Tuesday, May 31, 2011

မြစ်တစ်စင်း၌ သက်ဝင်ခြင်း

ညီရေ....

ညီ့ရဲ့  ဒီတစ်ခေါက်မွေးနေ့တော့ အစောပိုင်းတုန်းက ပြောထားခဲ့သလို အကို ပုံပြင်လေးတွေနှင့် စလိုက်ချင်ပါတယ်။ ညီက မကြာခင်မှာ မြန်မာပြည်ပြန်ပြီး တာဝန်ထမ်းဆောင်တော့မယ့်သူဆိုတော့ အခုပြောပြမယ့် ပုံပြင်က ညီ့အတွက် အသုံးတည့်ကောင်း တည့်နိုင်ပါတယ်။

တစ်ခါက အိမ်လေးတစ်လုံးမှာ မိသားစုဝင်တွေ အများကြီးနေထိုင်ကြတယ်တဲ့။ သူတို့တွေအပြင် သူတို့မွေးထားတဲ့ ခွေးရယ်၊ ကြောင်ရယ်၊ ကြက်ရယ်၊ ဘဲရယ်၊ ၀က်ရယ်ဟာလည်း အဲဒီအိမ်ထဲမှာပဲ လူတွေနှင့်အတူတူရောပြီး နေကြပါတယ်တဲ့။ ဒီအခါမှာ အိမ်ထောင်ဦးစီးလုပ်တဲ့ ယောကျာ်းက “အင်း....ငါ့အိမ်လေးက သေးသေးလေးနှင့် နေတဲ့သူတွေက များတော့ နေရထိုင်ရတာ ကျဉ်းကျပ်နေတယ်။ ဘာလုပ်ရင် ကောင်းမလဲ” ဆိုပြီး တွေးသတဲ့။ နောက်ဆုံးတော့ အကြံဉာဏ်တောင်းဖို့ ပညာရှိတစ်ယောက်ဆီကို ထွက်လာခဲ့တယ်။ အဲဒီ ပညာရှိဆီကို ရောက်တော့ အကျိုးအကြောင်းပြောပြပြီး အကြံဉာဏ်တောင်းခံတယ်ပေါ့။ ဒီအခါမှာ ပညာရှိက အဲဒီယောကျာ်းကို အိမ်ကြီးကြီး၊ ခြံကျယ်ကျယ်နှင့်ပြောင်းနေဖို့ အကြံပေးတယ်၊ ယောကျာ်းက သူငွေကြေး မတတ်နိုင်ကြောင်း ပြောတယ်။ ဒါဆို မိသားစုထဲက တချို့ ကို တခြားပြောင်းပြီးထားဖို့ ပြောတယ်။ ဒါလည်း မဖြစ်နိုင်ကြောင်းပြန်ဖြေတယ်။ ဒါဖြစ်ရင် မွေးထားတဲ့ တိရစ္ဆာန်တွေကို တစ်နည်းနည်းနှင့် လျှော့လိုက်ဖို့ပြောတယ်။ ဒါလည်း မဖြစ်နိုင်ကြောင်း ယောကျာ်းက ပြန်ဖြေတယ်။ နောက်ဆုံးတော့ ပညာရှိက ဒီလိုဖြစ်ရင် အဲဒီအိမ်ထဲမှာ နောက်ထပ် နွားတစ်ကောင်ရယ်၊ သိုးတစ်ကောင်ရယ်၊ ဆိတ်တစ်ကောင်ရယ် ထပ်ပြီး မွေးဖို့ အကြံပေးတယ်။ အဲဒီလိုမွေးပြီးလို့ နှစ်ပတ်လောက်ကြာရင် သူ့ဆီပြန်လာပြီး အကျိုးအကြောင်းပြောဖို့လည်း မှာလိုက်တယ်။

