Thursday, October 13, 2011

အမှတ်မထင်ပဲ နာယူလိုက်ရတဲ့ အဆုံးအမ

မနေ့က ဘုန်းကြီးကျောင်းမှာ အဘိဓမ္မာအသံမစဲရွတ်ဖတ်ပူဇော်ပွဲရှိတာနှင့် ညနေဘက်အိမ်ကထွက်ခဲ့ပါတယ်။ ထွက်လာတုန်းကတော့ ကျောင်းမှာ တစ်နာရီ၊ နှစ်နာရီလောက်နေပြီးပြန်မယ်ဆိုပြီး တွက်ထားတာပါ။ ဟိုရောက်တော့ အွန်လိုင်းတိုက်ရိုက်လွှင့်ပေးနေတဲ့အကိုက ညဘက် သူတစ်ယောက်ထဲဆို အဆင်မပြေဘူး ၀င်ကူပေးပါအုံးလို့ ချောဆွဲတာရယ်၊ ညဘက်ကျရင် ရွတ်မယ့်သူ လူအင်အားနဲနေတာရယ်နှင့် ဘုန်းကြီးကျောင်းမှာပဲ ညအိပ်ဖြစ်သွားပါတော့တယ်။

ညဥ့်နက်လို့ ရထားချိန်တွေကုန်တော့ ကျောင်းမှာရောက်နေကြတဲ့ ဧည့်သည်တွေနှင့် လာပြီး ပူဇော်ရွတ်ဖတ်ကြတဲ့သူအတော်များများ ပြန်ကုန်ကြပါတယ်။ နောက်ဆုံး ကျောင်းအနီးအနားမှာ နေတဲ့သူတွေရယ်၊ ကိုယ်ပိုင်ကားနှင့် လာတဲ့သူတွေရယ်၊ ညအိပ်ပေးမယ့်သူတွေရယ်၊ ဘုန်းဘုန်းတွေရယ်ပဲ ကျန်ပါတော့တယ်။ ဒုတိယထပ်က ဘုရားခန်းမှာ အလှည့်ကျတဲ့သူတွေက ပဋ္ဌာန်းပူဇော်ရွတ်ဖတ်နေကြတဲ့အချိန် အောက်ထပ်ဆွမ်းစားခန်းထဲမှာ ဘုန်းဘုန်းတွေနှင့် ဒကာ၊ ဒကာမ လူရင်းတွေချည်းပဲ ထိုင်ရင်း အလ္လာပ၊ သလ္လာပတွေ ပြောနေကြတယ်။

အဲဒီအချိန် အမျိုးသမီးယောဂီတစ်ယောက်က အိမ်ပြန်တော့မလို့ ဘုန်းဘုန်းတွေကို ကန်တော့နှုတ်ဆက်ပါတယ်။ ဘုန်းဘုန်းတွေနှင့် ပြောမနာဆိုမနာရင်းနှီးနေကြတော့ ကန်တော့ရင်းကနေ “ဘုန်းဘုန်း၊ တပည့်တော် ကန်တော့တယ်နော်။ ဆုတော့ ပေးမနေပါနှင့်တော့၊ ဆုပေးတိုင်းလည်း ရတာမဟုတ်ဘူး၊ ကိုယ်လုပ်မှ ကိုယ်ရမှာ။ ဟုတ်တယ် မဟုတ်လားဘုရား” လို့ နောက်ပြီး လျှောက်လိုက်ပါတယ်။ ဒါနှင့် ဘေးမှာရှိတဲ့တစ်ယောက်က “ဘုန်းဘုန်း၊ ဒါဆိုလည်း ကိုယ့်ဖာသာကိုယ် လိုချင်တာကို ရအောင်လုပ်စေ” ဆိုပြီး ဆုပေးလိုက်ပါ ဘုရား လို့ ထပ်ပြီး ၀င်နောက်လိုက်ပါတယ်။

အဲဒါနှင့်ပဲ နာဂိုယာက ခဏကြွလာတဲ့ ဆရာတော်က...

“ခင်ဗျားတို့တွေ အဲဒီကိစ္စမှာ အယူအဆလေးတွေ နဲနဲလိုနေကြတယ်။ ဆုပေးတယ်၊ ဆုယူတယ်ဆိုတာ မလိုအပ်ဘူးဆိုပြီး အယူမလွဲရဘူး။ တချို့ ဆရာတော်တွေက ဆုတောင်းမနေနှင့်၊ ကိုယ်လုပ်မှကိုယ်ရမှာ၊ ဆုတောင်းနေရုံနှင့်ရမှာမဟုတ်ဘူးလို့ ပြောတတ်ကြတယ်။ ဆုတောင်းမနေနှင့်ဆိုတဲ့စကားဟာ အစွန်းမလွတ်ဘူး။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကစလို့ ပစ္စေကဗုဒ္ဓါအရှင်မြတ်တွေ၊ အဂ္ဂသာဝကတွေ၊ မဟာသာဝကတွေ၊ ပကတိသာဝကတွေ အားလုံးဟာ အခုလိုမျိုး အခြေအနေကို ရဖို့အတွက် ဆုတွေတောင်းခဲ့ကြ့ရတယ်။ ဆုမတောင်းခဲ့တဲ့သူ တစ်ပါးမှ မရှိဘူး။ ဆုလည်း တောင်းကြရတယ်၊ ပြီးတော့ တောင်းထားတဲ့ဆုအတိုင်း ပြည့်ဝအောင် ပါရမီတွေကိုလည်း ဖြည့်ကျင့်ရတယ်။ အစဉ်က အဲဒီအတိုင်းသွားတယ်။

