Monday, December 12, 2011

ဝိဋဋူဘ၀တ္ထု

မြတ်စွာဘုရားသည် ဤ၀တ္ထုကို ကြီးစွာသော မိုးကြီးကြောင့် သေဆုံးသွားသော ၀ိဋဋူဘနှင့် သူ၏ ပရိသတ်တို့ကိုကို အကြောင်းပြု၍ ဟောတော်မူခဲ့သည်။ သာဝတ္ထိပြည် မဟာကောသလမင်း၏ သားသည် ပသေနဒိမင်းသားဖြစ်သည်။ ဝေသာလီပြည်တွင် လိစ္ဆ၀ီမင်း၏ သားသည် မဟာလိအမည်ရှိ၏။ ကုသိနာရုံပြည် မလ္လမင်း၏ သားသည် ဗန္ဓုလအမည်ရှိ၏။ သူတို့သည် ဒိသာပါမောက္ခဆရာကြီးထံ ပညာသင်ကြားရန်အလို့ငှာ တက္ကသိုလ်ပြည်သို့ သွားကြလေသည်။ မြို့ပြင်ရှိ ဇရပ်တွင် နားနေစဉ် တစ်ယောက်အကြောင်း တစ်ယောက် မေးကာ သူငယ်ချင်းများဖြစ်သွားကြသည်။ သူငယ်ချင်းသုံးယောက်တို့သည် ဆရာထံတွင် ပညာသင်ကြား၍ တတ်မြောက်သွားကြသောအခါ ဆရာကို ခွင့်ပန်ကာ သူတို့၏ နေရပ်အသီးသီးသို့ ပြန်လာခဲ့ကြလေသည်။

ပသေနဒိမင်းသားသည် တိုင်းပြည်ရောက်၍ အတတ်ပညာများကို ပြသရာ ဖခင်မဟာကောသလမင်းကြီးက နှစ်သက်တော်မူသဖြင့် မင်းအဖြစ်ကို ပေးလေသည်။ မဟာလိမင်းသားသည်လည်း သူ၏ အတတ်ကို လိစ္ဆ၀ီမင်းအပေါင်းကို ပြသခဲ့လေသည်။ အတတ်ပညာပြစဉ် မျက်စိများကန်းသွားသဖြင့် လိစ္ဆ၀ီမင်းအပေါင်းတို့သည် “အော် ငါတို့ရဲ့ ဆရာဟာ မျက်စိကန်းသွားလေပြီ၊ သူ့ကို တို့များ မစွန့်ကြမူ၍ ပြုစုလုပ်ကျွေးအံ့။”ဟုတိုင်ပင်ကြကာ အခွန်တစ်သိန်းထွက်သော ရွာကြီးတစ်ရွာကို ပေးခဲ့ကြသည်။ နောက်ပိုင်းတွင် လိစ္ဆ၀ီမင်းသား မဟာလိသည် လိစ္ဆ၀ီမင်းသားငါးရာ တို့ကို အတတ်ပညာကို သင်ပေးခဲ့လေသည်။ ကုဿိန္နာရုံပြည်တွင်ကား မလ္လမင်းတို့သည် ဗန္ဓုလမင်းသားလေးအား အတတ်ပညာကို ပြခိုင်းလေသည်။ မလ္လမင်းတို့သည် ၀ါးအစည်းပေါင်း(၆၀)ကို ကွင်းပြင်တွင် စိုက်ထူထားသည်။ ၀ါးတစ်စည်းတွင် ၀ါးအလုံးပေါင်း (၆၀) ခြောက်ဆယ်ပါရှိသည်။ ထိုဝါးစည်းတို့ကို ပရိသတ်များရှေ့တွင် ခုတ်ခိုင်းလေသည်။ ဗန္ဓုလမင်းသားသည် အတောင်ရှစ်ဆယ်သို့ ပြန်တက်ကာ ၀ါးအစည်းအပေါင်း (၅၉)စည်းကို အပိုင်းအပိုင်း အပြတ်အပြတ် ခုတ်နိုင်ခဲ့လေသည်။ သို့သော် သူသည် နောက်ဆုံးတစ်စည်းကို မခုတ်နိုင်ခဲ့ပါ။ ထိုအခါ မလ္လမင်း ပရိသတ်သည် မင်းသားလေးကို ၀ိုင်းကာ ပြောင်လှောင်ကြလေသည်။ မင်းသားလေးသည် နောက်ဆုံး ၀ါးစည်းကို မခုတ်နိုင်ရခြင်း၏ အကြောင်းကား ထိုဝါးစည်း၏ အလယ်တွင် သံလုံးရှည်ကို ထည့်ထားသောကြောင့်ဖြစ်လေသည်။ ထိုအခါ မင်းသားလေးသည် သူသည် မလ္လမင်းအချို့၏ ညစ်ပတ်ခြင်းကို ခံလိုက်ရသည်ကို သိသောအခါ သန်လျှက်ကို ပစ်ချလျှက် ငိုယိုလေတော့သည်။ မင်းသားလေးသည် အိမ်ကို ရောက်သောအခါ

’’ကျွန်ုပ်၏ ဆွေမျိုးတွေဟာ သိလျှက်သားနဲ့ နောက်ဆုံး ၀ါးစည်းမှာ သံလုံးရှည် ထည့်ထားတဲ့အကြောင်းကို မပြောကြပါ။ ဘယ်ဆွေမျိုးကမှ ကျွန်ုပ်ကို မချစ်ကြဘူး၊ ကျွန်ုပ်သာ အဲဒီအကြောင်းသိခဲ့ရင် အားနည်းနည်းစိုက်ပြီး ခုတ်လိုက်ရင် လုံးဝအပိုင်းအပိုင်း အပြတ်ပြတ်ဖြစ်သွားမှာပါ။ အဲဒီဆွေမျိုးတွေကို သတ်ပြီး မင်းလုပ်မယ်။’’ဟု မိခင် ဖခင်တို့အား တိုင်ပင်လေသည်။ ထိုတွင် မိခင်ဖခင်တို့က

’’ချစ်သား ဒို့များမလ္လမင်းမျိုးဆိုတာ အစဉ်အဆက်မင်းပြုကြရတာပါ၊ ချစ်သားအဲဒီ လိုလုပ်ရန် မသင့်ပါ’’ဟု ၀ိုင်းဝန်းတာမြစ်ကြလေသည်။ထိုအခါ မင်းသားလေးသည် ’’ဒါဆိုလျှင်လည်း အကျွန်ုပ်ရဲ့ သူငယ်ချင်းထံသွားမယ်’’ ဟုပြောကာ သာဝတ္ထိ ပြည်သို့ သွားလေ၏။

ဗန္ဓုလသည်ကား သူငယ်ချင်းဖြစ်သူ ပသေနဒိကောသလမင်းထံတွင် စစ်သူကြီး အဖြစ် နှင့် အမှုထမ်းခဲ့လေသည်။ ထိုအပြင် ပသေနဒိကောသလမင်းကြီးသည် ဗန္ဓုလ၏ မိဘတို့ကိုပါခေါ်၍ သူ၏ တိုင်းပြည်တွင် နေစေခဲ့သည်။

တစ်နေ့သ မင်းကြီးသည် လေသာပြူတင်းပေါက်မှ အပြင်ကို ကြည့်နေစဉ် အနာထပိဏ်သူဌေး၏ အိမ်၊ စူဠအနာထပိဏ်သူဌေး၏ အိမ်၊ ၀ါသာခါသူဌေးမ၏ အိမ်၊ သုပ္ပ၀ါသာသူဌေးမ၏ အိမ်တို့သို့ နေ့စဉ် ဆွမ်းအလို့ငှာ ကြွတော်မူနေကြသော ရဟန်းများစွာကို မြင်သောအခါ ကောသလမင်းကြီးသည်“အရှင်မြတ်တွေ ဘယ်အရပ်ကို ကြွနေကြတာလဲ၊”ဟုမေးတော်မူလေသည်။ ထိုအခါ အမတ်ကြီးများက

“အရှင်မင်းကြီး အနာထပိဏ် သူဌေးကြီးအိမ်၌ အမြဲဆွမ်း စာရေးတံဆွမ်း ဂိလာနရဟန်းများအတွက် ဆွမ်းစသည်တို့၏ အကျိုးငှာ နေ့တိုင်း ရဟန်းနှစ်ထောင်ကြွတော်မူ ကြပါသည်ဘုရား၊ စူဠအနာထပိဏ် သူဌေးကြီးအိမ်၌ အမြဲဆွမ်း စာရေးတံဆွမ်း ဂိလာန ရဟန်းများအတွက်ဆွမ်း စသည်တို့၏ အကျိုးငှာ နေ့တိုင်း ရဟန်းငါးရာ ကြွတော်မူကြပါသည်ဘုရား၊ ထို့အတူ ၀ိသာခါသူဌေးမကြီးအိမ်၌ အမြဲဆွမ်း စာရေးတံဆွမ်း ဂိလာန ရဟန်းများအတွက်ဆွမ်း စသည်တို့၏ အကျိုးငှာ နေ့တိုင်း ရဟန်းငါးရာ ကြွတော်မူကြပါသည်ဘုရား၊ ထို့အတူ သုပ္ပ၀ါသာ သူဌေးမကြီးအိမ်၌ အမြဲဆွမ်း စာရေးတံဆွမ်း ဂိလာန ရဟန်းများအတွက်ဆွမ်းစသည်တို့၏ အကျိုးငှာ နေ့တိုင်း ရဟန်းငါးရာ ကြွတော်မူကြပါ သည်ဘုရား၊ ”ဟု လျှောက်ထားကြလေသည်။

ထို့နောက် မင်းကြီးသည် ကိုယ်တိုင် ရဟန်းသံဃာများကို ပြုစုလုပ်ကျွေးလိုသည် ဖြစ်၍ ဇေတ၀န်ကျောင်းတော်သို့ သွားကာ မြတ်စွာဘုရားနှင့်တကွ ရဟန်းသံဃာ တစ်ထောင်ကို ပင့်ဖိတ်လေသည်။ ကိုယ်တိုင် ဘုရားအမှူးရှိသော သံဃာတော်များကို (၇)ရက် တိုင် တိုင် အလှူပြုတော်မူ၍ (၇)ရက်မြောက်သောနေ့တွင် မြတ်စွာဘုရား ကို ရှိခိုးပြီ၍

“အရှင်ဘုရား ရဟန်းငါးရာနှင့်တကွ နန်းတော်သို့ နေ့စဉ် ဆွမ်းခံ ကြွတော်မူပါဘုရား”လျှောက်ထားလေသည်။ ထိုအခါ မြတ်စွာဘုရားသည်

“မင်းကြီး ဘုရားတို့မည်သည် တစ်နေရာတည်းမှာ အမြဲတမ်းဆွမ်းကို အလှူခံတော်မမူကြပါ၊ လူသားတိုင်းသည် မြတ်စွာဘုရှင်တို့၏ ကြွတော်မူခြင်းကို အလိုရှိကြတယ်၊”ဟု မိန့်ကြားတော်မူသောအခါ မင်းကြီးသည်