အိမ်ရှင်ယောကျာ်းလည်း ပညာရှိပြောတဲ့အတိုင်း နောက်ထပ် နွားရယ်၊ သိုးရယ်၊ ဆိတ်ရယ်ကို ထပ်ပြီး အိမ်ထဲမှာ မွေးလိုက်တယ်တဲ့။ နဂိုကမှ ကျပ်နေတဲ့အိမ်မှာ နောက်ထပ် တိရစ္ဆာန်တွေထပ်မွေးလိုက်တော့ ပိုပြီးတော့ ကျပ်သွားတာပေါ့။ ဒါနဲ့ နှစ်ပတ်နေတော့ အိမ်ရှင်ယောကျာ်းဟာ ပညာရှိဆီကို ပြန်သွားပြောသတဲ့။ သူ့အိမ်ဟာ အရင်ကထက် ပိုပြီးကျပ်သွားပါပြီ။ လှည့်လို့ ပြုလို့တောင် မရနိုင်အောင်ဖြစ်နေပါပြီလို့ ပြောတာပေါ့။ ဒီတော့ ပညာရှိလုပ်တဲ့သူက ဒါဆိုရင် နောက်ဆုံးမွေးထားတဲ့ နွားရယ်၊ သိုးရယ်၊ ဆိတ်ရယ်ကို ပြန်ပြီး ရောင်းလိုက်တော့လို့ ပြောသတဲ့။ အိမ်ရှင်ယောကျာ်းလည်း ပညာရှိပြောလိုက်တဲ့အတိုင်း နောက်ဆုံးမွေးထားတဲ့ အကောင် သုံးကောင်ကို ပြန်ပြီးရောင်းလိုက်တယ်။ အဲဒီလို အကောင်တွေ ရောင်းလိုက်ပြီးတဲ့အခါမှာတော့ သူ့အိမ်ဟာ နေလို့ထိုင်လို့ တအားကောင်းသွားပြီး သိသိသာသာကြီးကို ချောင်ချိသွားတာကို ခံစားလိုက်ရပါတော့တယ်တဲ့။

ညီရေ ပထမပုံပြင်လေးကတော့ ဒီလောက်ပါဘဲနော်။ ညီလည်း တကယ်လို့ တစ်ချိန်ချိန်မှာ ယူထားရတဲ့ တာဝန်ဝတ္တရားတွေ တအားများနေပြီလို့ ကိုယ့်ဖာသာထင်တဲ့အခါကျရင် ဒီပုံပြင်လေးထဲကအတိုင်း နွားရယ်၊ သိုးရယ်၊ ဆိတ်ရယ် ထပ်ပြီးဝယ်ကြည့်လိုက်ပါလို့ အကို အကြံပေးချင်ပါတယ်။

ညီ့ကို နောက်ထပ် ပုံပြင်တစ်ပုဒ်ထပ်ပြောပြအုံးမယ်
တခါတုန်းက နွားကျောင်းသားတစ်ယောက်ဟာ နေ့တိုင်း တောအုပ်လေးတစ်ခုနားက မြက်ခင်းစားကျက်ကောင်းကောင်းရှိတဲ့နေရာမှာ သူ့နွားတွေကို အမြဲကျောင်းလေ့ရှိသတဲ့။ အဲဒီနေရာရောက်ရင်လည်း သူက သစ်ပင်ရိပ်ကောင်းကောင်းတစ်ခုအောက်မှာ ခဏလောက် အိပ်တတ်တယ်တဲ့။ သူအိပ်နေတဲ့အချိန်မှာ နွားတွေ လျှောက်ထွက်မသွားရအောင် နွားတွေကိုလည်း သစ်ပင်တွေမှာ ကြိုးရှည်ရှည်နှင့် ချည်ထားတတ်တယ်တဲ့။ တစ်ရက်တော့ သူဟာ လုပ်နေကျအတိုင်း နွားတွေကို သစ်ပင်တွေမှာ ချည်ဖို့လုပ်တော့ နွားတစ်ကောင်အတွက် ချည်စရာကြိုး မေ့ပြီး ပါမလာတာ သတိထားမိလိုက်တယ်။ ကျန်တဲ့နွားတွေအကုန်ချည်ပြီးကာမှ ဒီတစ်ကောင်ထဲ ကွက်ကျန်နေတော့ သူဘာလုပ်ရမှန်းမသိဘူးဖြစ်သွားတယ်။ သူအကြံအိုက်နေတုန်းမှာ အဲဒီအနားကို တောအုပ်ထဲမှာ နေတဲ့ ပညာရှိတစ်ယောက်ဖြတ်သွားတာနှင့်ကြုံတာနှင့် အဲဒီပညာရှိပုဂ္ဂိုလ်ကို လှမ်းခေါ်ပြီး အကြံဉာဏ်တောင်းခံသတဲ့။ ဒီတော့ ပညာရှိက “ဒါမခက်ပါဘူး။ နေ့တိုင်းလုပ်နေကျအတိုင်းဘဲ အဲဒီနွားရဲ့ လည်ပင်းမှာ ကြိုးချည်သလိုလုပ်၊ နောက်သစ်ပင်မှာ ချည်သလိုလုပ်။ ဒါဆို အဲဒီနွား ဘယ်မှ ထွက်မသွားတော့ပါဘူး” လို့ အကြံပေးတယ်။ ဒါနဲ့ နွားကျောင်းသားလည်း ပညာရှိပေးတဲ့အကြံအတိုင်း နွားလည်ပင်းမှာ ကြိုးချည်ဟန်ဆောင်၊ သစ်ပင်မှာ အဲဒီကြိုးကို ချည်ဟန်ဆောင်လိုက်တယ်တဲ့။ ဒီအခါ နွားက သူ့ကို နေ့တိုင်းလုပ်နေကျ သစ်ပင်မှာ ကြိုးနှင့်ချည်ထားတယ်လို့ပဲ ယူဆပြီး အဲဒီသစ်ပင်နားက ဘယ်မှထွက်မသွားပဲ အေးအေးလူလူထိုင်ပြီး စားမြုပ်ပြန်နေတော့တာပေါ့။ ဒီတော့ နွားကျောင်းသားလည်း ဟန်ကျပြီဆိုပြီး ပုံမှန် အိပ်နေကျအတိုင်း သစ်ပင်အောက်မှာ စိတ်ချလက်ချနှင့် တစ်ရေးတစ်မော အိပ်လိုက်တော့တယ်တဲ့။

