Sunday, August 21, 2011

ရဝေနွယ်အသစ်


ဆေးရိုးသည်ရဲ့  နိဒါန်း

ဘုန်းဘုန်းရဝေနွယ်က ဒီဆောင်းပါးကို ပို့ရင်း ဇင်ပုံပြင်လေးရှာပေးရပုံအကြောင်း နိဒါန်းရေးပါဆိုလို့ စာရေးဖို့ပျင်းနေတဲ့ကျွန်တော် ခြစ်ကုတ်ပြီး နိဒါန်းရေးလိုက်ပါသည်။

မနှစ်က ကျွန်တော့်ဆိုဒ်မှာ ဘုန်းဘုန်းရဲ့  စိတ်ညစ်ရင်ရေချိုးပါ ဆိုတဲ့စာအုပ်ထဲက ကျန်ရှိနေတဲ့သက်တမ်းကို ဘယ်လိုနေမလဲ ဆိုတဲ့ ဆောင်းပါးကို ကူးပြီးပို့စ်တင်ဖြစ်ပါတယ်။ ပို့စ်အပေါ်မှာ ဇင်ပုံပြင်နဲ့ပတ်သက်တဲ့ နိဒါန်းလေးနဲနဲ ရေးဖြစ်ခဲ့ပါတယ်။ အဲဒါကို အမေရိကားကြွလားရင်း ဘုန်းဘုန်းကိုယ်တိုင်က ဖတ်မိသွားရာကနေ ဘုန်းဘုန်းနှင့် ဖုန်းပြောဖြစ်ခဲ့ကြပါတယ်။ နောက်တော့ ဘုန်းဘုန်းက ဆောင်းပါးရေးချင်တာရှိလို့ ဇင်ပုံပြင်ရှာပေးပါလို့ ပြောလာပါတယ်။ ဘုန်းဘုန်းက သူမှတ်ထားဖူးတဲ့ ပုံပြင်အကြောင်းအရာကို ကျွန်တော့်ကိုပြောပြပြီး အဲဒါကို မူရင်း ရှာပေးဖို့ပါ။

တကယ်တော့ ခေါင်းစဉ်လည်း သေသေချာချာမသိ၊ ပါဝင်တဲ့အကြောင်းအရာလည်း အတိအကျမသိတဲ့ ပုံပြင်တစ်ပုဒ်ကို အွန်လိုင်းမှာရှာရတာ သိပ်မလွယ်လှပါဘူး။ ကျွန်တော်လည်း ဖြစ်နိုင်ချေရှိမယ့် အင်္ဂလိပ်စာလုံးတွေ လိုက်ရိုက်ကြည့်ပြီးရှာတာရယ်၊ နောက် ဇင်ပုံပြင်တွေရှိတတ်တဲ့ နေရာတွေမှာ ခေါင်းစဉ်တွေလိုက်ဖတ်ကြည့်ပြီး ရှာလိုက်တော့ ဘုန်းဘုန်းရှာခိုင်းတဲ့ ပုံပြင်ကို တွေ့ပါတော့တယ်။ တွေ့ပြန်တော့လည်း Version တွေက နဲနဲစီကွဲနေတာမို့ ဘုန်းဘုန်းဆီကို လေးပုဒ်လောက် ရွေးပြီး သင့်လျှော်ရာကို သုံးဖို့ ပို့ပေးဖြစ်ခဲ့ပါတယ်။ ကိုယ်တိုင်လည်း ဆိုဒ်မှာ တင်ဖြစ်ခဲ့ပါတယ်။

နောက်ပိုင်း ဘုန်းဘုန်းသာ အမေရိကားကပြန်သာကြွသွားတယ်။ ဘုန်းဘုန်းဆောင်းပါးအကြောင်း ဘာမှမကြားရတော့လို့ မေ့သလိုတောင်ဖြစ်နေပါပြီ။ တစ်နေ့က ဘုန်းဘုန်းက အွန်လိုင်းကနေ ဆောင်းပါးရေးပြီးပြီ၊ စာရိုက်ပြီးရင် ပို့လိုက်မယ်လို့ ပြောမှ မနှစ်က ကိစ္စ ခေါင်းထဲပြန်သတိရမိပါတော့တယ်။

ဘုန်းဘုန်းရဲ့ ဆောင်းပါး ကျွန်တော်ဖတ်ရတာကတော့ တကယ့်ကို တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ အခုတလော အကုသိုလ်အတွေးတွေနှင့် လုံးလည်ချာလည်လိုက်နေလို့ ကောင်းနိုးရာရာတရားတော်တွေ လိုက်ရှာနာနေရင်း ကိုယ့်ကိုယ်ကို တည်ဆောက်ရေး လုပ်နေချိန် ဖြစ်နေလို့ပါ။ ဘုန်းဘုန်းဆောင်းပါးက ကျွန်တော့်အတွက် အားဆေးတစ်ခွက် ဖြစ်စေခဲ့ပါတယ်။

အခုလို ဆောင်းပါးကို ဦးဦးဖျားဖျားဖတ်ခွင့်ပြု၊ ပြန်လည်ဝေမျှခွင့်ပြုတဲ့ ဘုန်းဘုန်းရဝေနွယ် (အင်းမ) နှင့် စာမျက်နှာတွေအများကြီးကို မေတ္တာတွေအများကြီးနှင့်ရိုက်ပေးတဲ့ ဘုန်းဘုန်းဦးသီရိန္ဒ (http://www.ashinsirinda.com/) တို့ကို တပည့်တော် ရိုသေကျေးဇူးတင်စွာဖြင့် ခြေတော်ဦးခိုက်ကန်တော့လိုက်ပါတယ် အရှင်မြတ်တို့ဘုရား။

ရိုသေစွာဖြင့်
ဝိမုတ္တိသုခ
21.08.2011

*********************************************

“ရဝေနွယ်အသစ်”

      တစ်ခါတုန်းက လူသုံးယောက် လမ်းလျှောက်လာရင်း  တောင်ကုန်းထိပ်မှာ မိတ်ဆွေတစ်ယောက်  ရပ်နေတာကို လှမ်းမြင်ရပါတယ်။ ဒီတော့ သုံးယောက်ထဲက တစ်ယောက်က“သူ  ရှုခင်းတွေ ကြည့်နေတာ ထင်တယ်”လို့ ပြောလိုက်ပါတယ်။ ဒုတိယ တစ်ယောက်က “မဟုတ်ပါဘူး၊ တို့ကို စောင့်နေတာ ထင်တယ်”လို့ ပြောလိုက်ပါတယ်။ တတိယ  တစ်ယောက်က “မဟုတ်ဘူး၊ လေကောင်းလေသန့် ရှုနေတာ ထင်တယ်”လို့ ပြောလိုက်ပါတယ်။ အဖြေမညီကြဘဲ တောင်ကုန်းပေါ် သုံးယောက် တက်ခဲ့ကြပါတယ်။ တောင်ကုန်းပေါ် ရောက်တော့ ပထမ တစ်ယောက်က စပြီမေးပါတယ်။

