Saturday, July 23, 2011

ပြန်လည် တူးဆွခြင်း (၂)




ငါသည် မုချသေရမည်။ အချိန်ပိုင်းသာလိုတော့သည်။

ဒီနေ့ အလုပ်လုပ်ရင်း ခဏနားလိုက်တဲ့အချိန် ခေါင်းထဲဝင်လာတဲ့ စာကြောင်းလေးပါ။ ဘာသာရေးလေ့လာနေကြသူတိုင်း ဒီ အဆုံးအမလေးကို ကြားဖူးမြင်ဖူးကြပါတယ်။ မိုးကုတ်ဆရာတော်ကြီးရဲ့  သြ၀ါဒ စကားလေး။

အင်း... ငါဟာ သေရတော့မှာပဲ။ သေဖို့ က ကျိန်းသေနေတာဘဲ။ ဘယ်တော့သေမယ်သာ မသိတယ်။ သေတာတော့ တကယ်ကို သေရမှာပဲ။ ငါဘာလို့  ဒါကို မေ့မေ့နေတာပါလိမ့်။ သေရမယ့်ဟာများ အခု ငါဘာတွေ လျှောက်လုပ်နေတာပါလိမ့်။ သေဖို့ ပြင်မယ်ဆင်မယ်မရှိဘဲ အရေးမကြီးတာတွေ လုပ်နေမိပြီထင်တယ်။
ငါဘာလုပ်ရမလဲ။ လုပ်နေတာတွေအားလုံး အခုရပ်လိုက်ပြီး သေရမယ့်ကိစ္စ အရင် ပြင်ဆင်ရင် ကောင်းမလား။
အင်း.....အဲ.... အဲဒီလို လုပ်လို့ တော့ မဖြစ်သေးပါဘူးလေ။

စိတ်ထဲက တောက်လျှောက်စဉ်းစားလိုက်မိတဲ့ အတွေးအမျှင်တန်းကြီး တစ်ခုပါ။ နောက်ဆုံးတော့ အဲဒီလို လုပ်လို့ တော့ မဖြစ်သေးပါဘူးလေ နဲ့ ဆုံးသွားရှာပါတယ်။

“လူတွေက ရှင်းနေတာကို ရှုပ်အောင်လုပ်တယ်။ ပြီးတော့ အဲဒီရှုပ်နေတာကို ပြန်ရှင်းဖို့ ကြိုးစားကြတယ် တဲ့။ ဘီးအီးဒီအောင်သိုက် ကရုပ်ရှင်ကား တစ်ကားမှာ ပြောခဲ့တဲ့ စကားလေးပါ။
ကျွန်တော် တို့ တွေ အခု လူ့ ဘ၀ကြီးရလာတယ်။ မွေးလာပြီ။ ကဲ...မောင်မင်းသေရမယ်။ သေဖို့ ပြင်တော့။ ဒီလို ဇာတ်လမ်းက ဇာတ်ညွှန်းအတိအကျဆွဲထားပြီးသား။ အဲဒါကို သေစရာရှိ သေဖို့ မပြင်ဘဲ ကျွန်တော်တို့ တွေက ဝေ့ပြီး ဟိုဟာလေးလုပ်လိုက်၊ လက်စသပ်ဖို့ ကြိုးစားလိုက်၊ ဒီဟာလေးလုပ်လိုက်။ လက်စသပ်ဖို့ ကြိုးစားလိုက်နဲ့ ။ အသက်တွေ ကြီးကြီးလာ၊ သေဖို့ နီးနီးလာ။ ပြီးတော့ သတိမထားလိုက်မိခင်ဘဲ သေကြရရော။ ဘာမှ သေဖို့ မပြင်လိုက်ကြရဘူး။ လူနည်းစု တကယ့်ကို နဲနဲလေး တချို့ သာ အချိန်မီ ပြင်ဆင်ချိန်ရပြီး သေမင်းလာခေါ်ချိန် အဆင်သင့်ပြင်ထားလိုက်နိုင်ကြတာ။

