Monday, April 25, 2011

တစ်ခုခုတော့ လုပ်မှဖြစ်တော့မယ်...



သံဃာတော်အရှင်သူမြတ်တို့ ဘုရား...

မိမိကိုယ်ထဲ သာသနာတည်အောင်တောင် ကောင်းကောင်းမလုပ်နိုင်သေးတဲ့ တပည့်တော်မှာ ကိုယ်နှင့်မတန်မရာ ပြည်တွင်းပြည်ပ သာသနာပြုရေးနှင့် ပတ်သက်တဲ့အကြောင်းကို မတောက်တခေါက်အသိနှင့် လျှောက်ရေးထားမိတာမို့  သနားကရုဏာရှေ့ ထားပြီး သည်းခံခွင့်လွှတ်နားလည်ပေးပါလို့  ရှေးဦးစွာ အနူးအညွတ်လျှောက်ထားတောင်းပန်အပ်ပါတယ်ဘုရား။



ကျွန်တော်နှင့် သူတို့

သူတို့ နှင့် ကျွန်တော်နှင့်က ရှေးရေစက်ပါပုံရပါတယ်။ မြန်မာပြည်မှာကတည်းက သူတို့ နှင့် ခဏခဏပတ်သက်လာတာ အခု ဒီရောက်လာတဲ့အထိပါဘဲ။ ဟိုး တလောကပါဘဲ။ မနက်ဘက် အလုပ်သွားရင်း ရထားပေါ်မှာ ထိုင်ခုံနေရာရတာနှင့် စာအုပ်တစ်အုပ်ထုတ်ဖတ်နေတုန်း ကိုယ့်ဘေးမှာလူနှစ်ယောက်လာထိုင်တာသိလိုက်တယ်။ အရှေ့ မှာလည်း တစ်ယောက်လာရပ်တယ်။ ကိုယ်လည်း ကိုယ့်ဟာကိုယ် စာဆက်ဖတ်နေရင်း တစ်ယောက်ယောက်က ကြည့်နေသလို စိတ်ထဲခံစားလာရတာနှင့် ဘေးဘီကိုကြည့်လိုက်တော့ ခုနလာထိုင်တဲ့ အမျိုးသမီးနှစ်ယောက်နှင့် ကိုယ့်ရှေ့ ကရပ်နေတဲ့ အမျိုးသားတစ်ယောက်က ကိုယ့်ကိုပြုံးပြီးကြည့်နေကြတယ်။ ကျွန်တော်က ပြန်ပြုံးပြလိုက်တော့ “မင်္ဂလာပါ။” ဆိုပြီး သူတို့ က နှုတ်ဆက်ကြတယ်။ ဒီတော့ ကိုယ်ကလည်း “မင်္ဂလာပါ။” ဘဲပေါ့။ ပြီးတာနှင့် အရှေ့ ကတစ်ယောက်က ”မြန်မာမဟုတ်လား” လို့ မေးတာနှင့် ”ဟုတ်ပါတယ်။” လို့ ပြန်ဖြေလိုက်တယ်။ ပြီးတော့ ဆက်ပြီးသူက “ဘာစာအုပ်ဖတ်နေတာလဲ” ဆိုပြီး မေးလာတာနှင့် ဖတ်လက်စ စာအုပ်ကို သူ့ လှမ်းပေးလိုက်တယ်။ သူက ဟိုကြည့်ဒီကြည့်လုပ်ပြီး ကျွန်တော့်ကို ပြန်ပေးတယ်။ ဘေးက မမနှစ်ယောက်က “အခုအလုပ်သွားမှာလား။” “အလုပ်ကဘယ်မှာလဲ။” ”ရောက်တာဘယ်လောက်ကြာပြီလဲ” “ဘယ်မှာနေတာလဲ“ စသည် စသည်ဖြင့် အလ္လာပ သလ္လာပတွေ ပြောကြပါတယ်။ ကျွန်တော်လည်း အလိုက်သင့်ပဲ ပြန်ဖြေဖြစ်ပါတယ်။ အဲဒါတွေပြီးတော့မှ ကျွန်တော်မှန်းထားတဲ့အတိုင်း ရှေ့ ကဘိုးတော်က သူတို့  ဘယ်အဖွဲ့ကဖြစ်တဲ့အကြောင်း၊ ကြားဖူး မကြားဖူးမေးပြီး၊ ဘယ်မြို့ က ဘယ်ဘုရားရှိခိုးကျောင်းကို လာလည်စေချင်ကြောင်း၊ ဘယ်ရက်တွေမှာ မြန်မာလို တရားဟောမှာဖြစ်တဲ့အကြောင်း၊ လာရောက်လေ့လာစေချင်ကြောင်း ပြောပါတယ်။ နောက် မြန်မာလိုပြန်ထားတဲ့ စာအုပ်တွေနှင့် စာရွက်စာတမ်းတွေ တစ်ထပ်ကြီး ပေးပြန်ပါတယ်။ ကျွန်တော်ကလည်း အလိုက်အထိုက်ပဲ စိတ်တော့ဝင်စားပါကြောင်း၊ ဒါပေမယ့် အလုပ်အားရက်နှင့် မတိုက်ဆိုင်လို့ လာဖို့ မလွယ်ကြောင်း၊ လာဖြစ်အောင်ကြိုးစားကြည့်ပါအုံးမယ် စသည်ဖြင့် ပြန်ပြီး သံတမန်ဆက်ဆံရေးလုပ်လိုက်ရပါတယ်။ သူတို့ မြန်မာစကားပြောတာ တော်တော်လေးသွက်သွက်လက်လက်ရှိတာနှင့် သင်ထားတာ ဘယ်လောက်ကြာပြီလဲလို့ မေးကြည့်တော့ ခြောက်နှစ်လောက်ရှိပါပြီလို့  ပြန်ပြောပါတယ်။