“ ရှုခင်းတွေကြည့်နေတာလား?”
“ မဟုတ်ပါဘူး”
ဒုတိယတစ်ယောက် ထပ်မေးပြန်ပါတယ်
“တို့ကို စောင့်နေတာလား?”
“မဟုတ်ပါဘူး”
တတိယတစ်ယောက်က ထပ်မေးပြန်ပါတယ်
“ လေကောင်းလေသန့်ရှုနေတာလား?”
“မဟုတ်ပါဘူး”
ဒီတော့သုံးယောက်သားပြိုင်တူမေးလိုက်ပါတယ်။
“ဒါဖြင့် ဘာလုပ်နေတာလဲ?”
“ရပ်နေတာပါ”
(ဇင်ပုံဝတ္ထု)
သူပြောတဲ့ စကားလေးက ရိုးရိုးလေးပါပဲ၊ “ရပ်နေတာပါ”တဲ့။ ဖြတ်သွား ဖြတ်လာသူ လူအမျိုးမျိုး  တွေ့ကြရင်လည်း ပုံဝတ္ထုထဲက သုံးယောက်နည်းတူ ထင်မြင်ချက်မျိုးစုံ ပေးနေကြဦးမှာပါ။ ရပ်နေတာကို  သိသူက နည်းနည်း ရယ်ပါ။ ရပ်နေတာကို သိလိုက်သူဟာ နိဗ္ဗာန်ကို ဦးတည်နေသလို လက်ရှိမှာလည်း  အကုသိုလ်ကင်းနေတာပါ။
     မြတ်စွာဘုရားက ဘဒ္ဒေကရတ္တသုတ်မှာ “အတိတ်ဟောင်းကို လည်းမပြန်နဲ့၊ အနာဂတ် သစ်ကိုလည်း မကြံနဲ့၊ ဖြစ်ခိုက်ရုပ်နာမ် ပစ္စုပ္ပန်၊ အမှန် မလွတ်အောင် ရှုမှတ်ပါ”လို့ ဟောတော်မူထားပါတယ်။ အတိတ်ဆိုတာ ပြီးခဲ့ပြီးပါပြီ၊ ဘာမှလုပ်လို့ မရတော့ပါဘူး။ အနာဂတ် ဆိုတာလည်း ရောက်မလာသေးတဲ့  အတွက် အသုံးချလို့ မရပြန်ပါဘူး။ တကယ် အလုပ်လုပ်ရမှာက ပစ္စုပ္ပန်တည့်တည့်ပါ။ စာရေးသူရဲ့အသိ မိသားစုထဲက ချွေးမလေး တစ်ယောက်ဟာ စိတ်နေစိတ်ထား လည်းကောင်း၊ ယောက္ခမတွေ အပေါ်မှာ လည်းကောင်း၊ လုပ်ရည်ကိုင်ရည် လည်းရှိ၊ ဒါပေမယ့် အလုပ်တွေမှားပြီး  အထဲကိုဝင်သွားရပါတယ်။ သမီးတစ်ယောက်လို ချစ်ရတဲ့ချွေးမ အထဲကိုဝင်သွားရတော့  အားလုံးက စိတ်မကောင်းကြပါဘူး။ အထူးသဖြင့် ထမင်းစားဝိုင်းမှာ တစ်ယောက်လိုနေတော့ ပိုသတိရကြပါတယ်။ တစ်ယောက်မျက်နှာ  တစ်ယောက် ကြည့်ပြီး ထမင်းကိုလည်း ဆက်မစားနိုင်ကြတော့ပါဘူး။ တစ်ရက်လည်းမဟုတ်  နှစ်ရက် လည်းမဟုတ် ရက်ဆက်တွေ များလာတော့ တူတစ်ယောက်လုပ်တဲ့သူက “ဘုရားဟော အတိုင်း  ပစ္စုပ္ပန်တည့်တည့် ရှုစားကြ တာပေါ့”လို့ ထပြောပါသတဲ့။ နောက်ရက်တွေမှာလည်း  ထမင်းဝိုင်း ထိုင်လိုက်တာနဲ့ “ပစ္စုပ္ပန်တည့်တည့်”လို့ သတိပေးစားကြပါသတဲ့။ တကယ်လည်း ဟုတ်ပါတယ်။ အတိတ်၊ အနာဂတ်က ဘာမှလက်တွေ့လုပ်လို့မရပါဘူး။ လောလောဆယ် ပစ္စုပ္ပန်တည့်တည့်မှာ ထမင်းစားနေတာ ဆိုတော့ ထမင်းစားနေတဲ့ အချိန်ဟာ အရေးအကြီးဆုံးပါပဲ။
     မနက် အိပ်ရာထနိုးရင် နိုးတဲ့အချိန်ဟာ အရေးအကြီးဆုံးပါ။ မျက်နှာသစ်ရင် မျက်နှာသစ်ချိန်ဟာ အရေးကြီး ဆုံးပါ၊ သွားတိုက်ရင် သွားတိုက်ချိန်ဟာ အရေးအကြီးဆုံးပါ။ ရေအိမ်ဝင်ရင် ရေအိမ်ဝင်ချိန်ဟာ  အရေးအကြီးဆုံး ပါပဲ။ သတိကို ပစ္စုပ္ပန် တည့်တည့်မှာ ပဲထားတဲ့အတွက် အကုသိုလ် ကိလေသာ  စိတ်တွေ ကင်းနေသလို ဘာသောကမှလည်း ဝင်မလာတော့ပါဘူး။ ဝိပဿနာ မှာတော့  သမ္ပဇညအမှတ်=အထွေထွေအမှတ်လို့ ခေါ်ပါတယ်။ တရား အားထုတ်ဖူးသူတိုင်း သိပါတယ်။ ဒီလိုပါပဲ  ရနိုင်သလောက် လေ့ကျင့်ယူရမှာပါပဲ။
    ဒါကြောင့် ပစ္စုပ္ပန်တည့်တည့်ကို လက်ကိုင်ယူထားရပါမယ်။ ဒါပေမယ့် အတိတ် အတွေး တွေကတော့ ဝင်နေမှာပါပဲ။ အတိတ် အတွေး တွေထဲမှာ ပုထုဇဉ်အားလျှော်စွာ မှားခဲ့တဲ့အမှား တွေလည်းပါမှာပါ။ ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီးရဲ့ ဝိပဿနာရှုနည်း ပထမတွဲ စာမျက်နှာ ၃၂ မှာ--- “လူတို့၏ ရှေ့အဖို့က သီလပျက်မှုသည် ပဉ္စာနန္တရိယကံ၊ ဘိက္ခုနီဒူသနကံ၊ အရိယူပဝါဒကံများ မဟုတ်လျှင် မဂ်ဖိုလ်ကို တားမြစ်တတ်သော အန္တရာယ် မဖြစ်သည်သာတည်း။ ပဉ္စာနန္တရိယကံ၊ ဘိက္ခနီဒူသနကံ၊  အရိယူပဝါဒကံ ဖြစ်လျှင်ကား လူဖြစ်စေ၊ ရဟန်းဖြစ်စေ၊ ဤဘဝ၌ မဂ်ဖိုလ်ကို မရနိုင်တော့ပြီ ” လို့  မိန့်မှာထားပါတယ်။
     မြန်မာလိုရှင်းရှင်းပြောရရင်တော့ လူတစ်ယောက်အနေနဲ့ ရှေ့ပိုင်းမှာ သီလမစင်ကြယ် ခဲ့ပေမယ့် ပဉ္စာနန္တရိယ ကံငါးပါးရယ်၊ ဘိက္ခုနီဒူသန ကံရယ် (ဘိက္ခုနီဒူသန ကံဆိုတာ ဘိက္ခုနီမကို ဖျက်ဆီးတာပါ။ ဒီခေတ် မှာတော့  ဘိက္ခုနီဆိုတာ မရှိတော့ပါဘူး၊  အဆက်ပြတ်သွားပါပြီ) အရိယူပဝါဒကံရယ် (အရိယူပဝါဒကံဆိုတာ  အရိယာကို ပြစ်မှားတဲ့ကံပါ) ဒီကံ(၇)မျိုးကို မကျူးလွန် ရသေးဘူးဆိုရင် မဂ်ဖိုလ်အန္တရာယ်ကို မတားမြစ်ပါဘူးတဲ့။
    ဒါကိုကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီးက ပိုပြီးခိုင်မာသွားအောင်  ဝတ္ထုငါးပုဒ်နဲ့ ယောဂီတွေကို  အားပေးထားပါတယ်။ အားလုံးကြားဖူး တဲ့ဝတ္ထုတွေပါ။ အာရုံနှိုးတဲ့အနေနဲ့ ခပ်ကျဉ်းကျဉ်း ပြန်ပြောပြရအောင်ပါ။
     ၁။ သန္တတိအမတ်ကြီး စစ်ပွဲနိုင်လို့ ပသေနဒီကောသလ မင်းကြီးက ခုနှစ်ရက် မင်းစည်းစိမ် ပေးထားပါတယ်။ ခုနှစ်ရက်ပတ်လုံး မူးပေတေနေပါတယ်။  သူသိပ်ချစ်ရတဲ့ မိန်းကလေး ဖျော်ဖြေရင်း ရုတ်တရက် သေသွားတဲ့ အတွက် မြတ်စွာဘုရားဆီက ဂါထာတစ်ပုဒ်နာကြားပြီး ရဟန္တာ ဖြစ်သွားပါတယ်။ သန္တတိအမတ်ကြီးလည်း ရှေ့အဖို့မှာ သီလမစင်ကြယ်ခဲ့ပါဘူး။ ဒီနေရာမှာ တစ်ခုသတိထားရမှာက ဂါထာတစ်ပုဒ် နာကြားပြီး ရဟန္တာ ဖြစ်တယ်ဆိုပေမယ့် ရုပ်နာမ်တွေကို မရှုမှတ်ဘဲ သတိပဋ္ဌာန်လေးပါးကို မရှုမှတ်ဘဲ မဂ်ဖိုလ် ရသွားတာတော့ မဟုတ်ပါဘူး။ တရားနာစဉ်မှာပဲ ရုပ်  နာမ်တွေကို ရှုမှတ်ပြီး ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် အဆင့်ဆင့် ဖြစ်သွားတယ် ဆိုတာကို  ဆရာတော် ဘုရားကြီးက သေချာ မှာထားပါတယ်။ ဆိုလိုတာက ရှုမှတ်မှု မပါဘဲနဲ့ တရားထူး ရသွားကြတာ  မဟုတ်ပါဘူး။ ရှုမှတ်ပြီးမှ တရားထူး ရသွားကြတာပါ။
    ၂။ အရိယဆိုတဲ့ ဒကာတစ်ယောက်ဟာ ငါးမျှားနေပါတယ်။       မြတ်စွာဘုရား ကြွလာတာမြင်တော့ ငါးမျှားတံလေး ချထားလိုက်ပါတယ်။   မြတ်စွာဘုရားက “သင့်နာမည် ဘယ်လိုခေါ်သလဲ”လို့ မေးတော့  “အရိယ”လို့ ခေါ်ပါတယ်”လို့ ပြန်လျှောက်ပါတယ်။ ဒီတော့ မြတ်စွာဘုရားက “သင့်လို သူတစ်ပါး ညှင်းဆဲတဲ့သူကို အရိယလို့ မခေါ်ဘူး၊ အရိယာဆိုတာ သူတစ်ပါးကို မညှင်းဆဲဘူး”လို့ ဟောပြီး ဂါထာလေး တစ်ပုဒ်ဟောပြပါတယ်။ ဂါထာကို နာကြားပြီး သောတာပန် တည်သွားပါတယ်။ အရိယလည်း ရှေ့အဖို့မှာ သီလမစင်ကြယ်ခဲ့ပါဘူး။
    ၃။ တစ်နေ့မှာ မြတ်စွာဘုရားက ဇေတဝန် ကျောင်းတော်မှာ တရားဟောနေပါတယ်။ ပရိသတ်ထဲမှာ ခါးပိုက်နှိုက် နှစ်ယောက်လည်း ပါပါတယ်။ တစ်ယောက်က တရားကို ရိုရိုသေသေနာပြီး  သောတာပန် တည်သွား ပါတယ်။ တစ်ယောက်ကတော့ တရားနာ ပရိသတ်ဆီက ခါးပိုက်နှိုက်လိုက်ပါတယ်။ သောတာပန် တည်သူခါးပိုက် နှိုက်လည်း ရှေ့အဖို့မှာ သီလမစင်ကြယ်ခဲ့ပါဘူး။
    ၄။ သရဏာနိဥပသကာလည်း မူးပေတေနေပါတယ်။ သူလည်း မြတ်စွာဘုရား တရားနာကြားပြီး သောတာပန် တည်သွားပါတယ်။
    ၅။ အားလုံးသိတဲ့ လူသတ်ဗိုလ်ကြီး တမ္ဘဒါဋ္ဌိက ၅၅-နှစ်ပတ်လုံး ဘုရင့်အတွက် သတ်မိန့်ကျတဲ့ သူတွေကို သတ်ပေးခဲ့ရပါတယ်။ သူလည်း အရှင်သာရိပုတ္တရာဆီက တရားနာကြားပြီး အနုလောမိကခန္တီခေါ်  သင်္ခါရုပေက္ခာ ဉာဏ်အထိ ရောက်သွားပါတယ်။ နောက် ဘီလူးမက နွားမယောင်   ဆောင်ခတ်လို့သေပြီး တုသိတာနတ်ပြည်မှာ ဖြစ်ရပါတယ်။ ဆရာတော်ဘုရားကြီးက ဒီဝတ္ထုငါးပုဒ်ကို သာဓကပြပြီး လူတွေ အနေနဲ့ စောစောကကံ(၇)မျိုးကို မကျူးလွန်ရသေးဘူးဆိုရင် မဂ်ဖိုလ်ရဲ့အန္တရာယ်ကို မပြုပါဘူးတဲ့။       တရားအားထုတ်ရင် သီလဖြူစင်ဖို့အဓိက လိုအပ်ပါတယ်။ မဟာစည်ဆရာတော် ဘုရားကြီးက လူတွေ  အနေနဲ့ ငါးပါး သီလ ပဲဖြစ်ဖြစ်၊ အာဇီဝဋ္ဌမက သီလ ပဲဖြစ်ဖြစ် ဆောက်တည် လိုက်ရင်  သီလဝိသုဒ္ဓိ=သီလဖြူစင်သူ ဖြစ်သွားပါတယ်တဲ့။ အာဇီဝဋ္ဌမကသီလထဲမှာ ဝိကာလဘောဇန=  ညစာရှောင်ရတာမပါ ပါဘူး။ ကျန်းမာရေးအရ ညစာ မစားဘဲ မနေနိုင်သူတွေ အတွက်  အထူးအားတက် အာရုံပြုစရာပါ။ ဆိုလိုတာက ညစာစားပြီးလည်း  သီလဝိသုဒ္ဓိ= သီလဖြူစင်အောင် လုပ်လို့ရပါတယ်။ တရားအားထုတ်လို့ လည်းရပါတယ်။
      နောက် ဆရာတော်ဘုရားကြီး ပြထားတာ ရှိပါသေးတယ်။ အထက်က ဝတ္ထုငါးပုဒ်နဲ့ စပ်ပြီး “ဒီလိုမကောင်း မှုမျိုးတွေ နောင်ဘယ်တော့မှ မပြုတော့ပါဘူး”လို့ ဆုံးဖြတ်လိုက်ရင် လည်း သီလဖြူစင်သူ ဖြစ်သွားပါတယ်တဲ့။ “ကဲ…. လူတစ်ယောက် သီလ ဖြူစင်ဖို့အတွက် ဘယ်လောက် လွယ်သလဲ” နောက်ဆုံး “ဒီလို မကောင်းမှုမျိုးတွေ နောင် ဘယ်တော့မှ မလုပ်တော့ပါဘူး”လို့ ဆုံးဖြတ်လိုက်တာနဲ့ သီလဖြူစင်သူ ဖြစ်သွားပါပြီ။ ရဟန်းတော် တွေကျတော့ အဲဒီလိုမရပါဘူး။ အပြစ်အာပတ် သင့်ရင် ဒေသနာ ကြားစရာရှိရင်ကြား၊ ပစ္စည်းစွန့်စရာရှိရင်စွန့်၊ ဝတ်ဆောက်တည်စရာရှိ ရင်ဆောက်တည် စသည်ဖြင့် အဆင့်ဆင့်ပြုလုပ်မှ သီလစင်ကြယ်တာပါ။ ဒါတင်မကပါဘူး။ သာမန်အပြစ် အာပတ် ကလေးကအစ ရဟန်းတွေအနေနဲ့ ဈာန်မဂ်ဖိုလ်ရဲ့ အန္တရာယ်ကို တားမြစ်ပါတယ်။  ရဟန်းသီလနဲ့ လူသီလ သိပ်ကွာပါတယ်။ “လူသီလ”က ပြောခဲ့တဲ့ (၇)မျိုးကို မကျူးလွန်ရ သေးဘူးဆိုရင် မဂ်ဖိုလ်ရဲ့ အန္တရာယ်ကို မတားမြစ်ပါဘူး။ နောက်ဆုံး လူတွေအနေနဲ့ သီလယူချိန်မရရင်တောင် “ဒီလို အကုသိုလ်မျိုးတွေ နောင်ဘယ်တော့မှ မပြုတော့ပါဘူး”လို့ ဆင်ခြင်လိုက်တာနဲ့ သီလဖြူစင်သူ ဖြစ်သွားပြီ ဆိုတော့ လူတွေအနေနဲ့ သီလဝိသုဒ္ဓိဖြစ်ဖို့ သိပ်လွယ် ပါတယ်။
     တကယ်လို့များ “ဖွ… လွဲပါစေ၊ ဖယ်ပါစေ” ခုတင်ပေါ်မှာ သေရတော့မယ်ဆိုရင် “ဒီလို အကုသိုလ်မျိုးတွေ နောင်ဘယ်တော့မှ မပြုတော့ပါဘူး” လို့ဆင်ခြင်လိုက်တာနဲ့ သီလဖြူစင်သူ ဖြစ်သွားပါပြီ။ အဲဒီသီလဖြူစင်မှုကို အခြေခံပြီး ကိုယ်ပွါးများ အားထုတ်နေကျ ကမ္မဋ္ဌာန်းလေးကို ပွားရင်းသေသွားရင် ကောင်းရာသုဂတိကို ရောက်သွားနိုင်ပါတယ်။ ဒါကလည်း အားထုတ်တဲ့ အလေ့အကျင့်က နဂိုကတည်းက ရှိထားမှပါ။ ရဟန်းကျတော့ “ဒီလို အကုသိုလ်မျိုးတွေ နောင်ဘယ်တော့မှ မလုပ်တော့ပါဘူး”လို့ ဆင်ခြင်ရုံနဲ့ သီလ ဖြူစင်သူ မဖြစ်ပါဘူး။ ရဟန်းတစ်ပါးပါး နဲ့ ဒေသနာကြားပါမှ ပျောက်မှာပါ။ ဆိုလိုတာက အာပတ်သင့်ရင် တစ်ပါးတည်း သီလဖြူစင်သူ ဖြစ်အောင် လုပ်လို့မရပါဘူး။ အနည်းဆုံး ရဟန်းတစ်ပါးပါးကို အကူအညီယူပြီး ဒေသနာကြားပါမှ သီလဖြူစင်သူ ဖြစ်မှာပါ။ လူနဲ့ ရဟန်းက အဲဒီလို ကွာတာပါ။