မွေးလာပြီး လူမှန်းစသိတတ်တဲ့ အရွယ်ကစလို့  ကျွန်တော်တို့ တွေမှာ ရှုပ်လိုက်တဲ့အလုပ်။ ငယ်တုန်းမှာဆို ဟိုဟာသင်ရ။ ဒီဟာသင်ရ။ သင်လို့ ကို မပြီး။ သင်လို့ တော်တော်တတ်လာတော့ အသက်မွေးဖို့ ဆိုပြီး လုပ်ကြပြန်ရော။ အသက်မွေးလို့ အဆင်မပြေတဲ့သူကလည်း အဆင်ပြေမယ်ထင်တာတွေ လျှောက်လုပ်။ အဆင်ပြေတဲ့သူကလည်း နောက်ထပ်အဆင်ပြေမယ်ထင်ပြီး ထပ်တိုးလုပ်။ ဒီကြားထဲ လူဆိုတာ တကိုယ်တည်း အထီးတည်း မနေသင့်တဲ့ သတ္တ၀ါ ဆိုတဲ့ စကားတစ်ခုအခြေပြုလို့  အထီးတည်းမဖြစ်အောင် ဟိုလူနဲ့ ပေါင်း ဒီလူနဲ့ ပေါင်းရာကနေ လင်မယားတို့ ၊ မိသားစုတို့ ၊ ဆွေမျိုးအသိုင်းအ၀ိုင်းတို့ ၊ အသင်းအဖွဲ့ တို့  စတာ စတာတွေ တိုးပွားလာပါရော။ တစ်ခါ အဲဒီကိုယ်ပါဝင်တဲ့ အဖွဲ့ အစည်းအတွက် ကိုယ့်ရဲ့ ယူရမယ့်တာဝန်ဆိုတာကြီး ရှိလာပြန်တာနဲ့  အဲဒီ တာဝန်ဆိုတာကြီးကို ကျေပွန်ဖို့  လုပ်ကြပြန်ပါရော။

တခါ အဲဒီလို ငယ်စဉ်ပညာသင်ရာကစ အသက်မွေးဝမ်းကျောင်းအလုပ်တွေလုပ် အဆွေခင်ပွန်း မိတ်ဆွေ လုပ်ဖော်ကိုင်ဘက်တွေနဲ့  ဆက်ဆံပတ်သက်ရာကနေ လူ့ ရဲ့  စက်ရုပ်မဟုတ်တဲ့ လူပီသတဲ့ အသွင်အပြင်တစ်ခုဖြစ်တဲ့ ခံစားမှုဆိုတာက ၀င်ပါလာပြန်ရော။ ကိုယ်ကချစ်ရတာနဲ့ ၊ သူက ကိုယ့်ကို ချစ်ရတာနဲ့ ။ ကိုယ်က အမြင်ကပ်တာနဲ့ ။ သူက ကိုယ့်ကို အဖက်လုပ် မဆက်ဆံတာနဲ့ ။ အားပါးပါး...အဲဒီမှာ ခံစားချက်ပေါင်း ကုဋေကုဋာတွေနဲ့  လူ့ ဘ၀ကို နေ့ စဉ်ဖြတ်သန်းကြရရှာတဲ့ ကျွန်တော်တို့  လူသားတွေပါ။ အဲဒီခံစားချက်တွေကို တုံ့ ပြန်ပုံပေါ်မူတည်ပြီးပဲ ဘာသာရေးရှုထောင့်ကနေစဉ်းစားတော့ ကုသိုလ်တွေ အကုသိုလ်တွေ လုပ်မိ၊ ပြုမိ၊ ရမိပြန်ပါရောလား။ ရှုပ်လိုက်တဲ့ လူ့ ဘ၀။ ဆရာတော် ဦးဇောတိက ကတော့ အရှုပ်ထဲမှာ ရှင်းအောင်နေ လို့  ဆိုထားသော်လည်းပဲ ကျွန်တော်တို့ မှာ နေ့ စဉ်နဲ့ အမျှ တစ်နေ့ ပြီးတစ်နေ့ ပိနေတဲ့ ခံစားချက် အရှုပ်ထုပ်တွေ၊ တာဝန်ဝတ္တရား အကြွေးထုပ်ကြီးတွေနဲ့ မို့  ရှင်းအောင်နေဖို့ ရာက ထင်သလောက် မလွယ်ပါလားနော်။