ကျွန်တော်ဒီကိုစရောက်ခါစ ရက်ပိုင်းဘဲရှိအုံးမယ်။ တစ်နေ့ အလုပ်ပိတ်ရက်မှာ အခန်းဖော်က ဒီနေ့ သူ့ ဆီကို ဒီကနိုင်ငံသားတစ်ဦးလာလည်မယ့်အကြောင်းခွင့်တောင်းပါတယ်။ (ဒီမှာက အခန်းတွေကကျဉ်းတော့ တစ်ယောက်ယောက် အိမ်လာလည်မယ်ဆိုရင် ကျန်တဲ့သူတွေ အနှောက်အယှက် ဖြစ်မဖြစ် ခွင့်တောင်းကြတာပါ။) အဲဒီတစ်ယောက်က ဗမာစကားပြောတတ်ကြောင်းလည်းပြောပါတယ်။ ကျွန်တော်တို့ ကလည်း လာလည်လေရတာပေါ့။ ဗမာစကားပြောတတ်တော့ ၀ိုင်းဧည့်ခံလို့ ရတာပေါ့လို့ ပြန်ပြောရင်း ဧည့်သည်အလာကို စောင့်နေလိုက်ကြပါတယ်။ အချိန်ကျလို့ ဧည့်သည်ရောက်လာတော့ အားလုံးကို ဗမာလိုနှုတ်ဆက်၊ ပေါ့ပေါ့ပါးပါး စကားလေးတွေပြောလို့ လည်းပြီးရော....“ဘုရားသခင် ရှိတယ်ဆိုတာ ယုံသလား။” ဆိုပြီး စမေးလာပါတော့တယ်။ သူက ဘုရားသခင်နှင့်ပတ်သက်တာတွေကို ရှင်းလင်းရေးလုပ်ဖို့  နိဒါန်းပျိုးနေပါပြီ။ ကျွန်တော်ကတော့ အခြေအနေကို ရိပ်စားမိလိုက်တော့ မသိမသာလေး စကားဝိုင်းကနေထပြီး အပြင်ထွက်လာခဲ့လိုက်ပါတယ်။ ကျွန်တော့်လောက် မသွက်တဲ့ အခန်းဖော်များကတော့ ဆက်ပြီး ကျန်နေခဲ့ကြလေရဲ့ ။ နောက်အပတ်တွေမှာလည်း အလုပ်ပိတ်ရက်တိုင်းကို အဲဒီဧည့်သည်က လာလည်ဖို့ လုပ်နေတော့ အခန်းဖော်သူငယ်ချင်းမှာ ပက်ရှောင်ရတဲ့အဆင့်ရောက်ရပါတော့တယ်။

