Friday, August 12, 2011

အမျိုးတွေဖတ်ဖို့ရေးတဲ့ အမျိုးတွေအကြောင်း




ဂျပန်မှာ ဒီရက်ပိုင်းက နွေရာသီရုံးပိတ်ရက်ရှည်ပါ။ နောက် ဒီရက်တွေထဲမှာပဲ သူတို့ လူမျိုးတွေဟာ သေဆုံးသွားကြပြီဖြစ်တဲ့ သူတို့ အမျိုးအဆွေတွေနှင့်ပတ်သက်တဲ့ ပွဲတော်လည်း ကျင်းပကြပါတယ်။

ဒီနေ့ညနေတော့ မရောက်တာအတော်ကြာပြီဖြစ်တဲ့ တိုကျိုဒိုင်းဘုဆုဆင်းတုတော်ကို သွားဖူးဖြစ်ခဲ့ပါတယ်။ မနေ့ကတော့ ကာမာကူရဘုရားသွားဖူးလိုက်ပါသေးတယ်။ တိုကျိုဒိုင်းဘုဆုဘုရားဆီရောက်တော့ ဘုရားဝန်းပိတ်ချိန်နီးနေပြီမို့ အချိန်သိပ်မရပဲ မြန်မြန်ဖူးပြီး ပြန်ထွက်ပေးခဲ့ရပါတယ်။ အချိန်ရရင်တော့ အဲဒီဘုရားပုရ၀ုဏ်အတွင်းက ရေကန်ထဲကငါးတွေကို အစာစိမ်ပြေနပြေကျွေးမလို့ စိတ်ကူးထားတာ အခုတော့ မကျွေးနိုင်တော့ဘူးဖြစ်သွားပါတယ်။

ဘုရားကထွက်လာပြီးအနားမှာ သစ်တောပန်းခြံတစ်ခုတွေ့တာနှင့် ၀င်ကြည့်ခဲ့ပါသေးတယ်။ အရင်က ဒီပန်းခြံက မဖွင့်သေးတာလားမသိ။ သတိမထားမိပါဘူး။ အခုမှ သတိထားမိတာပါ။ အထဲလျှောက်သွားရင်း ရန်ကုန်က ကန်တော်ကြီးပန်းခြံတောင်သတိရမိပါတယ်။ မရောက်ဖြစ်တော့တာ အတော်ကြာသွားခဲ့ပြီပဲ....။ အခုပန်းခြံကတော့ သစ်ပင်ကြီးတွေတော်တော်များများကို အဓိကစိုက်ထားပြီး တခြားပျိုးပင်အသေးလေးတွေကိုလည်း စနစ်တကျစိုက်ထားတာတွေ့ခဲ့ရပါတယ်။ ကျွန်တော်သဘောကျတာကတော့ ပန်းခြံထဲစ၀င်လိုက်ကတည်းက ကြားရတဲ့ ပုရစ်အော်သံပါဘဲ။ ဒီအသံနှင့် ဝေးနေတာ အတော်ကြာပြီမို့ တော်တော်နားဝင်ပီယံရှိတယ်လို့ ခံစားမိပါတယ်။ သစ်တောလေးက ကုန်းမြင့်တစ်ခုကို ၀ိုင်းရံပြီး ဖွဲ့စည်းတည်ဆောက်ထားတာမို့ တကယ် တောတောင်ထဲ ရောက်သွားတဲ့ ခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။


အဲဒီသစ်တောလေးထဲက ပြန်ထွက်လာတော့ ကျွန်တော်အာရုံကျသွားမိတာက လှမ်းတွေ့လိုက်ရတဲ့ အနားကသင်္ချိုင်းပါဘဲ။ ဒီဘုရားပုရ၀ုဏ်ပတ်ချာလည်မှာ သင်္ချိုင်းတွေတော်တော်များပါတယ်။ ဘုရားဝန်းနှင့်ကပ်နေတဲ့နေရာမှာရှိတာက သင်္ချိုင်းအဟောင်းပါ။ အခုကျွန်တော်တွေ့တာကတော့ မနှစ်ကမှ စလုပ်ထားတဲ့ အသစ်ပါ။ တောင်ကုန်းလေးပေါ်မှာ အဆင့်ဆင့်လုပ်ထားပြီး စနစ်ကျသေသပ်ပါတယ်။