ညနေ အိပ်ယာကနိုးလို့ နွားတွေကို အိမ်ပြန်ကျောင်းရတော့မယ့်အချိန် ရောက်တော့ သစ်ပင်တွေမှာချည်ထားတဲ့ကြိုးတွေကို လိုက်ပြီးဖြေပေးတာပေါ့။ ကြိုးမချည်ထားတဲ့နွားကတော့ ဘာမှ လုပ်စရာမလိုဘူးပေါ့။ ဒါပေမယ့် နွားအားလုံးအသီးသီး အိမ်ဘက်လှည့်ပြန်ကြချိန်မှာတော့ ခုနကြိုးမချည်ထားတဲ့နွားက သစ်ပင်အောက်မှာဘဲ ဘယ်မှမသွားဘဲ ဆက်ပြီးထိုင်နေတယ်တဲ့။ သူ့ကို အတင်းမောင်းလည်း မထဘူးတဲ့။ ဒါနဲ့ နွားကျောင်းသားလည်း ဘာလုပ်ရမှန်းမသိတော့လို့ ပညာရှိဆီကို ပြေးမေးရသတဲ့။ ဘာလုပ်ရမလဲပေါ့။


ဒီတော့ ပညာရှိက ခုန သစ်ပင်မှာ နွားကို ကြိုးချည်ဟန်ဆောင်ခဲ့သလိုမျိုးဘဲ အခု တစ်ခါမှာ ကြိုးဖြေဟန်ဆောင်လိုက်ဖို့ ပြောလိုက်တယ်။ နွားကျောင်းသားလည်း ပညာရှိမှာလိုက်သလို နွားကို သစ်ပင်ကနေ ကြိုးဖြေလိုက်ဟန် လုပ်ပေးလိုက်ပြီး သွားခိုင်းတော့မှ နွားဟာ ထိုင်နေရာကနေ ထပြီး တခြားနွားတွေနှင့်အတူရောပြီး အိမ်ပြန်ပါတော့တယ်တဲ့။

ဒုတိယပုံပြင်လေးကတော့ ဒီလောက်ပါဘဲ ညီရေ။ အကိုတို့ ညီတို့တွေလည်း ဘ၀မှာ ဒီနွားလိုမျိုး အကျင့်ပါနေလို့ ကြိုးအဖြေထိုင်စောင့်နေမိတာတွေဘယ်လောက်ရှိမလဲမသိဘူးနော်။