     သီလဖြူစင်အောင်လုပ်ဖို့ လူနဲ့ရဟန်းမှာ လူကပိုလွယ်ပါတယ်။ ကိုယ့်ဟာကိုယ် တစ်ယောက်တည်း လုပ်လို့ ရသလို နောက်ဆုံးသေခါနီး ခုတင်ပေါ်မှာ သီလယူချိန် မရရင်တောင် “ဒီလို အကုသိုလ်မျိုးတွေ နောင်ဘယ်တော့မှ  မလုပ်တော့ပါဘူး”လို့ စိတ်အဓိဋ္ဌာန် ဆုံးဖြတ်လိုက်ရုံပါ။ သီလဖြူစင်သူ ဖြစ်သွားတာနဲ့ ကိုယ်အားထုတ်နေကျ သတိပဋ္ဌာန် တရားကို ဆက်အားထုတ်သွားရုံပါပဲ။ ဒါတွေကို ထောက်ပြီး ဘာမှ အားငယ်စိတ်ဓါတ် ကျနေစရာမလိုပါဘူး။ သီလဖြူစင်အောင် လုပ်ပြီး ဆက်အားထုတ် သွားရုံပါပဲ။ ကိုယ့်ကိုယ်ကို အသစ် တည်ဆောက်နေတဲ့ ကာလမှာ အကုသိုလ်တွေကတော့ အာရုံတွေတွေ့တိုင်း တွေးတိုင်း ဝင်လာနေမှာပါ။ ဝင်လာသမျှ အကုသိုလ်ကို ပယ်လို့ရတဲ့ နည်းတွေနဲ့ ပယ်သွားရမှာပါပဲ။ အကုသိုလ်ပယ်တဲ့ နေရာမှာတော့ ဆင်ခြင်းပြီး ပယ်တာရယ်၊ ပွါးများပြီး ပယ်တာရယ်ကတော့  အထင်ရှားဆုံးပါပဲ။ အဲဒီနှစ်နည်းကို ရှေ့စာအုပ်တွေ ထဲမှာလည်း အသင့်အတင့် ရေးခဲ့ပြီးပါပြီ။ ဒီမှာတော့ ခပ်ကျဉ်းကျဉ်းပဲ ရေးပြရအောင်ပါ။
    အကုသိုလ်စိတ် ရင်ထဲဝင်လာတဲ့အခါ “ဒီအကုသိုလ်တွေဟာ အပြစ်နှင့်တကွ မကောင်းကျိုးကို ပေးခြင်း လက္ခဏာရှိတယ်။ အပါယ်ငရဲကိုလည်း ကျစေတယ်။ ဘဝကိုလည်း ကမောက်ကမ ဖြစ်စေတယ်” စသည်ဖြင့် စိတ်ထဲကပဲ ဖြစ်ဖြစ်၊ အသံထွက်ပြီးပဲဖြစ်ဖြစ် ဆင်ခြင်လိုက်ရင် ပျောက်သွားတာ များပါတယ်။ ဒါက ဆင်ခြင်ပြီး ပယ်တာပါ။
    အကုသိုလ်စိတ် ဖြစ်လာရင် သတိနဲ့ သိလိုက်ဖို့ပါ။ ဥပမာ- ဣဿာမစ္ဆရိယ စိတ်ဖြစ်ရင် အဲဒီဣဿာမစ္ဆရိယ စိတ်ကလေးကို တည့်တည့် စိုက်ကြည့်ပြီး “ဣဿာမစ္ဆရိယ စိတ်ကလေးက ဘယ်လိုလေးလဲ၊ ဘယ်လို သဘောလေး ဖြစ်နေတာလဲ” စသည်ဖြင့် သဘောလေးအထိ သိအောင် သတိကပ်ပြီး “ဣဿာမစ္ဆရိယ စိတ်ဖြစ်တယ် ဖြစ်တယ်”ဆိုပြီး ရှုမှတ်ပစ်ရမှာပါ။ ဒီလိုပါပဲ မကောင်းတဲ့ အတွေး၊ အကုသိုလ်ဖြစ်စေတဲ့ အတွေးကို တွေးမိပြန်ရင်လည်း တွေးတာကို ချက်ခြင်းသိပြီး “တွေးတယ် တွေးတယ် တွေး တယ် တွေးတယ်”လို့ ရှုမှတ်ပစ်ရမှာပါ။ မနက်ဖြန်အားမှပဲ မှတ်မယ်လို့ လုပ်လို့မရပါဘူး။ ချက်ချင်းသိ ချက်ချင်းမှတ်တဲ့ အလေ့လေးကို စွဲနေအောင် လေ့ကျင့် ထုံထားရပါမယ်။ ထုံထားရင် စွဲသွားတာများပါတယ်။
     စိတ်ကိုရှုတာဆိုတော့ စိတ္တာနုပဿနာသတိပဋ္ဌာန်ဖြစ်နေတာပါ။ ဒါကို ကျေးဇူးတော်ရှင် မဟာစည် ဆရာတော် ဘုရားကြီးက “စိတ်အမူအရာ၊ ဖြစ်တိုင်းမှာ၊ မှန်စွာသိရမည်”လို့ လိုရင်းအဓိပ္ပါယ် ထိထိမိမိနဲ့ လင်္ကာ စီပေးထားပါတယ်။ စိတ်အမူအရာ ဖြစ်တိုင်းဖြစ်တိုင်း သိသိနေပါတဲ့။ ကျေးဇူးတော်ရှင် ယောဆရာတော် ဘုရားကတော့ “ ရှေ့စိတ်ဖြစ်ဘိ၊ နောက်စိတ်သိ၊ သိတိုင်း အပူစင်”လို့ မကြာခဏ မိန့်ကြားလေ့ရှိပါတယ်။   ရှေ့စိတ်ဖြစ်နေတာ လေးကို နောက်စိတ်က လိုက်လိုက်သိနေပါတဲ့။ အဲဒီလို သိသိနေရင် အပူတွေကင်းစင်ပြီး အေးချမ်းနေပါလိမ့်မယ် လို့ ဟောပြထားပါတယ်။
     ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော် ဘုရားကြီးကတော့ “ အသေစိတ်ကို အရှင်စိတ်နဲ့ လိုက်မှတ် တာ”လို့ မိန့်ပေးပါတယ်။ ရှေ့ဖြစ်လိုက်တဲ့ အကုသိုလ်စိတ်က ဖြစ်ပြီးတာနဲ့ သေသွားပါပြီ ၊ နောက်က လိုက်မှတ်တဲ့ စိတ်က အရှင်စိတ်ဖြစ်သွားပါပြီ။ ဖြစ်တဲ့ အကုသိုလ်စိတ်နဲ့ မှတ်သိစိတ် တပြိုင်နက် မှတ်လို့မရတော့ မိုးကုတ်ဆရာတော် ဘုရားကြီးက အသေစိတ် အရှင်စိတ်ဆိုပြီး ခွဲပြပေးထားပါတယ်။
    ပဋ္ဌာန်းသဘော အရဆိုရင် ခုလိုမှတ်လိုက်တာဟာ အကုသိုလ်ကနေ ကုသိုလ်ဖြစ်သွားတာပါ။ ဖြစ်တုန်းက အကုသိုလ်ပါ၊ မှတ်လိုက်တော့ ဘာဝနာကုသိုလ် ဖြစ်သွားပါတယ်။ ရှုမှတ်လိုက်လို့ အကုသိုလ်စိတ်က ဆက်ဖြစ်ချင်လည်း ဖြစ်မယ်၊ ရပ်ချင်လည်းရပ်သွားမယ်။ ဆက်ဖြစ်တာ မဖြစ်တာ သူ့အလုပ်၊ မှတ်ရမှာကတော့ ကိုယ့်အလုပ်ပါ။ သူ့အလုပ်၊ ကိုယ့်အလုပ် ခွဲထားရမှာပါ။ ရေးပြရတာ သာလွယ်တာ ကျင့်သုံးဖို့ကျတော့ ခက်နေပြန်ရော။ ခက်တာကို ခက်တဲ့အတိုင်း ထားရင် တော့ခက်ပြီးရင်း ခက်နေတော့မှာပါပဲ။ ဒီလိုပါပဲ လေ့ကျင့်ရင်းနဲ့ ခက်တာကို လွယ်အောင် လုပ်ယူရမှာပါပဲ။
     ချမ်းမြေ့ ဆရာတော် ဘုရားကတော့ “ရေများရေနိုင် မီးများမီးနိုင်”လို့ မိန့်ထားပါတယ်။ ရှုမှတ်စိတ်က အားကောင်းရင် ရှုမှတ်စိတ်က နိုင်သွားမှာပါ။ အကုသိုလ် ဖြစ်တဲ့စိတ်က အားကောင်းရင် အကုသိုလ်စိတ်က နိုင်သွားမှာပါပဲ။ ဖြစ်တဲ့ အကုသိုလ်စိတ်ကို မရှုဘဲ ဒီအတိုင်းထားရင် အကုသိုလ်စိတ်ကပဲ အမြဲနိုင်နေတော့မှာပါ။ ဒီနေရာမှာ လူနှစ်ယောက်ကို ခွဲခြားပစ်ရမှာပါ။ ပထမတစ်ယောက်က ကိုယ့်ကိုယ်ကို အကုသိုလ်စိတ် ဖြစ်တာကို ဖြစ်မှန်း မသိဘဲ ဖြစ်ကြောရှည်ပြီး ဆက်ကာဆက်ကာ ဖြစ်နေတဲ့သူပါ။ ဒုတိယ တစ်ယောက်ကတော့ ပုထုဇဉ်အားလျော်စွာ မနှစ်သက်တဲ့ အာရုံကိုတွေ့ပြီး အကုသိုလ်တော့ ဖြစ်လိုက်တာ ပါပဲ။ ဒါပေမယ့် ဖတ်ဖူးထားတဲ့အတိုင်း၊ နာကြားဖူးထားတဲ့ အတိုင်း ဖြစ်တဲ့အကုသိုလ်ကို ဖြစ်တဲ့အတိုင်း ချက်ချင်းသိပြီး ရှုမှတ်ပစ်တဲ့သူပါ။
     ဒီတော့ ဒီလူနှစ်ယောက်မှာ ကိုယ်ဟာ ဘယ်ထဲပါမလဲဆိုတာ ကိုယ်တိုင် ဆုံးဖြတ်ရမှာပါပဲ။ လောလောဆယ် အကျိုးကတော့ အကုသိုလ်စိတ်ဖြစ်ပြီ ဆိုရင် ဖြစ်တဲ့သူက အရင်စိတ်ဆင်းရဲရ တော့တာပါ။ ဒါတင်မကပါဘူး။ အကုသိုလ် စိတ်ဖြစ်တဲ့သူနဲ့ ဆက်နွယ်နေတဲ့ မိဘ ညီအစ်ကို မောင်နှမ မိတ်ဆွေ ဆရာသမား ရဟန်းစသည်တွေပါ အကုန် စိတ်ဆင်းရဲရတော့တာပါ။ ဖြစ်သူတစ်ယောက်ထဲတင် စိတ်ဆင်းရဲရတာ မဟုတ်ပါဘူး။ ဆက်စပ်သူမှန်သမျှ အကုန်လိုက် လောင်တော့တာပါပဲ။ ဒါကြောင့် ပုထုဇဉ်အားလျှော်စွာ ဖြစ်ဦးတော့ ဖြစ်တာနဲ့ ချက်ချင်းသိပြီး ရှုမှတ်ပစ်တဲ့ သူထဲမှာပါအောင် ကြိုးစားရမှာပါ။
     တစ်ခါတလေ စာရေးသူက ယောဆရာတော်ဘုရားဆီ အဖေါ်မခေါ်ဘဲ တစ်ပါးတည်း သွားတတ်ပါတယ်။ တစ်ပါးတည်း သွားတယ်ဆိုတာက ဆရာတော်ကို ကိုယ်မေးချင်တာ မေးလို့ရသလို ကိုယ့်မှာ အားနည်းချက်ရှိလို့ ဆရာတော် ဆုံးမရင်လည်း ဘေးလူမသိစေချင်လို့ပါ။ တစ်ခါမှာတော့ နောက်မှာလည်း လူရှိမရှိကြည့်ပြီး လူမရှိတာ သေချာပြီဆိုမှ “ဆရာတော်ဘုရား…. တပည့်တော်မှာ တစ်ခါတလေ ကိုယ်မလိုချင်တဲ့ အကုသိုလ်စိတ်တွေ ဖြစ်မိပါတယ်ဘုရား။ အကုသိုလ်စိတ် ဖြစ်တော့ စိတ်ဆင်းရဲရ ပါတယ်ဘုရား။ ဘယ်လိုပယ်ရပါမလဲ”လို့ မေးတော့ ဆရာတော်ဘုရားက…. “ဖြစ်တဲ့အကုသိုလ်ကို ရှုမှတ်ပစ်ပေါ့၊ သာသနာမှာ အကုသိုလ်ကိလေသာရှိလို့ အလုပ်လုပ်စရာရှိနေတာ၊ အကုသိုလ် ကိလေသာစိတ်မရှိရင် ရဟန်းတစ်ပါးအနေနဲ့ သာသနာမှာဘာမှလုပ်စရာအလုပ်မရှိတော့ဘူး။ ရဟန်း အလုပ်က ကိလေသာပယ်ဖို့ပဲ၊ သာသနာမှာ ဆရာတော်ကြီးတွေ တော်တယ် တော်တယ်ဆိုတာ အကုသိုလ် ကိလေသာကို ပယ်နိုင်လို့ တော်တာ။ အဲဒီမှာ သတိပါ နေဖို့ပဲ။ သတိပါနေရင် ကိလေသာ ဆယ်ချက်ဖြစ်ရမှာ နှစ်ချက် သုံးချက်နဲ့ ရပ်သွားတယ်။ ပြောလိုက်ပေါ့ “အကုသိုလ်ရယ် ပုထုဇဉ်ပဲဖြစ်ပါ၊ မဖြစ်ရဘူးလို့ မဆိုလိုပါဘူး၊ ဖြစ်ပါ၊ ဒါပေမယ့် နှစ်ချက် သုံးချက် ဖြစ်ရရင် တော်ရောပေါ့ကွာ”လို့ ပြောလိုက်ပေါ့”လို့ မိန့်ပြပါတယ်။
     ဆရာတော်ဘုရားက အကုသိုလ်ဖြစ်တာ စိတ်ညစ်စရာ မဟုတ်ပါဘူးတဲ့။ အကုသိုလ်ကို ကိုယ့်ရဲ့ပြိုင်ဘက် လို့ သဘောထား ရပါမယ်တဲ့။ ဆရာတော်ဘုရားက ဥပမာနဲ့ မိန့်ပြပါတယ်။ လက်ဝှေ့ထိုးတဲ့အခါ စင်ပေါ်မှာ တစ်ယောက်တည်းထိုးနေရင် ကြည့်လို့မကောင်းဘူးတဲ့။ အားပေးမယ့် သူလည်း မရှိပါဘူး။ တစ်ယောက်တည်း ထိုးနေရင် အရူးဖြစ်နေမှာပေါ့။ ပြိုင်ဘက်နဲ့ နှစ်ယောက်ထိုးမှ အောက်က ပရိသတ်က လက်ခုပ်တီးပြီး အားပေးတော့တာပါ။ ဒါမှလည်း လက်ဝှေ့ပွဲကို ကြည့်လို့ ကောင်းတာပါတဲ့။  ဒီလိုပါပဲ ဆရာတော်ရဲ့ သြဝါဒအရဆိုရင် အကုသိုလ်စိတ် ဖြစ်လာတဲ့အခါ ဘာမှစိတ်ညစ်မနေပါနဲ့၊ အကုသိုလ်စိတ်ကို ပြိုင်ဘက်လို့ နှလုံးသွင်းပြီး ရှုမှတ်ပစ်ရမှာပါပဲ။  အကုသိုလ် စိတ်ရယ်၊ ရှုမှတ်စိတ်ရယ် ပြိုင်ရတော့မှာပါ။
     ဒီတော့ဆရာတော့် သြဝါဒအတိုင်း အကုသိုလ်စိတ် ဝင်လာရင် “ကဲ..ကိုရွှေအကုသိုလ်ရေ မင်းနဲ့ငါပြိုင် ရအောင်၊ မင်းကပဲနိုင်မလား၊  ငါကပဲနိုင်မလား ပြိုင်ကြတာပေါ့”ဆိုပြီး တစ်ယောက်ချင်းပြိုင်ရမှာပါ။ တကယ်လည်း တစ်ယောက်ချင်းပါပဲ၊ ရာဂ ဒေါသ မောဟ ဣဿာမစ္ဆရိယစတဲ့ အကုသိုလ်တရားတွေဟာ နှစ်စိတ်သုံးစိတ် ပြိုင်ဖြစ်လို့မရပါဘူး။ တစ်စိတ်စီပဲဖြစ်ကြရတာပါ။ တစ်ယောက်ချင်းချင်း သူနိုင်ကိုယ်နိုင် ပျှော်စရာ ကြီးပါ။ ပြိုင်ပြီဆိုကတည်းက အနိုင်၊ အရှုံး၊ သရေဆိုတာ ရှိမှာပါ။ အမြဲတမ်းတော့ နိုင်မနေနိုင်ပါဘူး။ နိုင်တဲ့ အခါရှိသလို ရှုံးတဲ့အခါလည်း ရှိမှာပါပဲ။ ရှုံးလည်း ဆက်ပြိုင်နေရမှာပါ။ တကယ်တော့ ဖြစ်ပေါ်လာတဲ့ အကုသိုလ် စိတ်ကို ရှုမှတ်ပစ်တာဟာ ပါရမီဖြည့်နေတာပါပဲ။ ဒီတော့ အကုသိုလ်စိတ်တွေဟာ ကိုယ့်အတွက် ပါရမီဖြည့်ဖို့ တွေပါပဲ။ ဒါကြောင့် ဘယ်လို အကုသိုလ်ပဲဖြစ်ဖြစ် “လာစမ်း အကုသိုလ် ပါရမီဖြည့်ပစ်မယ်”ဆိုပြီ စိန်ခေါ်ရမှာပါ။ ဣဿာမစ္ဆရိယစိတ်ဖြစ်လည်း ဘာဖြစ်လဲ “လာစမ်း ဣဿာမစ္ဆရိယ … ပါရမီဖြည့်ပစ်မည်”ဆိုပြီး ရှုမှတ်ပစ်ရုံပါပဲ။
ဒါကတော့အကုသိုလ်ကို ပွါးများပြီပယ်ပုံ အကျဉ်းပါပဲ။

