Thursday, March 17, 2011

ကျွန်တော်နှင့် ဂျိရှင်း

(၁)
ကျွန်တော် ဂျပန်ရောက်ခါစ တစ်ရက်မှာ ကျွန်တော်ထက် နှစ်ပေါင်းများစွာ စောရောက်နေတဲ့ စီနီယာတစ်ယောက်က “ဂျပန်မှာနေရင် အမြဲသတိထားနေရမှာက ဂျိရှင်းပဲ။ ဂျိရှင်းအတွက် အမြဲပြင်ဆင်ထားဖို့လိုမယ်။” လို့ ပြောလာတော့ ကျွန်တော်က အူကြောင်ကြောင်နှင့် “ဂျိရှင်းဆိုတာ ဘာလဲအစ်ကို” လို့ မေးလိုက်ပါတယ်။ သူက မဆိုင်းမတွပဲ ပြန်ဖြေတယ်။ “ငလျင်” တဲ့။

(၂)
မြန်မာပြည်မှာနေတုန်းက ငလျင်ဆိုတာ ဘယ်လိုမျိုးကြီးများလဲလို့ တွေးမိခဲ့ဖူးပါတယ်။ ကိုယ့်တိုင်းပြည်မှာ တစ်ချိန်က အကြီးအကျယ်လှုပ်ခဲ့ဖူးခဲ့ပေမယ့် ကိုယ့်အသက်အရွယ်နှင့်က မမှီခဲ့တာလား မမှတ်မိတော့လား သေသေချာချာ မသိတော့ပါဘူး။ ၂၀၀၄ မှာ ဖြစ်ခဲ့တဲ့ဆူနာမီမှာ ငလျင်လှုပ်တုန်းကလည်း တိုက်တိုက်ဆိုင်ဆိုင် အိပ်ပျော်နေတဲ့အချိန်မှာ ဖြစ်သွားခဲ့တော့ တကယ်ကို ဘာမှ မသိလိုက်ပါဘူး။ ကိုယ်တိုင်က အိပ်ပုပ်ကြီးတာလည်း ပါတာပေါ့လေ။

ဂျပန်မှာနေတာ နှစ်ပေါက်ပြီး နေသားကျလာတော့ ငလျင်ဆိုတာ သိပ်တော့ အထူးအဆန်းမဟုတ်တော့သလို စိတ်ထဲခံစားလာရပါတယ်။ ဘာလို့လဲဆိုတော့ အင်အားသိပ်မပြင်းထန်တဲ့ ငလျင်သေးသေးလေးတွေက အလျင်းသင့်သလို လှုပ်နေတတ်တာကိုး။ သူလှုပ်လည်း ကိုယ့်လုပ်နေလက်စ အလုပ်မပျက် ဆက်လုပ်နေလိုက်တာပါဘဲ။ စက္ကန့်ပိုင်းလောက် လှုပ်ပြီးသွားတော့လည်း နဂိုပုံမှန်အတိုင်း ပြန်ဖြစ်သွားတတ်တာမို့ပါ။

ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ နယူးဇီလန်မှာ ငလျင်လှုပ်လိုက်ကတည်းက ဆူနာမီလာဖို့ အခြေအနေရှိတယ်ဆိုတာကတော့ ကြိုသိနေပါတယ်။ ဒါပေမယ့် ဘယ်အချိန် ဘယ်လိုလာမလဲဆိုတာတော့ သတိမထားမိခဲ့ပါဘူး။ အင်တာနက်သတင်းဖတ်ရင်လည်း မြန်မာပြည်သတင်းတွေကိုပဲ ဦးစားပေးဖတ်တာ အကျင့်ပါနေတော့ ဂျပန်ပြည်သတင်းဖတ်ဖို့ များသောအားဖြင့် မေ့မေ့သွားတတ်ပါတယ်။ ဂျပန်ပြည်တွင်းသတင်းက ကိုယ့်တိုင်းပြည်သတင်းလောက် စိတ်ဝင်စားဖို့မကောင်းတာလည်း ပါတာပေါ့လေ။