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဒါဆိုလျှင်လည်း နေ့စဉ် ဆွမ်းအလို့ငှာ ရဟန်းတစ်ပါးကို စေလွှတ်တော်မူပါဘုရား၊”ဟု လျှောက်ထားလေသည်။ မြတ်စွာဘုရားသည် ရှင်အာနန္ဒာမထေရ်ကို တာဝန်ပေးတော်မူလိုက်လေသည်။ မင်းကြီးသည် ကြွလာတိုင်းသော ရဟန်းသံဃာတို့၏ သပိတ်ကို ယူကာ

“ဤရဟန်းတို့ကို ပြုစုလုပ်ကျွေးကြကုန်လော့ ”ဟု ကိုယ်တိုင်ပြုစုလုပ်ကျွေး၍ ရှစ်ရက်မြောက်သော နေ့တွင် မေ့နေလေတော့သည်။ မင်းမှုထမ်းမည်သည် မင်းက မစေခိုင်းပဲ ရဟန်းတို့ကို နေရာခင်းပေးခြင်း ထိုင်စေခြင်း ပြုစုလုပ်ကျွေးခြင်းဟူသော အမှုတို့ကို ပြုလုပ်ပိုင်ခွင့်မရှိကြပါ။ ထိုအခါ “ငါတို့သည် ဤအရပ်၌ တည်ခြင်းငှာ မစွမ်းနိုင်ကုန်”ဟု များစွာသော ရဟန်း တို့သည် ဆွမ်းကို မရပဲ ပြန်ကြွသွားရလေ၏။ မင်းကြီးသည် ဒုတိယနေ့လည်း မေ့ပြန်၍ ထိုအတူ ရဟန်းတို့ ပြန်ကြွသွားရလေ၏။ တတိယနေ့တွင်လည်း ထို့အတူဖြစ်ပြန်လေသည်။ ထိုအခါ ရှင်အာနန္ဒာမထေရ်ကိုသာ ထားခဲ့၍ အခြားရဟန်းတို့သည် ပြန်ကြွတော်မူကြလေသည်။

ဘုန်းကံကြီးသူတို့မည်သည် အကြောင်းထူး၌ယှဉ်သူတို့ဖြစ်ကြကုန်၏။ ဒါယကာ ဒါယိကာမတို့၏ ကြည်ညိုမှုကို စောင့်ရှောက်ကြရလေကုန်၏။

မြတ်စွာဘုရား၏ အဂ္ဂသာက၀နှစ်ပါးဖြစ်တော်မူကြသော ရှင်သာရိပုတ္တရာ, ရှင်မောဂ္ဂလာန်၊ အဂ္ဂသာဝိကာမနှစ်ပါးဖြစ်ကြသော ခေမာ, ဥပ္ပလ၀ဏ်၊ ဥပါသကာ တို့တွင် အဂ္ဂဥပါသကာ များဖြစ်ကြသော စိတ္တသူကြွယ်, ဟတ္ထာဠ၀က၊ ဥပါသိကာမတို့တွင် အဂ္ဂဥပါသိကာမများဖြစ်ကြသော နန္ဒမာတာ, ခုဇ္ဇုတ္တရာ၊ ဤရှစ်ယောက်တို့ကို အစပြုကာ ရာထူးဌာနန္တရသို့ ရောက်တော်မူကြသော အလုံးစုံသော သာဝကတို့သည် တစ်စိတ်တစ်ဒေသအားဖြင့် ပါရမီဆယ်ပါးတို့ကို ဖြည့်ဆည်းအပ်ပြီးသည်၏ အဖြစ်ကြောင့် ဘုန်းကံကြီးကြကုန်၏။ ဆုတောင်းနှင့် ပြည့်စုံကြကုန်၏။ ကမ္ဘာတစ်သိန်း ကာလပတ်လုံး ပါရမီဖြည့်ဆည်းထားသော ဆုတောင်းနှင့်လည်း ပြည့်စုံသော ဘုန်းတန်ခိုးလည်းကြီးတော်မူသော ရှင်အာနန္ဒာ မထေရ်သည်လည်း မိမိ၏ အကြောင်းထူး၌ ယှဉ်သောသူ၏ အဖြစ်ကြောင့် ဒါယကာ ဒါယိကာမတို့၏ ကြည်ညိုမှု ကို စောင့်ရှောက်လျှက် တည်နေလေ၏။ ရှင်အာနန္ဒာမထေရ်ကို နေရာတစ်နေရာ၌ ထိုင်စေတော်မူ၍ ပြုစုလုပ်ကျွေးကြကုန်ပြီ။

တစ်နေ့သ မင်းကြီးသည် ဆွမ်းလှူရာအရပ်သို့ ကြွလာတော်မူရာ ဆွမ်း ခဲဖွယ် ဘောဇဉ်များ မလျှော့သွားမူ၍ ရှိမြဲတိုင်း ရှိနေသည်ကို တွေ့ရသောအခါ

“အရှင်မြတ်တွေ ဘာကြောင့် ကြွမလာကြသနည်း”ဟု အမှူထမ်းတို့ကို မေးတော် မူလေသည်။ ထိုအခါ အမှူထမ်းများက “အရှင်မင်းကြီး ရှင်အာနန္ဒာမထေရ်တစ်ပါးသာ ကြွလာပါတယ်ဘုရား”ဟု လျှောက်တင်သည်ကို ကြားရသောအခါ မင်းကြီးသည် စိတ်ဆိုးကာ မြတ်စွာဘုရားထံသို့ သွားကာ

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဘုရားတပည့်တော်သည် ရဟန်း ငါးရာအတွက် ဆွမ်း ဆွမ်းဟင်းတို့ကို စီစဉ်ထားပါတယ်၊ ရှင်အာနန္ဒာ မထေရ် မြတ်တစ်ပါးသာလျှင် ကြွတော်မူပါတယ်၊ အခြားရဟန်းငါးရာတို့က မကြွကြပါကုန်၊ အကြောင်းအသို့ပါနည်းဘုရား”ဟု လျှောက်ထားလေသည်။ မြတ်စွာဘုရားသည် ရဟန်း တို့အား အပြစ်မဆိုမူ၍

“မင်းကြီး သင်တို့နှင့် ရင်းနှီးမှု မရှိတဲ့အတွက်ကြောင့် ကြွမလာတာ မဟုတ်ပါ မင်းကြီး”ဟုမိန့်တော်မူပြီး၍ ရဟန်းတို့ကို အောက်ပါသုတ်ကို ဟောကြားတော်မူပါသည်။

“ရဟန်းတို့ အင်္ဂါကိုးမျိုးတို့နှင့် ပြည့်စုံသော ဒါယကာ ဒါယကာမတို့အိမ်သို့ မကပ်ရောက်ရသေးသော် ကပ်ရောက်ရန်မသင့်၊ ကပ်ရောက်ပြီးသော်ကား ထိုင်နေရန် မသင့်၊ အဘယ်ကိုးမျိုးတို့နည်း ဟူမူကား မြတ်နိုးသဖြင့် ခရီးဦး မကြိုဆိုကုန်၊ မြတ်နိုး သဖြင့် ရှိမခိုးကုန်၊ မြတ်နိုးသဖြင့် နေရာမပေးကုန်၊ ထင်ရှားရှိသော လှူဖွယ်ဝတ္ထုကို ထိုရဟန်းအား လျှိုဝှက်ကုန်၏၊ လှူဖွယ်ဝတ္ထုများစွာရှိသော်လည်း အနည်းကိုသာ ပေးလှူ ကုန်၏၊ မွန်မြတ်သော လှူဖွယ်ဝတ္ထုရှိပါလျှက်လည်း ရုန့်ရင်း ကြမ်းတမ်းသော လှူဖွယ် ၀တ္ထုကို ပေးလှူကုန်၏၊ ရိုရိုသေသေ မလှူကုန်၊ မရိုမသေ ပေးလှူကုန်၏၊ တရားနာရန် ချဉ်ကပ်၍ မနေထိုင်ကုန်၊ ထိုရဟန်းဟောသော တရားကို ကောင်းစွာမနာကုန်၊ ရဟန်း တို့ အင်္ဂါကိုးမျိုးတို့နှင့် ပြည့်စုံသော ဒါယကာ ဒါယကာမတို့အိမ်သို့ မကပ်ရောက် ရသေးသော် ကပ်ရောက်ရန်မသင့်၊ ကပ်ရောက်ပြီးသော်ကား ထိုင်နေရန် မသင့်၊”

“ရဟန်းတို့ အင်္ဂါကိုးမျိုးတို့နှင့် ပြည့်စုံသော ဒါယကာ ဒါယကာမတို့အိမ်သို့ မကပ် ရောက်ရသေးသော် ကပ်ရောက်ရန်သင့်၏၊ ကပ်ရောက်ပြီးသော်ကား ထိုင်နေရန်သင့် ၏၊ အဘယ်ကိုးမျိုးတို့နည်း ဟူမူကား မြတ်နိုးသဖြင့် ခရီးဦး ကြိုဆိုကုန်၏၊ မြတ်နိုးသဖြင့် ရှိခိုးကုန်၏၊ မြတ်နိုးသဖြင့် နေရာပေးကုန်၏၊ ထင်ရှားရှိသော လှူဖွယ်ဝတ္ထုကို ထိုရဟန်း အား မလျှိုဝှက်ကုန်၊ လှူဖွယ်ဝတ္ထုများစွာကို ပေးလှူကုန်၏၊ မွန်မြတ်သော လှူဖွယ်ဝတ္ထု ကိုသာ ပေးလှူကုန်၏၊ ရိုရိုသေသေ လှူကုန်၏၊ မရိုမသေ မပေးလှူကုန်၊ တရားနာရန် ချဉ်ကပ်၍ နေထိုင်ကုန်၏၊ ထိုရဟန်းဟောသော တရားကို ကောင်းစွာနာကုန်၏၊ ရဟန်း တို့ ဤအင်္ဂါကိုးမျိုးတို့နှင့် ပြည့်စုံသော ဒါယကာ ဒါယကာမတို့အိမ်သို့ မကပ်ရောက်ရ သေးသော် ကပ်ရောက်ရန်သင့်၏၊ ကပ်ရောက်ပြီး သော်ကား ထိုင်နေရန် သင့်၏၊”ဟု မိန့်တော်မူလေသည်။

ထို့နောက် မြတ်စွာဘုရားသည် ဆက်ကာ

“မင်းကြီး ငါဘုရား၏ တပည့်သား ရဟန်းတို့သည် သင်တို့နှင့် ရင်းနှီးမှုမရှိတဲ့အတွက် ကြွမလာတာမဟုတ်ပါ၊ ရှေးပညာရှိတို့သည် အကျွမ်းမ၀င်သော်လည်း ရိုရိုသေသေ လှူဒါန်းပေးကမ်း ပြုစုလုပ်ကျွေးသည်ရှိသော် သေဘေးနှင့် ကြုံရသော ဝေဒနာကို ခံစားရသော်လည်း တရင်းတနှီး ကြွတော်မူကြပါတယ်၊”ဟု မိန့်တော်မူ လေသည်။

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဘယ်အခါကပါလဲဘုရား” ဟု မင်းကြီးမေးလျှောက်သောကြောင့် မြတ်စွာဘုရားသည် အတိတ်ကို ဆောင်လေပြီ။

