Wednesday, June 8, 2011

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၃၈)

ကျွန်ုပ် သံဝေဂရခဲ့ပုံ

ရုတ်တရက်မဖြေဆိုခဲ့ခြင်းမှာ ဤသို့သော အကြောင်းကြောင့်ပေတည်း။

ကျွန်ုပ်သည် ပထမအကြိမ် တရားအားထုတ်ပြီးသည့် ခပ်ရွယ်ရွယ်အချိန်၌ တရားသဘာဝ အယူအဆနှင့်ပတ်သက်၍ တရားသမားများ၏ အမှားကိုထောက်ပြခြင်းအလုပ်၌ အလွန် မွေ့လျော်၏။ တရားဆွေးနွေးသည်ဆိုလျှင် တစ်ဖက်သား၏ ချွတ်ယွင်းချက်ကို “တက်ခနဲ” ထောက်ပြချင်တတ်၏။

တစ်နေ့သ၌ တရားဂိုဏ်းသား တစ်စု နှင့် တွေ့ဆုံမိရာ ၊ ၎င်းဂိုဏ်း၏ အယူမှာ နိဗ္ဗာန်သည် အလွယ်ကလေးနှင့်ရနိုင်သော သဘာဝဖြစ်သည်။ “ဥပါဒါန ပစ္စယာ ဘဝေါ” ဟု ဗုဒ္ဓဟောတော်မူသောကြောင့် ဥပါဒါနကို ဖြတ်လိုက်လျှင် ဘဝမရှိနိုင်။ သူတို့အဖို့မှာ လူလည်းမဖြစ်ချင်၊ နတ်လည်းမဖြစ်ချင် ၊ ဗြဟ္မာလည်းမဖြစ်ချင်၊ ထို့ကြောင့် ဥပါဒါန်ပြတ်လျက်ရှိသည်။ ထို့ကြောင့်ဘဝမရှိတော့၊ နိဗ္ဗာန်ရောက်ကြရမည်ဟူသော အယူပင်ဖြစ်သည်။ သို့ဆိုလျှင် လောကဓံရှစ်ပါးကို အောင်မြင်ကြပြီလောဟု ကျွန်ုပ်ကမေးရာ ယခုမအောင်မြင်သော်လည်း ဟိုရောက်တော့ (နိဗ္ဗာန်ရောက်တော့) မှ အောင်မြင်ကြလိမ့်မည်ဟု ဖြေဆိုကြသည်။

ဤတွင်ကျွန်ုပ်က ဥပါဒါန် ပြတ်ခြင်းဟူသည်မှာ ဤ ပစ္စုပ္ပန် ဘဝ၌ တွေ့ကြုံ ခံစားရသော ဣဋ္ဌာရုံ ၊ အနိဋ္ဌာနရုံ များအပေါ်တွင် ပြတ်ရမည်ဖြစ်ကြောင်း ၊ နတ်တို့ခံစားသော ကာမဂုဏ်စည်းစိမ်ကို အလိုမရှိတော့ပါဟု ပြောသော်လည်း ဤလက်ငင်းဘဝ၌ ခံစားရသော ကာမဂုဏ်စည်းစိမ် များအပေါ်တွင် သာယာမှုရှိနေသည် ဆိုလျှင် ဥပါဒါန်ပြတ်သည်ဟု မဆိုနိုင်ကြောင်း ၊ ဤဘဝတွင် နိဗ္ဗာန်မမြင်ရဖူးဘဲ နိဗ္ဗာန်ကို မရောက်နိုင် ကြောင်း အစချီကာရှင်းလင်းပြောပြလေရာ အချို့ကငြင်းကြသော်လည်း နှစ်ယောက် သုံးယောက်က မူ သဘောကျ၍ ဝန်ခံကြသည်။ တစ်ယောက်သော မိန်းမကြီးကမူ “ ကျုပ်တို့မှာ ပတ္တမြားမှတ်လို့ ထုပ်ထားမိတာပါ၊ လက်စသတ်တော့ ပတ္တမြား မဟုတ်ဘဲ ခရမ်းချဉ်သီးဖြစ်နေပါပြီကော” ဟု ဝမ်းနည်းပက်လက် စိတ်ပျက်စွာနှင့် ပြောလိုက်သေးသည်။