“အသက်တစ်ရာ မနေပေမယ့် အခက်တစ်ရာ ပွေနိုင်သေးတယ်။ ဒီ့ထက်မကရင်လည်း တွေ့ ရမယ်။ မရေနိုင်တော့ပြီပဲ” တဲ့။ ကိုတိုးကြီး (ခင်မောင်တိုး) သီချင်းထဲက စာသားလေးပါ။ မှန်လိုက်တာ။ တိန်ကနဲနဲ့ ကိုနေတာပဲဗျာ။ ကျွန်တော်တို့ မှာတော့ လုပ်လိုက်တိုင်း ကောင်းဖို့ ဆိုတဲ့ ရည်ရွယ်ချက်ကြီးနဲ့ လုပ်တော့လုပ်လိုက်တာပဲ။ ဒါပေမယ့် အသိဉာဏ်မပြည့်စုံတာတွေ၊ မောဟဖုံးနေတာတွေ၊ အကွက်ကျော် မမြင်နိုင်မှုတွေ၊ ခံစားချက်ကို ဦးစားပေးမိတာတွေ စတာစတာတွေကြောင့် ဆုံးဖြတ်ချက်အမှားတွေကို ချခဲ့မိခဲ့တာ မွေးကတည်းကနေ အခုအချိန်ထိဆို အကြိမ်ပေါင်းကမနဲတော့ဘူး။ အဲဒီဆုံးဖြတ်ချက်အမှားတွေရဲ့ ဒဏ်ကို ပြန်ခံရတာ၊ ပြန်ပေးဆပ်နေရတာတွေကလည်း အကြိမ်ပေါင်းမရေနိုင်တော့ဘူး။ အခုလည်း မှားနေတုန်း၊ အခုထိလည်း ပေးဆပ်နေရတုန်း။ နောင်လည်း မှားအုံး၊ ပေးဆပ်နေရအုံးမှာပါဘဲ။ “To err is human” မှားတတ်တာဟာ လူ ဆိုတဲ့ စကားကိုပဲ ရေလဲသုံးရင်း ကိုယ်မှားတာတွေက လူပီသလို့ ဆိုပြီး ဂုဏ်ယူတတ်ရင်တော့လည်း တစ်မျိုးကျေနပ်စရာတော့ ဖြစ်လောက်ပါရဲ့ လေ။

မြတ်စွာဘုရားရှင်က အပ္ပကိစ္စောစ သလ္လဟုက၀ုတ္တိ။ သန္တိနြ္ဒိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွ နနုဂိဒ္ဓေါ။ စသည်ဖြင့် ဟောထားခဲ့ပါတယ်။ အပ္ပကိစ္စော တဲ့။ အမှုကိစ္စနည်းအောင်နေရမယ်တဲ့။ နိဗ္ဗာန်မဂ်ဖိုလ်ကို ရောက်ဖို့ အတွက် ပြည့်စုံရမယ့် လိုအပ်ချက် အင်္ဂါတစ်ခုအနေနှင့် မှတ်သားမိခဲ့တာလေးပေါ့။ ဘုန်းကြီးအပြီးဝတ်ချင်တယ်လို့  ခဏခဏပြောတတ်တဲ့ ဘလော့ဂ်ဂါညီလေးတစ်ယောက်အကြောင်း စဉ်းစားမိရင်းက ရှင်တော်ဘုရားက အမှုကိစ္စနည်းဖို့ အရေး ရဟန်းတော်တွေကို အဓိကရှေ့ တန်းတင်ပြီး ဟောထားတာဆိုတော့ တကယ်လို့ များ ရဟန်းဝတ်လိုက်ရင် ကိစ္စတကယ်နဲသွားမှာလား။ အရှုပ်တွေ ရှင်းသွားမှာလား။ အင်း သိတဲ့ အွန်လိုင်းကဘုန်းဘုန်းတွေ ဒီတစ်ခါ တွေ့ မှ မေးကြည့်ရအုံးမယ်။ ဘုန်းဘုန်းတို့ တွေ ကိစ္စတကယ်နည်းကြရဲ့ လားလို့ ။