လွန်လေပြီးသောအခါ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီး မင်းပြုစဉ် ကေသ၀မင်းသည် မင်းအဖြစ်ကို စွန့်ကာ ရသေ့ဝတ်ခဲ့လေသည်။ အခြားသော ငါးရားသော အမျိုးသားတို့သည်လည်း သူ့အတုလိုက်ကာ ရသေ့ဝတ်ခဲ့ကြလေသည်။ ထိုကေသ၀မင်းသည် ကေသ၀ရသေ့ဟူသော အမည်ကို ရရှိခဲ့လေသည်။ထိုနည်းတူစွာ ပသာဓန ကပ္ပကသည်လည်း ရသေ့ဝတ်ကာ ကပ္ပကအမည်ရ၍ ကေသ၀ရသေ့၏ အနီးနေ တပည့်ဖြစ်လာခဲ့သည်။ ကေသ၀ရသေ့သည် ပရိသတ်နှင့်တကွ ရှစ်လကြာ ဟိမန္တာ တောင်၌ သီတင်းသုံးနေထိုင်တော်မူပြီး၍ ယခုအခါ ဆား ချဉ် ချဉ်ဆားကို မှီဝဲရန်အလို့ ငှာ ဗာရာဏသီပြည်သို့ ကြွ၍ ဆွမ်းခံလေသည်။ ထိုအခြင်းအရာကို မြင်တော်မူသော မင်းကြီးသည် အလွန်ကြည်ညိုကာ မင်းဥယျာဉ်၌ နေတော်မူစေလျှက် ကိုယ်တိုင် ည ချမ်းအခါ ထိုရသေ့၏ နေရာအရပ်သို့ လာရောက်ဖူးတွေ့လေ၏။ ကြွင်းကုန်သော ရသေ့တို့သည် နှစ်ရက် သုံးရက်ပတ်လုံး နေ၍ ဆင်အော်သံအစရှိတို့သည် နှိပ်စက်အပ် ကုန်သည်ဖြစ်၍ ငြီးငွေ့ကာ

“ဆရာ ဒီမှာနေရတာ ငြီးငွေ့စရာပါဘုရား၊ ပြန်ကြွကြပါစို့ဘုရား” လျှောက်ထားကြလေပြီ။

“ဘယ်အရပ်သို့ သွားကြမလဲ”ဟု မေးသောအခါ

“ဟိမ၀န္တာအရပ်ပါဘုရား”ဟု လျှောက်ထားကြလေသည်။

“ငါတို့ဟာ မင်းကြီးကို လေးလပတ်လုံး နေပါမယ်လို့ ၀န်ခံကတိပေးပြီးပြီ၊ ချစ်သားတို့ ခုအချိန်မှာ ကြွရန်မသင့်တော်သေးပါ၊ ”ဟု မိန့်တော်မူသည်ရှိသော်

“အရှင်ဘုရားတို့သည် တပည့်တော်တို့ကို မမေးမူ၍သာလျှင် ၀န်ခံကတိကို ပေးခဲ့ ပြီး၊ ငါတို့သည် ဤအရပ်၌ နေခြင်းငှာ မစွမ်းနိုင်ပါ၊ ဤအရပ်မှ မနီးမဝေးသောအရပ်၌ အရှင်ဘုရားတို့၏ သတင်းစကား ကြားရာအရပ်၌ နေကြပါကုန်အံ့ဘုရား၊”ဟု ရှိခိုးကာ ထွက်သွားကြလေပြီ။ ရသေ့ဆရာကြီးသည်ကာ ကပ္ပဟုအမည်ရှိသော အနီးနေ တပည့် နှင့်တကွ ကျန်ခဲ့လေပြီ။ မင်းကြီးသည် ဥယျာဉ်သို့ ကြွလာသောအခါ

“အရှင်မြတ်တွေ ဘယ်အရပ်ကြွကုန်ကြလဲဘုရား”ဟု မေးတော်မူလေပြီ။ “မင်းကြီး ရဟန်းအားလုံးဟာ ဒီမှာနေရတာကို ငြီးငွေ့တဲ့အတွက် ဟိမ၀န္တာသို့ ပြန်ကြွ သွားကြလေပြီ”ဟု မိန့်တော်မူလေ၏။ ထို့အတူ ကပ္ပသည်လည်း ဆက်၍ နေခြင်းငှာ မပျော်မွေ့သည်ဖြစ်၍ မင်းဥယျာဉ်မှ ဖဲကြွကာ ဆရာသမား၏ အကြောင်းကို ကြား လောက်ရာအရပ်၌ နေလေပြီ။ တစ်ပါးသောအခါ၌ ကေသ၀ရသေ့ဆရာကြီးသည် ၀မ်းနာရောဂါ ဖြစ်လေသည်။ သို့သော် ထိုအကြောင်းကို အနီးနေတပည့်ဖြစ်သူ ကပ္ပရသေ့က မသိလိုက်ပါ။ မင်းကြီးသည် ကေသ၀ရသေ့ကြီး၏ ရောဂါကို ဆေးဆရာကြီး များနှင့် ကုပေးပါသော်လည်း ရောဂါသည်ကား မပျောက်ချေ။ ကေသ၀ရသေ့သည်

“မင်းကြီး ငါရဲ့အနာကို ပျောက်စေလိုပါသလား၊” မေးသောအခါ မင်းကြီးသည်

“အရှင်ဘုရား ဘုရားတပည့်တော်သာ စွမ်းနိုင်ပါက ယခုပင်လျှင် ပျောက်စေချင်ပါ တယ်ဘုရား ”ဟု လျှောက်ထားသောအခါ ရသေ့ကြီးသည်

“အရှင်မင်းကြီး ငါ့ရဲ့ ရောဂါကို ပျောက်စေလိုလျှင် ငါ့ကို တပည့်ဖြစ်တဲ့ ကပ္ပထံကို ပို့ပေးပါ၊”ဟု တောင်းဆိုလေသည်။ မင်းကြီးသည် ရသေ့ကြီးကို ညောင်းစောင်းပေါ်တွင် လျောင်းစေပြီး နာရဒအမှူးပြုသော အမတ်လေးယောက်တို့ကို ရသေ့ကြီး၏ တပည့်ရှိရာ အရပ်သို့ ပို့ခိုင်းလေပြီ။ မင်းကြီးသည် အမတ်ကြီးများကို ရသေ့ကြီး၏ ကျန်းမာရေး အခြေအနေကိုလည်း သူထံသို့ မကြာခဏသတင်းပို့ ရန်မှာကြားလိုက်လေသည်။ တပည့်ဖြစ်သော ကပ္ပရသေ့သည် ဆရာကြွလာသည်ကို ကြားရ၍ ခရီးဦးကြိုဆိုမှုကို ပြုလေသည်။ အခြားသော ရသေ့တို့သည်လည်း ဆရာရသေ့ပြန်လာသည်ကို ကြားသိရသောအခါ ထိုအရပ်သို့ စုဝေး၍ ဆရာရသေ့အား ရေနွေးပူ သစ်သီးအမျိုးမျိုး တို့ကို ကပ်လှူကြလေပြီး၊ ထိုသစ်သီးတို့ကို စားပြီးနောက် ရသေ့ကြီးသည် ခဏအတွင်း၌ပင် ရောဂါပျောက်သွားလေပြီ။ ဆရာရသေ့ကြီးသည် တစ်ရက်နှစ်ရက်အတွင်း၌ပင် အသား အရေသည် ရွှေရောင်အဆင်းကဲ့သို့ဖြစ်လေပြီ။ ထိုအခါ နာရဒအမတ်ကြီးသည် ရသေ့ကြီး ကို မေးလေပြီ။

“ဘုန်းတော်ကြီးတော်မူတဲ့ ကေသ၀ရသေ့ သင့်ဟာ အလုံးစုံသော လိုအင်ဆန္ဒကို ဖြည့် ဆည်းပေးနိုင်တဲ့ ဗာရာဏသီမင်းကို စွန့်ပြီး အဘယ်ကြောင့် ကပ္ပရသေ့၏ ကျောင်း သင်္ခမ်း၌ မွေ့လျှော်တော်မူပါသလဲဘုရား”ဟု မေးလျှောက်သောအခါ ကေသ၀ရသေ့ သည်

“အို နာရဒ အမတ်ကြီး ချိုမြိန်ကုန်သော မွေ့လျော်ဘွယ်ကောင်းကုန်သော စိတ်နှလုံးကို မွေ့လျော်စေကုန်သော် သစ်ပင်တို့သည် ရှိကြကုန်၏ ၊ ထို့အတူ ကပ္ပ၏ ကောင်းစွာ ဆိုအပ် ကုန်သော စကား တို့သည်ကား ငါအား နှစ်သက်မှုကို ဖြစ်စေကုန်၏” ထိုအခါ နာရဒ ရသေ့သည်

“စင်ကြယ်သော အသားပြွမ်းသော သလေးဆွမ်းကို ဘုဉ်းပေးရပါလျှက် အဘယ်ကြောင့် သစ်ရွက်တို့ဖြင့်ရောထားသော ဆားမပါသော မြက်သီးဆန် ကြိတ်ဆန် တို့ပြုတ်ထားသော ယာဂုကို နှစ်သက်ရပါသလဲဘုရား” ဟု မေးလျှောက်လေသည်။ ထိုအခါ ကေသ၀ရသေ့သည်

“အရသာကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ကိစ္စမရှိ၊ အကြင်အရပ်မှာ အကျွမ်းတ၀င် ဆွမ်းကို ဘုဉ်းပေးရာ၏၊ ထိုအကျွမ်းတ၀င်ရှိမှုနှင့်တူသော အခြားရသာဆိုတာ မရှိပါ။”ဟု မိန့်တော်မူလေပြီ။

“ထိုအခါက မင်းသည် မောဂ္ဂလာန်မထေရ်ဖြစ်လာသည်၊ နာရဒအမတ်သည် သာရိပုတ္တရာဖြစ်လာသည၊်အနီးနေတပည့်ကပ္ပသည်ကား အာနန္ဒာဖြစ်လာသည်၊ ငါဘုရားသည်ကား ကေသ၀ရသေ့ဖြစ်လာသည်။”ဟု မြတ်စွာဘုရားသည် ဇာတ်တော် ကို ပေါင်းတော်မူလေပြီ။

“မင်းကြီး ဤသို့လျှင် ရှေးအခါက ပညာရှိတို့သည် သေလောက်သောရောဂါ စွဲကပ် နေသော်လဲ အကျွမ်းတ၀င်ရှိရာအရပ်သို့ သွားခဲ့ကြလေကုန်ပြီ၊ ငါဘုရား၏ တပည့်သား ရဟန်းတို့သည် သင်တို့ထံမှ အကျွမ်းတ၀င်ရှိမှုကို မရကြလေခဲ့ယောင်တကား” ဟုမိန့် တော်မူလေပြီ။ မင်းကြီးသည်

“ငါသည် ရဟန်းသံဃာတို့နှင့် ရန်နှီးအောင်ပြုလုပ်သင့်၏၊ သာကီဝင် မင်းသမီး တစ်ပါး ငါ၏ နန်းတော်မှာရှိလျှင် မြတ်စွာဘုရားနှင့်လည်း ဆွေမျိုး တော်စပ်မည်၊ အကျွမ်း တ၀င်ရှိမည်၊ ရဟန်းသံဃာတို့နှင့်လည်း အကျွမ်းတ၀င်ရှိမည် ” ဟု ဤသို့ကြံစည်ကာ ကောသလ မင်းကြီးသည် သာကီဝင်မင်းသမီးတစ်ပါးကို တောင်းလေတော့သည်။ ထိုအခါ သာကီဝင်မင်းတို့သည် အစည်းအဝေးပွဲကိုပြုလုပ်ခဲ့ကြကာ ထိုစည်းဝေးပွဲ၌