ဤတွင် ၎င်းဂိုဏ်းသားအချင်းချင်းလည်း ပဋိပက္ခဖြစ်ကြ၍ စိတ်ပျက်သည်ဆိုသော ဂိုဏ်းသားများသည် ကျွန်ုပ်ထံမှ နည်းနာကျနအောင် ယူ၍ အားထုတ်ခြင်းလည်းမပြု၊ မည်သည့်တရားကိုမျှ စိတ်ဝင်စားခြင်း မရှိတော့ဘဲ၊ ပစ္စလက္ခသဘောမျိုး နေလိုက် ကြတော့သည်။ ထိုလူစုကား လွယ်လွယ်နှင့်မရနိုင်ဆိုလျှင် ခဲယဉ်းစွာ အလုပ်မလုပ်ချင်ကြသော လူများဖြစ်ကြဟန်တူ၏။

ထိုအချိန်မှစ၍ ကျွန်ုပ်မှာ တရားဆွေးနွေးခြင်းနှင့်ပတ်သက်၍ သံဝေဂဖြစ်ပြီး နှုတ်ဆိတ်စွာနေလာခဲ့ပါတော့သည်။


ပရိယာယ်သုံးရခြင်း

ကျွန်ုပ်၏ ဆောင်းပါးများကိုဖတ်ရ၍ ဒိဋ္ဌေဒိဋ္ဌမတ္တံနည်းအရ လေ့ကျင့်လျက်ရှိသော အထက်ဖော်ပြခဲ့သည့် ပုဂ္ဂိုလ်တို့မှာမူ ၊ ထိုကဲ့သို့ စိတ်ပျက်ပြီး လက်လျော့သွားမည့် အမျိုးအစားမဟုတ်ခြင်းကို ကျွန်ုပ် အကဲခတ်မိပါ၏။ သို့သော် သူ၏ တရားအမြင်ကို အတော်ကြီးသဘောကျလျက်ရှိသူဖြစ်၍ ကျွန်ုပ်က ဤသို့မဟုတ်သေးဟု ပြောပြလိုက်ပါက ၊ အလွယ်တကူလက်ခံမည့်သူတစ်ယောက် ဟုတ်ဟန်မတူသည့်ပြင် ကျွန်ုပ်အပေါ်၌ပင် အထင် အမြင်သေးသွားမည့်ပုံရ၏။

