ်းမီသမျှ သုတ်တော်ကောက်နုတ်ချက် အချို့ ကို ဖော်ပြပေးလိုက်ပါတယ်။



**********
၇ - သန္တုဋ္ဌိသုတ်ဥရုဝေလ၀ဂ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။
ရဟန်းတို့ ...
တာဝန်လည်းနည်း၍ ရလည်း ရလွယ်ကုန်သော ပစ္စည်းတို့သည် ဤလေးမျိုးတို့ တည်း၊ ထို ပစ္စည်းတို့သည် အပြစ်လည်း မရှိကုန်။

အဘယ်လေးမျိုးတို့နည်းဟူမူ-

ရဟန်းတို့ ...

သင်္ကန်းတို့တွင် ပံ့သကူသင်္ကန်းသည် တာဝန်လည်းနည်း၏၊ ရလည်း ရလွယ်၏၊ ထို သင်္ကန်းသည် အပြစ်လည်းမရှိ။

ရဟန်းတို့ ...
စားဖွယ်တို့တွင် ဆွမ်းခံလှည့်လည်၍ ရအပ်သောဆွမ်းသည် တာဝန်လည်း နည်း ၏၊ ရလည်း ရလွယ်၏၊ ထို ဆွမ်းသည် အပြစ်လည်း မရှိ။

ရဟန်းတို့ ...
ကျောင်းတို့တွင် သစ်ပင်ရင်းဟူသောကျောင်းသည် တာဝန်လည်းနည်း၏၊ ရလည်း ရလွယ်၏၊ ထို ကျောင်းသည် အပြစ်လည်း မရှိ။

ရဟန်းတို့ ...
ဆေးတို့တွင် နွားကျင်ငယ်ပုပ်တည်းဟူသော ဆေးသည် တာဝန်လည်းနည်း၏၊ ရလည်း ရလွယ်၏၊ ထိုဆေးသည် အပြစ်လည်း မရှိ။

ရဟန်းတို့ တာဝန်လည်းနည်း၍ ရလည်း ရလွယ်ကုန်သော ပစ္စည်းတို့သည် ဤ လေးမျိုးတို့တည်း၊ ထို ပစ္စည်းတို့သည် အပြစ်လည်း မရှိကုန်။

ရဟန်းတို့ ရဟန်းသည် တာဝန်နည်း၍ ရလွယ်သော ပစ္စည်းဖြင့် ရောင့်ရဲ၏၊ ဤသို့ ရောင့်ရဲခြင်းကို ''ရဟန်း၏ ရဟန်းအဖြစ်'' ဟူသော အင်္ဂါ တစ်ပါးဟု ငါဆို၏ ဟု (မိန့်တော်မူ၏)။ တာဝန်လည်းနည်း ရလည်း ရလွယ် အပြစ်လည်း မရှိသော ပစ္စည်းဖြင့် ရောင့်ရဲသော ရဟန်းအား ကျောင်းကိုလည်းကောင်း၊ သင်္ကန်းကိုလည်း ကောင်း၊ သောက်ဖွယ်စားဖွယ်ကိုလည်းကောင်း အကြောင်းပြု၍ စိတ်၏ ပင်ပန်းခြင်း ကင်း၏။ အရပ်မျက်နှာကိုလည်း မထိခိုက်။ ရဟန်းတရားအားလျော်သော အကြင် တရားတို့ကို ထို မြတ်စွာဘုရားသည် ဟောတော်မူ၏။

မမေ့မလျော့သော သတိရှိသည် ဖြစ်၍ကျင့်သော၊ နှစ်သက်သော စိတ်ရှိသော ရဟန်းသည် (ထိုတရားတို့ကို) သိမ်းဆည်း၍ ယူအပ်လေ သတည်း။

************

၈ - အရိယဝံသသုတ်၊ ဥရုဝေလ၀ဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်
ရဟန်းတို့ အမြတ်ဟု သိအပ်ကုန်သော ရှည်မြင့်စွာသော ကာလတို့က ဖြစ်၏ဟု သိအပ်ကုန်သော (ဘုရား ပစ္စေကဗုဒ္ဓါ သာဝကတို့၏) အနွယ်အဆက်ဟု သိအပ် ကုန်သော၊ ရှေးကျကုန်သော အရိယာတို့၏ အနွယ်အဆက် ဖြစ်ကုန်သော 'အရိ ယဝံသ' တရားတို့သည် ဤလေးမျိုးတို့တည်း။

(ထိုတရား တို့ကို) မပယ်အပ်ကုန်၊ (ဘုရားသျှင်တို့သည်) မပယ်ဖူးကုန်၊ ယခုလည်း မပယ်ကြကုန်၊ နောင်လည်းပယ်လိမ့်မည် မဟုတ်ကုန်၊ ပညာရှိ သမဏဗြာဟ္မဏတို့ မကဲ့ရဲ့အပ်ကုန်။

အဘယ် လေးမျိုးတို့နည်း ဟူမူ...

၁...
ရဟန်းတို့ ...
ဤသာသနာတော်၌ ရဟန်းသည် ရတတ်သမျှသော သင်္ကန်းဖြင့် ရောင့်ရဲ၏၊ ရတတ်သမျှသော သင်္ကန်းဖြင့် ရောင့်ရဲခြင်း၏ ဂုဏ်ကိုလည်း ဆိုလေ့ရှိ၏၊ သင်္ကန်း ဟူသော အကြောင်းကြောင့် မလျောက်ပတ် မအပ်သော ရှာမှီးခြင်းသို့လည်း မရောက်၊ သင်္ကန်းကို မရ၍လည်း မတောင့်တ၊ သင်္ကန်းကို ရပြီး၍လည်း မမက်မော မတွေဝေ၊ (တဏှာဖြင့်) မလွှမ်းမိုး၊ အပြစ်ကို ရှုလေ့ရှိသည် ဖြစ်၍ ထွက်မြောက် ကြောင်းကို သိလျက်သုံးဆောင်၏၊ ထို ရတတ်သမျှသော သင်္ကန်းဖြင့် ရောင့်ရဲခြင်း ဖြင့်လည်း မိမိကိုယ်ကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ၊ အကြင် ရဟန်းသည် ထို ရောင့်ရဲမှု၌ ကျွမ်းကျင်၏၊ ပျင်းရိခြင်း မရှိ၊ ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' ရှိ၏၊ သတိ နှင့် ယှဉ်၏။

ရဟန်းတို့ ...
ဤရဟန်းကို ရှေးကျသော အမြတ်ဟု သိအပ်သော ...
အရိယာတို့၏ အနွယ်အဆက်၌ တည်သော ရဟန်းဟု ဆိုအပ်၏။

၂...
ရဟန်းတို့ ...
နောက်တစ်မျိုးကား ရဟန်းသည် ရတတ်သမျှသော ဆွမ်းဖြင့် ရောင့်ရဲ၏၊ ရတတ် သမျှသော ဆွမ်းဖြင့် ရောင့်ရဲခြင်း၏ ဂုဏ်ကိုလည်း ဆိုလေ့ရှိ၏၊ ဆွမ်းဟူသော အကြောင်းကြောင့် မလျောက်ပတ် မအပ်သော ရှာမှီးခြင်းသို့လည်း မရောက်၊ ဆွမ်းကို မရ၍လည်း မတောင့်တ၊ ဆွမ်းကို ရပြီး၍လည်း မမက်မော မတွေဝေ၊ (တဏှာဖြင့်) မလွှမ်းမိုး၊ အပြစ်ကို ရှုလေ့ရှိသည်ဖြစ်၍ ထွက်မြောက်ကြောင်းကို သိလျက် သုံးဆောင်၏၊ ထို ရတတ်သမျှသော ဆွမ်းဖြင့် ရောင့်ရဲခြင်းဖြင့်လည်း မိမိကိုယ်ကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ၊ အကြင် ရဟန်းသည် ထို ရောင့်ရဲ မှု၌ ကျွမ်းကျင်၏၊ ပျင်းရိခြင်း မရှိ၊ ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' ရှိ၏၊ သတိနှင့် ယှဉ်၏။

ရဟန်းတို့ ...
ဤရဟန်းကို ရှေးကျသော အမြတ်ဟု သိအပ်သော ...
အရိယာတို့၏ အနွယ်အဆက်၌ တည်သော ရဟန်းဟု ဆိုအပ်၏။

