Tuesday, June 28, 2011

ဒီခရီး... သွားတော့မယ်လို့ ဆိုရင်...




အခုနောက်ပိုင်း ကျွန်တော့်ပတ်ဝန်းကျင်မှာ တရားအားထုတ်နေကြသူတွေ၊ တရားအားထုတ်တာနှင့် ပတ်သက်ပြီး စိတ်ဝင်စားနေကြတဲ့သူတွေကို အတော်များများတွေ့ရပါတယ်။ တချို့ ကိုလည်း အွန်လိုင်းမှာ မြင်နေ၊ ဖတ်နေရလို့ တွေ့နေရပါတယ်။ ဘာပဲဖြစ်ဖြစ် တရားအားထုတ်ကြတာ အင်မတန်ကောင်းပါတယ်။ တရားအားထုတ်ရာမှာ လူတစ်ဦးချင်းစီအလိုက် ရည်ရွယ်ချက်တွေ အမျိုးမျိုးကွဲပြားနိုင်ပေမယ့် တခြားသောအာရုံတွေနှင့် ကျက်စားနေကြမယ့်အစား တရားအာရုံနှင့် နေကြတယ်၊ နေချင်ကြတယ်လို့ ကြားရတာ ၀မ်းသာဖို့ကောင်းပါတယ်။

ဘာသာရေး လေ့လာလိုက်စားနေကြတဲ့သူတွေကို ပုံစံအမျိုးမျိုးနှင့် တွေ့ ကြရမှာဖြစ်ပါတယ်။ တချို့ က အခုမှ ဘာသာရေးဆိုတာကို ဘာလဲဆိုပြီး ကကြီးရေ, က လေ့လာနေဆဲကာလဖြစ်ပါတယ်။ ဗုဒ္ဓဘာသာနှင့် တခြားဘာသာတွေကို ယှဉ်တွဲလေ့လာကြမယ်။ ဘယ်နေရာ ကွာလဲ၊ ဘယ်နေရာ တူလဲစသည်ဖြင့်ပေါ့။

တချို့ ကတော့ ဗုဒ္ဓဘာသာဆိုတာကို အစကနေစပြီး ထဲထဲဝင်ဝင်လေ့လာဖို့ ကြိုးစားကြတယ်။ နီးစပ်ရာ စာပေတွေကို ဖတ်ရင်း၊ တရားခွေတွေနာရင်း၊ နီးစပ်ရာ ရဟန်းပညရှင်၊ လူပညာရှင်တွေကို မေးမြန်းစုံစမ်းရင်း မိမိတို့ရဲ့  ဘာသာရေးအသိအမြင်ဗဟုသုတကို မြှင့်တင်ဖို့ကြိုးစားနေကြတယ်။

တချို့ ကတော့ မြတ်စွာဘုရားရှင်ရဲ့ အဆုံးအမတော်တွေကို အခြေခံကနေတဖြည်းဖြည်းလိုက်နာကျင့်သုံးဖို့ အားထုတ်နေကြတယ်။ တနိုင်တပိုင် ဒါနပြုကြတယ်။ ပရဟိတတွေလုပ်ကြတယ်။ သီလစောင့်တည်ကြတယ်။ မေတ္တာဘာဝနာတွေပွားကြတယ်။ ဗုဒ္ဓဂုဏ်တော်တွေပွားများကြတယ်။

တချို့  တချို့ ကတော့ တရားအားထုတ်မှု ဘာဝနာပိုင်းကို စပြီးတက်လှမ်းနေကြပါတယ်။ အဲဒီမှာပဲ မတူညီကွဲပြားမှုတွေ နှင့် စတင်တွေ့ရပါတော့တယ်။

ကျွန်တော့်ပတ်ဝန်းကျင်မှာတော့ သမထဘာဝနာသက်သက်ကို သီးသန့်လေ့လာလိုက်စားတဲ့သူမျိုး အတွေ့ရနည်းပါတယ်။ တစ်ယောက်စ နှစ်ယောက်စတော့ မိမိတို့ ၀ါသနာအရနှင့် လက်ရှိနှီးနွှယ်နေတဲ့ လောကီကိစ္စတွေကြောင့် သမထဘာဝနာကို တစ်စိုက်မတ်မတ် လုပ်နေကြတာမျိုးတော့ရှိပါတယ်။ သူတို့တွေနှင့်ပတ်သက်ပြီးကတော့ အထူးဆွေးနွေးစရာအကြောင်း မရှိပါဘူး။ သူတို့ ယုံကြည်ချက်နှင့် သူတို့ လုပ်နေကြတဲ့သူတွေကိုး။

အခု ကျွန်တော်ဆွေးနွေးချင်၊ ပြောချင်တာကတော့ ၀ိပဿနာဘာဝနာ အားထုတ်နေကြသူတွေအကြောင်းပါ။ အဲဒီပုဂ္ဂိုလ်တွေမှာမှ သမထယာနိကသမားတွေနှင့် ၀ိပဿနာယာနိကသမားတွေဆိုပြီး ထပ်ခွဲကြည့်လို့ရပါတယ်။

