Thursday, December 8, 2011

သူ့အလုပ်သူလုပ်... ကိုယ့်အလုပ်ကိုယ်လုပ်...

တခါက ကျွန်တော့်အသိ ဘာသာရေးမိတ်ဆွေတစ်ယောက်က သူကိုးကွယ်တဲ့ ဆရာတော်ဘုရားကြီးကို သူ့ဇနီးသည်အကြောင်း သွားလျှောက်တယ်တဲ့။

ဘာလျှောက်သလဲဆိုတော့ “ဆရာတော်ဘုရား။ တပည့်တော်ရဲ့ ဇနီးက ည ည ဆို ဘုရားစင်ရှေ့ သွားပြီး တရားသွားထိုင်တယ်ဘုရား။ အပြင်မှာ ခြင်တွေက ဒီလောက်ကိုက်တာ။ ကိုယ့်ဖာသာကိုယ် အိပ်ယာပေါ်မှာ ခြင်ထောင်ထဲအေးအေးဆေးဆေးထိုင်ပြီး အားထုတ်ရင်လည်း ရတာပဲမဟုတ်လားဘုရား၊ တပည့်တော်ကတော့ ခြင်ကိုက်တော့မခံနိုင်ဘူး။ ခြင်ထောင်ထဲမှာပဲ တရားထိုင်တယ်ဘုရား။” လို့ လျှောက်တယ်။ ဒီတော့ ဆရာတော်ကြီးက “ဟဲ့...ဒကာ။ သူ့ ဖာသာ သူ့သဒ္ဓါနှင့် သူ လုပ်တာ။ သွားအပြစ်ပြောမနေနဲ့။ သူ ဘုရားစင်ရှေ့ အားထုတ်တာလည်း အပြစ်မဖြစ်ဘူး။ ဒကာ ခြင်ထောင်ထဲ အားထုတ်တာလည်း အပြစ်မဖြစ်ဘူး။ သူ့သဒ္ဓါတရားကို သွားကဲ့ရဲ့ တော့မှ ဒကာအပြစ်ဖြစ်မယ်။ သူ့အလုပ်သူလုပ်၊ ကိုယ့်အလုပ်ကိုယ်လုပ်။ အလကားနေရင်း အကုသိုလ်လိုက်မယူနဲ့ ။” တဲ့။

လူတွေမှာ စရိုက်အသီးသီးရှိကြတော့ သဒ္ဓါစရိုက်အားကြီးတဲ့လူတွေလည်း ကျွန်တော်တို့တွေ ပတ်ဝန်းကျင်မှာ တွေ့နေမြင်နေရတတ်ပါတယ်။ သဒ္ဓါအားကြီးတဲ့သူတွေမှာ များသောအားဖြင့်ကြည့်လိုက်ရင် တွေးတောဆင်ခြင်မှုအပိုင်း အားနည်းနေတတ်ကြပါတယ်။ အထူးသဖြင့် ဘာသာရေးလိုကိစ္စမျိုးတွေမှာ သဒ္ဓါစရိုက်အားကြီးတဲ့သူတွေကလည်း များတတ်ပါတယ်။ ဒါကြောင့်လည်း မျက်ကန်းယုံကြည်မှု ဆိုတဲ့ အသုံးအနှုန်းဖြစ်လာတာပါဘဲ။ မြတ်စွာဘုရားရှင်ကတော့ ကာလာမသုတ် ကိုဟောပြီး အရာရာကို အတည်မယူဖို့၊ သေသေချာချာလေ့လာဆန်းစစ်ပြီး တကယ်အကျိုးရှိပြီ၊ ဟုတ်မှန်ပြီဆိုမှ ယုံကြည်လက်ခံဖို့ ဟောခဲ့ပေမယ့်လည်း ဒီသုတ်တော်ဟာ သဒ္ဓါစရိုက်သမားတွေအတွက် အဓိကရည်ရွယ်ပြီး ဟောခဲ့တဲ့ တရားအမျိုးအစား မဟုတ်ဘူးလို့ ထင်မိပါတယ်။

တခြားသော အယူဝါဒတွေကို မျက်ကန်းယုံကြည်တာ၊ သဒ္ဓါလွန်တာတွေထက်စာရင်တော့ ဗုဒ္ဓဘာသာနှင့်ပတ်သက်တဲ့ကိစ္စတွေမှာ အယုံအကြည်လွန်တာက အဲဒီပုဂ္ဂိုလ်တွေအတွက် အကျိုးတော့ မယုတ်ဘူးလို့ ထင်မိပါတယ်။ ဘာလို့လဲဆိုတော့ အကုသိုလ်မဖြစ်ပဲ ကုသိုလ်တွေသာ ဖြစ်စေမှာမို့လို့ပါ။ မြတ်စွာဘုရားရှင်ကတော့ အသိဉာဏ်တွေ တစတစရင့်ကျက်လာပြီး အဆုံးစွန်မှာတော့ ကုသိုလ်အကုသိုလ်တို့ကနေလွတ်တဲ့ နိဗ္ဗာန်ကို ရောက်အောင် လမ်းပြသွန်သင်ခဲ့၊ သွားစေချင်ခဲ့ပေမယ့်လို့ လောလောဆယ် လူတွေ အဲလောက်ထိ ရောက်အောင် မလုပ်နိုင်သေးရင်တောင် အကုသိုလ်မဖြစ်ပဲ၊ ကုသိုလ်ဖြစ်တယ်ဆိုရင်လည်း ဘာပဲဖြစ်ဖြစ် ကောင်းတာပါပဲလေ။

ဒါကြောင့် ကျွန်တော်ကတော့ ပတ်ဝန်းကျင်မှာ ရင်းနှီးတဲ့သူတွေ သူတို့ကိုးကွယ်တဲ့ ဆရာတော်တစ်ပါးပါးကို အကြည်ညိုလွန်တာတို့၊ ဘာသာရေးနှင့်ပတ်သက်တဲ့ ထူးထူးဆန်းဆန်းအဖြစ်အပျက်တွေမှာ စိတ်ဝင်စားကြတာ၊ အယုံအကြည်လွန်တာမျိုးတွေ တွေ့ရရင် ခုန အပေါ်က ဆရာတော်ကြီး ဆုံးမသလို သူများသဒ္ဓါတရားကို မကဲ့ရဲ့ မိအောင် အထူးသတိထားပြီး ကိုယ့်အလုပ်သာ ကိုယ်ဆက်လုပ်ဖို့ နှလုံးသွင်းမိပါကြောင်းခင်ဗျား။

လေးစားစွာဖြင့်

ဝိမုတ္တိသုခ

No comments:

Post a Comment