၃...
ရဟန်းတို့ ...
နောက်တစ်မျိုးကား ရဟန်းသည် ရတတ်သမျှသော အိပ်ရာ နေရာ 'ကျောင်း' ဖြင့် ရောင့်ရဲ၏၊ ရတတ်သမျှသော အိပ်ရာ နေရာ 'ကျောင်း'ဖြင့် ရောင့်ရဲခြင်း၏ ဂုဏ်ကို လည်းဆိုလေ့ရှိ၏၊ အိပ်ရာနေရာ 'ကျောင်း'ဟူသော အကြောင်းကြောင့် မလျောက် ပတ်သော မအပ်သော ရှာမှီးခြင်းသို့လည်း မရောက်၊ အိပ်ရာ နေရာ 'ကျောင်း' ကို မရ၍လည်း မတောင့်တ၊ ရပြီး၍လည်း မမက်မော မတွေဝေ၊ (တဏှာဖြင့်) မလွှမ်းမိုး၊ အပြစ်ကို ရှုလေ့ရှိသည် ဖြစ်၍ ထွက်မြောက်ကြောင်းကို သိလျက် သုံးဆောင်၏၊ ထို ရတတ်သမျှသော အိပ်ရာနေရာ 'ကျောင်း' ဖြင့် ရောင့်ရဲခြင်းဖြင့် လည်း မိမိကိုယ်ကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ၊ အကြင် ရဟန်းသည် ထို ရောင့်ရဲမှု၌ ကျွမ်းကျင်၏၊ ပျင်းရိခြင်း မရှိ၊ ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' ရှိ၏၊ သတိနှင့် ယှဉ်၏။

ရဟန်းတို့ ...
ဤရဟန်းကို ရှေးကျသော အမြတ်ဟု သိအပ်သော ...
အရိယာတို့၏ အနွယ်အဆက်၌ တည်သော ရဟန်းဟု ဆိုအပ်၏။

၎...
ရဟန်းတို့ ...
နောက်တစ်မျိုးကား ရဟန်းသည် ဘာဝနာ၌ မွေ့လျော်၏၊ ဘာဝနာ၌ ပျော်ပိုက်၏၊ ကာမစ္ဆန္ဒ စသည်ကို ပယ်ခြင်း၌ မွေ့လျော်၏၊ ပယ်ခြင်း၌ ပျော်ပိုက်၏၊ ထိုဘာဝနာ ၌ မွေ့လျော် ပျော်ပိုက်ခြင်းဖြင့် လည်းကောင်း၊ ထို(ကာမစ္ဆန္ဒ စသည်ကို) ပယ်ခြင်း ၌ မွေ့လျော်ပျော်ပိုက်ခြင်းဖြင့် လည်းကောင်း မိမိကိုယ်ကို မချီးမြှောက်၊ သူတစ်ပါး ကို မရှုတ်ချ။ အကြင် ရဟန်းသည် ဘာဝနာ 'ပွါးများ'မှု ပယ်မှု၌ ကျွမ်းကျင်၏၊ ပျင်းရိခြင်းမရှိ၊ ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' ရှိ၏၊ သတိနှင့် ယှဉ်၏။

ရဟန်းတို့ ...
ဤရဟန်းကို ရှေးကျသော အမြတ်ဟု သိအပ်သော ...
အရိယာတို့၏ အနွယ်အဆက်၌ တည်သော ရဟန်းဟု ဆိုအပ်၏။

ရဟန်းတို့ အမြတ်ဟု သိအပ်ကုန်သော ရှည်စွာသော ကာလတို့က ဖြစ်၏ဟု သိအပ်ကုန်သော (ဘုရား ပစ္စေကဗုဒ္ဓါ သာဝက)တို့၏ အနွယ်အဆက်ဟု သိအပ်ကုန်သော ရှေးကျကုန်သော အရိယာ၏ အနွယ်အဆက် ဖြစ်ကုန်သော တရားတို့သည် ဤလေးမျိုးတို့တည်း၊ (ထိုတရားတို့ကို) မပယ်အပ်ကုန်၊ ဘုရားသျှင်တို့သည် မပယ်ဖူးကုန်၊ ယခုလည်း မပယ်ကြကုန်၊ နောင်လည်း ပယ်လိမ့်မည် မဟုတ်ကုန်၊ ပညာရှိ သမဏဗြာဟ္မဏတို့ မကဲ့ရဲ့ အပ်ကုန်။

ရဟန်းတို့ ဤအရိယဝံသတရားလေးပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် အရှေ့ အရပ်၌ အကယ်၍ နေစေကာမူ ထိုရဟန်းကသာလျှင် မမွေ့လျော်ခြင်းကို နှိပ်စက် နိုင်ရာ၏၊ ထိုရဟန်းကို မမွေ့လျော်ခြင်းက မနှိပ်စက် နိုင်ရာ။

အနောက်အရပ်၌ အကယ်၍ နေစေကာမူ ထိုရဟန်းကသာလျှင် မမွေ့လျော်ခြင်း ကို နှိပ်စက်နိုင်ရာ၏၊ ထိုရဟန်းကို မမွေ့လျော်ခြင်းက မနှိပ်စက်နိုင်ရာ။

မြောက်အရပ်၌ အကယ်၍ နေစေကာမူ ထိုရဟန်းကသာလျှင် မမွေ့လျော်ခြင်းကို နှိပ်စက်နိုင်ရာ၏၊ ထိုရဟန်းကို မမွေ့လျော်ခြင်းက မနှိပ်စက်နိုင်ရာ။

တောင်အရပ်၌ အကယ်၍ နေစေကာမူ ထိုရဟန်းကသာလျှင် မမွေ့လျော်ခြင်းကို နှိပ်စက် နိုင်ရာ၏၊ ထိုရဟန်းကို မမွေ့လျော်ခြင်းက မနှိပ်စက်နိုင်ရာ။

ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း ဟူမူ-

ရဟန်းတို့ လုံ့လရှိသော ရဟန်းသည် မမွေ့လျော်ခြင်း, မွေ့လျော်ခြင်းကို သည်းခံ နိုင်သောကြောင့်တည်း ဟု (မိန့်တော်မူ၏)။ မမွေ့လျော်ခြင်းသည် လုံ့လရှိသော ရဟန်းကို မနှိပ်စက်နိုင်၊ လုံ့လရှိသော ရဟန်းကသာ မမွေ့လျော်ခြင်းကို နှိပ်စက် နိုင်၏၊ လုံ့လရှိသော ရဟန်းသည် မမွေ့လျော်ခြင်းကို နှိပ်စက် နိုင်သောကြောင့် လုံ့လရှိသော ရဟန်းကို မမွေ့လျော်ခြင်းက မနှိပ်စက်နိုင်။ ကိလေသာကို ဖျက်ဆီး ပြီးသော အလုံးစုံသော (တေဘူမက) ကံတို့ကို ပယ်ပြီးသော ရဟန္တာ ပုဂ္ဂိုလ်ကို အဘယ်မည်သော အကုသိုလ် တရားသည် တားမြစ်နိုင်အံ့နည်း၊ တစ်နိက္ခရှိ ဇမ္ဗူ ရာဇ်ရွှေစင်ကဲ့သို့ အဘယ်သူသည် ထိုရဟန္တာ ပုဂ္ဂိုလ်ကို ကဲ့ရဲ့ခြင်းငှါ ထိုက်ပါအံ့ နည်း၊ ထို ပုဂ္ဂိုလ်ကို နတ်တို့သည်လည်း ချီးမွမ်းကုန်၏၊ ဗြဟ္မာကလည်း ချီးမွမ်း၏။

**********
၁ဝ-သင်္ဂီတိသုတ်၊ ပါထိက၀ဂ်ပါဠိတော်၊ ဒီဃနိကာယ်။ စတုတ္ထ - တရား လေးပါးစု၊ ၃၀၉။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ရရသမျှသော ဆွမ်းဖြင့် ရောင့်ရဲ၏၊ ရရသမျှသော ဆွမ်းဖြင့် ရောင့်ရဲခြင်း၏ ဂုဏ်ကို ချီးမွမ်းလေ့ရှိ၏၊ ဆွမ်းဟူသော အကြောင်းကြောင့် မလျောက်ပတ်သော မသင့်လျော်သော ရှာမှီးခြင်းသို့လည်း မရောက်၊ ဆွမ်းမရခြင်းကြောင့်လည်း မတုန်လှုပ်၊ ဆွမ်းရခြင်း ကြောင့်လည်း ကပ်ငြိသောစိတ် မရှိ၊ တွေဝေသောစိတ် မရှိ၊ တွယ်တာသောစိတ် မရှိ၊ အပြစ်ကို ရှုလေ့ ရှိ၏၊ (တဏှာမှ) ထွက်မြောက်သော ပညာနှင့် ပြည့်စုံသည်ဖြစ်၍ သုံးဆောင်၏၊ ထိုရရသမျှသော ဆွမ်းဖြင့် ရောင့်ရဲခြင်းကြောင့် မိမိကိုယ်ကိုလည်း မချီးမြှောက်၊ သူတစ်ပါးကိုလည်း မရှုတ်ချ၊ ထိုရရသမျှသော ဆွမ်းဖြင့် ရောင့်ရဲခြင်း၌ အကြင် ရဟန်းသည် လိမ္မာ၏၊ ပျင်းရိခြင်း မရှိ၊ ပညာ အဆင်အခြင်နှင့် ပြည့်စုံ၏၊ သတိနှင့် ပြည့်စုံ၏။

