Monday, June 27, 2011

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၄၀)

ကျွန်ုပ်တွေ့သောစိတ်သဘာဝ ( ၉ )

ဤဘဝအတွင်း အားထုတ်ဆဲ၌ပင် စိတ်ငြိမ်းချမ်းမှု ရစေနိုင်သော ကျင့်စဉ်ကြီး
အတိတ်ဘဝ ရှိမရှိ၊ သံသရာ အစ ဘယ်သို့နည်း-ဟူသော ပြဿနာအားလုံး ရှင်းနိုင်သောလုပ်ငန်း

လွန်ခဲ့သော စက်တင်ဘာလအတွင်းက ရန်ကုန်မြို့သို့ ရောက်ခဲ့ရာတွင် ကျွန်ုပ်၏ဆောင်းပါးများကို ဖတ်ရှု၍ ၊ ဗုဒ္ဓဟောပြတော်မူခဲ့သည့် ဒိဋ္ဌေဒိဋ္ဌမတ္တံနည်းအတိုင်း ကျွန်ုပ် အားထုတ်ပုံများကို နှစ်သက်သဘောကျသော လူကြီးပိုင်းနှင့်လူလတ်ပိုင်းအချို့က ၎င်းတို့အား သင်တန်းပေးဖို့ တောင်းပန်ကြသည့် အလျောက်၊ လူကြီးများနှင့် လူလတ်များကို တစ်ခုစီ ပိုင်းခြားလျက် သုံးကြိမ်မျှစီ သင်တန်းပေးခဲ့ရပါသည်။ ထို့ပြင် မြန်မာပြည် အနှံ့အပြားရှိ ကျွန်ုပ်၏ ဆောင်းပါးပရိတ်သတ်အနက် နှစ်သက်သဘောကျသဖြင့် စမ်းသပ်အားထုတ်ကြသူများလည်း ဤမြို့တစ်ယောက် ထိုမြို့တစ်ယောက် စသည်ဖြင့် ရှိနေကြ၍ ၎င်းတို့ထံမှ ပေးစာများလည်း လက်ခံရရှိခဲ့ရာ ဤသူတို့အတွက်လည်းကောင်း၊ ရန်ကုန်မြို့၌ သင်တန်းဆင်းပြီးသော ဓမ္မ မိတ်ဆွေများအတွက်လည်းကောင်း ၊ ကျွန်ုပ်ပို့ချပြောပြခဲ့သော အခြင်းအရာများကို အကျဉ်းချုံးကာ ဆောင်းပါးတစ်ပုဒ် အနေဖြင့် ရေးသားဖော်ပြလိုက်ရပေဦးမည်။

ပန်းချီဆရာ ဥပမာ

ရှေးဦးမှာ စိတ်သဘာဝနှင့် ပတ်သက်၍ လူအများတို့ အထင်မှားလျက်ရှိသော အချက်တစ်ခုကို တင်ပြလို၏။ (ဤအကြောင်းအရာမှာ လွန်ခဲ့သော ၉ နှစ်ခန့်က ဟံသာဝတီ သတင်းစာ၌ ရေးသားဖော်ပြ ခဲ့ဖူးပါသည်။)

ပန်းချီဆရာ တစ်ယောက်သည် ကြောက်မက်ဖွယ်ကောင်းသော ဘီလူးရုပ် သို့မဟုတ် သရဲရုပ် တစ်ခုကို ရေးခြယ်သည်ဆိုအံ့။ အလွန်တရာ စိတ်ကူးကောင်း၍ လက်ရာမြောက်သော ပန်းချီကျော် တစ်ယောက်ဖြစ်သည့်အလျောက်၊ သူရေးခြယ်သော ဘီလူးရုပ်သည် လွန်စွာကြောက်စရာကောင်းလှ၍ ထိုသူသည် မိမိရေးခြယ်ထားသော အရုပ်ကြီးကို ကြည့်ရင်း သည်းတုန်အူတုန်ဖြစ်ကာ အလန့်တကြား အော်ဟစ်လိုက်မိသည်ဆိုအံ့။ ၎င်း၏ အော်သံကို ကြားရသောသူများသည် သူ၏ပန်းချီခန်းထဲသို့ ပြေးဝင်လာကြ၍ “ဘာဖြစ်တာလဲ” ဟုမေးကြည့်ရာတွင် ၎င်းပန်းချီဆရာက ဘီလူးရုပ်ကြီးကို ညွှန်ပြကာ “ကြောက်လှချေရဲ့ဗျာတို့” ဟုပြောသည်ဆိုအံ့။ ထိုအခါတွင် လူများက ၎င်းအရုပ်ကြီးကို မည်သူရေးခြယ်ပါသနည်းဟုမေးကြရာ ပန်းချီဆရာက မိမိ ရေးခြယ်ထားကြောင်း ပြောပြသည်နှင့် “အံ့ဩစရာကောင်းလိုက်တဲ့ လူတစ်ယောက်ပါပဲဗျာ၊ ကိုယ်ရေးတဲ့ အရုပ်ကို ကိုယ့်ဟာကိုယ်ကြည့်ပြီးလန့်အော်ရသတဲ့ဗျာ၊ ဒီလူတော့ရူးပြီထင်တယ်” ဟု ဆိုကြပေလိမ့်မည်။