သေဖို့ အရေးမေ့မေ့နေတတ်တော့ ဘာပဲဖြစ်ဖြစ် ကုသိုလ်လေးဖြစ်အောင် ဘာသာရေးဘလော့ဂ်လေးလုပ်ပြီး တရားနဲ့ မဝေးအောင်နေအုံးမှလို့  ဘလော့ဂ်ရေးမိတော့။ အင်း....ဒါလည်း ရှုပ်ပြန်တာပါဘဲ။ တစ်နေ့ တစ်နေ့ ကိုယ့်ဘလော့ဂ်ကို ဘယ်လို အလှပြင်ရပါ့။ ပို့ စ်အသစ် ဘာတင်ရင်ကောင်းမလဲ တွေးရ။ စီဘောက်စ်ကို ဘယ်သူတွေ ဘာရေးသွားလဲစစ်ရ။ ကွန်မန့်တွေ ဘာပေးလဲ ဖတ်ရ။ ဘလော့ဂ်ကနေခင်တဲ့ အွန်လိုင်း မိတ်ဆွေတွေနဲ့ ချက်တင်ပစ်ရ။ ဒါလည်းဘဲ ရှင်းနေတာကို ရှုပ်အောင်လုပ်မိတဲ့ ဇာတ်ထုပ်တစ်ခုပါဘဲ။ ကိုယ်ဇာတ်နဲ့ ကိုယ်၊ က,သာက, ပေတော့ ဇာတ်ဆရာရေ..လို့  ကိုယ့်ဖာသာ သြဘာပေးရုံရှိတော့တာပေါ့လေ။

“တာဝန်ကိုသိတဲ့သူမှာ တာဝန်ရှိသည်” တဲ့။
ဒီစကားအရ ကိုယ်က တာဝန်မယူရင် တာဝန်ကို မသိတတ်ရာ၊ အသုံးမကျရာ၊ ထမင်းရည်ပူ လျှာလွှဲလုပ်ရာ၊ မျက်နှာလွဲ ခဲပစ်လုပ်ရာ ကျတော့မယ်ဆိုတာမျိုး။ တာဝန်တွေဆိုတာကလည်း အမျိုးမျိုးရယ်။ သမိုင်းပေးတာဝန်တို့ ၊ အမျိုးသားရေးတာဝန်တို့ ကနေစလို့  မိသားစုတာဝန်တို့ ၊ ရည်းစားကပေးတဲ့တာဝန်တို့ ၊ မယားပေးတာဝန်တို့ ၊ သမီးပေးတာဝန်တို့ ၊ မြေးပေးတာဝန်တို့ ၊ အလုပ်ကပေးတဲ့တာဝန်တို့ ၊ ဘော်ဒါကပေးတဲ့တာဝန်တို့ ၊ စသည် စသည်ဖြင့် မရေမတွက်နိုင်အောင်များတယ်။ ဒီကြားထဲကမှ ကိုယ့်ဟာကို မလုပ်ဘဲနေရင်ရရဲ့ သားနဲ့ မနေနိုင်မထိုင်နိုင်သွားလုပ်ပြီး ကိုယ့်ဟာကိုယ် ယူထားတဲ့တာဝန်ဆိုတာမျိုးတွေက ရှိသေး။ လူမှုရေးအသင်းတွေ၊ ဘာသာရေးအသင်းတွေမှာ ၀င်ပါပြီး ယူထားတဲ့တာဝန်မျိုးတွေလည်း အဲဒီထဲမှာပါတာပဲပေါ့။ ကောင်းတာတွေလုပ်နေတာပဲလို့ ဆိုဦးတော့။ ဘာပဲဖြစ်ဖြစ် အဲဒါတွေကလည်း အရှုပ်သံသရာလည်စေတာပါပဲလေ။

