Wednesday, June 30, 2010
သစ်တုံးတရားတော် (၈) ဒါရုက္ခန္ဓောပမသုတ် (ဆရာနန္ဒာသိန်းဇံ)
သစ်တုံးတရား
(၁)
အခါတစ်ပါးမှာ ဂေါတမမြတ်စွာဘုရားဟာ ကောသမ္ဗီပြည်၊ ဂင်္ဂါမြစ်နားမှာ သီတင်းသုံးနေခိုက် ဂင်္ဂါမြစ် ရေအယဉ်နဲ့  သစ်တုံးကြီးတစ်တုံး မျောပါလာတာကို ဂေါတမမြတ်စွာဘုရားက မြင်တော်မူပြီး... “ရဟန်းတို့  မျောလာတဲ့သစ်တုံးကြီးကို သင်တို့ မြင်တယ်မဟုတ်လား” လို့  မေးတော့ မြင်ပါကြောင်း ရဟန်းတွေက ဖြေကြတယ်။ ဒီအခါမှာ ဂေါတမမြတ်စွာဘုရားက...
“ရဟန်းတို့  အကယ်၍ သစ်တုံးကြီး ဒီဘက်ကမ်းကိုလည်း မကပ်ဘူး၊ ဟိုဘက်ကမ်းကိုလည်း မကပ်ဘူး၊ မြစ်အလယ်မှာလည်း နစ်မြုပ်မသွားဘူး၊ သောင်ပေါ်ကိုလည်း မတင်ဘူး၊ လူကလည်း ဆယ်မယူဘူး၊ နတ်ကလည်း ဆယ်မယူဘူး၊ ၀ဲလည်းစုပ်ယူမသွားဘူ၊ အတွင်းကလည်း မဆွေးမပုပ်ဘူးဆိုလျှင်... ပင်လယ်သမုဒ္ဒရာထဲကို ရောက်သွားမယ်၊ ဘာကြောင့်လဲဆိုရင်...ဂင်္ဂါမြစ်က သမုဒ္ဒရာထဲ နိမ့်ဆင်းညွတ်ကိုင်း သက်ရှိုင်းနေတဲ့အတွက်ကြောင့်ဖြစ်
တယ်။”
“ရဟန်းတို့ ... ဒီသစ်တုံးကြီး ဥပမာအတိုင်း သင်တို့ ဟာလည်း ဒီဘက်ကမ်းလည်း မကပ်၊ ဟိုဘက်ကမ်းလည်းမကပ်၊ အလယ်မှာလည်း မနစ်မမြုပ်၊ သောင်ပေါ်လည်းမတင်၊ လူလည်းအဆယ်ယူမခံရ၊ နတ်လည်းအဆယ်ယူမခံရ၊ ၀ဲလည်းအစုပ်မခံရ၊ အတွင်းမှာလည်း မဆွေးမပုပ်ဘူးဆိုရင်ဖြင့် သင်တို့ ဟာ နိဗ္ဗာန်သို့  ညွတ်ကိုင်းသက်ရှိုင်း ရောက်ရှိသွားမယ်။ ဘာကြောင့်လဲဆိုရင်...သမ္မာဒိဋ္ဌိဆိ
ုတဲ့ မှန်တဲ့ မြင်သိမှုဟာ နိဗ္ဗာန်သို့  ညွတ်ကိုင်းနေတဲ့ရောက်စေတဲ့ တရားဖြစ်ခြင်းကြောင့်ပဲ” လို့  ဂေါတမဗုဒ္ဓက အမိန့် ရှိတဲ့အခါမှာ ရဟန်းတွေက ပြန်ပြီးမေးလျှောက်ကြတယ်။
“အရှင်ဘုရား....ဒီဘက်ကမ်းဆိုတာ ဘာကိုဆိုလိုပါသလဲ၊ ဟိုဘက်ကမ်းဆိုတာကကော ဘာကိုဆိုလိုပါသလဲ၊ အလယ်မှာ နစ်မြုပ်တာ...သောင်ပေါ်တင်နေတာ..
.လူဆယ်ယူတာ၊ နတ်ဆယ်ယူတာ၊ ၀ဲစုပ်ယူတာ...အတွင်းမှာပုပ်ဆွေးခြင်းဆိုတာ ဘာကိုဆိုလိုပါသလဲဘုရား” လို့  မေးလျှောက်ကြတယ်။
“လူမှာရှိတဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတာတွေကို ဒီဘက်ကမ်းလို့ ဆိုလိုတယ်။ အဲဒီမျက်စိအစရှိတာတွေကို နှစ်သက်စွဲလန်းနေရင်...ဒါ ဒီဘက်ကမ်းကို ကပ်တာ။ အဲဒီမျက်စိစတဲ့ ဒီဘက်ကမ်းကို ထိလာတဲ့ အဆင်း၊ အသံ၊ အနံ့ ၊ အရသာ၊ အတွေ့ အထိ၊ အတွေးတွေက ဟိုဘက်ကမ်း။ ဟိုဘက်ကမ်းကို ကပ်တယ်ဆိုတာ... အဲဒီ အဆင်းအသံ အစရှိတာတွေကို တပ်မက် ကပ်ငြိသာယာနေရင်... ဒါ ဟိုဘက်ကမ်းကို ကပ်တာ...
အလယ်မှာ မြုပ်တယ်ဆိုတာက တဏှာ အနှောင်အဖွဲ့ တွေထဲ နစ်မြုပ်နေတာကို ဆိုလိုတာ၊ ချစ်သူခင်သူတွေကို တပ်မက်ချစ်ခင်တဲ့ တဏှာ၊ ရာထူးဂုဏ်၊ စည်းစိမ်ဥစ္စာ၊ သားမယားစသည်တွေကို တွယ်တာတပ်မက်နေတဲ့ တဏှာဟာ လူပုဂ္ဂိုလ်ကို အဲဒီတပ်မက်ရာ ၀တ္ထု၊ အာရုံတွေထဲမှာ ခေါင်းမဖော်နိုင်အောင် နှစ်မြှုပ်ပေးနေတယ်။ ရေအောက်မှာ မြုပ်သွားတဲ့ သစ်တုံးကြီးကို ရွှံ့ တွေ၊ သဲတွေ အထပ်ထပ်ဖုံးတဲ့အခါ ရေပေါ် ပြန်မပေါ်နိုင်လောက်အောင် ဖြစ်သွားသလို တဏှာကလည်း လူကို တပ်မက်မှု အနှောင်အဖွဲ့ တွေထဲက ပြန်မတက်နိုင်အောင် နှစ်မြှုပ်ထားတာ...သောင်တင်တယ်
ိုတာက ထောင်လွှားမှုမာနကိုဆိုလိုတာ၊ မာနမြင့်တက်နေတာကိုပဲ သောင်တင်တယ်လို့ ဆိုလိုတယ်။ မာနဖြစ်နေရင်... လူဟာ ငါသိ ငါတတ်ဆိုတာမျိုးတွေလည်း ဖြစ်တယ်။ ဒီလိုမာနတက်နေတော့ နောက်ထပ်အသိတိုးဖို့ ၊ အမြင်သစ်တွေ့ ဖို့  မဖြစ်နိုင်တော့ဘူး၊ မာနခံနေသမျှတော့ ရှေ့ ဆက်ပြီးတိုးတက်သွားစရာ ရှိမှာ မဟုတ်တော့ဘူး။
လူဆယ်ယူတယ်ဆိုတာကတော့ လူတွေနဲ့ ဆက်ဆံရောနှောပြီး နေရတာနှစ်သက်နေခြင်းမျိုးကိုပဲ ဆိုလိုတယ်။ လူတွေနဲ့ ဆက်ဆံရောနှောနေတာဟာ ဒီလိုနေရတာကို နှစ်သက်လို့ ပဲ။ ဆက်ဆံရောနှောနေသမျှ လူမှုကိစ္စတွေ ရှုပ်ထွေးပြီး လူဆိုရင်လည်း ကောင်းရာကောင်းကြောင်းကို အသေအချာမလုပ်နိုင်ဘူး။ မလုပ်အားဘူး။ ရဟန်းဆိုရင်လည်း လူမှုကိစ္စတွေနဲ့  ရှုပ်ထွေးငြိတွယ်နေရင် တရားဓမ္မအလုပ်ကို လွတ်လွတ်ကျွတ်ကျွတ် မလုပ်နိုင်တော့ဘူး။ နတ်ဆယ်ယူတယ်ဆိုတာက လူ့ ဘ၀ထက်သာတယ်လို့ ထင်တဲ့ နတ်ဘ၀၊ နတ်အဖြစ်မျိုးကို တောင့်တပြီး၊ အဲဒီဘ၀မျိုးကိုရဖို့  လုပ်ဆောင်မှုမျိုးမှာ နှစ်သက်ငြိတွယ် နေတာမျိုးကို ဆိုလိုတာ။
ဝဲစုပ်ယူတယ်ဆိုတာက ကာမဂုဏ်(၅)ပါးရဲ့  ဆွဲဆောင်ယူငင်ရာကို လူသတ္တ၀ါက လိုက်ပါနေရတာကို ဆိုလိုတာ၊ ဒီကာမဂုဏ်ထဲမှာပဲ တ၀ဲဝဲလည်နဲ့ မထွက်နိုင်တော့တာ...
အတွင်းကဆွေးနေတယ်၊ ပုပ်တယ်ဆိုတာကတော့ အကျင့်သီလမရှိတာ၊ အကျင့်ပျက်တာကို ဆိုလိုတာ.....သစ်တုံးကြီးဆွေးပု
ပ်သွားရင်၊ ပျက်စီးကြေမွသွားရင် သစ်တုံးဘ၀ပျောက်ပြီး ပင်လယ်သမုဒ္ဒရာဆီ ဆက်ပြီးပါသွားစရာ ဘယ်ရှိတော့မှာလဲ။ ဒီလိုပါပဲ။ အကျင့်ပျက်ရင် သီလမရှိရင် ကောင်းမြတ်တဲ့ဘ၀မျိုးကို ရဖို့ ၊ ရောက်ဖို့  မဖြစ်နိုင်တော့ဘူး။ နိဗ္ဗာန်ဆိုတဲ့ ပင်လယ်သမုဒ္ဒရာကြီးဆီ ရောက်ဖို့  မဖြစ်နိုင်တော့ဘူး....”
ဂေါတမမြတ်စွာဘုရားနဲ့  ရဟန်းတော်အရှင်သူမြတ်တို့ ကတော့ ဒီဘက်ကမ်း ဟိုဘက်ကမ်း...ဘယ်ကမ်းကိုမှ မကပ်မငြိ၊ အလယ်မှာလည်း မနစ်ကြ မမြုပ်ကြ၊ ဘယ်သောင်ပေါ်ကိုမှလည်း မတင်ခဲ့ကြ၊ ဘယ်လူ ဘယ်နတ်ရဲ့  အဆယ်အယူကိုလည်း မခံခဲ့ကြ၊ ၀ဲစုပ်ခံရခြင်းလည်း မရှိ၊ ယိုင်နဲ့  ဆွေးမြေ့ခြင်းဆိုတာလည်း သူတို့ မှာမရှိကြ၊ နိဗ္ဗာန်ပင်လယ် သမုဒ္ဒရာကြီးဆီကို ကောင်းစွာရောက်သွားခဲ့ကြတယ်။
(၂)
အထက်ပါ ပင်လယ်သမုဒ္ဒရာကြီးဆီကို ကောင်းစွာ ထွက်သွားနိုင်တဲ့လမ်းကို ဖော်ပြတဲ့ တရားဓမ္မကိုနာပြီး ပြန်လာတဲ့မိတ်ဆွေက..“ရှက်ရှက်နဲ့ ဝန်ခံရရင်....အဲဒီပင်လယ်သွား တရားကို ကြားနာပြီးတဲ့အခါမှာ တစ်ယောက်ထည်းထည်းနဲ့  နိဗ္ဗာန်ပင်လယ်ကြီးဆီ ထွက်ခွာသွားရမှာကို အားငယ်သလိုပဲ ခံစားရတယ်” လို့ ပြောတဲ့စကားသံကို ကြားယောင်မိပါတယ်။
နန္ဒာသိန်းဇံ
အင်တာဗျူးဂျာနယ်၊ နံပါတ်-၁၄၁ (၂၈၊ ၈၊ ၂၀၀၂)
“သမုဒ်ပင်လယ်ပြာ နှိုင်းပမာ” စာအုပ်မှ ကူးယူဖော်ပြပါသည်။
သစ်တုံးတရားတော် (၁) ဒါရုက္ခန္ဓောပမသုတ် (ပါဠိတော် မြန်မာပြန်မူရင်း)
သစ်တုံးတရားတော် (၂) ဒါရုက္ခန္ဓောပမသုတ် (ဆရာတော် ဦးဃောသိတ)
သစ်တုံးတရားတော် (၃) ဒါရုက္ခန္ဓောပမသုတ် (သီတဂူဆရာတော်)
သစ်တုံးတရားတော် (၄) ဒါရုက္ခန္ဓောပမသုတ် (ဖြူးဆရာတော်)
သစ်တုံးတရားတော် (၅) ဒါရုက္ခန္ဓောပမသုတ် (မဟာဗောဓိမြိုင်ဆရာတော်)
သစ်တုံးတရားတော် (၆) ဒါရုက္ခန္ဓောပမသုတ် (ဗန်းမော်ဆရာတော်)
သစ်တုံးတရားတော် (၇) ဒါရုက္ခန္ဓောပမသုတ် (ဓမ္မဒူတ အရှင်ဆေကိန္ဒ)
ဆက်လက်ဖတ်ရှုရန်
Tuesday, June 29, 2010
သစ်တုံးတရားတော် (၇) ဒါရုက္ခန္ဓောပမသုတ် (ဓမ္မဒူတ အရှင်ဆေကိန္ဒ)
ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒ
ဟောကြားတော်မူသော
ဒါရုက္ခန္ဓောပမသုတ် တရားတော်
၁။ ညွတ်ရာယိမ်း၍ တိမ်းတော့သည်
၂။ တိမ်းကာစောင်းလည်း မပြောင်းပါ
၃။ ပြောင်းကာလဲကျ မထပြီ
၎။ ထကာရပ်လည်း ကပ်ပြန်ပြီ (၁)
၅။ ထကာရပ်လည်း ကပ်ပြန်ပြီ (၂)
၆။ ထကာရပ်လည်း ကပ်ပြန်ပြီ (၃)
၇။ ထကာရပ်လည်း မကပ်ပြီ
၉။ မမြုပ်ပေါ်လွင်တင်ပြန်ပြီ
၁၀။ မတင်မြစ်ကျယ် လူဆယ်ပြီ
၁၁။ မဆယ်လူမြတ် နတ်ဆယ်ပြီ
၁၂။ နတ်မဆယ်လည်း ၀ဲစုပ်ပြီ
၁၃။ ၀ဲမစုတ် ပုတ်ဆွေး ဝေးရပြီ
သစ်တုံးတရားတော် (၁) ဒါရုက္ခန္ဓောပမသုတ် (ပါဠိတော် မြန်မာပြန်မူရင်း)
သစ်တုံးတရားတော် (၂) ဒါရုက္ခန္ဓောပမသုတ် (ဆရာတော် ဦးဃောသိတ)
သစ်တုံးတရားတော် (၃) ဒါရုက္ခန္ဓောပမသုတ် (သီတဂူဆရာတော်)
သစ်တုံးတရားတော် (၄) ဒါရုက္ခန္ဓောပမသုတ် (ဖြူးဆရာတော်)
သစ်တုံးတရားတော် (၅) ဒါရုက္ခန္ဓောပမသုတ် (မဟာဗောဓိမြိုင်ဆရာတော်)
သစ်တုံးတရားတော် (၆) ဒါရုက္ခန္ဓောပမသုတ် (ဗန်းမော်ဆရာတော်)
ဆက်လက်ဖတ်ရှုရန်
Monday, June 28, 2010
သစ်တုံးတရားတော် (၆) ဒါရုက္ခန္ဓောပမသုတ် (ဗန်းမော် ဆရာတော်)
ကျေးဇူးတော်ရှင် (န၀မ) ဗန်းမော်ဆရာတော်ဘုရားကြီး
ဟောကြားတော်မူသော
ဒါရုက္ခန္ဓောပမသုတ် တရားတော်
သစ်တုံးတရားတော် (၁) ဒါရုက္ခန္ဓောပမသုတ် (ပါဠိတော် မြန်မာပြန်မူရင်း)
သစ်တုံးတရားတော် (၂) ဒါရုက္ခန္ဓောပမသုတ် (ဆရာတော် ဦးဃောသိတ)
သစ်တုံးတရားတော် (၃) ဒါရုက္ခန္ဓောပမသုတ် (သီတဂူဆရာတော်)
သစ်တုံးတရားတော် (၄) ဒါရုက္ခန္ဓောပမသုတ် (ဖြူးဆရာတော်)
သစ်တုံးတရားတော် (၅) ဒါရုက္ခန္ဓောပမသုတ် (မဟာဗောဓိမြိုင်ဆရာတော်)
ဆက်လက်ဖတ်ရှုရန်
Thursday, June 24, 2010
Wednesday, June 23, 2010
သစ်တုံးတရားတော် (၂) ဒါရုက္ခန္ဓောပမသုတ် (ဆရာတော် ဦးဃောသိတ)
ဆရာတော် ဦးဃောသိတ
၁၈-၄-၁၉၉၃ (ညနေ) တွင် ဟောကြားတော်မူသော
ဒါရုက္ခန္ဓောပမသုတ် တရားတော်
video
ဆက်လက်ဖတ်ရှုရန်
နှစ်သက်မိသော ဇင် ပုံပြင်များ (၁၈)
Learning to Be Silent
The pupils of the Tendai school used to study meditation before Zen entered Japan. Four of them who were intimate friends promised one another to observe seven days of silence.