ထို့ကြောင့် ကျွန်ုပ်က သူ၏ တရားအမြင်နှင့် ကျွန်ုပ်၏တရားအမြင်မှာ ခြားနားလျက်ရှိကြောင်း ၊ သူကမှန်ချင်လည်းမှန်ပေမည်။ ကျွန်ုပ်က မှန်ချင်လည်းမှန်နေမည်။ ဆက်လက်ဆွေးနွေးသောအခါ၌ သူကမှန်လျှင်လည်း ကျွန်ုပ်က ပြုပြင်ရပေမည်။ ကျွန်ုပ်ကမှန်လျှင်လည်း သူကပြုပြင်ထိုက်သည် မဟုတ်ပါလောဟု မေးလိုက်ရာ သူက “ဟုတ်ပါပေသည်၊ ကျွန်တော်မှားလျှင်လည်း ပြုပြင်ပြောင်းလဲဖို့ အဆင်သင့်ရှိပါသည်” ဟု ဝန်ခံပေသည်။ (ဤသို့ဆွေးနွေးလျက်ရှိနေစဉ် ကျွန်ုပ်တို့အနီး ၌ ကျွန်ုပ်ညွှန်ပြသည့် ဒိဋ္ဌေဒိဋ္ဌမတ္တံ နည်းအရ အားထုတ်ဆဲရှိသော အခြားယောဂီတစ်ယောက်သည်လည်း နားထောင်လျက်ရှိရာ၊ သူ၏မျက်နှာ၌ အံ့အားသင့်သော အမူအရာ ဖြစ်ပေါ်လာခြင်းကို ကျွန်ုပ် သတိပြုလိုက်မိ၏။ ထိုယောဂီက ကျွန်ုပ်အား နောင်၌ပြောပြသည်မှာ “ဆရာကြီးဟာ စာရေးတဲ့အခါတော့ အင်မတန် လေထန်ပြီး စကားပြောတော့ လေပျော့လှပါကလားလို့ အောက်မေ့မိတယ်…” ဟုပြောပြ၏။ ကျွန်ုပ်က စာရေးသောအခါ၌ ပြတ်ပြတ်သတ်သတ်၊ တင်းတင်းမာမာ ရေးတတ်ခြင်းကား မှန်ကြောင်း၊ စကားပြောသောအခါ၌လည်း ကျွန်ုပ်အား “ကပ်ဖဲ့” ပြောချင်သူဖြစ်လျှင် ဆိတ်ဆိတ်သော်လည်းနေမည်၊ သို့မဟုတ်၊ ခပ်တင်းတင်းပြောလျှင်လည်းပြောမည်ဖြစ်ကြောင်း၊ ထိုပုဂ္ဂိုလ်မှာမူ “ကပ်ဖဲ့” ပြောခြင်းမဟုတ် ဘဲ၊ ဆွေးနွေးခြင်းမျှသာဖြစ်၍ တင်းလွန်းခြင်းကြောင့်မပြတ်စေဘဲ ခပ်မျှင်းမျှင်း ဆွဲယူခြင်းဖြစ်ကြောင်းနှင့် ပြောပြရာ ကျွန်ုပ်၏ ပရိယာယ်ကို အတော်သဘောကျသည်၊ စင်စစ်သော်ကား ကျွန်ုပ်၏ တရားအမြင်မှာ အယူအဆမဟုတ်၊ အတွေးအခေါ်လည်းမဟုတ်၊ ထင်မြင်ချက်လည်းမဟုတ်၊ မျက်ဝါးထင်ထင် မြင်ဖူးသော အခြင်းအရာဖြစ်၍ မည်သူကမျှ ပြင်ဆင်ပြောင်းလဲပေးနိုင်လိမ့်မည် မဟုတ်ဟူ၍ တထစ်ချ ယုံကြည်စိတ်ချထားပြီးဖြစ်လေသည်။


သဘာဝသဘော

ထိုပုဂ္ဂိုလ်က ပြင်ဆင်ဖို့လိုလျှင်ပြင်ဆင်ပါမည်ဟု ဝန်ခံချက်ထွက်လာသောအခါ ကျွန်ုပ်သည် ထိုသူ၏ ဒိဋ္ဌေဒိဋ္ဌ မတ္တံ သုံးသပ်ပုံ သုံးသပ်နည်း နှင့် ပတ်သက်၍ “တစ်စိတ်ချင်း ဝေဖန်ပါတော့မည်။ ပဉ္စရုံ နှင့် လောကီဓမ္မာရုံများ ဆိတ်သုဉ်းသော အခိုက်အတန့်မျိုး ကြုံရဖူးပါသည်ဆိုရာ၌ ဝိပဿနာဂုဏ်အမြင်မျိုး မဟုတ်ဘဲ၊ သမာဓိအစွမ်းသက်သက်လည်း ဖြစ်နိုင်သည် မဟုတ်ပါလော”ဟု ကျွန်ုပ်က မေးရာ ဖြစ်မည်ဆိုက ဖြစ်နိုင်ပါသည်ဟု သူက ဝန်ခံသည်။ ဤတွင် ကျွန်ုပ်က လောကီကိုလွန်မြောက်သည့် လောကုတ္တရာ (နိဗ္ဗာန်) အာရုံဟူသည်မှာ ဝိပဿနာဉာဏ် အဆင့်ဆင့်တက်ပြီးမှ တွေ့ရခြင်းဖြစ်ကြောင်း၊ ဗုဒ္ဓလက်ထက်တော်၌ တရားအဆုံးတွင် သောတာပန်၊ သကဒါဂါမ် စသည်ဖြင့် (တစ်ကိုယ်တည်းနှင့်) အရိယာဖြစ်ကြသူများ ရှိသည်ဆိုသော်လည်း၊ စိတ္တက္ခဏာ၏ လျင်မြန်ခြင်းကြောင့်သာ “တစ်ထိုင်တည်း” ဟု ဆိုရသည်၊ စင်စစ်အားဖြင့်၊ ဥဒယဗ္ဗယဉာဏ်၊ ဘင်္ဂဉာဏ်မှစ၍ အနုလောမဉာဏ်တိုင်အောင် တစ်ဟုန်ထိုးတက်သွားခြင်းဖြစ်ကြောင်း၊ ယုတ်စွအဆုံးအားဖြင့် ဖြစ်ချည်ပျက်ချည် ရှိနေသော ဥဒယဗ္ဗယဉာဏ်သဘော သို့တည်းမဟုတ်၊ အဟုတ်ရှိ တကယ်ရှိ မဟုတ်သောသဘော စသည်တို့ကို ဉာဏ်အားဖြင့် ရှင်းရှင်းလင်းလင်းကြီး မြင်ကြရမည်ဖြစ်ကြောင်း၊ ပဉ္စာရုံတို့နှင့် လောကီဓမ္မာရုံတို့မှာ ဆိတ်သုဉ်းသွားသည်ဆိုသော်လည်း အထက်ပါ ဝိပဿနာဉာဏ်မျိုးမပါရှိဘဲ ဆိတ်သုဉ်းခြင်း ဖြစ်ခဲ့ပါမူ၊ သမာဓိအစွမ်းသက်သက်ဖြစ်နိုင်ကြောင်း၊ သို့ဆိုပါလျှင် အဟုတ်ရှိ တကယ်ရှိသော သဘောတရားကြီးနှင့် ထိတွေ့ခြင်းမဟုတ်ဘဲ၊ သဘာဝသဘောဖြစ်နိုင်ကြောင်း ရှင်းလင်းပြောပြလေသည်။ ထိုအခါ ၎င်းပုဂ္ဂိုလ်က အဟုတ်ရှိ တကယ်ရှိသော သဘာဝကြီးနှင့် ကျွန်ုပ်ထိတွေ့ဖူးပုံကို စစ်ဆေးမေးမြန်း၍ ကျွန်ုပ်၏ အဖြေများကို ကျေနပ်သောအခါ သူ၏ အားထုတ်ပုံ ချွတ်ယွင်းချက်ကို ထောက်ပြပါတော့ဟု တောင်းပန်လေသည်။