“အကယ်၍ မပေးလျှင်လည်း တိုင်းပြည်ကို အန္တရယ်ပြုလိမ့်မည်၊ ဒို့အမျိုးက မြတ်တယ်၊ ဒို့အမျိုးနှင့် တူသော အမျိုးဆိုတာမရှိပါ၊”ဟု ပြောဆိုကြလေသည်။ထိုအခါ မဟာနာမ်မင်းသည်

“ငါရဲ့ကျွန်မ၏ သမီးသည် ၀ါသဘခတ္တိယအမည်ရှိ၏၊ သူမသည် အလွန်လှပသည်။ သူမကို ပေးကြမည်။”ဟု ဆုံးဖြတ်ချက် ချလိုက်ကြလေသည်။ ကောသလမင်းကြီးသည် သာကီဝင်မင်းသမီး ၀ါသဘခတ္တိယကို ဆက်သမည်ဟု သိလိုက်ရသောအခါ

“ကောင်းလေစွ လျှင်မြန်စွာ ဆောင်ကြလေလော၊ ၀ါသဘခတ္တိယမင်းသမီး၏ ခမည်းတော်နှင့်အတူတကွ ပွဲတော်တင်ပြီး၍ ၀ါသဘခတ္တိယကို ဆောင်ကြကုန်လော့”ဟု တမန်တော်တို့ကို စေလွှတ်လိုက်သည်။ တမန်တော်တို့သည် “အရှင်မင်းကြီး အရှင်မင်း ကြီးနှင့်အတူတကွ စားဖွယ်သောက်ဖွယ်တို့ကို သုံးဆောင် လိုပါတယ်ဘုရား၊” လျှောက်ထားကြလေပြီ။ မဟာနာမ်မင်းသည် ၀ါသဘခတ္တိယ၊ တမန်တော်တို့နှင့်အတူ စားသောက်ဖွယ်ရာတို့ကို သုံးဆောင်ဟန်ပြု တမာန်တော်တို့ကို ပြန်လွှတ်ခဲ့လေပြီ။ ထိုစေတမာန်တို့သည် ထိုအကြောင်းကို ကောသလမင်းကြီးကို လျှောက်ထားရာ ၀မ်းမြောက်တော်မူလှသဖြင့် ၀ါသဘခတ္တိယကို မောင်းမမိဿံငါးရာတို့၏ အကြီးအကဲ အဂ္ဂမဟေသီမိဖုရားကြီးအရာ၌ထားလေပြီ။ မကြာမီမှာပင် ရွှေအဆင်းရှိသော သားကို ဖွားမြင်လေပြီ။ ထိုအခါ ဘုရင်ကြီးနှင့် အလုံးစုံသော သူတို့သည် ပျော်ရွှင်ကြသည်။ ဗဓိရအမတ်ကြီးသည် ထိုသူငယ်၏ အမည်ကို “၀ိဋဋူဘ” ဟူသော အမည်ကို ပေးခဲ့လေသည်။ မင်းကြီးသည် သူငယ်ကို အလွန်ချစ်သဖြင့် ငယ်စဉ်ကာလကပင် စစ်သူကြီးအရာကို ပေးခဲ့လေသည်။ ၀ိဋဋူဘမင်းသားသည် ခုနှစ်သား အရွယ်တွင် အခြားမင်းသားတို့၏ အမေဘက်မှ ဆင်ရုပ်မြင်းရုပ်စသည်တို့ကို လက်ဆောင်အဖြစ် ပေးကြသည်ကို မြင်သောအခါ

“အမေ အခြားသူတို့မှာ အမေဘက်မှ လက်ဆောင်တွေပေးကြတယ်၊ သားအတွက်တော့ အမေဘက်မှ ဘယ်သူကမှလဲ လက်ဆောင်လာမပေးကြဘူး၊ အမေ့မှာ အဖေ အမေမရှိတော့ဘူးလား၊”ဟု မိခင်ကို မေးလေသည်။ထိုအခါ မိခင်က

“ချစ်သား သင်ရဲ့သာကီဝင်မင်းမျိုးဖြစ်ကုန်သော အဘိုးတို့ဟာ အလွန်ဝေးတဲ့ အရပ်မှာ နေကြတယ်၊ ထို့ကြောင့် လက်ဆောင်ကို မပို့နိုင်တာပါ ချစ်သား” ဟု လှည့်ပတ်ကာ ပြောခဲ့ရလေသည်။ ၀ိဋဋူဘသည် (၁၆)နှစ်အရွယ်ရောက်သောအခါ

“အမေရယ် အဘိုးဖက်က အမျိုးတွေကို တွေ့ချင်ပါတယ်” ဟု ဆိုလာသဖြင့်

“ချစ်သား အလွန်ဝေးတဲ့ ထိုအရပ်ကို သွားပြီး ဘာလုပ်မှာလဲ”ဟု တားမြစ်သော်လည်း အကြိမ်ကြိမ်တောင်းဆိုလေတော့သည်။ ထိုအခါ မိခင်ဖြစ်သူသည်

“ဒါဆိုလျှင်လည်း သွားတော့ သားရယ်”ဟု ခွင့်ပြုလိုက်လေသည်။ ၀ိဋဋူဘသည် ကောသလမင်းကြီးကို ပြောကြားကာ အခြံအရံတို့နှင့်တကွ ထွက်လေပြီ။ မိခင်သည် ကား သားဖြစ်သူ ၀ိဋဋူဘလာမည့်အကြောင်းကို ကြိုတင်ကာ သတင်းပို့ထားလေသည်။ သာကီဝင်မင်းတို့သည် ၀ိဋဋူဘလာမည့်အကြောင်းကို သိရသောအခါ

“ ရှိခိုးခြင်းငှာ မစွမ်းနိုင်ပါ”ဟု ၀ိဋဋူဘထက် ငယ်ကုန်သော မင်းသားတို့ကို ဇနပုဒ်အရပ်များသို့ ပို့ကြလေသည်။ ၀ိဋဋူဘနှင့် အဖွဲ့သည် ကပိလပြည်သို့ ရောက်လတ်သော် မင်းတို့စုဝေးရာခန်းမ၌ စုဝေးကြကုန်ပြီ။ ၀ိဋဋူဘသည်လည်း ထိုအရပ်၌ တည်လေပြီ။ ထိုအခါ၌ မင်းသားလေးကို

“ချစ်သား ဤသူသည်ကား သင်၏ အဖိုးပါတည်း၊ ဤသူသည်ကား သင်၏ အဖွားပါတည်း၊” ဟု ဆိုကာ ရှိခိုးစေကြကုန်ပြီ။ ထိုမင်းသားသည် အလုံးစုံးသော သူတို့ကို ရှိခိုးပါသော်လည်း သူ့ ကိုတော့ မည်သူကမျှ ရှိမခိုးသည်ကို သိရသောအခါ “ဘာကြောင့် အကျွန်ုပ်ကို ရှိခိုးမည့်သူ မရှိသနည်း” မေးလေ၏။ သာကီဝင်မင်းတို့သည် “ချစ်သား သင်ရဲ့ ညီဖြစ်တဲ့ မင်းသားတို့သည် ဇနပုဒ်အရပ်တို့သို့ သွားကြလေပြီ”ဟု ဆိုကာ ၀ိဋဋူဘကို ကြီးစွာသော ချီးမြှောက်မှုကို ပြုကြလေသည်။ ၀ိဋဋူဘသည် နှစ်ရက် သုံးရက် နေပြီ၍ ကြီးစွာသော အခြံအရံဖြင့် ထွက်သွားလေပြီ။ ထို့နောက် ကျွန်မတစ်ယောက်သည် မင်းတို့၏ စည်းဝေးရာ ခန်းမ၌ ၀ိဋဋူဘထိုင်သွားခဲ့သော ပျဉ်ချပ်ကို

“ဒီကျွန်မ၀ါသဘခတ္တိယ၏သား ထိုင်သွားတဲ့ ပျဉ်ချပ်” ဟု မြည်တွန်တောက်တီးကာ နို့ရည်ဖြင့် ဆေးနေလေသည်။ ထိုအသံကို လက်နက်မေ့၍ လာယူသော စစ်သည် တစ်ယောက်က ကြားသွားရာ ထိုအကြောင်းအရာကို စစ်သည်အပေါင်းအား ပြောကြား လေတော့သည်။ ၀ိဋဋူဘသည် ဖြစ်ကြောင်းကုန်စဉ်ကို သိရသောအခါ

“ဒီသာကီဝင်မင်းမျိုးတွေဟာ ငါထိုင်တဲ့ ပျဉ်ချပ်ကို နို့ရည်နှင့် ဆေးကြအုံးပေါ့၊ ငါမင်း ဖြစ်ရင် ငါထိုင်ခဲ့တဲ့ ပျဉ်ချပ်ကို သင်တို့ရဲ့ လည်ချောင်းသွေးနဲ့ ဆေးမယ်”ဟုစိတ်၌ တေး ထားလေသည်။ သာဝတ္ထိပြည်သို့ ရောက်သည်ရှိသော် အမတ်တို့သည် ကောသလ မင်းကြီးကို သံတော်ဦးတင်ကြရာ မင်းကြီးသည်

“ငါ့အား ကျွန်မကို ပေးခဲ့ကြတယ်”ဟု စိတ်ဆိုးကာ ၀ါသဘခတ္တိယအားလည်းကောင်း ၀ိဋဋူဘမင်းသားလေးအားလည်းကောင်း ပေးထားခဲ့သော အဆောင်အယောင်တို့ကို ဖြတ်ကာ ကျွန်မ ကျွန်ယောက်ျားတို့အား ပေးသော အဆောင်အယောင်တို့ကိုသာ ပေးလေ၏။ ထို့နောက် မြတ်ဗုဒ္ဓထံသွား၍

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား အရှင်ဘုရား၏ အမျိုးတွေဟာ ဘုရား တပည့်တော်အား ကျွန်မကိုသာ ဆက်သခဲ့ကြပါတယ်၊ ထို့ကြောင့် ထိုကျွန်မနှင့် သားကို အဆောင်အယောင်တို့ကို ဖြတ်ကာ ကျွန်မ ကျွန်ယောက်ျားတို့အား ပေးသော အဆောင်အယောင်ကိုသာ ပေးထားလိုက်ပါပြီဘုရား။”ဟု လျှောက်လေသည်။ မြတ်စွာဘုရားသည်