တစ်ရက်လည်း အလုပ်ကအပြန် ဘူတာမှာ အနောက်ကနေ ”တဆိတ်လောက်” ဆိုပြီး လှမ်းခေါ်တော့ ဘာများလဲလို့  လှည့်ကြည့်လိုက်မိတယ်။ အမျိုးသမီးနှစ်ဦးက ”နိုင်ငံခြားသားလား” လို့ မေးတော့ ”အင်း ဟုတ်ပါတယ်” လို့ ပြန်ဖြေလိုက်တယ်။ သူတို့ က ရှည်ရှည်ဝေးဝေးတွေဆက်ပြောနေတော့ “ငါ မင်းတို့ စကား သိပ်နားမလည်ဘူး” လို့ ပြန်ပြောလိုက်တယ်။ ဒီတော့ သူတို့ က ”အင်္ဂလိပ်လိုကော” လို့ မေးတော့ ”အင်္ဂလိပ်လို တော့ရတယ်” လို့ ပြန်ဖြေလိုက်တယ်။ အဲဒီမှာ အမျိုးသမီးတစ်ယောက်က “သူတို့ ရဲ့  ဘုရားရှိခိုးကျောင်းကို လာလည်ဖို့  ဖိတ်ခေါ်တာပါ။” ဆိုပြီး အင်္ဂလိပ်လိုပြောပြီး လိပ်စာကဒ်လေးပေးတယ်။ ကျွန်တော်က “ငါ ဗုဒ္ဓဘာသာဝင် ဖြစ်လို့  မလာတော့ပါဘူး” လို့ ပြန်ဖြေတော့ ”ဗုဒ္ဓဘာသာဝင်ဖြစ်လည်း ရပါတယ်။ လာရောက်လေ့လာစေချင်ပါတယ်” ဆိုပြီး ဆက်ပြောနေပြန်တော့ ကျွန်တော်လည်း ထုံးစံအတိုင်း ကောင်းပါပြီ။ ကြိုးစားပါ့မယ် လုပ်လိုက်ရပါတယ်။

ဒီနိုင်ငံမှာ ဒီလိုဘာသာရေးအဖွဲ့ တွေတော်တော်လေးများသလို အဖွဲဝင်အင်အားလည်း တော်တော်လေးများပါတယ်။ သူတို့ တွေက နိုင်ငံခြားသားတွေကို စည်းရုံးရေးဆင်းဖို့ အတွက် သက်ဆိုင်ရာ နိုင်ငံခြား ဘာသာစကား အရေးအဖတ်အပြောတွေကို ကြေညက်နေအောင်သင်ထားပြီး အထက်က ပုံစံတွေအတိုင်း စည်းရုံးရေးဆင်းပါတော့တယ်။ ဒီလိုပုံစံတွေအပြင် နိုင်ငံခြားသားတွေရဲ့  သာရေး၊ နာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ အချစ်ရေး၊ အိမ်ထောင်ရေး ကိစ္စတွေမှာလည်းပဲ တစ်ပိုင်တစ်နိုင်ကို လိုက်ကူညီပေးတတ်ကြပါသေးတယ်။ အာဂ စည်းရုံးရေးသမားများပါပေဘဲလို့  မှတ်ချက်ချလိုက်မိပါတယ်။

မြန်မာပြည်မှာတုန်းကလည်း သူတို့ အဖွဲ့ ကထုတ်တဲ့ စာအုပ်တွေ လစဉ်လိုလို အိမ်ကို ရောက်ရောက်လာတတ်ပါတယ်။ စာတိုက်ပုံးထဲထည့်သွားတာတို့ ၊ တစ်ယောက်ယောက်လာပေးသွားတာတို့ စသည်ဖြင့်ပေါ့။ အခုဒီမှာလည်း မြန်မာအိမ်တော်တော်များများမှာ သူတို့စာအုပ်တွေ၊ လက်ကမ်းစာစောင်တွေကို တွေ့ရတတ်ပါတယ်။ တစ်နည်းမဟုတ် တစ်နည်းနှင့် အဲဒီစာရွက်စာတမ်းတွေကို ရောက်အောင် စွမ်းဆောင်နိုင်ကြတာ ချီးကျူးဖို့အတော်ကောင်းပါတယ်။

ကျွန်တော် သူတို့ အဖွဲ့ အပေါ်အခုလို ရေးတာဟာ ကဲ့ရဲ့ ချင်တဲ့စိတ်နှင့် ရေးတာမဟုတ်ပါဘူး။ သူတို့ ဘာသာအပေါ် လူတွေ စိတ်ဝင်စားလာအောင် ယုံကြည်လာအောင် ကြိုးစားကြတာမှာ သူတို့  စိုက်ထုတ်လိုက်တဲ့ အားကို မှန်းကြည့်လို့ ရအောင်လို့ ပါ။ သူတို့ ဟာ သူတို့ ရဲ့ ဘာသာအပေါ် ဘယ်လောက် ယုံကြည်မှုပြင်းထန်သလဲဆိုတာကို မှန်းကြည့်စေချင်တာပါ။ သူတို့ လုပ်ပုံလုပ်နည်း မှန်တာ၊ မှားတာကို ဝေဖန်ဖို့ မရည်ရွယ်ပါဘူး။

