Sunday, November 6, 2011

သတိနဲ့ ကိုယ့်စိတ်ကို ကိုယ်သိ (အပိုင်း-၃)




လူတွေဟာ သနားစရာ အင်မတန် ကောင်းတယ်။ စိတ်ကူးယဉ် ပြဿနာတွေနဲ့ ဒုက္ခရောက်နေကြတယ်။ ကိုယ့်စိတ်က ဖန်တီးထားတဲ့ ပြဿနာကို စိတ်က ဖန်တီးထားတာလို့ အမှန်အတိုင်း မသိတော့ ပျောက်အောင် ဘယ်လိုမှ လုပ်လို့ မရနိုင်ဘူး။ သူ့စိတ်ထဲမှာတော့ သူ့ပြဿနာတွေဟာ ပြဿနာအစစ်တွေချည်းပဲလို့ ထင်မှာပဲ။

လူ့ဘ၀မှာ တွေ့ကြုံနေရတဲ့ ပြဿနာတော်တော်များများဟာ စိတ်က ဖန်တီးထားတာပါ။ စိတ်က မရှိတာကို အရှိဖြစ်အောင် လုပ်တတ်တယ်။ တကယ်ရှိတာ မဟုတ်ဘူး။ ပြောရရင် ယုံနိုင်စရာ မရှိဘူး။

စိတ်ကူးယဉ်ပြဿနာတွေကို စိတ်ကူးယဉ် ပြဿနာတွေပါလို့ သိပြီးတော့ သူတို့ကို လက်လွှတ်လိုက်လို့ရှိရင် ပြဿနာအစစ်တွေကို ဖြေရှင်းဖို့ရာ အချိန်ပိုပေးနိုင်တယ်။ ပြဿနာအစစ်ဆိုတာ တကယ်ပြောရရင် ၁၀%တောင် ရှိချင်မှ ရှိမယ်။ စိတ်ကူးယဉ်ပြဿနာတွေက ၉၀%လောက်ရှိတယ်။ အဲဒီစိတ်ကူးယဉ်ပြဿနာတွေကို စိတ်ကူးယဉ်ပြဿနာပဲလို့ သိပြီးတော့ လက်လွှတ်လိုက်လို့ရှိရင် ၉၀%လောက် သက်သာသွားတယ်။ ဒါကြောင့် စိတ်ကို သေသေချာချာကြည့်ပြီးတော့ သိဖို့အားပေးတာ တိုက်တွန်းတာပါနော်။

လူ့အသိုင်းအ၀ိုင်းအပေါ်မှာ စေတနာထားတယ်၊ မေတ္တာထားတယ်၊ ကောင်းစေချင်တယ်ဆိုရင် ကိုယ့်ကိုကိုယ်ပိုင်္ပြီးတော့ ကောင်းတဲ့လူဖြစ်အောင် ကြိုးစားပါ။ သတိနဲ့ နေတဲ့ အလေ့အကျင့်ကို လုပ်ပါ။ အဲသလိုဆိုရင် ကိုယ့်ကိုကိုယ်ကောင်းအောင် လုပ်ရာလည်း ရောက်တယ်။ လောကကြီးကို ကောင်းအောင်လုပ်ရာလည်း ရောက်သွားတယ်။ ပြီးတော့ မြတ်စွာဘုရား ကိုလည်းပဲ အကောင်းဆုံးနည်းနဲ့ ကျေးဇူးဆပ်ရာ ရောက်သွားပြီ။

လောကကြီးကို တကယ်ကောင်းစေချင်တယ်ဆိုရင် သတိနဲ့နေတဲ့ အလေ့အကျင့်လုပ်ပါ။ သတိနဲ့နေလာရင် ကိုယ့်ကိုကိုယ် အများကြီး သိလာလိမ့်မယ်။ ကိုယ့်စိတ်ကို အများကြီး သိလာမှသာ သူတစ်ပါးစိတ်ထဲ ဘယ်လိုခံစား နေရသလဲဆိုတာ နဲနဲ သိလာပါလိမ့်မယ်။ အဲဒီလိုလူမှသာ ကိုယ့်အကျိုးရော အများအကျိုးပါ မထိခိုက်အောင် လုပ်နိုင်တယ်။ ဒါအပြင့် ကိုယ့်အကျိုးရော၊ အများအကျိုးရော ကြီးကြီးမားမား ဖြစ်ပေါ်လာအောင် အကျိုးကို ဆောင်ရွက်နိုင်တယ်။ ဒါကြောင့် အများအကျိုးကို ဆောင်ရွက်ချင်တဲ့လူဆိုရင် သတိ၊ သမာဓိ၊ ဉာဏ်ပညာရှိဖို့လိုတယ်။