တရားအလုပ်ဆိုတာ ကျွန်တော်နားလည်ထားသလောက်တော့ တခြားလောကီ လူမှုစီးပွားရေး အလုပ်တွေလိုမျိုး မဟုတ်ပါဘူး။ လောကီအလုပ်တော်တော်များများမှာ အတ္တနှင့် မောင်းတင်ပြီးလုပ်နိုင်မှ အောင်မြင်တတ်တာများပါတယ်။ တရားအလုပ်ကတော့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဘယ်သူမှသတိမထားခဲ့မိဖူးသေးတဲ့ အနတ္တဆိုတဲ့အရာကို ချပြခဲ့တာမို့လို့ အတ္တဆိုတာနှင့်တော့ လုံးလုံးဖီလာကန့်လန့်ပါပဲ။ ဒါကြောင့် တရားအလုပ်လုပ်မယ့် သူတွေအနေနှင့် ဘာမှစမလုပ်ခင် အရင်ဆုံး “ငါအခုတရားအလုပ်ကို အတ္တကြီးရှေ့ တန်းတင်ပြီး မလုပ်ပါဘူး” လို့ အကြိမ်ကြိမ် ကိုယ့်ဖာသာကိုယ် သတိပေးတာမျိုးကို လုပ်စေချင်ပါတယ်။ မဟုတ်ရင်တော့ တစ်သက်လုံးအကျင့်ပါခဲ့တဲ့ အတ္တနှင့်ပဲ ဒီတရားအလုပ်ကို လုပ်နေမိတတ်တာမို့ အဲဒီလိုလုပ်နေသမျှကတော့ မှန်ကန်တဲ့၊ လေးနက်တဲ့ တရားအသိဉာဏ်ကို သိဖို့ဆိုတာ အင်မတန်ခက်ခဲနေပါလိမ့်မယ်။

နောက်တစ်ခုက တရားအားထုတ်ပုံ နည်းလမ်းပါဘဲ။ အဲဒါကို ရှေးရှေးက ဆရာတော်တွေ၊ ဘာသာရေးဆိုင်ရာကျွမ်းကျင်သူတွေ၊ ဆရာသမားတွေလည်း အကြိမ်ကြိမ်အထပ်ထပ် သတိပေးခဲ့၊ ပြောခဲ့ကြပြီးပါပြီ။ တရားအားထုတ်ရာမှာ အားထုတ်ပုံနည်းတွေက ဆရာသမားများညွှန်ပြပုံပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားမှုရှိနေပါတယ်။ ဆရာသမားများက မိမိတို့ စရိုက်ဝါသနာအရ အားသန်ရာ၊ မိမိတို့ တရားအရသာသိခဲ့ကြရာ ရှုမှတ်နည်းများကို တဆင့် ပြန်လည်ပြသပေးကြတာမို့ မူတွေကတော့ အမျိုးမျိုးကွဲနေနိုင်မှာပါပဲ။

ကျွန်တော့်အနေနှင့် တရားအားထုတ်ကြမယ့်သူတွေကို တိုက်တွန်းချင်တဲ့ အခြေခံအချက် နှစ်ချက်ရှိပါတယ်။
(၁) တရားအားမထုတ်ခင် သဘောထားမှန်အောင် အရင်စလုပ်ကြဖို့ နှင့်
(၂) အချိန်တိုင်း မိမိကိုယ်ကို မိမိ တာဝန်ယူကြဖို့ ပါ။


နံပါတ် (၁) ကတော့ အပေါ်မှာပြောခဲ့တဲ့ အတ္တနှင့် တရားအလုပ်ကို မလုပ်မိဖို့အတွက် မိမိကိုယ်ကို အရင် သတိပေးဖို့ပါဘဲ။ တရားဆိုတဲ့အရာကို လောကီပစ္စည်းဥစ္စာတွေစုဆောင်းရှာဖွေရာမှာလို လိုချင်စိတ်အားကြီးကြီးနှင့် မရှာမိ၊ မလုပ်လိုက်မိဖို့ပါ။ နံပါတ် (၂) အကြောင်းအရာကိုတော့ အတော်ရှည်ရှည် ဆွေးနွေးရပါလိမ့်မယ်။

