Monday, April 25, 2011

ယေဓမ္မာ ဂါထာတော်



ထေရဝါဒ ဗုဒ္ဓဘာသာ အနှစ်ချုပ် အညွှန်း
ယေဓမ္မာ ဂါထာတော်
ရန်ဝင်း (တောင်တံခါး)
ဖေဖော်ဝါရီ ၁၊ ၂၀၁၀

ဂေါတမ ဗုဒ္ဓမြတ်စွာဘုရား ပွင့်တော်မူပြီးခါစ၊ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ဥယျာဉ် ကျောင်းတော်ဝယ် သီတင်းသုံးနေတော်မူစဉ် အခါတပါး၌၊ ပဉ္စဝဂ္ဂီငါးပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည့် အရှင်မဟာအဿဇိ မထေရ်ကြီး ဆွမ်းခံကြွနေသည်ကို အရှင်သာရိပုတ္တရာ အလောင်းအလျာ ဖြစ်သော တရားရှာဖွေနေသူ ဥပတိဿ ပရိဗိုဇ် က ဖူးတွေ့ရလေသည်။

ကြည်ညိုဖွယ်ရာ အဆင်းနှင့် တည်ငြိမ်သော ဣနြေ္ဒတော်တို့ကို ထောက်ရှု၍၊ မုချဧကန် တရားထူးတရားမြတ် ကိန်းအောင်းသည့် ပုဂ္ဂိုလ် ဖြစ်ရမည် ဟု လေးနက်စွာ ယုံကြည်မှု နှင့် တရားထူးတရားမြတ် ရယူလိုမှု ပြင်းပြသည့် ဆန္ဒ ရည်ရွှယ်ချက်တို့ဖြင့် ဥပတိဿ ပရိဗိုဇ် က အရှင်မဟာအဿဇိမထေရ်ကြီး ကို ရိုသေစွာ ဆည်းကပ်ဝတ်ဖြည့်ပြီးလျှင် အရှင်မြတ်၊ အဘယ်ဆရာ၏ အဘယ်တရားများကို လိုက်နာ ကျင့်ကြံပါသနည်း ဟု မေးမြန်း လျှောက်ထားလေသည်။

ထိုအခါ အရှင်မဟာအဿဇိ မထေရ်ကြီးက ဤသို့ ပါဠိဘာသာဖြင့် ဂါထာဖွဲ့၍ ဖြေကြားတော်မူလေသည်။

“ယေဓမ္မာ ဟေတုပ္ပဘဝါ တေသံဟေတုံ တထာဂတောအာဟ တေသဉ္စ ယော နိရောဓေါ ဧဝံဝါဒီ မဟာသမဏောတိ။”

အကြင် ခန္ဓာငါးပါး ဒုက္ခသစ္စာတရား တို့သည် အကြောင်းတရား ဖြစ်သော သမုဒယသစ္စာတရား၌ အမွန်အစရှိကုန်၏။ ထိုအလုံးစုံသော သမုဒယသစ္စာ၊ ဒုက္ခသစ္စာ တရားတို့၏ ဖြစ်ရာဖြစ်ကြောင်းနှင့်၊ ထို တရားတို့၏ ချုပ်ငြိမ်းရာ နိရောဓသစ္စာတရားကို ဗုဒ္ဓမြတ်စွာဘုရားသည် ဟောတော်မူ၏။ ရဟန်းမြတ်စွာ တို့ဆရာဖြစ်သော ဗုဒ္ဓ္ဓမြတ်စွာဘုရားသည် ဤကဲ့သို့ အယူရှိတော်မူ၏။


ရှင်မဟာအဿဇိ မထေရ်ကြီး ၏ တရားတော်ကို ကြားနာရသောကြောင့်၊ ပင်ကိုယ်ဉာဏ် ရင့်သန်ပြီးသော ဥပတိဿ ပရိဗိုဇ် သည် သောတာပန် တည်လေသည်။ သဉ္ဇယ ဗေလဋ္ဌ ပုတ္တ သိဉ္ဇည်းဆရာကြီးထံ၌ တရားရှာဖွေ အတူနေသော တရားကျင့်ဖက် သူငယ်ချင်း အရှင်မဟာမောဂ္ဂလ္လာန် အလောင်းအလျာ ကောလိတ ပရိဗိုဇ် ကို၊ တရားထူး ရလာခဲ့လျှင် တစ်ဦးကိုတစ်ဦး ပြန်လည် ဟောကြစတမ်းဟု ကတိစကား ထားရှိခဲ့ကြသည့် အတိုင်း၊ တဆင့် ပြန်လည် ဟောကြားသဖြင့် ကောလိတ ပရိဗိုဇ်သည်လည်း သောတာပန် တည်လေသည်။