သတိ၊ သမာဓိရှိတဲ့လူ၊ သက္ကာယဒိဋ္ဌိ အားနည်းတဲ့သူဟာ ကိစ္စတစ်ခု ဖြစ်မြောက်သွားဖို့ပဲ ဦးစားပေးတယ်။ “ငါလုပ်လို့ပဲဖြစ်ဖြစ်၊ သူများလုပ်လို့ပဲဖြစ်ဖြစ်၊ ကောင်းတဲ့ကိစ္စတစ်ခု ဖြစ်သွားရင် အများချမ်းသာတယ်၊ ငါမလုပ်ရလည်း ကိစ္စမရှိဘူး” လို့ဆိုပြီး အေးအေးချမ်းချမ်း နေနိုင်တယ်။ အဲဒီလိုပုဂ္ဂိုလ်မျိုးဟာ လောကရဲ့အကျိုးကို အကြီးအကျယ် ဆောင်ရွက်နိုင်တယ်။

အတ္တက ဘယ်တော့မှ သူ့မှာ ပြည့်စုံတယ်လို့ မရှိဘူး။ အတ္တဟာ အားငယ်နေတယ်။ ဒါကြောင့် အားကိုးစရာကို ရှာတယ်။ ငွေကို အားကိုးတယ်၊ ဂုဏ်ကို အားကိုးတယ်၊ ဒါပေမယ့် ဘယ်လောက်ရရ အားငယ်တုန်းပဲ။ ပြည့်စုံပြီလို့ မခံစားရဘူး။ အားငယ်စိတ်ကြောင့် မပြည့်စုံတာ၊ လိုချင်တာ။ တကယ်အသုံးလိုလို့ လိုချင်တာ မဟုတ်ဘူး။

အတ္တရဲ့ သဘာဝမှာ ပြည့်စုံခြင်းဆိုတာ ဘယ်တော့မှ မရှိဘူး။ အတ္တရဲ့ သဘာဝဟာ အမြဲတမ်း ချို့တဲ့နေပါတယ်။ ထူးဆန်းတာက လိုချင်တာ များများရလေ ပိုပြီးမပြည့်စုံလေ ဖြစ်လာတယ်။ အတ္တဟာ တစ်ကိုယ်ကောင်းဆန်တဲ့ သဘောဖြစ်လို့ သူ့အလိုပြည့်ဖို့တစ်ခုကိုပဲ စဉ်းစားတယ်။

အတ္တဟာ ငြီးငွေ့သွားတယ်။ မေတ္တာဟာ မငြီးငွေ့ဘူး။ အတ္တက တစ်ခုခုကို တန်ဖိုးထားတယ်ဆိုတာ ခဏပဲ။ သူချစ်တယ်ဆိုတာ အမှန်တော့ သူ့ကိုယ်ကျိုးအတွက်ပဲ။

အတ္တက ဖျက်ဆီးချင်တဲ့သဘောရှိတယ်။ သူရပ်တည်ရာမြဲဖို့ သူတစ်ပါးကို နေရာဖယ်ချင်တယ်။ အတ္တမရှိရင် ဘယ်သူ့ကိုမှ မဖျက်ဆီးချင်ဘူး။ အတ္တမရှိရင် အရာရာတိုင်းကို ပိုပြီးတော့ တန်ဖိုးထားတယ်။ ပိုပြီး သနားတတ်တယ်။ ပိုပြီး ချစ်တတ်တယ်။ ပိုပြီး လေးစားတယ်။