ငါ့သျှင်တို့ ဤသို့သော ရဟန်းကို ရှေး၌ဖြစ်သော အမြတ်ဟူ၍ သိအပ်သော အရိယဝံသတရား၌ တည်သော ရဟန်းဟု ဆိုအပ်၏။ (၉-၂)

**********

အထက်ပါသုတ်တော်ကောက်နုတ်ချက်တွေကို လေ့လာမိရင် သံဃာတော်တွေရဲ့ ဆွမ်းအပေါ်ထားတဲ့သဘောထားကို အနည်းအပါးတော့ တီးခေါက်မိလောက်မယ်လို့ထင်ပါတယ်။ ကျွန်တော်တို့သာမန်လူတွေ စားတဲ့ ထမင်းတစ်နပ်နှင့် သံဃာတော်တွေ ဘုန်းပေးကြတဲ့ ဆွမ်းတစ်နပ်မှာ ကွာဟချက်တွေက အများကြီးဆိုတာ အထင်းသားတွေ့နိုင်မှာပါ။


သံဃာဆိုတာ ဘာမှန်းသေသေချာချာ မသိကြတဲ့ မိဘကမွေးဖွားလာကြမယ့် သားသမီးတွေကို သူတို့မိဘတွေက သံဃာကို ဘယ်လိုကြည်ညိုတတ်အောင် သင်ကြားပေးမလဲဆိုတာ ကျွန်တော် တွေးကြည့်မိပါတယ်။ ဗုဒ္ဓဘာသာဆိုတာကို အခြေခံမှမသိတဲ့ သူတွေ နိုင်ငံရပ်ခြားတိုင်းပြည်တွေရောက်ကြလို့ ဟိုကလူမျိုးခြားတွေက ကိုယ့်ဘာသာအကြောင်းများ မေးလာကြရင် ဘာတွေများ ဖြေကြမလဲဆိုတာကိုလည်း တွေးကြည့်မိပါတယ်။ ဒီလိုနဲ့ ဗုဒ္ဓဘာသာတိုင်းပြည်အဖြစ် အမည်ခံထားတဲ့ ကျွန်တော်တို့တိုင်းပြည်မှာ ယောင်ချာချာဗုဒ္ဓဘာသာဝင်တွေက နောင်လာမယ့်အနာဂတ်သာသနာတော်ကို ဘယ်လို ထောက်ပံ့သွားကြမလဲဆိုတာလည်း တွေးကြည့်မိပါတယ်။

ကျွန်တော် ထင်တာပေါ့လေ။ (ဆိုလိုတာ ဟုတ်ချင်မှလည်း ဟုတ်မယ် ဆိုတဲ့သဘောပေါ့။) ကျွန်တော်တို့ နိုင်ငံမှာ ဘာသာရေးဘက်က Educate လုပ်တဲ့အပိုင်းမှာ အားနည်းချက်တွေရှိနေသေးသလိုပါဘဲ။ ကျွန်တော်ငယ်ငယ် ကလေးဘ၀က ရပ်ကွက်တွေမှာ ဗုဒ္ဓဘာသာအခြေခံယဉ်ကျေးမှုသင်တန်းတွေဖွင့်တာမျိုးရှိခဲ့ပါတယ်။ နောက်ပိုင်း ကျောင်းတွေမှာ ကျောင်းစစတက်ချင်း ၁၅ မိနစ်လောက် ဗုဒ္ဓဘာသာအခြေခံလေးတွေ ဆရာတွေက သင်ပေးကြပါတယ်။ ကျွန်တော်ဆိုရင် အဲဒီသင်တန်းလေးတွေကနေ ဘာသာရေးအခြေခံကောင်းရခဲ့တယ်လို့ ပြောလို့ရပါတယ်။ နောက်ပိုင်း ရပ်ကွက်တွေမှာ ယဉ်ကျေးမှုသင်တန်းလုပ်တာ သတိမထားမိတော့ပါဘူး။ ကျွန်တော်တို့ အခုလူလတ်ပိုင်းအရွယ်ရောက်လာတဲ့အချိန်ကျတော့မှ တချို့ မြို့ နယ်တွေမှာ နွေရာသီယဉ်ကျေးမှုသင်တန်းလေးတွေ ပြန်ဖွင့်လာတာ တွေ့လာရပါတယ်။

ဘာသာရေး အခြေခံကောင်းဆိုတာ လူငယ်ကလေးဘ၀မှာကတည်းက သင်ကြားပေးထားနိုင်ရင် အကောင်းဆုံးပဲလို့ ထင်ပါတယ်။ အရွယ်အတော်ကြီးမှ သူတို့ကို ဘာသာရေးအကြောင်းသွားသင်ပြဖို့ဆိုတာ ထင်သလောက်မလွယ်တော့ပါဘူး။ တခြားဘာသာတွေကလည်း ပုံစံမျိုးစုံနှင့် စည်းရုံးရေးတွေလုပ်နေကြတော့ ကိုယ့်ဆီမှာ ဘာသာရေးအခြေခံကောင်းကောင်းရှိမထားရင် နားယောင်သွားဖို့ဆိုတာ အခွင့်အရေးက တအားများပါတယ်။

နားယောင်လို့ ပါသွားကြသူတွေကို နားယောင်ရကောင်းလားလို့ အပြစ်ပြောနေမယ့်အစား ကိုယ့်ဘာသာရဲ့  အခြေခံအုတ်မြစ်ကို ခိုင်မာသထက်ခိုင်မာလာအောင် သံဃာတော်တွေ အပိုင်းကရော၊ လူပုဂ္ဂိုလ်တွေ အပိုင်းကရော ကိုယ်တတ်နိုင်သလောက် အားလုံးဝိုင်းဝန်းပြီး ပူးပေါင်းဆောင်ရွက်သွားကြမယ်ဆိုရင်တော့ အနာဂတ်သာသနာတော်အတွက် စိတ်အေးနိုင်လိမ့်မယ်လို့ ထင်မိပါကြောင်း အပြုသဘောဆောင်ပြီး အကြံပြုမိပါတယ်ခင်ဗျား။

Ref: ဗုဒ္ဓတရားတော်များ (www.lknt.org)

(သံဃာ့ဂုဏ်ကို အာရုံပြုပူဇော်ရင်း ဤစာစုကိုရေးပါသည်။)

ဆက်လက်ဖတ်ရှုရန်

Sunday, March 20, 2011

Homeless အတွေးများ (၁)


ဝဋ်လည်တာများလားမသိပါ

ကျွန်တော် ဒီနိုင်ငံရောက်ခါစ တစ်ရက် ဆိုင်တစ်ဆိုင်ကို ၀င်သွားတော့ ကျွန်တော့်အရှေ့ မှာ အ၀တ်အစားနွမ်းနွမ်းပါးပါးနှင့် လူတစ်ယောက်ပစ္စည်းဝယ်ပြီး ပြန်ထွက်သွားတာကို တွေ့လိုက်တယ်။ သူလည်း ထွက်သွားတာနှင့် ဆိုင်ဝန်ထမ်းက Air Fresher ဗူးယူလာပြီး တစ်ဆိုင်လုံးကို လိုက်ဖြန်းပါတော့တယ်။ ကျွန်တော့်ကိုလည်း နံတယ်နော် လို့ လှမ်းပြောလိုက်ပါသေးတယ်။ ကျွန်တော်က အဲဒီတုန်းက နှာခေါင်းပဲ ပိတ်နေလို့လားမသိ။ ဘာအနံ့မှတော့ သေသေချာချာ မရလိုက်ပါဘူး။