လေ့ကျင့်ပုံဖော်ပြနည်း

ဒိဋ္ဌေဒိဋ္ဌမတ္တံ ကျင့်စဉ်အတိုင်း အားထုတ်လျက်ရှိပါကြောင်းနှင့် ကျွန်ုပ်ထံသို့ပေးစာများ လက်ခံရရှိ သော်လည်း ၊ အထက်ပါပုဂ္ဂိုလ်ကဲ့သို့ စစ်ဆေးမေးမြန်းရသည့် အခွင့်အရေးမျိုး မရရှိရာတွင် ၊ “လမ်းချော်” သူများလည်း ရှိနိုင်သည်ဖြစ်၍ ၎င်းကျင့်စဉ် အကြောင်းကို ထပ်လောင်း၍ ဖော်ပြလိုက်ပါဦးမည်။ ဤ ဆောင်းပါးအစတွင်ဖော်ပြခဲ့သည့်အတိုင်း ဒိဋ္ဌေဒိဋ္ဌမတ္တံနည်းအရ အားထုတ်သော ယောဂီသည် အခြားသော ဝိပဿနာနည်းမျိုးကဲ့သို့ ရှေ့စိတ်ကိုနောက်စိတ်က လိုက်၍ သိမှတ်ခြင်းမျိုးမဟုတ်ဘဲ ၊ သတိ စေတသိက် ယှဉ်သောစိတ်မျိုး မွေးမြူ၍ အာရုံနှင့် အာရမ္မဏိတ ထိခိုက်မိတိုင်း၊ သတိကပ်လျက်ရှိသည်ဖြစ်၍ ပစ္စုပ္ပန် တည့်တည့်အပေါ်မှာချည်း အသိကျရောက်လျက်ရှိသည်ဆိုလျှင် အထူးရှုမှတ်နေဖို့ မလိုတော့ဘဲ မပြတ်စောင့်ကြည့်ဖို့သာရှိ၏။ ဥပမာ၊ တစ်စုံတစ်ခုကို လှမ်းယူလိုက်သည်ဆိုလျှင် “လှမ်းတယ်” “ကိုင်တယ်” “ယူတယ်” စသည်ဖြင့် ပညတ်အခေါ်အဝေါ်များကို စိတ်ထဲ၌ ဖော်ထုတ်နေဖို့မလို၊ ကိုယ်ကာယ၏ လှုပ်ရှားပုံ အနေအထား ပြောင်းလဲပုံတည်းဟူသော အခြင်းအရာများကိုသာ စောင့်ကြည့်ဖို့ လိုပေသည်။ တစ်နေရာတွင် ထိုင်လျက်၊ ခပ်စိပ်စိပ်၊ အလုပ်လုပ်သော အချိန်များတွင်လည်း ကြားခြင်း၊ ထိတွေ့ခြင်း အသက်ရှူရှိုက်ခြင်း၊ အစရှိသော အာရုံပြောင်းလဲမှုများကို သက်သက်သာသာကလေးနှင့် ပြောင်းတိုင်းပြောင်းတိုင်း သိအောင်လေ့ကျင့်ရပါသည်။