အတ္တရဲ့ သဘာဝကို သေသေချာချာ စဉ်းစားပါ။ အတ္တမှာ လုံခြုံမှုဆိုတာ ဘယ်တော့မှ မရှိဘူး။ စိတ်မချဘူး၊ အမြဲတမ်း စိုးရိမ်နေတယ်။ အမြဲတမ်း ကြောက်နေတယ်။ အကြောက်ပြေဖို့ကို နည်းအမျိုးမျိုးနဲ့ ကြိုးစားတယ်။ ပိုက်ဆံရှိရင် အားရှိတယ်၊ အာဏာရှိရင် အားရှိတယ်။ အဲဒီလိုတွေးတယ်၊ လူတွေကို ငါချုပ်ကိုင်ထားလို့ရရင် ငါခိုင်းသလို လုပ်ရင် ငါနည်းနည်း လုံခြုံမှုရှိမယ်။ စိတ်အေးရမယ်။ ဒါကြောင့် ငါခိုင်းတာကို လုပ်မယ့်သူတွေ များအောင်လုပ်မှဖြစ်မယ်။ ငါခိုင်းသလို မလုပ်တဲ့သူတွေကို ဖယ်မှဖြစ်မယ်။

အတ္တဟာ တစ်ဖက်သားကို ချုပ်ချယ်ချင်တယ်။ သူတစ်ပါးကို ချုပ်ကိုင်ထားပြီးတော့ ကိုယ့်ဘ၀ရပ်တည်မှုကို ရှာချင်တယ်။ ကိုယ့်အတွက် အဆင်ပြေဖို့ သူများကို အသုံးချလိုက်တယ်။ အတ္တဟာ သူတစ်ပါးကို ဘယ်တော့မှ လွတ်လပ်မှု မပေးဘူး။ သူကိုယ်တိုင်ကော လွတ်လပ်သလား။ သူကိုယ်တိုင်လည်း ဘယ်တော့မှ မလွတ်လပ်ဘူး။



ဒီအတ္တရဲ့သဘာဝကို ပိုသိလာတော့ မြတ်စွာဘုရားကို ပိုပြီးတော့ ကျေးဇူးတင်တယ်။ အနတ္တသဘာဝကို နားလည် နိုင်အောင် သဘောပေါက်နိုင်အောင် ဟောခဲ့တယ်။ တရားအားထုတ်ပြီးတော့ ကိုယ်ပိုင်ဉာဏ်နဲ့မြင်နိုင်အောင် နည်းလမ်းတွေ ပေးခဲ့တယ်။ ဘုရားပေးတဲ့နည်းအတိုင်း အားထုတ်လို့ အနတ္တကို သိလာတဲ့အခါမှာ အနတ္တဟာ ဘယ်လောက် အေးချမ်းသလဲ၊ လွတ်လပ်သလဲဆိုတာ သိလာတယ်။ အနတ္တစိတ်ဟာ ဘယ်လောက်ပြည့်စုံသလဲဆိုတာ သိလာတယ်။ အနတ္တစိတ်နဲ့နေတဲ့အချိန်မှာ ဘယ်သူ့ကိုမှ မချုပ်ချယ်ချင်ဘူး။ ဘယ်သူကမှလည်း ချုပ်ချယ်လို့ မရဘူး။

လူတွေဟာ ကိုယ့်အကြောင်းကိုယ် မသိဆုံးပဲ၊ ပြင်ပအကြောင်းတွေသိတာ အင်မတန်များတယ်။ လူတွေကတော့ ကိုယ့်အကြောင်းကိုယ် သိတယ်လို့ ထင်မှာပဲ။ တကယ်တော့ မသိဘူး။ အထင်ပဲ။ “ငါ့စိတ်” “ငါ့စိတ်” လို့သာ ပြောနေတာ တကယ်တော့ ငါ့စိတ်အကြောင်း ငါမသိဘူး။ သိတယ်လို့ ထင်နေတာပဲ။ ဒီစိတ်က တွန်းပေးသမျှ ခိုင်းသမျှ အားလုံးကို လျှောက်လုပ်နေတယ်။