တခါတော့ကျွန်တော်ရထားစီးသွားတုန်း ဘူတာတစ်ခုရောက်တော့ ကျွန်တော့်ဘေးက နေရာလွတ်မှာ လူတစ်ယောက်လာထိုင်ပါတယ်။ သူထိုင်လိုက်တာနှင့် ကျွန်တော်ထိုင်နေတဲ့ ခုံတန်းမှာရှိတဲ့တခြားသူတွေ အားလုံးရော၊ အရှေ့ ကခုံတန်းမှာ ထိုင်နေတဲ့သူတွေရော၊ ကျွန်တော်အရှေ့ မှာ မတ်တပ်ရပ်စီးနေသူတွေအားလုံးရော တခြားနေရာကို ထထွက်သွားကြပါတယ်။ ကျွန်တော်က သူတို့ကို ကြည့်ပြီး ဘာဖြစ်တာပါလိမ့်လို့ တွေးမိပါတယ်။ တွေးလို့မှ မဆုံးသေးခင်ဘဲ နှာခေါင်းထဲကို စူးရှပြင်းထန်တဲ့ချဉ်စုတ်စုတ် အနံ့တစ်မျိုးဝင်လာပါတယ်။ ဘယ်ကထွက်လာတဲ့ အနံ့များလဲလို့ ကျွန်တော် လိုက်ရှာကြည့်လိုက်တော့ နောက်ဆုံးသဘောပေါက်သွားပါတယ်။ ကျွန်တော့်ဘေးမှာ လာထိုင်လိုက်တဲ့သူဆီကပါ။ ကျွန်တော်ကတော့ ထိုင်လက်စနှင့် မထူးတော့ပါဘူးဆိုပြီး ဆင်းမယ့်ဘူတာအထိကို ကျိတ်မှိတ်ဆက်ထိုင်ဖြစ်ခဲ့ပါတယ်။

ဒီရောက်ပြီး တော်တော်ကြာလာတော့မှ တဖြည်းဖြည်းနှင့် ဒီက လူတန်းစားတစ်မျိုးအကြောင်းကို သိရှိလာခဲ့ပါတယ်။ သူတို့တွေကို Homeless တွေလို့ပဲခေါ်ကြပါတယ်။ သူတို့တွေရဲ့  အသွင်အပြင်က တခြားလူတွေထက် ပိုပြီးသိသာထင်ရှားပါတယ်။ အ၀တ်အစားစုတ်စုတ်ပြတ်ပြတ်တွေကိုဝတ်ထားကြတယ်။ နေတော့ ဘူတာတွေ၊ ပန်းခြံကစားကွင်းတွေ၊ တံတားအောက်တွေ၊ လူသွားစင်္ကြံဘေးတွေမှာ ကဒ်ထူပြားတွေ၊ ပလက်စတစ်တွေကို အခင်းအကာလုပ်ပြီးနေကြပါတယ်။ တချို့ တွေက သွားလေရာ လက်တွန်းလှည်းတစ်ခုပါပြီး သူတို့ရဲ့ အသုံးအဆောင်ပစ္စည်းတွေကိုတင်ပြီး လျှောက်သွားတတ်ကြပါတယ်။ ဘာအလုပ်မှ မယ်မယ်ရရမလုပ်ကြပါဘူး။ သူတို့အတွက် အသုံးတည့်မယ့်ပစ္စည်းတွေကို အမှိုက်ပုံးတွေထဲကနေ နှိုက်ယူသွားတတ်ကြပါတယ်။ တချို့ တွေဆို လမ်းဘေးမှာချထားတဲ့ Automatic Vending Machines တွေအောက်ကို လက်နှိုက်ပြီး ပိုက်ဆံအကြွေတွေကို ရှာဖွေတတ်ပါတယ်။ သူတို့ကိုကြည့်လိုက်ရင် များသောအားဖြင့် အိပ်နေကြတာများပါတယ်။ ရုံးခန်းတွေ၊ ဆိုင်ခန်းတွေ ညဘက်ရောက်လို့ ပိတ်လိုက်တာနှင့် အဲဒီအခန်းတွေရှေ့ အပေါက်ဝမှာ သူတို့ကနေရာယူလိုက်တတ်ကြပါတယ်။ နေပူပူ၊ မိုးရွာရွာ၊ နှင်းကျကျ ဘယ်လောက်ပဲအေးနေနေ သူတို့တွေဟာ သူတို့တစ်နေရာစာကို ရအောင်ဖန်တီးပြီး နေတတ်ကြပါတယ်။

သူတို့တွေလာပြီဆိုရင် အရင်ဆုံးသတိထားမိမှာက သူတို့ရဲ့ အနံ့ပါဘဲ။ ကိုယ်လက်သန့်စင်မှုကို မလုပ်တာ အချိန်ဘယ်လောက်ကြာနေပြီလဲဆိုတာတော့မခန့်မှန်းတတ်ပါဘူး။ သူတို့လာရင် ဘယ်လိုမှ သည်းမခံနိုင်အောင်ကို အနံ့က ဆိုးဝါးပြင်းထန်ပါတယ်။ အထူးသဖြင့် ရထားပေါ်တက်လာရင် ကျန်တဲ့သူတွေအားလုံး ထွက်ပြေးကြတော့တာပါဘဲ။ သူတို့တွေကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ပါဘူး။ ခပ်တည်တည်နှင့် ထိုင်ခုန်မှာဝင်ထိုင်ပြီး အိပ်ပါတော့တယ်။ တချို့ လည်း စိတ်မနှံ့သူတွေလို တစ်ယောက်တည်း စကားတွေပြောနေတတ်ပါတယ်။ တခြားလူတွေကိုတော့ အကြောင်းမဲ့ ရန်ရှာလေ့ရှာထမရှိပါဘူး။ ဒါပေမယ့် သူတို့ ဂျပန်လူမျိုးအချင်းချင်းကတော့ Homeless ဆိုရင် ရွံရှာဖွယ်လူသားအဖြစ် စာရင်းသွင်း ထားတတ်ကြပါတယ်။

Homeless ဘ၀ကို အကြောင်းအမျိုးမျိုးနှင့် သူတို့ရောက်ခဲ့ကြပါတယ်။ တချို့လည်း အကျင့်စာရိတ္တပိုင်းမှာ အားနည်းခဲ့ကြလို့ အသိုင်းအ၀ိုင်းက လက်မခံကြတော့တဲ့အတွက်၊ တချို့လည်း ၀န်ထမ်းဘ၀မှာ လုပ်ကိုင်နေရင်း နိုင်ငံစီးပွားရေးကျပ်တည်းချိန် ၀န်ထမ်းလျှော့လိုက်တာနှင့် ကြုံကြိုက်လိုက်တဲ့အတွက်၊ တချို့လည်း မိမိပိုင်ငွေကြေးအားလုံးကို စီးပွားရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုတစ်ခုခုလုပ်လိုက်ရာက အရှုံးပေါ်သွားပြီး ပြန်လည်နလံမထူနိုင်ကြတော့တဲ့အတွက် စသည်ဖြင့် အမျိုးမျိုးပါဘဲ။

အစိုးရပိုင်း နှင့် အခြားလူမှုရေးအဖွဲ့အစည်းတွေက သူတို့တွေအတွက် နေစရာ စီစဉ်ပေးတာတို့ တခြားစောင့်ရှောက်မှုအပိုင်းတွေ လုပ်တော့ လုပ်ပေးကြပါတယ်။ ဒါပေမယ့် နိုင်နိုင်နင်းနင်းမလုပ်ပေးနိုင်တာလား၊ Homeless တွေကိုယ်တိုင်ကပဲ အစိုးရနှင့် အဖွဲ့အစည်းတွေက စီစဉ်ပေးတာကို လက်မခံကြတာလားတော့ မသိပါဘူး။ သူတို့တွေကိုတော့ နေ့စဉ်လိုပဲ အမြဲမြင်နေ တွေ့နေကြရပါတယ်။