လူတစ်ယောက်ကို ဘယ်နည်းနှင့် တရားပြမှ တရားရမယ်ဆိုတာကို မြတ်စွာဘုရားရှင်ကလွဲလို့ ဘယ်သူမှ အတိအကျမသိကြပါဘူး။ ကြားဖူးကြလိမ့်မယ်လို့ထင်ပါတယ်။ ဘုရားလက်ထက်ကတောင် လက်ယာတော်ရံ အရှင်သာရိပုတ္တရာကိုယ်တော်ကြီးဟာ အတူနေတပည့်ရဟန်းကို ငယ်ရွယ်သူဖြစ်လို့မို့ ရာဂစရိုက်အားကြီးလိမ့်မယ်ထင်ပြီး အသုဘကမ္မဋ္ဌာန်းပေးမိတယ်။ ဒါပေမယ့် ဘယ်လိုမှ တရားအသိဉာဏ်ဖြစ်မလာတော့ နောက်ဆုံးမြတ်စွာဘုရားရှင်ဆီကိုခေါ်သွားရတယ်။ မြတ်စွာဘုရားက အာသယာနုသယဉာဏ်နှင့်ကြည့်ပြီး အတိတ်ဘ၀တွေတုန်းက ပန်းတိမ်သည်လုပ်ဖူးခဲ့တာကိုမြင်လို့ ရွှေသားနှင့်ပန်းပုံဖန်ဆင်းပြီး အနီရောင်ကသိုဏ်းကိုရှုခိုင်းခဲ့တယ်။ အဲဒီကျမှာ သမာဓိဖြစ်၊ ဈာန်တွေရပြီး နောက်ဆုံး ဖန်ဆင်းထားတဲ့ပန်း ညှိုးသွားတာမြင်တော့ သံဝေဂဖြစ်၊ မြတ်စွာဘုရားက တရားဟောပေးလိုက်တော့ ရဟန္တာဖြစ်သွားခဲ့တယ်။

တရားပြသပေးနေကြတဲ့ ဆရာသမားများဟာ သူတို့ သိထားတဲ့၊ အားထုတ်ဖူးတဲ့ နည်းကိုသာ သူတို့ သဘောပေါက်နားလည်သလို ယောဂီတွေကို ပြန်လည်ပြသပေးကြတာပါ။ သူတို့နည်းဟာ ယောဂီအားလုံးအတွက် အဆင်ပြေမယ်၊ တရားအသိဉာဏ်ကိုဖြစ်ပေါ်စေပါလိမ့်မယ်ဆိုတာမျိုး သူတို့ အာမခံထားချက် မရှိကြပါဘူး။ အကြောင်းအကျိုးဆက်စပ်မှုတွေရှိခဲ့ကြလို့သာ ဆရာတွေပြသတဲ့နည်းလမ်းနှင့် လမ်းတည့်သူတွေရှိသွားကြသလို အကြောင်းမတိုက်ဆိုင် မညီညွတ်လို့ တရားမတက်တဲ့သူတွေလည်း ရှိကြတာပါဘဲ။

ဒီတော့ စစချင်းတရားအားထုတ်မယ့်သူတစ်ယောက်အနေနှင့် မိမိနှင့် အဆင်ပြေလိမ့်မယ်လို့ထင်တဲ့ တရားနည်းတစ်ခုခုကို အခြေပြုပြီး စမယ်ဆိုရင် စကြည့်လိုက်ပါ။ ရိပ်သာတစ်ခုအနေနှင့် သတ်မှတ်ထားတဲ့ ငါးရက်၊ တစ်ပတ်၊ ဆယ်ရက်၊ ဆယ့်ငါးရက် စတဲ့ အချိန်အတောအတွင်း အဲဒီရိပ်သာက သင်ကြားပြသပေးတဲ့နည်းအတိုင်းကို သေသေချာချာ လေ့လာမှတ်သားပြီး အားထုတ်ကြည့်ပါ။ တရားဆိုတဲ့အရာကို လေ့လာသင်ယူစရာဘာသာရပ် (subject) တစ်ခုလို သဘောထားပြီး စိတ်ပါလက်ပါနှင့် လေ့လာကြည့်ပါ။ တချို့ လည်း အဆင်ပြေရင် အဲဒီရိပ်သာသတ်မှတ်ရက်တွေအတွင်း အသိဉာဏ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုကို စပြီးခံစားမိတတ်ကြပါတယ်။ တချို့ လည်း ဘာမှ ထူးထူးခြားခြား မဖြစ်ကြပါဘူး။ ဒီအတွက်တော့ သိပ်စိတ်ထဲမထားပါနှင့်။ နံပါတ်(၁) မှာ ကျွန်တော်သတိပေးထားခဲ့တဲ့အတိုင်း တရားကို အတ္တနှင့် အတင်းလုပ်ယူလို့မှ မရတာကို။ ဒါလေးကို နှလုံးသွင်းဆင်ခြင်ပြီး စိတ်အေးအေးချမ်းချမ်းသာ ထားလိုက်ပါ။ တကယ်တော့ ရိပ်သာဆိုတာ တရားနည်းကိုပြသပေးလိုက်ရုံသက်သက်ပါ။ တကယ်ပွားများအားထုတ်ရမှာက မိမိရဲ့ နေ့စဉ်ဘ၀အချိန်တွေမှာပါ။ တရားရိပ်သာက ပြသပေးလိုက်တဲ့နည်းလမ်းအတိုင်း နေ့စဉ်ရက်ဆက် ဆက်လက်အားထုတ်နိုင်ဖို့ကိုသာ အထူးကြောင့်ကြစိုက်ပြီး ကြိုးစားကြည့်ကြစေလိုပါတယ်။