ပြောရရင် လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကာလ ကျွန်တော့်မိခင်ဆုံးသွားပြီးနောက်ပိုင်းကစလို့ ကျွန်တော်နှင့် သင်္ချိုင်းနှင့်က အတော်လေးရင်းနှီးလာခဲ့ပါတယ်။ မိခင်ဆုံးတာကို အကြောင်းပြုပြီး အရင်က အရောက်အပေါက်နဲခဲ့တဲ့ သင်္ချီုင်းဆိုတဲ့နေရာကို ခဏခဏရောက်ဖြစ်ခဲ့သလို ကျွန်တော်ရဲ့  စိတ်ဝင်စားမှုကလည်း တဖြည်းဖြည်းကြီးလာခဲ့တယ်လို့ ပြောလို့ရပါတယ်။ နောက်ပိုင်းတော့ ဘယ်နေရာရောက်ရောက် သင်္ချိုင်းမြင်လို့ ၀င်ကြည့်ဖို့အချိန်ရရင် မဖြစ်မနေ၀င်ကြည့်တတ်သလို၊ တခါတလေ တမင်တကာကို ရောက်အောင်သွားကြည့်တတ်ပါတယ်။

အခု ကျွန်တော်ရောက်နေတဲ့မြို့ မှာ ဘုရားရယ်၊ ဘုန်းကြီးကျောင်းရယ်၊ သင်္ချိုင်းမြေရယ်က တွဲပြီးတွေ့ရလေ့ရှိတတ်ပါတယ်။ ဒီတော့လည်း ကျွန်တော့်အဖို့ ဘုရားဖူးရင်း သင်္ချီုင်းတွေထဲ လျှောက်ကြည့်ဖြစ်တာများပါတယ်။ ကျွန်တော်နှင့် ဒီကသင်္ချီုင်းတွေအကြောင်း ပို့စ်ရေးဖူးတာရှိပါတယ်။ ဒီနေရာလေးမှာ သွားဖတ်ကြည့်ကြပါလို့။ (http://www.vimuttisukha.com/2009/09/blog-post_13.html)

မနှစ်က ကျေးဇူးတော်ရှင် ဗန်းမော်ဆရာတော်ဘုရားကြီး ဂျပန်ကိုကြွလာတော့ ကျွန်တော် ဆရာတော်ကြီးကို ထပ်လျှောက်ပြီး အကူအညီတောင်းဖြစ်ပါသေးတယ်။ ဆရာတော်ကြီးကလည်း စိတ်ဝင်တစား ကြည်ကြည်ဖြူဖြူပဲ ကြွရောက်ချီးမြှင့်ပေးတော်မူပါတယ်။ ဆရာတော်ကြီးကလည်း ဒီကိစ္စကို အတော်လေးစိတ်အားထက်သန်တော်မူတာသတိထားမိပါတယ်။ တမလွန်ရောက်နေကြသူများနှင့်ပတ်သက်တဲ့ ပုံပြင်တွေ၊ တကယ့်အဖြစ်အပျက်ဇာတ်လမ်းတွေကို အများကြီး ပြောပြပေးတော်မူပါတယ်။ လယ်တီဆရာတော်ဘုရားကြီးကိုယ်တိုင် လုပ်ခဲ့တဲ့အကြောင်းတွေလည်း ပြောပြခဲ့ပါတယ်။