မတ်လ(၁၁)ရက်နေ့ ဆူနာမီဖြစ်တော့ ရထားတွေအားလုံးရပ်၊ ကားတွေကလည်းကျပ်၊ လူတွေတော်တော်များများ အိမ်ပြန်လို့မရကြတော့ပါဘူး။ နောက်တစ်နေ့ရထားလိုင်းပြန်ဖွင့်တာကိုစောင့်ရင်း တော်တော်များများ ဘူတာတွေမှာ အဆင်ပြေသလိုအိပ်ကြရပါတော့တယ်။ အဲဒီနေ့ညက ကျွန်တော်နှင့် သူငယ်ချင်းတွေကားနှင့် ပြန်လာကြတော့ လမ်းတလျှောက် ဘူတာတွေရှေ့ မှာ အ၀တ်အစားသားသားနားနား ၀တ်ထားကြတဲ့သူတွေ ကဒ်ထူပြားတွေခင်း၊ သူတို့ပစ္စည်းတွေ ဘေးမှာချပြီး စိတ်ညစ်ညစ်နှင့် ထိုင်နေ၊ လှဲနေကြတာကို တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ ကားပေါ်ကဆင်းပြီး လမ်းလျှောက်ကြတော့ မြေအောက်ဘူတာတွေကို ဖြတ်ပြီးလျှောက်ကြတဲ့အခါ မြေအောက်ဘူတာသွားတဲ့ စင်္ကြံလမ်းတစ်လျှောက် ကဒ်ထူပြားတွေ အ၀တ်တွေခင်းပြီး အိပ်နေကြတဲ့ လူတန်းကြီးကို မျက်စိတစ်ဆုံးတွေ့လိုက်ရပါတယ်။ သူတို့ကိုမြင်တော့ ကျွန်တော့်စိတ်ထဲ Homeless တွေကို ပြေးမြင်ယောင်လိုက်မိပါတယ်။

ညက NHK သတင်းကြည့်တော့ ဆူနာမီဖြစ်ခဲ့တာကို တစ်ပတ်စာ Documentary ပြန်ရိုက်ပြထားတဲ့ အစီအစဉ်ကို ကြည့်လိုက်မိပါတယ်။ ဆူနာမီကို အကြီးအကျယ်ထိခဲ့တဲ့ဒေသက ဒေသခံတွေကို အင်တာဗျူးထားတာတွေကို ကြည့်လိုက်ရတော့ သူတို့တွေမှာ အိမ်တွေ၊ ကားတွေလည်း ရေထဲပါလို့ ဘာမှမရှိတော့ဘူး၊ သူတို့ဝတ်ထားတဲ့ အ၀တ်အစားတစ်စုံကလွဲလို့ ဘာမှ မကျန်တော့ဘူး၊ စားဖို့လည်း မရှိ၊ သောက်ဖို့ရေလည်း မရှိ ဖြစ်နေပြီး၊ အခု အရေးပေါ်ဖွင့်ထားတဲ့ ဒုက္ခသည်စခန်းမှာ ဖြစ်သလိုနေနေကြရတယ်။ ရာသီဥတုက သုညအောက်ကျနေတဲ့အချိန်မှာ အပူပေးစက်လည်းမရှိ၊ အနွေးထည်လည်းမရှိ၊ မိသားစုဝင်တွေကလည်း သေသလား ရှင်သလား မသိ။ သူတို့တွေ ရင်ထဲမှာ ဘယ်လောက်များ ဆင်းရဲပူပန်နေလိမ့်မလဲဆိုတာကို ကိုယ်ချင်းစာကြည့်မိပါတယ်။

သူတို့တွေဟာ အရင်က တိုက်ပိုင်၊ ကားပိုင်၊ အိမ်ပိုင်တွေနှင့် သက်တောင့်သက်သာနေနိုင်ခဲ့ကြတဲ့ ဘ၀ပိုင်ရှင်တွေပါ။ အခုတော့ ထမင်းတစ်နပ်စားဖို့အတွက် ကယ်ဆယ်ရေးအဖွဲ့ ကကျွေးတဲ့ထမင်းကို တန်းစီစောင့်ဆိုင်းနေကြရတဲ့ သူတွေဖြစ်နေကြပါပြီ။ ဟောခန်းမကြီးထဲမှာ လူရာပေါင်းများစွာနှင့်အတူ ရောနှောအိပ်စက်နေကြရတဲ့သူတွေ ဖြစ်သွားကြရပါပြီ။ ဒါဟာ သဘာဝဘေးဒဏ်ကပ်ဆိုးကြီးကြောင့်ပဲလား၊ သူတို့တွေရဲ့  တစ်ချိန်ကလုပ်ခဲ့တဲ့ အကုသိုလ်ကံက ၀ဋ် တဖန်ပြန်လည်တာလားဆိုတာကိုတော့ ကျွန်တော် မဝေခွဲတတ်ပါဘူးခင်ဗျား။

Ref: http://en.wikipedia.org/wiki/Homelessness_in_Japan







ဒီအောက်ကပုံက ကျွန်တော့်အိမ်နားက ရထားလမ်းတံတားအောက်က Homeless နေရာပါ



ဆက်လက်ဖတ်ရှုရန်

Friday, March 18, 2011

တပေါင်းလပြည့်နေ အမှတ်တရ တရားတော်လက်ဆောင်


သဂါထာဝဂ္ဂသံယုတ်ပါဠိတော်
၂ - ဒုတိယ၀ဂ်
၇ - အပ္ပမာဒသုတ်

၁၂၈။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်ပြီးသော ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားအား “အသျှင်ဘုရား မျက်မှောက်ဘဝ၌ ခံစားရသောအကျိုး၊ တမလွန်ဘဝ၌ ခံစားရသောအကျိုး ဟူသော အကျိုးနှစ်ပါးတို့ကို သိမ်းကျုံးယူ၍ တည်သော တစ်ခုသော တရားသည် ရှိပါသလော” ဟု ဤစကားကို လျှောက်၏၊ မင်းကြီး မျက်မှောက်ဘဝ၌ ခံစားရသောအကျိုး၊ တမလွန်ဘဝ၌ ခံစားရသော အကျိုးဟူသော အကျိုးနှစ်ပါးတို့ကို သိမ်းကျုံးယူ၍ တည်သော တစ်ခုသော တရားသည် ရှိသည်သာလျှင်တည်း ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား မျက်မှောက်ဘဝ၌ ခံစားရသောအကျိုး၊ တမလွန်ဘဝ၌ ခံစားရသော အကျိုးဟူသော အကျိုးနှစ်ပါးတို့ကို သိမ်းကျုံးယူ၍ တည်သော တစ်ခုသော တရားသည် အဘယ်ပါနည်း ဟု (ဤသို့လျှောက်၏)၊ မင်းကြီး မျက်မှောက်ဘဝ၌ ခံစားရသောအကျိုး၊ တမလွန်ဘဝ၌ ခံစားရသောအကျိုး ဟူသော အကျိုးနှစ်ပါးတို့ကို သိမ်းကျုံးယူ၍ တည်သော တစ်ခုသော တရားဟူသည် မမေ့လျော့မှု “အပ္ပမာဒတရား” ပင်တည်း။

မင်းကြီး ဥပမာသော်ကား ကုန်းသတ္တဝါတို့၏ ခြေရာဟူသမျှ အားလုံးတို့သည် ဆင်ခြေရာ၌ ပေါင်းစုခြင်းသို့ ရောက်ကုန်၏၊ ဆင်ခြေရာကို ကြီးသည်၏အဖြစ်ကြောင့် ထိုကုန်းသတ္တဝါတို့၏ ခြေရာတို့ထက် လွန်ကဲ၏ ဟူ၍ ပြောကြားအပ်သကဲ့သို့ မင်းကြီး ဤအတူသာလျှင် မျက်မှောက်ဘဝ၌ ခံစားရသော အကျိုး၊ တမလွန်ဘဝ၌ ခံစားရသောအကျိုးဟူသော အကျိုးနှစ်ပါးတို့ကို သိမ်းကျုံးယူ၍တည်သော တစ်ခုသော တရားဟူသည် မမေ့မလျော့မှု “အပ္ပမာဒတရား” ပင်တည်း ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ပ။

အသက်ရှည်ခြင်းကို လည်းကောင်း၊ ရောဂါမရှိခြင်းကို လည်းကောင်း၊ အဆင်းလှခြင်းကို လည်းကောင်း၊ နတ်ပြည်ကို လည်းကောင်း၊ အမျိုးမြတ်ခြင်းကို လည်းကောင်း၊ မွေ့လျော်ခြင်းတို့ကို လည်းကောင်း အဆင့်ဆင့် အမြတ်တို့ကို တောင့်တသောသူသည် (မမေ့မလျော့ ပြုအပ်၏)။

ပညာရှိတို့သည် ကုသိုလ်ပြုရာ ပုညကိရိယာဝတ္ထုတို့၌ မမေ့မလျော့ခြင်းကို ချီးမွမ်းကုန်၏၊ မမေ့မလျော့သော ပညာရှိသည် အကျိုးနှစ်ပါးတို့ကို သိမ်းယူနိုင်၏၊ မျက်မှောက်ဘဝ၌ ခံစားရသော အကျိုး၊ တမလွန်ဘဝ၌ ခံစားရသောအကျိုးဟူသော အကျိုးနှစ်ပါးကို ရခြင်းကြောင့် ပညာရှိသော သူကို “ပဏ္ဍိတ” ဟူ၍ ဆိုအပ်၏ ဟု (မိန့်တော်မူ၏)။

