Monday, August 1, 2011

မွေးနေ့ သံဝေဂမှတ်တိုင်



( ဘ၀သံသရာ … ရှည်လျား ထွေပြား မနေမနား တသွားတည်းသွားကြတာ ….

ခရီးပန်းတိုင် မရောက်မချင်း တစ်ယောက်ဆင်း တစ်ယောက်တက် ဆက်လက် ထွက်ခွာလာ …

လောဘရယ် ဒေါသရယ် မောဟရယ် . အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ တဲ့ …. ပျော်လိုက် ရွှင်လိုက် ငိုကာ ရယ်ကာ .. ဘယ်ဟာမတည်မြဲ ဖောက်လွဲ ဖောက်ပြန် အကြောင်းကံ ကမ္မဿကာ ..

တွေ့ .. ကြုံ..ဆုံ.. ကွဲ… ခရီးခဲ … ၀မ်းနည်း ၀မ်းသာ… ၀ိပလ္လာ ..

ဖြစ်ချင်တာလဲ မဖြစ်ရပါ၊ မဖြစ်ချင်ပါလဲ ဖြစ်ရမှာ . အော် … ဖြစ်ချင်တာတွေလဲ မဖြစ်ရပါ မဖြစ်ချင်တာတွေလဲ ဖြစ်ရမှာ … သုံးဆယ့်တစ်ဘုံ ၀ဋ်အတွင်းက ကရွတ် ကင်း လျောက်တဲ့ .. တေဘုမ္မာ .. အဲဒါ အဲဒါ အဲဒါ .. ဘ၀သံသရာ …. )

မသိတတ်သေးခင် ကလေးဘ၀ကတည်းက နားယဉ်နေခဲ့တဲ့ ဘ၀သံသရာ ဆိုတဲ့ သီချင်းစာသားလေးကို ကိုဝိမုတ္တိအတွက် မွေးနေ့အမှတ်တရ ဆောင်းပါးအဖြစ် ရေးဖို့ ရည်ရွယ်လိုက်ပါတယ်၊ ငယ်ငယ်က ခဏတိုင်း ကြားဖူးပေမယ့် ကျွဲပါး စောင်းတီး ဆိုတာလို ဖြစ်နေခဲ့တယ်၊

အခုချိန်မှာတော့ သေချာနားထောင်လေ ပိုလေးနက်ပြီး လူတွေရဲ့သဘော၊ လောကကြီးရဲ့သဘော၊ လောက ဓံတွေရဲ့ သဘော၊ တရားသဘောတွေ အားလုံးပါဝင်နေတာ သတိထားမိတယ်၊ မွေးနေ့ကို ရောက်တိုင်း ရောက် တိုင်း Non profits ဆိုတဲ့ သုံးခြင်း ဖြုံးခြင်းကို လုပ်မလား .. ဒါမှမဟုတ် ကိုယ့်အတွက် အကျိုးရှိတာ တစ်ခုခုကို ရအောင် သဒ္ဓါစွမ်းအား ၀ီရိယစွမ်းအားတွေထည့်ပြီး tranquility (stability) ဆိုတဲ့ ငြိမ်းချမ်းမှုတွေ ယူမလား … ဆိုတာကို စေတနာစကားနဲ့ မေးလိုက်ချင်ပါတယ်။

မွေးနေ့ဆိုတာ ယူတတ်သူတွေအတွက်တော့ သံဝေဂရစေဖို့ သတိပေးတတ်တဲ့ မှတ်တိုင် reminding point လို့ ဆိုရပါမယ်၊ လူအားလုံးဟာ ဘတ်စ်ကားစီးနေချိန် ကိုယ်ဆင်းမယ့် မှတ်တိုင်မရောက်ခင်မှာ သတိလက် လွတ် စိတ်ကြိုက်နေနိုင်ပေမယ့် မှတ်တိုင် ရောက်ခါနီးရင် တော့ သတိနဲ့ စောင့်နေရပါတယ်၊ မှတ်တိုင်ဝေးသေး ရင်ဖြစ်စေ မှတ်တိုင်ကို ကျော်လွန်သွားရင်ဖြစ်စေ လူ့စိတ်က အမှုမဲ့ အမှတ်မဲ့နေ တတ်ပြန်ရော၊ ဆိုတော့ မှတ်တိုင် ဆိုတာ လူသားရဲ့ သတိကို နှိုးဆွပေးတဲ့ နေရာတစ်ခုလို့ ဆိုနိုင်တာပေါ့။