မြန်မာပြည် ရှေးဟောင်းအရပ်ဒေသများမှ ယေဓမ္မာ ဂါထာတော်

ယေဓမ္မာ ဂါထာတော်ကို မြန်မာပြည်အနှံ့ ရှေးဟောင်းအရပ်ဒေသများမှ တူးဖေါ်ရရှိသည့် ရွှေပေချပ်များ၊ ကျောက်စာများ နှင့် မြေပုံ (အုတ်ခွက်) ဘုရားများ တွင် ခေတ်အဆက်ဆက်က ပါဠိဘာသာ၊ သင်္သကရိုက်ဘာသာ တို့ကိုသုံးစွဲ၍၊ အက္ခရာမျိုးစုံဖြင့် ရေးထိုးထားကြောင်း တွေ့ရသည်။

ခရစ်နှစ် ၁၈၉၃ အတွင်းက ပြည်မြို့နယ် မှော်ဇာ အရပ်၊ သီရိခေတ္တရာ (ဂြီက္ခေတြ) မြို့ ရှိုးဟောင်း အတွင်းရှိ တောင်လယ်ပေါ်ရွာ မောင်ကန် ၏ ယာခင်းကုန်းမြေမှ တူးဖေါ်ရရှိသော ‘မောင်ကန် ရွှေပေချပ်’ နှစ်ချပ် တွင် ပါဠိဘာသာ ယေဓမ္မာ ဂါထာတော် အစချီ၍၊ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော် တို့ကို ရှေးဟောင်း (ပျူ) အက္ခရာ ဖြင့် ရေးသားထားသည်။ ထို ရွှေပေချပ်နှစ်ချပ် တွင် သုံးစွဲသော အက္ခရာများမှာ ရှေးအိန္ဒိယ တောင်ပိုင်း အက္ခရာများနှင့်ဆင်တူပြီး၊ ရေးထိုးချိန်သည် ၅ရာစု ခန့်တွင် ဖြစ်နိုင်သည်ဟု ပညာရှင်များ မှန်းဆကြသည်။

ခရစ်နှစ် ၁၉၂၆-၂၇ အတွင်းက ထို မှော်ဇာအရပ်၊ သီရိခေတ္တရာ (ဂြီက္ခေတြ) မြို့ရှိုးဟောင်း အတွင်းရှိ မောင်ခင်ဘ ၏ ယာခင်းကုန်းမြေမှ ရရှိသည့် ‘ခင်ဘ ရွှေပေချပ် ၂ဝ’ ပါ ပဋိစ္စသမုပ္ပါဒ် အစချီ ပိဋကတ်တော် ကောက်နှုတ်ချက်များတွင် သုံးစွဲသော အက္ခရာများနှင့် တူညီကြောင်း တွေ့ရသည်ဟုဆိုသည်။


‘မောင်ကန် ရွှေပေချပ်’များမှ ရှေးဟောင်း (ပျူ) အက္ခရာ ပါဠိ ဘာသာဖြင့် ယေဓမ္မာ အစချီသော ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်

‘မောင်ကန် ရွှေပေချပ်’ များနှင့် ခေတ်ပြိုင်ဖြစ်လိမ့်မည်ဟု မှန်းဆရသော ရခိုင် ဝေသာလီခေတ် နီတိစန္ဒြမင်း မိဖုရား ကျောက်စာကို ခရစ်နှစ် ၁၉၅၇ ခုနှစ်အတွင်းက စစ်တွေခရှိုင် ဝေသာလီမြို့ဟောင်း၊ ဥဏှသက တောင်ကုန်းပေါ်ရှိ ရှေးဟောင်း ဘုရားပျက်မှရရှိသည်။ ထို ကျောက်စာတွင် ယေဓမ္မာ ဂါထာတော်ကို ဗြာဟ္မီ အက္ခရာသုံးစွဲ၍ သင်္သကရိုက် နှင့် ပါဠိ ဘာသာတို့ဖြင့် ရေးထိုးထားသည်။