(၃)
ပြီးခဲ့တဲ့ အပတ် သောကြာနေ့က နေ့လည် ၂နာရီခွဲလောက် နေ့လည်စာထမင်းစားပါတယ်။ ထမင်းစားလို့ပြီးတဲ့အချိန် ဖြစ်ချင်တော့ ဗိုက်ထဲက ဆန္ဒပြလာတာနဲ့ ကိစ္စရှင်းဖို့ သန့်စင်ခန်းထဲဝင်လိုက်ပြီး စထိုင်မယ်ရှိသေး။ အခန်းက တအိအိနှင့်လှုပ်လာပါတော့တယ်။ ကျွန်တော်လည်း ရုတ်တရတ် ဆူနာမီဆိုတာကို မေ့နေလေတော့ ပုံမှန်လှုပ်နေကျ အသေးစားငလျင်လေးတွေလှုပ်တာလို့ပဲ အောက်မေ့ပြီး ကိုယ့်ကိစ္စကို ပြီးအောင် ဆက်လုပ်လိုက်ပါတယ်။ ဒါပေမယ့် ထင်ထားသလို မဟုတ်ပဲ လှုပ်တာက စက္ကန့်ပိုင်းနှင့် ရပ်မသွားပဲ တဖြည်းဖြည်းကြမ်းလာတော့မှ ခေါင်းထဲမှာ ဆူနာမီဆိုတာကြီးက ပြေးဆောင့်ပါတော့တယ်။ ဒီတော့မှ “ဟ..မဖြစ်ချေဘူး။” ဆိုပြီး ကိစ္စကို အမြန်ပြီးအောင်ဖြတ်လို့ သန့်စင်ခန်းထဲက အမြန်ထလစ်ရပါတယ်။

ကျွန်တော်သန့်စင်ခန်းအပြင်ဘက်ရောက်ချိန်မှာတော့ ကျွန်တော်ရှိနေတဲ့အခန်းထဲမှာ လူတစ်ယောက်မှ မရှိတော့ပါဘူး။ ကျွန်တော်လည်း သေချာအောင် အခန်းထဲ လိုက်ကြည့်လိုက်ပါသေးတယ်။ စားပွဲအောက်တွေများ ၀င်နေကြတာများလားပေါ့။ ဘယ်သူမှမရှိတာကျိန်းသေတော့မှ အခန်းထဲက ထွက်ခဲ့လိုက်ပါတယ်။ ကျွန်တော်ရှိနေတဲ့အခန်းက အဆောက်အဦးရဲ့ သုံးထပ်မှာဆိုတော့ လှေကားကနေဆင်းရင်း သိပ်တော့မဆင်းလိုက်ရပါဘူး။ အောက်ကကွင်းပြင်ထဲမှာတော့ လူတွေ ရာချီပြီး စုရုံးနေကြပါပြီ။ အခန်းထဲကသူတွေနှင့် အောက်မှတွေ့တော့မှ ကျွန်တော်အပေါ်မှာကျန်ခဲ့မှန်း သူတို့သိကြပါတယ်။ အားလုံးအလန့်တကြားထွက်ပြေးကြတော့ သန့်စင်ခန်းထဲမှာ လူရှိနေခဲ့တယ်ဆိုတာကို ဘယ်သူမှ သတိမထားမိကြတော့ဘူးပေါ့။ အင်း...အခန်းတံခါးတွေ အားလုံးပွင့်ပြီး ကျန်ခဲ့တာ တော်ပါသေးရဲ့ လို့ ပဲ ကိုယ့်ဖာသာ တွေးမိပါတော့တယ်။

ဒီလိုနှင့် ၂နာရီ၄၅လောက်က လှုပ်လိုက်တဲ့ငလျင်ဟာ လှုပ်လိုက် ရပ်သွားလိုက်၊ ပြန်လှုပ်လိုက်နှင့် တစ်နာရီကျော်လောက် ဆက်တိုက်ဖြစ်နေခဲ့ပါတယ်။ ပထမတစ်ကြိမ်လှုပ်လို့ပြီးသွားတော့ ပြီးသွားပြီ ထင်ပြီး အားလုံး ကိုယ့်နေရာကိုယ် ပြန်တက်လို့မှ အပေါ်မှာ မထိုင်ရသေးဘူး နောက်တခါထပ်လှုပ်ပြန်တော့ အောက်ပြန်ဆင်းပြေးရပြန်ပါရော။ နောက်ဆုံးတော့ အားလုံး အောက်မှပဲ အေးအေးလူလူထိုင်နေလိုက်ကြပါတော့တယ်။ လုံးဝ စိတ်ချလောက်တဲ့ အနေအထားရောက်တော့မှ အပေါ်ကို ပြန်တက်ကြပါတယ်။

