Sunday, August 14, 2011

တန်ဖိုးဖြတ်မရတဲ့ ကျေးဇူးတရားများအတွက်...


ဒီည အင်တာနက်ဖွင့်ပြီး သတင်းဖတ်လိုက်ချိန် မျှော်လင့်မထားခဲ့တဲ့ သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရတော့ စိတ်ထဲနင့်ကနဲ ဖြစ်သွားပါတယ်။ ဆရာနန္ဒာသိန်းဇံ ကွယ်လွန်ပြီတဲ့။

ဆရာ့ကို ကျွန်တော် အပြင်မှာ တစ်ခါမှ မမြင်ဖူးပါဘူး။ ဆရာ့စာအုပ်တွေနှင့်ပဲ ရင်းနှီးခဲ့တာပါ။ ဆရာ့ကို တစ်နေ့တော့ တွေ့ဖြစ်လိမ့်မယ်လို့ ကျွန်တော်စိတ်ထဲက (ရည်မှန်း) မျှော်လင့်ထားခဲ့တာပါ။ တွေ့ခဲ့ရင် ဘာတွေပြောမယ်၊ ဘာတွေလုပ်မယ်လို့ စိတ်ကူးထားတာတွေလည်း ရှိပါတယ်။ အခုတော့ ဒါတွေ လုပ်လို့၊ ပြောလို့ မရတော့ဘူးပေါ့လေ။

“ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း” ဆိုတဲ့ စာအုပ်နှင့် ဆရာ့ကို စပြီးသိခဲ့ပါတယ်။ လွန်ခဲ့တဲ့ (၁၆)နှစ်ကျော်ကာလဆီကပါ။ ကျွန်တော် အသက် (၁၉)နှစ်။ တက္ကသိုလ် First Year စတက်တဲ့အချိန်။ နဂိုကတည်းက စာဖတ်ဝါသနာပါခဲ့တာမို့ အဆောင်နေကျောင်းသားဘ၀မှာ ကိုယ်ပိုင်အချိန်တွေရဲ့  ၈၀ ရာခိုင်နှုန်းလောက်က စာဖတ်တာနှင့်ပဲ အချိန်ကုန်ခဲ့ပါတယ်။ အိမ်ကရတဲ့ မုန့်ဖိုးကလည်း စာအုပ်ဝယ်တာနှင့်ပဲကုန်တာ များပါတယ်။ စာအုပ်ဝယ်စုတဲ့ဝါသနာက အဲဒီအချိန်ကတည်းကတောက်လျှောက်ပါလာခဲ့တာ အခုအချိန်အထိပါဘဲ။

ကျွန်တော့်ဘ၀မှာ ငယ်ငယ်လူမှန်းသိတတ်စအရွယ်ကတည်းက လူကြီးမိဘတွေက သွန်သင်ဆုံးမခဲ့ကြလို့သာ ဘာသာတရားနှင့် ထိတွေ့နီးစပ်နေခဲ့ပေမယ့် တကယ်ထဲထဲဝင်ဝင်သိခဲ့တာမျိုးတော့ မဟုတ်ခဲ့ပါဘူး။ မိရိုးဖလာယုံကြည်ကိုးကွယ်မှုလို့ ပြောမယ်ဆို ပြောလို့ရပါတယ်။ ဘုရားစာတွေရွတ်တတ်၊ ပုတီးစိပ်တတ်၊ တရားထိုင်တတ်တယ်လို့ ဆိုပေမယ့် မှန်တာကို ၀န်ခံရရင် မြတ်စွာဘုရားဆိုတဲ့ပုဂ္ဂိုလ်ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးဆိုတာကို သဲသဲကွဲကွဲမသိခဲ့တာအမှန်ပါဘဲ။

