Wednesday, July 20, 2011

Daruma၊ ဓမ္မနှင့် ပစ်တိုင်းထောင် အတွေးများ


ဒီတစ်ခေါက် အမမွေးနေ့ကိုတော့ ဓမ္မနှင့်စပ်ဆက်ပြီး တွေးမိတွေးရာလေးတွေ အမှတ်တရ လက်ဆောင်ရေးပေးလိုက်ပါတယ်ဗျာ။

တစ်နေ့က ကျွန်တော့်ရဲ့  Personal မေးလ်အကောင့်ရဲ့  Gtalk Message က စာတန်းကို ဖတ်ပြီး တူမလုပ်တဲ့သူကမေးပါတယ်။ ဦးဦး....ဘာအဓိပ္ပါယ်လဲ ဆိုပြီးတော့။ Message က 七転び八起き” လို့ ရေးထားတာပါ။ အသံထွက်က Nana Korobi Ya Oki” လို့ အသံထွက်ပါတယ်။ အဓိပ္ပါယ်က “ခုနှစ်ကြိမ်လဲရင် ရှစ်ကြိမ်ထမယ်” လို့ အဓိပ္ပါယ်ရပါတယ်။ ဂျပန်လူမျိုးတွေသုံးတတ်ကြတဲ့ ဆောင်ပုဒ်လေးတစ်ခုပေါ့။ သူတို့တွေ ဒီဆောင်ပုဒ်လေးနှင့် ဆင်းရဲပြီး သယံဇာတမရှိတဲ့ တိုင်းပြည်အဆင့်ကနေ အခုလို ကမ္ဘာ့အဆင့်မီတိုင်းပြည်ဖြစ်အောင် ကြိုးစားထူထောင်လာနိုင်ခဲ့ကြတာ။ တူမလုပ်တဲ့သူကို အဲဒီဆောင်ပုဒ်နှင့်ပတ်သက်ပြီး နည်းနည်းလေး သူနားလည်အောင် ရှင်းပြဖြစ်လိုက်ပါတယ်။

တလောက မိတ်ဆွေဂျပန်ဆရာမနှင့် စကားပြောဖြစ်တော့ ဂျပန်လူမျိုးတွေရဲ့  ယုံကြည်မှုတွေထဲက တစ်ခုဖြစ်တဲ့ အရုပ်တစ်ခုအကြောင်း ဆွေးနွေးဖြစ်ကြတယ်။ အဲဒီအရုပ်ကို ဂျပန်လို “Daruma” လို့ခေါ်ပါတယ်။ စကားလုံးအရင်းအမြစ်ကို လိုက်ရင်တော့ အိန္ဒိယကနေ မွေးစားထားတဲ့စကားလုံးဖြစ်နေပြီး မူရင်းစာလုံးက မြန်မာလိုအသံထွက်ရမယ်ဆို “ဓမ္မ” ပါတဲ့။ (http://en.wikipedia.org/wiki/Daruma_doll) ဘယ်လိုအရုပ်များလဲလို့ ကြည့်လိုက်တော့ မြန်မာပြည်က ပစ်တိုင်းထောင် အရုပ်လိုမျိုးဖြစ်နေတာ သွားတွေ့ပါတယ်။ ဘယ်လို ပစ်ပစ် ပြန်ပြန်ထောင်တယ်။ သူတို့လူမျိုးတွေကတော့ ဒီအရုပ်ကို အလုပ်တစ်ခုမလုပ်မီမှာဝယ်တတ်ကြပါတယ်။ ဆိုင်က ၀ယ်ဝယ်လာချင်း အရုပ်မှာ မျက်လုံးတွေပါမလာဘဲ မျက်လုံးနေရာက အဖြူရောင်အဖြစ် လွတ်နေပါတယ်။ အဲဒီလွတ်နေတဲ့ မျက်လုံးတစ်လုံးကို ၀ယ်လာတဲ့သူက အနက်ရောင်နှင့် သူ့ဖာသာသူ ဆွဲခြယ်ရပါတယ်။ ကျန်တဲ့မျက်လုံး တစ်ဘက်ကိုတော့ မိမိရည်ရွယ်ထားတဲ့အလုပ်ပြီးမြောက်တဲ့အချိန်ကျတော့ ထပ်ပြီးဆွဲရပါတယ်တဲ့။ မျက်လုံးတစ်ဘက်မရှိပဲ ဖြူနေတဲ့အရုပ်ကို မြင်တိုင်း မိမိရဲ့ မပြီးပြတ်သေးတဲ့ ရည်မှန်းချက်ပန်းတိုင်းကို သတိရစေတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ နှစ်တော်တော်ကြာကြာတုန်းက ကျွန်တော် တရားအားထုတ်ဖြစ်ခဲ့တဲ့ရိပ်သာတစ်ခုမှာ စစအားထုတ်ချင်းရက်တွေမှာ သမထကို အားထုတ်ရပါတယ်။ ဒီလိုနဲ့  သုံးလေးရက်အားထုတ်လို့ သမာဓိ အတော်အတန်ကောင်းလာတဲ့အချိန်ရောက်တော့ ၀ိပဿနာကို ကူးပေးပါတယ်။ အဲဒီအချိန်မှာ တရားပြတဲ့ဆရာတော်က သြ၀ါဒပေးတာက “အခုအချိန်ကနေစပြီးတော့ ပစ်တိုင်းထောင်လိုမျိုး မိမိကိုယ်ကို သဘောထားရပါမယ်”တဲ့။ “ပစ်တိုင်းထောင်အရုပ်ဟာ ဘယ်လိုပစ်ပစ် ပြန်ပြန်ထောင်လာနိုင်သလို ယောဂီပုဂ္ဂိုလ်ဟာလည်း ဘယ်အာရုံကိုပဲဖြစ်ဖြစ် မငြီးမညူတန်း မလွတ်တမ်းလက်ခံမှတ်ရင်းနှင့် အမြဲစိတ်ကသတိဆက်ပြီး ထောင်မတ်နေနိုင်ရမယ်” လို့ ဆုံးမပါတယ်။ ၀ိပဿနာတရားအားထုတ်နေချိန်အတွင်း ဣရိယာပုဒ်ကို မပြောင်းတော့ဘူးလို့ အချိန်နှင့် သတ်မှတ်ပြီး အဓိဋ္ဌာန်နှင့် ထိုင်လိုက်တော့ အဲဒီအချိန်အတွင်း တွေ့ကြုံလာသမျှ ကိုယ်ကာယ ဒုက္ခတွေကိုလည်း အရှုခံအာရုံတွေအဖြစ်နှင့် သိပေးပြီး သည်းခံရပါတော့တယ်။ ခန္ဓာကို လာတိုက်သမျှ အာရုံတွေကို ကြိုးစားသည်းခံမှတ်ရင်း နှလုံးသွင်းမှန်သွားတဲ့ အချိန်တစ်ချိန်မှာတော့ အာရုံအကောင်းအဆိုး အားလုံးအပေါ် မျှတစွာ လက်ခံနိုင်သွားပါတော့တယ်။ အဲဒီအလေ့အကျင့်ဟာ နောက်ပိုင်း တရားရိပ်သာပြင်ပ လူမှုဘ၀ထဲနေထိုင်သွားလာတဲ့အခါတွေမှာလည်း အသုံးတည့်တာကို တွေ့ခဲ့ရပါတယ်။