ဒီလိုနေ့စဉ်အားထုတ်ကြည့်လို့ တစ်ဆထက်တစ်ဆ မိမိရဲ့  စိတ်နှင့်အသိဉာဏ်မှာ ပြောင်းလဲမှု၊ တိုးတက်မှုဖြစ်လာသလားဆိုတာကို သတိထားစောင့်ကြည့်ပေးပါ။ တကယ်နည်းမှန်လမ်းမှန်အားထုတ်လျက်နှင့်မှ ဘာမှထူးခြားမလာဘူး၊ ဒါမှမဟုတ် ပိုပြီးစိတ်ထဲရှုပ်ထွေးလာတယ်လို့ ခံစားရရင် ဒီတရားနည်းကို ပေပြီးဆက်မလုပ်သင့်ပါဘူး။ ခဏထားလိုက်ပါ။ အခြားနောက်ထပ်နည်းတစ်ခုခုကို ထပ်ပြီးစမ်းသပ်အားထုတ်ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။

ဒီနေရာမှာ သတိထားဖို့က တရားနည်းတွေကို ဟိုစပ်စပ်၊ ဒီစပ်စပ်နှင့် အားမထုတ်မိဖို့တော့လိုပါတယ်။ နည်းတစ်ခုကို အားထုတ်ကြည့်ပြီဆိုရင် ဆရာသမားတွေညွှန်ပြတဲ့အတိုင်း စနစ်တကျနှင့် လေးလေးစားစားလုပ်ကြည့်ဖို့တော့ မဖြစ်မနေလိုအပ်ပါတယ်။ ဒါမှလည်း တိုးတက်မှုဖြစ်ပါလိမ့်မယ်။ ဒီလိုမဟုတ်ပဲ ဟိုနည်းကောင်းနိုးနိုး၊ ဒီနည်းကောင်းနိုးနိုး လျှောက်လုပ်တာမျိုးဆိုရင်တော့လည်း ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။

နောက်တစ်ခုက တရားအားထုတ်မှုနှင့်အတူ တရားစာပေတွေကိုလည်း တတ်နိုင်သလောက် လေ့လာနိုင်ရင်ပိုကောင်းပါတယ်။ ပါဠိတော်မြန်မာပြန်စာအုပ်တွေဖြစ်ဖြစ်၊ ဆရာတော်ကြီးများ ရေးသားပြုစုထားတဲ့ စာပေတွေကိုပဲဖြစ်ဖြစ်၊ ယောဂီဟောင်းတွေရဲ့  အတွေ့အကြုံတွေကို ပြန်လည်ပြောပြထားတာမျိုးကိုပဲဖြစ်ဖြစ် လက်လှမ်းမီသလောက် လေ့လာပေးပါ။ စာဖတ်အားမသန်ခဲ့ရင် အလုပ်ပေးတရားခွေတွေကို တတ်နိုင်သလောက်ရှာပြီးနာပါ။ နီးစပ်ရာ ရဟန်း၊ သံဃာနှင့် ဘာသာရေးဆိုင်ရာ ကျွမ်းကျင်နှံ့စပ်သူတွေကိုတွေ့ရင် မရှင်းတာတွေမေးပါ။ ဘာလို့ အဲဒီလိုပြောရသလဲဆိုတော့ တခါတလေ မိမိအားထုတ်နေရင်း ကိုယ့်ဖာသာဉာဏ်ထဲမရှင်းတဲ့နေရာမျိုးလေးတွေမှာ တခြားဆရာတစ်ဦးဦးရဲ့ အာဘော်ကနေ အဖြေရသွားတတ်တာမျိုးလည်း ရှိနိုင်သလို၊ တခါတလေ ငါ့ဆရာကဘဲ ဒီလိုသိတာဆိုတဲ့ ဆရာအပေါ် တအားအကြည်ညိုလွန်တဲ့ လွဲမှားတဲ့ အတွေးတွေဖြစ်လာတဲ့အခါမှာ အော် ငါ့ဆရာလိုမျိုး တခြားဆရာတွေလည်း သိကြပါလား။ ငါ့ဆရာပြောတာ မြတ်စွာဘုရားဟောခဲ့တဲ့ ဘယ်သုတ်တော်ကနေ ကောက်နုတ်ပြောလိုက်တာပဲ စသည်ဖြင့် အသိဉာဏ်ကို ချိန်ခွင်ညှာ တည့်အောင် ညှိပေးနိုင်လို့ပါ။