“မင်းကြီး သာကီဝင်မင်းတွေ ပြုလုပ်လိုက်တဲ့ ဒီအမှုဟာ မသင့်လျှော်ပါ၊ ပေးတယ် ဆိုရင် ဇာတ်တူတဲ့ သူကိုသာ ပေးသင့်တယ်၊ မင်းကြီး ယင်းသို့ပင် ဖြစ်ပါသော်လဲ ၀ါသဘခတ္တိယဟာ မင်းရဲ့ သမီး၊ သင်မင်းရဲ့ နန်းတော်မှာပဲ အဘိတ်သိက်သွန်းလောင်းထား တာ၊ ၀ိဋဋူဘလဲ မင်းမျိုးကို စွဲပြီး မွေးဖွာလာတာပါ၊ အမေရဲ့အနွယ် ဆိုတာလဲ ဘာလုပ် လို့ရမှာလဲ၊ အဖေရဲ့အနွယ်သည်သာ ပဓါနကျပါတယ်၊ ရှေးပညာ ရှိများတောင် ဆင်းရဲတဲ့ ထင်းသည်မလေးကို မိဖုရားကြီး အရာ၌ ထားခဲ့တာပါ၊ ထိုအမျိုးသမီးမှ ဖွေးတဲ့ မင်းသားလေးဟာ (၁၂)ယူဇနာကျယ်တဲ့ ဗာရာဏသီပြည်တွင် မင်းအဖြစ်သို့ ရောက်ရှိပြီး ကဋ္ဌ၀ါဟနမင်းဟု အမည်တွင်ခဲ့လေပြီ” ဟု ကဋ္ဌ၀ါဟနဇာတ်ကို ဟောတော်မူခဲ့လေပြီ။ မင်းကြီးသည် တရားစကားကို ကြားရပြီသောအခါ ၀ါသဘ ခတ္တိယနှင့် ၀ိဋဋူဘတို့ကို ပေးထားမြဲ အဆောင်အယောင် ရာထူးတို့ကို ပြန်ပေးတော်မူ ခဲ့လေပြီ။

ဗန္ဓုလစစ်သူကြီး၏ မယား မလ္လိကာသည် ကာလရှည်ကြာသော်လည်း သားသမီး မထွန်းကာခဲ့ပါ။ ထို့ကြောင့် ဗန္ဓုလသည် မလ္လိကာကို ဇာတိရပ်မြေ ကုသိနာရုံမြို့သို့ ပြန်ရန်စေခဲ့သည်။ မလ္လိကာသည် ကုသိနာရုံသို့ မပြန်မီ ဇေတ၀န်ကျောင်းတော်သို့ ၀င်ရောက်ကာ မြတ်စွာဘုရားကို ဖူးမြော်လေသည်။ ထိုအခါ မြတ်စွာဘုရားက

“ဘယ်သွားမလို့လဲ”ဟု မေးတော်မူသည်ရှိသော်

“တပည့်တော်မရဲ့ ခင်ပွန်းက ကုသိနာရုံကို ပြန်လွှတ်လို့ပါဘုရား” ဟု လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားက

“ဘာကြောင့် ပြန်လွှတ်တာလဲ ချစ်သမီး”ဟု မေးတော်မူသည် ရှိသော်

“ဘုရားတပည့်တော်ဟာ အမြုံမ၊ သားသမီး မထွန်းကားလို့ပါတဲ့ဘုရား”ဟု လျှောက်ထားလေ၏။

“ဒါဆိုရင် မပြန်နဲ့၊ နန်းတော်ကို ပြန်သွားပါ၊” ဟု မိန့်တော်မူလိုက်လေသည်။ မလ္လိကာသည် ၀မ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ မြတ်ဗုဒ္ဓကို ရှိခိုးကာ နန်းတော်သို့ ပြန်သွားလေသည်။ ပြန်လာသော ဇနီးသည်ကို မြင်သောအခါ ဗန္ဓုလစစ်သူကြီးသည် “အဘယ့်ကြောင့် ပြန်လာခဲ့သနည်း” ဟု မေးလေသည်ရှိသော် မလ္လိကာသည်

“မြတ်စွာဘုရားက ပြန်စရာမလို၊ နန်းတော်သို့ ပြန်သွားပါလို့ မိန့်တော်မူတဲ့အတွက် ပြန်လာခဲ့ပါတယ် အရှင်”ဟု လျှောက်ထားလေသည်။ ဗန္ဓုလသည်

“အော် မြတ်စွာဘုရားက သား သမီးဖွားမြင်မည့်အကြောင်းကို မြင်လို့သာ ပြန်လွှတ် လိုက်တာဖြစ်မယ်”ဟု တွေးကာ ပြန်လည်လက်ခံလေသည်။ မလ္လိကာသည် မကြာမီ ကိုယ်ဝန်ရကာ ဝေသာလီပြည် မင်းအပေါင်းတို့၏ အဘိသိက်သွန်းလောင်ရာ မင်္ဂလာ ရေကန်၌ ရေချိုးပြီး၍ ရေသောက်လိုသော အလိုဆန္ဒဖြစ်လေသည်။ ထိုအခါ ဗန္ဓုလစစ်သူကြီးသည် ဗိုလ်ခြေတစ်ထောင်တင်အပ်သော လေးကို ယူ၍ ရထားဖြင့် ဝေသာလီသို့ ခရီးထွက်ခဲ့လေသည်။ လိစ္ဆ၀ီမင်းအပေါင်းတို့သည် ပေးအပ်သော တံခါးပေါက်မှတစ်ဆင့် ဝေသာလီပြည်သို့ ၀င်လေပြီ။ ဗန္ဓုလစစ်သူကြီးသည် ရထား၏ သံကို ကြားရ၍

“ဤအသံသည်ကား ဗန္ဓုလစစ်သူကြီး၏ ရထားအသံတည်း၊ ယနေ့ လိစ္ဆ၀ီမင်းတို့သည် ဘေးဖြစ်လိမ့်မည်” ဟု ဆိုကြကုန်ပြီ။

ရေကန်၏ အတွင်း၌လည်းကောင်း အပြင်၌လည်းကောင်း အစောင့်အရှောက်တို့သည် ခွန်အားနှင့် ပြည်စုံကုန်၏။ အထက်၌ သံကွန်ချာဖြင့် ကာထား၏။ ကျေးငှက်တို့ သည်လည်း လာရောက်နားခိုခြင်းငှာ မစွမ်းနိုင်ပါချေ။ ဗန္ဓုလစစ်သူကြီးသည် ရထားပေါ်မှ ဆင်းကာ ကန်ကို စောင့်ရှောက်နေသော သူတို့ကို ကြိမ်ဖြင့် လိုက်ရိုက်ရာ အားလုံးထွက်ပြေးသွား ကြလေသည်။ ထိုအခါ သံကွန်ချာကို ဖျက်၍ ဗန္ဓုလစစ်သူကြီးနှင့် မလ္လိကာတို့သည် ရေလည်းချိုး တရေးတမောအိပ်လည်း အိပ်ခဲ့ကြလေ၏။ ထို့နောက် ဝေသာလီပြည်မှ ထွက်ခဲ့ကြလေသည်။ လိစ္ဆ၀ီမင်းတို့သည် ထိုအကြောင်းကို သိသွားကာ စိတ်ဆိုး၍ ငါးရာသော ရထားတို့အပေါ်တက်ကာ ဗန္ဓုလစစ်သူကြီးကို ဖမ်းကြမည်ဟု ဆိုကာ နောက်မှ လိုက်ကြလေသည်။ မဟာလိသည် ထိုအကြောင်းကို ကြားသိလေရာ

“မလိုက်ကြကုန်လင့်၊ ဗန္ဓုလစစ်သူကြီးဟာ သင်တို့ကို သတ်လိမ့်မယ်”ဟု ဆိုကာ တားလေသည်။သို့သော်လည်း လိစ္ဆ၀ီမင်းသားတို့က

“အကျွန်ုပ်တို့ကတော့ လိုက်ရမှာပဲ”ဟု ဆိုကြလေကုန်၏။

“ဒါဆိုရင်လဲ ဗန္ဓုလစစ်သူကြီးရဲ့ ရထားဘီးသည် ချက်တိုင်အောင် မြေထဲသို့ ၀င်သည် ကိုမြင်လျှင် နောက်ပြန်ဆုတ်ခဲ့ကြကုန်လော့၊ ထိုမှနောက်၌ မဆုတ်ဖြစ်လျှင် ရှေ့မှ မိုးကြိုး သံကဲ့သို့ အသံကို ကြားရလတံ့၊ ထိုအရပ်မှ ပြန်လှည့်လာကြကုန်လော့၊ ထိုမှ နောက်၌ မဆုတ်ဖြစ်လျှင် သင်တို့ရဲ့ ရထားဦးတို့၌ အပေါက်ကို မြင်လိမ့်မယ်၊ ထိုအရပ်မှ ပြန်လှည့်လာကြကုန်လော့၊ရှေ့ဆက်မသွားကြကုန်လင့်”ဟု မဟာလိသည် မှာကြားလိုက်လေသည်။ လိစ္ဆ၀ီမင်းသားတို့သည် ထိုမဟာလိ၏ စကားကို နားမထောင်မူ၍ ဆက်ကာ လိုက်ကြလေကုန်၏။ မလ္လိကာသည်

“အရှင်သခင် ရထားတွေကို ထင်းရှာမြင်နေရပါတယ်” ဟုဆိုလေသည်။

“ဒါဆိုရင် ရထားတစ်စီးကဲ့သို့ ထင်ရှားဖြစ်တဲ့အခါ ငါ့ကို ပြောပါ”ဟု မိန့်ကြားလေသည်။ မလ္လိကာသည် အလုံးစုံသော ရထားတို့၏ ရထားတစ်စီးတည်းကဲ့သို့ ဖြစ်နေသည်ကို ထင်ရှားဖြစ်ပေါ်လာသောအခါ

“အရှင်သခင် ရထားတွေ တစ်စီးတည်းကဲ့သို့ဖြစ်နေပါပြီ”ဟု လျှောက်ထားလေသည်။ ဗန္ဓုလစစ်သူကြီးသည်

“ဒါဆိုရင် ဒီကြိုးတွေကို ကိုင်ထားပါ”ဟု ထိုကြိုးတို့ကို ပေး၍ ရထား၌ တည်လျှက် သာလျှင် လေးကို တင်လေပြီ။ ရထားဘီးသည် ချက်တိုင်အောင် မြေသို့ဝင်လေပြီ။ လိစ္ဆ၀ီမင်းတို့သည် ထိုအခြင်းအရာကို မြင်ပါသော်လည်း ဆက်လိုက် ကြလေသည်။ မိုးကြိုးသံကဲ့သို့သော အသံသည် ဖြစ်လေပြီ။လိစ္ဆ၀ီမင်းတို့သည် ထိုအသံကို ကြားပါသော်လည်း နောက်မဆုတ်မူ၍ ဆက်လိုက်ကြသည်။ ဗန္ဓုလသည် ရထားပေါ်မှာ မြား တစ်စင်းကို ပစ်လိုက်လေသည်။ ထိုမြားသည် ငါးရာကုန်သော ရထားတို့၏ ဦးခေါင်းကို ဖေါက်ကာ ငါးရာကုန်သော မင်းတို့၏ ခန္ဓာကိုယ်များကို ထိုးဖေါက်ကာ မြေသို့ ၀င်သွားလေပြီ။ ထိုလိစ္ဆ၀ီမင်းတို့သည် မိမိတို့ခန္ဓာကိုယ်၌ မြားမှန်သည်၏ အဖြစ်ကို မသိမူ၍

“အချင်း ရပ်လော့၊ အချင်း ရပ်လော့” ဟု ဆိုလျှက် အစဉ်လိုက်ကြလေသည်။ ဗန္ဓုလ သည် ရထားပေါ်မှ

“သင်တို့ဟာ သေသူတို့တည်း၊ သေတဲ့ ပုဂ္ဂိုလ်တွေနဲ့ ငါစစ်ထိုးဘို့ရန် မလိုတော့ပါ၊” ဟု ဆိုလေသည်။ ထိုအခါ လိစ္ဆ၀ီမင်းတို့သည်