ရခိုင် ဝေသာလီခေတ် နီတိစန္ဒြမင်း မိဖုရား ကျောက်စာ

သံတွဲခရှိုင် ငလွမ်းမော် ကျောက်စာ၊ ဝေသာလီမြို့ဟောင်းတွင် တွေ့ရသော သင်းကျစ်တောင် ကျောက်စာ၊ ကျောက်ဖြူ ကျောက်စာ၊ ကျောက်တော် ကျောက်စာ၊ ဝေသာလီ ကျောက်စာ များတွင် ယေဓမ္မာ ဂါထာတော်ကို ဗြာဟ္မီအက္ခရာ၊ သင်္သကရိုက် နှင့် ပါဠိ ဘာသာတို့ကို ရောစပ် ရေးထိုးထားလေသည်။

နိုင်ငံခြားပြတိုက်တခုတွင် ရောက်ရှိနေသော သံတွဲခရှိုင် ငလွမ်းမော် ကျောက်စာကို ခရစ်နှစ် ၁၈၇၂ အတွင်းက တွေ့ရှိကြောင်း အမှတ်အသား ရှိသည်။

သံတွဲခရှိုင် ငလွမ်းမော် ကျောက်စာ၊

ဝေသာလီမြို့ဟောင်းရှိ စန္ဒြားမင်း ၏ ကုသိုလ် ဘုရားကြီးကုန်း ကျောက်စေတီ ကျောက်စာတွင် ယေဓမ္မာ ဂါထာတော် ကို ဗြာဟ္မီအက္ခရာ ပါဠိ ဘာသာ သက်သက်ဖြင့် ရေးထိုးထားသည်။

ဝေသာလီ ဘုရားကြီးကုန်း ကျောက်စေတီ ကျောက်စာ

ခရစ်နှစ် ၁၉၂၇-၂၈ က သီရိခေတ္တရာ (ဂြီက္ခေတြ) မြို့ရှိုးဟောင်းအတွင်း၊ မှော်ဇာ၊ မထောရွာ ငရှင့်ကန်ကုန်း နှင့် ကျွဲကျောင်းကုန်း မှရသော ပုံစံအမျိုးမျိုးရှိ မြေပုံ(အုတ်ခွက်) ဘုရား များတွင် နာဂရီ အက္ခရာဖြင့် သင်္သကရိုက် နှင့် ပါဠိ ဘာသာ ရောစပ်၍ ယေဓမ္မာ ဂါထာတော်ကို ရေးထိုးထားသည်။ ၈ ရာစု ခန့်က လက်ရာများ ဖြစ်နိုင်သည်ဟု ပညာရှင်များက မှန်းဆကြသည်။

မှော်ဇာ၊ မထောရွာ ငရှင့်ကန်ကုန်း မှရသော မြေပုံ (အုတ်ခွက်) ဘုရား

ပုဂံမြို့ဟောင်း မှ ရရှိသော ၁၁ ရာစု ပုဂံခေတ် က အနိရုဒ္ဓ (အနော်ရထာ) ကိုယ်တိုင် သွန်းလုပ်ပူဇော်သည့် မြေပုံ (အုတ်ခွက်) ဘုရားများအနက်၊ အချို့သော မြေပုံ (အုတ်ခွက်) ဘုရားများတွင် နာဂရီ အက္ခရာဖြင့် ယေဓမ္မာ ဂါထာတော်၏ အဆုံးပိုင်း၌ ထူးခြားစွာ …

ယေဓမ္မာ ဟေတုပြဘဝါ ဟေတု မ္တေ ပာမ္တ ထာ ဂတောဟဝ
ဒါတ္ထေ ပွှာ ယော နိရောဓ ဧဝမွါဒီဂြီအန (နိ) ရုဒ္ဓဒေဝ)
ဟု ဂြီအနိရုဒ္ဓဒေဝ (အနော်ရထာ) ကိုယ်တိုင် ထိုသို့အယူရှိကြောင်း ရေးထိုးထားခဲ့လေသည်။

ယေဓမ္မာ ဂါထာတော်ကို နာဂရီ အက္ခရာဖြင့်ရေးထိုးထားသည့် အနိရုဒ္ဓ ကိုယ်တိုင်သွန်းလုပ်သော မြေပုံ (အုတ်ခွက်) ဘုရားများ

ရှေးခေတ် (ပျူ) မြို့ဟောင်း တမြို့ဖြစ်သော တကောင်းမြို့တွင် မြေပုံ(အုတ်ခွက်) ဘုရားများ နှင့် ရှေး (ပျူ) ခေတ်လက်ရာ ပစ္စည်းများစွာ တွေ့ရသော်လည်း၊ ယေဓမ္မာ ဂါထာ ပါရှိသည့် မြေပုံ (အုတ်ခွက်) ဘုရားများ အနက်၊ ၁၁ ရာစု ပုဂံခေတ်လက်ရာ ထက် စောသော မြေပုံဘုရားများ ကို မတွေ့ရသေးပေ။

