Tuesday, May 31, 2011

ရက်ပေါင်း (၁၅၀) ကြာပြီးသော သူတို့စကားများ (၂)

၂၀၁၁ နှစ်သစ်မှာ ကျွန်တော့်ရဲ့  ဓမ္မမိတ်ဆွေမောင်နှမတွေကို 2011 New Year Resolution ဆိုတဲ့ခေါင်းစဉ်နှင့် ကျွန်တော် Post ရေးဖို့ Tag လုပ်ခဲ့ပါတယ်။ အဲဒီခေါင်းစဉ်နှင့် ဓမ္မမောင်နှမတွေကလည်း ကျွန်တော့်အတွက် ရေးပေးခဲ့ကြပါတယ်။ အခု ရက်ပေါင်း (၁၅၀) ဖြတ်သန်းပြီးတဲ့အချိန်မှာ မိတ်ဆွေတွေအတွက် ကိုယ်ကိုယ်တိုင်ရေးထားတာလေးတွေ အမှတ်တရပြန်ဖြစ်အောင် နှင့် ကျန်တဲ့စာဖတ်သူတွေလည်း ဖတ်ရှုနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်ခင်ဗျား။

----------------------------------------

*2011 New Year Resolution*

ဘာရယ်မဟုတ်၊ ကိုဝိမုတ္တိသုခ (www.vimuttisukha.com/) က အထက်ပါ ခေါင်းစဉ်နဲ့ လာတဂ်(TAG) ပါတယ်။ အဲဒါမို့ လုပ်မယ်လို့ ရည်ရွယ်ထားတာလေးတွေကို ကမန်းကတန်း အစီအစဉ်ဆွဲပြီး ခုလို ချရေးဖြစ်ပါတယ်။

၁)
နယ်ပယ်ချိန်းဖို့ ကြိုးစားမည်။
ဒီစိတ်ကူးကို ကျွန်တော် ပိုင်းလော့ဆရာတော်ဘုရားရဲ့ တရားတစ်ပုဒ်နာပြီးမှ ရရှိခဲ့တာပါ။ ကျွန်တော်တို့တွေဟာ များသောအားဖြင့် သားအာရုံ၊ သမီးအာရုံ၊ မိသားစုအာရုံ.. ပြောရရင် ကာမဂုဏ်ငါးပါးမှာ ငြိစွန်းပြီး နေနေကြတယ်။ ဒါဟာ ပုံမှန်အားဖြင့် ကျွန်တော်တို့ ကျက်စားနေကျ မူလအာရုံ၊ မူလနယ်ပယ်..။ ဒီနယ်ပယ်မှာ လူးလွန့်ရင်းမှ တစ်ခုခု ပူစရာကြုံလို့ပဲဖြစ်ဖြစ်၊ အဆင်မပြေတာ ကြုံလို့ပဲဖြစ်ဖြစ်.. လောကဓံ တစ်ခုမဟုတ် တစ်ခု ခပ်ပါးပါးလေး လာရိုက်ခတ်တော့မှ တရားအာရုံဘက်ကို စိတ်ကူးမိတတ်ကြစမြဲပါ။ တရားနယ်ပယ်ဘက်ကို ခြေလှမ်းဖို့ စိတ်ညွတ်မိတတ်ကြစမြဲပါ။ ဒါကို ကျွန်တော် ပြောင်းပြန်လှန်နိုင်အောင် ကြိုးစားကြည့်မယ်။ တရားအာရုံကို မူလနယ်ပယ် သတ်မှတ်ပြီး ဟိုအပူ၊ ဒီအပူ၊ ဟိုအာရုံ၊ ဒီအာရုံတွေကို လိုအပ်မှသာ ခဏတဖြုတ် သွားရောက်ကျက်စားတဲ့ နယ်ပယ်တစ်ခုအဖြစ် သဘောထားလိုက်မယ်။

အဲဒီတရားထဲမှာ ကိုယ့်နယ်ပယ်မှာပဲ ကိုယ် ကျင်လည်ကျက်စားဖို့ ပေးထားတဲ့ ဥပမာက..