On the first day all were silent. Their meditation had begun auspiciously, but when night came and the oil lamps were growing dim one of the pupils could not help exclaiming to a servant: "Fix those lamps."
The second pupils was surprised to hear the first one talk. "We are not supposed to say a word," he remarked.
"You two are stupid. Why did you talk?" asked the third.
"I am the only one who has not talked," concluded the fourth pupil.
ဒီပုံပြင်နဲ့ ဆင်တူတဲ့ မြန်မာဆန်ဆန် ပုံပြင်ဖတ်ချင်ရင်တော့ ဒီလင့်ခ်မှာ သွားဖတ်ကြည့်ပါခင်ဗျာ။
ဆက်လက်ဖတ်ရှုရန်
Tuesday, June 22, 2010
ကျေးဇူးတော်ရှင် (န၀မ) ဗန်းမော်ဆရာတော်ကြီး၏ ဓမ္မလက်ဆောင်
ကျေးဇူးတော်ရှင် (န၀မ) ဗန်းမော်ဆရာတော်ကြီး၏ ဓမ္မလက်ဆောင်
အရဟံ ဗဟိအန္တဇယံ သုဂတံ၊
အမိတံ ၀ိရဇံ လလိတံ အတုလံ။
စရဏံ တိဘ၀ူပသမံ ယမကံ၊
သုခဒံ သရဏံ ပဏမာမိ ဇိနံ။
အရဟံ - ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားကို၊ ပဏမာမိ - ရှိခိုးပါ၏ ဘုရား။
ဗဟိအန္တဇယံ - အတွင်းအပရန်ကို အောင်တော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ - ရှိခိုးပါ၏ ဘုရား။
သုဂတံ - ကောင်းသောစကားကို ဟောပြောတတ်သော မြတ်စွာဘုရားကို၊ ပဏမာမိ - ရှိခိုးပါ၏ ဘုရား။
အမိတံ - မနှိုင်းယှဉ်နိုင်သည့် တန်ခိုးပြာဋိဟာရှိသော မြတ်စွာဘုရားကို၊ ပဏမာမိ - ရှိခိုးပါ၏ ဘုရား။
ဝိရဇံ - ကိလေသာမြူ ကင်းတော်မူသော မြတ်စွာဘုရာားကို၊ ပဏမာမိ - ရှိခိုးပါ၏ ဘုရား။
လလိတံ - တင့်တယ် သပ္ပါယ်တော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ - ရှိခိုးပါ၏ ဘုရား။
အတုလံ - အတုမရှိသော မြတ်စွာဘုရားကို၊ ပဏမာမိ - ရှိခိုးပါ၏ ဘုရား။
စရဏံ - အကျင့်စရဏနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ - ရှိခိုးပါ၏ ဘုရား။
တိဘ၀ူပသမံ - ဘ၀သုံးပါး၌ ကိလေသာငြိမ်းအေးသော မြတ်စွာဘုရားကို၊ ပဏမာမိ - ရှိခိုးပါ၏ ဘုရား။
ယမကံ - ရေမီးအစုံစုံသော တန်ခိုးပြာဋိဟာနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ - ရှိခိုးပါ၏ ဘုရား။
သုခဒံ - ချမ်းသာကို ပေးစွမ်းနိုင်သော မြတ်စွာဘုရားကို၊ ပဏမာမိ - ရှိခိုးပါ၏ ဘုရား။
သရဏံ - ကိုးကွယ်အားထားရာဖြစ်သော မြတ်စွာဘုရားကို၊ ပဏမာမိ - ရှိခိုးပါ၏ ဘုရား။
ဇိနံ - မာရ်ငါးပါးကို အောင်မြင်တော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ - ရှိခိုးပါ၏ ဘုရား။
ဆရာတော်ကြီးက ဒီဘုရားရှိခိုးဂါထာကို ခရီးသွားရင်း တစ်ပါးတည်းရှိနေတဲ့အချိန်တွေမှာ ရွတ်ဖတ်ပူဇော်နေတတ်ကြောင်း မိန့် တော်မူပါတယ်။ ဆရာတော်ကြီးကိုင်တဲ့ ယပ်တောင်ရဲ့  ဇစ်အိတ်ထဲမှာ စက္ကူခေါက်လေးတစ်ခု အမြဲရှိနေတတ်ပါတယ်။ အဲဒီစက္ကူခေါက်လေးကို တစ်ထစ်ချင်း ယပ်တောင်ဇစ်အိတ်ထဲကနေ အပြင်ကို ဆွဲထုတ်လိုက်၊ အတွင်းပြန်သွင်းလိုက် လုပ်ရင်း တာလီမှတ်ကာ ပုတီးစိတ်သလိုမျိုးနဲ့  ဒီဂါထာတော်ကို ရွတ်ဖတ်ပူဇော်ကြောင်း မိန့် ကြားတော်မူပါတယ်။
ဒီဂါထာဟာ ရသေ့ကြီး ဦးခန္တီရွတ်ဖတ်ပွားများတဲ့ “အရဟံ ဇယံ” ဂါထာတော်လို့ သိရပါတယ်။ အဲဒီအကြောင်း အသေးစိတ်ကတော့ ဒီလင့်ခ်မှာ ဖတ်ကြည့်ကြပါခင်ဗျာ။
လေးစားစွာဖြင့်
ဝိမုတ္တိသုခ
ဆက်လက်ဖတ်ရှုရန်
Sunday, June 20, 2010
ကျေးဇူးတော်ရှင် ဗန်းမော်ဆရာတော်ဘုရားကြီး ဦးဆောင်မှုဖြင့် ဂျပန်နိုင်ငံ တိုကျိုမြို့ တွင် ကျင်းပအပ်သော ကမ္ဘာ့ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကြီး
ကျေးဇူးတော်ရှင် ဗန်းမော်ဆရာတော်ဘုရားကြီး ဦးဆောင်မှုဖြင့်
ဂျပန်နိုင်ငံ တိုကျိုမြို့ တွင်
(၂၀၊ ၆၊ ၂၀၁၀) တနင်္ဂနွေနေ့ ၌
ကျင်းပအပ်သော ကမ္ဘာ့ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကြီး
ဆက်လက်ဖတ်ရှုရန်
Friday, June 18, 2010
မှန်တစ်ချပ် ထောင်ဖို့ က မလွယ်ပြီ
ဘုန်းဘုန်းရေ....
ဒီနေ့ ဘုန်းဘုန်းမွေးနေ့ လို့ သိရတယ်။ ရန်ကုန်မှာသာဆိုရင်တော့ တပည့်တော် ဘုန်းဘုန်းကျောင်းလာပြီး မွေးနေ့ အလှူလာစားရမှာပါ။ အခုတော့ ဘုန်းဘုန်းရော၊ တပည့်တော်ပါ ကိုယ့်နေရာ၊ ကိုယ့်ဒေသရဲ့  ဟိုးအဝေးကြီးဆီရောက်နေကြတော့ တပည့်တော် လာစားလို့ မရတော့ ငတ်တာပေါ့လေ။ ဒါပေမယ့် တစ်ခုကောင်းတာက မြန်မာပြည်မှာသာဆိုရင်တော့ ဘုန်းဘုန်းအတွက် တပည့်တော် အခုလို အမှတ်တရ စာရေးပြီး မွေးနေ့ လက်ဆောင်ပေးဖြစ်မှာ မဟုတ်ပါဘူး။ အခုတော့ နှစ်ဦးလုံး အင်တာနက် အသုံးပြုရ လွယ်ကူနေကြတော့ ဘာရယ်မဟုတ် ဒီစာလေး အမှတ်တရ ထိုင်ရေးဖြစ်လိုက်ပါတယ်။
ဟိုနေ့ က ဘုန်းဘုန်းနဲ့ Chatting မှာပြောဖြစ်ကြတော့ “ကိုယ့်ကိုယ်ကို ကြည်ညိုမှု” ဆိုတဲ့ အကြောင်းအရာပါခဲ့တယ်။ အဲဒါလေးကို တပည့်တော် ဆက်စဉ်းစားဖြစ်ခဲ့ပါတယ်။ ဆရာတော်ကြီးများ ဆုံးမထားခဲ့တဲ့စကားတွေထဲမှာလည်း ဒီအကြောင်းအရာဟာ အတော်များများတော့ ပါထားပြီးသားပါဘဲ။ သူတစ်ပါး ကိုယ့်အပေါ်ကြည်ညိုတာ မကြည်ညိုတာထက် မိမိကိုယ်မိမိကြည်ညိုနိုင်ဖို့ က ပိုပြီးအရေးကြီးပါတယ် ဆိုတဲ့အဆုံးအမစကား။
တပည့်တော်တို့ လူတွေအားလုံးရဲ့  ရာခိုင်နှုန်းဘယ်လောက်များများဟာ မိမိကိုယ်ကိုယ် မိမိကြည်ညိုနိုင်ကြတဲ့သူတွေဖြစ်ကြမလဲလို့  တွေးမိပါတယ်။ အရေအတွက်တော့ တော်တော်လေးနည်းမယ်ထင်ပါရဲ့ ။ မြတ်စွာဘုရားရှင်ရဲ့ အဆုံးအမတွေကို သိပါတယ်၊ လိုက်နာနေပါတယ်၊ လိုက်နာဖို့ ကြိုးစားနေပါတယ်ဆိုတဲ့ သူတွေထဲမှာရော ကိုယ်ကိုယ်ကို ကြည်ညိုနိုင်တဲ့သူ အတော်များများရှိနိုင်မလား။ ဒါကတော့ ကာယကံရှင်မှသာ သိနိုင်မှာဘဲလေ။
ဟိုတလောက နာဖြစ်ခဲ့တဲ့ ဆရာတော်တစ်ပါးရဲ့ တရားထဲမှာ လောကမှာရှိတဲ့ လူသားတွေစိတ်အမြဲချမ်းသာဖို့ အတွက် မရှိမဖြစ်တဲ့အရည်အချင်းတစ်ခုက ဘာလဲဆိုတော့ လူတွေရဲ့ ကောင်းကွက်တွေကို တန်ဖိုးထားအသိအမှတ်ပြုတတ်တဲ့စိတ် (Appreciation) ရှိဖို့ ဖြစ်တယ်လို့ ဆိုတယ်။ အဲဒီ Appreciate လုပ်ရမယ့် သူတွေထဲမှာ ကိုယ်ကိုယ်တိုင်လည်း ပါ ပါတယ်တဲ့။ ကိုယ့်ကိုယ်ကိုမှ ကောင်းကွက်လေးရှာပြီး Appreciate မလုပ်နိုင်ရင် စိတ်ချမ်းသာဖို့ အရေးမှာ တော်တော်ခက်နေလိမ့်မယ်လို့ ဆိုတယ်။
ခက်တာက လူဆိုတာကလည်း ကိုယ့်အကြောင်းကို ကိုယ်အသိဆုံးဖြစ်နေတဲ့အခါကျတော့ ကိုယ်ရဲ့ ကောင်းတာတွေကိုရော၊ မကောင်းတာတွေကိုရော ဘယ်သူမှမသိလည်း ကိုယ်ကတော့သိနေတယ်။ တခါတလေ ပတ်ဝန်းကျင်က ကိုယ့်ကို ချီးမွှမ်းထောမနာ ပြုနေကြပေမယ့်လို့  ကိုယ့်ဖာသာတော့ စိတ်ထဲက မလုံမလဲဖြစ်ရတာတွေရှိတတ်ပါတယ်။ ဒီတော့ ကိုယ့်ကိုယ်ကို Appreciate လုပ်ဖို့ အရေးဟာ ထင်သလောက် မလွယ်တာ သတိထားမိလိုက်တယ်။
ခုန ဆရာတော်ကပဲဆက်ပြီး မင်္ဂလသုတ်မှာပါတဲ့ ပူဇာစ ပူဇနေယျာနံ - ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်များကို ပူဇော်ရခြင်းဟာ မင်္ဂလာလို့ ပြောထားတော့ ပူဇော်ထိုက်သူတွေ စာရင်းထဲမှာ ဘုရားအစရှိတဲ့ ရတနာသုံးပါး၊ မိဘဆရာသမားများကအစထားလို့  တခြား ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်တွေထဲမှာ ကိုယ့်ကိုယ်ကိုရော ပါနိုင်သလားလို့  မေးခွန်းထုတ်ထားတယ်။ ဆရာတော်ရဲ့ ဒီမေးခွန်းကို ကြားတော့ တပည့်တော် တွန့် ကနဲဖြစ်သွားမိတယ်။ ကိုယ်ပူဇော် အလေးအမြတ်ပြုရမယ့်သူတွေစာရင်းထဲမှာ ကိုယ့်ကိုယ်ကို ထည့်ဖို့ တစ်ခါမှ မစဉ်းစားခဲ့မိလို့ ပါ။ အခုတော့ ဆရာတော်က စာရင်းဝင်ဖြစ်သလားမေးလာတော့ ရှက်ရှက်နဲ့ ပဲ ခေါင်းခါရတော့တာပေါ့။
နောက် ဆရာတော်က ဆက်ပြောတာက ကိုယ့်အိမ်က ကိုယ်ဘုရားဝတ်ပြုတဲ့နေရာရဲ့  အရှေ့ တည့်တည့်မှာ မှန်ကြီးကြီးတစ်ချပ်လောက် ထောင်ထားကြည့်ပါလားတဲ့။ ဒါဆိုဘယ်လိုဖြစ်မလဲတဲ့။ မှန်ထဲမှာ ကိုယ့်ကိုယ်ကိုပြန်ပြီးလက်အုပ်ချီနေတဲ့ပုံကို တွေ့ ရမယ်တဲ့။ အင်း....ကိုယ့်ကိုယ်ကို ပြန်အရှိခိုးခံနိုင်ဖို့ ဆိုတဲ့ကိစ္စဟာ အမှန်တော့ တကယ်မလွယ်တာပါလားလို့  တွေးမိတယ် ဘုန်းဘုန်းရေ။
