Sunday, December 11, 2011

အရိယာ၊ Suicide နှင့် RIP

ဒီရက်ပိုင်းထဲ သတင်းတွေ နှင့် Facebook စာမျက်နှာပေါ်မှာ Suicide သတင်းတွေ Hot ဖြစ်နေတာလိုက်ဖတ်ရင်း အတွေးတွေ ဘောင်ဘင်ခပ်မိတယ်။

ကျွန်တော်အခုရောက်နေတဲ့ နိုင်ငံမှာတော့ ဒီ case တွေက အမြဲလိုကြားနေရတော့ ရုတ်တရတ်တော့ သိပ်မထူးဆန်းသလိုပဲ။ နောက်မှ အော်...မြန်မာလူမျိုးတစ်ယောက်က ဒါမျိုးလုပ်လိုက်တာ ဆိုတော့လည်း ဆိုပြီး အတွေးကို ပြင်လိုက်ရပါတယ်။

လူတွေ ကိုယ့်ဖာသာကိုယ် သတ်သေကြတာ အကြောင်းအမျိုးမျိုး၊ ရည်ရွယ်ချက်လည်း အမျိုးမျိုး ရှိကြပါတယ်။ တချို့ လည်း စီးပွားရေးကြောင့်၊ တချို့ လည်း ဂုဏ်သိက္ခာကြောင့်၊ တချို့ လည်း ယုံကြည်ချက်ကြောင့်၊ တချို့ လည်း ကျန်းမာရေးကြောင့်၊ တချို့ လည်း အချစ်ရေးကြောင့်၊ တချို့ လည်း အိမ်ထောင်ရေးကြောင့် စသည်ဖြင့် အရွယ်အမျိုးမျိုးမှာ မတူညီတဲ့ အကြောင်းပြချက်တွေ အမျိုးမျိုးနှင့် ဒီကိစ္စကို ပြုလုပ်ဖို့ ဆုံးဖြတ်တတ်ကြတယ်။

များသောအားဖြင့်တော့ Suicide လုပ်လိုက်ကြတဲ့သူတွေဟာ ကိုယ့်တစ်ဦးတည်းရဲ့  စိတ်ခံစားမှုတစ်ခုတည်းကိုပဲ ဦးစားပေးပြီး ဒီလိုလုပ်လိုက်ကြတာများပါတယ်။ အဲဒီ Suicide လုပ်တော့မယ့်အချိန်မှာ ဖြစ်နေတဲ့ အလွန်ပြင်းထန်တဲ့စိတ်ရဲ့ ခံစားမှု Threshold ကို မကျော်လွှားနိုင်တော့တဲ့သဘောမျိုးလို့ အကြမ်းအားဖြင့်တော့ နားလည်မိပါတယ်။ ဒီလိုလုပ်တာကို လူ့အဖွဲ့အစည်းတွေအားလုံးက ကန့်ကွက်ကြသလို ဘာသာရေးရှုထောင့်ကကြည့်ရင်လည်း မလုပ်သင့်ပါဘူးလို့ ပြောဆိုထားကြတာပါပဲ။ ဒါပေမယ့် လုပ်တဲ့သူတွေကတော့ လုပ်နေကြသလို နောင်လည်း လုပ်နေကြအုံးမှာပါဘဲ။ ဒါက အခုခေတ်မှာမှ ရှိခဲ့တာ မဟုတ်ပါဘူး။ ဟိုး ရှေးနှစ်ပေါင်းများစွာကတည်းကရှိနေခဲ့တဲ့ အလေ့အထတစ်ခုဖြစ်နေတာကိုး။

ဗုဒ္ဓဘာသာရှုထောင့်ကနေ ကြည့်ရင်တော့ အခုလို Suicide လုပ်တဲ့သူတွေဟာ သူတို့ရဲ့ နောက်ဆုံးအချိန် ဖြစ်နေတဲ့ စိတ်အစဉ်မှာ အကုသိုလ်အတွေးတွေကပဲ အားကြီးဦးစီးနေမှာသာဖြစ်လို့ သေခဲ့ရင်တော့ ဘ၀ကူးကောင်းဖို့ အခွင့်အလမ်း အတော်လေးကို နည်းတယ်လို့ ပြောရမှာပါဘဲ။ သူတို့ သေဖို့ ရည်ရွယ်လိုက်ရတဲ့ အကြောင်းအရင်းကလည်း အတ္တတွေအပေါ်မှာ အခြေခံပြီးမှ ဖြစ်တည်လာခဲ့တာမဟုတ်လား။ ဒါကြောင့် လူတွေဆုတောင်းပေးနေသလို RIP ဖြစ်ဖို့ဆိုတာ မလွယ်လောက်ဖူးလို့ ထင်ပါတယ်။

အဲဒါနှင့် စပ်ဆက်ပြီး တွေးစရာတချို့ ခေါင်းထဲ ၀င်လာပါတယ်။

တချို့ တိုင်းပြည်တွေမှာ ဘာသာရေးယုံကြည်မှုအတွက် အုပ်စုလိုက်သော်လည်းကောင်း၊ တစ်ဦးချင်းစီသော်လည်းကောင်း ကိုယ့်ကိုယ်ကို သတ်သေကြတဲ့ အဖြစ်အပျက်တွေ ရှိခဲ့ဖူးပါတယ်။ သူတို့အတွက်တော့ ဒါဟာ မွန်မြတ်သော သေဆုံးခြင်းလို့ ယူဆသွားကြမှာပါဘဲ။ သူတို့တွေ တကယ် RIP နိုင်ကြမလား။