ဘီလုံး ငှက်ငယ်လေး တစ်ကောင် ကို သူ့အမေက “သား.. အမေ အစာရှာထွက်တုန်း.. ဒီမြေစာကျင်းထဲမှာပဲနေ.. ဒီမြေစာ ကျင်းထဲကနေ အပြင်လုံးဝ မထွက်နဲ့” လို့ မှာတယ်.. အဲလိုမှာပြီး အမေဖြစ်တဲ့ ငှက်မကြီးက အစာရှာ ထွက်တာပေါ့..။ အဲဒါကို သားဖြစ်သူက နားမထောင်ဘဲ မြေစာကျင်းထဲကနေ အပြင်ကို ထွက်တော့ အစာရှာထွက်တဲ့ စွန် တစ်ကောင်က မြင်ပြီး သုတ်ပါလေရော.. အဲဒီမှာ ကံကောင်းထောက်မစွာ စွန်လက်သည်းကြားထဲ ပါသွားတဲ့ ဘီလုံးငှက်ငယ်က.. “တောက်.. ငါ သတိမထားလိုက်မိလို့ ခုလို အသုတ်ခံရတာ.. နောက်တစ်ခါ ဆိုလို့ကတော့ ဒီလို သုတ်လို့ ဘယ်ရလိမ့်မလဲ” လို့ ကြုံးဝါးတော့.. အဲဒါကို မခံချင်စိတ် ဖြစ်တဲ့ စွန်ကလည်း ဘီလုံးငှက်ကို ခုန မြေစာကျင်းနှုတ်ခမ်းမှာ ပြန်ချပေးတာပြီး နောက်တစ်ကြိမ် သုတ်ဖို့ ကောင်းကင်ပေါ် ပျံဝဲသတဲ့.. ဒီတော့ ဘီလုံးငှက်က တွင်းဝကနေ “ဟေ့ စွန်ရဲကြီး လာလေကွာ.. လာစမ်းပါ” ဆိုပြီး စိန်ခေါ်တာပေါ့.. ဒါနဲ့ စွန်က တစ်ရှိန်ထိုး.. ထိုးသုတ်တဲ့အခါ ဘီလုံးငှက်က တွင်းထဲက လှစ်ခနဲ ၀င်ပြေးလိုက်တော့ စွန်ငှက်ကြီးခမျာ.. တွင်းဝက မြေစာခဲနဲ့ ရင်ဘတ်နဲ့ စောင့်ပြီး သေပွဲ ၀င်ရသတဲ့.။

ဆိုလိုတာက ကိုယ့်နယ်ပယ်မှာကိုယ် သတိနဲ့ နေရင် အန္တရာယ်ကင်းတာကို ပြောပြသွားတာ ပါပဲ။

၂)
တရားဘက်ကို နယ်ပယ်ချိန်းတော့မယ် ဆိုတော့.. ဒီအာရုံဘက်ကို ခပ်များများလေးနဲ့ ရေရှည် လုပ်နိုင်ဖို့က ကြားမှာ သံဝေဂခံဖို့ လိုလာပြီ။ သံဝေဂက သိပ်ရှာစရာတော့ မလိုပါဘူး။ သေခြင်းတရား ကမ္မဋ္ဌာန်းပါတဲ့ အဘိဏှသုတ်က ကျွန်တော့်ရဲ့ လက်တွဲဖော် ဖြစ်သွားမယ်။ ဒီ အဘိဏှသုတ် မြန်မာပြန်ကို ကိုဝိမုတ္တိ ဆိုဒ်မှာ တွေ့ကတည်းက ကျွန်တော် တော်တော်သဘောကျခဲ့တာ။ မသိသေးသူများ သိနိုင်စေဖို့ ထပ်ပြီး ရေးပေးလိုက်ပါ့မယ်။

နေ့ စဉ်ပွားပါ ဤငါးဖြာ

၁။ ငါသည် အိုခြင်းသဘောရှိသည်ဖြစ်၏။ အိုခြင်းသဘောတရားကို မလွန်ဆန်နိုင်။

၂။ ငါသည် နာခြင်းသဘောရှိသည်ဖြစ်၏။ နာခြင်းသဘောတရားကို မလွန်ဆန်နိုင်။

၃။ ငါသည် သေခြင်းသဘောရှိသည်ဖြစ်၏။ သေခြင်းသဘောတရားကို မလွန်ဆန်နိုင်။

၎။ ငါ့အား ခပ်သိမ်းသော နှလုံးကို ပွားစေတတ်သော အဆွေအမျိုး၊ အဆွေခင်ပွန်း၊ ချစ်ကျွမ်းဝင်သူတို့နှင့် အရပ်တစ်ပါးသို့ ပြောင်းသွားသဖြင့် ရှင်ကွဲ ကွဲရခြင်းသည် လည်းကောင်း၊ ဘ၀တစ်ပါးသို့ ပြောင်းသွားသဖြင့် သေကွဲ ကွဲရခြင်းသည် လည်းကောင်း ဖြစ်တတ်ချေ၏။