မနက်မိုးလင်းလို့  မျက်စိနှစ်လုံးပွင့်၊ အိပ်ယာကနိုးပြီဆိုတာနဲ့  ယနေ့ လုပ်စရာဆိုတာတွေက ကွန်ပျူတာမှာ တစ်နေရာကနေ တစ်နေရာကို File Transfer လုပ်သလို ဘယ်နေရာကမှန်း မသိတဲ့ဆီကနေ ခေါင်းထဲကို အစီအရီဝင်လာပါရော။ ခဏနေပါဦး။ ဆရာသမားတွေက မိုးလင်းလင်းချင်း တရားသတိနဲ့  တစ်နေ့ တာစရမယ်လို့  မှာထားတယ်လို့  ပြောလည်း မရ။ အတင်းကာရောကို ၀င်လာတော့တာပါပဲ။ အဲဒါနဲ့ ပဲ အချိန်လေး မဖြစ်စလောက်ကို စိတ်ငြိမ်းချမ်းမှုဖြစ်အောင် ခြစ်ကုပ်ကြိုးစားပြီး ဇောကပ်နေတဲ့ စိတ်ခန္ဓာအစဉ်နဲ့  တစ်နေ့ တာအတွက် အရှုပ်ဇာတ်တွေ စခင်းရပြန်ပါရောလား။ ဒီလိုနဲ့ နေ၀င်မိုးချုပ် ကိုယ့်အိမ်ကိုပြန်ရောက်တော့မှ ဇောကပ်နေတဲ့ အင်ဂျင်စက်ကို တစ်စချင်း တစ်စချင်း အရှိန်သပ် ရပ်နိုင်ဖို့  ကြိုးစားရပြန်ပါတယ်။ ဒီအချိန် ခန္ဓာကလည်း ညောင်း စိတ်အင်ဂျင်ကလည်း ဒေါင်းပြီမို့  မယ်မယ်ရရ သိပ်မစဉ်းစားနိုင်၊ အိပ်ကွင်း အိပ်ကွက် သာဖို့ ကိုသာ ချောင်းရပါတော့တယ်။ တစ်နေ့ သာကုန်ရော။ သေခြင်းတရားဆိုတာကြီး ငါဘယ်နား မေ့ထားမိပါလိမ့်။ စိတ်ကူးထဲ အတွေးထဲကို လမ်းချော်ပြီးများတောင် ၀င်မလာပါလားနော်။ တစ်နေကုန် အလုပ်တွေရှုပ်တာလား အရှုပ်တွေလုပ်တာလား။ ကိုယ့်ဟာကိုယ်လည်း မသဲကွဲတော့။ အင်း....လူဖြစ်ရတဲ့ ဒုက္ခ လို့  မျိုးကျော့မြိုင် လို ညဉ်းရတော့မှာပါဘဲ။

အဓိကနှင့် သာမညကို ခွဲသိပါ။ အရေးကြီးတာကို အရင်ဆုံးလုပ်ပါ။ စသည်ဖြင့် ပညာရှင်တွေ သူတော်စင်တွေက ပုံစံအမျိုးမျိုးနဲ့ သတိပေးဆုံးမနေကြပေမယ့်လည်း အကြိမ်တော်တော်များများမှာ အခြေအနေတွေက သာမညကို အဓိကနေရာထားဖို့ က ဖြစ်ဖြစ်လာတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ စိတ်ထားခိုင်ခိုင်မာမာနဲ့ ငါ ဒီအရေးမကြီးတာတွေ တန်ဖိုးမရှိတာတွေကို မလုပ်တော့ဘူး။ အရေးကြီးတာပဲ လုပ်တော့မယ်လို့ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ မချနိုင်တာက များနေတော့ ကြုံရာကျပမ်း ပေါ်လာသမျှ ကိစ္စတွေကို အရေးကြီးတာကော အရေးမကြီးတာကော လုပ်ရင်းနဲ့  နဂိုက ရှင်းနေတဲ့ ဘ၀က တဖြည်းဖြည်းရှုပ်လာ၊ ရှုပ်တာတွေကို ပြန်ရှင်းရင်းက အချိန်တွေကကုန်၊ အသက်တွေက ကြီး။ ဒီလိုနဲ့ ဘဲ သေဖို့ တစ်ရက်နီးတော့ ဖြစ်ပြီပေါ့ဗျာ။ မတတ်နိုင်ဘူးလေ။ ကိုယ်က ရှုပ်ချင်နေသေးတာကိုး။ ထွန်းအိန္ဒြာဗိုရဲ့  သီချင်းကို ကိုယ့်ဖာသာ ပြန်ပြင်ဆိုရင်းက တွေးလက်စ အတွေးကို ဖြတ်ပြီး လုပ်လက်စ အလုပ်ကိုပဲ ဆက်လုပ်လိုက်မိပါတော့တယ်။

မရှုပ်ရင် မနေနိုင်တာကလွဲလို့ ... ၊ ကိုယ် မရှုပ်ရင် မနေနိုင်တာက လွဲလို့ ....


(စကားချပ်။ ။ ဤဆောင်းပါးကို ဘာသာရေးဆောင်းပါးလို့  မယူဆစေလိုပါ။ ကိုယ်တွေးချင်ရာတွေးမိတာကို စိတ်ကူးတည့်သလို ရေးမိရေးရာ ရေးထားခြင်းမျှသာဖြစ်ပါကြောင်း..ခင်ဗျား။)


လေးစားစွာဖြင့်

ဝိမုတ္တိသုခ
22.03.2010

No comments:

Post a Comment