ဆရာတော်ကြီးက “ငါလည်း အလှူပါမယ်” ဆိုပြီး ကုန်ကျစရိတ်မှာ မျှဝင်ကျခံတော်မူခဲ့ပါတယ်။ မေတ္တာပို့အမျှဝေသွားမယ့်နေ့မှာ ဆရာတော်ကြီးနှင့်သံဃာတော်တွေကို ကွယ်လွန်သူများအတွက်ရည်မှန်းပြီး လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ ဆရာတော်ကြီးက အစားအစာပါကျွေးချင်တယ်လို့ မိန့်တော်မူတာနှင့် အဲဒီသွားမယ့်ညနေမှာ ထမင်းနှင့် အမဲဟင်းလျာတွေကို စီစဉ်ချက်ပြုတ်ပြီး သယ်သွားကြပါတယ်။ နောက် သုဿန်ရောက်တော့ ဆရာတော်ကြီးကဦးဆောင်ပြီး မေတ္တာပို့၊ အမျှဝေပြီး ချက်ပြုတ်လာတဲ့ အစားအစာများကို စနစ်တကျ ကျွေးမွေးကြပါတယ်။ ဆရာတော်ကြီးနှင့် အတူတကွလုပ်ဖြစ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတစ်ခုမို့ ဘ၀မှာ တကယ့်အမှတ်တရပါဘဲ။



ဒီနေ့ညနေလည်း ကျွန်တော်သုဿန်အသစ်ထဲဝင်သွားတော့ လူတစ်ချို့  လည်း ရှိနေကြပါတယ်။ အခုရက်တွေက သေဆုံးသူတွေအတွက်ပွဲတော်ရက်ဆိုတော့ အုတ်ဂူသန့်ရှင်းရေးလုပ်ရင်း သူတို့ဓလေ့ထုံးတမ်းအစဉ်အလာတွေအတိုင်း သေသူတွေအတွက် ရည်းမှန်းလုပ်နေကြတဲ့ မိသားစုဝင်တွေပါ။ ကျွန်တော်လည်း အထဲရောက်တာနှင့် လုပ်နေကြအတိုင်း ကိုယ်မမြင်ရတဲ့ပုဂ္ဂိုလ်တွေဆီ စိတ်ညွှတ်ရင်း အားလုံးကို သံသရာကဆွေမျိုးတွေအဖြစ် အာရုံပြုရင်း ရတနာသုံးပါးဂုဏ်တော်များနှင့် မေတ္တာသုတ်တော်တို့ကို အထပ်ထပ်ရွတ်ဆိုရင်း ကျွန်တော် ပြုလုပ်ဖူးခဲ့တဲ့ ကောင်းမှုကုသိုလ်အစုစုတို့ကို သူတို့အားလုံးအတွက် အမျှပေးဝေဖြစ်ခဲ့ပါတယ်။ စိတ်ထဲမှာ ကိုယ့်ရဲ့  ချစ်ခင်ရတဲ့ဆွေမျိုးသားချင်းတွေ၊ မိတ်ဆွေတွေကို သူတို့ နိမ့်ပါးနေချိန် ကိုယ်တတ်နိုင်သလောက် မေတ္တာတွေပေးလိုက်ရတယ်။ စောင့်ရှောက်လိုက်ရတယ်။ အကူအညီပေးလိုက်ရတယ်လို့ ခံစားလိုက်ရပါတယ်။ စိတ်ထဲမှာ ကြည်နူးဝမ်းသာစိတ်တွေ ဖြစ်ခဲ့ရပါတယ်။

တကယ်တော့ သံသရာမှာ မတော်ဖူးတဲ့ ဆွေမျိုးရယ်လို့မှ မရှိမှ မရှိတာဘဲနော်။ ကျွန်တော်တို့ အားလုံးဟာ စပ်ကြည့်ရင် အကုန် အမျိုးတွေချည်းဖြစ်နေမှာပါဘဲလေ။

No comments:

Post a Comment