နောက်တစ်ခု အရေးကြီးတာကတော့ ကိုယ့်ကိုယ်ကို မညာမိဖို့ပါဘဲ။ ကိုယ်တကယ် တရားအသိဉာဏ်ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာ ကိုယ့်ဖာသာ အသိဆုံးပါ။ တရားသဘောကလည်း တအားရှင်းပါတယ်။ ၀ မရှိဘဲ ၀ိလုပ်လို့ မရသလို၊ အခန်း (၁) မပြီးသေးဘဲ အခန်း (၂) ကို ကူးလို့ မရပါဘူး။ တကယ်လို့ ကိုယ်က စာမကျေဘဲ နောက် တစ်ခန်းကူးလိုက်မိမယ်ဆိုရင် ကိုယ့်အစာအိမ်အတွက် အစာမကျေတဲ့ အစားအသောက်တစ်ခုကို စားလိုက်မိသလိုမျိုးပါဘဲ။ အသိဉာဏ်ထဲမှာ အစာမကျေဖြစ်တတ်ပါတယ်။ ဒါလေးကိုလည်း ကိုယ့်ဖာသာ သတိထားမိဖို့လိုပါတယ်။ ဆရာသမားတွေအနေနှင့်က တခါတလေ အများနှင့် သင်ပြပေးရတာမို့ တစ်ဦးချင်းစီ ဘယ်အခြေအနေဖြစ်နေပြီဆိုတာမျိုးကို သတိမထားမိတတ်တာမျိုး ရှိကောင်းရှိနိုင်ပါတယ်။ ဒီအခါမှာ အဆင့်ပိုမြင့်တဲ့ တရားတွေ ပြသချိန်မှာ ကိုယ်ကပါ အဲဒီထဲ ရောဝင်ပါလိုက်မိပြီး ကိုယ်တကယ် သဘောမပေါက်သေးတဲ့အကြောင်းအရာတစ်ခုမှာ ဆရာက ဒီလိုမြင်အောင်ရှုလို့ ပြောလိုက်လို့ အတင်းလုပ်ယူပြီး ရှုရတယ်ဆိုရင် ကိုယ်စိတ် ဆင်းရဲပင်ပန်းမှုသာ အဖတ်တင်ကျန်တတ်ပါတယ်။ မှည့်ဖို့အများကြီးလိုနေသေးတဲ့ သရက်သီးတစ်လုံးကို ဆန်အိုးထဲထည့်ပြီး အုပ်လိုက်တဲ့အခါ သရက်သီးက နုမှည့်ကြီးသာဖြစ်သွားနိုင်ပါတယ်။ အရသာရှိပြီး စားလို့ကောင်းတဲ့အသီးကိုတော့ ရမှာမဟုတ်ပါဘူး။

ဝိပဿနာတရားဆိုတာ တကယ်တော့ ဘယ်နည်းနှင့်ပဲ အားထုတ် အားထုတ် ရောက်ရမယ့် ပန်းတိုင်က တစ်ခုတည်းပါဘဲ။ ၀ိပဿနာလမ်းကြောင်းပေါ်မှာ အားလုံးဟာ အတူတူပါဘဲ။ နည်းတွေနှင့် ရှုပ်နေကြတာ တကယ်က ၀ိပဿနာလမ်းပေါ်ကို မရောက်နိုင်ကြသေးလို့ပါ။ မိမိတရားတိုးတက်မှု ရှိ၊ မရှိကို စမ်းစစ်ချိန်ကိုက်ကြည့်လို့ရတဲ့ အချက်လေးတွေရှိပါတယ်။ ၀ိပဿနာတရားဟာ ပညတ်ကနေခွဲထွက်ပြီး ပရမတ်ထဲကို ၀င်ရောက်ကျက်စားတဲ့တရားပါ။ မိမိရဲ့  အသိဉာဏ်ဟာ ပရမတ်ကို သဘောပေါက်တဲ့ အခြေအနေမှာ ရှိနေပြီလားဆိုတာနှင့် စမ်းစစ်ကြည့်လို့ရပါတယ်။ နောက် တစ်ခုက လက္ခဏာရေး (၃)ပါးပါ။ တကယ် ၀ိပဿနာဉာဏ်ဖြစ်ကြပြီဆိုရင် ဒီလက္ခဏာရေး (၃)ပါးထဲက တစ်ပါးပါးကိုတော့ ထင်ထင်ရှားရှား ဉာဏ်ထဲမှာ သိလာတတ်ကြပါတယ်။ နောက် တစ်ခုက ရုပ်နှင့်နာမ်ကို ခွဲခြားမြင်တတ်လာပါမယ်။ ပြီးတော့ အားလုံးကြားဖူးနေကြဖြစ်မယ့် ဖြစ်ပျက်မြင်၊ ဖြစ်ပျက်မုန်းပေါ့။ ဒါကိုလည်း အသိဉာဏ်ကနေပဲ သဲသဲကွဲကွဲ မြင်နိုင်သွားပါလိမ့်မယ်။ အခု ပြောခဲ့တဲ့ အခြေအနေတွေကို ကိုယ်ပိုင်ဉာဏ်နှင့် သိသွား၊ ကြုံဖူးသွားပြီဆိုတဲ့သူတစ်ယောက်အဖို့မှာ ၀ိပဿနာလမ်းကြောင်းပေါ်ကို မှန်မှန်ကန်ကန်ရောက်နေပြီလို့ သတ်မှတ်လို့ ရနေပါပြီ။ ကျန်တာကတော့ ကိုယ့်ဖာသာကိုယ် ဆက်ပြီး ကြိုးစားသွားဖို့်ပါပဲ။