၅။ ငါသည် ကံသာလျှင် မိမိဥစ္စာရှိသည်၊ ကံသာလျှင် အကြောင်းရင်းရှိသည်၊ ကံသာလျှင် အမွေခံရှိသည်၊ ကံသာလျှင် အဆွေအမျိုးရှိသည်၊ ကံသာလျှင် ကိုးကွယ်လဲလျောင်းရာ ရှိသည် ဖြစ်၏။ ကောင်းသည်လည်းဖြစ်သော၊ မကောင်းသည်လည်းဖြစ်သော အကြင်ကံကို ပြုအံ့။ ထိုပြုသော ကောင်းမှုမကောင်းမှုကံ၏ ကောင်းမွေ ဆိုးမွေခံသည် ဖြစ်ရအံ့။

အဘိဏှသုတ်

———————————————————–

ဒီသုတ်ကို လင်္ကာအတိုလေးနဲ့လည်း ခုလို ကျွန်တော် မှတ်ထားပါသေးတယ်။

အိုခြင်းတစ်ဖြာ၊ နာခြင်းတစ်ထွေ၊ သေခြင်းတစ်ခြား၊ ကွဲပြားတစ်တန်၊ ကံလျှင်ဥစ္စာ၊ ဤငါးဖြာကို၊ မကွာနေ့ည၊ ဉာဏ်သက်ဝင်၍ ဆင်ခြင်ကြ။

သေခြင်းတရား ဆင်ခြင်ပုံနဲ့ ပတ်သတ်လို့လည်း

“ဤကမ္ဘာအတွင်းမှာပင် မသေဖူးသော နေရာဟူ၍မရှိတော့.. မိမိ လမ်းလျှောက်တဲ့ နေရာတိုင်း၊ ခြေလှမ်းတိုင်းဟာ မိမိရဲ့ သင်္ချိုင်းမြေ” ဆိုပြီး ဆင်ခြင်ရမယ်လို့လည်း ကျွန်တော် သေသေချာချာ မှတ်သားမိခဲ့ပါသေးတယ်။

၃)
သေခြင်းတရားကို နှလုံးသွင်းရင်းနဲ့မှ ရံဖန်ရံခါ မေတ္တာပွားတဲ့ဘက်ကိုလည်း ကူးမိမှာပါ။ ကျွန်တော် မှတ်သားဖြစ်ခဲ့တဲ့ သေခြင်းတရားကနေ မေတ္တာကို ကူးယူပုံလေးက..

“တို့အားလုံးဟာ သေဖော်သေဖက်တွေပဲ၊ မသေခင် ခဏ တွေ့ကြရတာ.. ရင်ထဲ အေးကြပါစေ”

ဒါက အသေကို ပွားများရာကနေ မေတ္တာဘက်ကူးဖို့ စိတ်အလှည့်လေးပါ။

၎)
နောက်ပြီး.. တရားအားထုတ်ရတဲ့ ရည်ရွယ်ချက်ကိုလည်း ကျွန်တော် လက်လွတ်ခံမှာ မဟုတ်ပါဘူး။ ဒါဟာလည်း သံဝေဂဉာဏ် ရင့်သန်ဖို့အတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အကူ ဖြစ်စေမှာမို့ပါ။

“တရားအားထုတ်ရတဲ့ ရည်ရွယ်ချက်က အို၊ နာ၊ သေ လွတ်ဖို့၊ ဇာတိကုန်ဖို့.. ဇာတိကုန်အောင် အားမထုတ်နိုင်သေးတောင် အပါယ်မကျဖို့”