တချို့ လူမျိုးတွေ Suicide Bombing တွေလုပ်ကြတယ်။ မိမိတို့ ယုံကြည်တဲ့ ဘာသာတရားအတွက် မွန်မြတ်တဲ့ အလုပ်တစ်ခုအဖြစ် လုပ်သွားကြတယ်။ သူတို့ရော ဘယ်လိုဖြစ်မလဲ။

တချို့ တိုင်းပြည်တွေမှာကျတော့ မိမိတို့မနှစ်မြို့ တဲ့ အုပ်ချုပ်သူခေါင်းဆောင် တစ်ယောက်ယောက်အတွက် မိမိအသက်ကို စတေးပြီး လုပ်ကြံမှုတွေလုပ်ကြတယ်။ ပုဂ္ဂလိကခံစားမှုမျိုးမဟုတ်ပဲ တကယ်ကို တိုင်းပြည်အတွက် မရှိသင့်တဲ့ ဆိုးရွားယုတ်မာတဲ့ အာဏာရှင်တစ်ဦးဦးအတွက် အခုလို အသက်နှင့်လဲပြီး ကြံစည်တာမျိုးဆိုရင်ရော လုပ်သင့်လား။ သူ့အတွက်ကော ဘ၀ကူးကောင်းနိုင်မလား။ သူ့လုပ်ရပ်က ပါရမီမြောက်တဲ့ လုပ်ရပ်လား။

ဂရိပညာရှိ Socrates ရဲ့  သေဆုံးမှုကို ဘယ်လိုပြောမလဲ။ သူ့အတွက်ပေးထားတဲ့ အဆိပ်ခွက်ကို အေးအေးဆေးဆေးသောက်ရင်း မိမိရဲ့ ယုံကြည်မှုအတွက် အသက်ကို စတေးသွားတယ်။ သူ့ရဲ့  Suicide လုပ်မှု (သေဖို့အတွက် ရွေးချယ်လိုက်မှု) ကို ကဲ့ရဲ့ ကြမှာလား။

ဘုရားရှင်လက်ထက်က ရဟန်းတော်တချို့  တရားဘာဝနာအားထုတ်ကြရင်း ခန္ဓာကိုယ်အပေါ် ငြီးငွေ့စိတ်ကုန်လာလို့ ကိုယ့်ဖာသာကိုယ် သေကြောင်းကြံစည်ကြသတဲ့။ တချို့ လည်း အဲဒီလို သတ်သေလို့ သေခါနီးဆဲဆဲမှာတင် ရဟန္တာဖြစ်သွားကြတယ်လို့ မှတ်သားဖူးတယ်။

နောက်ဆုံးတစ်ခု....။

ဘုရားရှင်လက်ထက်က သာကီဝင်မင်းတစ်ပါးဖြစ်တဲ့ မဟာနာမ်မင်းအကြောင်းပါပဲ။ မဟာနာမ်မင်းဟာ မြတ်စွာဘုရားရှင်ရဲ့ တရားတော်ကို နာရပြီးနောက်ပိုင်းမှာ သကဒါဂါမ်အရိယာပုဂ္ဂိုလ်ဖြစ်သွားခဲ့ပါတယ်။ မြတ်စွာဘုရားရှင်အပေါ်မှာလည်း အထူးပဲ ကြည်ညိုတဲ့ မင်းတစ်ပါးပါ။ တစ်ချိန်မှာတော့ ၀ိဋဋူဘမင်းနှင့် စစ်ဖြစ်ရာမှာ စစ်ရှုံးပါတယ်။ ၀ိဋဋူဘက မဟာနာမ်မင်းကို မသတ်ပါဘူး။ ဒါပေမယ့် မာနကြီးတဲ့ သာကီဝင်နွယ်ဖွား မဟာနာမ်မင်းဟာ အသက်ရှင်ရတာထက် သေရတာက မြတ်တယ်လို့ ဆုံးဖြတ်ပြီး ကိုယ့်ဖာသာ သေကြောင်းကြံစည်ခဲ့ပါတယ်တဲ့။

ဒီနေရာမှာ သေမှုမြောက်မမြောက်ကို မပြောလိုပေမယ့် ဘာလို့ အရိယာပုဂ္ဂိုလ်တစ်ယောက်က သေကြောင်းကြံစည်ရတာလဲဆိုတဲ့ မေးခွန်းက ကျွန်တော့်ကို အခုထိ အဖြေမပေးနိုင်ဖြစ်နေပါတယ်။

သူလို ပါရမီဘုန်းကံကြီးမားတဲ့ အရိယာပုဂ္ဂိုလ်တစ်ဦးတောင်မှ သေကြောင်းကြံစည်သေးတယ်ဆိုရင် ခေတ်အဆက်ဆက်နှင့် ယခုခေတ်မှာ လူတွေ သေကြောင်းကြံနေကြတာ ဘာများပြောစရာရှိတော့မှာလဲလို့ အူကြောင်ကြောင် လျှောက်တွေးမိပါတယ်ခင်ဗျား။


လေးစားစွာဖြင့်

ဝိမုတ္တိသုခ

၁၉၊ နိုဝင်ဘာ၊ ၂၀၁၁။

No comments:

Post a Comment