စူးစမ်းသောစိတ်ထား

အရေးကြီးသော အချက်တစ်ခုမှာ ထိုအာရုံများနှင့် မထိခိုက်စေရအောင် စိတ်ကိုထိန်းသိမ်းထားဖို့မဟုတ် (ထိန်းသိမ်းထားခြင်းသည် သမာဓိအလုပ်ဖြစ်၍ သမထဘက်သို့ ယိမ်းသွားနိုင်သည်။) အာရုံပြောင်းလဲတိုင်း၊ ပြောင်းလဲခြင်းကို သိအောင် သတိရှိစေဖို့မျှသာဖြစ်သည်။ ထိုအခါတွင် ဓမ္မဝိစယသမ္ဗောဇ္ဈဉ်အရ “ဒါတွေ ဘာဖြစ်တာပါလိမ့်” ဟု စူးစမ်းသောသဘောသွင်းလိုက်သည့်အခါ အာရုံပြောင်းလဲတိုင်း စိတ်ပြောင်းလဲခြင်း ပါတကား၊ စိတ်သည် ဖြစ်ချည်ပျက်ချည် ရှိနေခြင်းပါတကား စသည်ဖြင့် ဥဒယဗ္ဗယ သဘောကို “ဘွားခနဲ ထင်မြင်လာတတ်ပေသည်။ ဤသို့ ထင်မြင်လာသော ဥဒယဗ္ဗယသဘောနှင့် “ဖြစ်ပျက် ဖြစ်ပျက်” ဟူ၍ အခြောက်တိုက် ဆင်ခြင်သုံးသပ်သော ဥဒယဗ္ဗယတို့၏ ခြားနားခြင်းကိုလည်း သတိပြုကြရာချေသည်။


(ကျွန်တော်ဆက်လက် ပို့စ်တင်နိုင်ရန်အတွက် ဒိဋ္ဌေဒိဋ္ဌမတ္တံစာအုပ်ကို အစအဆုံး စေတနာမေတ္တာဖြင့် ကူညီစာရိုက်ကုသိုလ်ပြုပေးတဲ့ ဒေါက်တာဝင်းလွင် ကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျား။)


(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)

2 comments:

  1. ဘုရားတရားတော်များကိုယုံကြည်စွာရှိခိုးပါ၏။သတိပဌာန်အခြေခံနှင့်ကျင့်ခြင်းကိုသဘောကျ၏။ဆရာတော်ကြီးများပြသသောနည်းများကိုလည်းလက်ခံ၏။သို့သော်ဆရာရွှေဥဒေါင်း၏ဤကျင့်စဉ်အပေါ်သံသယဖြစ်မိ၏။အယူအဆတမျိုးများဖြစ်နေသလားထင်မြင်မိ၏။

    ReplyDelete
  2. ဟုတ်ကဲ့။ ကျွန်တော်ပထမဆုံးတင်ထားတဲ့ အပိုင်း (၁) ရဲ့  စစချင်း Blogger's Preface ဆိုတာလေးကို ဖတ်ကြည့်စေချင်ပါတယ်ခင်ဗျား။ အခုလို ကွန်မန့်ရေးတာကို ကျေးဇူးတင် တန်ဖိုးထားပါတယ်။

    ReplyDelete