အထက်တန်း၊ အလယ်တန်း ကျောင်းသားဘ၀က စာမေးပွဲအောင်ဖို့ဆို ဘာသာရပ်တိုင်းကို အောင်မှတ် ၄၀-ရအောင် လုပ်ဖို့က အဓိကပဲ..။ အမှတ်များတာ မများတာ၊ ဂုဏ်ထူးပါတာ မပါတာကတော့ နောက်ကဏ္ဍပေါ့။ ခုလည်း အပါယ်မကျဖို့က အဓိက..။ အပါယ်ကျမှာကိုတော့ သံဝေဂ အပြင်းစားကြီး မဟုတ်သော်လည်း ကျွန်တော် တော်တော်လေး လန့်မိသည်။ အပါယ်ဘုံဘ၀နှင့် ပတ်သတ်ပြီး ဟိုတစ်ခါ နာရတဲ့တရားထဲမှာ

“ချစ်သားတို့ သံသရာ သက်တမ်းက ရှည်ကြာလှပါပြီ။ ဒီသက်တမ်းမှာမှ တိရစ္ဆာန် ဖြစ်ခဲ့ရတဲ့ဘ၀၊ တိရစ္ဆာန်ထဲမှာမှ နွားဘ၀၊ နွားထဲမှာမှ နွားနီချည်းသက်သက် ဖြစ်ခဲ့တဲ့ ဘ၀တွေကို စဉ်းစားကြည့်ရင် အဲဒီ နွားနီ ဘ၀နဲ့ပဲ လည်လှီးအသတ်ခံရလို့ ကျခဲ့ရတဲ့ သွေးဟာ မဟာသမုဒ္ဒရာ ရေထုနဲ့ နှိုင်းယှဉ်ရင် ဘယ်ဟာက များမလဲ..၊ မဟာသမုဒ္ဒရာ ရေထုက နည်းပေလိမ့်မယ် ချစ်သားတို့..” တဲ့..။

အဲဒီတရား ပြန်ပြန်သတိရတိုင်း ကျွန်တော့်လည်ပင်း ကျွန်တော် ပြန်ပြန် စမ်းမိတာက ခဏခဏ..။ ဟိုနေ့ကလည်း ဓာတ်ပုံတွေထဲမှာ လည်လှီးပြီး အသတ်ခံရလို့ သေနေတဲ့ နွားပုံကို မြင်တော့.. အားပါးပါး ငါသာ ဒီလိုဘ၀မျိုး ဖြစ်လို့ကတော့ သွားပြီဆိုပြီး တအား ကြောက်မိသေးတယ်..။ တော်ပြီ.. တော်ပြီ.. တရားအာရုံနဲ့ပဲ ပျော်နိုင်အောင် ကြိုးစားတော့မယ်..။ ထပ်ပြီး လည်လှီး မခံရဲတော့ဘူးဗျာ..။

၅)
ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ပြီး အကဲခတ်မိသလောက် စိတ်ကူးယဉ် နည်းနည်းဆန်ပြီး အပြောင်းအလဲ ကြိုက်တတ်တာကို သွားတွေ့တယ်..။ စိတ်ကူးယဉ် ဆန်တယ်ဆိုတာ အတွေးတွေနဲ့ စကားပြောတာလို့ ကျွန်တော်မြင်တယ်။ အဲလို စိတ်ကူးယဉ် ဆန်လို့လည်း အတွေးထဲမှာတင် မအောင့်အီးနိုင်ဘဲ ပွင့်အံထွက်လို့ စာတွေ ရေးဖြစ်ခဲ့တယ်..။ စာရေးတဲ့ အလုပ်ဟာ တရားအာရုံ ယူသူတွေအတွက် မကောင်းဘူးဆိုတာ စာ စရေးဖြစ်ကတည်းက ကျွန်တော် နည်းနည်းရိပ်မိပါတယ်။ ဘာလို့လည်း ဆိုတော့ စာတစ်ပုဒ် စရေးဖို့ စဉ်းစားပြီ ဆိုကတည်းက အတွေးတွေက တောင်စဉ်ရေမရ ပြန့်ထွက်သွားလိုက်တာ.. ဒီစာကို ဘယ်လိုရေးမယ်၊ ခေါင်းစဉ်ကိုတော့ ဘယ်လိုပေးမယ်၊ ဒီပုံပြင်လေးက ဒါလေးနဲ့ကိုက်တယ်၊ အဲ.. ဒီအဆုံးအမကိုတော့ ဒီနေရာလေး ထည့်လိုက်ရင် အဆင်ပြေမယ်.. အစချီလို့ အတွေးတွေက ဘောင်ဘင်ခတ်ကော..။ သမာဓိ ပျက်တယ်လို့ ပြောရမယ်ထင်တယ်..။ 2011 New Year Resolution ခေါင်းစဉ်နှင့် စာရေးဖို့ လာတဂ်တော့လည်း ဒီစာတွေ ရေးဖြစ်ဖို့ ညက အချိန်တော်တော်များ အတွေးတွေ ယောက်ယက်ခတ် သွားတာတော့ ကျွန်တော် ၀န်ခံရပါဦးမည်။