ခင်ဗျားတို့ သြကာသကန်တော့ချိုးမှာ တချို့ က ပထမပိုဒ်ကိုပဲ ဆိုဖို့ ပြောကြတယ်။ နောက်က ကန်တော့ရသော အကျိုးအားကြောင့်ဆိုတာကို ထည့်မဆိုခိုင်းဘူး။ တကယ်တော့ ဒီကန်တော့ချိုးဟာ ရှေးပညာရှိဆရာတော်ကြီးတွေ စီမံရေးသားခဲ့ကြတာ။ အဓိပ္ပါယ် အနှစ်သာရ အပြည့်အ၀ပါတယ်။ အဲဒီကန်တော့ခန်းမှာပါတဲ့ စကားလုံးတိုင်းကို နားလည်ရင် တော်တော်ကို အကျိုးများတယ်။ ဒါကို အခုတချို့ ဆရာတော်တွေက ဖြုတ်ဖို့ လုပ်နေကြတာ တကယ်တော့မလုပ်သင့်ဘူး။ ဘာသာ၊ သာသနာကို တိုးတက်အောင်ပြုပြင်တယ်ဆိုရာမှာ လုပ်လို့ အကုသိုလ်ဖြစ်မယ့် ကိစ္စမျိုးတွေကို မလုပ်ဖြစ်အောင် တားမြစ်တာမျိုး၊ ပြုပြင်တာမျိုးပဲ ဖြစ်ရမယ်။ သူ့ဖာသာထားလို့လည်း ဘာမှ မဖြစ်၊ ပြင်လိုက်လို့လည်း ဘာမှမဖြစ်တဲ့ကိစ္စမျိုးတွေကို အတင်းလိုက်ပြုပြင်နေရင် နောင်ဘာဖြစ်လာမလဲဆိုတော့ ဒကာ၊ ဒကာမတွေကြား အုပ်စုတွေကွဲ၊ အငြင်းတွေပွားပြီး အကုသိုလ်တွေသာ တိုးပွားသွားစေနိုင်တယ်။

နောက်ထပ် ဥပမာ တစ်ခု အများကြားဖူးတာလေး ထပ်ပြောမယ်ဆိုရင် သီလပေးတဲ့အခါ၊ သရဏဂုံဆောက်တည်တဲ့အခါ ဒကာ၊ ဒကာမတွေက “အာမဘန္တေပါဘုရား” လို့ နောက်ကလိုက်ဆိုကြတယ်။ တချို့ ဆရာတော်တွေက အဲဒါကို “ပါဘုရား” မထည့်ရဘူး ဆိုပြီး အတင်းဖြုတ်ခိုင်းတယ်။ အဲလိုမျိုးပဲ။ “သာဓု၊ သာဓု၊ သာဓု ပါဘုရား” မှာလည်း “ပါဘုရား” ကို ဖြုတ်ခိုင်းကြတယ်။ စာအနေနှင့်ကြည့်ရင်တော့ ဒါကို ဖြုတ်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် “ပါဘုရား” ထည့်လိုက်တော့ရော ဘာများ အဓိပ္ပါယ် မှားသွားလို့လဲ။ ဘာများ အကုသိုလ်ဖြစ်သွားလို့လဲ။ ဘာသာ၊ သာသနာမှာ တခြားတကယ်ပြင်ရမယ့် အရေးကြီးတဲ့ကိစ္စတွေ အများကြီးရှိပါတယ်။ ဒီလို သေးသေးမွှားမွှားလေးတွေကို လိုက်ပြင်နေတာ ဘာမှ အကျိုးမဖြစ်ပါဘူး။ ဒကာ၊ ဒကာမတွေကြား သူ့ဆရာတော်ပြောတာမှ အမှန်၊ ငါ့ဆရာတော်ပြောတာမှ အမှန်ဆိုပြီး အငြင်းပွားဖို့ပဲ ရှိပါတယ်။

နိုင်ငံခြားက ဗုဒ္ဓဘာသာဝင်တွေက ဘုရားရှိခိုးတဲ့အခါ နမောတဿကနေ စပြီးရှိခိုးကြတယ်။ အဲဒါကို လိုက်အတုယူအားကျပြီး ဟိုးအရင်တုန်းက ဆရာတော်တစ်ပါးက သူတရားဟောရင် အဲဒီအတိုင်း နမောတဿကပဲ ဒကာ၊ ဒကာမတွေကို လိုက်ဆိုခိုင်းတယ်။ သြကာသကို ဖြုတ်ထားခဲ့တယ်။ ဒါနဲ့ သံဃာ့မဟာနာယကအဖွဲ့ က အဲဒီဆရာတော်ကို ခေါ်ပြီး ဒါမျိုးမလုပ်ဖို့ သတိပေးခဲ့ရဖူးတယ်။

ဒီတော့ ပြောချင်တာက သြကာသကန်တော့ချိုးကိုလည်း မဖြုတ်ပါနှင့်၊ ဆုတောင်းကိုလည်း မဖြုတ်ပါနှင့်။ ဆရာတော်တွေဘက်ကလည်း ငါသီလပေးတဲ့အခါကျရင် သြကာသကန်တော့ချိုးက ဒီပုံစံမျိုးမှ ဖြစ်ရမယ်ဆိုတာမျိုး မလုပ်ပါနှင့်။ ဒကာ၊ ဒကာမတွေ ဆိုတတ်သလိုဆိုကြပါစေ။ သူတို့အတွက် အကုသိုလ်မဖြစ်ဘူးဆိုရင် မလိုအပ်ပဲ လိုက်ပြင်မနေပါနှင့် လို့ ပြောချင်ပါတယ်။”

လို့ ကျွန်တော်တို့ အားလုံးကို အမိန့်ရှိတော်မူလိုက်ပါတယ်။

No comments:

Post a Comment