ဆက်လက်ဖတ်ရှုရန်

Thursday, March 17, 2011

ကျွန်တော်နှင့် ဂျိရှင်း

(၁)
ကျွန်တော် ဂျပန်ရောက်ခါစ တစ်ရက်မှာ ကျွန်တော်ထက် နှစ်ပေါင်းများစွာ စောရောက်နေတဲ့ စီနီယာတစ်ယောက်က “ဂျပန်မှာနေရင် အမြဲသတိထားနေရမှာက ဂျိရှင်းပဲ။ ဂျိရှင်းအတွက် အမြဲပြင်ဆင်ထားဖို့လိုမယ်။” လို့ ပြောလာတော့ ကျွန်တော်က အူကြောင်ကြောင်နှင့် “ဂျိရှင်းဆိုတာ ဘာလဲအစ်ကို” လို့ မေးလိုက်ပါတယ်။ သူက မဆိုင်းမတွပဲ ပြန်ဖြေတယ်။ “ငလျင်” တဲ့။

(၂)
မြန်မာပြည်မှာနေတုန်းက ငလျင်ဆိုတာ ဘယ်လိုမျိုးကြီးများလဲလို့ တွေးမိခဲ့ဖူးပါတယ်။ ကိုယ့်တိုင်းပြည်မှာ တစ်ချိန်က အကြီးအကျယ်လှုပ်ခဲ့ဖူးခဲ့ပေမယ့် ကိုယ့်အသက်အရွယ်နှင့်က မမှီခဲ့တာလား မမှတ်မိတော့လား သေသေချာချာ မသိတော့ပါဘူး။ ၂၀၀၄ မှာ ဖြစ်ခဲ့တဲ့ဆူနာမီမှာ ငလျင်လှုပ်တုန်းကလည်း တိုက်တိုက်ဆိုင်ဆိုင် အိပ်ပျော်နေတဲ့အချိန်မှာ ဖြစ်သွားခဲ့တော့ တကယ်ကို ဘာမှ မသိလိုက်ပါဘူး။ ကိုယ်တိုင်က အိပ်ပုပ်ကြီးတာလည်း ပါတာပေါ့လေ။

ဂျပန်မှာနေတာ နှစ်ပေါက်ပြီး နေသားကျလာတော့ ငလျင်ဆိုတာ သိပ်တော့ အထူးအဆန်းမဟုတ်တော့သလို စိတ်ထဲခံစားလာရပါတယ်။ ဘာလို့လဲဆိုတော့ အင်အားသိပ်မပြင်းထန်တဲ့ ငလျင်သေးသေးလေးတွေက အလျင်းသင့်သလို လှုပ်နေတတ်တာကိုး။ သူလှုပ်လည်း ကိုယ့်လုပ်နေလက်စ အလုပ်မပျက် ဆက်လုပ်နေလိုက်တာပါဘဲ။ စက္ကန့်ပိုင်းလောက် လှုပ်ပြီးသွားတော့လည်း နဂိုပုံမှန်အတိုင်း ပြန်ဖြစ်သွားတတ်တာမို့ပါ။

ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ နယူးဇီလန်မှာ ငလျင်လှုပ်လိုက်ကတည်းက ဆူနာမီလာဖို့ အခြေအနေရှိတယ်ဆိုတာကတော့ ကြိုသိနေပါတယ်။ ဒါပေမယ့် ဘယ်အချိန် ဘယ်လိုလာမလဲဆိုတာတော့ သတိမထားမိခဲ့ပါဘူး။ အင်တာနက်သတင်းဖတ်ရင်လည်း မြန်မာပြည်သတင်းတွေကိုပဲ ဦးစားပေးဖတ်တာ အကျင့်ပါနေတော့ ဂျပန်ပြည်သတင်းဖတ်ဖို့ များသောအားဖြင့် မေ့မေ့သွားတတ်ပါတယ်။ ဂျပန်ပြည်တွင်းသတင်းက ကိုယ့်တိုင်းပြည်သတင်းလောက် စိတ်ဝင်စားဖို့မကောင်းတာလည်း ပါတာပေါ့လေ။

(၃)
ပြီးခဲ့တဲ့ အပတ် သောကြာနေ့က နေ့လည် ၂နာရီခွဲလောက် နေ့လည်စာထမင်းစားပါတယ်။ ထမင်းစားလို့ပြီးတဲ့အချိန် ဖြစ်ချင်တော့ ဗိုက်ထဲက ဆန္ဒပြလာတာနဲ့ ကိစ္စရှင်းဖို့ သန့်စင်ခန်းထဲဝင်လိုက်ပြီး စထိုင်မယ်ရှိသေး။ အခန်းက တအိအိနှင့်လှုပ်လာပါတော့တယ်။ ကျွန်တော်လည်း ရုတ်တရတ် ဆူနာမီဆိုတာကို မေ့နေလေတော့ ပုံမှန်လှုပ်နေကျ အသေးစားငလျင်လေးတွေလှုပ်တာလို့ပဲ အောက်မေ့ပြီး ကိုယ့်ကိစ္စကို ပြီးအောင် ဆက်လုပ်လိုက်ပါတယ်။ ဒါပေမယ့် ထင်ထားသလို မဟုတ်ပဲ လှုပ်တာက စက္ကန့်ပိုင်းနှင့် ရပ်မသွားပဲ တဖြည်းဖြည်းကြမ်းလာတော့မှ ခေါင်းထဲမှာ ဆူနာမီဆိုတာကြီးက ပြေးဆောင့်ပါတော့တယ်။ ဒီတော့မှ “ဟ..မဖြစ်ချေဘူး။” ဆိုပြီး ကိစ္စကို အမြန်ပြီးအောင်ဖြတ်လို့ သန့်စင်ခန်းထဲက အမြန်ထလစ်ရပါတယ်။

ကျွန်တော်သန့်စင်ခန်းအပြင်ဘက်ရောက်ချိန်မှာတော့ ကျွန်တော်ရှိနေတဲ့အခန်းထဲမှာ လူတစ်ယောက်မှ မရှိတော့ပါဘူး။ ကျွန်တော်လည်း သေချာအောင် အခန်းထဲ လိုက်ကြည့်လိုက်ပါသေးတယ်။ စားပွဲအောက်တွေများ ၀င်နေကြတာများလားပေါ့။ ဘယ်သူမှမရှိတာကျိန်းသေတော့မှ အခန်းထဲက ထွက်ခဲ့လိုက်ပါတယ်။ ကျွန်တော်ရှိနေတဲ့အခန်းက အဆောက်အဦးရဲ့ သုံးထပ်မှာဆိုတော့ လှေကားကနေဆင်းရင်း သိပ်တော့မဆင်းလိုက်ရပါဘူး။ အောက်ကကွင်းပြင်ထဲမှာတော့ လူတွေ ရာချီပြီး စုရုံးနေကြပါပြီ။ အခန်းထဲကသူတွေနှင့် အောက်မှတွေ့တော့မှ ကျွန်တော်အပေါ်မှာကျန်ခဲ့မှန်း သူတို့သိကြပါတယ်။ အားလုံးအလန့်တကြားထွက်ပြေးကြတော့ သန့်စင်ခန်းထဲမှာ လူရှိနေခဲ့တယ်ဆိုတာကို ဘယ်သူမှ သတိမထားမိကြတော့ဘူးပေါ့။ အင်း...အခန်းတံခါးတွေ အားလုံးပွင့်ပြီး ကျန်ခဲ့တာ တော်ပါသေးရဲ့ လို့ ပဲ ကိုယ့်ဖာသာ တွေးမိပါတော့တယ်။

ဒီလိုနှင့် ၂နာရီ၄၅လောက်က လှုပ်လိုက်တဲ့ငလျင်ဟာ လှုပ်လိုက် ရပ်သွားလိုက်၊ ပြန်လှုပ်လိုက်နှင့် တစ်နာရီကျော်လောက် ဆက်တိုက်ဖြစ်နေခဲ့ပါတယ်။ ပထမတစ်ကြိမ်လှုပ်လို့ပြီးသွားတော့ ပြီးသွားပြီ ထင်ပြီး အားလုံး ကိုယ့်နေရာကိုယ် ပြန်တက်လို့မှ အပေါ်မှာ မထိုင်ရသေးဘူး နောက်တခါထပ်လှုပ်ပြန်တော့ အောက်ပြန်ဆင်းပြေးရပြန်ပါရော။ နောက်ဆုံးတော့ အားလုံး အောက်မှပဲ အေးအေးလူလူထိုင်နေလိုက်ကြပါတော့တယ်။ လုံးဝ စိတ်ချလောက်တဲ့ အနေအထားရောက်တော့မှ အပေါ်ကို ပြန်တက်ကြပါတယ်။