တကောင်းမြို့မှရရှိသော နာဂရီ အက္ခရာဖြင့် ယေဓမ္မာ ဂါထာတော် ရေးထိုးထားသည့် ၁၁ ရာစုနှစ် ပုဂံခေတ် လက်ရာ မြေပုံဘုရား -

ဗုဒ္ဓမြတ်စွာ ဘုရားရှင် ထံတော်သို့

ဝေဠုဝန် ဥယျာဉ် ကျောင်းတော်တွင် သီတင်းသုံးနေတော်မူသော ဗုဒ္ဓရှင်တော်မြတ် ထံသို့ အတူတကွ သွားရောက်ဖူးမျှော်ကြရန်၊ မိမိတို့၏ ဆရာဖြစ်ခဲ့ဘူးသည့် သိဉ္ဇည်း ဆရာကြီးကို ဖိတ်ခေါ်ရာ၊ ဆရာကြီးက လိုက်ပါရန် အကြိမ်ကြိမ် ငြင်းဆန်သဖြင့်၊ ဥပတိဿ နှင့် ကောလိတ တို့သည် သိဉ္ဇည်းဆရာကြီး အား စွန့်ခွာခဲ့ကြရလေသည်။

ခရစ်နှစ် ၁၉၂၆-၂၇ က မှော်ဇာ၊ ခင်ဘကုန်း မှ တွေ့ရှိသည့် စိန္တ မုဒြာ ဖြင့် သီရိခေတ္တရာ (ဂြီက္ခေတြ) (ပျူ) ခေတ် လက်ရာ ကြေးဆင်းတုတော်

ဧထ ဘိက္ခဝေါ သွာက္ခာတော ဓမ္မော
စရထ ဗြဟ္မစရိယံ
သမ္မာ ဒုက္ခဿ အန္တကိရိယာယ

နောက်ပါ တပည့် များစွာ နှင့်အတူ၊ ဂေါတမ ဗုဒ္ဓဘုရားရှင်၏ ခြေတော်ရင်းသို့ ပထမဦးဆုံးအကြိမ် လာရောက် ဦးခိုက်ကြသည့်၊ လက်ယာတော်ရံ အဂ္ဂသာဝက ဖြစ်တော်မူ လာလတံ့သော အရှင်သာရိပုတ္တရာ အလောင်းအလျာ ဥပတိဿ ပရိဗိုဇ် နှင့်၊ လက်ဝဲတော်ရံ အဂ္ဂသာဝက ဖြစ်တော်မူ လာလတံ့သော အရှင်မဟာမောဂ္ဂလ္လာန် အလောင်းအလျာ ကောလိတ ပရိဗိုဇ် တို့ကို ဗုဒ္ဓရှင်တော်မြတ်က ‘ဧဟိ ဘိက္ခု’ ပါဠိတော်ဖြင့် မိန့်တော်မူကာ၊ အထက်ပါပုံတော် အတိုင်း၊ တရားဦး ဟောတော်မူပေ လိမ့်မည်ဟု မှန်းဆ ကြည်ညို ပူဇော် ကန်တော့လိုက်ပါသည်။

အထူးကျေးဇူးတင်စွာဖြင့် ကိုးကားခြင်း

၁ - ဇိနတ္ထပကာသနီကျမ်း (ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး)
၂ - ရှေးဟောင်းအုတ်ခွက်ရှုပ်ပွားဘုရားများ၊ ပထမတွဲ (သီရိပျံချီဦးမြ)
၃ - ရှေးဟောင်းအုတ်ခွက်ရှုပ်ပွားဘုရားများ၊ ဒုတိယတွဲ (သီရိပျံချီဦးမြ)
၎ - ပျူဖတ်စာ (သီရိပျံချီဦးသာမြတ်)
၅ - အေဒီခြောက်ရာစုနှင့် ယင်းမတိုင်မီ ရခိုင်ပြည်သုံး အက္ခရာ (ဦးစံသာအောင်)
၆ - မြန်မာ့ရိုးရာ ပဋိမာသိပ္ပံပညာ မုဒြာများ (စဝ်ထွန်းမှတ်ဝင်း)
၇ - Burma Art and Archaeology (Alexandra Green and T. Richard Blurton)

http://moemaka.com/ မှတဆင့်ကူးယူဖေါ်ပြပါသည်။ (မိုးမခအထူးဆောင်ပါး - သမိုင်းနှင့်ယဉ်ကျေးမှု)

No comments:

Post a Comment