ကျွန်တော်တို့ဖြတ်သန်းနေရတဲ့ လူ့ဘ၀မှာ တစ်ခါတလေ ကိုယ်က ကောင်းတာလုပ်နေလည်းပဲ အဆိုးတွေကတော့ ကြုံရတတ်တာပါဘဲ။ ကံနှင့်ကံရဲ့ အကျိုးပေးကို နားမလည်ရင်တော့ အတော်လေး မျက်စိလည်ချင်စရာကောင်းပါတယ်။ ဖန်ဆင်းရှင် တစ်ဦးဦးကပဲ ကိုယ့်ဘ၀ကို စီမံခြယ်လည်နေတယ်လို့ ယုံကြည်သွားလောက်အောင်ကိုပါဘဲ။ ဒါကြောင့်လည်း လောကမှာ လူတွေ ဖန်ဆင်းရှင်ဝါဒကို လက်ခံယုံကြည်နေကြတာ အံ့သြဖို့တော့မရှိပါဘူး။ တခါတလေကျပြန်တော့လည်း အကောင်းတွေက မျှော်လင့်မထားပဲ လိုတာထက်ပိုလို့ တွေ့ကြုံကြရပြန်ပါရော။ အဲဒီအခါမျိုးမှာ ကျွန်တော်တို့တွေဖြစ်တတ်တာက သတိလက်လွတ်နှင့် သာယာတတ်ကြတာပါ။ အဲဒီအချိန်မှာ မာနတွေတက်ပြီး ငါမှငါ ဖြစ်မိတတ်ပြန်ပါတယ်။ တကယ်ကတော့ လောကဓံအဆိုးအကောင်းဆိုတာတွေဟာ ပစ်တိုင်းထောင်ကို ပစ်လှဲဖို့ ကြိုးစားနေတဲ့ တွန်းလှဲချက်တွေဆိုတာကို သဘောပေါက်နားလည်ထားဖို့ လုံလောက်တဲ့ အသိဉာဏ်ခွန်အား ကျွန်တော်တို့မှာ ရှိထားဖို့ လိုပါတယ်။