ဘုန်းဘုန်းတို့  တပည့်တော်တို့ တွေအားလုံးလည်း ဘ၀ကို သက်တမ်းထက်ဝက်နီးပါးလောက် ဖြတ်သန်းရောက်ရှိနေကြပြီဆိုတော့ ဘ၀တစ်လျှောက် ကိုယ်လုပ်လာခဲ့တဲ့ ကောင်းတာတွေရော၊ မကောင်းတာတွေရောက မရေမတွက်နိုင်အောင်တော့များနေပါပြီ။ အဲဒီထဲကမှ ကောင်းတာလုပ်ခဲ့မိတာလေးတွေကိုပဲ အာရုံပြန်ပြုပြီးနေလိုက်ရင်တော့ အနေသက်သာလို့  စိတ်တော့ချမ်းသာရမှာပါဘဲ။ ဒါဆိုရင်တော့ ခုနကဆရာတော်ပြောတဲ့ ကိုယ့်ကိုယ်ကို Appreciate လုပ်လို့ ရတဲ့ အခြေအနေကိုတော့ ရနိုင်လောက်ပါရဲ့ ။ အဲဒီကမှ တဆင့်တက်လို့  ပူဇာစ စာရင်းထဲ ၀င်အောင်တော့ ဆက်ပြီး ကြိုးစားရအုံးမယ်လို့  ကိုယ့်ကိုယ်ကို အားပေးနေရပါတယ်ဘုရား။
ဘုန်းဘုန်းလည်း လုပ်ထားခဲ့တဲ့ ကောင်းမှုကုသိုလ်တွေက အများကြီးရှိနေပြီးသား ဆိုတော့ ကိုယ့်ကိုယ်ကို ကောင်းကွက်တွေသာ ထိုင်တွေးပြီး “ငါ အင်မတန် တော်ပါလား” လို့  သာ Appreciate လုပ်သာလုပ်ပေတော့ဘုရား။
တပည့်တော်ရဲ့ ကျေးဇူးရှိသူများစာရင်းထဲမှာ ဘုန်းဘုန်းလည်း တစ်ပါးအပါအ၀င်ဖြစ်နေတာရော၊ တပည့်တော်ရဲ့  သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတစ်ဦးလည်း ဖြစ်တာရောဆိုတော့ ဘုန်းဘုန်းရဲ့  သီလ၊ သမာဓိ၊ ပညာဂုဏ်တွေကိုအာရုံပြုပြီး ဒီစာစုလေးကို ဘုန်းဘုန်းရဲ့ မွေးနေ့ အမှတ်တရအဖြစ် ရေးသားပူဇော်လိုက်ပါတယ်ဘုရား။
ဘုန်းဘုန်း အသက်ရာကျော်ရှည်လို့  မိမိအကျိုး၊ အများအကျိုး၊ သာသနာအကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်နိုင်တဲ့သူ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ဘုရား။
ရိုသေစွာဖြင့်
ဝိမုတ္တိသုခ
၁၈၊ ၆၊ ၂၀၁၀။
(သောကြာနေ့ )
ဆက်လက်ဖတ်ရှုရန်
Thursday, June 17, 2010
သစ်တုံးတရားတော် (၁) ဒါရုက္ခန္ဓောပမသုတ် (ပါဠိတော် မြန်မာပြန်မူရင်း)
ပဌမ ဒါရုက္ခန္ဓောပမသုတ်
၂၄၁။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဂင်္ဂါမြစ်ကမ်းနား၌ (သီတင်းသုံး) နေတော်မူ၏၊ မြတ်စွာဘုရားသည် ဂင်္ဂါမြစ်ရေအယဉ်ဖြင့် မျော၍ လာသော ကြီးစွာသော သစ်တုံးကို မြင်တော်မူသော် ''ရဟန်းတို့  ဂင်္ဂါမြစ်ရေအလျဉ်ဖြင့် မျော၍ လာသော ကြီးစွာသော သစ်တုံးကို သင်တို့  မြင်ကြကုန်၏လော''ဟု ရဟန်းတို့ ကို မိန့် တော်မူ၏။ အသျှင်ဘုရား မြင်ကြပါကုန်၏။
ရဟန်းတို့  အကယ်၍ သစ်တုံးသည် ဤမှာဘက်ကမ်းသို့  မရောက်ခဲ့ပါလျှင်၊ ထိုမှာဘက်ကမ်းသို့ မရောက်ခဲ့ပါလျှင်၊ အလယ်၌ မနစ်မြုပ်ခဲ့ပါလျှင်၊ ကြည်းကုန်း၌ မတင်ခဲ့ပါလျှင်၊ လူတို့  မဆယ်ယူခဲ့ပါလျှင်၊ နတ်တို့  မဆယ်ယူခဲ့ပါလျှင်၊ ဝဲမစုပ်ယူခဲ့ပါလျှင်၊ အတွင်း၌ မဆွေးမပုပ်ခဲ့ပါလျှင် ထိုသစ်တုံးသည် သမုဒ္ဒရာသို့  ညွတ်သည် သမုဒ္ဒရာသို့  ကိုင်းသည် သမုဒ္ဒရာသို့  ရှိုင်းသည် ဖြစ်လတ္တံ့ ။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့  ဂင်္ဂါမြစ်၏ ရေအလျဉ်သည် သမုဒ္ဒရာသို့  ညွတ်သည် သမုဒ္ဒရာသို့  ကိုင်းသည်သမုဒ္ဒရာသို့  ရှိုင်းသည် ဖြစ်သောကြောင့်တည်း။
ဤသို့  မိန့် တော်မူလျှင် ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-''မြတ်စွာ့ဘုရား ဤမှာဘက်ကမ်းဟူသည် အဘယ်ပါနည်း၊ ထိုမှာဘက်ကမ်းဟူသည် အဘယ်ပါနည်း၊ အလယ်၌ နစ်မြုပ်ခြင်းဟူသည် အဘယ်ပါနည်း၊ ကြည်းကုန်း၌ တင်မှုဟူသည် အဘယ်ပါနည်း၊ လူတို့  ဆယ်ယူမှုဟူသည် အဘယ်ပါနည်း၊ နတ်တို့  ဆယ်ယူမှုဟူသည် အဘယ်ပါနည်း၊ ဝဲစုပ်ယူမှုဟူသည် အဘယ်ပါနည်း၊ အတွင်း၌ ပုပ်ဆွေးမှုဟူသည် အဘယ်ပါနည်း ''ဟု (လျှောက်၏)။
ရဟန်း ''ဤမှာဘက်ကမ်း'' ဟူသော ဤအမည်သည် အတွင်းဖြစ်သော တည်ရာ 'အဇ္ဈတ္တိကာယတန'ခြောက်ပါးတို့ ၏ အမည်တည်း။ ရဟန်း ''ထိုမှာဘက်ကမ်း'' ဟူသော ဤအမည်သည်အပဖြစ်သောတည်ရာ 'ဗာဟိရာယတန' ခြောက်ပါးတို့၏ အမည်တည်း။ ရဟန်း ''အလယ်၌ နစ်မြုပ်ခြင်း'' ဟူသော ဤအမည်သည် နှစ်သက်စွဲမက်မှု 'နန္ဒီရာဂ'၏ အမည်တည်း။ ရဟန်း ''ကြည်းကုန်း၌ တင်မှု'' ဟူသော ဤအမည်သည် ငါဟူသော ထောင်လွှားသည့် 'မာန'၏ အမည်တည်း။
ရဟန်း ''လူတို့  ဆယ်ယူမှု'' ဟူသည် အဘယ်နည်း။ ရဟန်း ဤသာသနာတော်၌ ရဟန်းသည် လူတို့ နှင့်ရောနှောသည် ဖြစ်၍ နေ၏၊ အတူတကွ နှစ်သက်မှုရှိ၏၊ အတူတကွ စိုးရိမ်မှုရှိ၏၊ လူတို့ချမ်းသာသည်ရှိသော် ချမ်းသာ၏၊ လူတို့  ဆင်းရဲသည်ရှိသော် ဆင်းရဲ၏၊ ပြုဖွယ်ကိစ္စတို့   ပေါ်ပေါက်လာကုန်သည်ရှိသော် မိမိသည်ပင် ထိုကိစ္စတို့ ၌ အားထုတ်ခြင်းသို့  ရောက်၏။ ရဟန်း ဤသို့  ဖြစ်မှုကို 'လူတို့ ဆယ်ယူမှု'ဟု ဆိုအပ်၏။
ရဟန်း ''ဝဲစုပ်မှု'' ဟူသော ဤအမည်သည် ကာမဂုဏ်ငါးပါးတို့ ၏ အမည်တည်း။
ရဟန်း ''အတွင်း၌ ပုပ်ဆွေးမှု'' ဟူသည် အဘယ်နည်း။ ရဟန်း ဤသာသနာတော်၌ အချို့သောရဟန်းသည် သီလမရှိ၊ ယုတ်ညံ့သော သဘောရှိ၏၊ မစင်ကြယ်သည် ဖြစ်၍ ယုံမှားအပ်သောအကျင့်ရှိ၏၊ ဖုံးလွှမ်းအပ်သော အမှုရှိ၏၊ ရဟန်း မဟုတ်ဘဲလျက် ရဟန်းဟု ဝန်ခံ၏၊ အကျင့်မြတ်ကိုကျင့်သုံးသူ မဟုတ်ဘဲလျက် အကျင့်မြတ်ကို ကျင့်သုံးသူဟု ဝန်ခံ၏၊ အတွင်းပုပ်၏၊ ကိလေသာဖြင့်စိုစွတ်၏၊ အမှိုက် သရိုက်ကဲ့သို့  ဖြစ်၏။ ရဟန်း ဤသည်ကို 'အတွင်း၌ ပုပ်ဆွေးမှု'ဟု ဆိုအပ်၏။
ထိုအခါ နန္ဒမည်သော နွားကျောင်းသားသည် မြတ်စွာဘုရား၏ အနီး၌ ရပ်လျက် ရှိ၏၊ ထိုအခါနန္ဒမည်သော နွားကျောင်းသားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏ - ''အသျှင်ဘုရားတပည့်တော်သည် ဤမှာဘက်ကမ်းသို့  ကပ်ရောက်သည် မဟုတ်ပါ၊ ထိုမှာဘက်ကမ်းသို့ လည်း ကပ်ရောက်သည် မဟုတ်ပါ၊ အလယ်၌လည်း နစ်မြုပ်လိမ့်မည် မဟုတ်ပါ၊ ကြည်းကုန်း၌လည်း တင်လိမ့်မည်မဟုတ်ပါ၊ တပည့်တော်ကို လူတို့ လည်း ဆယ်ယူလိမ့်မည် မဟုတ်ပါ၊ နတ်တို့ လည်း ဆယ်ယူလိမ့်မည်မဟုတ်ပါ၊ ဝဲသည်လည်း စုပ်ယူနိုင်လိမ့်မည် မဟုတ်ပါ၊ အတွင်း၌လည်း မပုပ်ဆွေးပါ၊ အသျှင်ဘုရားတပည့်တော်သည် မြတ်စွာဘုရား၏ အထံ၌ ရှင်အဖြစ်ကို ရလိုပါ၏၊ ပဉ္စင်းအဖြစ်ကို ရလိုပါ၏''ဟုလျှောက် ထား၏။
ထိုအခါ နန္ဒမည်သော နွားကျောင်းသားသည် နွားရှင်တို့ အား နွားတို့ ကို အပ်ခဲ့၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ် ပြီးလျှင် မြတ်စွာဘုရားအား ''အသျှင်ဘုရား နွားရှင်တို့ အား နွားတို့ ကို အပ်ခဲ့ပါပြီ၊ တပည့်တော်သည် မြတ်စွာဘုရား၏ အထံ၌ ရှင်အဖြစ်ကို ရလိုပါ၏၊ ပဉ္စင်းအဖြစ်ကို ရလိုပါ၏ ''ဟု ဤစကားကို လျှောက်၏။ နန္ဒမည်သော နွားကျောင်းသားသည် မြတ်စွာဘုရား၏ အထံ၌ ရှင်အဖြစ်ကိုရလေ၏၊ ပဉ္စင်းအဖြစ်ကို ရလေ၏၊ အသျှင်နန္ဒသည် ပဉ္စင်းဖြစ်၍ မကြာမြင့်မီ တစ်ပါးတည်းဆိတ်ငြိမ်ရာသို့  ကပ်လျက်။ပ။ အသျှင် နန္ဒသည် ရဟန္တာတို့ တွင် တစ်ပါးအပါအဝင် ဖြစ်လေ၏။
စတုတ္ထသုတ်။
သံယုတ္တနိကာယ် သဠာယတန၀ဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန်
ဆက်လက်ဖတ်ရှုရန်
Wednesday, June 16, 2010
သြဃတရဏသုတ် နှင့် သူတို့ အတွေးများ (၄)
မလျှောက်ဘဲနှင့်ရောက်
(၁)
လွန်ခဲ့သောရက်က အောက်ပါ အကြောင်းအရာကို ကျွန်တော်၏မိတ်ဆွေက ပြောပြပါသည်။ သူပြောသည့်အကြောင်းအရာများကို ကြားဘူးသော်လည်း သူ၏ပြောပြပုံကို နှစ်သက်သဘောကျသည့်အတွက် သူ၏ပြောပုံအတိုင်း ပြန်ပြောနိုင်ရန် အောက်တွင်ကြိုးစား၍ ရေးကြည့်ပါသည်။
(၂)
အခါတစ်ပါးမှာ ဂေါတမမြတ်စွာဘုရားကို ပုဂ္ဂိုလ်တစ်ဦးက မေးလျှောက်တယ်။ ဘယ်လိုမေးလျှောက်သလဲဆိုတော့...ဒုက္ခခပ်သိမ်း ငြိမ်းတော်မူတဲ့ ရှင်တော်ဘုရားသည် ဘယ်ပုံဘယ်နည်းအားဖြင့် (ကာမောဃ၊ ဘဝေါဃ၊ ဒိဋ္ဌောဃ၊ အ၀ိဇ္ဇောဃ တည်းဟူသော) သြဃလေးသွယ် ရေပင်လယ်ကြီးကို ကူးမြောက်တော်မူခဲ့ပါသလဲ” လို့  မေးလျှောက်တယ်။ ဒီအခါမှာ ဂေါတမမြတ်စွာဘုရားက “ငါသည် ရပ်တည်လဲမနေဘဲ၊ သွားဖို့ ရန်လည်း အားမထုတ်ဘဲ သြဃလေးသွယ် ရေပင်လယ်သမုဒ္ဒရာကြီးကို ကူးမြောက်ခဲ့တယ်” လို့ ဖြေတယ်။
ဂေါတမမြတ်စွာဘုရားရဲ့  အဖြေကို တစ်ဘက်ကပုဂ္ဂိုလ်က နားမလည်ဘူး။ ဒီလိုနားမလည်တော့ ဂေါတမမြတ်စွာဘုရားကို ထပ်ပြီးမေးတယ်။ “အရှင်ဘုရား... အရှင်ဘုရားသည် သြဃလေးပါးတည်းဟူသော ပင်လယ်သမုဒ္ဒရာကြီးကို အဘယ်ကဲ့သို့  ရပ်၍လည်း မနေဘဲ၊ သွားလည်း မသွားဘဲ ကူးမြောက်တော်မူခဲ့ပါသလဲ” လို့ လျှောက်တယ်။ ဒီအခါမှာ မြတ်စွာဘုရားက ....“ရပ်နေတဲ့အခါ နစ်မြုပ်တယ်၊ သွားဖို့ ရန်အားထုတ်တဲ့အခါ မျောတယ်။ ငါဟာ...ရပ်လည်းမနေဘဲ သွားလည်းမသွားဘဲ သံသရာရေအယဉ်လို့ ဆိုအပ်တဲ့ သြဃလေးသွယ် သမုဒ်ပင်လယ်ကြီးကို ကူးမြောက်ခဲ့တယ်” လို့  ဖြေတော်မူတယ်။