တခါတလေ တရားကလည်း သိသလိုလိုနှင့် မသိသေးတာမျိုးလည်း ဖြစ်နေတတ်ပါတယ်။ ကျွန်တော်နှင့် အတော်ရင်းနှီးပြီး လေးစားချစ်ခင်ရတဲ့ ဘကြီးတစ်ဦးရှိပါတယ်။ တကယ်တရားသမားကြီးပါ။ တစ်သက်လုံး တရားအလုပ်ကိုပဲ တစ်စိုက်မက်မက်လုပ်လာခဲ့တဲ့သူပါ။ တခါတလေ သူ့အရပ်မှာ ရိပ်သာဖွင့်ပြီးတောင် ကိုယ်တိုင် တရားပြသတတ်ပါသေးတယ်။ ကျွန်တော်နှင့်ကြုံတိုင်းလည်း တရားအကြောင်းတွေဘဲ ဆွေးနွေးဖြစ်တတ်ပါတယ်။ တခါတော့ သင်္ကြန်ပိတ်ရက်တစ်ခုမှာ သူတရားသွားအားထုတ်ရင်း ပြန်လာတော့ ကျွန်တော့်ကို သူတွေ့ခဲ့တဲ့ တရားအတွေ့အကြုံတွေကို အားရ၀မ်းသာ ပြောပြပါတယ်။ သူပြောပြတာက တရားမှတ်ရင်း လမ်းလျှောက်ချိန်မှာ ခြေထောက်မှာခံစားရတဲ့ ရုပ်ရဲ့ ဖြစ်ပျက်လက္ခဏာတွေကိုပါ။ သူက အဲဒါမျိုး သူတစ်သက်လုံးမှာ မသိခဲ့ဖူးသေးကြောင်း၊ ရုပ်နာမ်ဖြစ်ပျက်ဆိုတာကို အခုမှ ကောင်းကောင်းသဘောပေါက်ကြောင်း ပြောတော့ ကျွန်တော် အတော်လေးအံ့သြသွားခဲ့ရပါတယ်။ သူနှင့် ဟိုးအရင်တရားဆွေးနွေးချိန်တွေတုန်းက သူပြောခဲ့တဲ့ ရုပ်တရား၊ နာမ်တရားတို့ရဲ့  ဖြစ်မှုပျက်မှုဆိုတာ ဘယ်လိုနားလည်မှုနှင့် သူပြောခဲ့တာပါလိမ့်လို့ တွေးမိပါတယ်။ (သူ့အပေါ် အထင်သေးတဲ့စိတ်မျိုးနှင့် ပြောလိုခြင်းမဟုတ်ပါဘူး။ တခါတလေ တရားက သိတယ်ထင်နေပေမယ့် တကယ်မသိသေးတာကို သတိထားလိုက်မိကြောင်း ပြောချင်တာပါ။)

နောက် သတိပေးချင်တာတစ်ခုလည်းရှိပါသေးတယ်။ ကျွန်တော်ကြုံခဲ့တဲ့ အတွေ့အကြုံထဲကပါပဲ။ တချို့ သောရိပ်သာများမှာ ပြသတဲ့နည်းတွေဟာ ဘုရားဟောတရားတော်တွေထဲကအတိုင်း မှန်ကန်ပြီး၊ အားထုတ်တဲ့ ပုဂ္ဂိုလ်တွေအတွက်လည်း လွယ်ကူသက်သာ တရားကို သိလွယ်၊ မြင်လွယ်စေပါတယ်။ ဒါပေမယ့် ခက်တာက အဲဒီရိပ်သာရဲ့ ဆရာသမားများက ဒီဘ၀မှာတင် တစ်မဂ်တစ်ဖိုလ်ရဖို့ဆိုတာ မလွယ်ကြောင်း (မဖြစ်နိုင်ကြောင်း) ဆရာအစဉ်အဆက် တပည့်တွေကို ပြောကြားဆုံးမသင်ပြနေကြတဲ့ ရိပ်သာမျိုးပါ။ သူတို့တွေနှင့် စကားပြောဆွေးနွေးလိုက်ရင် အခုတရားအလုပ်လုပ်တာဟာ နောက်ဘ၀အတွက် အထုံပါရမီဖြစ်ဖို့ပါဆိုတာမျိုးနှင့်ပဲ လမ်းဆုံးသွားတတ်ကြပါတယ်။