အဲဒီအချိန်မှာ သတင်းတွေကစပြီး ရေလှိုင်းတွေတက်တာတွေ မီးလောင်တာတွေ စပြနေပါပြီ။ အိမ်ပြန်ဖို့က ရထားလိုင်း ချက်ချင်းတော့ ပြန်ဖွင့်အုံးမှာ မဟုတ်မှန်းသိတော့ မပြန်ဖြစ်သေးပဲ အနီးပတ်ဝန်းကျင်တွေလျှောက်ကြည့်စပ်စုရင်း အချိန်ဖြုန်းနေလိုက်ပါတယ်။ နောက် တော်တော်ကြာတဲ့အချိန် ရထားလိုင်းများဖွင့်လောက်မလားလို့ထင်မိလို့ ဘူတာရုံဘက်သွားကြည့်တော့ ၀င်ပေါက်သံဘာဂျာတံခါးတွေတောင် ဆွဲပိတ်ထားလိုက်ပါသေးတယ်။ လူတွေလည်း အုံခဲပြီး ဘက်စ်ကားစောင့်တဲ့သူနှင့် Taxi စောင့်တဲ့သူနှင့် အများသုံးဖုန်းမှာ တန်းစီနေကြသူတွေနှင့် ရှုပ်ရှပ်တွေခက်နေပါတော့တယ်။

ဒီလိုနှင့် ညနေစောင်းလွန်လို့ ညရောက်သွားတဲ့ အချိန်ထိ လူတွေအုံခဲနေကြတုန်းပဲဆိုတော့ အိမ်ပြန်ဖို့ကမလွယ်ကူတော့မှန်း သဘောပေါက်သွားပါတယ်။ Taxi ကလည်း ငှားရမလွယ်၊ ငှားလို့ရရင်တောင်မှ လမ်းတွေကပိတ်နေလို့ ကားကဘီးမရွေ့ ဘဲ မီတာတွေတက်ပြီး ကားခ အဆမတန်ကျသွားမယ့် အခြေအနေမှာရှိပါတယ်။ တချို့ တွေကတော့ ဆိုင်တွေကနေစက်ဘီးတွေဝယ်စီးပြီး ပြန်ကြပါတယ်။ တချို့ ကတော့ လမ်းလျှောက်ကြတယ်။ ကျွန်တော်ကတော့ ညအထိလုပ်နေကြတဲ့မိတ်ဆွေတွေကို စောင့်ရင်း သူတို့အိမ်လိုက်အိပ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