ထိုအခါ တစ်ယောက်သောသူက “ဒါဖြင့် ဒီအရုပ်ကားကြီးကို ဖျက်ပစ်လိုက်ပါတော့လားဗျ” ဟုပြော၍ ပန်းချီဆရာ က “ရေးထားမိပြီးဟာမို့ ဖျက်လို့မရတော့ဘူးဗျာ” ဟုပြောရာတွင် “ခက်လိုက်တဲ့ လူတစ်ယောက် ပါတကား ၊ ကိုယ်ရေးတဲ့ အရုပ်ကို ကိုယ်ဖျက်လို့ မရတော့ဘူးတဲ့ဗျာ၊ ဟုတ်နိုင်ကြရဲ့လား” ဟုဆိုသူများက ဆိုကြပေလိမ်မည်။ ဤတွင် အခြားလူတစ်ယောက်က “ဒီလိုဆိုရင် ဒီအရုပ်ကားကြီး ကို မကြည့်ဘဲနေပါတော့လားဗျာ….”ဟု အကြံပေးရာ ပန်းချီဆရာက “မကြည့်ဘဲလည်း ကျွန်တော် မနေနိုင်ဘူးဗျ၊ ကြည့်နေရမှာဘဲ” ဟုပြန်ပြောသည်ဆိုအံ့။ ကြားရသောလူများက “ခက်ပြီဗျို့  ၊ ကျုပ်တို့ ပန်းချီ ဆရာတော့ ရူးတာမှ သွက်သွက်ချာနေပါပြီကောလားဗျာတို့” ဟုဆိုကြပေလိမ့်မည်။ ဤကား စိတ်သဘာဝနှင့် ပတ်သက်သည့် ဥပမာဖြစ်၏။ ဥပမေယျကား ဤသို့တည်း။

ပုထုဇနော ဥမ္မတ္တကော

သတ္တဝါဟူသမျှမှာ (အထူးသဖြင့် လူသတ္တဝါများမှာ) အထက်ပါ ပန်းချီဆရာကဲ့သို့ ပြုမူလျက်ရှိနေခြင်းကို ကိုယ့်ဟာကိုယ် မသိဘဲဖြစ်လျက်ရှိကြသည်။ လူသတ္တဝါသည် ပစ္စုပ္ပန်အပေါ်၌ အာရုံ မပြုဘဲလျက် အတိတ်အဖြစ်အပျက်များနှင့် အနာဂတ်အတွက် အတွေးအခေါ်များဖြင့်သာ အချိန်ကုန်လျက်ရှိ ကြ၏။

တစ်ယောက်သောသူက မိမိအား ထိခိုက်နစ်နာလောက်အောင် ပုတ်ခတ်ကဲ့ရဲ့သည်ဆိုလျှင် ၊ ခံရသောလူသည် ထိုအခြင်းအရာကို မကြာမကြာ သတိရကာ ခဏခဏ ဖော်ထုတ်၍ ကြိမ်ဖန်များစွာ ဒေါသဖြစ်လျက်၊ စိတ်ဆင်းရဲခြင်း ဖြစ်ရလေတော့သည်။ ပုတ်ခတ်ကဲ့ရဲ့သောလူ၏ စကားလုံးများကား အတိတ်ဖြစ်၍ လေထဲ၌ ပျောက်ကွယ်ကုန်ခန်းသွားခဲ့လေပြီ။