ဘုရားရှင်နှင့် ရဟန္တာအရှင်မြတ်ကြီးများဟာ ဘယ်လိုပဲ လောကဓံ အကောင်းအဆိုးတွေကြုံတွေ့နေပါစေ မျှတတဲ့နှလုံးသွင်းနှင့်ပဲနေကြတော့တယ်ဆိုတာကို ဟိုးအသက်ငယ်ငယ် စာထဲမှာဖတ်ရတော့ နားသိပ်မလည်ခဲ့ပါဘူး။ တကယ်တမ်း လက်တွေ့နှင့်ယှဉ်လာတော့မှ အရှင်မြတ်ကြီးတွေရဲ့  စိတ်ဓါတ်တော်တွေကို မှန်းဆကြည်ညိုနိုင်လာပါတော့တယ်။ Fight and Flight ဆိုတာ နှစ်ခုလုံးက တကယ်တော့ ကျွန်တော်တို့ အာရုံတွေအပေါ်မှာ သတိမပါ၊ ဉာဏ်မပါပဲ ဗီဇစိတ်တွေနှင့် ပြန်လည်တုံ့ပြန်မှုတွေပါဘဲ။ လောကဓံအထိုးအနှက်ကို အရှုံးပေးလိုက်ရတဲ့သဘောလို့ ပြောလို့ရပါတယ်။ တကယ် အသိဉာဏ်ပါလာပြီဆိုတဲ့အချိန်မှာတော့ အာရုံတွေအပေါ်မှာ React မလုပ်တော့ပဲ Response အဖြစ် ပြောင်းသွားနိုင်ပါတော့တယ်။ လူတွေမှာက ကိုယ်မလိုချင်တဲ့ အာရုံဝင်လာပြီဆိုရင် ငြင်းထုတ်ပစ်လိုက်ဖို့၊ တွန်းဖယ်လိုက်ဖို့ကို အမြဲကြိုးစားချင်နေတာဆိုတော့ အဲဒီအကျင့်ကြီးကို ကြိုးစားဖျောက်ပစ်ပြီး ဘာအာရုံလာလာ ကျေကျေနပ်နပ်လက်ခံမယ် (Accept) လုပ်မယ်၊ ပြီးတော့မှ လိုအပ်ရင် လိုအပ်သလို တုံ့ပြန်မယ် (Response) လုပ်မယ်လို့ စိတ်ကို ပြုပြင်ယူဖို့ လိုပါတယ်။ ဒါဟာ ပစ်တိုင်းထောင် ကျင့်စဉ်ရဲ့ အခြေခံပါဘဲ။

ဂျပန်တွေကတော့ သူတို့ရဲ့ လောကီအကျိုးစီးပွားအတွက် စိတ်ပိုင်းဆိုင်ရာ အားသစ်ဖြစ်စေဖို့ ပစ်တိုင်းထောင်အရုပ်ကို အသုံးချကြပါတယ်။ မြန်မာလူမျိုးတွေအတွက်တော့ ပစ်တိုင်ထောင်အရုပ်ဆိုတာ ကလေးတွေဆော့စရာ၊ လူကြီးတွေ ဧည့်ခန်းထဲ အလှထားစရာ ဖြစ်နေပါတယ်။ ပစ်တိုင်းထောင်အရုပ်လေးမှာ အင်မတန်နက်ရှိုင်းသိမ်မွေ့တဲ့ အဓိပ္ပါယ်တွေ အပြည့်နှင့်ရှိနေတယ်ဆိုတာကို လောကီထွက်မြောက်ကြောင်း ကျင့်ကြံနေသူများ၊ ထွက်မြောက်သွားပြီးသူများကတော့ သိနေလေရဲ့ အမရေ။ ကျွန်တော်ကတော့ ပစ်တိုင်းထောင်အရုပ်လေးကို “ဓမ္မ” လို့ အမည်ပေးထားတာကို အတော်လေး သဘောကျမိပါရဲ့ ။

အမရဲ့  ရွှေရတုအကြိုမွေးနေ့မှာ အမက ပင်လယ်ဝရောက်နေပြီလို့ ပြောတော့ ကျွန်တော်ကော ဘယ်နားလောက်ရောက်နေပါလိမ့်၊ မြစ်ဝကျွန်းပေါ် အစပ်နားလောက်တော့ ရောက်နေပြီ ထင်တယ်လို့ တွေးမိပါတယ်။ ဘာပဲဖြစ်ဖြစ် "Growing Old" မဖြစ်ပဲ "Growing Up" ဖြစ်အောင် လုပ်ရမှာပဲလို့ ကိုယ့်ကိုယ်ကိုတော့ သတိပေးမိပါတယ်။

အမလည်း တရားသတိနှင့် ရည်မှန်းရာ ပန်းတိုင်ပေါက်အောင် လျှောက်လှမ်းနိုင်ပါစေ။ သာသနာတော်ပြန့်ပွားစည်ပင်ရေးအတွက်လည်း ဆထပ်တိုးကြိုးပမ်းနိုင်ပါစေလို့ (၄၉)နှစ်မြောက်မွေးနေ့ အမှတ်တရ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် အမရေ...။

ခင်မင်စွာဖြင့်
Bliss
20.07.2011 (Wed.)


No comments:

Post a Comment