အဲဒီတော့ ကျွန်တော် စာရေးတဲ့ အလုပ်ကိုလည်း ဖြတ်ဖို့ ကြိုးစားပါဦးမယ်.. ဥပါဒါန် အစွဲလေးတွေကြောင့် တုံးတိကြီး မဖြတ်နိုင်သေးတောင် ဖြည်းဖြည်းချင်းတော့ မျှဉ်းပြီး ဖြတ်သွားမှာပါ။ ဒီ စာရေးတာက ကျွန်တော့်အတွက် ၀ါသနာလို့လည်း ပြောလို့ ရသလို စိတ်ထွက်ပေါက် တစ်ခုလည်း ဖြစ်နေသည့်အတွက် ဖြတ်နိုင်ဖို့ကတော့ ၀ီရိယ အားကောင်းသည့် သတိကို ကျွန်တော်အရင် မွေးမြူရပါဦးမည်။

ဒီလို စာရေးတာကို ဖြတ်ဖို့ တွန်းအားပေးတဲ့.. ကျွန်တော် ဖတ်ဖြစ်ခဲ့တဲ့ စာစုလေးက.. ဆရာမြသန်းစံရဲ့ “မမေ့သူတို့ ဓလေ့တူ၍ အတွေ့တူတို့ အတူတွေ့” ဆိုတဲ့ စာအုပ် (စာရေးသူ၏ နိဒါန်းစကား) ထဲက..၊ ဆရာမြသန်းစံ စာပေတွေ ရေးသားသည်ကို သိ၍ ဆရာမြသန်းစံ၏ ဆရာအရှင် ဆုံးမသည့်စကားပါ။ (ကျွန်တော့်အထင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး ဖြစ်ဖို့များပါသည်။)

“ခင်ဗျားမှာ စာပိုးရှိတယ်နော်.. သတိထား၊ ခင်ဗျားတို့ ကျုပ်တို့ မပြောနဲ့.. ရှေးရှေး ဆရာတော်ကြီးတွေတောင် ဒီလိုပဲ စာပိုး အနှိပ်စက် ခံရတာချည်းပဲ.. ကိုယ့်ကို လွတ်လွတ်ကျွတ်ကျွတ် မဖြစ်အောင် အဲဒီ စာပိုးက အနှောင့်ယှက်နိုင်ဆုံးပဲ..။ တစ်ချို့များ ခန္ဓာဝန် ချတော့မယ့် အချိန်အထိ အဲဒီ စာပိုးက အကြွေးတောင်းသလို လိုက်တောင်းနေတော့တာ။ အဲဒါ သတိသာ ထားပေတော့.. ကိုယ်က တောင်ကုန်းပေါ် တက်နေတုန်းမှာ သူများကို ကုန်းပိုးပြီး ခေါ်ချင်နေရင် ကိုယ်လည်း ခရီးမတွင် သူများလည်း ခရီးမရောက်ပေဘူး။ ကိုယ်ကိုယ်တိုင် လွတ်လွတ်ကျွတ်ကျွတ် တောင်ကုန်းပေါ် ရောက်ခဲ့ပြီဆိုရင် အောက်ကို ကြိုးစ ပစ်ချလိုက်ပါဗျာ.. တစ်ယောက်ပြီး တစ်ယောက် ဆွဲတင်ပြီး ခေါ်လို့ ရပါတယ်ဗျ..။ ဘုရားရှင်နဲ့ အဂ္ဂသာဝက၊ မဟာသာဝက မထေရ်ကြီးတွေက ရှေးရှေးတုန်းက ဒီလိုပဲ.. ကိုယ်တိုင် တောင်ကုန်းပေါ် ရောက်ပြီးမှ အောက်ကို ကြိုးစပစ်ချပြီး ဝေနေယျတွေကို ကယ်ခဲ့ကြတာပါဗျ။ ကိုယ့်ကျမှ ပြောင်းပြန် မလုပ်ချင်ပါနဲ့ဗျာ..။”