ဒီအခါမှာ မေးတဲ့ပုဂ္ဂိုလ်က....“ရပ်လဲမနေဘဲ၊ သွားဖို့ ရန်လည်း အားမထုတ်ဘဲ သြဃလေးသွယ်လို့  ဆိုရတဲ့ သံသရာ သမုဒ်ပြင်ကျယ်ကြီးကို ကူးမြောက်တော်မူခဲ့တဲ့ မြတ်စွာဘုရားကို အခုမှပင် ဖူးတွေ့ ရပေတယ်” လို့  လျှောက်ထားပြီး ဂေါတမမြတ်စွာဘုရားထံကနေ ထွက်ခွာသွားတယ်တဲ့။
ဒီမှာ ဂေါတမမြတ်စွာဘုရား မိန့် တော်မူတဲ့...“ငါဟာ ရပ်တည်မနေဘဲ” ဆိုတဲ့စကားက ကာမသုခလ္လိကနုယောဂဆိုတဲ့ ကာမဂုဏ်တွေထဲမှာ နေ နေတာ မဟုတ်ဖူး။ ကာမဂုဏ်တွေကို လိုက်စား၊ ခံစားနေခြင်းမဟုတ်ဖူးလို့  ဆိုလိုတယ်။ “သွားဖို့ ရန်လဲ အားမထုတ်ဘဲ” ဆိုတာက အတ္တကိလမထာနုယောဂဆိုတဲ့ အကျင့်တွေကို ကျင့်ဆောင်အားထုတ်မှု မလုပ်ဖူးလို့ ဆိုလိုတယ်လို့  အဋ္ဌကထာဆရာတွေက ဖွင့်ပြတတ်ကြတယ်။ ပြီးတော့....ဒီတော့ “ရပ်နေတဲ့အခါနစ်မြုပ်တယ်” ဆိုတာ အဲဒီ ကာမဂုဏ်တွေကို ခံစားနှစ်သက်နေရင်....သံသရာ ပင်လယ်သမုဒ္ဒရာကြီးထဲမှာ နစ်မွန်းသွားမယ်၊ “သွားဖို့ အားထုတ်တဲ့အခါ....သွားပြန်တဲ့အခါ မျောပါတယ်” ဆိုတာက ဆိုခဲ့တဲ့ အတ္တကိလမထာနုယောဂဆိုတဲ့ မိမိကိုယ်ကို ညှင်းဆဲတဲ့အကျင့်တွေကို ကျင့်ရင်....ဒါဟာလည်း သံသရာကလွတ်မြောက်ကြောင်း မဟုတ်ဘဲ သံသရာ သြဃရေတွေထဲ မျောပါသွားအုံးမှာဘဲလို့  ဆိုလိုတယ်တဲ့။
ဂေါတမမြတ်စွာဘုရားဟာ ဆိုခဲ့တဲ့ ကာမသုခလ္လိကာနုယောဂ နဲ့  အတ္တကိလမထာနုယောဂဆိုတဲ့ အစွန်း(၂)ပါးနောက်မလိုက်ဘဲ မဇ္ဈိမပဋိပဒါ မဂ္ဂင်ရှစ်ပါးလမ်းကို လိုက်ခဲ့တယ်။ “ဒါကြောင့် ငါဟာ မြုပ်လဲမမြုပ်ဘဲ မျောလဲမမျောဘဲနဲ့  သြဃလေးသွယ် သမုဒ္ဒရာသံသရာပြင်ကျယ်ကြီးကို ကူးမြောက်ခဲ့တယ်” လို့  ဗုဒ္ဓမြတ်စွာက မိန့် တော်မူခြင်းဖြစ်တယ်လို့  ဖွင့်ဆိုပြတာလည်း ရှိတယ်။
တချို့ ကတော့ အထက်က ဗုဒ္ဓစကားတွေဖြစ်တဲ့ “ရပ်တည်လည်း မနေဘဲ၊ သွားဖို့ လည်း အားမထုတ်ဘဲ သြဃသမုဒ္ဒရာကြီးကို ကူးမြောက်ခဲ့တယ်”ဆိုတဲ့ ဖော်ပြချက်နဲ့  “မြုပ်လည်းမမြုပ်ဘဲ၊ မျောလည်း မမျောဘဲ သံသရာပင်လည်ကြီးကို ကူးမြောက်ခဲ့တယ်”ဆိုတဲ့ ဖော်ပြချက်တွေဟာ ပို့ စ်မော်ဒန်အမြင် Post Modern Thought နဲ့  ဆိုင်တဲ့ ဖော်ပြချက်တွေဖြစ်တယ်တဲ့။ ဂေါတမမြတ်စွာဘုရားမှာ ပို့ စ်မော်ဒန် အတွေးအမြင်တွေ ရှိတယ်တဲ့။ ဒါကြောင့် အဆောက်အအုံကိုဖြိုချပြီး အတွင်းက သဘာဝတ္တ၊ အတွင်းမှာ ၀ှက်ထားတဲ့ အဓိပ္ပါယ်ကို ထုတ်ကြည့်ရမယ်၊ ဒီကွန်စထရပ် Deconstruct လုပ်ကြည့်ရသလို ဗုဒ္ဓစာပေတွေကို လေ့လာတဲ့အခါ အပေါ်ယံ စာမျက်နှာ face value ထက် စာသား text ရဲ့  အတွင်းမှာရှိတဲ့ အနက်ဝှက်ကို ဖော်ထုတ်ဖို့  ပိုပြီးအရေးကြီးတယ်လို့  ဆိုကြတယ်။ ဘယ်လိုဖော်ထုတ်ပြမယ် ဆိုတာတော့ ဆွေးနွေးကြည့်ရအုံးမှာပဲ။
တချို့ ကတော့... “ရပ်တည်နေတော့လည်း မြုပ်တယ်၊ သွားဖို့ ကြိုးစားတော့လည်း မျောတယ်...” ဆိုတဲ့ စကားတွေဟာ ယောဂအကျင့်နဲ့  တက္ကဆိုတဲ့ တွေးခေါ်ဆင်ခြင်ခြင်းကို ရည်ညွှန်းတာဖြစ်တယ်လို့  ဆိုကြတယ်။ ယောဂအကျင့် - ဒါမှမဟုတ် သမထအကျင့်ဆိုတာ ကမ္မဋ္ဌာန်းအာရုံတစ်ခုခုအပေါ်မှာ တစ်စိုက်တည်းစိုက်နေအောင် ကျင့်ရတဲ့အကျင့်ဖြစ်တယ်။ ဥပမာ - မြေကြီးကသိုဏ်းအားထုတ်သူဟာ  အဲဒီ မြေကြီးကသိုဏ်းပေါ်မှာပဲ စိတ်ကိုစူးစိုက်ထားရတယ်။ ဒီလို ကသိုဏ်းပေါ်မှာပဲ စူးစိုက်နေတာ၊ ကသိုဏ်းနိမိတ်မှတစ်ပါး အခြားဘယ်ကိုမှ စိတ်မသွားရအောင် အားထုတ်နေတာဟာ ‘ရပ်တည်’ နေတဲ့ သဘောပဲတဲ့၊ ဒီလို စိတ်ရပ်တည်ပြီး သမာဓိတရားတွေ ရရုံမျှနဲ့ တော့ ကိလေသာတွေကုန်တဲ့ လွတ်မြောက်ရေးတရား (မဂ်ဖိုလ်ဉာဏ်) တွေကို မရနိုင်သေးဘူး။ ဒါကြောင့် တစ်ချိန်ချိန်မှာ သံသရာဝဲသြဃကြီးထဲ နစ်မြုပ်နိုင်တာပဲ။
ပြီးတော့.... တက္ကဗေဒအစရှိတဲ့ တွေးတောဆင်ခြင်မှုနည်းတွေနဲ့ လည်း ရုပ်နာမ်တွေရဲ့  အမှန်တရား ဒါမှမဟုတ် ရုပ်နာမ်တွေရဲ့  ပရမတ္ထသဘာဝကို သိနိုင်တာ မဟုတ်ဘူး။ ဘယ်လောက်တွေးတွေး ပရမတ္ထသဘာဝ၊ ရုပ်နာမ်တွေရဲ့  အနတ္တသဘာဝကို သိနိုင်တာမဟုတ်ဘူး။ တွေးနေသမျှတော့ စိတ်ဟာအတွေးတွေနဲ့ ပဲ လွင့်မျောနေမှာပဲ။ ဒီတော့ ‘မျော’ တယ်ဆိုတာ တွေးတောနေခြင်းဖြစ်တယ်။ အတွေးမျှ၊ ဆင်ခြင်မှုမျှဖြင့် ရုပ်နာမ်တွေရဲ့  ပရမတ္ထသဘာဝကို မသိနိုင်တဲ့အတွက် မဂ်ဖိုလ်ဆိုတဲ့ ဉာဏ်ပညာကိုလည်း မရနိုင်ဘူး။ ဒီဉာဏ်တွေကို မရရင် ကိလေသာတွေကနေ မလွန်မြောက်နိုင်ဘူး။ မလွန်မြောက်ရင် သြဃလေးသွယ်ဆိုတဲ့ ပင်လယ်သမုဒ္ဒရာကြီးထဲမှာ မျောနေအုံးမှာပဲ။ ဗုဒ္ဓကတော့ မြုပ်လည်း မမြုပ်ဘူး။ မျောလည်း မမျောပါဘူး။
ဘာပြုလို့  မမြုပ်တာလဲဆိုတော့ ဗုဒ္ဓက မရပ်တဲ့အတွက်ဖြစ်တယ်။ ဘာကြောင့် မမျောတာလဲဆိုတော့ ဗုဒ္ဓက သွားမှမသွားဘဲ။ မသွားတော့ မမျောဘူး။
ဒီမှာ....‘မရပ်ဘူး’ဆိုတာက....ခန္ဓာ(၅)ခုမှာ ဖြစ်သမျှ ဖြစ်လာသမျှကို ၀ိပဿနာမပြတ်ရှုမှတ်နေတာကို ဆိုလိုတာတဲ့။ ဖြစ်သမျှ ဖြစ်လာသမျှ ရှုမှတ်နေတဲ့အတွက် ရှုမှတ်သူဟာ ရပ်နေတာ၊ ငြိမ်နေတာ၊ စိုက်နေတာ မဟုတ်ဘူး။ ဒါဖြင့် ဖြစ်သမျှ....ဖြစ်လာသမျှကို လိုက်ပြီးရှုမှတ်နေခြင်းဟာ သွားနေတဲ့ သဘောမဟုတ်ဘူးလားလို့  မေးစရာရှိတယ်။ တကယ်က....မြင်တာကြားတာစတဲ့ ဖြစ်လာသမျှကို မြင်ရုံမျှ၊ ကြားရုံမျှတွင် ရပ်တည်အောင်ထားဖို့  ၀ိပဿနာရှုမှတ်နေတာဆိုတော့ သွားနေတဲ့သဘောမဟုတ်ဘူး။ ဒါကြောင့် ၀ိပဿနာရှုမှတ်နေခြင်းဟာ ရပ်နေတဲ့သဘော မဟုတ်ဘူး။
ခန္ဓာ ၅ ခု (ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိဉာဏ်)မှာ ဖြစ်လာသမျှကို ၀ိပဿနာရှုမှတ်နေတယ်ဆိုတာ မဂ္ဂင် ၅ ခု တစ်ပေါင်းတည်း အလုပ်လုပ်နေတာဖြစ်တယ်တဲ့။ (၁) သမ္မာဒိဋ္ဌိ၊ (၂) သမ္မာသင်္ကပ္ပ၊ (၃) သမ္မာဝါယမ၊ (၄) သမ္မာသတိ၊ (၅) သမ္မာသမာဓိ ဆိုတဲ့ မဂ္ဂင် ၅ ခုကို အလုပ်သမားမဂ္ဂင် (ကာရကမဂ္ဂင်) လို့ တောင် အမည်ပေးထားတယ်။ ဒီမဂ္ဂင် ၅ ခုဟာ ၀ိပဿနာရှုတဲ့နေရာမှာ တကယ့်ကို အလုပ်လုပ်ရတဲ့ မဂ္ဂင်တွေဖြစ်နေလို့ ပဲတဲ့။ ဒီမဂ္ဂင် ၅ ခု ညီညွတ်စွာ အလုပ်လုပ်ပြီဆိုရင် ၀ိပဿနာရှုသူဟာ ခန္ဓာ ၅ ခုရဲ့  ပရမတ္ထသဘာဝတွေကို သိနိုင်တယ်။ ရုပ်ဆိုတာဖြစ်ပြီး ပျက်နေတာ၊ ဝေဒနာဆိုတာ ခံစားပြီး ပျက်နေတာ၊ သညာဆိုတာ မှတ်သားပြီး ပျက်နေတာ၊ သင်္ခါရဆိုတာ စေ့ဆော်ပြီး ပျက်နေတာ၊ ၀ိဉာဏ်ဆိုတာ သိပြီးပျက်နေတာလို့  မှန်မှန်ကန်ကန်မြင်သိတယ်။ ဗုဒ္ဓအဘိဓမ္မာကို ကိုးကားပြီး တချို့ ပညာရှင်တွေကတော့ ....ဆိုခဲ့တဲ့ မဂ္ဂင် ၅ ခု ညီညွတ်စွာဖြစ်ရင် ၀ီထိတစ်ခု ဆုံးပြီးလို့  ဖြစ်ပေါ်လာတဲ့ ပထမဆင်ခြင် ၀ီထိမှာ ၀ိပဿနာရှုမှတ်နိုင်ရင် ထိလာသမျှအာရုံတွေရဲ့  ပျက်သွားမှု မမြဲမှုကို မှန်မှန်ကန်ကန်သိနိုင်တယ်လို့  ဖော်ပြကြတယ်။ ဒီပထမဆင်ခြင်ဝီထိမှာ ၀ိပဿနာမရှုမှတ်နိုင်ရင်တော့ ဒြပ်ဝီထိ၊ အမည်ဝီထိတွေ ၀င်လာပြီဆိုတော့ ထိလာတဲ့ အာရုံရဲ့  ပရမတ္တသဘောကို မသိနိုင်တော့ဘူး။ သူ့ အသိဟာ ပညတ်ကို သိတဲ့ အသိတွေပဲ ဖြစ်သွားနိုင်တယ်လို့  ဖြော်ပကြတယ်။ ဆိုခဲ့တဲ့အတိုင်း ဒြပ်ဝီထိတွေ အမည်ဝီထိတွေ မကျခင် ပထမဆင်ခြင်ဝီထိမှာ ၀ိပဿနာ တကယ်ရှုသိနိုင်ရင်တော့ ထိလာတိုင်းသော အာရုံတွေရဲ့  ပျက်မှု၊ မမြဲမှုကို အမှန်အကန်သိတဲ့ ဉာဏ်အမြင်တွေဖြစ်တယ်။
ဝီထိတစ်ခုဆုံးတိုင်းဆုံးတိုင်း ၀ိပဿနာ မပြတ်ရှုမှတ်နေခြင်းဟာ ငြိမ်ပြီး“ရပ်”နေတာမဟုတ်ဘူး။ ရပ်နေတာမဟုတ်တဲ့အတွက် မမြုပ်ဘူး။ ပြီးတော့ ၀ိပဿနာ မပြတ်ရှုနေခြင်းဟာ တွေးတောဆင်ခြင်နေတာမဟုတ်ဘူး။ အတွေးတွေနဲ့ ဆုံးစမရှိ “သွား”နေတာမဟုတ်ဘူး။ မသွားတဲ့အတွက် မမျောဘူးလို့ လည်း ဖွင့်ပြကြတယ်။ ၀ိပဿနာရှုမှတ်လို့  နောက်ဆုံးမှာ အရဟတ္တမဂ်ဉာဏ်ဖိုလ်ဉာဏ်တွေ ရသွားရင်တော့ သြဃလေးသွယ်ဆိုတဲ့ ပင်လယ်သမုဒ္ဒရာကြီးထဲ နစ်မြုပ်စရာလည်း မရှိတော့ဘူး။ မျောပါသွားစရာလည်း မရှိတော့ဘူး။ ဒါကြောင့် ဂေါတမမြတ်စွာဘုရားက... “ငါဟာ ရပ်တည်လည်း မနေဘဲနဲ့ ၊ သွားဖို့ လည်း အားမထုတ်ဘဲနဲ့  သံသရာဆိုတဲ့ ပင်လယ်သမုဒ္ဒရာကြီးကို ကူးမြောက်ခဲ့တယ်။ ရပ်ရင်မြုပ်တယ်။ သွားတော့ မျောတယ်။ ငါဟာ မြုပ်လည်း မမြုပ်ဘဲနဲ့ ၊ မျောလည်း မမျောဘဲနဲ့  သြဃလေးသွယ်ဆိုတဲ့ ပင်လယ်သမုဒ္ဒရာကြီးကို ကူးမြောက်ခဲ့တယ်” လို့  ပြောတာဖြစ်မယ်။ ဒီလို ဂေါတမမြတ်စွာဘုရား ပြောဆိုမိန့် ကြားတာကို လာပြီးမေးမြန်းတဲ့ ပုဂ္ဂိုလ်က.....