     ဖြစ်ပေါ်လာတဲ့ အကုသိုလ်ကို ပယ်ပစ်ဖို့က သိပ်အရေးကြီးပါတယ်။  ဒီနေရာမှာ မြတ်စွာဘုရား ဟောကြားထားတဲ့ မူလပဏ္ဏာသပါဠိတော် ဝိတက္က သဏ္ဌာနသုတ်ကလာတဲ့ အကုသိုလ် ပယ်နည်း ငါးနည်းကို  အဓိကထား ပြောသွားရအောင်ပါ။
     ဝိတက္ကသဏ္ဌာန သုတ်ဆိုတာ ကိုယ့်ရင်ထဲကို အကုသိုလ် တရားတွေ ဝင်လာရင် အကြောင်းငါးပါးနဲ့ ပယ်ပုံကို ဟောပြထားတဲ့သုတ်ပါ။ ရာဂ၊ ဒေါသ ၊ မောဟ၊ ဣဿာမစ္ဆရိယစတဲ့ အကုသိုလ် အညစ်အကြေးတွေ ဝင်လာရင် အကြောင်းတရားငါးပါးကို နှလုံးသွင်းပြီး ပယ်ဖျောက်ပစ်ရမှာပါ။ အဲဒီ အကြောင်းငါးပါးနဲ့ ပယ်ပုံကို ရေးပြသွားရအောင်ပါ။
၁။ ကုသိုလ်တရားကို ဆင်ခြင်ပါ။
     ၁။ ရာဂ ဒေါသ မောဟ နဲ့စပ်ယှဉ်တဲ့ အကုသိုလ်တွေ ဝင်လာတဲ့အခါ ကုသိုလ်နဲ့ စပ်ယှဉ်တာတွေ ပြောင်းပြီး နှလုံးသွင်းလိုက်ပါတဲ့။ ပါဠိတော်မှာတော့ ကုသိုလ်နဲ့ စပ်ယှဉ်တာတွေပြောင်းပြီး ဖျောက်ပါလို့ပဲ ဆိုထားပါတယ်။ ဘယ်လို ကုသိုလ်တွေ ဆိုတာတော့ ပြမထားပါဘူး။ ဒါကို အဋ္ဌကထာက ကုသိုလ်နဲ့ စပ်ယှဉ်တာတွေကို ဖွင့်ပြပေးပါတယ်။ ရာဂဖြစ်လာရင် အသုဘဘာဝနာ နှလုံးသွင်းပြီး ဖျောက်ပါတဲ့။ ဒေါသဖြစ်လာရင် မေတ္တာပွါးပြီး ဖျောက်ပါတဲ့။ ဒီကဏ္ဍမှာပဲ မဟာစည်ဆရာတော် ဘုရားကြီးက “ဘယ်ကိလေသာမဆို ဖြစ်ပေါ်လာရင် သမထတစ်ခုခုကို နှလုံးသွင်းပြီး ဖျောက်ရပါမယ်”လို့ မိန့်ထားပါတယ်။ ပယ်လည်း ပယ်နိုင်တယ်လို့ ထပ်မိန့်ပါတယ်။
     ဒီတော့ ဆရာတော်ဘုရားကြီး မိန့်မှာတာကို အာရုံပြုပြီး အကုသိုလ် ကိလေသာ စိတ်တစ်ခုခု ဝင်လာတဲ့အခါ ကိုယ်အားသန်ရာ သမထကုသိုလ် တစ်ခုခုကို ပွါးပြီး ပယ်လိုက် လို့လည်း ရပါတယ်။ ဥပမာ- အကုသိုလ်စိတ် တစ်ခုခုဝင်လာတာနဲ့ အရဟံဂုဏ်တော် လေးပဲဖြစ်ဖြစ်၊ ပွါးနေလိုက်ရင်လည်း ပျောက်သွားတာများပါတယ်။ ဒါမှမဟုတ် “ ငါသည် မုချဧကန် သေရမည်။ ငါ၏ ရှင်ခြင်းသည် မမြဲ၊ ငါ၏ သေခြင်း သည်မြဲ၏”လို့ မရဏာနုဿတိကို ထပ်ကာ ထပ်ကာ ပွါးနေလိုက်လို့လည်း ရပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် သေခြင်း တရားအကြောင်းကို တွေးလိုက်ရင် အကုသိုလ်စိတ် ဖြစ်ချင်စရာ မရှိတော့ပါဘူး။
၂။ အပြစ်ကို ဆင်ခြင်ပါ။
     ၂။ ကုသိုလ်တရားတွေ နှလုံးသွင်းလို့မှ မပျောက်ရင် အကုသိုလ်ရဲ့အပြစ်ကို ဆင်ခြင်ပြီး ဖျောက်ပါတဲ့။ ရင်ထဲမှာ အကုသိုလ်စိတ် ဖြစ်လာရင် “ဒီအကုသိုလ် တွေဟာ အပါယ်လေးပါးကို ကျသွားနိုင်တယ်၊ စားရမဲ့ သောက်ရမဲ့ ပြိတ္တာလည်း ဖြစ်သွားနိုင်တယ်။ သုဂတိဘဝကိုလည်း မရောက်နိုင်ဘူး။ သံသရာ ခရီးတစ်လျှောက် ဘဝကို ကမောက်ကမ ဖြစ်သွားနိုင်တယ်” စသည်ဖြင့် ဆင်ခြင်ပြီး ဖျောက်ရပါမယ်။ လူတွေဟာ အကုသိုလ်လုပ်ရမှာသာ မကြောက်တာ၊ အကုသိုလ်ရဲ့ အပြစ်ခံရမှာတော့ လူတိုင်းကြောက်ကြ ပါတယ်။
     အသိတစ်ယောက် ကတော့ ဘုရားရှိခိုးပြီးတိုင်း “ငရဲနှင့်ဆင်းရဲ ကင်းလွတ် ရပါလို၏”လို့ အမြဲ ဆုတောင်း ပါသတဲ့။ ရင်းနှီးနေတာနဲ့ စာရေးသူက ပြန်ပြော လိုက်ပါတယ်။ “ညညကျတော့ ခြင်ရိုက်တဲ့  လျှပ်စစ်ဘက်တံကြီး နဲ့ ခြင်တွေ သတ်သတ်နေပြီးတော့ လွတ်ပါလိမ့်မယ် ငရဲနဲ့ ဆင်းရဲ”လို့ ပြောမိပါတယ်။ ငရဲနဲ့ ဆင်းရဲကိုတော့ လူတိုင်းကြောက်ကြပါတယ်။ အထူးသဖြင့် ငရဲကိုတော့ ပိုလို့တောင် ကြောက်ကြ ပါသေးတယ်။ ဒါကြောင့် အကုသိုလ်စိတ်ဖြစ် လာရင် ငရဲကို ဆင်ခြင်လိုက်လို့လည်းရပါတယ်။ ငရဲကိုဆင်ခြင်၊ သံဝေဂဖြစ်ပြီး ဝိပဿနာ ရှုမှတ်လိုက်တာ ရဟန္တာဖြစ်သွားတဲ့ သီဟိုဠ် ဇာတ်လမ်းလေး တစ်ပုဒ်ကို ပြောပြချင်ပါသေးတယ်။
     တခါတုန်းက သီဟိုဠ်ကျွန်းမှာ မိလက္ခဆိုတဲ့ မုဆိုးကြီး တစ်ယောက်ရှိပါတယ်။ သူကမိသားစု အတွက်မုဆိုးလုပ်ပြီး ကျွေးပါတယ်။ ဒါတင်မက ပါဘူး တောထဲသွားတဲ့အခါ တောထဲမှာပဲရတဲ့ သားကောင်တွေကို ဖုတ်ကင် စားသောက်လေ့ရှိပါတယ်။
     တစ်နေ့တော့ သားကောင်တွေ ဖုတ်ကင်စားသေက်ပြီး ရေဆာလို့အနီးမှာရှိတဲ့ ဘုန်းကြီးကျောင်း ကိုဝင်ပါတယ်။ ရေအိုးကိုဖွင့် လိုက်တော့ ရေက တစ်စက်မှ မရှိပါဘူးတဲ့။ ဒီတော့ မုဆိုးကြီးက ဘာပြောလိုက်သလဲ ဆိုတော့ “ ရဟန်းတွေက ခရီးသွားတွေအတွက် ရေလေးတောင် ထည့်မထားကြဘူး။ ပျင်းလိုက်ကြတာ၊ ဒကာ ဒကာမ လှူတာစားပြီး အိပ်နေကြတာပဲ”လို့ အသံထွက် ကဲ့ရဲ့လိုက်ပါတယ်။ ဒါကို ကျောင်းထိုင် မထေရ်က ကြားပြီး ရေအိုးကို ဖွင့်ကြည့်လိုက်တော့ ရေအိုးထဲမှာ ရေတွေ အပြည့် ရှိနေပါသတဲ့။ မထေရ်က “အင်း… လူစင်စစ်က ပြိတ္တာ ဖြစ်နေပြီ” ဆိုပြီး ရေကို ကိုယ်တိုင် တိုက်ပေး ပါတယ်။
     အကုသိုလ်ကံတွေဟာ သိပ်ကြောက်ဖို့ ကောင်းပါတယ်။ တစ်ဆင့်ကြားဖူးတာပါ။ တစ်ခါတုန်းက အင်းသူကြီး တစ်ယောက် ရန်ကုန်မြို့ကို လာရင်း ရွှေတိဂုံစေတီကို တက်ဖူးပါသတဲ့။ ဒါပေမယ့် ရင်ပြင်ပေါ်ရောက် တော့ ရွှေတိဂုံကို မမြင်ရပါဘူးတဲ့။ ဒီတော့ အင်းသူကြီးက နယ်ပြန်ရောက်တဲ့ အခါ ချောင်းထဲက သူ့အင်းတိုင် တွေကို “ဒီ အင်းတိုင်တွေက ငါတို့ မိသားစုကို ထမင်းကျွေးတာပဲ”ဆိုပြီး အင်းတိုင်တွေကို ရွှေချထားပါသတဲ့။ အကုသိုလ်ကံတွေ  သိပ်များလာရင်  သဘာဝတရား တွေက  ပုံမှန်အတိုင်း ဖြစ်နေပေမယ့် သူတို့အတွက်တော့ ပြောင်းပြန် ဖြစ်ချင်ဖြစ်နေ တတ်ပါတယ်။ အပြင်မှာ ဘယ်လောက်ပဲ အေးနေအေးနေ သူတို့အတွက် ပူချင်ပူနေတာပါ။ မိတ်ကောင်းဆွေကောင်း တွေက တရားစကားတွေနဲ့ ဘယ်လောက်ပဲဖေးမ ဖေးမ၊ မတရားစကားလို့ပဲ ထင်နေတော့တာပါ။ ဘယ်သူ့ ကိုမှလည်း အကောင်းမမြင် တော့ပါဘူး။ ကိုယ့်မှာ တရားနဲ့ဖေးမ ပေးတဲ့ မိတ်ကောင်းဆွေကောင်း လည်း သိပ်လိုအပ်ပါတယ်။ မိတ်ကောင်း ဆွေကောင်းဆိုတာ ငွေထက်တန်ဖိုးရှိပါတယ်။ အချိန်မီသိပြီး အချိန်မီကုစားနိုင်ဖို့ သိပ်အရေးကြီးပါတယ်။ အကုသိုလ်နွံနစ်သွားရင် ကယ်ဖို့ခက်သွားပါပြီ။ ဘေးကနေ ဒီအတိုင်း ထိုင်ကြည့်နေရတော့တာပါ။
     ကျောင်းထိုင်မထေရ်က မုဆိုးကြီးကို ရေတိုက်ပြီး “ဒကာ… သင်လုပ်ထားတဲ့ အကုသိုလ်ကြီးက ကြောက်စရာကြီး၊ သင်လူစင်စစ်က ပြိတ္တာဖြစ်နေပြီ ကိုယ့်ဟာကိုယ် စဉ်းစားပေတော့”လို့ မိန့်ပါတယ်။ မုဆိုးကြီးလည်း ကြောက်လန့်သွားပြီး တောထဲမှာ ထောင်ထားတဲ့ ကျော့ကွင်းတွေကို ဖျက်ဆီး ပစ်လိုက်ပါတယ်။ အိမ်ပြန်ရောက်တဲ့ အခါမှာလည်း မိထား လှောင်ထားတဲ့ သားကောင်တွေကို ပြန်လွှတ် ပေးလိုက်ပါတယ်။ ပြီးတော့ မိသားစုထံ ရဟန်းဝတ်ဖို့ ခွင့်ပန်ပါတယ်။ ခွင့်ပြုချက်ရတာနဲ့ တရားဟောလိုက်တဲ့ မထေရ်ဆီပြန်လာပြီး ရဟန်းဝတ်လိုက်ပါတယ်။ ရဟန်းဝတ်ပြီး ဝိပဿနာတရားကို ကြိုးကြိုးစားစား အားထုတ် ပါတယ်။ ဒါပေမယ့် တရားထိုင်တဲ့အခါ မုဆိုးဘဝက သတ်ခဲ့ဖြတ်ခဲ့တာတွေ အကုန်ပြန်ပေါ်နေလို့ တရားကိုဘယ်လိုမှ အားထုတ်လို့ မရဘူးဖြစ်နေ ပါတယ်။ နောက်ဆုံး စိတ်ဓာတ်ကျပြီး လူထွက်တာပဲ ကောင်းပါတယ်ဆိုပြီး မထေရ်ထံ လူပြန်ထွက်ပေးဖို့ ခွင့်တောင်းပါတယ်။ ဒီတော့မထေရ်က မုဆိုးဦးဇင်းကြီးကို ငရဲအကြောင်း ဟောပြပါတယ်။ ပြီးတော့ “သင်လူထွက်ရင် အဲဒီငရဲမှာ ခံရလိမ့်မယ်”လို့ ဟောလိုက်ပါတယ်။
     မုဆိုးဦးဇင်းကြီး ကလည်း “အဲဒီငရဲကို ကြည့်လို့ မရဘူးလား”လို့ လျှောက်ပါတယ်။ ကျောင်းထိုင် မထေရ်က “ငရဲတော့ ကြည့်လို့မရဘူး၊ တခြား တစ်နည်း နဲ့ ပြတာပေါ့”ဆိုပြီး ကိုရင်တွေကို သစ်သားထင်းအစိုတွေ အများကြီး ရှားခိုင်းပြီး ကျောက်ဖျာပေါ်မှာ ပုံခိုင်းလိုက်ပါတယ်။ တန်ခိုးနဲ့ ငရဲကနေ မီးပွါးလေး တစ်ခုယူပြီး ထင်းအစိုပုံကြီးပေါ် ပစ်ချလိုက်တာ တစ်ခါတည်းထင်းအစိုပုံကြီး ပြာဖြစ်သွားပါတယ်။ ဒါကို မြင်လိုက်ရတော့ မုဆိုး ဦးဇင်းကြီး ငရဲကို ပိုကြောက်သွားပါတယ်။ လူမထွက်တော့ဘူးဆိုပြီး တရားကို ကြိုးကြိုးစားစား ပြန်အားထုတ် ပါတော့တယ်။ ညပိုင်းမှာ သိပ်အိပ်ငိုက်လာရင် ကောက်ရိုး ကရွတ်ခွေကြီးလုပ်ပြီး အဲဒီ ကောက်ရိုးကရွတ်ခွေကြီးကို ရေစိမ်၊ ရေတွေ တစ်စက်စက်ကျနေတဲ့ ကရွတ်ခွေကြီးကို ခေါင်းပေါ် တင်ထားလိုက်ပါတယ်။ ဒီတော့ အိပ်ချင်စိတ် တွေ ပျောက်သွားပါတယ်။ ဆက်လက်ပြီး အားထုတ်လိုက်တာ ရဟန္တာဖြစ် သွားပါတော့တယ်။ ငရဲကို ဆင်ခြင်လိုက်လို့ ရဟန္တာဖြစ်သွားတာတော့ မဟုတ်ပါဘူး။ “ဝိပဿနာအစ သံဝေဂက” ဆိုတဲ့အတိုင်း ငရဲကို ဆင်ခြင်၊ ဆင်ခြင်မှုကတဆင့် သံဝေဂဖြစ်။ သံဝေဂကို အခြေခံပြီး  ဝိပဿနာ ရှုမှတ်လိုက်တာ တရားထူး ရသွားတဲ့ သာဓကတစ်ခုပါ။ ငရဲကို ဆင်ခြင်လိုက်တာနဲ့ သံဝေဂဖြစ်၊ ရဟန္တာတောင် ဖြစ်သွားသေးတာ ဆိုတော့ အကုသိုလ်စိတ် ပျောက်ဖို့လောက်တော့ ကောင်းကောင်းကြီး အကူအညီ ပေးနိုင်ပါတယ်။ ဒီသာဓကကို ထောက်ပြီး အကုသိုလ်စိတ် ဖြစ်လာရင် ငရဲကို ဆင်ခြင်ပြီး ဖျောက်လို့လည်း ရပါတယ်။
၃။ နှလုံးမသွင်းပါနဲ့
     နံပါတ်(၃)က အကုသိုလ်အပြစ်ကို ဆင်ခြင်လို့မှ မပျောက်ရင် အဲဒီ အကုသိုလ်စိတ်ကို နှလုံးမသွင်း ပါနဲ့တဲ့။ နှလုံးမသွင်းပါနဲ့ရဲ့ နောက်မှာ အဋ္ဌကထာက တစ်ခြားအာရုံကို ဖြစ်စေလိုက်ပါတဲ့။ တချို့ အတွေးတွေဟာ တွေးလိုက်ရင် ကုသိုလ်ဖြစ်ပါတယ်။ တချို့ အတွေးတွေ ကျတော့ တွေးလိုက်ရင် အကုသိုလ်ဖြစ်ပါတယ်။ အကုသိုလ် ဖြစ်တဲ့အတွေးကို မှတ်ထားပြီး မတွေးမိအောင်နေရမှာပါ။ နှလုံးမသွင်းပါနဲ့၊ မတွေးပါနဲ့ ဆိုပေမယ့် တွေးချင်တွေးနေမှာပါ။ စိတ်ကိုထိန်းချုပ်ဖို့ သိပ်ခက်ပါတယ်။ ဒီတော့အကုသိုလ်အတွေးကို တခြားအာရုံ တစ်ခုနဲ့ အစားထိုးပေးရမှာပါ။ တချို့ကျတော့လည်း မကျေနပ်တဲ့အာရုံကို သေချာပုံဖေါ် သေချာနှလုံးသွင်းပြီး အကုသိုလ်ဖြစ်နေတာပါ။ နှလုံးသွင်းလေ အကုသိုလ်စိတ် ဖြစ်လေပါပဲ။ နှလုံးမသွင်းရင် အကုသိုလ်စိတ် မဖြစ်ပါဘူး။ ဒီနှလုံးမသွင်းပါနဲ့ ကဏ္ဍကိုအဋ္ဌကထာမှာ အဆင့်ဆင့် အကျယ်ဖွင့်ပြထားတာ အကုသိုလ်စိတ် ပယ်ချင် သူတွေအတွက် သိပ်စိတ်ဝင်စားဖို့  ကောင်းတာပါ။ နှလုံးမသွင်းပါနဲ့တဲ့။ အဲဒီလိုမှမပျောက်ရင် ကမ္မဋ္ဌာန်း အပေါ်ကျေးဇူး များတဲ့ ပါဠိကို အသံခပ်ကျယ်ကျယ်နဲ့ ရွတ်ပစ်လိုက်ပါတဲ့။ ခပ်တိုးတိုးတောင် မဟုတ်ပါဘူး။ အသံကျယ်ကျယ်နဲ့ ရွတ်ရမှာပါ။ ဒါကိုထောက်ပြီး အကုသိုလ်စိတ် ဝင်လာရင် ရထားတဲ့ပါဠိကို လမ်းကိုရှေ့နောက် အပြန်ပြန် လျှောက်ပြီး ရွတ်နေလိုက်ရုံပါပဲ။ ဥပမာ… ဒိဝါတပတိ ဂါထာ ရွတ်နေကျ ဆိုရင်လည်း လမ်းလျှောက်ရင်း အခေါက်တစ်ရာလောက် ရွတ်ပစ်လိုက်ပေါ့။ စာမှာ ပြထားတဲ့အတိုင်း အသံ ကျယ်ကျယ်နဲ့ ရွတ်ပေးရမှာပါ။ အခေါက်တစ်ရာ ပြည့်သွားတဲ့အခါ အကုသိုလ် လည်းပျောက်၊ ကုသိုလ်လည်း ရောက်ပါပဲ။ အကျိုးနှစ်ခုရတော့တာပါ။
     အဲဒီလိုမှ မပျောက်ရင် ဘုရားဂုဏ်၊ တရားဂုဏ် အကြောင်းတွေ ရေးထားတဲ့ စာအုပ်တွေ ဖတ်လိုက်ပါတဲ့။ ဆရာတော် အရှင်ဇနကာဘိဝံသရဲ့ “ရတနာ့ဂုဏ်ရည်”၊ “ကိုယ်ကျင့်အဘိဓမ္မာ” ၊ ဦဇင်းအရှင် ဆန္ဒာဓိကရဲ့ “လိုတရနှလုံးသား”စသည်ဖြင့် အများကြီးပါပဲ။ စိတ်ကစာထဲ ရောက်သွားတာနဲ့ အကုသိုလ်က ပျောက်သွားတာပါပဲ။ တချို့ဆို စာအုပ်တစ်အုပ်ဖတ်ပြီး ဘဝတစ်ခုလုံး တောင်ပြောင်းသွား သေးတာဆိုတော့ အကုသိုလ်စိတ် ပျောက် ဖို့ လောက်တော့ မခက်ပါဘူး။ ဒီတော့အကုသိုလ်ဝင်လာရင် စာဖတ်လိုက်ပါ။ ဒီနေရာမှာ အဋ္ဌကထာဆရာက အကုသိုလ်စိတ် ဝင်လာတဲ့အခါ ဝေယျာဝစ္စတစ်ခုခုကို ထလုပ်လိုက်လို့ အကုသိုလ်စိတ် ပျောက်သွားပုံလေးကို သီဟိုဠ်ဝတ္တုလေး တစ်ပုဒ်နဲ့ သာဓက ပြထားပါသေးတယ်။ အဲဒီဝတ္ထုလေးက စာရေးသူရဲ့ “ကုသိုလ်ဖြစ်အောင်တွေးမယ်” စာအုပ်ထဲမှာ ပါပြီး သားဆိုတော့ ခပ်ကျဉ်း ကျဉ်းပဲ ရေးပြရအောင်ပါ။
     တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ ကိုရင်တိဿဆိုတဲ့ ကိုရင်တစ်ပါးရှိပါတယ်။ တစ်နေ့တော့ ကိုရင်တိဿဟာ အကုသိုလ် ကာမဝိတက်တွေ ဝင်လာပြီး လူထွက်ချင်စိတ် ပေါက်လာပါတယ်။ ဒါကြောင့် ဆရာဥပဇ္ဈာယ်ကို လူထွက်ချင်ကြောင်း သွားလျှောက်ပါတယ်။ ဆရာက “ကိုရင်တိဿရယ် သင်လူထွက် လိုက်ပါ။ တို့မတားပါဘူး။ ဒါပေမယ့် တို့နေတဲ့အရပ်ဟာ ချိုးရေရှားတယ်။ ရေပေါတဲ့စိတ္တရတောင်ဘက်ကို ပို့ပေးပါဦး”လို့ မိန့်ပါတယ်။ ကိုရင်တိဿလည်း ရေပေါတဲ့ စိတ္တရတောင်ဘက်ကို ပို့ပေးပါတယ်။ စိတ္တရတောင်ရောက်တော့ ဆရာက တစ်ခါ “ဒီစိတ္တရတောင်မှာ ရှိတဲ့ကျောင်းတွေဟာ အများပိုင်ကျောင်း တွေ၊ သံဃိကကျောင်းတွေ ဆိုတော့ အစစ အရာရာဆင်ခြင်နေရတယ်။ ဒါကြောင့် ကိုယ်ပိုင်ကျောင်းလေး တစ်ကျောင်းတော့ လိုချင်တယ်။ လူမထွက်ခင် ဆောက်ပေးခဲ့ပါဦး”လို့ ထပ်မိန့်တော့ ကိုရင်တိဿလည်း ဆရာကို နောက်ဆုံး ကျေးဇူးဆပ်ခြင်းဆိုပြီး ကျောင်းငယ်လေးကို ကိုယ်တိုင်ဆောက်ပေးပါတယ်။
     ကျောင်းဆောက်ရင်း တေဇောကသိုဏ်း လည်းပွါး၊ သံယုတ္တနိကာယ်ကိုလည်း ရွတ်ဖတ်နေပါတယ်။ ကျောင်းပြီးတော့ ဆရာကို ခေါ်ပြပါတယ်။ ဆရာက “ကိုရင်တိဿရယ် သင့်ကျောင်းလေးက သိပ်ကောင်းတာပဲ၊ ဒီတစ်ညတော့ သင်ဆောက်တဲ့ ကျောင်းလေးမှာ သင်ပဲအိပ်လိုက်ပါဦး၊ ပြီးတော့ လူမထွက် ခင် ဝိပဿနာ တရားကိုလည်း ကျောင်းလေးထဲမှာ ပွါးများလိုက်ပါဦး”လို့ မိန့်ပါတယ်။ ကိုရင်တိဿလည်း တရားတွေပွါးများ လိုက်တာ နောက်ဆုံး ရဟန္တာ ဖြစ်သွားပါတော့တယ်။ အဋ္ဌကထာဆရာက အကုသိုလ်ဝိတက်တွေ ဝင်လာတဲ့အခါ ဝေယျာဝစ္စ ကျောင်းဆောက်မှုကို လုပ်လိုက် တာ အကုသိုလ် ဝိတက်တွေ ပျောက်ပြီး ရဟန္တာဖြစ်သွားပုံကို ပြထားတာပါ။ ကိုယ်ကဒီသာဓကလေးကို ထောက်ပြီး အကုသိုလ်စိတ်ဝင်လာတဲ့အခါ ဝေယျာဝစ္စတစ်ခုခုကို ထလုပ်လိုက်ဖို့ပါ။ အဝတ်လျှော်တာ၊ တံမြက်စည်း လှည်းတာ၊ ဘုရားပန်းအိုးလဲတာ စသည်ဖြင့်ပေါ့။
     မန္တလေးက ဒကာမတစ်ယောက်ကတော့ စိတ်ဆိုး ဒေါသထွက်လာရင် ဘီဒိုထဲမှာ ခေါက်ထားတဲ့ အဝတ် တွေကို အကုန်ဆွဲချ လိုက်ပါသတဲ့။ ပြီးတော့ ဖွပစ်လိုက်ပါသတဲ့။ ပြီးမှ တစ်ထည်ချင်း ပြန်ခေါက်ပါသတဲ့။ ဘီဒို တစ်လုံးစာ ခေါက်ပြီးသွားရင် စိတ်ဆိုး ဒေါသတွေ ပြေသွားပါသတဲ့။ သူရဲ့ အကုသိုလ် ပယ်နည်းကလည်း မှတ်သားစရာပါပဲ။ အဓိကကတော့ ဝင်လာတဲ့ အကုသိုလ် ပျောက်သွားဖို့ပါပဲ။ ကိုယ်ကြိုက်ရာ နှစ်သက်ရာ အလုပ်တစ်ခုကို ထလုပ်လိုက် ဖို့ပါ။ အကုသိုလ် အာရုံနေရာမှာ တခြားအာရုံတစ်ခုနဲ့ အစားထိုးလိုက်တဲ့ သဘောပါ။ ဒီနှလုံးမသွင်းပါနဲ့ဆိုတဲ့ကဏ္ဍမှာပဲ မဟာစည်ဆရာတော် ဘုရားကြီးက-ရှုမှတ်မှုကို ခဏရပ်ထားပြီး နှစ်နာရီ သုံးနာရီ လောက်ပဲဖြစ်ဖြစ် နေ့ဝက်ပဲဖြစ်ဖြစ်၊ တစ်နေ့ပဲဖြစ်ဖြစ် မေ့မေ့ပျောက်ပျောက် အတူတူ နေပုဂ္ဂိုလ်တွေနဲ့ အလွတ်စကား ပြောနေလိုက်ပါတဲ့။ ဒီတော့ အကုသိုလ်ဝင်လာရင် မိတ်ဆွေ တစ်ယောက်ယောက်ဆီ ဖုန်းဆက် လို့ပဲဖြစ်ဖြစ် သွားလို့ပဲဖြစ်ဖြစ် အလွတ်စကားတွေ အေးအေး ဆေးဆေးပြောနေလိုက်ပေါ့။ စိတ်က စကားထဲမှာပဲ ရောက်နေတဲ့ အတွက် ဖြစ်နေတဲ့ အကုသိုလ်ကို အာရုံမရောက် တော့ပါဘူး။
     ဒါမှမဟုတ်ရင်လည်း စေတီကိုသွားဖူးလိုက်ပါတဲ့။ ဒီတော့ အကုသိုလ်စိတ် ဖြစ်လာရင် ရွှေတိဂုံစေတီပဲ ဖြစ်ဖြစ်၊ ဆူးလေစေတီပဲ ဖြစ်ဖြစ်၊ မဟာမြတ် မုနိပဲဖြစ်ဖြစ်၊ ကိုယ့်မြို့မှာရှိတဲ့ စေတီတစ်ဆူဆူပဲ ဖြစ်ဖြစ် သွားဖူးလိုက်ဖို့ပါ။ နောက်ဆရာတော်ကြီးက ရေချိုးပါ၊ အဝတ်လျှော်ပါတဲ့။ နောက်ဆုံး အိပ်လိုက မရှုမှတ်တော့ဘဲ အိပ်ပစ် လိုက်ပါတဲ့။ ဆရာတော်ဘုရားကြီးက အကုသိုလ်ကို ရှုမှတ်မှုနဲ့ မပယ်နိုင်ရင်တောင် တစ်ခြားရတဲ့ နည်းတစ်ခုခုနဲ့ ပယ်ပစ်နိုင်ဖို့ မိန့်ပြထားတာပါ။ ဆရာတော် ဘုရားကြီးရဲ့ မေတ္တာကရုဏာ တော်ပါပဲ။ အကုသိုလ် ဖြစ်လာရင်တော့ ဘယ်နည်းနဲ့ဖြစ်ဖြစ် ရတဲ့နည်းနဲ့ ပယ်ပစ်နိုင်ဖို့ပါပဲ။ အကုသိုလ်စိတ် ဖြစ်ပုံခြင်းကတော့ တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ပါဘူး။ အကုသိုလ် ပယ်နည်းတွေ အများကြီးရှိပေမယ့် ပယ်တဲ့နေရာမှာလည်း တစ်ယောက်နဲ့ တစ်ယောက် သပ္ပါယ သင့်ပုံခြင်း မတူနိုင်ပါဘူး။ ဘယ်လိုပုံစံနဲ့ပဲ ဖြစ်ဖြစ် အရကောက်လိုက်တော့ အကုသိုလ်ကတော့ အကုသိုလ်ပါပဲ။
     အကုသိုလ်စိတ် တစ်ခုဝင်လာရင် တချို့ကျတော့ ဂါထာရွတ်လိုက်ရင် ပျောက်သွားပါတယ်။ တချို့ကျတော့ ဝေယျာဝစ္စတစ်ခုခု လုပ်လိုက်ရင် ပျောက်သွားပါတယ်။ တချို့ကျတော့ ဘုရား စေတီ သွားဖူးလိုက်ရင် ပျောက်သွား ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် သပ္ပါယသင့်ပုံခြင်း မတူတော့ ကိုယ်နဲ့ သပ္ပါယ သင့်တဲ့နည်းနဲ့  ပယ်ရမှာပါ။ ဒီတော့ ကိုယ်နဲ့ သပ္ပါယ သင့်တဲ့နည်းကို သိထားဖို့ သိပ်အရေးကြီး ပါတယ်။ အကုသိုလ်စိတ် ဝင်လာတဲ့အခါ နည်းမျိုးစုံနဲ့ စမ်းကြည့်ပေါ့။ ကိုယ်နဲ့အဆင်ပြေတဲ့ နည်းကို မှတ်ထားလိုက်ဖို့ပါ။ နှလုံးမသွင်းပါနဲ့ ဆိုတဲ့ကဏ္ဍမှာတော့ အဋ္ဌကထာမှာကော မဟာစည်ဆရာတော် ဘုရားကြီးကကော အကျယ်ဖွင့်ပြထားပါတယ်။ ဒီမှာတော့ လူနဲ့ဆိုင် တာတွေလောက်ပဲ  ခပ်သင့်သင့် ရေးပြလိုက်ပါတယ်။

