Tuesday, June 14, 2011

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၃၉)

အတွင်းဘက်သို့ လှည့်ခြင်း

ဒိဋ္ဌေဒိဋ္ဌမတ္တံနည်းအတိုင်း အားထုတ်သော ယောဂီသည် ပဉ္စာရုံများ ဆိတ်သုဉ်းသွားစေအောင် ရည်ရွယ်ချက် မထားသင့်။ အာရုံအမျိုးမျိုးနှင့် တိုက်ခိုက်၍ ဖြစ်ပေါ်လာသော (ဝိညာဉ်) စိတ်တို့ကို သတိနှင့် စောင့်ကြည့်ဖို့ဖြစ်၏။ ဥပမာ အသံတစ်ခုကြားလိုက်ရသည်ဆိုအံ့။ “ဘာသံပါလိမ့်” ၊“ဘယ်ကလာတဲ့ အသံပါလိမ့်” ဟူ၍ စဉ်းစားတွေးတောခြင်းမပြုရသည်ကား မှန်၏။ သို့ရာတွင် အသံကြားသည့် အခိုက်အတန့်၌ ဖြစ်ပေါ်လာသည့် (သောတဝိညာဉ်) ကြားစိတ်ကိုမူကား “ဘာပါလိမ့်” ဟုစူးစမ်းသင့်၏။ “ဘာသံပါလိမ့်” ဟူ၍ စဉ်းစားခြင်း နှင့် “ဘာပါလိမ့်” ဟူ၍ စူးစမ်းခြင်းတို့သည် ခြားနားခြင်းရှိ၏။ “ဘာသံပါလိမ့်” ဟူ၍ စဉ်းစားခြင်းသည် မိမိကြားဖူးသည့် အသံမျိုးတည်းဟူသော သညာအမှတ်အသား တို့ကို အမှီသဟဲပြု၍ စဉ်းစားပြီးနောက် ၊ ဇွန်းနှင့် ပန်းကန်ထိလိုက်သော အသံဟူ၍ ဆုံးဖြတ်ချက် ချပေတော့မည်။ အသံကို ကြားလိုက်ရသောအခါ “ဘာသံပါလိမ့်” ဟူ၍ မစဉ်းစားဘဲ “ဘာပါလိမ့်” ဟူ၍ စူးစမ်းခြင်းမူကား ဓမ္မဝိစယသမ္ဗောဇ္ဈဉ် အလုပ်ဖြစ်၍ “ကြားစိတ်” ၏ သဘောတရားကို စူးစမ်းခြင်းဖြစ်လေသည်။ ယင်းသို့စူးစမ်းသောအခါတွင်လည်း “သောတဝိညာဉ်စိတ်” ဟူသော အမည်ပညတ်ဖြင့် ကိုယ့်ဟာကိုယ် အဖြေပေးရန်မဟုတ်။ ထိုကြားစိတ်၏ သဘာဝကို စူးစမ်းဆင်ခြင်ရန်မျှသာ ဖြစ်ပေသည်။ ဤကဲ့သို့ စူးစမ်းခြင်းသည် ပစ္စုပ္ပန် အာရုံပေါ်မှ ဖြစ်ပေါ်လာသော သဘာဝနှင့် ပတ်သက်၍ ဆင်ခြင်ခြင်းဖြစ်သောကြောင့် ပစ္စုပ္ပန် တည့်တည့်ကြီး မဟုတ်တော့စေကာမူ ပညာစေတသိက်ဖြစ်သော ဓမ္မဝိစယသမ္ဗောဇ္ဈဉ် နှင့် လည်းကောင်း၊ ၀ိတက်စေတသိက်ဖြစ်သော သမ္မာသင်္ကပ္ပမဂ္ဂင်နှင့် လည်းကောင်း ယှဉ်သည်ဖြစ်၍ တန်ဖိုးရှိလှသည်ဟု နားလည်သင့်ကြပေသည်။ ဖြစ်ပေါ်လာသောပဉ္စာရုံ အပေါ်၌ လည်းကောင်း၊ ကြံစည်စိတ်ကူးမိခြင်းတည်းဟူသော ဓမ္မာရုံ အပေါ်၌လည်းကောင်း ထိုကဲ့သို့ ရံဖန်ရံခါ စူးစမ်းဆင်ခြင်သင့်ပေသည်။