ဒီအဆုံးအမက ကျွန်တော့်အတွက် အတော် “တာ” သွားသလို.. ကျွန်တော် စာရေးချင်တိုင်း.. သို့တည်းမဟုတ် တရားနှင့် မလျော်တာတွေ လုပ်မိဖို့ စိတ်ကူးပေါ်တိုင်း အနီးကပ်စောင့်ရှောက်သည့် မိတ်ဆွေကောင်းသဖွယ် အားကိုးအားထား ပြုဖြစ်မှာပါ။

{စာပေ ရေးသားလျှက်ရှိတဲ့ လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်များကို ကျွန်တော် (တပည့်တော်) အနူးအညွတ် တောင်းပန်ပါရစေ။ ဒီလို စာပေရေးသားသူတွေ ရှိလို့လည်း ကျွန်တော် (တပည့်တော်) ဒီလိုအသိတွေ ရရှိတာပါ (ဘုရား) }

၆)
ကျေးဇူးသိတတ်သော၊ ကျေးဇူးဆပ်နိုင်သော သားကောင်းတစ်ယောက် ဖြစ်အောင်လည်း ကျွန်တော် ကြိုးစားဖြစ်ဦးမှာပါ။
အဖေကား ကျွန်တော်တို့ လျှောက်ရမည့် မရဏခရီးကို ဦးအောင် လျှောက်သွားပြီ..။ ကျွန်တော့်မှာ အမေပဲ ရှိတော့သည်။ ဒီအသက်အရွယ်၊ ဒီလို အခြေအနေရောက်အောင် ကျွန်တော့် မိဘနှစ်ပါးက ကျွန်တော့်ကို ပြုစုပျိုးထောင်ခဲ့သည်။ အဖေ့ကို လုပ်ကျွေးခွင့် မရတော့သော်လည်း အမေ့ကို အတိုးချ၍ ကျွေးမွေး စောင့်ရှောက်ခွင့် ကျွန်တော့်မှာ ရှိသည်။ အမေ့ကို ပြုစုရမည်၊ စောင့်ရှောက်ရမည်၊ တရားနှင့်အညီ အလုပ်အကျွေး ပြုနိုင်ရန်တော့ ဘာသာရေး အဆုံးအမတွေက ကျွန်တော့်ကို ထိန်းကျောင်းပေးသွား ပေလိမ့်မည်။

၇)
အထက်ပါ အစီအစဉ်တို့ကား ကျွန်တော် အဓိက လုပ်ဖြစ်မည့် အရာများကို အကျဉ်းမျှ ချရေးထားခြင်းမျှသာ..။ ကြိုကြား ကြိုကြား ကျွန်တော်လုပ်ချင်သည့် အရာများလည်း ရှိနေပါသေးသည်၊ ရှိပါလိမ့်ဦးမည်။ သို့သော် ဘယ်အရာပဲ ဖြစ်ဖြစ် ကျွန်တော် လုပ်ချင်စိတ် ပေါ်တိုင်း မဖြစ်မနေ ရကိုရ,ရမည် ဟူသော ဥပါဒါန် ပြင်းပြင်းဖြင့် မဆောင်ရွက်မိအောင်လည်း ကျွန်တော့်စိတ်ကို ထိန်းကျောင်းပါဦးမည်။ “တောင့်တနည်းလေ ကြောင့်ကြနည်းလေ” ဟူသော အဆုံးအမနှင့် “အဘယ်အရာမျှ အစိုးမရသည့် အနတ္တ” သဘောကိုလည်း ဘုရားအဆုံးအမကနေ ကျွန်တော် သိရှိထားပြီးပြီ။ ရှေ့လျှောက် လုပ်ရမည့် စီမံကိန်းနှင့် အနတ္တသဘော ရောယှဉ်သော အဆုံးအမ တစ်ခုကိုလည်း ပိုင်းလော့ဆရာတော်ဘုရား တရားတစ်ပုဒ်ကနေ ကျွန်တော် မှတ်သားထားပြီးပြီ။

“အနာဂတ်အတွက် ပုံစံတော့ချ၊ သို့သော်.. ဖြစ်ချင်မှ ဖြစ်မယ်၊ ဖြစ်ချင်ရာ ဖြစ်လိမ့်မယ်..။”