၎။ အကြောင်းကိုရှာပါ
     ၄။ နှလုံးမသွင်းဘဲနေလို့မှ မပျောက်ရင် အကုသိုလ် ဖြစ်ရခြင်းရဲ့ အကြောင်းရင်းကိုရှာပြီး ဖျောက်ပါတဲ့။ အဋ္ဌကထာက အကြောင်းရင်းရှာပုံကို ဇာတ်ဝတ္ထုလေးနဲ့ ပြထားပါတယ်။ အားလုံးကြားဖူးတဲ့ ဝတ္ထုလေးပါ။ ထန်းပင်တွေနဲ့ ရောနေတဲ့ဥသျှစ် ပင်အောက် မှာ ယုန်တစ်ကောင် ဝပ်နေတုန်း ဥသျှစ်သီးကြွေကျတာကို မြေပြိုပါပြီ ဆိုပြီး ထွက်ပြေးကြတဲ့ဝတ္ထုပါ။ သတ္တဝါတွေ အဆင့်ဆင့်ပြေး ရင်း နောက်ဆုံး ဘုရားအလောင်း ခြင်္သေ့မင်းက ဥသျှစ်သီးကိုပြပြီး မြေပြိုတာမဟုတ်ဘူး၊ ဥသျှစ်သီး ကြွေကျတာလို့ ပြောပြတဲ့ ဝတ္ထုလေးပါ။ အဋ္ဌကထာဆရာက ဘုရားအလောင်းဟာ အကြောင်းရင်း ရှာပြလိုက်တဲ့အတွက် သတ္တဝါတွေ ချမ်းသာ သွားရသလို အကုသိုလ်ဖြစ်လာရင် အကြောင်းရင်း ရှာဖျောက်ပါလို့ ဥပမာသာဓကနဲ့ ရှင်းပြထားပါတယ်။
     တစ်ခါတလေ အကုသိုလ်ဖြစ်ရခြင်းရဲ့ အကြောင်းရင်းက သေးသေးလေးပါ။ ကိုယ်က ပုံကြီးချဲ့တွေးပြီး ခံစားနေလို့ အကုသိုလ်က ကြီးသထက်ကြီးနေ တာပါ။ အကြောင်းရင်း သိရတဲ့အခါ ခပ်ပါးပါးလေးရယ်ပါ။ ခွင့်လွှတ် မယ်ဆိုရင် ခွင့်လွှတ်လို့ရတဲ့ အရာလေးပါ။ တစ်ခါတလေ ကျတော့လည်း ကိုယ့်စိတ် ကူးနဲ့ကိုယ် အထင်မှားနေတာ လည်းရှိပါတယ်။ တကယ်တမ်းကျတော့ ကိုယ်ထင်သလို မဟုတ်ပါဘူး။ အကြောင်း ရင်းကို သိလိုက်ရတော့ ဘာမှလည်း မဟုတ်တော့ပါဘူး။ အကုသိုလ်ဖြစ်တာပဲ အဖတ် တင်ပါတယ်။