ဉာဏ်အမြင်ပါရမည်

ကြားကာမတ္တ၊ မြင်ကာမတ္တဖြင့်သာ နေနိုင်လောက်အောင် သတိကောင်း လှပါသည်ဆိုသော်လည်း၊ အထက်တွင်ဖော်ပြခဲ့သည့် ဓမ္မဝိစယသမ္ဗောဇ္ဈဉ် နှင့် သမ္မာသင်္ကပ္ပမဂ္ဂင်တို့ မယှဉ်ခဲ့လျှင် ဉာဏ်အမြင်မပါဘဲ လျက်နှင့် ပဉ္စာရုံများ ဆိတ်သုဉ်းသွားသည်အထိ သမာဓိလွန်ကဲသွားတတ်သောကြောင့် အထူးသတိပြု ကြရာချေသည်။ သမာဓိလွန်ကဲပြီး အာရုံတွေ ဆိတ်သုဉ်းသွားရသည်ဆိုလျှင် ဉာဏ်အမြင်တိုးတက်ခြင်း လည်း မရှိနိုင်တော့၊ လုပ်စရာ အလုပ်လည်း ရှာမတွေ့ဘဲ တငြိမ်းတည်းငြိမ်းနေရုံသာရှိပေတော့မည်။ ငြိမ်း တိုင်းလည်း မဂ်မဟုတ်၊ ဖိုလ်လည်းမဟုတ်။ သမာဓိသက်သက်ဖြစ်နိုင်၏။ အထူးအရေးကြီးသည်ကား မဂ်ဖိုလ် နိဗ္ဗာန် အလုပ်ဟူသည်မှာ သမာဓိအထောက်အကူ လိုအပ်သည်မှန်သော်လည်း ထူးကဲသော ဉာဏ်အမြင် မပါဘဲလျက်နှင့် မဖြစ်နိုင်ခြင်းကိုလည်း သတိပြုကြရာချေသည်။

သဘောပေါက်ခဲ့ရပုံ

ဤကျင့်စဉ်နှင့်ပတ်သက်၍ ကျွန်ုပ်၏ ကိုယ်တွေ့တစ်ခုကို တင်ပြရပေဦးမည်။ အတော်သတိမြဲ၍ အလေ့အကျင့် ရရှိလာသောအခါ၌ ဗဟိဒ္ဓသို့ စိတ်မရောက်တော့ဘဲ ဖြစ်လေသမျှသော အခြင်းအရာ တို့သည် မိမိအတွင်း၌သာ ဖြစ်လျက်ရှိသည်ဟု ထင်မြင်လာရာတွင် “ဒါဘာဖြစ်တာလဲ” ဟု ကိုယ့်ဟာကိုယ် မေးလိုက်၏။ ထိုကဲ့သို့မေးရင်း အတွင်း၌ ဖြစ်နေသော သဘောကိုလည်း အထပ်ထပ်ရှုဆင်ခြင်၏။ ဤတွင် အောက်ပါအတိုင်း ကျွန်ုပ် သဘောကျလာသည်။

မိမိအတွင်း၌ ဖြစ်လေသမျှသော “သိစိတ်” ဟူသမျှတို့ သည် အဟုတ်တကယ် ရှိနေသည်မဟုတ်၊ မှန်ထဲ၌ အရိပ်သဖွယ် ထင်လာခြင်းမျှသာဖြစ်သည်။ ဥပမာ၊ မှန်တစ်ချပ်ကို ထောင်ကြည့်လိုက်သောအခါ အလျဉ်းသင့်သော ဝတ္ထုပစ္စည်းများ၏ အရိပ်များ ထင်လာခြင်းကို မြင်ရ၏။ တစ်နေရာ၌ စားပွဲကုလားထိုင်များကိုမြင်ရ၍ မှန်ကို အနည်းငယ်ရွှေ့ပေးလိုက်ရာတွင် ဗီရိုကိုမြင်ရ၏။ တစ်ဖန်ထပ်၍ ရွှေ့ပြန်သော် ပြတင်းပေါက်ကို မြင်ရ၏။ ထိုမှန်ထဲ၌ မြင်ရသောဝတ္ထုပစ္စည်းများသည် တကယ်မဟုတ်၊ အရိပ်များသာဖြစ်၏။ အရိပ်သည်တကယ်ဟုတ်သော်လည်း မှန်ထဲမှ ဝတ္ထုပစ္စည်းများကား တကယ်မဟုတ်ချေ။ ထိုနည်းတူစွာ စိတ်ထဲ၌ အာရုံတစ်ခု ပေါ်လာသောအခါ တကယ့်အခြင်းအရာမဟုတ်၊ အာရုံ၏ အရိပ်ထင်ခြင်းမျှသာဖြစ်ချေသည်ဟု သဘောကျလာ၏။ တိုက်ရိုက်ဖော်ပြရသော် ကျွန်ုပ်အားစော်ကားဖူးသော လူတစ်ယောက်အားသတိရလိုက်သည် ဆိုလျှင် ထိုလူသည် ကျွန်ုပ်အဖို့၌ အဟုတ်တကယ်ရှိလာ၍ ဒေါသစိတ်ဖြစ်ပေါ်လာရတော့သည်။ စင်စစ်မှာ ထိုလူသည် ၎င်းခဏ၌ အဟုတ်တကယ်ရှိကောင်းမှ ရှိမည်။ ကွယ်လွန်ပြီး ဖြစ်ချင်လည်းဖြစ်နိုင်သည်။ ကွယ်လွန်ပြီးပင်ဖြစ်စေကာမူလည်း စော်ကားခြင်းကို သတိရလိုက်မိလျှင်ဒေါသစိတ်ဖြစ်တတ်သေး၏။ သို့ ဆိုလျှင် အရိပ်ကိုအကောင်ထင်ပြီး နှလုံးမသာယာမှုဖြစ်ရခြင်းပေတကား။ မှန်ထဲ၌ မြင်ရသော ဝတ္ထုပစ္စည်း ကို တကယ်ထင်မှတ်၍ ကိုင်တွယ်စမ်းသပ်လိုခြင်းမျိုးနှင့် တူနေပြီတကား စသဖြင့် သဘောပေါက်ခဲ့ဖူးလေသည်။