ကွန်ပစ်မှာလား၊ မျှားမှာလား

ဘုန်းဘုန်းဝီရသူ အထဲမ၀င်ရခင် အချိန်တုန်းက ကြည့်မြင်တိုင် ရွှေည၀ါ တရားပွဲတစ်ခုမှာ ဟောသွားတဲ့ တရားထဲက စကားတစ်ချို့ ကို ပြန်ဖောက်သည်ချချင်ပါတယ်။ သိပြီးတဲ့သူတွေလည်း ရှိမှာပါ။ ဘုန်းဘုန်းက ဘာပြောသွားလဲဆိုတော့ မြန်မာပြည်မှာ သာသနာပြုနေကြတဲ့ရဟန်းသံဃာတော်တွေဟာတဲ့... တချို့  တချို့ က ပဒေသရာဇ် ရှင်ဘုရင်တွေလိုဖြစ်နေကြတယ်တဲ့။ ဘုန်းကြီးကျောင်းပေါ်မှာ ခန့် ခန့် ကြီးထိုင်ပြီး ဒကာ ဒကာမတွေ ကပ်တာတွေ လက်ခံ၊ လှူတာတွေ ဘုန်းပေးပြီး ကျောင်းလာတဲ့သူတွေလောက်ကိုပဲ တရားဟောနေကြတယ်တဲ့။ ဘုရားလက်ထက်က ဘုရားရှင်အပါအ၀င် ရဟန်းတော်တွေဟာ အရပ်ရပ်ကို လှည့်လည်ပြီး တွေ့ တဲ့သူကို တွေ့ တဲ့နေရာမှာ သင့်သလို တရားစကားပြော ဆုံးမသွန်သင်မှုကို ပြုခဲ့ကြတယ်တဲ့။ လူနတ်နိဗ္ဗာန် ချမ်းသာရှိရာဆီကို ညွှန်ပြပေးခဲ့ကြတယ်တဲ့။ အဲဒါကို ဆရာတော်က ဘာနှင့် ဥပမာပေးသွားလဲဆိုတော့ မြတ်စွာဘုရားရှင်တို့  သာသနာပြုခဲ့တာက ကန်ထဲမှာ ငါးကို ပိုက်ကွန်နှင့်ပစ်ဖမ်းတာနှင့်တူတယ်တဲ့။ အခုခေတ် ရဟန်းတော်အချို့ ရဲ့ သာသနာပြုပုံက ငါးမျှားချိတ်နှင့်ထိုင်ပြီး ငါးမျှားနေတာနှင့်တူပါတယ်လို့ ဆိုပါတယ်။ ဆရာတော့်စကားမှန် မမှန်ဆိုတာကတော့ ကျွန်တော်တို့ ထက် သာသနာ့ဘောင်ထဲက အရှင်မြတ်များက ပိုသိလိမ့်မယ်လို့ ထင်ပါတယ်။

သာသနာပြုတဲ့လား

ကျွန်တော် ဟိုကဒီက ကြားဖူးတာလေးတွေ နည်းနည်းဖောက်သည် ချကြည့်ချင်ပါတယ်။ သက်သေအထောက်အထားမရှိလို့၊ မခိုင်လုံလို့ တရားမ၀င်ပါဘူး။ မမှန်ပါဘူးလို့ ပြောရင်လည်း ကျေကျေနပ်နပ်လက်ခံပါ့မယ်။