၅။ သွားအံကိုကြိတ်ပါ။
     ၅-က အကြောင်းရင်းရှာလို့မှ မပျောက်ရင် သွားတွေ အံတွေကြိတ်ပြီး ဖျောက်ပါတဲ့။ လျှာနဲ့ အာခေါင်ကို ထောက်ပြီး ဖျောက်ပါတဲ့။ ဒါတွေကတော့ ဝိတက္ကသဏ္ဌာနသုတ် ကလာတဲ့ အကုသိုလ် ပယ်နည်းတွေပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် သပ္ပါယသင့်ပုံ ခြင်းမတူတော့ ကိုယ်ကြိုက်တဲ့နည်းနဲ့ ပယ်ရုံပါပဲ။ ကိုယ့်ကိုယ်ကို အသစ်ပြန် တည်ဆောက်တဲ့ သူဟာ အလုပ်နှစ်ခုကို လုပ်ရပါမယ်။ တစ်ဖက်က ဝင်လာတဲ့ အကုသိုလ်တွေကို ပယ်ပစ်ရမှာဖြစ်သလို တစ်ဖက်ကလည်း ပိုက်ဆံမကုန်တဲ့ သိက္ခာသုံးပါးကို ပွားများ အားထုတ်ရမှာပါ။ အသစ်တည်ဆောက်ဖို့ မိနစ်နှစ်ဆယ် စောထပါ။ အထူးသဖြင့် သိက္ခာသုံးပါးကို ဖြည့်ကျင့်ပြီး ကိုယ့်ကိုယ်ကို အသစ်ပြန်တည်ဆောက်ရမှာပါ။
     သိက္ခာသုံးပါး တည်ဆောက်တဲ့ နေရာမှာ မနက်အိပ်ရာထ ကိုယ်လက်သန့်စင်ပြီး တဲ့အခါ တည်ဆောက်တာက အကောင်းဆုံးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ မနက်အိပ်ရာထစ ဆိုတော့ ဘာအာရုံမှ မတွေ့သေးပါဘူး။ ဒီတော့ အာရုံကြောင့်ဖြစ်တဲ့ အကုသိုလ် မဝင်သေးပါဘူး။ အကုသိုလ် ဝင်မလာ သေးတဲ့အတွက် စိတ်ကလည်း ကြည်လင် နေပါတယ်။ ဒါကြောင့် ကိုယ်လက် သန့်စင်ပြီးရင် ဘုရားခန်းထဲ တန်းဝင်လိုက်ပါ။ ဒါပေမယ့် လူတိုင်းလူတိုင်းဟာ အလုပ်ကိုယ်စီရှိကြတဲ့အတွက် မအားကြပါဘူး။ မအားတဲ့ကြားထဲက အချိန်ယူဖို့ ဆိုတာလည်း မလွယ်လှပါဘူး။ ဒါကြောင့် အချိန်ပို တစ်ခုရဖို့အတွက် မနက်ကို မိနစ်နှစ်ဆယ် စောထ လိုက်ပါ။ မိနစ်နှစ်ဆယ် လောက်တော့ ကိုယ့်အတွက် အိပ်ချိန်ထူးပြီး မထိခိုက်ပါဘူး။ အိပ်ချိန်မထိခိုက်သလို မိသားစုအလုပ်၊ ကိုယ်ပိုင်အလုပ်ကိုလည်း မထိခိုက်တော့ပါဘူး၊ ဒါမှမဟုတ် မိနစ်နှစ်ဆယ်စော အိပ်ရာဝင် လိုက်ပါ။
     ဒီတော့ ကိုယ်လက် သန့်စင်ပြီးတာနဲ့ ဘုရားခန်းထဲ တန်းသွားလိုက်ပါ။ ပြီးတော့ ဘုရားကို ဦးသုံးကြိမ်ချပြီး ငါးပါးသီလ ယူလိုက်ပါ။ ဦးချတာ သီလ ယူတာက သုံးမိနစ်လောက် ရှိပါလိမ့်မယ်။ ဒါဆို သီလသိက္ခာ တည်သွား သလို သီလဝိသုဒ္ဓိ= သီလဖြူစင်သူလည်း ဖြစ်သွားပါပြီ။
     နောက် ဂုဏ်တော်ကို ငါးမိနစ်၊ မေတ္တာကိုငါးမိနစ်၊ မရဏာနုဿတိကို နှစ်မိနစ်၊ ဝိပဿနာကို ငါးမိနစ်ပွါးလိုက်ပါ။ ဒါဆိုအားလုံးပေါင်း မိနစ်နှစ်ဆယ်ရှိပါလိမ့်မယ်။ မိနစ်နှစ်ဆယ် အချိန်ပေးလိုက်တာနဲ့ ကိုယ့်ကိုယ်ကို အသစ်တည်ဆောက်ပြီးသား ဖြစ်သွားသလို သီလဖြူ စင်သူလည်းဖြစ်၊ သိက္ခာသုံးပါး တည်သူလည်း ဖြစ်သွားတော့တာပါ။ ဒီလိုပါပဲ။ မနက်မိနစ်နှစ် ဆယ်စောထပြီး သိက္ခာသုံးပါး ဆောက်တည် တာလေးကို စွဲနေအောင်လုပ်ထား လိုက်ပါ။ စွဲသွားရင် စွဲသွားတော့တာပါပဲ။ ဘဝရဲ့တစ်နေ့တာကို သိက္ခာသုံးပါးနဲ့ ဖွင့်လိုက်ရတာဟာ ကိုယ့်ကိုယ်ကို သိပ်ကြည်ညိုဖို့ ကောင်းတာပါ။ ကိုယ့်ဘဝ အသစ်ပြန် တည်ဆောက်ဖို့ မိနစ်နှစ်ဆယ် လေးတော့ အချိန်ပေးသင့်ပါတယ်။ သိက္ခာသုံးပါး တည်ပြီး တစ်နေ့တာနောက်ပိုင်း မနှစ်သက်တဲ့ အာရုံကြောင့်ပဲဖြစ်ဖြစ်၊  တွေးလို့ပဲဖြစ်ဖြစ် အကုသိုလ် စိတ်လေးတွေ ဝင်လာရင်လည်း အထက်က အကုသိုလ်ပယ်နည်း တွေထဲက ကိုယ်နဲ့ အဆင်ပြေမယ့် နည်းကိုယူပြီး ပယ်ပယ်သွားရမှာပါ။ လူငယ်စကားနဲ့ ပြောရရင်တော့ ကိုယ်နဲ့ အိုကေမယ့် နည်းကိုယူပြီး ပယ်သွားဖို့ပါ။
     တချို့အကုသိုလ် တွေကျတော့ ဖြစ်ချင်လွန်းလို့ မဟုတ်ဘဲ၊  မထင်မှတ်ဘဲ ဖြစ်သွားရတာ တွေလည်းရှိပါတယ်။    ဖြစ်ပြီးခါမှ “သြော် ဒီအကုသိုလ်တွေ ငါဖြစ်သွားပါလား” ဆိုပြီး ကိုယ့်ကိုယ်ကို တအံ့တသြ ဖြစ်ရတာပါ။ ဒါတွေဟာ အတိတ်တိတ်က ပါလာတဲ့ အကုသိုလ် အထုံဓာတ် တွေနဲ့လည်း ဆိုင်ပါတယ်။ ကိုယ်ကဒီဘဝမှာ တရားမျိုးစုံနာ၊ တရားစာအုပ်မျိုးစုံဖတ်၊ တရားတွေ အခါအားလျှော်စွာ ထိုင်နေပေမယ့် အတိတ်အထုံဓာတ် ဆိုးတွေကြောင့် မထင်မှတ်ဘဲ ဖြစ်သွားရတာတွေပါ။ အတိတ်အထုံ ဓာတ်ဆိုးတွေဟာ သိပ်ကြောက်ဖို့ ကောင်းပါတယ်။ သူ့ရဲ့လျှပ်တစ်ပြက်ရိုက် ချက်ကြောင့် ပုံကနဲ လဲကျသွား တတ်ပါတယ်။ ဒါပေမယ့် လဲကျသွားရင် စိတ်ဓာတ်မကျဘဲ  ပြန်ထနိုင်ဖို့ သိပ်အရေးကြီးပါတယ်။ ပြန်ထတဲ့အခါ သိက္ခာသုံးပါးကို ကိုင်ပြီးထရမှာပါ။ သိက္ခာသုံးပါး ကလည်း ကိုယ့်ကို အဆင်သင့် လက်ကမ်း ထားပြီးသားပါ။ ကိုယ်က သူကမ်းတဲ့ လက်ကိုဆွဲယူ လိုက်ရမှာပါ။ တကယ်တော့ ကိုယ်လဲကျရင်   ကိုယ့်ကိုပြန် ထူပေးမယ့် သိက္ခာသုံးပါး ကရှိပြီးသားပါ။ ဒါကို ကိုယ်က သိထားဖို့ပါ။ ဒီတော့ကိုယ့်ကိုယ်ကို သတိနဲ့ နေနိုင် မှတော်ကာကျတာပါ။ ကျန်တဲ့အချိန်လေးတွေမှာလည်း တတ်နိုင်သမျှ အမှတ်သတိလေးတွေနဲ့ နေနေရမှာပါ။ အထူးသဖြင့် တစ်ယောက်တည်းလုပ်ရတဲ့ အလုပ်လေးတွေမှာ အမှတ်သတိလေးတွေ ပါနေဖို့ပါ။
     ဥပမာ - ရေသောက်တယ်ဆိုတာ တစ်ယောက်တည်း သောက်ရတာဖြစ်လို့ အမှတ်သတိလေးနဲ့ ခွက်ကိုလှမ်းယူတာ၊ ကိုင်တာ၊ ရေထည့်တာ၊ ပြန်ယူတာ၊ ခွက်နဲ့ နှုတ်ခမ်းနဲ့ထိတာ၊ သောက်တာ စသည်တွေကို အမှတ် သတိလေးတွေ ပါအောင် ကြိုးစားရမှာပါပဲ။
     ဒီလိုပါပဲ အိမ်သာတက်တဲ့ နေရာမှာလည်း တစ်ယောက်တည်းဆိုတော့ အမှတ်သတိပါအောင် ကြိုးစား ရမှာပါပဲ။ တံခါးဖွင့်တာ ပြန်ပိတ်တာ လုံချည် ပင့်တာ ထိုင်တာ စွန့်ချင်စိတ်ကို မှတ်တာ စွန့်တာကို မှတ်တာ စသည်ဖြင့် အမှတ်သတိနဲ့ မှတ်သွားရုံပါ။ ဒီတော့ အိမ်သာထဲမှာတင် ဘာဝနာ ကုသိုလ်တွေ ဖြစ်နေတော့တာပါ။ ကုသိုလ်က ယူမယ်ဆိုရင် အိမ်သာ ထဲမှာတောင် သတိရှိရင် ယူလို့ရတာပါပဲ။ အကျိုးရလဒ်ကတော့ တစ်ချက်မှတ် တစ်ချက် ကုသိုလ်ရသလို တစ်ချက်မှတ် တစ်ချက် အကုသိုလ်ကို ပယ်လိုက်တာပါပဲ။ အများနဲ့ လုပ်ရတဲ့ အလုပ်တွေမှာတော့ လိုက်မှတ်ဖို့ မလွယ်လှပါဘူး။ တစ်ယောက်ထည်း လုပ်ရတဲ့ အလုပ်တွေမှာတော့ တတ်နိုင်သမျှ အမှတ် သတိလေးတွေပါအောင် ကြိုးစားရပါမယ်။