စိတ်အကြောင်းကို တကယ်သိသွားရင် စိတ်က ခိုင်မာရင့်ကျက်လာမယ်။ အေးချမ်းလာမယ်။ တည်ငြိမ်လာမယ်။ အရာရာတိုင်းကို စိတ်က လွှမ်းမိုးတယ်။ စိတ်ကို တကယ်သိသွားရင် အဲဒီစိတ်က လွှမ်းမိုးတာ၊ ချုပ်ချယ်တာ၊ နှိပ်စက်တာ မခံရတော့ဘူး။ ကိုယ့်ကို အနှိပ်စက်ဆုံးဟာ သူတစ်ပါးမဟုတ်ဘူး။ ကိုယ့်စိတ်ပဲ။ ဒါကြောင့် သူ့အကြောင်းကို မသိရင် ခက်မယ်။

ကိုယ့်စိတ်မှာ ဖြစ်သမျှကို သတိထားပြီး ကြည့်နေရင် ကိုယ့်စိတ်ကို ရှင်းပြီးသား ဖြစ်သွားတယ်။ အရေးကြီးတာက နေ့စဉ်နေ့စဉ် ကိုယ့်စိတ်ရဲ့ တံခါးဝမှာ သတိဆိုတဲ့ အစောင့်လေး ရှိဖို့လိုတယ်။

ရုပ်ပိုင်းဆိုင်ရာ အိုးအိမ်မရှိတဲ့သူတွေဟာ ဘယ်လိုနေကြရသလဲ။ ဟိုနေဒီနေ အတည်တကျမရှိဘူး၊ ဘယ်နေရာမှ သူ့အိမ်သူ့ရာလို့ ပြောလို့မရဘူးနော်။ ခြေသလုံးအိမ်တိုင် ဖြစ်နေတယ်။ ဂုဏ်သိက္ခာ မဲ့တယ်။ သတိမရှိတဲ့စိတ်ကလည်း ထို့အတူပဲ။ ဟိုရောက်ဒီရောက်နဲ့ ဂုဏ်သိက္ခာမရှိဘူး။ မကောင်းတဲ့အာရုံ၊ လောဘ၊ ဒေါသ၊ မာနစတဲ့ အကုသိုလ် အန္တရာယ်တွေ များတယ်။

သတိဆိုတဲ့အိမ်မှာ တကယ်နေလိုက်ပြီဆိုရင် လုံခြုံတယ်၊ စိတ်ချရတယ်၊ အန္တရာယ်ကင်းတယ်၊ တည်ကြည် ခံ့ညားမှုရှိတယ်။ သတိဟာ စိတ်အတွက် အိမ်ပဲ။ သတိနဲ့မနေတဲ့ သူရဲ့စိတ်မှာ အိမ်မရှိဘူး။ ရောက်ရာပေါက်ရာ လျှောက်သွားနေတာပဲ။ ပေ ၊ တေ ၊ လေ နေတဲ့စိတ်ပဲ။

စိတ်ကို ကြည်လင်အောင်၊ တည်ငြိမ်အောင်၊ အတွေးမျိုးစုံနဲ့ ရှုပ်ထွေးမနေအောင် ညှိတတ်ဖို့လိုမယ်။ (mental tuning) လုပ်တယ်ဆိုတာ စိတ်ကို ကြည်အောင် လုပ်တာ၊ အတွေးမျိုးစုံရောပြီး ရှုပ်မနေအောင် လုပ်တာကို ပြောတာ၊ မဆိုင်တဲ့ကိစ္စတွေ တွေးပြီး စိတ်ရှုပ်ထွေးနေရင် အခုလုပ်နေတဲ့အလုပ်နဲ့ ပတ်သက်ပြီးတော့ အကောင်းဆုံး အကြံဉာဏ်တွေ စိတ်ကူးတွေ မထွက်နိုင်တော့ဘူး။