“ငါတို့ကဲ့သို့သော ပုဂ္ဂိုလ်များဟာ သေတယ်ဆိုတာမရှိပါ၊” ဟု ဆိုကြလေသည်။

“ဒါဆိုလျှင် သင်တို့၏ အ၀တ်ကို ချွတ် ကြည့်လိုက်ကြလော့”ဟု ဗန္ဓုလသည် ဆိုလိုက် လေသည်။ လိစ္ဆ၀ီမင်းတို့သည် သူတို့၏ ချပ်ဝတ်တန်ဆာတို့ကို ချွတ်ကြည့်ရာ အားလုံး တို့၏ ၀မ်းဗိုက်တွင် အပေါက် ခေါင်းများဖြစ်နေကြကုန်ပြီ။ ထိုခဏ၌သာလျှင် လဲကျသေ ဆုံးသွားကြလေသည်။ ဗန္ဓုလ သည်လည်း မလ္လိကာကို သာဝတ္ထိပြည်သို့ အန္တရာယ် ကင်းစွာ ဆောင်နိုင်ခဲ့လေပြီ။ မလ္လိကာသည် မကြာမီ သုံးဆယ့်နှစ်ယောက်သော သားတို့ ကို ဖွားလေပြီ။ ထိုသားတို့သည် ရဲရင့် ကုန်၏။ အားအစွမ်းနှင့် ပြည့်စုံကုန်၏။ တတ်သင့် သော အလုံးစုံသော အတတ်တို့ကို သင်ထားပြီးဖြစ်လေသည်။ သားတစ်ယောက်လျှင် အမျိုးသားတစ်ထောင်ခြံရံလေသည်။ ဗန္ဓုလသည် နန်းတော်ဝင်တိုင်း ထိုသားတို့နှင့် အတူဝင်လေ၏။

အခါတစ်ပါး တရားဆုံးဖြတ်ရာ၌ လိမ်လည်မှုကြောင့် တရားရင်ဆိုင်မှု ဆုံးရှုံးသွားကြကုန်သော သူတို့သည် ဗန္ဓုလလာသည်ကို မြင်၍ ကြီးစွာသော အသံကို ပြုလျှက် တရားဆုံးဖြတ်ကြကုန်သော အမတ်တို့၏ လိမ်လည်သည်၏ အဖြစ်ကို ဗန္ဓုလအား လျှောက်ထားကြလေပြီ။ ဗန္ဓုလသည် တရားဆုံးဖြတ်ရာသို့ သွားကာ ထိုလိမ်လည်မှုကို စစ်ဆေးကာ တရားကို အမှန်အတိုင်း ပြန်လည်ဆုံးဖြတ်စေသည်။ များစွာသော လူတို့သည် ကြီးစွာသော အသံဖြင့် ကောင်းချီးကို ပြုကြလေသည်။ ကောသလမင်းကြီးသည် ထိုအသံကြီးဖြစ်ပေါ်လာခြင်း၏ အကြောင်းကို စုံစမ်းခိုင်းရာ အကြောင်းမှန်ကို သိသောအခါ လာဘ်စားပြီး တရားဆုံးဖြတ်သော အမတ်တို့ကို အလုပ်ဖြုတ်၍ ဗန္ဓုလစစ်သူကြီးကို တရားဆုံးဖြတ်ရန် တရားဝန်ကြီးအဖြစ် ခန့်အပ်လိုက်လေသည်။ ဗန္ဓုလသည် တရားကို မှန်ကန်စွာ ဆုံးဖြတ်လေသည်။ ရှေးကတရားဆုံး ဖြတ်သော အမတ်ကြီးတို့သည် လာဘ်မရသဖြင့်

”ဗန္ဓုလသည် မင်းဖြစ်ဘို့ရန် ကြိုးစားလေပြီ” ဟု ကောသလမင်းကြီးကို သွေးထိုးကြလေပြီ။ ကောသလမင်းကြီးသည် ထိုသူတို့၏ စကားကို ယုံကြည်ကာ စိတ်ကို ထိန်းချုပ်ြခင်းငှာ မစွမ်းနိုင်ပါ။

“နန်းတွင်၌ သတ်ဖြတ်ခြင်းသည် ငါ့အား ကဲ့ရဲ့စရာ ဖြစ်လိမ့်မယ်”ဟု ကြံစည်ကာ မင်းကြီးသည် ဗန္ဓုလကို သတ်ဖြတ်ရန်အတွက် တိုက်ရေခိုက်ရေမှာ ကျွမ်းကျင်သော စစ်သည်တော်တို့ကို ရှေးဦးစွာ စေလွှတ်လေသည်၊ နောက်မှ မင်းကြီးသည် ဗန္ဓုလနှင့် သူ့သားတို့ကို “ဇနပုဒ်အရပ်မှာ ခိုးသားသူပုန်သကန်တွေ ထနေပြီ၊ သွားနှိမ်နင်းပါ” ဟု ဆိုကာ စေလွှတ်လေသည်။ ဗန္ဓုလစစ်သူကြီးသည် ဇနပုဒ်အရပ် ရောက်သည်နှင့် တစ်ပြိုင်နက် ခိုးသူတို့သည် ပြေးသွားကြလေပြီ။ ဗန္ဓုလသည် ထိုအရပ်၌ ခိုးသူဘေး ငြိမ်းချမ်းသွားသောအခါ ပြန်ခဲ့လေပြီ။

မြို့မှ မနီးမဝေးသော အရပ်တွင် စစ်သည်တော်တို့သည် ဗန္ဓုလနှင့် သားတို့ကို ခေါင်းဖြတ်၍ သတ်ခဲ့ကြလေသည်။ ထိုနေ့မှာပင် မလ္လိကာသည် အဂ္ဂသာဝက နှစ်ပါးနှင့် ရဟန်းငါးရာတို့ကို အိမ်သို့ဆွမ်းကပ်ရန် ပင့်ဖိတ်လေသည်။ နံနက်အခါ၌ပင် မလ္လိကာအား စစ်သူကြီးဗန္ဓုလနှင့်တကွ သားတို့ကို ခေါင်းဖြတ်အသတ်ခံရကြောင်း အကြောင်းကြားစာ လာရောက်ပို့ဆောင်လေသည်။ မလ္လိကာသည် ထိုအကြောင်းကို သိသော်လည်း စကားတစ်ခွန်မျှမဆိုမူ၍ စာကို ခါး၌ ထားကာ သံဃာကိုသာလျှင် ပြုစု လုပ်ကျွေးလေသည်။ ထိုမှနောက်၌ မလ္လိကာ၏ အလုပ်အကျွေးတို့သည် ရဟန်းတို့အား ဆွမ်းကို လှူဒါန်းပြီး၍ ထောပတ်ဆက်လက်ကပ်လှူရန် ထောပတ်အိုးကို ဆောင်ယူလာသော သူတို့သည် မထေရ်တို့အား ရှေ့၌ ထောပတ်အိုးက ကွဲသွားလေ၏။ ထိုအခါ ရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးသည်

“ကွဲတတ်သော သဘောတရားရှိသော အရာသည် ကွဲရသည်သာ၊ ထိုအရာကို စိတ်ထဲ၌ မထားပါနဲ့”ဟု မိန့်တော်မူလေသည်။ မလ္လိကာသည် ခါးမှ စာကို ထုတ်ကာ

“ဘုရားတပည့်တော်ရဲ့ ခင်ပွန်းနှင့်တကွ သား(၃၂)ယောက်တို့ ခေါင်းဖြတ်အသတ် ခံရတာတောင်မှ တပည့်တော်မ၏ စိတ်သည် မည်သို့မျှ မဖြစ်ခဲ့ပါ၊ ထောပတ်အိုးလေး ကွဲတာနဲ့တော့ တပည့်တော်မ ဘယ်မှာလျှင် စိတ်ခံစားမှုဖြစ်မလဲဘုရား” ဟုလျှောက်ထားလေသည်။ ရှင်သာရိပုတ္တရာသည်

“ဤလောက၌ သတ္တ၀ါတို့၏ အသက်သည် အမှတ်နိမိတ်ကင်းသည်ဖြစ်၍ သေရမည့် အခါ လားရာဂတိ အသက်အပိုင်းခြားကို မသိနိုင်ပါ၊ အကြောင်းများစွာနှင့် ပတ်သက်သဖြင့် ပင်ပန်းဆင်းရဲကြရ၏၊ သက်တမ်းသည် တိုတောင်းလှ၏၊ သို့ဖြစ်ပါလျှက် ထိုတိုတောင်းသော အသက်သည် ဆင်းရဲအမျိုးမျိုးတို့နှင့် ဆက်နွယ်နေပါ၏၊” ဟု စသော ဒေသနာကို ဟောကြားကာ ပြန်ကြွသွားလေသည်။ မလ္လိကာသည်လည်း ချွေးမ (၃၂) နှစ်ယောက်တို့ကို ခေါ်ကာ

“သင်တို့ရဲ့ လင်ယောက်ျားတို့သည် အပြစ်ကင်းကြပါပေကုန်၏၊ သူတို့ဟာအတိတ်ကံ၏ အကျိုးကို ခံစားကြရတာပါ၊ သင်တို့သည် မစိုးရိမ်ကြပါကုန်လင့်၊ မငိုကြွေးကြပါကုန်လင့်၊ ဘုရင်အပေါ်၌လည်း စိတ်မဆိုးကြပါကုန်လင့်၊”ဟု ဆိုဆုံးမလေ၏။ မင်းမှုထမ်းတို့သည် ထိုအကြောင်းကို ဘုရင်ကို သံတော်ဦးတင်ကြရာ ဘုရင်ကြီးသည် အလွန်နောင်တရကာ မလ္လိကာနှင့် သူမ၏ ချွေးမတို့ကို သည်းခံစေ၍ မလ္လိကာအား ကြီးစွာသော ဆုကို ပေးလေသည်။ မလ္လိကာသည်

“မြတ်သော မင်းကြီး သင်ပေးအပ်သော ဆုသည် အကျွန်ုပ်အတွက် အကျိုးမရှိပါ၊ အကျွန်ုပ်၏ (၃၂)ယောက်သော ချွေးမတို့အား သူမတို့၏ အမျိုးတို့၏ အိမ်သို့ သွားခွင့်ပြုတော်မူပါ အရှင်မင်းကြီး၊”ဟု လျှောက်လေသည်။ မင်းကြီးသည် ခွင့်ပြုတော် မူလေသည်။ မလ္လိကာသည် သူမ၏ ချွေးမတို့ကို အလိုရှိသလို အမျိုးတွေထံသို့ စေလွှတ်၏၊ ကိုယ်တိုင်လည်း ကုသိနာရုံပြည် သူမ၏ အမျိုးများထံသို့ သွားလေသည်။ ကောသလ မင်းသည်လည်း ဗန္ဓုလစစ်သူကြီး၏ တူဖြစ်သူ ဒီဃကာရာယနကို စစ်သူကြီးအရာ၌ ထားလေသည်။ ဒီဃကာရာယနသည်

“ငါရဲ့ ဦးကြီးကို ဒီမင်းသည် သတ်အပ်ပြီ”ဟု ကောသလမင်းကြီးကို သတ်ရန် အခွင့်အလမ်းကို စောင့်နေလေသည်။