အလုပ်ထဲက စီနီယာဂျပန်ကသဘောကောင်းစွာနှင့် သူ့အိမ်ကကားကို ပြန်ယူပြီး ကျွန်တော်တို့ သူငယ်ချင်းသုံးယောက်ကို လိုက်ပို့ပေးပါတယ်။ သူ့ကားပေါ်စတက်တဲ့အချိန်မှာ ည၁နာရီခွဲလောက်ဖြစ်နေပါပြီ။ အဲဒီအချိန်ကနေ ကားစစီးလာလိုက်တာ လမ်းမှာ ကားတွေက ကြပ်၊ မီးပွိုင့်တွေမိ၊ တအိအိနှင့် ခရီးကမတွင်နိုင်ပါဘူး။ ကျွန်တော်လည်း ကားစီးရင်း အိပ်ငိုက်လာတော့ အိပ်ပျော်သွားလိုက်၊ ပြန်နိုးလာလိုက်နှင့်။ ကြည့်လိုက်ရင် ကားက မောင်းနေရတယ်လို့ကို မရှိပါဘူး။ ရပ်နေရတာကများနေပါတယ်။ နောက်ဆုံး ကျွန်တော်တို့လည်း လိုက်ပို့ပေးတဲ့ ဂျပန်ကို အားနာလာကြတာနှင့် သူ့ကို ပြန်ခိုင်းလိုက်ပြီး လမ်းဆင်းလျှောက်ကြပါတော့တယ်။ ကျွန်တော်တို့သွားမယ့် မိတ်ဆွေအိမ်နဲ့ လည်း သိပ်မဝေးတော့တဲ့ နေရာရောက်နေတာလည်း ပါပါတယ်။ ကားပေါ်က ဆင်းတဲ့အချိန်မှာ မနက်၎နာရီခွဲနေပါပြီ။ အခုရောက်နေတဲ့နေရာကို တကယ်လို့ ရထားနှင့်လာရင် မိနစ်၂၀လောက်ပဲ ကြာတာပါ။ အခုတော့ ကားကို သုံးနာရီလောက်စီးလိုက်ရပါတယ်။ အဲဒီကနေ လမ်းလျှောက်ပြီး သွားလိုက်တာ တစ်နာရီလောက်လျှောက်တော့ နားမယ့်အိမ်ကို ရောက်ပါတော့တယ်။ ရာသီဥတုတအားအေးနေတဲ့အချိန် အပြင်မှာလမ်းလျှောက်တာမှာ ကျွန်တော်က အ၀တ်အစားထူထူဝတ်မထားမိတော့ အအေးမိပြီး ဖျားပါတော့တယ်။ ဒါနဲ့ပဲ အသိအိမ်မှာ ဆေးတောင်းသောက်ရင်း တီဗွီသတင်းတွေကြည့်လိုက် အိပ်ပျော်သွားလိုက်၊ သတင်းမေးတဲ့ဖုန်းတွေဝင်လာရင် ထဖြေလိုက်၊ ပြန်အိပ်လိုက်နှင့် တစ်မနက်ကုန်သွားပါတယ်။ ညနေဘက် ကိုယ်စီးရမယ့်ရထားလိုင်းပြန်ဖွင့်တော့မှဘဲ အိမ်ပြန်ခဲ့ရပါတယ်။

(၄)
အခုဖြစ်တဲ့ဆူနာမီမှာ လောလောဆယ်အချိန်အထိ ကိုယ်ကိုယ်တိုင်နှင့် ကိုယ့်ပတ်ဝန်းကျင်ကအသိမိတ်ဆွေတွေ ဘေးမသီရန်မခပဲ အေးအေးဆေးဆေးရှိနေကြပေမယ့်လည်း ကိုယ်နှင့် တစ်မြေထဲမှာ နေနေကြတဲ့ မြောက်ပိုင်းက ငလျင်ဒဏ်နှင့် လှိုင်းဒဏ်သင့် ဂျပန်ပြည်သူတွေအတွက်ကိုတော့ တကယ် စိတ်မကောင်းဖြစ်မိပါတယ်။ ရာသီဥတုက ဆိုးရွားပြင်းထန်နေရတဲ့အထဲ အိုးမဲ့အိမ်မဲ့ စားရသောက်ရမဲ့ဖြစ်ကြရပါတယ်။ ချစ်ခင်သူတွေနှင့် သေကွဲတွေ ရှင်ကွဲတွေ ကွဲကြရပါတယ်။ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေ ရေနှင့်အတူ ပျက်စီးဆုံးရှုံးသွားကြရတယ်။ အဲဒီကြားထဲ Nuclear ကိစ္စကပါ ထပ်ပြီး စိုးရိမ်ဖွယ်ဖြစ်လာပြန်တော့ သူတို့တွေ ခံစားနေကြရမယ့် ဒုက္ခဆင်းရဲက ကိုယ်ချင်းစာမိပါတယ်လို့ ပြောရမှာတောင် အဲဒီစကားက ပေါ့ရွှတ်ရွှတ်ဖြစ်နေမယ်ထင်ပါတယ်။

ဒီရက်ပိုင်းထဲ ဘာတွေ တွေးဖြစ်နေလဲဆိုတော့ ဘယ်အရာမှ ကိုယ်လိုသလို မဖြစ်ပါလား၊ ဘယ်အရာမှ အစိုးမရပါလား လို့ မြတ်စွာဘုရားရှင် မိန့်တော်မူခဲ့တဲ့ အနတ္တတရားရဲ့  သဘောသဘာဝကို အကြမ်းထည်သဘော ဆင်ခြင်နှလုံးသွင်းဖြစ်ပါတယ်။ လောကဓံတရား (၈)ပါးမှာ အကောင်းလောကဓံတွေနှင့် ကြုံနေတဲ့အခိုက်ဆိုရင် လူတွေက လောကဓံပါလားလို့ အသိအမှတ်မပြုတတ်ကြပေမယ့် အဆိုးလောကဓံနှင့် ကြုံလာကြရင်တော့ ပြူးတူးပြာတာနှင့် တုန်လှုပ်ခြောက်ခြားနေတတ်ကြတာကိုလည်း ထပ်ပြီး သတိပြုလိုက်မိပါတယ်။