—————————————————-

အထက်ပါ အစီအစဉ် တို့နှင့်ပတ်သတ်၍ ရာခိုင်နှုန်း (%) ဘယ်လောက်များများ လုပ်ဖြစ်မည် ဆိုသည်ကိုတော့ သတိဦးစီးသော ၀ီရိယ ဘယ်လောက် ကောင်းမကောင်းက ဆုံးဖြတ်ပေးသွား ပါလိမ့်မည်။ အခြေခံကတော့ သတိ (သမ္မာသတိ) ပေါ့။

ကျွန်တော် လုပ်ဆောင်မည့် အစီအစဉ်များကို ပြန်စဉ်ကြည့်မိသည်။
၁) နယ်ပယ်ချိန်းဖို့ (တရားနယ်ပယ်သို့)
၂) တရားနယ်ပယ်တွင် ရေရှည်တည်စေရန် သံဝေဂပွားဖို့ (သေခြင်းတရား)
၃) သေခြင်းတရား ကမ္မဋ္ဌာန်းမှ မေတ္တာကမ္မဋ္ဌာန်းသို့ ကူးပြီး ပွားများဖို့
၎) တရားအားထုတ်ရတဲ့ ရည်ရွယ်ချက်ကို မမေ့ဖို့ (အပါယ်မကျအောင်တော့ ကြိုးစားရမည်။)
၅) စာရေးသည့် အလုပ်အား တဖြည်းဖြည်း ဖြတ်ဖို့
၆) အမေ့ကို ပြုစုလုပ်ကျွေးလျှက် စိတ်ချမ်းသာအောင် ထားသွားဖို့
၇) ဖြစ်ချင်သည့် စိတ်ဆန္ဒ ပေါ်တိုင်း ကောင်းတာဆိုလျှင် အတတ်နိုင်ဆုံး လုပ်မည် ဖြစ်သော်လည်း ကိုယ်ဖြစ်ချင်တိုင်း ဖြစ်ခွင့်မရှိသော အနတ္တ သဘောကိုတော့ မေ့မထားဖို့

အနှစ်ချုပ်ရရင်တော့ ဘ၀ကို ဓမ္မဖြင့် တည်ဆောက်ဖို့ ကျွန်တော် ဆုံးဖြတ်ထားသည်။

သို့သော်.. ကျွန်တော်သည် သာမန် လူတစ်ယောက် ပုထုဇဉ် အရူးသာ ဖြစ်လို့.. အကယ်၍ ကျွန်တော့် စိတ်ကူးများ လွဲချော်ကာ အမိုက်ဓာတ်များဝင်လို့ အပေါ်ကအတိုင်း ကျွန်တော် စိတ်ကူးထားတာတွေ အနည်းနှင့် အများ မလုပ်ဖြစ်ဘဲ ရှိကောင်း ရှိနိုင်ပါသည်။ ဤသို့ ဓမ္မလမ်းကြောင်းကို သွေဖီ၍ အဓမ္မ လမ်းကြောင်းပေါ်ရောက်လို့ လမ်းမှားလိုက်နေသော လူတစ်ယောက် ကျွန်တော် ဖြစ်သွားလျှင်..၊ ဖြစ်ခဲ့လျှင်.. ကျွန်တော့်အား အားမနာတမ်း ပြောဆိုဆုံးမ သွန်သင်ပေးကြမည့် ဆရာသမားကောင်း၊ မိတ်ဆွေကောင်းများ ကိုတော့ ကျွန်တော် အထူးတောင့်တမိပါသည်။ သွန်သင်ဆုံးမ ပဲ့ပြင်ပေးကြပါရန်လည်း ယခု ဤပို့စ်ကို တဂ်သော ကိုဝိမုတ္တိသုခ နှင့်တကွ ဆရာသမားအပေါင်း၊ မိတ်ဆွေအပေါင်းကိုလည်း ရိုကျိုးစွာ မေတ္တာရပ်ခံအပ်ပါသည်။

နှစ်သစ်မှာ အားလုံးပဲ စိတ်နှလုံး အေးမြကြပါစေ။

လေးစားရိုသေ ကျေးဇူးတင်စွာဖြင့်
ဖိုးသား

No comments:

Post a Comment