သိသည်ဆို၍ မပြီးခြင်း

ထိုနောက်ပိုင်း၌မူကား ပေါ်လာလေသမျှသော ဣဋ္ဌာရုံများ နှင့် အနိဋ္ဌာရုံများသည် တကယ်ပေလောဟု ကိုယ့်ကိုယ်ကိုယ်မေးလိုက်သည့်အခါ တကယ်မဟုတ်၊ အကြောင်းတိုက်ဆိုင်ခိုက်တွင် အာရုံ၏ အရိပ်ထင်ခြင်းမျှသာ ဖြစ်သည်ဟု သုံးသပ်မိ၍ ထိုကဲ့သို့ သုံးသပ်မိတိုင်းလည်း အတော်ကြီး ငြိမ်းချမ်းမှုရလေ တော့သည်။ တစ်ခါတစ်ရံတွင်လည်း အလိုမရှိအပ်သော အနိဋ္ဌာရုံကို ဤနည်းဖြင့် သုံးသပ်၍ ပျောက်ကွယ် သွားသောအခါ၊ အာရုံနှင့်တကွ ထိုအာရုံကို သိသောစိတ်သည်ပျောက်ကွယ်သွား၍ ၊ စိတ်အသစ် ဖြစ်ပေါ် နေခြင်းကို တွေ့ရပြန်ရာတွင် ယခင်စိတ်ဟောင်းသည် မည်သည့်နေရာဌာနသို့ ရောက်သွားပြီး စုပုံလျက်ရှိပါသနည်းဟူ၍ စစ်ဆေးမိပါသေးသည်။ ဘယ်မှာမှ စုပုံလျက်မရှိပါဟူ၍ ပြောတတ်ကြမည်ဖြစ်သော်လည်း၊ သာမန်ပြောတတ်ခြင်းနှင့် တကယ့် လက်တွေ့အလုပ်လုပ်၍ တွေ့ရှိ ရသောအခြင်းအရာတို့၏ ခြားနားပုံ အရေးကြီးခြင်းကို အထပ်ထပ်သတိပေးလိုသည်။ တရားဆိုသည်မှာ “သိလျှင်ပြီးသည်” ဟူသောဂိုဏ်းသားများလည်းရှိကြပေရာ၊ ထိုသူတို့ကလည်း “ဘယ်မှာမှ စုပုံလျက်မရှိခြင်း” ကို မိမိတို့သိပါသည်ဟု ပြောကြပေလိမ့်မည်။ သို့ရာတွင် ထိုသူတို့၏ “အသိ”နှင့် ဓမ္မဝိစယသမ္ဗောဇ္ဈဉ်အရ စုံစမ်းစစ်ဆေးခြင်းအားဖြင့် ဖြစ်ပေါ်လာသော ယောဂီ၏ “အသိ” တို့မှာအကြီးအကျယ်ခြားနားခြင်းရှိကြောင်း သတိပြုကြစေလိုသည်။

ဉာဏ်ရင့်ကျက်ရပုံ

ကိုယ်တွေ့အခြင်းအရာတစ်ခုကို ဆက်လက်တင်ပြရသော်၊ တစ်ခါတစ်ရံတွင် စိတ်တုန်လှုပ်ချောက်ချားစေ သည့် ဓမ္မာရုံ တစ်ခုဖြစ်ပေါ်လာ၍ အထက်ပါနည်းအတိုင်းဆင်ခြင်သုံးသပ်လိုက်သဖြင့် ပျောက်ကွယ်သွား ရာတွင် “ဘယ်လိုဖြစ်တာပါလိမ့်” ဟူသောစုံစမ်းမှု ဖြစ်ပေါ်လာ၏။ ဤတွင် အောက်ပါဥပမာသည် စိတ်ထဲတွင်ဘွားခနဲပေါ်လာ၏။