ခံရသူအဖို့မှာကား ပြန်လည်ဖော်ထုတ်မိတိုင်း မူလကကဲ့သို့ ပီပီသသကြီး ပေါ်ထွက်လာ၍ နှလုံးပူလောင်ခြင်း ဖြစ်ရလေတော့သည်။ ခံရသောလူသည် ထိုအခြင်းအရာ ကို ဖျောက်ဖျက်ပစ်ရန် မတတ်နိုင်ဟု ဆိုလျှင် ၊ ပန်းချီကား ကို ဖျက်ပစ်ရန် မတတ်နိုင်ဟု ဆိုသော ပန်းချီဆရာနှင့် တူသည်မဟုတ်ပါလော။ ထိုအကြောင်းကို မစဉ်းစားဘဲ မနေနိုင်ဟု ပြောခဲ့လျှင်လည်း၊ ပန်းချီကားကို မကြည့်ဘဲ မနေနိုင်ဟုပြောသော ပန်းချီဆရာ၏ စကားနှင့် အတူတူပင် ဖြစ်သည် မဟုတ်ပါလော။

ပန်းချီဆရာကိုမူကား အရူးတစ်ယောက်ဟူ၍ ခေါ်ကြမည်ဖြစ်ရာ လွန်လေပြီးသော အဖြစ်အပျက်တစ်ခုသည် မိမိအား နှလုံးမသာယာခြင်း ဖြစ်စေသည်ဟု သိပါလျက်နှင့် တစ်ဖန်ပြန်၍ ဖော်ထုတ်ခေါ်ယူခြင်း မပြုဘဲ မနေနိုင်ပါဟု ဆိုခြင်းသည်လည်း “ရူးခြင်း” ပင်ဖြစ်သည်ဟု ဆိုထိုက်သည် မဟုတ်ပါလော။ (ပုထုဇနော ၊ ဥမ္မတ္တကော) ပုထုဇဉ်ဟူသမျှသည် “အရူးများ” ဖြစ်ကြသည်ဟု ဗုဒ္ဓဆိုတော်မူခဲ့ရာ ထိုစကားတော်၏ မှန်ကန်ခြင်းသည် ဤကိစ္စမျိုးတွင် အထူးထင်ရှားလှသည်ဟု ကျွန်ုပ် စဉ်းစားမိပါတော့သည်။

ဆန်းကြယ်သော စိတ်သဘာဝ

လွန်လေပြီးသော နှလုံးမသာယာဖွယ်အဖြစ်အပျက် တစ်ခုကို ပြန်လည်ဖော်ထုတ် သည့်အခါ နှလုံးမသာမယာ ဖြစ်ရခြင်းတည်းဟူသော စိတ်သဘာဝကို ရှင်းလင်း ဖော်ပြရပေဦးမည်။

လူတစ်ယောက်သည် ဆင်အကြောင်းကိုစဉ်းစားလိုက်သည့်အခါ ၊ ဆင်တစ်ကောင်၏ ပုံသဏ္ဌာန် ပေါ်ထွက်လာပေလိမ့်မည်။ ၎င်းဆင်သည် တကယ့်ဆင်လောဟု မေးလျှင် တကယ့်ဆင်မဟုတ် ၊ စိတ်က ဖန်ဆင်းသော ဆင်မျှသာဖြစ်သည်ဟု ဖြေတတ်ကြပေလိမ့်မည်။ သို့ဆိုလျှင် စိတ်သည် တစ်နေရာမှနေ၍ ဆင်ကောင်ကြီးကိုဖန်ဆင်းသလော၊ စိတ်တခြား ဆင်တစ်ခြားလောဟုမေးခဲ့လျှင် ရုတ်တရက် မဖြေတတ်ဘဲ ရှိတတ်ပြီးနောက် တစ်ခြားစီကား မဟုတ်နိုင် အတူတူပင်ဖြစ်တန်ရာသည်ဟု စဉ်းစားမိကြတန်ရာသည်။ သို့သော် အများအားဖြင့် ထင်မှတ်တတ်ကြသည်မှာကား စိတ်က ဆင်ကောင်ကြီးကို ဖန်ဆင်းလိုက်သောအခါ၊ ထိုဆင်ကောင်ကြီးကို ငါကမြင်ရသည်ဟု ထင်မှတ်တတ်ကြ လေသည်။ စိတ်သဘာဝ အစစ်အမှန်မှာ စိတ်တခြား ဆင်တခြားမဟုတ်ရုံသာမကသေး၊ ဆင်ကောင်ကို စိတ်ကဖန်ဆင်းသော အခိုက်အတန့်တွင် ဆင်၏ သဏ္ဌာန်ကို သိသောစိတ် (ဆင်စိတ်) ဖြစ်လာ၍ ထိုဆင်သည် “ စိတ်ဆင်” မျှသာဖြစ်သည်။ ထိုပုံသဏ္ဌာန်ကို မြင်သော ငါကောင်ဟူ၍ ရှိသည် မဟုတ်ချေ။ စာဖတ်သူသည် ဤအခြင်းအရာကို နှလုံးသို့ ခိုက်အောင် မခံယူနိုင်သေးစေကာမူ ၊ ဦးနှောက် ဖြင့်(intellectually) သဘောပေါက်သည်ဆိုလျှင်ပင် ချီးကျူးထိုက်ပါပေပြီ။ (မဂ်ဖိုလ် အလုပ်ဟူသည်မှာ ဦးနှောက်သက်သက် အလုပ်မဟုတ်၊ နှလုံးသို့ခိုက်အောင် ခံယူရသော အလုပ်မျိုးဖြစ်ချေသည်။)