“သတ္တလောကကြီးမှာ.....ရပ်တည်မနေဘဲ၊ သွာဖို့ လည်း အားမထုတ်ဘဲ တဏှာကို ကူးမြောက်တော်မူပြီးသော မကောင်းမှုမှ အပပြုပြီးသော ငြိမ်းအေးတော်မူပြီးသော မြတ်စွာဘုရားကို ကြာမြင့်မှပင် ဖူးမြင်ရလေစွတကား” လို့  လျှောက်ထားပြီးတော့ ပြန်လည်ထွက်ခွာသွားတယ်တဲ့။
(၃)
အထက်ပါအကြောင်းအရာများကို ပြောပြသော မိတ်ဆွေဖြစ်သူ၏ အိမ်မှ အပြန်တွင် မလှမ်းလျှောက်ဘဲနှင့် ရောက်သည့်အကြောင်းကို လွင့်လွင့်မျောမျော တွေးတောလာခဲ့မိပါသည်။     ။
နန္ဒာသိန်းဇံ
ဓမ္မရိပ်မဂ္ဂဇင်း အတွဲ(၁) အမှတ်(၆)
(ဇွန်လ ၂၀၀၆)
ဆက်လက်ဖတ်ရှုရန်
နာဂိုယာ ကုသိုလ်ပြု ခရီး အမှတ်တရ
၂၀၁၀၊ ဇွန်လ (၆) ရက်နေ့ က ဗန်းမော်ဆရာတော်ကြီး တရားပွဲကို အွန်လိုင်းတိုက်ရိုက်လွှင့်တော့ အခြေအနေအရပ်ရပ်ကြောင့် အင်တာနက်ကော်နက်ရှင် မကောင်းလိုက်လို့  လွှင့်ပေးတဲ့သူတွေရော အွန်လိုင်းကနေတဆင့် တရားနာနေကြတဲ့ တရားနာပရိတ်သတ်တွေရော အားလုံး စိတ်ကသိကအောင့်ဖြစ်ခဲ့ရပါတယ်။ ဆရာတော်ကြီး တရားပွဲရက်တိုင်း ကျွန်တော်ကလည်း မအားဘူးဖြစ်ဖြစ်နေတော့ ကျွန်တော့်ကိုယ်စား အွန်လိုင်းလွှင့်ဖို့ တာဝန်ယူပေးထားရတဲ့ အစ်ကို ခမျာ အချောင်ဝင်ပြီး ခေါင်းစားနေရတာပေါ့ခင်ဗျာ။ 
(၁၃) ရက်နေ့  နာဂိုယာ တရားပွဲမှာတော့ သူတစ်ယောက်တည်းနှင့်ဆို တစ်ခုခု အဆင်မပြေခဲ့ရင် လုပ်ရကိုင်ရတာ ပင်ပန်းနိုင်တာရော၊ တကယ်လို့  အခက်အခဲတစ်ခုခုရှိလာခဲ့ရင် အဖော်လေးရှိတော့ ၀ိုင်းကူဖြေရှင်းပေးနိုင်တာရောဆိုပြီး အဲဒီနေ့ တော့ မဖြစ်မနေ တရားပွဲလွှင့်တဲ့ကိစ္စ လိုက်ဖြစ်အောင်လိုက်တော့မယ် ဆိုပြီး စိတ်ဆုံးဖြတ်လိုက်ပါတယ်။ နောက်ထပ် တခြားအကြောင်းတွေလည်း ပါတော့ပါပါသေးတယ်။ ဘာတွေလဲဆိုတော့ ကျွန်တော် ဒီနိုင်ငံစရောက်ကတည်းက ခရီးရှည် ဘယ်မှ မသွားဖြစ်သေးတာရယ်၊ နောက်တစ်ခုက ကျည်ဆံရထားလို့ ခေါ်တဲ့ Shinkansen မစီးဖူးသေးလို့ စီးချင်တာရယ်လည်း ပါတာပေါ့ခင်ဗျာ။
တစ်ယောက်ထဲ ခရီးသွားရမှာလည်းဖြစ်၊ မသွားဖူးသေးတဲ့အရပ်လည်းဖြစ်နေတော့ ခရီးမသွားခင် ကြိုတင်ပြင်ဆင်သင့်တာလေးတွေ ပြင်ဆင်ရပါတယ်။ အဓိက က ဟိုရောက်ရင် သွားရမယ့် နေရာတွေကို ဘယ်လိုသွားရမလဲဆိုတာ ကြိုတင်စုံစမ်းမေးမြန်းထားရပါတယ်။ နောက်တော့ မိတ်ဆွေတစ်ယောက်ရဲ့ အကူအညီနှင့် နာဂိုယာမှာနေတဲ့ သူ့ မိတ်ဆွေအမတစ်ယောက်က ကျွန်တော့်ကို လာကြိုပေးမယ်လို့ ဆိုလာတော့ ကျွန်တော်လည်း နဲနဲ စိတ်အေးသွားပါတယ်။
(၁၂)ရက်နေ့ ည အလုပ်က ညဘက်ပြန်ရောက်တော့ ခရီးသွားဖို့ ပြင်ဆင်ထုပ်ပိုးပြီး ည(၂)နာရီလောက် အိပ်ယာဝင်ဖြစ်ပါတယ်။ ဒါနဲ့ ဘဲ မနက် ၅နာရီခွဲပြန်ထပြီး Shinkansen စီးရမယ့် Shinagawa ဘူတာကို ရထားနဲ့ ထွက်ခဲ့ပါတယ်။ ဟိုရောက်တော့ လက်မှတ်ဝယ်ပြီး ၆နာရီ ၅၇မိနစ် ရထားနဲ့ တိုကျိုကနေ စထွက်လာခဲ့ပါတယ်။ ၂၆၂ ကီလိုမီတာလောက်ဝေးတဲ့ခရီးကို ၁နာရီခွဲကျော်ကျော်လောက် စီးရပါတယ်။ ရထား နာဂိုယာဘူတာနားရောက်ခါနီးမှာဘဲ ကျွန်တော့်ဆီဖုန်းဝင်လာတာနဲ့ ကြည့်လိုက်တော့ နာဂိုယာကျောင်းထိုင်ဆရာတော်ဖြစ်နေပါတယ်။ ဘယ်ရောက်နေပြီလဲ လှမ်းမေးတာပါ။ ကျွန်တော်က နောက် ငါးမိနစ်ဆို ရောက်တော့မယ်လို့ လျှောက်လိုက်တော့ သူလာကြိုမယ့်အကြောင်းပြောလာပါတယ်။ ဆရာတော်ကိုယ်တိုင်လာကြိုမယ်ပြောတော့ ကျွန်တော့်မှာ အားနာမှုနှင့်အတူ ၀မ်းလည်းသာရတာပေါ့ခင်ဗျာ။ ဒါနဲ့ ဘဲ လာကြိုဖို့ ပြောထားတဲ့အမဆီကို ဖုန်းဆက်ပြီး ဆရာတော်လာခေါ်မှာမို့  ကျွန်တော့်ကို လာမကြိုတော့ဖို့ လှမ်းပြောရင်း သူ့ ကိုလည်း ကျေးဇူးတင်စကားဆိုရပါတယ်။
Shinagawa Station ရဲ့ Shinkansen စီးဖို့  အ၀င်လမ်း
 Shinagawa Station လူသွားစင်္ကြံလမ်း
ကျွန်တော်စီးခဲ့တဲ့ ရထားအတွဲ
ဆရာတော်လာကြိုမယ့်ကားမရောက်ခင် ပတ်ဝန်းကျင်လေ့လာရေးလေးလုပ်ရင်း မနက်စာ အဆာပြေလေး ဗိုက်ဖြည့်ရင်း ဘူတာဝန်းကျင် ဟိုကြည့်ဒီကြည့် ဟိုဓါတ်ပုံရိုက် ဒီဓါတ်ပုံရိုက်နဲ့  Tourist ခဏလုပ်လိုက်ပါသေးတယ်။ ခဏနေတော့ ဆရာတော့်ကားရောက်လာတာနဲ့  အဲဒီကားနဲ့ အတူ တရားပွဲကျင်းပမယ့် နေရာကို ထွက်လာခဲ့လိုက်ပါတော့တယ်။
နာဂိုယာဘူတာ အထွက်
နာဂိုယာဘူတာရှေ့ မြင်ကွင်း
တရားပွဲကျင်းပမယ့်အဆောက်အအုံရှေ့ ကားရပ်လိုက်တော့ လှမ်းမြင်လိုက်ရတဲ့မြင်ကွင်းက ကျွန်တော့်ကို တော်တော်လေး အထူးအဆန်းဖြစ်စေပါတယ်။ မြန်မာအ၀တ်အစားတွေကို ကျကျနန၀တ်ထားကြတဲ့ မြန်မာအမျိုးသား အမျိုးသမီးတွေကို မြင်လိုက်ရလို့ ပါ။ ကျွန်တော် ဒီနိုင်ငံရောက်တဲ့ နှစ်နှစ်ကျော်ကာလအတွင်း ဒီလိုမျိုး အ၀တ်အစားနှင့် လူတွေအများကြီး ဒါ ပထမဆုံးအကြိမ်ပြန်တွေ့ ရတာပါ။ တော်တော် ပျော်စရာကောင်းပါတယ်။ မြန်မာပြည်ခဏပြန်ရောက်သွားသလိုပါဘဲ။
တရားပွဲကျင်းပတဲ့အဆောက်အအုံက သုံးထပ်အဆောက်အအုံတစ်ခုပါ။ တော်တော်လေးကျယ်ပါတယ်။ တရားပွဲကိုက ဒုတိယထပ်က အခန်းကျယ်ထဲမှာ လုပ်ကြမှာပါ။ ဒုတိယထပ်ရဲ့ ဦးဘက် အခန်းတစ်ခုထဲမှာတော့ ဆရာတော်ကြီး သီတင်းသုံးနားနေ နေပါတယ်။ ကျွန်တော်လည်း အရင်ဆုံး ဆရာတော်ကြီးကို ၀တ်ဖြည့်ဦးချပြီး တရားပွဲကျင်းပမယ့် အခန်းဆီထွက်လာခဲ့ပါတယ်။
အခန်းထဲမှာတော့ လူငယ်တစ်ဖွဲ့ အခမ်းအနားပြင်နေကြပါတယ်။ (၁၂)ရက်နေ့ ကတည်းက ရောက်နေတဲ့ တိုကျိုက ကျွန်တော်တို့  အွန်လိုင်းလွှင့်မယ့် အဖွဲ့ သားတွေကတော့ စက်တွေဆင်နေပါပြီ။ ကျွန်တော်လည်း ပါလာတဲ့ ကွန်ပျူတာကို ထုတ်၊ ဟိုချိတ်ဒီဆက်နှင့် ကမ္ဘာကြီးနှင့် အဆက်အသွယ်ရအောင် လုပ်ရပါတော့တယ်။ ပြီးတာနှင့် ကျွန်တော်တို့ တွေ ကနေဒါက LiveDhamma ဆိုဒ်က အွန်လိုင်းလွှင့်မယ့် မမေနှင့် စပြီး Testing လုပ်ရပါတော့တယ်။ ကွန်နက်ရှင်ကောင်းမကောင်း၊ ရုပ်ကြည်လင်မှုရှိမရှိ၊ အသံကြည်လင်မှုရှိမရှိတွေကို အဓိကထားပြီး စစ်ကြပါတယ်။ စစ်နေတဲ့အချိန်မှာဘဲ ဆရာတော်ကြီးနှင့် သံဃာတော်တွေကို အဲဒီခန်းမထဲမှာဘဲ ဆွမ်းကပ်ဖို့ ပြင်ဆင်ပြီး ဆွမ်းကပ်ကြတော့မှာမို့  ကျွန်တော်တို့ လည်း စမ်းနေရင်းတန်းလန်း မထူးတော့ဘူးဆိုပြီး ဆရာတော်ကြီးကို ဆွမ်းကပ်တာကို စပြီး Live လွှင့်လိုက်ကြပါတော့တယ်။
တရားပွဲခန်းမကို ပြင်ဆင်နေကြစဉ်
ကျွန်တော်တို့ ရဲ့  Control Station
အလှူငွေ ကောက်ခံရာဌာန
ဆွမ်းကပ်ဖို့ ပြင်ဆင်ထားစဉ်
ဆွမ်းဘုန်းပေးနေစဉ် ကြည်ညိုနေကြသူများ
ဆရာတော်များ ဆွမ်းဘုန်းပေးနေစဉ်
ဆရာတော်ကြီး ဆွမ်းဘုန်းလို့ ပြီးတော့ ကျွန်တော်တို့ လုပ်အားပေးအဖွဲ့ တွေကို အောက်ထပ်မှာ နေ့ လည်စာကျွေးမွေးဧည့်ခံပါတယ်။ မြန်မာထမင်းဟင်းနှင့် မြန်မာအလှူအိမ်မှာစားရသလို အားပါးတရရှိလှပါတယ်။ ထမင်းစားပြီးခဏနေတော့ ၁၂နာရီခွဲတော့မှာမို့  အပေါ်ထပ်ကို ပြန်တက်လာပြီး စက်တွေဆီပြန်လာပြီး လုပ်ငန်းစဖို့ ပြင်ကြရပါတယ်။
၁၂နာရီခွဲ တော့ ဆရာတော်ကြီး တရားစမဟောခင် ဆရာတော်ကြီးရဲ့  အလုပ်အကျွေးတပည့်ဖြစ်သူ ဆရာတော်က ဆရာတော်ကြီးရဲ့  ဂုဏ်ကျေးဇူးတော်များကို တရားနာပရိတ်သတ်များအား ကြည်ညိုသဒ္ဓါပွားများနိုင်အောင် ထုတ်ဖော်ဟောကြားပေးတော်မူပါတယ်။ အဲဒီနောက်မှာတော့ ဆရာတော်ကြီး ခန်းမအတွင်းကြွရောက်လာပြီး တရားပွဲကိုစတင်လိုက်ပါတော့တယ်။
ဆရာတော်ဦးကေသရိန္ဒမှ တရားချီးမြှင့်ပေးနေစဉ်
တရားနာပရိသတ်များ
ဆရာတော်ဘုရားကြီးနှင့် ဆရာတော်များ
(၁၃)ရက်နေ့ တရားပွဲမှာတော့ အင်တာနက်ကော်နက်ရှင်ကလည်း ကောင်း၊ အသံလည်း ကောင်း၊ ရုပ်ကလည်း ပြဿနာမဖြစ်ဘဲ အားလုံးအဆင်ပြေချောမွေ့ ခဲ့ပါတယ်။ ကျွန်တော်က လိုလိုမယ်မယ်ဆိုပြီး MP3 Recorder နှင့်ပါ ဆရာတော်ကြီး တရားကို ထပ်ပြီး ကူးထားလိုက်ပါသေးတယ်။ တကယ်လို့ များ Live မလွှင့်နိုင်ခဲ့ရင်တောင် အသံဖိုင်တော့ကျန်အောင်ဆိုပြီးတော့ပါ။ အဲဒီနေ့ က ကျွန်တော်တို့ မှာ (၆)ရက်နေ့ တရားပွဲလို မဖြစ်အောင်ဆိုပြီး ကွန်ပျူတာက လေးလုံး၊ Wireless အင်တာနက်တပ်ဆင်စက် က ၂ လုံး၊ တိုကျိုကနေ လိုက်လာတာက ကျွန်တော်အပါအ၀င် လေးယောက်နှင့် တကယ့်ကို အင်ပြည့်အားပြည့်ပါဘဲ။ ကျွန်တော်တို့ အားကို ကြောက်သွားလို့ ထင်ပါတယ်။ ဒီတစ်ခါတော့ ဘာပြဿနာမှ မဖြစ်ဘဲ အွန်လိုင်းလွှင့်တာ ချောချောမွေ့ မွေ့ ပါဘဲ။
နေ့ လည် ၂ နာရီကျော်တော့ နာဂိုယာဆရာတော်က ခန်းမအပြင်ဘက်ကနေ ကျွန်တော့်ကို မျက်နှာရိပ်လှမ်းပြလာပါတယ်။ ကျွန်တော်က ညနေဘက် အလုပ်ကိုပြန်သွားရမှာမို့   ၃ နာရီ ရထားနှင့် တိုကျိုပြန်မှ ဖြစ်မှာမို့ လို့ ပါ။ ဒါနဲ့ ဘဲ ဆရာတော်ကြီးတရားပွဲ ပြီးခါနီးလေးအချိန်မှာဘဲ ဆရာတော်ကြီးကို ဦးချခဲ့ပြီး တရားပွဲခန်းမကနေ ထွက်ခွာခဲ့ရပါတယ်။