နယ်စပ်တောင်တန်းဒေသဘက်တွေမှာ သာသနာပြုကြတဲ့ ရဟန်းတော်အချို့ အကြောင်းပါ။ အဲဒီဘက်ကျေးရွာတွေမှာ နေကြတဲ့သူတွေဟာ များသောအားဖြင့် အသိပညာအတွေးအခေါ်တွေက နိမ့်ကျကြတာရော၊ ပြည်မကြီးနှင့် အလှမ်းသိပ်ကွာပြီး လမ်းပန်းဆက်သွယ်ရေးမကောင်းတာတွေရောကြောင့် သူတို့ တွေရဲ့  လူနေမှုဘ၀တွေဟာ တော်တော်လေး နိမ့်ပါးကြပါတယ်။ သူတို့ မှာ ကိုယ်ပိုင် ယုံကြည်မှု ခံယူမှု ဆိုတာမျိုးတွေလည်း မရှိတတ်ကြဘူး။ များသောအားဖြင့် နီးစပ်ရာ သစ်ပင်တွေ၊ ကျောက်တုံးတွေ၊ နတ်တွေကို ကိုးကွယ်တတ်ကြပါတယ်။ အဲဒီကို ရောက်သွားကြတဲ့ သာသနာပြု ရဟန်းတော်တွေက ရွာလူကြီးတွေ အကူအညီနှင့် နီးစပ်ရာ ရွာနီးချုပ်စပ်က လူတွေကို တစ်နေရာမှာ စုဝေးခိုင်းပြီး သြကာသတိုင်ပေး၊ သရဏဂုံတိုင်ပေး၊ သီလပေးတိုင်ပေး လုပ်ကြပါတယ်။ ဒီလိုနှင့် ရွာဘယ်နှစ်ရွာက ရွာခံဘယ်နှစ်ယောက်တော့ဖြင့် ဗုဒ္ဓဘာသာ အဖြစ် ရောက်ရှိသွားတယ်လို့  စာရင်းသွင်းလိုက်နိုင်ကြပါတယ်။ သာသနာပြု ရဟန်းတော်များ နောက်ထပ် တစ်နေရာကို ကြွသွားချိန်မှာတော့ တခြားဘာသာခြားအဖွဲ့ တွေက အဲဒီရွာဘက်ကို ရောက်လာကြပါတယ်တဲ့။ ဒီလိုနှင့် သရဏဂုံလိုက်ဆိုထားတဲ့ အဲဒီရွာခံတွေဟာ ဘာသာခြားတို့ရဲ့ ဓလေ့ထုံးစံတွေနှင့်အညီ ဘာသာပြောင်းလိုက်ကြပြန်ပါရောတဲ့။ ကျွန်တော် ကြားဖူးတာလေးပါ။ ဟုတ်ချင်မှလည်း ဟုတ်မှာပါ။

နိုင်ငံခြားတိုင်းပြည်တွေကို ရဟန်းသံဃာတော်တွေ သာသနာပြုခရီး ကြွကြတာ ဆယ်စုနှစ် တော်တော်များများကြာခဲ့ပါပြီ။ တချို့  တချို့  သော ရဟန်းတော်တွေဟာ နိုင်ငံခြားရောက်တော့ အဲဒီမှာထင်ရှားတဲ့ စေတီပုထိုးတွေ၊ ထင်ရှားတဲ့ အမှတ်တရနေရာတွေ သွားရောက်လည်ပတ်ကြည့်ရှုပြီး အမိမြေကို ပြန်လာကြပါတယ်။ တချို့ လည်း တတ်သည့်ပညာ မနေသာဆိုသလို လို့ ပဲပြောရမလား၊ အဲဒီနိုင်ငံမှာရှိတဲ့ ဒကာ ဒကာမတွေအတွက် ရှေ့ ဖြစ်နောက်ဖြစ် တွေ ဟောပေး၊ အဆောင်ယတြာများ စီရင်ပေးခဲ့ကြရပါတယ်။ ဘာပဲဖြစ်ဖြစ် ပေါ့လေ။ မြန်မာပြည်ပြန်ရောက်ရင်တော့ “ပြည်ပသာသနာပြု” ဆိုတာလေး ဘွဲ့ ဘေးနား တပ်လို့ ရတာပါဘဲ။ ဒါလည်းဘဲ သူများပြောလို့ ကြားဖူးတာလေးပါ။