အဲဒီလိုပဲ လူ့ဘ၀ရောက်လာခိုက် နှစ်ပေါင်းများစွာရှိတဲ့အထဲက ( ပိုပိုသာသာလေးတွက်ပါမှ အလွန်ဆုံး နှစ် ပေါင်း ၉၀ ပေါ့လေ ) တနှစ်ပြီး တနှစ် မွေးနေ့တွေ ဖြတ်သန်းလာကြတာ တခါတလေလဲ အမှတ်တမဲ့ ပြီးဆုံးသွား ကြတာကို ကိုယ်တိုင် ကြုံဖူးပါရဲ့၊ တခါတလေလဲ အော် … ငါ တစ်နှစ်အသက်ကြီး သွားပြန်ပါ ပကော .. လို့ သတိ သံဝေဂစိတ်ကလေး ဖြစ်မိပြန်တယ်၊

ဒါပေမယ့် ပုထုဇဉ်တို့ရဲ့ သဘာဝအတိုင်း မွေးနေ့မရောက်ခင် အသိ သတိလေး ရှိနေတတ်ပေမယ့် မွေးနေ့လဲ ပြီးဆုံးသွားရော အမှုမဲ့ အမှတ်မဲ့ မေ့လျော့ကာ ပျော်နေ မေ့နေကြပြန်ရော … တကယ်တော့ လူ့ဘ၀ကို ရောက်လာခိုက်လေးမှာ နှစ်တိုင်းနှစ်တိုင်း မွေးနေ့တွေ ရောက်လာချိန်မှာ ကိုယ့်ကိုယ်ကို စစ်ဆေး သင့်ကြပါတယ်၊

ငါ့မှာ ဒီတနှစ်အတွက် အကုသိုလ်တွေ များခဲ့သလား ၊ ဒါမှမဟုတ် ကောင်းမှုတွေ များများလုပ်ခဲ့မိသလား ” လို့ စစ်မေးပြီး ချိန်ခွင်လျှာလို balance ဖြစ်နေအောင် ကုသိုလ် နဲ့ အကုသိုလ်ကံများကို ချိန်ထိုးကြည့်သင့်ပါတယ်၊ တကယ်လို့ အကုသိုလ်တွေ များနေခဲ့ရင်တော့ ချိန်ခွင်လျှာက တဖက်စောင်းနင်း ဖြစ်နေမှာပါ၊ အဲဒါဆိုရင် တော့ မကောင်းကျိုးတွေလဲ ဆက်လိုက်လာတော့မှာ သေချာပြီပေါ့။

တကယ်ဆိုရင် မွေးနေ့မှ မဟုတ်ပဲ နေ့စဉ်နေ့တိုင်း ချင့်ချိန်ကြည့်ုသင့်တာပါ၊ ရေများ ရေနိုင်၊ မီးများ မီးနိုင် ဆိုတာလို ကုသိုလ်တွေ များနေရင် လုပ်သမျှ အဆင်ပြေ ချောမွေ့ကာ စိတ်ချမ်းသာပြီး အကုသိုလ် များနေလျင်တော့ ကံနိမ့်နေပြီမို့ လုပ်သမျှ အရာမထင်ပဲ မအောင်မမြင် ဖြစ်တတ်တာ ကံရဲ့ သဘောတရားပါပဲ။

ဒါကြောင့် ဘ၀ ဆိုတာကြီးကို ဘတ်စ်ကားစီးရသလို ဥပမာပေးပြီး ကိုယ်သွားမယ့် မှတ်တိုင် မရောက်မချင်း ဆင်းသူက ဆင်းလိုက်၊ တက်သူက တက်လိုက်နဲ့ ကားကတော့ ဆက်လက် ထွက်ခွာလာရသလို သံသရာထဲမှာလဲ ကိုယ့်က လူ့ဘ၀ကိုရောက်လာလိုက်၊ သူများက သေသွားလိုက်၊ ကိုယ်က သေသွားလိုက်၊ သူများက ရောက်လာလိုက်နဲ့ ကိုယ်လိုရာ နိဗ္ဗာန်ပန်းတိုင် ကို မရောက်မချင်း ဘ၀ပေါင်းများစွာ ဖြစ်နေကြရတာ သတိထားမိဖို့ကောင်းပါတယ်။