စိတ်ကိုသိနေတဲ့ အလေ့အကျင့်၊ အတွေးတွေကို သိနေတဲ့အလေ့အကျင့် သေသေချာချာ လေ့ကျင့်ထားရင် စိတ်ထဲမှာ အတွေးတွေ ရှုပ်လာတဲ့အခါ အဲဒါကို သိမယ်။ သေသေချာချာသိရင် ရှင်းလို့ရတယ်။ စိတ်ရှင်းရှင်းနဲ့ နေတတ်ရင် လုပ်သင့်တာတွေ ပိုလုပ်နိုင်တယ်။ မလုပ်သင့်တာတွေကို မလုပ်တော့ဘူး။ မတွေးသင့်တာကိုလည်း မတွေးတော့ဘူး။ အဲဒီလိုနေနိုင်ရင် ကိုယ့်ဘ၀မှာ အဆင်ပြေတာတွေ များလာမယ်။ ကိုယ့်ဘ၀ဟာ ကိုယ့်လက်ထဲမှာ ရှိမယ်။

တရားအားထုတ်ပြီးတော့ သတိ၊သမာဓိတွေ ပိုကောင်းလာတဲ့လူဟာ (quality) အရည်အသွေးဆိုတဲ့ သဘာဝကို ပိုနားလည်လာတယ်။ ဘယ်ဟာလုပ်လုပ် အရည်အသွေး ပိုမြင့်တာကို လုပ်တယ်။ စာအုပ်ဖတ်မယ်ဆိုရင် ကြုံရာစာအုပ် မဖတ်ဘူး။ လူလူချင်းဆက်ဆံရေးမှာ ဘယ်သူနဲ့ဆက်ဆံရင် ပညာရသလဲ ဆိုတာကို စဉ်းစားပြီးမှ အဲဒီလူတွေဆီကနေ ပညာများများ ရအောင် ဆက်ဆံတယ်။ ကိုယ်ကလည်း ပေးရမယ်ဆို ပေးတယ်။ အသွားအပြန် ရှိတယ်။

အကယ်၍ television ကြည့်တယ်ဆိုရင်တောင်မှ ဘယ်အပိုင်းလေးဟာ မှတ်သားစရာ နည်းယူစရာ ကောင်းတာလေးတွေပါသလဲ အဲဒီအပိုင်းလေးတော့ ရွေးပြီး ကြည့်တယ်။ ကျန်တဲ့အပိုင်းတော့ မကြည့်ဘူး။

သတိရှိတဲ့သူ၊ ဉာဏ်ရှိတဲ့သူ၊ စိတ်ဓါတ်အင်အားကြီးတဲ့လူဟာ အတိုင်းအရှည်ကို သိတယ်။ အဲလောက်ဆိုရင် သင့်တော်တယ်ဆိုတာကို သိတယ်။ အဲဒီသင့်တော်တဲ့ အတိုင်းအရှည်ထဲကနေ လွန်မသွားဘူး။ စကားပြောတာတောင် တစ်နေကုန် တစ်နေခန်းတော့ ပြောမှာမဟုတ်ဘူး။ အချိန်အကန့်အသတ်လေးနဲ့ ပြောမယ်၊ စာဖတ်တာလည်း အချိန်အကန့်အသတ်လေးနဲ့ ဖတ်မယ်၊ ဘာပဲလုပ်လုပ် အကန့်အသတ်လေးတစ်ခု ထားပြီးလုပ်မယ်။ အဲဒီလိုလူရဲ့ ဘ၀အရည်အသွေးဟာ ကြာလေ တက်လေ ဖြစ်လာတယ်။

ဒါကြောင့် တရားကိုအားထုတ်လို့ သတိ၊ သမာဓိကောင်းလာလို့ရှိရင် အကောင်းအဆိုး အမှားအမှန်ကို ခွဲခြားနိုင်လာတယ်။ တန်ဖိုးရှိတယ်၊ မရှိဘူးဆိုတာ ပိုပြီးတော့မြင်လာတယ်။ တန်ဖိုးရှိတာကို ပိုလုပ်ချင်တယ်၊ တန်ဖိုးရှိတာကို လုပ်လို့ရတဲ့ ကျေနပ်မှုကိုလည်း သိပ်သဘောကျတယ်.....။


ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)


(http://newworldnanda.ning.com/profiles/blogs/3451740:BlogPost:82453)

No comments:

Post a Comment