နောက်တစ်မျိုးတွေ့ရတာကတော့ သမထယာနိကလမ်းနှင့်ပြသပေးတဲ့ ရိပ်သာတစ်ချို့ မှာပါ။ သမထနှင့် ဈာန်အဆင့်ဆင့်ကို တက်ပြီးကာမှ ၀ိပဿနာကူးလို့ရမယ်ဆိုတဲ့ပုံစံမျိုး သင်ကြားပြသနေကြတာပါ။ အဲဒီမှာ အစွဲသန်တဲ့ တပည့်ကျော်ယောဂီများက အဲဒါကို တစ်စခန်းထပြီး တခြားသောရိပ်သာနည်းတွေမှာ ၀ိပဿနာကို တန်းပြီးအားထုတ်ကြတာ၊ သမထကို သုံးလေးရက်အားထုတ်ပြီး ၀ိပဿနာဘက်ကူးသူများကို မဖြစ်နိုင်တာလုပ်ကြသူများလို့ ထင်တတ်ကြပါတယ်။ အဲဒီလိုရိပ်သာမျိုးမှာ အားထုတ်နေမိတဲ့သူများအတွက် အကောင်းဆုံးအကြံပေးချင်တာကတော့ ခုနအပေါ်မှာ ပြောခဲ့သလို တရားလည်း အားထုတ်ရင်း တရားစာပေတွေကိုလည်း လက်လှမ်းမီသလောက် လေ့လာစေချင်တာပါဘဲ။ ဒါမှ ကိုယ့်ဆရာသမားတွေပြောတာဟာ စာပေကျမ်းဂန်နှင့်ကိုက်ညီမှုရှိမရှိ သိနိုင်မှာပါ။

နံပါတ် (၂) ကို ဘာလို့ ကျွန်တော်ပြောရတာလဲဆိုတော့ တရားအားထုတ်ကြတဲ့သူတော်တော်များများကို မေးလိုက်ရင် “ဆရာသမားက ဒီလိုပဲမှာထားတယ်။ ရိပ်သာမှာက အဲဒီအတိုင်းပဲလုပ်တယ်။ ကျန်တာတွေမသိဘူး။ စိတ်လည်း မ၀င်စားဘူး ” ဆိုတာမျိုး ဖြေတတ်ကြပါတယ်။ ၀ိပဿနာတရားအားထုတ်ကြရာမှာ အဆင့်မြင့်လူ့အဖွဲ့အစည်းတွေမှာ မရှိမဖြစ်လိုအပ်တဲ့ Proactive ဆိုတာလေးလည်း ရှိဖို့ လိုလိမ့်မယ်လို့ ထင်ပါတယ်။ ဆရာသမားကတော့ ဒီလိုမှာထားပါတယ်။ မြတ်စွာဘုရားရှင်ကတော့ ဒီလိုဟောထားခဲ့တယ်။ ဘယ်ဆရာသမားတွေကတော့ ဘယ်လိုမျိုး ပြောထားတယ်။ ကိုယ်တိုင် အားထုတ်တဲ့အခါမှာ ဘယ်လိုမျိုးလေး လုပ်တာက ကိုယ့်အတွက် ပိုတရားသိလွယ် မြင်လွယ်တယ် ဆိုတာမျိုး တရားအားထုတ်သူဘက်က ကိုယ်ပိုင်ဝေဖန်သုံးသပ်နိုင်မှုလေး ရှိရင်တော့ ပိုကောင်းလိမ့်မယ်လို့ ထင်ပါတယ်။ (ကိုယ့်ဆရာသမားပြောတဲ့အတိုင်း လိုက်လုပ်တာလည်း လမ်းမှန်ကျပြီး ကိုယ့်အတွက် လွယ်ကောင်းလွယ်နိုင်ပါတယ်။) ကျွန်တော်ဆိုလိုချင်တာက မေးလိုက်ရင် ဆရာကိုချည်း၊ ရိပ်သာကိုချည်း ပုံချလိုက်တာမျိုးမဟုတ်ပဲ မြတ်စွာဘုရားရှင်အလိုတော်နှင့် ချိန်ညှိဖို့၊ တခြားဆရာသမားတွေရဲ့  အယူအဆကိုလည်း လေ့လာဖို့၊ ကိုယ်ကိုယ်တိုင်ရဲ့  အတွေ့အကြုံလေးပါ ထည့်စမ်းကြည့်ဖို့ တိုက်တွန်းလိုပါတယ်။