ဥပမာအားဖြင့် မြက်ကရွတ်ခွေ ပေါ် လျောက်ပတ်ပြေးနေတဲ့ ကင်းသတ္တ၀ါလို ဘယ်တော့မှ မဆုံးနိုင်ပဲ ၀ိုင်းကြီးပတ်လည် ဖြစ်နေတော့တယ်။ ဒီကြားထဲမှာ ပျော်လိုက် ပါးလိုက်၊ ငိုလိုက် ရယ်လိုက်နဲ့ ၀မ်းနည်းလိုက် ၀မ်းသာလိုက် ခံစားကြပြန်တယ်၊ တွေ့ ကြုံ ဆုံ ကွဲ ဖြစ်မြဲဓမ္မတာ ဆိုတာတွေနဲ့ suffering ဒုက္ခလက္ခဏာ ကိုဖော်ပြနေတယ်၊ ဒါတွေကလည်း အမြဲရှိနေတာမဟုတ်တဲ့ impermanence သဘောပါတဲ့။ သီချင်းဆို ပေမယ့် လက္ခဏာရေးသုံးပါးလုံးကို ရအောင် ပုံဖော်သွားတာ ချီးကျူးစရာပါ။

အော် … ဖြစ်ချင်တာတွေလဲ မဖြစ်ရပါ၊ မဖြစ်ချင်တာတွေလဲ ဖြစ်ရတာ . ဆိုတာကတော့ လူတိုင်းကြိုက်တဲ့ စာသားလို့ ထင်ပါရဲ့၊ ဒီနေရာကတော့ Non self အနတ္တ သဘောကို ဖော်ပြတာပေါ့။

ဘယ်ဟာ မတည်မြဲ ဖောက်လွဲ ဖောက်ပြန် အကြောင်းကံ ကမ္မဿကာ .. ဆိုပြီး အနတ္တနဲ့ ပို့ပေးလိုက်ပြန်တော့ သူ့ထက်ပြည့်စုံတာတောင် သူ့လောက် မပြည့်စုံနိုင်ဘူး လို့ တင်စားရမလိုပင်။ ဒီလို ဓမ္မသဘောလေးတွေ ပါတဲ့ သီချင်းမျိုးကို မြတ်ဘုရားကလဲ ကျောင်းအမ ၀ိသာခါကြီးရဲ့ ပုဗ္ဗာရုံကျောင်းရေစက်ချပွဲကြီးမှာ ကျောင်းအမကြီး ပျော်လွန်းလို့ သီချင်းဆို ကနေတာကို နားလည်ခွင့်ပြုတော်မူခဲ့တာ အံ့သြစရာပဲ။

အခုလည်း မွေးနေ့ဆိုတဲ့ ဘ၀ရဲ့ မှတ်တိုင်တစ်ခုမှာ ရောက်နေတုန်း အပေါင်းလက္ခဏာ ပြစေဖို့ သတိသံဝေဂ ရစေဖို့ ဘ၀သံသရာ သီချင်းကို တိုင်တည်ပြီး သတိပေးနှိုးဆော်လိုက်တယ်၊ မွေးနေ့မှတ်တိုင်လေးကို ကျော်သွားရင်တော့ ဘ၀ဘတ်စ်ကားကြီးက မြေ ရေ လေ မီးဆိုတဲ့ four elements ဓာတ်ကြီးတွေ မကုန်သေး သမျှ ကမ္မဇရုပ်( အတိတ်ကံကြောင့် ဖြစ်တဲ့ရုပ် ) စိတ္တဇရုပ် ( စိတ်ကြောင့်ဖြစ်တဲ့ရုပ် ) ဥတုဇရုပ် ( ရာသီဥတု ကြောင့်ဖြစ်တဲ့ရုပ် ) အာဟာရဇရုပ် ( စားလိုက်တဲ့ အစာအာဟာရကြောင့်ဖြစ်ပေါ်လာတဲ့ရုပ် ) တွေ မချုပ်ငြိမ်း သေးသမျှ သွားပေတော့ ခံပေတော့ run ပေတော့။ ၃၁ ဘုံမှာ ဆက်လက်မောင်းနှင်ကြရအုံးမယ်ပေါ့