ကိုယ့်ဟာကိုယ်ဆင်းရဲအောင်လုပ်ခြင်း

တစ်ဖန် အထက်တွင်ဖော်ပြခဲ့သော အခြင်းအရာ၌ မိမိအား ပုတ်ခတ်ကဲ့ရဲ့ သောဖြစ်ရပ်ကို ပြန်လည်ဖော် ထုတ် လိုက်သည့်အခါ စင်စစ်အားဖြင့် ၎င်းဖြစ်အင်ကို ငါကပြန် သတိရလာခြင်းကား မဟုတ်၊ သညာ၏ အကူအညီအားဖြင့် ၎င်းဖြစ်ရပ်ကို တစ်ဖန်ထပ်၍ သိသော ဝိညာဉ်စိတ် ဖြစ်ပေါ်လာ၍ ဒေါသတည်းဟူသော သင်္ခါရက္ခန္ဓာ၊ အခံရခက်ခြင်းတည်းဟူသော ဒုက္ခဝေဒနာတို့သည် (နမ်ခန္ဓာလေးပါးတို့သည်) တစ်ပြိုင်နက် တည်း ဖြစ်ပေါ်လာကြရခြင်းမျှသာဖြစ်လေသည်။ ထိုကဲ့သို့ အသစ်တစ်ဖန်ထပ်လောင်း၍ အခံရခက်ခြင်း တည်းဟူသော ဒုက္ခဝေဒနာ ခံစားရခြင်းကိစ္စ၌ ပုတ်ခတ်ကဲ့ရဲ့သော လူသည် အကြောင်းရင်း စစ်စစ် မဟုတ်။ စိတ်ဆင်းရဲစေရအောင် စိတ်ကပင် ပြုလုပ်ခြင်းဖြစ်လေသည်။ ဆိုလိုရင်းမှာ မူလပထမ၌ ထိုသူ၏ ပုတ်ခတ်ကဲ့ရဲ့မှုကြောင့် စိတ်ဆင်းရဲခြင်း ဖြစ်ခဲ့ရသည်မှန်သော်လည်း၊ နောက်တစ်ဖန် ထပ်၍ အကြိမ်ကြိမ် ဒုက္ခဖြစ်ရခြင်းမူကား စိတ်ကို စိတ်က ပြုလုပ်ခြင်းဖြစ်သည်ဟုသာ ဆိုထိုက်ပေသည်။ အကြောင်းမူကား လွန်လေပြီးသော ဖြစ်ရပ်တစ်ခုသည် ပြီးဆုံးခဲ့ပြီး ဖြစ်ပါလျက် စိတ်က ဖော်ထုတ်ပြီး ကိုယ့်ဟာကိုယ် ဆင်းရဲအောင် ပြုလုပ်ရာရောက်လေသောကြောင့်တည်း။

(ကျွန်တော်ဆက်လက် ပို့စ်တင်နိုင်ရန်အတွက် ဒိဋ္ဌေဒိဋ္ဌမတ္တံစာအုပ်ကို အစအဆုံး စေတနာမေတ္တာဖြင့် ကူညီစာရိုက်ကုသိုလ်ပြုပေးတဲ့ ဒေါက်တာဝင်းလွင် ကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျား။)


(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)


1 comment:

  1. ဘစ်ကက်July 17, 2011 at 3:41 PM

    ဆက်တော့ဘူးလား....ဖြေပါ (သီချင်းသံဖြင့်ဖတ်ပါ) :D

    ReplyDelete