အပြန်ခရီးမှာတော့ လူက ညကအိပ်ရေးပျက်ထားတာရော၊ တရားပွဲလွှင့်တဲ့ကိစ္စမှာ အားလုံးလည်း အဆင်ပြေခဲ့တာရောတို့ ကြောင့် စိတ်ကို လျော့ချပြီး ရထားပေါ်မှာအိပ်ပျော်သွားလိုက်တာ တိုကျိုရောက်မှဘဲ နိုးပါတော့တယ်ခင်ဗျား။
ကျွန်တော့်ရဲ့  နာဂိုယာကုသိုလ်ပြုခရီးမှာ ကျေးဇူးတင်ထိုက်သူတွေဖြစ်ကြတဲ့ နာဂိုယာဆရာတော်ဘုန်းဘုန်းဦးတိလောက၊ ဘူတာလာကြိုဖို့ ကူညီပေးတဲ့ အမ မဌေးဌေးဝင်း၊ အွန်လိုင်းလွှင့်ဖို့ ကိစ္စကို ကျွန်တော့်ကိုယ်စား အစစအရာရာ လုံးဝတာဝန်ယူပေးထားတဲ့ ကိုသန်းကျော်ထွန်းနှင့် MCWံA အဖွဲ့ သားများ၊ မမေဟန်သွင် (LiveDhamma) နှင့် ဧည့်ဝတ်ကျေပွန်ကြတဲ့ နာဂိုယာက ဓမ္မမိတ်ဆွေညီအစ်ကိုမောင်နှမတွေအားလုံးကို အမှတ်တရအဖြစ် အထူးကျေးဇူးတင်ရှိပါကြောင်း ဒီပို့ စ်လေးနှင့် မှတ်တမ်းတင်အပ်ပါတယ်ခင်ဗျား။
လေးစားစွာဖြင့်
ဝိမုတ္တိသုခ
ဆက်လက်ဖတ်ရှုရန်
Tuesday, June 15, 2010
သြဃတရဏသုတ် နှင့် သူတို့ အတွေးများ (၃)
မငြိမ်မလှုပ်ကူးနည်း
ဆရာတော် ရဝေနွယ်-အင်းမ
တစ်ခါတုန်းက မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းမှာ သီတင်းသုံးနေတဲ့အချိန် ညတစ်ည သန်းခေါင်ယံအချိန်မှာ ရူပဗြဟ္မာတစ်ဦးက မြတ်စွာဘုရားဆီကို လာပြီး မေးခွန်းမေးပါတယ်။
“မြတ်စွာဘုရား...သြဃလေးဖြာ သံသရာတည်းဟူသော သမုဒ္ဒရာကို တစ်ဖက်ကမ်းရောက်အောင် ဘယ်လိုကူးခဲ့ပါသလဲဘုရား။”
“ဒါယကာ....ငါဟာ ငြိမ်ပြီးလည်း မကူးဘူး၊ လှုပ်ပြီးလည်း မကူးဘူး၊ မငြိမ်မလှုပ် သံသရာတစ်ဖက်ကမ်းကို ကူးခဲ့တာ”
မြတ်စွာဘုရားရှင်က မငြိမ်မလှုပ်ကူးခဲ့တာဆိုတော့ ရူပဗြဟ္မာက နားမလည်တော့ပါဘူး။
ရူပဗြဟ္မာက မြတ်စွာဘုရားဆီကို မာနလေးနဲ့ လာတာပါ။ သူက ဘယ်လိုအတွေးရှိသလဲဆိုတော့ “ငါ့အနေနဲ့  မြတ်စွာဘုရား သြဃလေးပါးက လွန်မြောက်ပြီးပြီဆိုတာလည်း သိထားတယ်။ သြဃလေးပါးက ဘာတွေလဲ ဆိုတာလည်း သိထားတယ်။ ကူးနည်းလေးသိဖို့ ပဲ လိုတော့တယ်” လို့  အတွေးမာနရှိနေတာပါ။
မာနရှိနေရင် တရားမရနိုင်ဘူး။ ဒါကြောင့်မြတ်စွာဘုရားက “ငါက ငြိမ်လည်း မကူးဘူး၊ လှုပ်လည်း မကူးဘူး၊ မငြိမ်မလှုပ် ကူးခဲ့တာ” လို့  စကားဝှက်နဲ့ ဖြေလိုက်တာပါ။ သူမမျှော်လင့်တဲ့ အဖြေစကား ကြားလိုက်ရတော့ ရူပဗြဟ္မာ နားမလည်တော့ပါဘူး။
ဒီတော့မှ သူ့ ရဲ့ မာနလေးကိုချပြီး “မြတ်စွာဘုရား....ဘယ်လို မငြိမ်မလှုပ်ကူးခဲ့တာလဲဘုရား၊ တပည့်တော်ကို အကျယ်ဟောပြပါဦးဘုရား” လို့  ပြန်လျှောက်ပါတယ်။
မြတ်စွာဘုရားရှင်ကလည်း ပြန်ရှင်းပြပါတယ်။
”ဒါယကာ...ငါဟာ သံသရာတည်းဟူသော သမုဒ္ဒရာကို ကူးတဲ့နေရာမှာ ငြိမ်နေရင် မြှုပ်သွားလိမ့်မယ်။ လှုပ်နေရင်လည်း မျောသွားလိမ့်မယ်။ ဒါကြောင့် ငါငြိမ်လည်း မကူးဘူး၊ လှုပ်လည်း မကူးဘူး၊ မငြိမ်မလှုပ် ကူးခဲ့တာ”
မြတ်စွာဘုရားရှင်က နည်းနည်းလေးပဲ ချဲ့ ဟောလိုက်တာနဲ့  ရူပဗြဟ္မာလည်း သဘောပေါက်ပြီး သောတာပတ္တိဖိုလ်ကို ရသွားပါတော့တယ်။
(သြဃတရဏသုတ်၊ သံယုတ်ပါဠိတော်)
အဲဒီမှာ အံ့သြဖို့ ကောင်းတာက မြတ်စွာဘုရားရှင်က နည်းနည်းလေးပဲ ချဲ့ ဟောလိုက်တာနဲ့  ရူပဗြဟ္မာက သဘောပေါက်ပြီး သောတာပန်ဖြစ်သွားတာပါ။ နတ်ဗြဟ္မာတွေဟာ လူတွေနဲ့ မတူပါဘူး။ အသိဉာဏ်က သိပ်ပြီးလျင်မြန်ပါတယ်။ ဒါကြောင့် ချက်ချင်းသဘောပေါက်ပြီး တရားထူးရသွားတာပါ။
ကဲ....ရူပဗြဟ္မာကတော့ နည်းနည်းလေးချဲ့ ဟောလိုက်တာနဲ့  သောတာပန်တည်သွားပါပြီ။ စာရေးသူနဲ့ စာဖတ်သူကတော့ သောတာပန်နားကို မကပ်နိုင်သေးပါဘူး။
ငြိမ်ပြီးကူးရင် မြုပ်မယ်၊ လှုပ်ပြီးကူးရင် မျောမယ်၊ မငြိမ်မလှုပ်ကူးပါဆိုတော့ ဘယ်လိုကူးမလဲ.....?
မျက်လုံးထဲမှာလည်း မြင်ယောင်ကြည့်ပေါ့။ သမုဒ္ဒရာထဲမှာ လူတစ်ယောက်ငြိမ်နေရင် မြုပ်သွားပါလိမ့်မယ်။ လှုပ်နေရင် မျောသွားပါလိမ့်မယ်။
မြတ်စွာဘုရား အလိုကျ မငြိမ်မလှုပ် ဘယ်လိုကူးမလဲ?
ဖြေကြည့်ပါဦး။
(............................)
အဲဒီမှာ အငြိမ်တရားရယ်၊ အလှုပ်တရားရယ်၊ မငြိမ်မလှုပ်တရားရယ်ဆိုပြီး သုံးမျိုးခွဲသိလိုက်ပါ။
အငြိမ်တရားဆိုတာ အကုသိုလ်တရားပါ။ အလှုပ်တရားဆိုတာ လောကီစည်းစိမ်တွေ တောင့်တပြီး ပြုတဲ့ကုသိုလ်ပါ။ မငြိမ်မလှုပ်တရားဆိုတာ နိဗ္ဗာန်ကို တောင့်တပြီး ပြုတဲ့ကုသိုလ်ပါ။
ရှင်းအောင်ပြောရရင် အကုသိုလ်စိတ်ဖြစ်နေတာ အငြိမ်တရားပါ။ လောကီစည်းစိမ်တွေ တောင့်တပြီး ကုသိုလ်ပြုတာဟာ အလှုပ်တရားပါ။ နိဗ္ဗာန်ကို တောင့်တပြီး ကုသိုလ်ပြုတာဟာ မငြိမ်မလှုပ်တရားပါ။
ဥပမာ ထားပါတော့။ ကိုယ့်ရင်ထဲမှာ လောဘ၊ ဒေါသ၊ ဣဿာမစ္ဆရိယ စတဲ့ အကုသိုလ်တရားတွေ ကိန်းနေပြီဆိုရင် ငြိမ်ပြီး ကူးနေတာပါ။ ငြိမ်ပြီးကူးရင် မြုပ်တော့မှာပါ။ ဘယ်ကိုမြုပ်မှာလည်း ဆိုတော့ အပါယ်လေးပါးကို မြုပ်မှာပါ။
နောက် ကုသိုလ်ကောင်းမှုပြုတဲ့အခါမှာ “ဤကုသိုလ်ကောင်းမှုကြောင့် စီးပွားရေး အဆင်ပြေရပါလို၏၊ ရာထူးတက်ရပါလို၏၊ ဥစ္စာပေါရပါလို၏၊ နောက်ဘ၀ ပညာတက်ရပါလို၏၊ သူဌေးကြီး ဖြစ်ရပါလို၏၊ နတ်ပြည်ရောက်ရပါလို၏“ စသည်ဖြင့် လောကီဆုတွေ တောင့်တပြီး ကုသိုလ်ပြုနေရင် လှုပ်ပြီးကူးနေတာပါ။ လှုပ်ပြီးကူးရင် မျောတော့မှာပါ။ ဘယ်ကိုမျောမှာလည်းဆိုတော့ လူ့ ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်ကို မျောတော့မှာပါ။ ဘယ်လောက်ထိမျောနေမယ်ဆိုတာ မသိရပါဘူး။ လူ့ ပြည် နတ်ပြည် ဗြဟ္မာ့ပြည်တွေကို စုန်ဆန်မျောနေရတော့မှာပါ။
“နောက်ဘ၀ သူဌေးကြီးဖြစ်ရပါလို၏” ဆုတောင်း၊ ဆုတောင်းပြည့်တော့ကော သံသရာမှာ မျောရဦးမှာပါ။ နောက်ဘ၀ထပ်ဆုတောင်း၊ ဆုတောင်းပြည့်တော့ကော ဆက်ကာ ဆက်ကာ မျောနေရဦးမှာပါ။
လောကီဆုတွေ တောင့်တမိတိုင်းလည်း ကိုယ့်ကိုယ်ကို သတိပေးပါ။ “ငါတော့လှုပ်နေပြီ၊ မျောတော့မယ်” လို့ ။
အဲဒီမှာ နတ်ပြည် ဗြဟ္မာ့ပြည်ဆိုတာ မြင့်မြတ်တဲ့ဘုံတွေလို့  ပြောလို့ ရပါတယ်။ ဒါပေမယ့် သက်တမ်းစေ့တဲ့အခါ အောက်ကို ပြန်ဆင်းရဦးမှာပါ။ အောက်ပြန်ဆင်းတဲ့အခါ ကိလေသာ မကင်းသေးတဲ့အတွက် အကုသိုလ်ပြုမိဦးမှာပါ။ အကုသိုလ်ပြုမိရင် အပြစ်အားလျော်စွာ ခံရဦးမှာပါ။
နောက်မငြိမ်မလှုပ်ကူးနည်းကတော့ ကုသိုလ်ကောင်းမှုပြုတဲ့အခါတိုင်း “ဤကုသိုလ်ကောင်းမှုသည် နိဗ္ဗာန်၏ အထောက်အပံ့ဖြစ်ပါစေ” လို့  နိဗ္ဗာန်ကို တောင့်တပြီးပြုတာပါ။ လောကီဆုတွေကို မတောင်းပါဘူး။
ဒါကတော့ မငြိမ်မလှုပ်ကူးတာပါ။
တကယ်လို့ များ တစ်စုံတစ်ယောက်အပေါ် မုန်းပြီး အာဃာတတွေဖြစ်နေရင် ငြိမ်ငြိမ်ကူးနေတာပါ။ ငြိမ်ငြိမ်ကူးနေရင်တော့ မြုပ်ရတော့မှာပါ။
အဲဒီအခါမျိုးမှာ ကိုယ့်ကိုယ်ကို သတိပြန်ပေးပါ။ “ငါတော့ ငြိမ်နေပြီ၊ မြုပ်တော့မယ်” “ငါတော့ ငြိမ်နေပြီ၊ မြုပ်တော့မယ်” လို့  နှစ်ကြိမ် သုံးကြိမ်လောက် အသံထွက်ပြီး သတိပေးပါ။ တရားနဲ့ မဝေးတဲ့သူဆိုရင် သတိပေးလိုက်တာနဲ့  ပျောက်သွားတာ များပါတယ်။ ဒီလို သတိပေးတတ်တဲ့အကျင့်ကို အထုံဖြစ်သွားအောင် လုပ်ထားရပါမယ်။
နောက်ဆို အကုသိုလ်စိတ် ရင်ထဲဝင်တာနဲ့  သတိပေးပြီးသား ဖြစ်ဖြစ်နေပါလိမ့်မယ်။
ဒါမှမဟုတ် တစ်စုံတစ်ယောက်ရဲ့ မကောင်းကြောင်း အတင်းပြောနေတယ်ဆိုပါတော့။ ဒါလည်း ငြိမ်နေတာပါပဲ။
အတင်းပြောတာလည်း စွဲတတ်ပါတယ်။ စွဲသွားရင် ဖြတ်ရခက်ပါတယ်။ တစ်စုံတစ်ယောက်နဲ့ မတွေ့ လိုက်နဲ့  အတင်းပြောဖို့ ကိုပဲ စိတ်က ညွတ်နေတော့တာပါ။
တော်တော်များများက အတင်းပြောတာကို အကုသိုလ်လို့ မထင်ပါဘူး။ ပြောရိုးပြောစဉ် အလုပ်တစ်ခုလို့ ပဲ ထင်ထားတာပါ။ အတင်းပြောတာဟာ ပေါ့သေးသေး မဟုတ်ပါဘူး။ မြတ်စွာဘုရားက -
ပရ၀ဇ္ဇာနုပဿိဿ၊
နိစ္စံ ဥဇ္ဈာန သညိနော။
အာသ၀ါ တဿ ၀ဎုန္တိ၊
အာရာ သော အာသ၀က္ခယာ။
လို့  ဟောပြပေးထားပါတယ်။
အဓိပ္ပါယ်ကတော့ သူတစ်ပါးအတင်းပြောနေတဲ့သူမှာ အာသဝေါတရားတွေ တိုးပွားပြီး နိဗ္ဗာန်နဲ့ ဝေးနေတတ်ပါတယ်တဲ့။
ဒါကိုထောက်ပြီး နိဗ္ဗာန်လိုချင်တဲ့သူဟာ သူတစ်ပါးအတင်းကို မပြောရပါဘူး။ အတင်းပြောရင် နိဗ္ဗာန်နဲ့  ဝေးဝေးနေပါလိမ့်မယ်။ စာခေါင်းစဉ်နဲ့ ပြောမယ်ဆိုရင်လည်း ငြိမ်ပြီးကူးနေတာပါ။
တရားသဘောမသိခင်က ပြောခဲ့တာတွေကတော့ ထားလိုက်ပါတော့။ သိပြီးနောက်ပိုင်း မပြောမိအောင် အထူးစောင့်ထိန်းရပါမယ်။
တချို့ ဆို အတင်းပြောရတာကို အရသာတစ်ခုလိုကို သဘောထားပြီး ပြောနေကြတာပါ။ ၀ါသနာတူချင်း တွေ့ လိုက်လို့ ကတော့ ပြောလို့ မဆုံးတော့ပါဘူး။