“ဘာပဲဖြစ်နေဖြစ်နေ ငါတရားအားထုတ်ဖို့ အဓိက”
     အမှန်ပြောရရင် စာရေးသူက ကိုယ့်ကိုယ်ကို သိပ်မကြည်ညို လှပါဘူး။ ဒါတကယ်ပြောတာပါ။ တစ်ခါတစ်ခါ ကိုယ့်ရင်ထဲ ကိုယ်မလိုချင်တဲ့ ကိုယ်သိပ်မုန်းတဲ့ အကုသိုလ် စိတ်တွေ ဝင်လာရင် သိပ်စိတ်ဆင်းရဲ ရပါတယ်။
     ရဟန်းလည်းဖြစ် ဒါတင်မက ပရိသတ် အသိအမှတ်ပြုတဲ့ စာရေးဆရာ ရဟန်းတစ်ပါးလည်းဖြစ်ပြီး “ဒီအကုသိုလ်မျိုးတွေ ဝင်လာရပါ့မလား”ဆိုပြီး တွေးရင်းတွေးရင်း စိတ်ဆင်းရဲ ရတော့တာပါ။ ဒါကြောင့် အကုသိုလ် ပယ်နည်းတွေကို ရနိုင်သမျှ စုထားတာပါ။ နောင်လည်း ဆက်စုနေဦးမှာပါ။ စုလို့ရသမျှ ပယ်နည်း တွေကိုလည်း ချစ်တဲ့ စာဖတ်သူတွေဆီကို ရေးပို့နေဦးမှာပါ။
     အဲဒီလို အကုသိုလ်စိတ် ဝင်လာလို့ စိတ်ဆင်းရဲရပြီ ဆိုရင် ကိုယ့်ကိုယ်ကို တရားပြန်ဟောတဲ့ တရားလေး တစ်ပုဒ် ရှိပါတယ်။ ဘာလဲဆိုတော့ “ ဘာပဲဖြစ်နေဖြစ်နေ ငါ တရားအားထုတ်ဖို့အဓိက ဆိုတဲ့ စကားလေးပါ။ အဲဒီစကားလေးကို ထပ်ကာ ထပ်ကာ ရွတ်နေလိုက်ရင် စိတ်က သက်သာသွားတာ များပါတယ်။