နောက် အမြဲတမ်း အာရုံပြုဖြစ်တဲ့ အဘိဏှသုတ်တော်။

၁။ ငါသည် အိုခြင်းသဘောရှိသည်ဖြစ်၏။ အိုခြင်းသဘောတရားကို မလွန်ဆန်နိုင်။

၂။ ငါသည် နာခြင်းသဘောရှိသည်ဖြစ်၏။ နာခြင်းသဘောတရားကို မလွန်ဆန်နိုင်။


၃။ ငါသည် သေခြင်းသဘောရှိသည်ဖြစ်၏။ သေခြင်းသဘောတရားကို မလွန်ဆန်နိုင်။


၎။ ငါ့အား ခပ်သိမ်းသော နှလုံးကိုပွားစေတတ်သော အဆွေအမျိုး၊ အဆွေခင်ပွန်း၊ ချစ်ကျွမ်းဝင်သူတို့ နှင့် အရပ်တစ်ပါးသို့  ပြောင်းသွားသဖြင့် ရှင်ကွဲ ကွဲရခြင်းသည် လည်းကောင်း၊ ဘ၀တစ်ပါးသို့  ပြောင်းသွားသဖြင့် သေကွဲ ကွဲရခြင်းသည် လည်းကောင်း ဖြစ်တတ်ချေ၏။


၅။ ငါသည် ကံသာလျင် မိမိဥစ္စာရှိသည်၊ ကံသာလျင် အကြောင်းရင်းရှိသည်၊ ကံသာလျင် အမွေခံရှိသည်၊ ကံသာလျင် အဆွေအမျိုးရှိသည်၊ ကံသာလျင် ကိုးကွယ်လဲလျောင်းရာ ရှိသည် ဖြစ်၏။ ကောင်းသည်လည်းဖြစ်သော၊ မကောင်းသည်လည်းဖြစ်သော အကြင်ကံကို ပြုအံ့။ ထိုပြုသော ကောင်းမှုမကောင်းမှုကံ၏ ကောင်းမွေ ဆိုးမွေခံသည် ဖြစ်ရအံ့။

တကယ့်အရေးဖြစ်လာတော့ ကိုယ်စုဆောင်းထားတဲ့ ဥစ္စာတွေ၊ ပိုင်ဆိုင်သမျှ ပစ္စည်းတွေလည်း ဘာမှယူလို့မရ။ ခင်မင်ရသူ၊ ချစ်ကျွမ်းဝင်သူတွေနှင့်လည်း ခွဲရ။ ကိုယ့်နှင့်အတူမခွဲပဲ တကယ်ကျန်ခဲ့တာက ကိုယ်ပိုင်ထားတဲ့ ကံ ဆိုတာ တစ်ခုတည်းပါဘဲ။

(၅)
ဟိုးတစ်နှစ်က ၂၀၁၂မှာ ကမ္ဘာပျက်မယ်ဆိုပြီး လူတွေ ပြောလိုက်ကြ၊ စာတွေရေးလိုက်ကြတာ။ ၂၀၁၂မှာ ကမ္ဘာပျက်မပျက် မသိပေမယ့် ၂၀၁၁မှာတော့ ဂျပန်ကျွန်းကတော့ အတော်စုတ်ပြတ်သွားပါပြီ။ ဂျပန်လူမျိုးတွေအတွက်တော့ ဒါဟာ သူတို့ရဲ့  ကမ္ဘာပျက်မှုလို့ ပြောလို့ရပါတယ်။