လူသူမနီးသော တောကြီးထဲ၌ လေပြင်းကလေး တစ်ချက်တိုက်ခတ်လိုက်ရာတွင် သစ်ကိုင်းသစ်ခက်များရုတ်တရက်လှုပ်ရှား၍ သစ်ရွက်များကြွေကျကာ ၎င်းဒေသတဝိုက်၌ လှုပ်လှုပ်ရှားရှားဖြစ်သွားသော်လည်း တစ်ခဏမျှကြာ၍ လေငြိမ်သက်သွားရာတွင် သစ်ကိုင်းသစ်ခက်နှင့် သစ်ရွက်တို့လည်းငြိမ်သက်သွားကြ၏။ တောနက်ကြီးထဲ၌ဖြစ်သော လှုပ်ရှားမှုတစ်ခုဖြစ်ခြင်းကြောင့် တစ်ဦးတစ်ယောက်သောသူကမျှ သတိလည်းမပြု၊ သိလည်းမသိလိုက်ချေ။ ထိုနည်းတူစွာ ကျွန်ုပ်၏စိတ် တုန်လှုပ်ချောက်ချားမှုမှာလည်း ဘယ်သူမှ မသိလိုက်ဘဲ ပြီးဆုံးသွားချေပြီတကား။ လေတိုက်စဉ်ခဏတွင် တောထဲ၌ သစ်ရွက်များကြွေကျခြင်းကဲ့သို့ ၊ ကျွန်ုပ်စိတ်မှာလည်း ထိုစဉ်က လှိုင်းထမ်းပိုးထကြွကာ အရေးတကြီး ထင်ခဲ့မိသော်လည်း၊ ဆင်ခြင်သုံးသပ်လိုက်သောအခါတွင် ထိုလေကဲ့သို့ပင် ဘယ်ဆီ ရောက်မှန်းမသိ ပျောက်ပျက်သွားချေပြီတကား၊ စသည်များဖြင့် နှလုံးသွင်းခြင်းအားဖြင့် ဉာဏ်ရင့်ကျက် ခြင်း သို့ ရောက်လာရပေသည်။

တိုက်တွန်းနှိုးဆော်ချက်

နိဂုန်းချုပ်အနေဖြင့် ကျွန်ုပ် အထူးတလည် တိုက်တွန်းလိုသည်မှာကား ဤခေတ်၌ တရားအားထုတ်ကြသော ယောဂီများသည် သမာဓိ အရေးကြီးခြင်းကို နားလည်ကြသလောက်၊ ဓမ္မဝိစယသမ္ဗောဇ္ဈဉ် နှင့် သမ္မာသင်္ကပ္ပမဂ္ဂင်တို့၏ အရေးကြိးခြင်းကို အလေးပေးပြီး ထည့်သွင်းအလုပ်လုပ်ခြင်း နည်းပါးလှ၏။ ဝိတက်စေတသိက်ဖြစ်သော သမ္မာသင်္ကပ္ပမဂ္ဂင်အကြောင်းကို ရံဖန်ပြောတတ်ကြသော်လည်း၊ ပညိနြေ္ဒစေတသိက်ဖြစ်သည့် ဓမ္မဝိစယသမ္ဗောဇ္ဈဉ် ခေါ်စူးစမ်းခြင်းအလုပ်မျိုးကိုမူ ပြောသံကြားရခဲလှသည်။ အခြားသောအားထုတ်နည်းများအကြောင်းကို ဝေဖန်ရန် အလိုမရှိဘဲ၊ ဒိဋ္ဌေဒိဋ္ဌမတ္တံ နည်းအရ အားထုတ် ကြသော ယောဂီများအဖို့မှာ သမာဓိ သက်သက်လွန်ကဲသောအခါ၌ ဉာဏ်အမြင်ဖြင့် အဆင့်ဆင့်တက်ရ မည့်အစား၊ အာရုံများဆိတ်သုဉ်း၍ “ငြိမ်း” သွားသောအဖြစ်သို့ ရောက်သွားတတ်သည် ဖြစ်သောကြောင့် ဓမ္မဝိစယသမ္ဗောဇ္ဈဉ် သို့မဟုတ် သမ္မာသင်္ကပ္ပမဂ္ဂင်ကိုလက်မလွတ်စေဖို့ နှိုးဆော်အပ်ပါသည်။

(ကျွန်တော်ဆက်လက် ပို့စ်တင်နိုင်ရန်အတွက် ဒိဋ္ဌေဒိဋ္ဌမတ္တံစာအုပ်ကို အစအဆုံး စေတနာမေတ္တာဖြင့် ကူညီစာရိုက်ကုသိုလ်ပြုပေးတဲ့ ဒေါက်တာဝင်းလွင် ကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျား။)


(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)

No comments:

Post a Comment