အဲဒီလိုလဲ မှတ်တိုင်ကျော်လာရော စာရေးသူ အပါအ၀င် လူအားလုံးလဲ မေ့မေ့လျော့လျော့နဲ့ အိပ်သူက အိပ်၊ ပျော်သူက ပျော်၊ အော်သူက အော်၊ ငိုသူက ငို၊ ဆွေးသူက ဆွေး၊ ရမ်းသူက ရမ်း ကြမ်းသူက ကြမ်းနဲ့ ကားပေါ်မှာ ဖြစ်ချင်တိုင်း ဖြစ်ကြအုံးမှာ မြေကြီးလက်ခတ် မလွဲပါပဲ …. ဘာဖြစ်လို့လဲ ဆိုတော့ အားလုံးက ဘ၀သံသရာ ခရီးသည်တွေပဲ မဟုတ်လား … သတိသံဝေဂလေးရလိုက်၊ မေ့မေ့လျော့လျော့ နေလိုက်နဲ့ ဘ၀တွေ ကုန်ဆုံး အသက်တွေ တစ်နှစ်ပြီး တစ်နှစ်ကြီးပြီး အချိန်တန်လို့ ဖြစ်စေ အချိန်မတန်သေးပဲ ( ဥပစ္ဆေဒကကံတစ်ခုခုကြောင့် ) ဖြစ်စေ လူ့ဘ၀က ထွက်ခွာသွားကြရတာဟာ natural law သဘာဝတရား တစ်ခုလို ဖြစ်နေပါပြီ၊

မှတ်တိုင်ပဲ ရောက်ရောက် ၊ မှတ်တိုင်ပဲ ကျော်ကျော် သတိလေးကိုယ်စီထားပြီး ဘ၀ကို ငြိမ်းချမ်းစွာ လျောက်လှမ်း နိုင်ပါမှ နောင်ရေးစိတ်အေးရမယ် လို့ ဆိုထားသကိုး။

31.July .2011 တွင် ကျရောက်သော မွေးနေ့ရှင် ကိုဝိမုတ္တိသုခအတွက် ရည်ရွယ်ပါတယ်၊ ဖတ်ဖူးတဲ့ အနောက်နိုင်ငံက ဗေဒင်ဆရာတစ်ယောက်ရဲ့ စာအုပ်လေးထဲမှာ သူ့ဘ၀တလျောက်လုံး မြန်မာလူမျိုးတွေကို ဗေဒင်တွက် ပေးရတာ ဦးနှောက်ခြောက်တယ်၊ မှန်နိုင်ခဲတယ်လို့ ညည်းတွားပါသတဲ့၊ ဘာဖြစ်လို့လဲ ဆိုတော့ တိုးတက်တဲ့ နိင်ငံတွေမှာ လူတစ်ယောက်ရဲ့ မွေးသက္ကရာဇ်ကို အမှန်အတိုင်းပြောကြ ရေးကြပြီး ဘာမှ ဖုံးကွယ်မထားဘူးဆိုပဲ၊

မြန်မာနိုင်ငံမှာတော့ ကျင်းပလိုက်ကြတဲ့ မွေးနေ့ပွဲ ဧည့်ခံပွဲတွေ၊ ပွဲသာ ပြီးသွားတယ်၊ မွေးနေ့ရှင်ကို အသက်ဘယ်လောက်ဆိုတာ ဘယ်သူမှ မသိလိုက်ရပါဘူးတဲ့၊ သတိထားစရာကောင်းတဲ့ ဘ၀ကိုတွယ်တာနေ သေးတဲ့ ဘ၀နိကန္တိက တဏှာ အသေးစားလေးတွေပေါ့။ အခုလဲ မွေးနေ့ရှင်က ( ၃၅ )နှစ်ဆိုတော့ ပုလဲရတုကို ကျော်လာတာ ကြာခဲ့ပါပြီကော ….

အချုပ်အနေနဲ့ inner peace ရှိနေသူ လူတစ်ယောက်အတွက် လောကဓံဆိုတဲ့ external flame တွေကို ပူပန်နေ စရာမလိုပဲ အလွယ်တကူ ကျော်လွှားနိုင်လိမ့်မည် ဟု ယုံကြည် အားပေးရင်း …

မေတ္တာဖြင့် …

အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )

http://www.dhammayaungchi.com/

Date . 30. July. 2011

No comments:

Post a Comment