အဲဒီအချိန်မှာ သတင်းတွေကစပြီး ရေလှိုင်းတွေတက်တာတွေ မီးလောင်တာတွေ စပြနေပါပြီ။ အိမ်ပြန်ဖို့က ရထားလိုင်း ချက်ချင်းတော့ ပြန်ဖွင့်အုံးမှာ မဟုတ်မှန်းသိတော့ မပြန်ဖြစ်သေးပဲ အနီးပတ်ဝန်းကျင်တွေလျှောက်ကြည့်စပ်စုရင်း အချိန်ဖြုန်းနေလိုက်ပါတယ်။ နောက် တော်တော်ကြာတဲ့အချိန် ရထားလိုင်းများဖွင့်လောက်မလားလို့ထင်မိလို့ ဘူတာရုံဘက်သွားကြည့်တော့ ၀င်ပေါက်သံဘာဂျာတံခါးတွေတောင် ဆွဲပိတ်ထားလိုက်ပါသေးတယ်။ လူတွေလည်း အုံခဲပြီး ဘက်စ်ကားစောင့်တဲ့သူနှင့် Taxi စောင့်တဲ့သူနှင့် အများသုံးဖုန်းမှာ တန်းစီနေကြသူတွေနှင့် ရှုပ်ရှပ်တွေခက်နေပါတော့တယ်။

ဒီလိုနှင့် ညနေစောင်းလွန်လို့ ညရောက်သွားတဲ့ အချိန်ထိ လူတွေအုံခဲနေကြတုန်းပဲဆိုတော့ အိမ်ပြန်ဖို့ကမလွယ်ကူတော့မှန်း သဘောပေါက်သွားပါတယ်။ Taxi ကလည်း ငှားရမလွယ်၊ ငှားလို့ရရင်တောင်မှ လမ်းတွေကပိတ်နေလို့ ကားကဘီးမရွေ့ ဘဲ မီတာတွေတက်ပြီး ကားခ အဆမတန်ကျသွားမယ့် အခြေအနေမှာရှိပါတယ်။ တချို့ တွေကတော့ ဆိုင်တွေကနေစက်ဘီးတွေဝယ်စီးပြီး ပြန်ကြပါတယ်။ တချို့ ကတော့ လမ်းလျှောက်ကြတယ်။ ကျွန်တော်ကတော့ ညအထိလုပ်နေကြတဲ့မိတ်ဆွေတွေကို စောင့်ရင်း သူတို့အိမ်လိုက်အိပ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

အလုပ်ထဲက စီနီယာဂျပန်ကသဘောကောင်းစွာနှင့် သူ့အိမ်ကကားကို ပြန်ယူပြီး ကျွန်တော်တို့ သူငယ်ချင်းသုံးယောက်ကို လိုက်ပို့ပေးပါတယ်။ သူ့ကားပေါ်စတက်တဲ့အချိန်မှာ ည၁နာရီခွဲလောက်ဖြစ်နေပါပြီ။ အဲဒီအချိန်ကနေ ကားစစီးလာလိုက်တာ လမ်းမှာ ကားတွေက ကြပ်၊ မီးပွိုင့်တွေမိ၊ တအိအိနှင့် ခရီးကမတွင်နိုင်ပါဘူး။ ကျွန်တော်လည်း ကားစီးရင်း အိပ်ငိုက်လာတော့ အိပ်ပျော်သွားလိုက်၊ ပြန်နိုးလာလိုက်နှင့်။ ကြည့်လိုက်ရင် ကားက မောင်းနေရတယ်လို့ကို မရှိပါဘူး။ ရပ်နေရတာကများနေပါတယ်။ နောက်ဆုံး ကျွန်တော်တို့လည်း လိုက်ပို့ပေးတဲ့ ဂျပန်ကို အားနာလာကြတာနှင့် သူ့ကို ပြန်ခိုင်းလိုက်ပြီး လမ်းဆင်းလျှောက်ကြပါတော့တယ်။ ကျွန်တော်တို့သွားမယ့် မိတ်ဆွေအိမ်နဲ့ လည်း သိပ်မဝေးတော့တဲ့ နေရာရောက်နေတာလည်း ပါပါတယ်။ ကားပေါ်က ဆင်းတဲ့အချိန်မှာ မနက်၎နာရီခွဲနေပါပြီ။ အခုရောက်နေတဲ့နေရာကို တကယ်လို့ ရထားနှင့်လာရင် မိနစ်၂၀လောက်ပဲ ကြာတာပါ။ အခုတော့ ကားကို သုံးနာရီလောက်စီးလိုက်ရပါတယ်။ အဲဒီကနေ လမ်းလျှောက်ပြီး သွားလိုက်တာ တစ်နာရီလောက်လျှောက်တော့ နားမယ့်အိမ်ကို ရောက်ပါတော့တယ်။ ရာသီဥတုတအားအေးနေတဲ့အချိန် အပြင်မှာလမ်းလျှောက်တာမှာ ကျွန်တော်က အ၀တ်အစားထူထူဝတ်မထားမိတော့ အအေးမိပြီး ဖျားပါတော့တယ်။ ဒါနဲ့ပဲ အသိအိမ်မှာ ဆေးတောင်းသောက်ရင်း တီဗွီသတင်းတွေကြည့်လိုက် အိပ်ပျော်သွားလိုက်၊ သတင်းမေးတဲ့ဖုန်းတွေဝင်လာရင် ထဖြေလိုက်၊ ပြန်အိပ်လိုက်နှင့် တစ်မနက်ကုန်သွားပါတယ်။ ညနေဘက် ကိုယ်စီးရမယ့်ရထားလိုင်းပြန်ဖွင့်တော့မှဘဲ အိမ်ပြန်ခဲ့ရပါတယ်။

(၄)
အခုဖြစ်တဲ့ဆူနာမီမှာ လောလောဆယ်အချိန်အထိ ကိုယ်ကိုယ်တိုင်နှင့် ကိုယ့်ပတ်ဝန်းကျင်ကအသိမိတ်ဆွေတွေ ဘေးမသီရန်မခပဲ အေးအေးဆေးဆေးရှိနေကြပေမယ့်လည်း ကိုယ်နှင့် တစ်မြေထဲမှာ နေနေကြတဲ့ မြောက်ပိုင်းက ငလျင်ဒဏ်နှင့် လှိုင်းဒဏ်သင့် ဂျပန်ပြည်သူတွေအတွက်ကိုတော့ တကယ် စိတ်မကောင်းဖြစ်မိပါတယ်။ ရာသီဥတုက ဆိုးရွားပြင်းထန်နေရတဲ့အထဲ အိုးမဲ့အိမ်မဲ့ စားရသောက်ရမဲ့ဖြစ်ကြရပါတယ်။ ချစ်ခင်သူတွေနှင့် သေကွဲတွေ ရှင်ကွဲတွေ ကွဲကြရပါတယ်။ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေ ရေနှင့်အတူ ပျက်စီးဆုံးရှုံးသွားကြရတယ်။ အဲဒီကြားထဲ Nuclear ကိစ္စကပါ ထပ်ပြီး စိုးရိမ်ဖွယ်ဖြစ်လာပြန်တော့ သူတို့တွေ ခံစားနေကြရမယ့် ဒုက္ခဆင်းရဲက ကိုယ်ချင်းစာမိပါတယ်လို့ ပြောရမှာတောင် အဲဒီစကားက ပေါ့ရွှတ်ရွှတ်ဖြစ်နေမယ်ထင်ပါတယ်။