တစ်ရက်တော့ ဆရာ့ရဲ့  “ကိုယ်ကျင့်တည်ကြည်ခြင်းနှင့် အဆင့်မြင့်ခရီးစဉ်” ဆိုတဲ့စာအုပ်ကို ဖတ်ဖြစ်ခဲ့ပါတယ်။ အဲဒီစာအုပ်ရဲ့  အခန်းတစ်ခုမှာ ဥပါလိသူကြွယ်နှင့် မြတ်စွာဘုရားရှင်တို့ အမေးအဖြေတွေ လုပ်တာကို ဆရာက အသေးစိတ်ရေးပြထားပါတယ်။ ကျွန်တော့်အဖို့ အဲဒီဝတ္ထုအကြောင်းအရာကို ဆရာ့စာအုပ်မှာ ပထမဆုံးအကြိမ်အဖြစ် ဖတ်ဖူးခြင်းပါ။ တရားအမေးအဖြေတွေလုပ်ပြီးနောက်ဆုံး ဥပါလိသူကြွယ် သောတာပန်တည်သွားတော့ မြတ်စွာဘုရားရှင်ကို တပည့်အဖြစ်အသိအမှတ်ပြုဖို့ လျှောက်တောင်းပန်ပါတယ်။ အဲဒီအခါ မြတ်စွာဘုရားရှင်က လက်မခံပဲ ပြန်စဉ်းစားပါအုံးလို့ သတိပေးတော်မူတာကို ဖတ်လိုက်ရတဲ့အချိန်မှာ ကျွန်တော်တကယ်ကို Shock ဖြစ်သွားခဲ့ရပါတယ်။

အဲဒီစာအုပ်မဖတ်ခင်အချိန်အထိ နားလည်ထားခဲ့တာက မြတ်စွာဘုရားဟာ မိမိသိထားတဲ့တရားကို လူ၊ နတ် သတ္တ၀ါတွေကို သိအောင် ဟောပြတယ်။ ဆုံးမတယ်။ နောက်ဆုံး အဲဒီ လူ၊ နတ်တွေက မြတ်စွာဘုရားရဲ့  Follower တွေ ဖြစ်ကုန်ကြတယ်။ ဒီလိုမျိုးပုံစံနှင့် မြတ်စွာဘုရားက သာသနာပြုတယ်ရယ်လို့ နားလည်ထားခဲ့မိတာပါ။

အခု ဥပါလိသူကြွယ်ဇာတ်လမ်းကို ဖတ်လိုက်ပြီးချိန်မှာတော့ ကျွန်တော့်ရဲ့ ဦးနှောက်ထဲမှာ မြတ်စွာဘုရားနှင့် ပတ်သက်ပြီး စဉ်းစားစရာတွေ အများကြီး ၀င်သွားပါတော့တယ်။ မြတ်စွာဘုရားရှင်ဟာ ဘယ်လိုမျိုးပုဂ္ဂိုလ်လဲ။ လူတစ်ယောက်က သူ့တပည့်လုပ်ပါမယ်လို့ ပြောနေတာကိုတောင် လက်မခံပဲ စဉ်းစားပါအုံး၊ ချင့်ချင့်ချိန်ချိန်လုပ်ပါလို့ ပြန်ပြောတာဟာ ဘယ်လိုမျိုး စိတ်ထားတော်လဲ။ တခြားဘာသာတွေမှာ ဒီလိုမျိုး ဘာသာရေးခေါင်းဆောင်တစ်ယောက်က သူ့နောက်လိုက်လုပ်ပါရစေလို့ ပြောလာတဲ့သူကို ငြင်းတာမျိုး မရှိခဲ့ပါဘူး။ ပြောလာရင် လက်ခံကြတာချည်းဘဲ။ ဒါဆို မြတ်စွာဘုရားက ဘာရည်ရွယ်ချက်နှင့် တရားတွေဟောခဲ့တာလဲ။ မြတ်စွာဘုရားရဲ့  သတ္တ၀ါတွေအပေါ် ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်က ဘာလဲ။ စသည်ဖြင့် မေးခွန်းတွေ အများကြီး ခေါင်းထဲမှာ တန်းစီဝင်လာပါတော့တယ်။