လက်တွေ့ ဘဝ

ဟိုတလောက အွန်လိုင်းမှာ ပို့ စ်လေး နှစ်ပုဒ် မှတ်မှတ်ရရ ဖတ်ဖြစ်ပါတယ်။ တစ်ပုဒ်က ဘုန်းဘုန်းဦးဝိစိတ္တ (ကိုရီးယား) ဆိုဒ်ကပါ။ နိုင်ငံခြားသာသနာပြုဆိုရာဝယ်ဆိုတဲ့ပို့ စ်ပါ။ တကယ်တမ်း နိုင်ငံခြားမှာ သာသနာပြုကြရတော့မယ်ဆိုလာတော့ သာသနာပြုမယ့်ပုဂ္ဂိုလ်အတွက် လိုအပ်ချက်တွေ၊ အရည်အချင်းတွေက တော်တော်လေး ကြိုးစားဖြည့်ဆည်းနိုင်ဖို့ လိုလာပါတယ်။ ကိုယ့်ဗမာတွေကို တရားဟော၊ တရားပြ၊ ဆိုဆုံးမဖို့ ၊ သာရေးနာရေး လူမှုရေးကိစ္စတွေမှာ ဗုဒ္ဓဘာသာထုံးတမ်းအစဉ်အလာများနှင့် အညီလုပ်နိုင်ဖို့  အတွက် ဦးဆောင်ဦးရွက် လုပ်ရုံလောက်က သံဃာတော်တွေရဲ့  ရာခိုင်နှုန်းတော်တော်များများက လုပ်နိုင်မှာ ကျိန်းသေပါတယ်။ အဓိက က ကိုယ်ရောက်နေတဲ့တိုင်းပြည်က နိုင်ငံခြားသားတွေကို ဗုဒ္ဓဘာသာနှင့် ပက်သက်တာတွေ၊ သူတို့ သိချင်တာတွေကို ပြောဆိုရှင်းပြပေးနိုင်ဖို့ ပါ.။ ဒီကိစ္စကတော့ တော်တော်အားစိုက်ရမယ့် အနေအထားဖြစ်သွားပါပြီ။ ကိုယ်နှင့် ဓလေ့စရိုက်မတူ၊ အတွေးအခေါ်မတူ၊ အယူအဆမတူသူတွေရဲ့  မေးလာတဲ့မေးခွန်းတွေကို သူတို့ စိတ်ထဲကျေလည်သွားတဲ့အထိရှင်းပြနိုင်ဖို့ ဆိုတာ တကယ်ကတော့ မလွယ်တာအမှန်ပါ။ နောက် သံဃာဆိုတာတောင် ကောင်းကောင်းမသိတဲ့ အရပ်ဒေသမှာ ရဟန်းဝိနည်းတွေနှင့်အညီ ထိန်းသိမ်းနေထိုင်ရင်း သာသနာပြုအလုပ်လုပ်ဖို့ ။ စဉ်းစားရတာနှင့်တင်တောင် ခေါင်းခြောက်စရာကောင်းနေပါပြီ။ ဒါပေမယ့်လည်း ဒီလိုခက်ခဲတဲ့ကိစ္စတွေကိုပဲ စွမ်းစွမ်းတမံဆောင်ရွက်ရင်း သာသနာတော်အရှည်တည်တံ့ဖို့ ကို မျိုးစေ့ချပေးနိုင်ခဲ့တဲ့ ရဟန်းအာဇာနည်များလည်း အထင်အရှားရှိနေတာပါဘဲ။

နောက်တစ်ပုဒ်ဖတ်ဖြစ်တာကတော့ ဓမ္မဂင်္ဂါ အရှင်ဝိစိတ္တရဲ့  ရဟန်းတစ်ပါးဆီက ဘာတွေမျှော်လင့်ထားပါလိမ့် ဆိုတဲ့ပို့ စ်ပါ။ အဲဒါလေးဖတ်ရင်း လွန်ခဲ့တဲ့လေးငါးနှစ်အလွန်လောက်က မလေးရှားနှင့်စင်္ကာပူကို သာသနာပြုကြွကြွနေတဲ့ ဆရာတော်တစ်ပါးပြောတာလေးကို သတိရမိပါတယ်။ ဆရာတော်ပြောသွားတာက ဒီက နိုင်ငံခြားသားတွေက ဘုန်းကြီးတွေကို လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ အကြံပေးတွေလို သဘောထားကြပြီး လာတွေ့ ကြတဲ့အကြောင်း၊ သူတို့ ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ မိသားစုရေးတွေ လာပြောပြတတ်ကြတယ်ဆိုတဲ့အကြောင်းပါ။ ရဟန်းတစ်ပါး နိုင်ငံခြားသာသနာပြုရရင်တော့ ဒီအတွေ့ အကြုံမျိုးက ရှောင်လို့ ရမယ်မထင်မိပါဘူး။ နောက်ဆုံးနိုင်ငံခြားသားတွေမလာရင်တောင် ကိုယ့်လူမျိုးတွေပဲလာပြီး သူတို့ အပူတွေ လာထုတ်ကြမှာ ကျိန်းသေပါဘဲ။ ကဲ...ဒါဆိုရဟန်းတော်များမှာ လူတွေ့ ရင် ငါတော့ တရားဟောလိုက်မယ်ဟဲ့ ဆိုတာမျိုးမကြိမ်းဝါးခင် Good Listener ကောင်းတစ်ဦးဖြစ်ဖို့ အရင် လေ့ကျင့်ထားဖို့ လိုမယ်ထင်ပါတယ်။