ပြီးခဲ့တဲ့အပတ်ကစလိုက်တဲ့ ဒီဆူနာမီဇာတ်လမ်းက အခုထိမပြီးသေးပါဘူး။ ဒီရက်ပိုင်းထဲ ငလျင်တွေလည်း ထပ်လှုပ်ဖို့ရှိနေသေးတယ်။ လောလောဆယ်လည်း လှုပ်နေတယ်။ Nuclear Radiation ကလည်း ဘယ်လိုဘယ်ပုံနှင့် သတင်းကို စုံနေတာပါဘဲ။ စားနပ်ရိက္ခာတွေ ပြတ်လပ်သွားဖို့ကလည်း ဖြစ်နိုင်ချေတွေရှိနေတယ်။ ဂယက်ပေါင်းများစွာကြားထဲမှာ သတင်းစုံကို နားထောင်ရင်း ပြင်ဆင်မှုတွေကို တတ်နိုင်သလောက် လုပ်တော့ လုပ်နေတာပါဘဲ။ ဒါပေမယ့် အနတ္တတရားကို မေ့ထားလို့တော့ မရဘူးပေါ့လေ။

ဘာပဲဖြစ်ဖြစ် “ငါသည် မုချသေရမည်၊ အချိန်ပိုင်းသာ လိုတော့သည်” ဆိုတဲ့ ဆရာတော်ဘုရားကြီးရဲ့  အဆုံးအမသြ၀ါဒဟာ အခုအချိန်မှာ ပိုပြီး အသက်ဝင်စေပါတယ်။ မသေခင်လေးမှာ တန်ဖိုးရှိတာလေးတွေရွေးလုပ်ရင်း သေရမယ်ဆိုရင်လည်း စိတ်အေးလက်အေး ငြိမ်းငြိမ်းချမ်ချမ်း သေချင်ပါတယ်။

လောလောဆယ်တော့ အားရှိတာတွေ ရွေးစား၊ အိပ်ရေးဝအောင်အိပ်ရင်း ဘာဖြစ်မယ်မှန်းမသိတဲ့ အနာဂါတ်အတွက် ကြိုတင်ပြင်ဆင်နေပါတယ်။

ဂျပန်ပြည်သူတွေအားလုံးနှင့် ကမ္ဘာသူကမ္ဘာသားတွေအားလုံး ဘေးအန္တရယ်အပေါင်းမှ အမြန်ဆုံး ကင်းစင်လွတ်မြောက်ပြီး စိတ်ဆင်းရဲခြင်း၊ ကိုယ်ဆင်းရဲခြင်းအပေါင်းမှ လွတ်ကင်းချမ်းသာနိုင်ကြပါစေ။ ကမ္ဘာကြီး အမြန်ပြန်လည် ကျန်းမာလာပါစေလို့ ဆန္ဒမွန်ပြုရင်း။

လေးစားစွာဖြင့်
ဝိမုတ္တိသုခ
၁၇ ဖေဖော်ဝါရီ ၂၀၁၁။



ငလျင်လှုပ်နေချိန်တုန်းက အုန်းပင်လေတိုက်ချိန်ယိမ်းသလို ယိမ်းနေခဲ့တဲ့ အဆောက်အဦး



ကုမ္ပဏီဝန်ထမ်းများ အုပ်စုလိုက် ငလျင်ရှောင်နေစဉ်



ကျည်ဆံရထားဂိတ်မှာ ရထားလိုင်းအဖွင့်ကို စောင့်မျှော်နေကြသူများ



လက်ကိုင်ဖုန်းလိုင်းတွေပြတ်တောက်သွားလို့ အများသုံးဖုန်းကို တန်းစီနေကြစဉ်


ဘူတာဝင်ပေါက်မှ ဘာဂျာတံခါးများကို ဆွဲပိတ်ထားစဉ်


Bus နှင့် Taxi ကို စောင့်နေကြသူများ


ငလျင်အရှိန်ကြောင့် ပြုတ်ကျသွားတဲ့ ဘူတာအရှေ့ စင်္ကြံက မီးဆိုင်းကြီးကို ချက်ချင်းပြန်လည်ပြုပြင်နေစဉ်





တစ်နာရီအတွင်း ဆက်တိုက်လှုပ်နေတဲ့ ငလျင်ကိုရှောင်ဖို့ ကွင်းပြင်ရှိရာ စုရုံးရောက်ရှိလာကြသူများ







1 comment:

  1. လောကဓံနဲ့ ကြုံရလေတိုင်း မြတ်စွာဘုရားရဲ့ တရားတော်တွေ အာရုံမှာ စိုးမိုးနေတာ သိပ်ကောင်းပါတယ်.......

    ReplyDelete