အဲဒီအချိန်ကစပြီး မြတ်စွာဘုရားရှင်ရဲ့ အကြောင်းကို ထဲထဲဝင်ဝင်စပြီးလေ့လာဖြစ်ခဲ့ပါတယ်။ လက်လှမ်းမီသလောက် ဉာဏ်မီသလောက် ဘာသာရေးစာအုပ်တွေရှာဖွေဖတ်ဖြစ်ခဲ့ပါတယ်။ တစ်စတစ်စ မြတ်စွာဘုရားရှင်ရဲ့  စိတ်ထားတော်တွေကို ပိုပိုနားလည်လာခဲ့သလို အဆုံးအမတော်တွေအပေါ်မှာလည်း ပိုလို့ ကြည်ညိုသဒ္ဓါတရားတွေတိုးလာခဲ့ရပါတယ်။ မြတ်စွာဘုရားအဆုံးအမတွေကိုသိရရင် ဘာလို့ အဲဒီလိုဆုံးမရတယ်ဆိုတာကိုပါ သိရအောင်လုပ်ဖြစ်ခဲ့ပါတယ်။ နောက် မြတ်စွာဘုရားကို တကယ်ကြည်ညိုတဲ့စိတ်နှင့် အဆုံးအမတွေကို ကိုယ်တတ်နိုင်သလောက် ကြိုးစားပြီးလိုက်လုပ်ခဲ့မိပါတော့တယ်။ ပြောရရင် မြတ်စွာဘုရားကို ချစ်တဲ့စိတ်၊ လေးစားတဲ့စိတ်၊ ကြည်ညိုတဲ့စိတ်က ဆရာ့စာအုပ်ဖတ်ပြီးနောက်ပိုင်းမှ စပြီးဖြစ်ခဲ့တာလို့ ပြောရင်ရပါတယ်။ မိရိုးဖလာဗုဒ္ဓဘာသာဝင်အဖြစ်ကနေ မိမိသဒ္ဓါတရားအလျှောက် ယုံကြည်ကိုးကွယ်လက်ခံသူအဖြစ်ကို ပြောင်းလဲပေးနိုင်လိုက်ပါတယ်။

အဲဒီ အသက် (၁၉) နှစ်အရွယ်ကစခဲ့တဲ့ ဘာသာရေးအသိဟာ အခုအချိန်အထိ တောက်လျှောက်လိုက်ပါလာခဲ့ပါတယ်။ အကြောင်းတိုက်ဆိုင်လို့ ဥပါလိသူကြွယ်နှင့် မြတ်စွာဘုရားရှင်တို့ စကားစစ်ထိုးတဲ့အကြောင်းကို တရားစာပေတွေမှာ ပြန်ဖတ်ရတိုင်း စိတ်ထဲမှာ အဲဒီ အသက်(၁၉)နှစ်တုန်းက ဖြစ်ခဲ့တဲ့ မြတ်စွာဘုရားရှင်ရဲ့ စိတ်ဓာတ်တော်အပေါ် အံ့သြကြည်ညိုတဲ့စိတ်တွေ ပြန်ပြီးခံစားရသလို ဆရာ့ကိုလည်း အမြဲသတိရကျေးဇူးတင်မိပါတယ်။ ဥပါလိသူကြွယ်ဝတ္ထုဟာ ကျွန်တော့်ကို ဘ၀ပြောင်းပေးခဲ့တာပါ။

တစ်ချိန်ချိန်တော့ ဆရာ့ကို အဲဒီအကြောင်းလေးပြောပြပြီး ကျေးဇူးတင်စွာနှင့် ရှိခိုးဂါရ၀ပြုမယ်လို့ စိတ်ကူးထားခဲ့တာပါ။ အခုတော့လည်း အပြင်မှာ မလုပ်နိုင်တော့ဘူးဖြစ်သွားပါပြီ။ ဘာပဲဖြစ်ဖြစ် ဆရာ့ကျေးဇူးတရားကိုတော့ ကျွန်တော်သေတဲ့အထိအမှတ်ရနေမှာပါ။ ဆရာ့ရဲ့ စာပေကျေးဇူးဟာ လူတစ်ယောက်အတွက် သံသရာချည်ပြီး ကောင်းကျိုးဖြစ်ထွန်းစေခဲ့ပါတယ်။ ဆရာရေ...ကျေးဇူးအထူးတင်ပါတယ်။ ဆရာတစ်ယောက် ကောင်းရာသုဂတိလားမယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။ သွားနှင့်ပါဆရာရေ...။

လေးစားစွာဖြင့်

ဝိမုတ္တိသုခ

၁၄၊ ၀၈၊ ၂၀၁၁။

No comments:

Post a Comment