ဘာစစ်နှင့်တိုက်မလဲ

တခါတလေ သာသနာပြုတာကို စစ်တိုက်တာနှင့် နှိုင်းယှဉ်စဉ်းစားကြည့်ဖြစ်ပါတယ်။ ယှဉ်ကြည့်သင့် မသင့်တော့ ကျွန်တော် သေသေချာချာမသိပါဘူး။ ဒါပေမယ့် ကျွန်တော် နဲနဲလောက်တော့ တွေးကြည့်ဖြစ်သွားပါတယ်။ စစ်တိုက်ရာမှာ ထိုးစစ်(တိုက်စစ်)ရယ် ၊ ခံစစ်ရယ် အခြေခံအားဖြင့်ရှိတယ်လို့ ဆိုပါတယ်။ ထိုးစစ်ကိုမှ ပြောက်ကျားတို့ ၊ ခြုံခိုတို့ ၊ နဂါးပတ်တို့ ၊ စိမ့်ဝင်တို့ ၊ ဖောက်စစ်တို့ ၊ အယောင်ပြတို့  စသည်စသည်ခွဲတယ်ဆိုဘဲ။ ဖော်မြူလာအရ ထိုးစစ်ကို ရန်သူအင်အားထက် သုံးဆသာမှ သုံးသင့်တယ်လို့  ပြောပါတယ်။ ဒါက အကြမ်းဖျင်းပေါ့။ (ကျွန်တော်လည်းအရင်က ဒါတွေမသိပါဘူး။ စစ်ဗိုလ် ညီငယ်တစ်ယောက်ကို လှမ်းစပ်စုထားရတာ။ ဒီဆောင်းပါးရေးဖို့ ။)

ဟုတ်ပြီ။ ကျွန်တော်တို့ တွေ အခု သာသနာပြုနေကြတာ ထိုးစစ်သုံးနေကြတာလား၊ ခံစစ်သုံးနေကြတာလား။ ထိုးစစ်သုံးဖို့ အတွက်ဆို ကျွန်တော်တို့ မှာ ဘာတွေ အားသာချက်ရှိနေပြီလဲ။ ဒါမှမဟုတ် ခံစစ်ကိုဘဲသုံးပြီး သူများတွေ တိုက်လာတာကို ကာကွယ်ကြမလား။ နောက် ခံစစ်နှင့်ချည်းဘဲ တစ်ချိန်လုံးနေကြမလား။ ထိုးစစ်သုံးမယ်ဆိုရင်ကော ဘယ်လိုမျိုးထိုးစစ်ကို သုံးမလဲ။ ပြောက်ကျားလား၊ စိမ့်ဝင်လား၊ အယောင်ပြလား။ ဆရာနန္ဒသိန်းဇံကတော့ စစ်နည်းဗျူဟာတွေကို စီးပွားရေးမှာ သုံးလို့ ရကြောင်း သူ့ ရဲ့  စီးပွားရေးနှင့် စစ်ရေးဗျူဟာ စာအုပ်မှာ ဆိုထားပါတယ်။ သာသနာပြုရေးမှာကော သုံးမယ်ဆိုဖြစ်နိုင်မလား စမ်းကြည့်ရင် ကောင်းမယ်ထင်ပါတယ်။