     အခုတလော တရားပွဲတွေမှာဆို တရားဆုံးခါနီးမှာ ဒါကိုပဲ ထပ်ကာထပ်ကာ ဟောနေလိုက်တာပါ။ ကိုယ့်ကိုယ်ကိုလည်း ဟောပြီးသားဖြစ်၊ တရားနာ ပရိသတ်ကိုလည်း ဟောပြီးသားဖြစ်နဲ့ သိပ်သဘော ကျတာပါ။
     ဒါကိုပဲ ထပ်ကာ ထပ်ကာ ဟောနေတော့ စာရေးသူရဲ့ ကပ္ပိယတစ်ယောက် ဖြစ်တဲ့ ကွန်ပျူတာ ပညာရှင် တစ်ယောက် လည်းဖြစ်တဲ့ ကိုအောင်သိန်းက သူ့ရဲ့မွေးနေ့မှာ ဒီ “ဘာပဲဖြစ်နေဖြစ်နေ ငါ တရားအားထုတ်ဖို့အဓိက” ဆိုတဲ့ စာသားလေးကို ဆိုင်းဘုတ် ကလေးလုပ်ပြီး လာလှူပါတယ်။ ယောဂီတွေ တရားထိုင်တဲ့ နေရာမှာပဲ ချိတ်ပေး ထားလိုက်ပါတယ်။
     “ဘာပဲဖြစ်နေဖြစ်နေ ငါ တရားအားထုတ်ဖို့ အဓိက”ဆိုတဲ့ နေရာမှာ ဘာပဲဖြစ်နေ ဖြစ်နေမှာ နှစ်ပိုင်း ရှိပါတယ်။ ကိုယ်ဘာပဲ ဖြစ်နေဖြစ်နေ ကိုယ်တရား အားထုတ်ဖို့ အဓိက၊ သူများ ဘာပဲဖြစ်နေ ဖြစ်နေ ကိုယ် တရားအားထုတ်ဖို့ အဓိကပါ။
     ကိုယ်ဘာပဲ ဖြစ်နေ ဖြစ်နေမှာ ကိုယ့်ဘဝမှာ ငွေကြေး အဆင်ပြေတာ လည်းရှိမယ်၊  မပြေတာလည်း ရှိမယ်။ အိမ်ထောင်ရေး အဆင်ပြေတာလည်း ရှိမယ်၊ မပြေတာလည်း ရှိမယ်။ လူမှုရေး အဆင်ပြေတာ လည်းရှိမယ်၊ မပြေတာလည်း ရှိမယ်၊ အလုပ် အဆင်ပြေတာလည်း ရှိမယ်၊ မပြေတာ လည်းရှိမယ်။  ရာထူးဌာနန္တရ အဆင်ပြေတာ လည်းရှိမယ်၊  မပြေတာလည်းရှိမယ်။ ဘာပဲဖြစ်နေဖြစ်နေ  ကိုယ်တရား အားထုတ်ဖို့ အဓိကပါပဲ။ တချို့ကိစ္စတွေက ကံနဲ့လည်း ဆိုင်ပါတယ်။ သူ့ဟာသူ ကံဆိုးချင် ဆိုးနေပါစေ ကိုယ်တရား အားထုတ်ဖို့က အဓိကပါပဲ။
     နောက်တစ်ပိုင်းက သူများ ဘာပဲဖြစ်နေဖြစ်နေ ကိုယ်တရားအားထုတ်ဖို့က အဓိကပါ။ သူများတွေ ဘယ်လို အခြေအနေ အနေအထားတွေပဲ ရောက်နေရောက်နေ၊ ဥက္ကဋ္ဌတွေ အတွင်းရေးမှုးတွေပဲ ဖြစ်နေ ဖြစ်နေ ကိုယ် တရားအားထုတ်ဖို့ အဓိကပါပဲ။
     ဒီနေရာမှာ သူများဘာပဲဖြစ်နေ ဖြစ်နေ ကိုယ်တရားအားထုတ်ဖို့အဓိက ဆိုတော့“နည်းနည်းများ အတ္တဆန် မနေဘူးလား” လို့ မေးစရာရှိပါတယ်။ “ ဒါနအရာ ဝမ်းမြောက်တာ မှန်စွာ အဓိက ဖြစ်ပေသည်။ ဝိပဿနာအရာ ဥပေက္ခာ မှန်စွာ အဓိက ဖြစ်ပေသည်” ဆိုတဲ့ အတိုင်း ဝိပဿနာတရား အားထုတ်တဲ့ နေရာမှာတော့ ဥပေက္ခာက အဓိကပါ။
     တရားအားထုတ်နေစဉ် ကာလမှာ အားလုံးကို ဥပေက္ခာ ပြုထားရမှာပါ။ ဒီတော့ ကိုယ်တရား အားထုတ်နေစဉ် ကာလမှာ ကိုယ့်ခင်ပွန်း ကိုလည်း ဥပေက္ခာ ပြုထားရမှာပါ၊  ကိုယ့်ဇနီးကိုလည်း ဥပေက္ခာ ပြုထားရမှာပါ။ ကိုယ့် သားသမီး ကိုလည်း ဥပေက္ခာ ပြုထားရမှာပါ။ ကိုယ့်ချစ်သူ ကိုလည်း ဥပေက္ခာပြုထားရမှာပါ။ အားလုံး အားလုံးကို ဥပေက္ခာပြုထားရမှာပါပဲ။
     ဘာပဲဖြစ်နေဖြစ်နေ တရားအားထုတ်နေရင် ဘဝက အဓိပ္ပါယ် ရှိနေတာပါပဲ။ ကိုယ့်ဘဝကိုယ် မကြည်ညိုလို့ အသစ်ပြန် တည်ဆောက်တဲ့နေရာမှာ သီလကိုအခြေခံပြီး ဝိပဿနာတရားတွေ အားထုတ်ရင်းနဲ့ ပြန်တည်ဆောက် ရမှာပါပဲ။ ဝိပဿနာတရား အားထုတ်တဲ့ နေရာမှာ တချို့က အားထုတ်လို့ ကောင်းတာလည်းရှိမယ်၊ အားထုတ်လို့ မကောင်း တာလည်းရှိမယ်။ ဒါနဲ့ ပတ်သက်လို့ ပုဂ္ဂိုလ်လေးမျိုးရှိပါတယ်။
(၁) တရားရှုမှတ်တဲ့အခါမှာ  ငြိုငြို ငြင်ငြင် ပင်ပင်ပန်းပန်းလည်း ရှုမှတ်ရတယ်၊ တရားလည်း အတွေ့နှေး တယ်၊ ဒါက တစ်ယောက်ပါ။ သူ့ကို ဒုက္ခပဋိပဒါဒန္ဓာ ဘိညာလို့ ခေါ်ပါတယ်။
(၂) တရားရှုမှတ်တဲ့အခါမှာ  ငြိုငြို ငြင်ငြင် ပင်ပင်ပန်းပန်း ရှုမှတ်ရတယ် ။ ဒါပေမယ့် တရားကျတော့ အတွေ့မြန်တယ်။ ဒါက တစ်ယောက်ပါ။ သူ့ကို ဒုက္ခပဋိပဒါ ခိပ္ပါဘိညာလို့ ခေါ်ပါတယ်။
(၃) တရားရှုမှတ်တဲ့ အခါမှာတော့ ချမ်းချမ်းသာသာ လွယ်လွယ်ကူကူတော့ ရှုမှတ်ရပါတယ်။ ဒါပေမယ့် တရားကတော့ အတွေ့နှေးနေပါတယ်။ ဒါက တစ်ယောက်ပါ။ သူ့ကို သုခါပဋိပဒါ ဒန္ဓာဘိညာလို့ ခေါ်ပါတယ်။
(၄) တရားရှုမှတ်တဲ့ အခါမှာ ချမ်းချမ်းသာသာ လွယ်လွယ်ကူကူလည်း ရှုမှတ်ရတယ်။ တရားလည်း မြန်မြန် တွေ့တယ်။ ဒါက တစ်ယောက်ပါ။ သူ့ကိုကျတော့ သုခါပဋိပဒါခိပ္ပါဘိညာလို့ ခေါ်ပါတယ်။ တရားရှုမှတ်တဲ့နေရာမှာ အဲဒီလို လေးမျိုး ဘာဖြစ်လို့ ကွဲနေရတာလဲ ဆိုတော့ အတိတ်အတိတ် ဘဝတွေနဲ့ ဆိုင်နေပါတယ်။
     ၁။ အတိတ်တိတ် ဘဝတွေက သမထလည်း အားမထုတ်ခဲ့ဖူးဘူး။ ဝိပဿနာ လည်းအားမထုတ်ခဲ့ ဖူးဘူး ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ တရားရှုမှတ်တဲ့ အခါမှာ ငြိုငြို ငြင်ငြင် ပင်ပင်ပန်းပန်းလည်း ရှုမှတ်ရတယ်။ တရားလည်း အတွေ့နှေးပါတယ်။
     ၂။ အတိတ်တိတ်ဘဝတွေက ဝိပဿနာ တရားတော့ အားထုတ်ဖူးတယ်၊ သမထကိုတော့ အားမထုတ်ခဲ့ဖူး ဘူးဆိုရင် တရားရှုမှတ်တဲ့အခါ ငြိုငြို ငြင်ငြင် ပင်ပင်ပန်းပန်းတော့ ရှုမှတ်ရတယ်၊ တရားတွေတော့ အတွေ့မြန်ပါ တယ်။
     ၃။ အတိတ်တိတ် ဘဝတွေက သမထကိုတော့ အားထုတ်ခဲ့ဖူးတယ်။ ဝိပဿနာ တရားကိုတော့ အားမထုတ် ခဲ့ဖူးဘူးဆိုရင် တရားရှုမှတ်တဲ့ အခါ ချမ်းချမ်းသာသာ လွယ်လွယ် ကူကူတော့ ရှုမှတ်ရတယ်။ တရားကျတော့ အတွေ့ နှေးတတ်ပါတယ်။
     ၄။ အတိတ်တိတ် ဘဝတွေက သမထလည်း အားထုတ်ခဲ့ဖူးတယ်။ ဝိပဿနာ လည်း အားထုတ်ခဲ့ဖူးတယ် ဆိုရင်တော့ တရားရှုမှတ်တဲ့အခါ ချမ်းချမ်းသာသာ လွယ်လွယ်ကူကူလည်း ရှုမှတ်ရတယ် တရားလည်း အတွေ့ မြန် ပါတယ်။
     ဒီသဘောတွေ သိထားတော့ တရားအားထုတ်တဲ့ အခါ အခက်အခဲ တွေ့ရပေမယ့်ဘာမှ စိတ်ပျက် အားငယ်စရာ မလိုတော့ပါဘူး။ ဒီဘဝမှာ တရားထူးရအောင် အားမထုတ်နိုင်ရင်တော့ နောက်ဘဝ နောက်ဘဝ တွေမှာ ချမ်းချမ်းသာသာ လွယ်လွယ်ကူကူ အားထုတ်ဖို့ တရားတွေ အတွေ့မြန်ဖို့ အထောက်အပံ့ကောင်းတွေ ရသွားတော့ တာပါ။
     တချို့ကျတော့ သမထတရားကို သိပ်အားထုတ်တာပါ။ ဘုရားတွေ၊ စေတီတွေ၊ တောင်တွေမှာ လိုက်ပြီး နာရီပေါင်းများစွာ ရက်ပေါင်းများစွာ ဝီရိယရှိရှိနဲ့ အားထုတ်ကြတာပါ။ သူမတူအောင် ဝီရိယ ရှိကြတဲ့သူတွေပါ။ ပြောရရင် သမထနဲ့ပဲ လမ်းဆုံးနေတာပါ။ အဲဒီဝီရိယ တွေနဲ့ သမထက တစ်ဆင့် ဝိပဿနာ ဘက်ကူးသွားနိုင်ရင် သိပ်ကောင်းတာပါ။ ဝီရိယကရှိပြီးသား ဆိုတော့ ဝိပဿနာ တရားမှာလည်း အခက်အခဲမရှိ လောက်တော့ပါဘူး။ အဓိက သမထနဲ့ပဲ လမ်းဆုံးမနေဖို့ပါ။
     ဒီလိုပါပဲ “တို့ကတော့ ဝိပဿနာလိုင်းပဲ” ဆိုပြီး သမထကို လျှော့ချမထားရပါဘူး။ တရားအားထုတ်တဲ့ အခါ ဝိပဿနာ တရားကိုပဲ ဆက်ကာ ဆက်ကာ အားထုတ် နေရမယ်လို့ မဆိုပါဘူး။ တရားအားထုတ်တယ် ဆိုတာ အမြဲတမ်းတော့ ကောင်းမနေနိုင်ပါဘူး။ တစ်ခါတလေလည်း တရားအားထုတ်ရင်းနဲ့ စိတ်ပင်ပန်း ငြီးငွေ့မှုတွေ ဖြစ်လာတတ်ပါတယ်။ စာမှာတော့ အဲဒီလို အခါမျိုးမှာ ဝိပဿနာ တရားကို ခဏရပ်ထားပြီး သမထတရားကို ပြန်အားထုတ်ရမယ်လို့ ဆိုပါတယ်။ စာမှာ ဥပမာ ပေးထားတာကတော့ စစ်သားတစ်ယောက်ဟာ စစ်တိုက်လို့ မောပန်းလာတဲ့အခါ ကတုတ်ကျင်းထဲပြန်ဝင်၊ အမောဖြေ၊ အစာရေစာစား၊ ကျည်ဆန်ဖြည့်၊ အမောပြေတဲ့အခါ အားအင်တွေ ပြည့်တဲ့အခါ ကတုတ်ကျင်းထဲက ပြန်ထွက်ပြီး စစ်ပြန်တိုက်ရသလို တရားအားထုတ်နေတဲ့ ယောဂီဟာလည်း ဝိပဿနာတရား အားထုတ်လို့ စိတ်ပင်ပန်းငြီးငွေ့ လာရင် စစ်သားဟာ ကတုတ်ကျင်းထဲ ပြန်ဝင်ပြီး အမောဖြေ အနားယူရသလို ဝိပဿနာတရားကို ခဏရပ်ပြီး သမထကို ပြန်အားထုတ်ပါတဲ့။ သမထ အားထုတ်လို့ စိတ်ပြန်ကြည်လင် လာပြီဆိုမှ ဝိပဿနာ တရားကို ပြန်အားထုတ်ပါတဲ့။
     ဒီအဋ္ဌကထာ အဖွင့်လေးကို မှတ်ထားပြီး ဝိပဿနာ အားထုတ်လို့  စိတ်ပင်ပန်း ငြီးငွေ့လာရင် ဝိပဿနာကို ခဏ ရပ်ထားပြီး သမထကို ပြန်အားထုတ်ဖို့ပါ။ ဂုဏ်တော်ပဲပွါးပွါး၊ မေတ္တာပဲပွါးပွါး၊ ကိုယ်နှစ်သက်ရာ သမထ တစ်ခုခုကို ပွါးလိုက်ဖို့ပါ။ ဂုဏ်တော်ပွါးလိုက်ရင် စိတ်က ပြန်ကြည်လင် လာတာပါပဲ။ ကိုယ့်ဘဝကိုယ် ကြည်ညို တာလည်း ရှိမယ် မကြည်ညို တာလည်းရှိမယ်။ ကြည်ညိုခြင်း မကြည်ညိုခြင်းတွေဟာ အတိတ်ကာလက ပြုခဲ့ ပြောခဲ့ တာတွေနဲ့လည်း ဆိုင်နေပါတယ်။ အကုသိုလ် ကိုတွေးရင် အကုသိုလ်ပါ။ ကုသိုလ်ကိုတွေးရင် ကုသိုလ်ပါ။ အကုသိုလ် ကိုတွေးရင် အကုသိုလ် ဆိုတော့ ဘာပြုလို့ ပြုခဲ့ ပြောခဲ့တဲ့ အကုသိုလ်တွေ ပြန်တွေး နေတော့မှာလဲ။ တွေးချင်ရင် ပြုခဲ့ ပြောခဲ့တဲ့ ကုသိုလ်ကိုပဲ တွေးတော့မှာပေါ့။
     ဘဝမှာ မှားခဲ့လို့ ကိုယ့်ကိုယ်ကို မကြည်ညို ဘူးဆိုရင် အသစ်ပြန် တည်ဆောက်ရုံပါပဲ။ အထူးသဖြင့် ဝိပဿနာ တရားနဲ့ ပြန်တည်ဆောက်တာ အကောင်းဆုံးပါပဲ။ လောကမှာ ဝိပဿနာ ထက်ကောင်းတာ ဘာမှ မရှိတော့ပါဘူး။ ဝိပဿနာ အားထုတ်ရင် သီလကလည်း တွဲပါနေတာပါပဲ။ အကုသိုလ် ပယ်နည်းတွေလည်း တော်တော်များများ သိထားပြီဆိုတော့ ဝင်လာတဲ့ အကုသိုလ်ကိုလည်း ကိုယ်နဲ့ အဆင်ပြေမယ့် ပယ်နည်း တစ်ခုခု နဲ့ ပယ်ပစ်ရုံပါပဲ။
     ကဲ….. စာဖတ်သူကော ကိုယ့်ကိုယ်ကို ကြည်ညိုရဲ့လား? မကြည်ညိုဘူးဆိုရင် အသစ်ပြန် တည်ဆောက် လိုက်ပါ။ ဒါဆိုရင် အသစ်ပြန်ဖြစ် သွားပါလိမ့်မယ်။ ဘာပဲဖြစ်နေဖြစ်နေ စာဖတ်သူရယ် “ ငါ တရားအားထုတ်ဖို့ အဓိက”ဆိုတဲ့အတိုင်း တရားသာ အားထုတ် လိုက်ပါတော့။ ဒါကိုတော့ ရင်ထဲက ပြောတာပါ။
ဒါဆိုရင် စာရေးသူသိပ်ကြိုက်တဲ့ စကားလေးနဲ့ပဲ နိဂုံးချုပ်လိုက်ကြပါစို့။
“ဘာပဲဖြစ်နေဖြစ်နေ ငါ တရားအားထုတ်ဖို့ အဓိကပါပဲ ”
ရဝေနွယ်(အင်းမ)   



New Yawainwe

1 comment:

  1. Dear Ahko Dhamma Fri;
    i can't read Sayadaw's article. Burmese words are on top of each other. Please help. Thanks in advance. I will await your reply. U can reach me on FB email for your reply so i will know. I am not good with burmese words on computer. :)
    metta,
    Mimi (M Mimi Lei)

    ReplyDelete