ဒီရက်ပိုင်းထဲ ဘာတွေ တွေးဖြစ်နေလဲဆိုတော့ ဘယ်အရာမှ ကိုယ်လိုသလို မဖြစ်ပါလား၊ ဘယ်အရာမှ အစိုးမရပါလား လို့ မြတ်စွာဘုရားရှင် မိန့်တော်မူခဲ့တဲ့ အနတ္တတရားရဲ့  သဘောသဘာဝကို အကြမ်းထည်သဘော ဆင်ခြင်နှလုံးသွင်းဖြစ်ပါတယ်။ လောကဓံတရား (၈)ပါးမှာ အကောင်းလောကဓံတွေနှင့် ကြုံနေတဲ့အခိုက်ဆိုရင် လူတွေက လောကဓံပါလားလို့ အသိအမှတ်မပြုတတ်ကြပေမယ့် အဆိုးလောကဓံနှင့် ကြုံလာကြရင်တော့ ပြူးတူးပြာတာနှင့် တုန်လှုပ်ခြောက်ခြားနေတတ်ကြတာကိုလည်း ထပ်ပြီး သတိပြုလိုက်မိပါတယ်။

နောက် အမြဲတမ်း အာရုံပြုဖြစ်တဲ့ အဘိဏှသုတ်တော်။

၁။ ငါသည် အိုခြင်းသဘောရှိသည်ဖြစ်၏။ အိုခြင်းသဘောတရားကို မလွန်ဆန်နိုင်။

၂။ ငါသည် နာခြင်းသဘောရှိသည်ဖြစ်၏။ နာခြင်းသဘောတရားကို မလွန်ဆန်နိုင်။


၃။ ငါသည် သေခြင်းသဘောရှိသည်ဖြစ်၏။ သေခြင်းသဘောတရားကို မလွန်ဆန်နိုင်။


၎။ ငါ့အား ခပ်သိမ်းသော နှလုံးကိုပွားစေတတ်သော အဆွေအမျိုး၊ အဆွေခင်ပွန်း၊ ချစ်ကျွမ်းဝင်သူတို့ နှင့် အရပ်တစ်ပါးသို့  ပြောင်းသွားသဖြင့် ရှင်ကွဲ ကွဲရခြင်းသည် လည်းကောင်း၊ ဘ၀တစ်ပါးသို့  ပြောင်းသွားသဖြင့် သေကွဲ ကွဲရခြင်းသည် လည်းကောင်း ဖြစ်တတ်ချေ၏။


၅။ ငါသည် ကံသာလျင် မိမိဥစ္စာရှိသည်၊ ကံသာလျင် အကြောင်းရင်းရှိသည်၊ ကံသာလျင် အမွေခံရှိသည်၊ ကံသာလျင် အဆွေအမျိုးရှိသည်၊ ကံသာလျင် ကိုးကွယ်လဲလျောင်းရာ ရှိသည် ဖြစ်၏။ ကောင်းသည်လည်းဖြစ်သော၊ မကောင်းသည်လည်းဖြစ်သော အကြင်ကံကို ပြုအံ့။ ထိုပြုသော ကောင်းမှုမကောင်းမှုကံ၏ ကောင်းမွေ ဆိုးမွေခံသည် ဖြစ်ရအံ့။

တကယ့်အရေးဖြစ်လာတော့ ကိုယ်စုဆောင်းထားတဲ့ ဥစ္စာတွေ၊ ပိုင်ဆိုင်သမျှ ပစ္စည်းတွေလည်း ဘာမှယူလို့မရ။ ခင်မင်ရသူ၊ ချစ်ကျွမ်းဝင်သူတွေနှင့်လည်း ခွဲရ။ ကိုယ့်နှင့်အတူမခွဲပဲ တကယ်ကျန်ခဲ့တာက ကိုယ်ပိုင်ထားတဲ့ ကံ ဆိုတာ တစ်ခုတည်းပါဘဲ။

(၅)
ဟိုးတစ်နှစ်က ၂၀၁၂မှာ ကမ္ဘာပျက်မယ်ဆိုပြီး လူတွေ ပြောလိုက်ကြ၊ စာတွေရေးလိုက်ကြတာ။ ၂၀၁၂မှာ ကမ္ဘာပျက်မပျက် မသိပေမယ့် ၂၀၁၁မှာတော့ ဂျပန်ကျွန်းကတော့ အတော်စုတ်ပြတ်သွားပါပြီ။ ဂျပန်လူမျိုးတွေအတွက်တော့ ဒါဟာ သူတို့ရဲ့  ကမ္ဘာပျက်မှုလို့ ပြောလို့ရပါတယ်။

ပြီးခဲ့တဲ့အပတ်ကစလိုက်တဲ့ ဒီဆူနာမီဇာတ်လမ်းက အခုထိမပြီးသေးပါဘူး။ ဒီရက်ပိုင်းထဲ ငလျင်တွေလည်း ထပ်လှုပ်ဖို့ရှိနေသေးတယ်။ လောလောဆယ်လည်း လှုပ်နေတယ်။ Nuclear Radiation ကလည်း ဘယ်လိုဘယ်ပုံနှင့် သတင်းကို စုံနေတာပါဘဲ။ စားနပ်ရိက္ခာတွေ ပြတ်လပ်သွားဖို့ကလည်း ဖြစ်နိုင်ချေတွေရှိနေတယ်။ ဂယက်ပေါင်းများစွာကြားထဲမှာ သတင်းစုံကို နားထောင်ရင်း ပြင်ဆင်မှုတွေကို တတ်နိုင်သလောက် လုပ်တော့ လုပ်နေတာပါဘဲ။ ဒါပေမယ့် အနတ္တတရားကို မေ့ထားလို့တော့ မရဘူးပေါ့လေ။

ဘာပဲဖြစ်ဖြစ် “ငါသည် မုချသေရမည်၊ အချိန်ပိုင်းသာ လိုတော့သည်” ဆိုတဲ့ ဆရာတော်ဘုရားကြီးရဲ့  အဆုံးအမသြ၀ါဒဟာ အခုအချိန်မှာ ပိုပြီး အသက်ဝင်စေပါတယ်။ မသေခင်လေးမှာ တန်ဖိုးရှိတာလေးတွေရွေးလုပ်ရင်း သေရမယ်ဆိုရင်လည်း စိတ်အေးလက်အေး ငြိမ်းငြိမ်းချမ်ချမ်း သေချင်ပါတယ်။

လောလောဆယ်တော့ အားရှိတာတွေ ရွေးစား၊ အိပ်ရေးဝအောင်အိပ်ရင်း ဘာဖြစ်မယ်မှန်းမသိတဲ့ အနာဂါတ်အတွက် ကြိုတင်ပြင်ဆင်နေပါတယ်။

ဂျပန်ပြည်သူတွေအားလုံးနှင့် ကမ္ဘာသူကမ္ဘာသားတွေအားလုံး ဘေးအန္တရယ်အပေါင်းမှ အမြန်ဆုံး ကင်းစင်လွတ်မြောက်ပြီး စိတ်ဆင်းရဲခြင်း၊ ကိုယ်ဆင်းရဲခြင်းအပေါင်းမှ လွတ်ကင်းချမ်းသာနိုင်ကြပါစေ။ ကမ္ဘာကြီး အမြန်ပြန်လည် ကျန်းမာလာပါစေလို့ ဆန္ဒမွန်ပြုရင်း။

လေးစားစွာဖြင့်
ဝိမုတ္တိသုခ
၁၇ ဖေဖော်ဝါရီ ၂၀၁၁။



ငလျင်လှုပ်နေချိန်တုန်းက အုန်းပင်လေတိုက်ချိန်ယိမ်းသလို ယိမ်းနေခဲ့တဲ့ အဆောက်အဦး



ကုမ္ပဏီဝန်ထမ်းများ အုပ်စုလိုက် ငလျင်ရှောင်နေစဉ်



ကျည်ဆံရထားဂိတ်မှာ ရထားလိုင်းအဖွင့်ကို စောင့်မျှော်နေကြသူများ



လက်ကိုင်ဖုန်းလိုင်းတွေပြတ်တောက်သွားလို့ အများသုံးဖုန်းကို တန်းစီနေကြစဉ်


ဘူတာဝင်ပေါက်မှ ဘာဂျာတံခါးများကို ဆွဲပိတ်ထားစဉ်


Bus နှင့် Taxi ကို စောင့်နေကြသူများ


ငလျင်အရှိန်ကြောင့် ပြုတ်ကျသွားတဲ့ ဘူတာအရှေ့ စင်္ကြံက မီးဆိုင်းကြီးကို ချက်ချင်းပြန်လည်ပြုပြင်နေစဉ်





တစ်နာရီအတွင်း ဆက်တိုက်လှုပ်နေတဲ့ ငလျင်ကိုရှောင်ဖို့ ကွင်းပြင်ရှိရာ စုရုံးရောက်ရှိလာကြသူများ








ဆက်လက်ဖတ်ရှုရန်