ကောသလမင်းသည်လည်း ဗန္ဓုလစစ်သူကြီးကို သတ်ပြီးနောက် နှလုံးမသာမယာဖြစ်ကာ မစားနိုင်၊ မအိပ်နိုင်ဖြစ်ခဲ့လေသည်။ အခါတစ်ပါး မြတ်စွာဘုရားသည် သာကီဝင်မင်းတို့၏ မေဒါဠုပနိဂုမ်း၌ သီတင်းသုံးနေထိုင်တော်မူလေ၏။ ကောသလမင်းကြီးသည် ထိုနိဂုမ်းအရပ်သို့ သွားကာ ကျောင်းမှ မနီးမဝေးသောအရပ်၌ တပ်စခန်းချကာ

“အနည်းငယ်သော အခြံအရံဖြင့် မြတ်စွာဘုရားကို ရှိခိုးအံ့”ဟု ကျောင်းသို့ သွား၍ မင်းမြောက်တန်ဆာငါးပါးတို့ကို ဒီဃကာရာယနကို ပေးကာ တစ်ပါးတည်းသာလျှင် ဂန္ဓကုဋီကျောင်းတော်သို့ ၀င်လေပြီ။ (ဤအကြောင်းအကျယ်ကို ဓမ္မစေတိယသုတ် မဇ္ဈိမ ပဏ္ဏာသ၊ စာမျက်နှာ (၃၆၄)တွင် ရှုပါ) ကောသလမင်းကြီးသည် မြတ်စွာဘုရား ကျောင်းတော်သို့ ၀င်စဉ် ဒီဃကာရာယနသည် မင်းမြောက်တန်ဆာငါးပါးတို့ကို ယူ၍ ၀ိဋဋူဘမင်းသားကို မင်းအဖြစ်တင့်မြှောက်လိုက်ကာ သာဝတ္ထိပြည်သို့ ပြန်သွားကြလေပြီ။ ကောသလမင်းကြီးသည် မြတ်စွာဘုရားနှင့် အတူတကွ စကားပြောပြီးနောက် မြတ်စွာဘုရားကို ရှိခိုးကာ အပြင်သို့ ထွက်ခဲ့လေသည်။ အပြင်တွင် စစ်တပ်များ မမြင်၍ အကျိုးအကြောင်းကို မေးရာ အကြောင်းစုံကို သိရသောအခါ မင်းကြီးသည်

“ရာဇဂြိုဟ်ပြည်က ငါတူတော်မောင် အဇာတသတ်ကို ခေါ်ပြီး သာဝတ္ထိပြည်ကို ပြန်လည် သိမ်းပိုက်ရမည်” ဟူသော စိတ်ကူးဖြင့် ရာဇဂြိုလ်သို့ ကြွသွားလေတော့သည်။ မင်းကြီးသည် တံခါးပိတ်သွားသဖြင့် ပြည်တွင်းကို မ၀င်လိုက်ရသောကြောင့် အပြင်ဇရပ်တွင် အိပ်ရာ အပြင်တွင် လေပူတိုက်ခတ်သဖြင့် ပင်ပန်းကာ နတ်ရွာစံခဲ့ရလေသည်။ ထိုအကြောင်းစုံကို အမျိုးသမီးသည် အဇာတသတ်မင်းအား လျှောက်တင်ရာ အဇာတသတ်မင်းသည် ဦးရီးတော်အား ကောင်းမွန်စွာ မီးသဂြိုလ်လိုက်လေသည်။

ဝိဋဋူဘသည် မင်းအဖြစ်ကို ရသောအခါ ရန်စကို သတိယကာ သာကီဝင်မင်း တို့ကို သတ်မည်ဟူသော ရည်ရွယ်ချက်ဖြင့် များစွာသော စစ်တပ်ဖြင့် ထွက်လေပြီ။ ထိုနေ့၌ပင် မြတ်စွာဘုရားသည် နံနက်အခါ လောကကို ကြည့်ရှုတော်မူသည်ရှိသော် ဆွေမျိုးများ ပျက်စီးမည့်ဘေးရန်ကို မြင်သဖြင့် ”ဆွေမျိုးတို့ကို စောင့်ရှောက်သင့်သည်“ ဟု အကြံဖြစ်တော်မူကာ နံနက်စောစော ဆွမ်းအလို့ငှာ ကြွသွားတော်မူလေပြီ။ ညနေချမ်းအခါတွင် ကောင်ကင်ခရီးဖြင့် ကြွသွားတော်မူ၍ ကပိလ၀တ်ပြည်အနီး အရိပ်မကောင်းသော သစ်ပင်ရင်းဝယ် ထိုင်နေတော်မူခဲ့ပါသည်။ ထိုမှနောက်၌ ၀ိဋဋူဘ၏ နိုင်ငံ အပိုင်းအခြားအတွင်းဝယ် အရိပ်ကောင်းသော ညောင်ပင်ကြီးရှိလေ၏။ ၀ိဋဋူဘသည် မြတ်စွာဘုရားကို မြင်၍ ချဉ်းကပ် ရှိခိုးကာ ”ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဤသို့သဘောရှိသော အခါသမယ၀ယ် အရိပ်မကောင်းသော သစ်ပင်ဝယ် အဘယ်ကြောင့် ထိုင်နေတော်မူပါသနည်း၊ ဤအမည်ရှိသော အရပ်ဝယ် အရိပ်ကောင်းသော ပင်ညောင်ပင်ကြီးရှိပါ၏၊ ထိုအပင်ကြီးအောက်၌ ထိုင်နေတော်မူပါဘုရား“ဟု လျှောက်ထားလေသည်။ ထိုအခါ မြတ်စွာဘုရားသည်

”ရှိစေတော့မင်းကြီ၊ ဆွေရိပ်မျိုးရိပ်ဟာ အလွန်အင်မတန်မှ အေးမြပါပေတယ် အရှင်မင်း ကြီး“ဟု မိန့်တော်မူသည်ရှိသော် ၀ိဋဋူဘသည်

”မြတ်စွာဘုရားသည် ဆွေမျိုးတို့ကို စောင့်ရှောက်ရန်အလို့ငှာ ကြွလာတော်မူသည် ဖြစ်လတံ့“ဟု စိတ်အကြံဖြစ်ကာ မြတ်စွာဘုရားကို ရှိခိုး၍ သာဝတ္ထိပြည်သို့ ပြန်သွားလေပြီ။ မြတ်စွာဘုရားသည်လည်း ကောင်ကင်ခရီးဖြင့် ဇေတ၀န်ကျောင်းသို့ ပြန်ကြွခဲ့လေသည်။

ဝိဋဋူဘမင်းသည် သာကီဝင်မင်းတို့၏ သူ့အပေါ်ပြုမူမှုကို ပြန်လည်သတိယသဖြင့် ဒုတိယအကြိမ်တိုက်ခိုက်ရန်အလို့ငှာ တိုင်းပြည်မှ ထွက်လေသည်။ မြတ်စွာဘုရားနှင့် တွေ့သဖြင့် ပြန်လှည့်ခဲ့ရလေသည်။ တတိယအကြိမ်လည်း ထို့အတူပင်။ စတုတ္ထအကြိမ် ထွက်သောအခါတွင်ကား မြတ်စွာဘုရားသည် သာကီဝင်မင်းတို့၏ ရှေးကံကို ကြည့်တော်မူသည်။ ထိုသူတို့သည် အတိတ်က တစ်ခုသော ဘ၀တွင် မြစ်အတွင်းဝယ် အဆိပ်ထည့်ခတ်သော မကောင်းမှုကံကို မြင်လေသည်။ ထိုကံကို မတားမြစ်နိုင်ဟု သိတော်မူသဖြင့် မြတ်စွာဘုရားသည် စတုတ္ထအကြိမ်မြောက်တွင် ကြွတော်မမူတော့ချေ။ ၀ိဋဋူဘသည် သာကီဝင်မင်းမျိုးတို့ကို သတ်အံ့ဟု ကြီးစွာသော စစ်တပ်ဖြင့် ထွက်လေပြီ။ မြတ်စွာဘုရား၏ ဆွေမျိုးတို့သည်ကား သူတစ်ပါး၏ အသတ်ကို မသတ်သောသူတို့တည်း။ သူတို့သည် သေပါသော်လည်း သူတစ်ပါးတို့၏ အသက်ကို မသတ်ကြကုန်။ ထိုသာကီဝင်တို့သည်

”ငါတို့သည် ကောင်းစွာ ကျင့်အပ်ကုန်ပြီ၊ ကောင်စွာသင်အပ်ပြီးသော အတတ်ရှိကုန်၏။ မြှားအတတ်၌လည်း ကျွမ်းကျင်ကုန်၏၊ လေးသမားကြီးတို့ပေတည်း၊ ငါတို့သည် သူတစ်ပါး၏ အသက်ကို သတ်ခြင်းငှာ မတတ်ကောင်း၊ မိမိ၏ အတတ်ကို ပြ၍ ပြေးစေ လတံ့”ဟု သာကီဝင်တို့သည် ချပ်ဝတ်တန်ဆာတို့ကို ၀တ်၍ ထွက်ကာ တိုက်ခြင်းငှာ အားထုတ်ကုန်ပြီ။ သာကီဝင်တို့သည် ပစ်အပ်သော မြှားတို့သည် ၀ိဋဋူဘ၏ စစ်သည် တို့၏ အကြားအကြားသို့ ရောက်ကုန်၏။ ၀ိဋဋူဘသည် ထိုအခြင်းအရာကို မြင်သောအခါ

“အိုအချင်းတို့ သာကီဝင်မင်းတို့သည် သူတစ်ပါးအသက်ကို မသတ်ဘူးလို့ပြောကြတယ်၊ ယခုအခါ ငါရဲ့ စစ်သည်တော်တို့ကို သတ်ဖြတ်နေပါသည်တကား”ဟု အော်ဟစ်ပြောကြားလေသည်။ ထိုအခါ ၀ိဋဋူဘကို တစ်ယောက်သော ယောက်ျားသည်

“အိုအရှင်မင်းကြီး အဘယ်ကြောင့် ဒီလိုပြောပါသနည်း၊ နောက်လှည့်ကြည့်ပါအုံး၊ သင်တို့၏ စစ်သည်တော်တို့ကို ရေတွက်ကြည့်ပါ၊ တစ်ယောက်မှ မလျှော့ပါ၊”ဟု ဆိုလေသည်။ ရေတွက်ကြည့်သည်ရှိသော တစ်ယောက်မှ မလျှော့ပါ။ ထိုအခါ ၀ိဋဋူဘသည်

“အချင်းတို့ အကြင်သူတို့သည် သာကီဝင်မျိုးဖြစ်ကုန်၏၊ ထိုသူတို့ကို သတ်ကြကုန်လော့၊ ဦးရီးတော် မဟာနာမ်မင်း၏ အထံ၌ တည်ကုန်သောသူတို့အား အသက်ချမ်းသာရာကို ပေးကြကုန်လော့၊”ဟု အမိန့်ပေးလေတော့သည်။ သာကီဝင်တို့သည် ယူရမည် ဖြစ်သော အရာကို မမြင်တော့သည်ဖြစ်၍ အချို့သည် မြက်ကို ကိုက်၍၊ အချို့သည် ကျူကို ယူ၍ တည်ကြလေကုန်ပြီ။ ၀ိဋဋူဘစစ်သည်တော်တို့သည်