Devil's Advocate

ကျွန်တော်အခုရေးပြီးသမျှ ပြန်ခြုံငုံကြည့်ရင် ကိုယ့်ဘာသာ၊ သာသနာပြုတာနှင့်ပတ်သက်ပြီး အဆိုးဘက်ကနေ ခပ်များများရေးမိသလားလို့ ထင်မိပါတယ်။ စီမံခန့် ခွဲမှုဘာသာရပ်ထဲမှာ အဖွဲ့ အစည်းတစ်ခု တိုးတက်ကြီးထွားဖို့ အတွက်လိုအပ်ချက်တစ်ခုအနေနှင့် အဆိုးမြင်ဝါဒီတစ်ဦးလောက် အနည်းဆုံးရှိသင့်တယ်လို့ ဆိုထားပါတယ်။ သူက အများစုက ကောင်းတယ်၊ ကောင်းတယ်လို့  ၀ိုင်းပြောနေတဲ့အချိန်မှာ ဒါဘာကောင်းလို့ လဲ၊ ဒါကြီးက ဒီလိုလုပ်ရင် ဒီလိုလွဲမှာပေါ့၊ ဒါကြီးက ဒီလို စုတ်ပြတ်နေတာကြီး ဘာကောင်းလို့ လဲလို့  မြင်ပေး ပြောပေးရပါတယ်တဲ့။ အဲဒီလိုလူမျိုးအဖွဲ့ အစည်းထဲမှာရှိမှ ကိုယ့်အဖွဲ့ (လုပ်ငန်း) ရဲ့  အားနည်းချက်တွေ၊ လိုအပ်ချက်တွေ (weakness & flaws) တွေကို ကျန်တဲ့သူတွေက မြင်နိုင်မှာ မို့ လို့ ပါတဲ့။ အဲဒီလူကို Devil's Advocate လို့ ခေါ်ပါတယ်။ ဒီဆောင်းပါးကတော့ ကျွန်တော်အနေနှင့် သာသနာပြုလုပ်ငန်းအတွက် DA လုပ်လိုက်တာပါဘဲ။

အဆုံးသတ်

ကျွန်တော် တက္ကသိုလ်ကျောင်းသားဘ၀တုန်းက သူငယ်ချင်းတွေဆုံဖြစ်ကြပြီဆိုရင် တက်ကြွနေကြတဲ့ လူငယ်တို့ သဘာဝအလျှောက် လောကီကြီးပွားတိုးတက်ရေး အကြောင်းတွေကို အလုအယက် ဆွေးနွေးတိုင်ပင်ကြ၊ ငြင်းခုန်ကြပါတယ်။ ကြီးပွားဖို့ အတွက် ဟိုလိုကြိုးစားသင့်တယ်၊ ဒီလိုမျိုး လေ့လာသင့်တယ်၊ ဘယ်စာအုပ်တွေဖတ်သင့်တယ်၊ ဘယ်ဘာသာကို ဘယ်လို ထဲထဲဝင်ဝင်ကျွမ်းကျင်သင့်တယ် စသည်ဖြင့်ပေါ့။ ဆွေးနွေးလို့ ပြီးတော့ သူငယ်ချင်းတစ်ယောက်က “အင်း...ငါတို့ ဒီလိုချည်းနေလို့ တော့ မဖြစ်သေးဘူး။ တစ်ခုခုတော့ လုပ်မှဖြစ်တော့မယ်။” ဆိုပြီး စကားဝိုင်းသိမ်းတတ်ကြပါတယ်။

ဒီလိုနှင့် နောက်တစ်လ လောက်နေ အားလုံးပြန်ဆုံကြတော့ ပြီးခဲ့တဲ့လက ပြောထားတာတွေထဲက ဘာတွေ ထိထိရောက်ရောက်လုပ်ဖြစ်သလဲ တစ်ယောက်ကို တစ်ယောက်မေးကြည့်တော့ သိပ်မထူးပါဘူး။ ဒုန်ရင်းအတိုင်းလောက်ပါဘဲ။ ဒါနဲ့ တစ်ခါ ပြန်ပြီး ဆွေးနွေးကြ၊ ငြင်းခုန်ကြပြန်ပါရော။ အားလုံးပြီးတော့ အဲဒီ သူငယ်ချင်းက ထုံးစံအတိုင်း “ငါတို့ ဒီအတိုင်းနေနေလို့ တော့ မဖြစ်သေးပါဘူး။ တစ်ခုခုတော့ လုပ်မှဖြစ်တော့မယ်။” လို့ ပြောပြန်ပါရော။ အဲဒီလိုနှင့်ဘဲ ကျွန်တော်တို့ တွေ ကျောင်းတွေပြီးခဲ့ကြရပါတယ်။

အခုလည်း ဒီဆောင်းပါးလေးရေးအပြီး ကျွန်တော်လည်း ကျွန်တော့်သူငယ်ချင်းပြောလေ့ရှိသလိုပဲ အားလုံးကို ပြောချင်ပါတယ်။ ”ကျွန်တော်တို့ တွေ ဒီအတိုင်းနေနေလို့ တော့ မဖြစ်သေးဘူး။ တစ်ခုခုတော့ လုပ်မှဖြစ်တော့မယ်။” လို့ ....

လေးစားစွာဖြင့်
ဝိမုတ္တိသုခ

တိုကျို၊ ဂျပန်
၂.၂.၂၀၁၀
အင်္ဂါနေ့ 

No comments:

Post a Comment