တရားအလုပ်ကို စလုပ်မယ်လို့ စိတ်ကူးနေကြသူများအတွက် အကြံပေးချင်တာကတော့ မိမိနှင့် အဆင်ပြေမယ့် တရားနည်းတစ်ခု (ရိပ်သာတစ်ခု) ကိုရွေးပါ။ အဲဒီက သင်ကြားပြသတာကို စနစ်တကျသင်ယူလေ့လာပါ။ တရားလောဘ သိပ်မကြီးပါနှင့်။ အနတ္တတရားမို့လို့ အကြောင်းညီညွတ်ရင် သူ့အလိုလိုရ ရသွားပါလိမ့်မယ်။ ကိုယ့်ဘက်ကသာ မှန်မှန်ကြိုးစားနေပေးဖို့ပါ။ စလုပ်ဖြစ်သွားဖို့နှင့် စွဲစွဲမြဲမြဲဆက်လုပ်သွားဖို့က အဓိကလိုရင်းပါလို့ ပြောချင်ပါတယ်။

အားထုတ်လက်စပုဂ္ဂိုလ်များကို အကြံပေးချင်တာကတော့ မိမိတရား တိုးတက်မှုရှိမရှိကို အမြဲသတိထားကြည့်ပေးပါ။ ကိုယ့်ကို အကောင်းဆုံး တရားစစ်ပေးမှာက လောကဓံတရားတွေပါဘဲ။ မင်္ဂလာတရားတော်မှာပါတဲ့ “ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ၊” ဆိုတဲ့ မင်္ဂလာတရားဟာ ကိုယ့်အတွက် တရားမှတ်ကျောက်တိုက်သလို ဖြစ်နေစေမှာပါ။ ၀ိပဿနာတရားဟာ ထိုင်ပြီးမှတ်မှ မှတ်လို့ရတဲ့တရားမျိုးလည်း မဟုတ်ပါဘူး။ တစ်နေ့လုံး အိပ်ရာနိုးတဲ့အချိန်ကနေ ညအိပ်ရာဝင်တဲ့အချိန်အထိ မှတ်လို့ရနေတာပါ။ ရိပ်သာတွေမှာ တရားထိုင်ချိန်ဆိုပြီး နာရီတွေနှင့် သတ်မှတ်ထားပေမယ့် နေ့စဉ်ဘ၀အားထုတ်ချိန်မှာတော့ မနက်မိုးလင်းကနေ ညမိုးချုပ်အထိ တရားချိန်လို့သတ်မှတ်ပြီး အားထုတ်နိုင်ရင် အကောင်းဆုံးပါဘဲ။ အချိန်သတ်သတ်မှတ်မှတ်ပေးနိုင်တဲ့အခါ Formal Sitting နှင့်လည်း တရားကိုအားထုတ်ပါ။ ကျန်အချိန်တွေမှာတော့ Living Meditation လို့ခေါ်တဲ့ တစ်နေ့တာ လုပ်စရာ ကိစ္စအ၀၀ကို လုပ်နေရင်းနှင့် တရားရှုမှတ်နှလုံးသွင်းတာကိုလည်း မဖြစ်မနေ လုပ်ကြစေလိုပါတယ်။ အဲဒီလို တစ်နေ့တာလုံး တရားကို တစ်နည်းနည်းနှင့် အမြဲအားထုတ်ဖြစ်နေအောင် ကိုယ့်ဖာသာ တတ်နိုင်သလောက် လေ့ကျင့်ယူပေးကြပါလို့ ပြောချင်ပါတယ်။

အခုပြောခဲ့တဲ့ အခြေခံအချက်(၂)ချက်ဟာ တရားစစအားထုတ်ခါစအချိန်တစ်ခုတည်းမှာသာ လိုအပ်တာမဟုတ်ပဲ တရားအားထုတ်နေသမျှကာလပတ်လုံး ဒီနှစ်ချက်ဟာ အမြဲ လိုအပ်နေမှာ ဖြစ်ပါတယ်။

ကျွန်တော်လည်း သိပ်သိနေလို့ ဒီစာကိုရေးတာတော့ မဟုတ်ပါဘူး။ ခရီးတစ်ခုသွားနေရင်း လမ်းမှာ ကိုယ်နှင့်ခရီးတူသွားမယ့်သူတွေကို ကိုယ်သိသလောက် လမ်းကူပြပေးတဲ့သဘောမျှပါပဲ။ တချို့ လည်း ဒီခရီးအကြောင်း ကိုယ့်ထက်ပိုသိကြသူတွေလည်း ရှိနေမှာပါ။ အဲဒီပုဂ္ဂိုလ်များက ကျွန်တော်အခုရေးတဲ့အထဲ လွဲမှားတာတွေပါခဲ့ရင် မေတ္တာရှေ့ ထား ပြင်ပေးကြပါလို့.....။

လေးစားစွာဖြင့်
ဝိမုတ္တိသုခ
ဇွန်လ ၂၈ ရက်၊ ၂၀၁၁ခုနှစ်။

2 comments:

  1. နမော သွာက္ခာတော ဓမ္မော..ဧဟိပဿိကော...

    ReplyDelete
  2. နမော သွာက္ခာတော ဓမ္မော...ဧဟိပဿိကော...

    ReplyDelete