“သင်တို့ဟာ သာကီဝင်မင်းမျိုးတွေလား၊ မဟုတ်ဘူးလား”ဟု မေးသည်ရှိသော် အကြင်ကြောင့် သာကီဝင်တို့သည် သေဘေးနှင့် ကြုံရပါကုန်သော်လည်း မုသားစကားကို မဆိုကုန်၊ ထို့ကြောင့် မြက်ကို ကိုက်၍ တည်ကုန်သော သူတို့သည်

“သာကီဝင်တို့မဟုတ်၊ မြက်ပါတည်း”ဟု ဆိုကြကုန်၏။ ကြူကိုယူ၍ တည်ကုန်သော သူတို့သည်

“သာကီဝင်တို့မဟုတ်၊ ကြူပါတည်း”ဟု ဆိုကြကုန်၏။ မဟာနာမ်မင်းအထံတွင် တည်ရှိ ကြကုန်သော သာကီဝင်တို့သည်ကား အသက်ချမ်းသာရာကို ရကုန်၏။ ထိုသာကီဝင်မင်းမျိုးတို့တွင် မြက်ကို ကိုက်၍ တည်ကုန်သော သူတို့သည် တိဏသာကီဝင် ဟူသော အမည်ကို ရကြကုန်၏။ ကြူကိုယူ၍ တည်ကုန်သော သူတို့သည် နဠသာကီဝင် ဟူသော အမည်ကို ရကြကုန်၏။ ၀ိဋဋူဘသည် နို့စို့ကလေးတို့ကိုပင် မကျန် အားလုံးကိုသတ်ကာ ထိုသူတို့၏ လည်ချောင်းသွေးဖြင့် ကြမ်းပြင်ကို ဆေးလေ၏။ ဤသို့အားဖြင့် သာကီဝင်မင်းမျိုးအနွယ်ကို ၀ိဋဋူဘသည် ဖြတ်ခဲ့လေပြီ။

ဝိဋဋူဘသည် မဟာနာမ်မင်းကို ဆောင်လျှက် ပြန်လာစဉ် “နံနက်စာ ထမင်းစားချိန်တွင် နံနက်စာစားမည်” ဟု တစ်ခုသော နေရာ၌ သက်ဆင်း၍ စားသောက်ဖွယ် တို့ကို ဆောင်သည်ရှိသော် “အတူတကွ စားကြမည်”ဟု ဦးရီးတော်မဟာနာမ်မင်းကို ခေါ်ခိုင်းလေသည်။ သာကီဝင်မင်းမျိုးတို့သည် အသက်ကို သတ်ပါသော်လည်း ကျွန် တို့နှင့် ထမင်းအတူတကွ မစားကြပါ။ ထို့ကြောင့် မဟာနာမ်မင်းသည် အကြံတစ်ခုရကာ“ချစ်သား ငါ၏ ခန္ဓာကိုယ်သည်ကား ပင်ပန်းနေပြီ၊ ညစ်နွမ်းနေပြီ၊ ရေချိုးလိုက် အုံးမယ်”ဟု ဆိုလေ၏။ “ကောင်းပါပြီ ဦးရီးတော် ရေချိုးပါလော့”ဟု ခွင့်ပြုလိုက် လေ သည်။ မဟာနာမ်မင်းသည် “ဤပုဂ္ဂိုလ်ဟာ သူနဲ့ ထမင်းအတူ မစားလျှင် ငါ့ကို သတ်ရာ၏၊ ကိုယ်တိုင်သေတာကမှ မြတ်တယ်” ဟု ဆံပင်တို့ကို ဖြည်၍ အဖျား၌ အထုံး အဖွဲ့ကိုပြုကာ ဆံပင်တို့၌ ခြေမတို့ကို သွတ်သွင်းကာ ရေထဲသို့ ငုတ်ဆင်း သွားလေပြီ။ မဟာနာမ်မင်း၏ တန်ခိုးအာနုဘော်ကြောင့် နဂါးမင်း၏ တိုင်းပြည်သည် ပူသော အခြင်း အရာကို ပြလေ၏။ နဂါးမင်းသည် အကြောင်းကို စုံစမ်းလိုက်သော် ထိုအကြောင်း အရာကို သိကာ မဟာနာမ်မင်း၏ အထံသို့ သွားကာ မဟာနာမ်မင်းကို မိမိ၏ ပါးပျဉ်းအောက်၌ထားကာ ထိုင်စေ၍ နဂါးတိုင်းပြည်ကို ၀င်စေ၏။ မဟာနာမ်မင်းသည် (၁၂) နှစ်ပတ်လုံး နဂါးတိုင်းပြည်၌သာ နေလေပြီ။ ၀ိဋဋူဘသည်လည်း

“ငါရဲ့ ဦးရီးတော်ဟာ ယခုအခါ၌ လာလတံ့၊ ယခုအခါ၌ လာလတံ့”ဟု ထိုင်စောင့်နေလေ၏။ အချိန်အတော်ကြာစောင့်သော်လည်း မလာသဖြင့် ဖဲသွားကြလေပြီ။

ဝိဋဋူဘသည် ဥာဥ့်နက်အခါ အစိရ၀တီမြစ်သို့ ရောက်ကာ တပ်စခန်း ချကြလေ၏။ အချို့ကုန်သော စစ်သည်တော်တို့သည် မြစ်အတွင်း သဲသောင်ပြင်တွင် အိပ်ကြလေကုန်၏။ အချို့ကုန်သော စစ်သည်တော်တို့သည် ကုန်းပေါ်တွင် အိပ်ကြလေကုန်၏။ မြစ်အတွင်း၌ အိပ်ကြသော သူတို့သည် ရှေးအတိတ်က မကောင်းသော ကံများကို မပြုခဲ့ကြပါ။ အပြင်မှာ အိပ်ကြသော သူတို့သည် ရှေးက ပြုထားသော မကောင်းသော ကံများရှိခဲ့ကြ၏။ ထိုသူတို့၏ အိပ်ရာဌာန၌ ပိုးတို့သည် ထကြလေပြီ။ ထိုသူတို့သည် ပိုးများထသဖြင့် အိပ်ရာများမှ ထကာ မြင့်မားသော ကုန်းပေါ်တို့သို့ တက်ကာ အိပ်ကြလေပြီ။ မကောင်းသော ကံကို ပြုခဲ့သော သူများသည် သဲသောင် ပြင်တွင် အိပ်ကြလေပြီ။ ထိုခဏ၌မှာပင် မိုးသည် သည်းထန်စွာရွာလေ၏။ ကြီးစွာသော ရေအလျှင်သည် ၀ိဋဋူဘနှင့် စစ်သည်တော်တို့အား သမုဒ္ဒရာအတွင်းသို့ ဆွဲခေါ် သွားလေပြီ။ ထိုသူတို့သည် ငါးလိပ်တို့၏ အစာဖြစ်ကြကုန်၏။

များစွာသော လူအပေါင်းတို့သည်

“သာကီဝင်မင်းတို့ကို သတ်တာဟာ မသင့်ဘူး၊”ဟု ပြောဆိုကြလေပြီ။ မြတ်စွာဘုရားသည် ထိုစကားကို ကြားတော်မူသဖြင့်

“ချစ်သားရဟန်းတို့ ဤပစ္စုပ္ပန်အတ္တဘော၌ သာကီဝင်မင်တို့အား ဤသို့သော သေခြင်းသည် မသင့်လျှော်သော်လည်း သူတို့သည် ရှေးမကောင်းမှုကံ ကြောင့် သင့်လျော်သော သေဆုံးမှုကို ရအပ်လေပြီ၊” မိန့်တော်မူလေ၏။ ထိုသူတို့သည် အတိတ်က ငါးများသေစေရန် မြစ်ထဲသို့ အဆိပ်များခပ်ခဲ့လေပြီ။

တစ်နေ့သ၌ တရားသဘင်တွင် ရဟန်းတို့သည်

“၀ိဋဋူဘသည် များစွာကုန်သော သာကီဝင်တို့ကို သတ်ပြီး၍ ပြန်လာစဉ် မိမိ၏ စိတ်နှစ်သက်မှုအထွဋ်အထိပ်သို့ မရောက်မီလေးတွင်ပင် ကြီးစွာသော ရေလျဉ်သည် သူနှင့်တကွ စစ်သည်အပေါင်းကို မဟာသမုဒ္ဒရာသို့ ဆောင်ယူသွားလေပြီ၊ သူတို့သည် မဟာသမုဒ္ဒရာ၌ ငါးလိပ်တို့၏ အစာဖြစ်ကုန်ပြီ၊” ပြောဆို နေကြလေပြီ။ ထိုအခါ မြတ်စွာဘုရားသည်

“အဘယ်စကားဖြင့် စည်းဝေးနေကြကုန်သနည်း”မေးတော်မူ၍

“၀ိဋဋူဘအကြောင်း ပြောနေကြပါတယ်ဘုရား ”ဟု လျှောက်လိုက်သော် မြတ်စွာဘုရားသည်

“ဤသတ္တ၀ါတို့အား စိတ်ပျော်ရွှင်မှု အထွဋ်အထိပ်သို့ မရောက်မီပင် သေမင်းသည် အိပ်ပျော်နေသော လူအပေါင်းကို လွှမ်းမိုးကာ အပါယ်လေးပါတည်းဟူသော သမုဒ္ဒရာကို ဆောင်ယူသွားလေ၏၊ ဥပမာအားဖြင့်သော်ကာ အိပ်ပျော်နေသော လူပေါင်းကို ရေအလျဉ်သည် သမုဒ္ဒရာသို့ ယူဆောင်သွား သကဲ့သို့တည်း” ဟုမိန့် တော်မူကာ ဆက်လက်၍

“ပန်းတို့ကို ကောင်းနိုးရာရာ ဆွတ်ခူးသော သူကဲ့သို့ ကာမဂုဏ်တို့ကို မရသေးသည်ကို တောင်းတ၊ ရပြီးသည်ကို တွယ်တာ၊ လွန်စွာ ကပ်ငြိသည့် စိတ်ရှိသော သူကို ကြီးစွာ သော ရေအလျဉ်သည် အိပ်ပျော်နေသာ ရွာ (ရွာသူရွာသားများ)ကို လွှမ်းမိုးတိုက်ယူသွားသကဲ့သို့ သေမင်းသည် သိမ်းယူ၍ သွား၏” ဟု မိန့်တော်မူလေသည်။

ဒေသနာတော်အဆုံးတွင် များစွာသောသူတို့သည် သောတာပတ္တိဖိုလ်စသည်တို့ကို ရကြလေ၏။ ထို့ပြင်ဒေသနာတော်သည် များစွာသော လူအပေါင်းအတွက် အကျိုးဖြစ်၏။

ခုဒ္ဒကနိကာယ်၊ ပုပ္ဖ၀ဂ်

တတိယ၀တ္ထု

ဓမ္မပဒအဋ္ဌကထာ

(ပါဠိတော်ကို မြန်မာဘာသာပြန်ဆိုတော်မူပေးသော ဘုန်းဘုန်းအရှင်ဇ၀န (http://ashinjavana.blogspot.com) အား အထူးကျေးဇူးတင်စွာဖြင့် ရိုသေစွာ ရှိခိုးဦးတင်လိုက်ပါတယ်ဘုရား။)

No comments:

Post a Comment