နောက်ဆုံးအနေနှင့်တော့ ထုံးစံအတိုင်း ဘာသာရေးလေး နည်းနည်းပြောတာပေါ့ ညီရာ။
အကိုတို့ တွေအားလုံးဟာ စိတ်ချမ်းသာမှု၊ စိတ်ငြိမ်းချမ်းမှုကို လိုချင်ကြတယ်။ အဲဒါကို ရဖို့အတွက်လည်း နည်းအမျိုးမျိုးနှင့်ကြိုးစားနေကြတယ်။ နောက်ပြီး ပြောတတ်ကြတယ်။ ငါစိတ်ချမ်းသာတယ်။ သူက ငါ့ကိုစိတ်ချမ်းသာအောင်လုပ်ပေးတယ်။ ငါ စိတ်ချမ်းသာချင်တယ်။ ငါက သူ့ကို စိတ်ချမ်းသာစေချင်တယ်။ စသည်ဖြင့်ပေါ့။ တကယ်တော့ စိတ်ချမ်းသာမှု၊ ငြိမ်းချမ်းမှုဆိုတာ သဘာဝတရားတစ်ခုသာဖြစ်လို့ လုပ်ယူလို့ မရပါဘူး။ တစ်ယောက်ကနေ အခြားတစ်ယောက်ကို လုပ်ပေးလို့လည်း မရပါဘူး။ လုံလောက်တဲ့အကြောင်းတွေ တိုက်ဆိုင်မှသာ သူ့ဖာသာသူ ပေါ်ပေါက်တတ်တဲ့ သဘောတစ်ခုသာဖြစ်ပါတယ်။ ငြိမ်းချမ်းမှု၊ စိတ်ချမ်းသာမှုကို ကြိုက်နှစ်သက်လိုချင်နေတဲ့စိတ်အခြေခံကိုက အဲဒီ ငြိမ်းချမ်းမှုနှင့် ဝေးစေတယ်လို့ဆိုပါတယ်။

ဒါနှင့်ပတ်သက်ပြီး တရားပြဆရာတစ်ဦး ရှင်းပြထားတာလေးကို တဆင့်ဖောက်သည်ချချင်ပါတယ်။ သူက ဥပမာပေးတာက I like peace ဆိုတဲ့ ၀ါကျမှာ စစချင်း I ဆိုတာကို စဖယ်လိုက်ပါတဲ့။ ဒါဆိုရင် like peace ဆိုတာပဲ ကျန်ပါမယ်တဲ့။ အဲဒီကနေတခါ like ဆိုတာကိုပါ ထပ်ဖယ်ပါတဲ့။ ဒါဆိုရင် နောက်ဆုံးမှာ peace ဆိုတာပဲကျန်တော့မယ်လို့ ပြောပါတယ်။

ညီလည်း အခုဒီဘက်နှစ်တွေထဲမှာ တရားတွေကို စာတွေ့ရော၊ လက်တွေ့ရော လေ့လာအားထုတ်နေတဲ့သူမို့ ဒီဥပမာလေး ဘာဆိုလိုတယ်ဆိုတာကို သဘောပေါက်ပြီးသားဖြစ်လိမ့်မယ်လို့ အကိုယုံကြည်ပါတယ်ညီရေ။

ကဲ ညီရေ။ ညီ့ရဲ့  (၂၆)နှစ်ပြည့်မြောက်တဲ့မွေးနေ့အတွက် အကို့ရဲ့ အမှတ်တရလက်ဆောင်ကို ဒီလောက်နှင့်ပဲ ကျေနပ်ရောင့်ရဲပေးပါလို့...။


ညီငယ် တစ်ယောက် မွေးနေ့ပေါင်းများစွာကို တည်ငြိမ်ရင့်ကျက်အေးချမ်းစွာ ဖြတ်သန်းကျော်လွှားနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း....

ခင်မင်စွာဖြင့်
ဝိမုတ္တိသုခ
၂၀၁၁၊ မေလ ၃၀ ရက်။

ညီငယ် ဖိုးသား (အဖြူရောင်မေတ္တာ) ရဲ့  အသက် (၂၆) နှစ်မြောက် မွေးနေ့ အမှတ်တရ လက်ဆောင်အဖြစ် ရေးပေးခြင်း ဖြစ်ပါသည်။

No comments:

Post a Comment