ဒါဟာ အရက်သမားတွေ အရက်စွဲသလို “အတင်းစွဲ” သွားတော့တာပါ။ အတင်းပြောတဲ့ရောဂါစွဲသွားရင် ကုရခက်ပါတယ်။ မြတ်စွာဘုရားအဆုံးအမတွေနဲ့  သေချာပြန်ကုယူရပါတယ်။ မကုဘဲပစ်ထားရင် ရောဂါသည်းပြီး ဆိုးကျိုးတွေ ဖြစ်လာတတ်ပါတယ်။ လိုရင်းကတော့ အတင်းပြောတာ အကုသိုလ်ဆိုတာကို သေချာနှလုံးသွင်းထားလိုက်ဖို့ ပါ။
ပြန်ချုပ်ရရင်တော့ ရင်ထဲအကုသိုလ်တွေကိန်းနေရင် ငြိမ်ပြီးကူးတာပါ။ ကုသိုလ်ပြုတိုင်း လောကီဆုတွေပဲတောင့်တနေရင် လှုပ်ပြီးကူးတာပါ။ ကုသိုလ်ပြုတိုင်း နိဗ္ဗာန်ကိုတောင့်တပြီးပြုရင် မငြိမ်မလှုပ်ကူးတာပါ။
ကူးနည်းသုံးနည်းထဲမှာ မြတ်စွာဘုရားရှင်က မငြိမ်မလှုပ်ကူးနည်းကို နှစ်သက်တော်မူပါတယ်။ မငြိမ်မလှုပ်ကူးနည်းက ခက်လားဆိုတော့ မခက်ပါဘူး။ ကုသိုလ်ပြုတိုင်း နိဗ္ဗာန်ကို ဆုတောင်းလိုက်ရုံပါ။
သံသရာမှာ ငြိမ်ပြီးကူးခဲ့လို့  အကြိမ်ကြိမ်မြုပ်ခဲ့ပြီးပါပြီ။ လှုပ်ပြီးကူးခဲ့လို့ လည်း အကြိမ်ကြိမ်မျောခဲ့ပြီးပါပြီ။ အခုအချိန်အထိ မျောနေရတုန်းပါ။ ဘယ်လောက်အထိ မျောနေရဦးမယ် ဆိုတာလည်း မသိရပါဘူး။
ဒီကစပြီး မငြိမ်မလှုပ်ကူးဖို့ ပဲ လိုပါတော့တယ်။
လူတိုင်းလူတိုင်း ကုသိုလ်မပြုဖူးတဲ့သူ ဘယ်သူမှ မရှိပါဘူး။ နည်းတာနဲ့ များတာပဲ ကွာကြမှာပါ။
နည်းနည်းများများ မငြိမ်မလှုပ်ကူးနည်းနဲ့ ကူးဖို့ ပါပဲ။
သံသရာကျင်လည်ရတာ သိပ်ငြီးငွေ့ ဖို့ ကောင်းပါတယ်။ မျှော်လင့်ချက်တွေ၊ ရပိုင်ခွင့်တွေ၊ ခံစားခွင့်တွေနဲ့ ဆိုတော့ သံသရာကျင်လည်ရတာ ဟုတ်သလိုလိုရှိနေတာပါ။ တကယ်တော့လည်း ဘာမှမဟုတ်ပါဘူး။ ဒုက္ခတွေက ကပ်ပါလာပြီးသားပါ။ ဘယ်လောက်ပဲ ပြည့်စုံ ပြည့်စုံ ပျော်ရတဲ့ရက်က နည်းပါတယ်။ စိတ်ညစ်ရတဲ့ ရက်က များများရယ်ပါ။ ဒီကြားထဲ လောကဓံဆိုးတွေနဲ့ လည်း ကြုံနိုင်ပါသေးတယ်။
ဒါကြောင့် သံသရာကျင်လည်ရတာ သိပ်ကြောက်ဖို့ ကောင်းပါတယ်။ သံသရာဝဋ်က မြန်မြန်ကျွတ်သွားလေ ကောင်းလေပါပဲ။
ဘာပဲပြောပြော ကုသိုလ်ပြုတိုင်း နိဗ္ဗာန်ကို ဦးတည်လိုက်တာနဲ့  မြတ်စွာဘုရား အလိုကျ “မငြိမ်မလှုပ်” ကူးလိုက်တာပါပဲ။
အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)
အလင်းတန်းဂျာနယ်
၁၂.၁၀.၂၀၀၉
ကျမ်းကိုး
သဂါထာဝဂ္ဂသံယုတ် မြန်မာဘာသာဋီကာ စာမျက်နှာ - ၁၊ အရှင်ကုဏ္ဍလာဘိဝံသ။
ဆက်လက်ဖတ်ရှုရန်
Monday, June 14, 2010
ကျေးဇူးတော်ရှင် ဗန်းမော်ဆရာတော်ဘုရားကြီး ဂျပန်နိုင်ငံ နာဂိုယာမြို့ တွင် (၁၃၊ ၆၊ ၂၀၁၀) တနင်္ဂနွေနေ့ ၌ ဟောကြားချီးမြှင့်တော် မူသော တရားတော်
ကျေးဇူးတော်ရှင် ဗန်းမော်ဆရာတော်ဘုရားကြီး 
(၁၃၊ ၆၊ ၂၀၁၀) တနင်္ဂနွေနေ့ ၌ 
ဟောကြားချီးမြှင့်တော် မူသော တရားတော်
ဆက်လက်ဖတ်ရှုရန်
Friday, June 11, 2010
သြဃတရဏသုတ် နှင့် သူတို့ အတွေးများ (၂)
မာန-ပယ်မှ နိဗ္ဗာန်ရောက်နိုင်မယ် ( သို့ ) သြဃတရဏသုတ်
အရှင်သုနန္ဒာလင်္ကာရ (ပန်းကမ္ဘာ)
အခါတပါး မြတ်စွာဘုရားသည် သာဝတ္ထိမြို့ ဇေတ၀န်ကျောင်းတော်တွင် သီတင်သုံးနေစဉ် ညသန်းခေါင်ယံအချိန်ဝယ် ကိုယ်ရောင်ကိုယ်ဝါထွန်းလင်းတောက်ပလျက် နတ်သားတယောက်ရောက်လာကာ “မြတ်စွာဘုရားသည် အဘယ်သို့သော အကြောင်းခြင်းရာဖြင့် သံသရာ ၀ဲသြဃကို ကူးမြောက်တော်မူခဲ့ပါသနည်း”- ဟုမေးလေ၏။
“ဒါယကာ နတ်သား -ငါဘုရားသည် ရပ်တည်မနေပဲ အားမထုတ်ပဲ သံသရာအယဉ် သြဃကို ကူးမြောက်ခဲ့သည်”
“ဘယ်လိုပါလဲဘုရား တပည့်တော် နားမလည်နိုင်ပါ၊ ထပ်မံ ရှင်းလင်းဟောတော်မူပါအုံး”
“ဒါယကာနတ်သား၊ ရပ်နေရင် နစ်မြုစ်သွားမယ်၊ အားထုတ်ရင်တော့ သြဃတွင် မျောပါသွားမယ် - ဤသို့လျင် ငါဘုရားသည် ရပ်တည်မနေပဲ အားမထုတ်ပဲ သံသရာအယဉ် သြဃကို ကူးမြောက်ခဲ့သည်”ဟု မိန့်တော်မူ၏။ 
တရားဆုံးသောအခါ -- နတ်သားသည် -
“သတ္တလောက၌ ရပ်တည်မနေပဲ အားမထုတ်ပဲ သံသရာသြဃကို ကူးမြောက်တော်မူပြီးသော မကောင်းမှု့ အားလုံးကိုပယ်ခွာကာ ကိလေသာတို့မှငြိမ်းတော်မူပြီးသော ဘုရားရှင်ကို နှစ်ပေါင်းများစွာ ကြာမြင့်မှ ဖူးမြင်ရလေစွတကား ”- ဂါထာစီကုံးကာ လျောက်ထားလေ၏။
ထိုစကားကို ဘုရားရှင်သည် ဆိတ်ဆိတ်လက်ခံတော်မူသောကြောင့် ငါ့စကားကို မြတ်စွာဘုရားလက်ခံပေတယ် - ၀မ်းမြောက်ဝမ်းသာဖြစ်ကာ ကွယ်ပျောက်သွားလေတော့၏။
သုတ္တန် အဖွင့်နှင့် အနှစ်ချုပ်များ
မြတ်စွာဘုရားသည် တရားဟောတော်မူသောအခါ အမြဲတမ်းချိုသာတော်မမူပဲ နာယူသူ အလိုအဇ္ဈာသယအလိုက် သင့်တော်သလို ဖြေတော်မူ၏၊ တခါတရံ ပြဿနာမေးမြန်းသူကို နှိပ်ကွပ်၍တမျိုး အထက်စီးမှ လွှမ်းမိုး၍တဖုံ အကြောင်းသင့်သည့်အတိုင်း ဖြေတော်မူခဲ့သည်၊ တရားဟောရာတွင် ရည်ရွယ်ချက်လည်း ကွဲပြားသေး ဟူ၏၊ အချို့နေရာတွင် တရားနာသူကို နှိပ်ကွပ်၍ ဟောခြင်းဟူသော  နိဂ္ဂဟမုခဒေသနာ ဖြင့်လည်းကောင်း၊ (တိတ္ထိ ပရဗိုဇ်တို့အား ဟောကြားခြင်းမျိုးဖြစ်သည်)  အချို့နေရာတွင် စိတ်ဓာတ်တို့ တက်ကြွကြည်လင်လာအောင် ဟောကြားခြင်း ပဂ္ဂဟမုခဒေသနာ ဖြင့်လည်းကောင်း (စတင်ဖူးမြင်ရကတည်းက ကြည်ညိုရင်းစွဲ ရှိသူတို့အား ဟောကြားခြင်းမျိုး) အားဖြင့် ဟောတော်မူလေ့ရှိ၏။ 
နိဂ္ဂယှ နိဂ္ဂယှာဟံ အာနန္ဒ ၀က္ခာမိ၊ ပ၀ယှ ပ၀ယှ ၀က္ခာမိ၊ ယော သာရော သော ဋ္ဌဿတီ တိ၊( မ. နိ. ၃. ၁၉၆ )
“အာနန္ဒာ ငါဘုရားဟာ တရားတော်ကို နှိပ်ကွပ်ပြီးလဲ ဟောတော်မူတယ်၊ လွှမ်းမိုးပြီးလည်း ဟောတော်မူတယ်၊ တကယ်ဆိုတော့  သဒ္ဓါ သီလ ၀ီရိယ ပညာ စတဲ့ အနှစ်သာရ ရှိသူများဟာ တရားတော်ကို ထိုးထွင်းသိနိုင်ပေလိမ့်မယ်”- ဟု မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသ ပါဠိတော်တွင် ဖွင့်ပြထားသေး၏၊
အထက်ပါ မေးခွန်းမေးသော နတ်သားသည် အလွန်အကဲ မာနကြီးကာ ကိုယ့်ကိုယ်ကို ပညာရှိဟု မှတ်ထင်နေပြီး သူတပါးကို အထင်သေးတတ်၏၊ ငါသာလျင် အားလုံး သိပြီး တတ်ပြီးဖြစ်သည်ဟု ယူဆထားသတတ်။ သူ့ဘ၀အမှန်ကား ကဿပဘုရားရှင်လက်ထက်၌ တရားကျင့်ကြံကာ နတ်စည်းစိမ်ခံစားနေပြီး ယခုဂေါတမဘုရားရှင်ကို ဖူးရသောအခါ၌လည်း - လောကမှာ ငါသိပြီးသားတွေ အများကြီးပဲ၊ မသိသေးတာတွေက နည်းနည်းပဲ ရှိတယ်၊ ဒါကြောင့် မသိသေးတာတွေကို ဘုရားကို မေးမယ် ဆိုကာ လိုရင်းတိုရှင်းဖြင့် အကဲစမ်းကာ မေးမြန်းလေ၏၊ 
မြတ်ဗုဒ္ဓကလည်း - “ဒီနတ်သားဟာ တော်တော်မာနကြီးတာပဲ၊ ညစ်ပတ်ပေကျံနေတဲ့ လက်သုတ်ပုဝါကို အရောင်ထပ်မံ ဆိုးရင်ဖြင့် ဘာမှ ထူးခြားလာမှာ မဟုတ်ဘူး၊ ဒါကြောင့် သူ့ရဲ့ မာနကို မပယ်ဘဲနှင့်  တရားထူး ရဖို့ မဖြစ်နိုင်ဘူး၊ အရင်ဦးဆုံး သူ့မာန ကျိုးသွားအောင် ဟောမှ ဖြစ်မယ် ” ဟု ဆိုကာ တိုတိုတုတ်တုတ် စကား နှစ်ခွန်းသာဖြေတော်မူပြီး အိုးရွဲ့ကို စလောင်းရွဲ့ဖြင့် ဖုံးသကဲ့သို့ ဖြေတော်မူ၏။ 
အဖြေကို နားမလည်နိုင်သော နတ်သားသည် ထိုအခါကျမှ  မာနစိတ်ကို နှိမ်ချကာ အကျယ်ချဲ့ ဟောတော်မူပါအုံးဘုရား -ဟု လျောက်ထားလေရာ -
ဒါယကာနတ်သား လောကမှာ ကာမဂုဏ်ငါးပါးလို့ဆိုတဲ့ ကာမောဃ၊ ရူပဘ၀ အရူပဘ၀တွေမှာ တက်မက်တွယ်တာတတ်တဲ့ တဏှာဆိုတဲ့  ဘဝေါဃ၊  မိစ္ဆာဒိဋ္ဌိအယူ ၆၂ ပါးမှာ ကပ်ငြိနေတတ်တဲ့ ဒိဋ္ဌောဃ၊ သံသရာတလျောက် သစ္စာတရားကို မသိနိုင်ခြင်း မောဟဆိုတဲ့ အ၀ိဇ္ဇောဃ တရား ၄ ပါးရှိနေသမျှ သတ္တ၀ါတွေဟာ အပါယ်လေးပါးမှာ နစ်မြုပ်နေကြအုံးမှာပဲ - ဒီနေရာမှာတော့  ၃၁ ဘုံလုံးမှာ ရှိနေတဲ့ ကိလေသာအစုအပုံလို့ ဆိုရမယ့် သြဃတရားတွေထဲမှာ မကျင့်ကြံပဲ ရပ်နေရင် သံသရာမှာ နစ်မြုပ်နေအုံးမှာပဲ၊ ကြိုးစား အားထုတ်မယ် ဆိုရင်တော့ နိဗ္ဗာန်တဖက်ကမ်းကို ကူးမြောက်သွားနိုင်လိမ့်မယ်၊  ငါဘုရားသည် လွန်မြောက်ပြီးသား ဖြစ်တဲ့အတွက် အားမထုတ်တော့ဘူး၊  ဒီနည်းနဲ့ သံသရာ သြဃကို ကူးမြောက်ခဲ့ပါတယ် -
တရားတော်အဆုံးမှာတော့ နတ်သားဟာ သောတာပန် တည်သွားတာကြောင့် အထက်ပါ ဂါထာကို ရွတ်ဆိုကာ ပန်း နံ့သာ မျိုးစုံနဲ့ ပူဇော်ပြီး ပြန်သွားလေတော့၏။ 
အရှင်သုနန္ဒာလင်္ကာရ
M A ,P hD ( Research )
http://www.dhammayaungchi.com
ကျမ်းကိုး
သြဃတရဏသုတ္တံ၊
နဠ၀ဂ်၊
ဒေ၀တာသံယုတ်
သဂါထာဝဂ္ဂ အဋ္ဌကထာ - ဋီကာ
မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသ ပါဠိတော်
သြဃတရဏသုတ် နှင့် သူတို့ အတွေးများ (၁) 
ဆက်လက်ဖတ်ရှုရန်
သြဃတရဏသုတ် နှင့် သူတို့ အတွေးများ (၁)
သြဃတရဏသုတ်
မူရင်းသုတ်တော် (ပါဠိတော်မြန်မာပြန်)
သံသရာအယဉ် 'သြဃ'ကို မည်သို့ ကူးမြောက်တော်မူခဲ့ပါသနည်း...
အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူ၏၊
ထိုအခါ နတ်သားတစ်ယောက်သည် ညဥ့်ဦးယံ လွန်ပြီးသော သန်းခေါင်ယံ အချိန်၌ အလွန် နှစ်သက်ဖွယ်သော အဆင်းရှိသည် ဖြစ်၍ ဇေတဝန် တစ်ကျောင်းလုံးကို ကိုယ်ရောင်ကိုယ်ဝါဖြင့် ထွန်းလင်းစေလျက် မြတ်စွာဘုရား အထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ရပ်တည်ကာ မြတ်စွာဘုရားအား...
''အသျှင်- အသျှင်ဘုရားသည် အဘယ်သို့သော အကြောင်းအားဖြင့် သံသရာ အယဉ် 'သြဃ'ကို ကူးမြောက်တော်မူခဲ့ ပါသနည်း'' ဟု လျှောက်၏၊
“ဒါယကာနတ်သား ငါသည် ရပ်တည်မနေဘဲ အားမထုတ်ဘဲ သံသရာအယဉ် 'သြဃ'ကို ကူးမြောက်ခဲ့၏” ဟု မိန့်တော်မူ၏။ ''အသျှင်အသျှင်ဘုရားသည် အဘယ်သို့လျှင် ရပ်တည်မနေဘဲ အားမထုတ်ဘဲ သံသရာအယဉ် 'သြဃ'ကို ကူးမြောက်တော်မူခဲ့ပါသနည်း'' ဟု လျှောက်၏၊ “ဒါယကာနတ်သား ငါသည် အကြင်အခါ၌ ရပ်တည်နေ၏၊ ထိုအခါ နစ်မြုပ်ရ၏၊ အကြင်အခါ၌ အားထုတ်၏၊ ထိုအခါမျောပါ ရ၏၊
ဒါယကာနတ်သား ဤသို့လျှင် ငါသည် ရပ်တည်မနေဘဲ အားမထုတ်ဘဲ သံသရာအယဉ် 'သြဃ'ကို ကူးမြောက်ခဲ့၏” ဟု ဟောတော်မူ၏။
''သတ္တလောက၌ ရပ်တည်မနေဘဲ အားမထုတ်ဘဲ တဏှာကို ကူးမြောက်တော် မူပြီးသော မကောင်းမှုမှ အပပြုပြီးသော ကိလေသာ ငြိမ်းအေးတော်မူပြီးသော မြတ်စွာဘုရားကို ကြာမြင့်မှပင် ဖူးမြင်ရလေစွ တကား''။
ထိုနတ်သားသည် ဤစကားကို လျှောက်ထား၏၊ မြတ်စွာဘုရားသည် နှစ်သက် လက်ခံတော်မူ၏၊
ထိုအခါ ထိုနတ်သားသည် ''ငါ့အား မြတ်စွာဘုရားသည် နှစ်သက် လက်ခံ တော်မူ၏'' ဟု သိ၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ထိုအရပ်၌ပင် ကွယ်ပျောက်လေ၏။ 1
၁ - သြဃတရဏသုတ်၊ နဠ၀ဂ်၊ ဒေ၀တာသံယုတ်၊ သဂါထာဝဂ္ဂသံယုတ်။
ဆက်လက်ဖတ်ရှုရန်
Thursday, June 10, 2010
သံဃာတော်နဲ့  ဖွံ့ဖြိုးရေး (သို့ ) ဒီလိုလေး လုပ်ကြည့်ရင် ကောင်းမလား? (ပြန်လည် ဝေဖန်ဆွေးနွေးမှု ၁၃)
 မောင်ဥဂ္ဂါ ( http://ogga.mmgenius.com ) ၏ ပြန်လည်ဝေဖန်ဆွေးနွေးမှု
သံဃာတော်နဲ့ ဖွံဖြိုးရေး
ကိုဝိမုတ္တိသုခက ဒီလိုလေးလုပ်ကြည့်ရင်ကောင်းမလား ဆိုတဲ့ ပိုစ့်လေးဖတ်ပြီး ကျွန်တော် ဦးနှောက် မုန်တိုင်းဆင် မိတယ်။ ဘာတွေ ညာတွေ သိလိုတော့ မဟုတ်ဘူး။ အစ်ကိုဝိမုတ္တိသုခကို ကွန်မန့်ပေးသည့် အနေနဲ့ ပိုစ့်တစ်ခုလောက် ရေးလိုက်ပါတယ်။ အမှားပါရင် ပြင်ပေးကြပါ ခင်ဗျာ။
ဗုဒ္ဓတရားတော်တွေ ဟာ အစ အလယ် အဆုံး သုံးပါးကောင်းခြင်းနဲ့ ပြည့်စုံတယ် နောက်ပြီး ဗုဒ္ဓတရားတော် တွေကို လောကုတ် နိဗ္ဗာန်ရောက်နိုင်ရုံသာမက လက်ရှိဘ၀ လောကီ အရေးတွေမှာပါ အသုံးဝင်တယ် ဆိုတာ မိချောင်းမင်းကို ရေခင်းမပြနေတော့ပါဘူး။ ဗုဒ္ဓတရားတော်တွေကို လောကီလူဘောင် လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး စတဲ့ နေရာတွေမှာ ဗုဒ္ဓတရားတော်တွေ ကို ကောက်နှုတ် အသုံးပြုလို့ရပါတယ်။
သာသနာ့ဝန်ဆောင် သံဃာတော်တွေက သိပြီးသား ဗုဒ္ဓဓမ္မတွေကို ဒကာ ဒကာမတွေ လောကီရေးမှာ အသုံးပြုနိုင်ဖို့ လောကီပညာရပ်တွေနဲ့ နှိုင်းယှဉ်လေ့လာမှုတွေလုပ်ပြီ ဆုံးမနိုင်မယ်ဆိုရင် ဗုဒ္ဓဓမ္မတွေဟာ နေ့စဉ် လူနေမှု ဘ၀တွေမှာ  သက်ဝင် လှုပ်ရှားနေမယ်လို့ ထင်ပါတယ်။ အရင် ရှိမ်းမာကာ ဆိုတဲ့ နိုဗယ်ဆုရ ဘောဂဗေဒ ပညာရှင်ကြီးရဲ့ ငယ်သော်လှ၏ စာအုပ်မှာ ဗုဒ္ဓဘာသာကို ဘောဂဒေဗ အမြင်နဲ့ ရေးသားထားတာတွေနိုင်ပါတယ်။
နောက်တစ်ခုက ကျွန်တော်တွေးထားတာ တစ်ခုပါ ကျေးလက်ဒေသ ဖွံဖြိုးရေးနဲ့ ပတ်သတ်ပြီးတော့ပါ။ ကျေးရွာ တွေမှာ သံဃာတော်တွေဟာ လူထုကို သြဇာ အတော်လေးရှိပါတယ် ဒါကြောင့် ပရဟိတ စိတ်ဝင်စားတဲ့ သံဃာတော်တွေကို ကျေးလက်ဒေသ ဖွံဖြိုးရေးနဲ့ ပတ်သတ်တဲ့ အသိအမြင်တွေ စီမံခန့်ခွဲမှုပညာတွေကို သိရှိသွားရင် ကျေးလက်ဒေသအတွက် အကျိုးရှိမှာ အမှန်ပါပဲ။ ကျေးလက်ဖွံဖြိုးရေးကို သံဃာတော်တွေက ဦးမဆောင်ပဲ လုပ်နေရင် အဖွဲ့ တစ်ခု ဟာ ဒေသတစ်ခုကို ၀င်နိုင်ဖို့ သက်ဆိုင်ရာမှာ အဆင့်ဆင့် ခွင့်ပြုချက်တွေ တောင်းနေရပါမယ်။ အချိန်ပိုကုန် ငွေပိုကုန်ပါတယ်။ အကယ်၍ သံဃာတော်တစ်ပါးပါးက ဦးဆောင် လိုက်မယ် ဆိုရင် ကြိုးနီတွေကို ဖြတ်သန်းစရာမလို၊ လူထုကိုလည်း ထွေထွေထူးထူး ပြောနေစရာ မလိုပဲ ကျေးလက်ဒေသ ဖွံဖြိုးရေးကို အကောင်းဆုံးလုပ်ဆောင်နိုင်မှာပါ။
အခုလောလောဆယ်မှာ ဒီလိုမျိုးလုပ်တာ သိပ်ရှားပါသေးတယ်။ ကျွန်တော် သိသလောက် ဆရာတော် ဦးနာယကရဲ့ မန္တလေးဖောင်တော်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း နဲ့ ဆရာတော်ဦးကောသလ္လ (ဓမ္မစေတီမဟုတ်ပါ) လောကတ္တစရိယ ဖောင်ဒေးရှင်းပဲ ရှိပါသေးတယ်။ ဒီ အရေအတွက်ဟာ မြန်မာပြည်နဲ့ ယှဉ်ကြည့်ရင် အရမ်းကို နည်းပါး ပါသေးတယ်။
ကျွန်တော်တို့ရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာဆိုရင် ဒီလို အလုပ်တွေဟာ အတော်အောင်မြင်နေပါပြီ။ ထိုင်းနိုင်ငံမှာ အိပ်ချအိုင်ဗွီ အေအိုင်ဒီအက်(စ)ဖြစ်ပွားမှုနှုန်းကျဆင်းသွားတာ ဒီရောဂါသည်တွေကို ထိုင်းဘုန်းတော်ကြီးတွေက စောင့်ရှောက်ပေးလို့ ဖြစ်ကြောင်းကြားဖူးပါတယ်။ နောက် ကျွန်တော်နဲ့ တစ်ခါ တွေ့ ဖူးတဲ့ ထိုင်းဘုန်းတော်ကြီး တစ်ပါးဆို ထိုင်းနိုင်ငံက ဆိုးသွမ်းလူငယ်တွေကို လူမှုရေးလုပ်ငန်းတွေမှာ ပါဝင် လုပ်ကိုင်စေခြင်းဖြင့် လူဆိုးလေးတွေကို လူလိမ္မာဖြစ်အောင် စီမံကိန်းပုံစံမျိုးနဲ့ လုပ်ဆောင်နေတယ် ဆိုတာကို ကြားဖူးပါတယ်။
လောကီပညာတတ်ထားတဲ့ အတွက် လူထွက်သည် ဖြစ်စေ မထွက်သည်ဖြစ်စေ သာသနာရေးရာ၊ နိုင်ငံဖွံဖြိုး စေဖို့ရာ တစ်ထောင့် တစ်နေရာကနေ အသုံးဝင်နေမှာပါ။ နောက် တတ်ထားတဲ့ လောကီပညာရပ်တွေကို ဗုဒ္ဓအဆုံးအမတွေ နဲ့ ပေါင်းစပ်ပြီး နေ့စဉ်လူနေမှုဘ၀တွေမှာ လက်တွေ ကျင့်သုံးနိုင်ဖို့ သံဃာတော်တွေ က ဆုံးမနိုင်မယ်ဆိုရင် ကျွန်တော်တို့ မြန်မာပြည်ဟာ သာယာအေးချမ်းတဲ့ ပတိရူပ နိုင်ငံဖြစ်လာဖို့ မြေကြီး လက်ခတ် မလွဲနိုင် ဟု ယုံကြည်မိပါသည် ကိုဝိမုတ္တိသုခ ခင်ဗျား………………
မောင်ဥဂ္ဂါ
5 June 2010
* ပြန်လည်ဝေဖန်ဆွေးနွေးမှု ၃
 *ပြန်လည်ဝေဖန်ဆွေးနွေးမှု ၎
ဆက်လက်ဖတ်ရှုရန်
Wednesday, June 9, 2010
ဒီလိုလေး လုပ်ကြည့်ရင် ကောင်းမလား? (ပြန်လည် ဝေဖန်ဆွေးနွေးမှု ၁၂)
 ကိုပြည့်စုံအောင် (ခ) ဖိုးသား (www.apymt.com) ၏ ပြည်လည်ဝေဖန်ဆွေးနွေးမှု
အစ်ကို မင်္ဂလာပါ..
ညီ့ရဲ့ မတောက် တစ်ခေါက် အသိနဲ့ အကြံပြု ရေးသားလိုက်ပါတယ်..။ ပိုတာနှုတ်၊ လိုတာ ဖြည့်လို့ အမှားတွေ ရှိရင်လည်း ပြုပြင်ပေးပါဦး အစ်ကို..။
၁) ကိုဝိ ရေးသားတဲ့ သံဃာတော်များ သာသနာကို ၀င်ရောက်လာရတဲ့ အကြောင်းရင်း (၄) ချက်ကို ဖတ်ရုံနဲ့ သံဃာတော်များ အနေနဲ့ မိမိတို့သည် ဘယ်နေရာမှာ ဘယ်လို ပါဝင်နေတယ် ဆိုတာ သိပြီး ဖြစ်မှာပါ အစ်ကို..။ ဒါသည်လည်း အစ်ကိုက တီထွင်ဖန်တီး ရေးသားလိုက်တာ မဟုတ်ဘဲ နဂို ရှိရင်းစွဲကိုပဲ ပြန်ပြီး သတိထားမိအောင် အသိပေး ရေးသား မှုမျိုးပါ..။ အမှန်ပြောရင်တော့ ကြိုက်တဲ့သူက ရာခိုင်နှုန်း အတော် နည်းမှာပါ..။ ဒါပေမယ့်လည်း လူထွက်ချင်တဲ့ သံဃာတော်များ အတွက်တော့ အစ်ကိုရဲ့ ဆွေးနွေး ရေးသားချက်က အားပေးသလို မဟုတ်ဘဲ အားဆေး သဖွယ် ဖြစ်မယ်လို့ ညီထင်ပါတယ်..။
၂) လူထွက်ချင်တဲ့ သံဃာတော်များ အနေနဲ့ လူမထွက်ရဲတဲ့ အကြောင်း အစ်ကို ရေးထားကိုလည်း ညီ ဂရုတစိုက် ဖတ်မိတယ်..။ ညီ့ မြို့မှာလည်း ကြုံဖူးတယ် အစ်ကို..။ ညီတို့ လမ်းထဲကနေပြီး အစ်မ တစ်ယောက် ဘုန်းကြီးကျောင်းကို နှစ်လုံး သုံးလုံး သွားရောင်းရင်း အဲဒီ ကျောင်းက ဦးဇင်း လူထွက်ပြီး အဲဒီ အစ်မနဲ့ ယူသွားတဲ့ အဖြစ်မျိုး..။ လမ်းထဲက လူတွေကတော့ အဲဒီ အစ်မကိုကော အဲဒီ ဦးဇင်းကိုကော အပြစ်ပြောချင် ကြတာပေါ့..။ နောက်ပြီး လမ်းထဲက အိမ် တော်တော်များများ ကလည်း ဒီဦးဇင်း ဆွမ်းခံ ကြွတဲ့ အိမ်တွေဆိုတော့ ဦးဇင်း လူထွက် အတွက်လည်း မျက်နှာ ပူစရာပေါ့ အစ်ကို..။
အရင်က ညီလည်း အပြစ်မြင်တဲ့ လူစားထဲ ပါခဲ့ပါတယ်..။ ဒါပေမယ့် ခုတော့ မြန်မာလူမျိုး တွေရဲ့ အဲလို သူများ အပြစ်သာ မြင်တတ်တာကို ခဏထား.. လူသား အချင်းချင်း စာနာတတ်တဲ့ အသိနဲ့ ကြည့်ရင်ကို ဒီ အပြစ်မြင်မှုက လျော့ပါးသွား ပါပြီ..။ ဟုတ်တယ်လေ.. အစ်ကို ဟို ဦးဇင်းလည်း လူသား တစ်ယောက်ပဲ.. သူ့ခံစားချက် သူလုပ်ချင်တာ တွေကို အကောင် အထည် ဖော်ခွင့်တော့ ရှိတာပဲ အစ်ကို..။ အပြစ်ပြောကြတဲ့ လူတွေကို ခြုံကြည့်ရင်လည်း မိမိတို့ မွေးထားတဲ့ သားယောကျာ်းလေးကို တစ်သက်လုံး သာသနာ့ဘောင် ပေးဝင်မလား မေးကြည့်…။ စဉ်းစားကြည့်ရင် အဖြေက အရှင်းကြီးပါ အစ်ကို..။ လောကကြီးက သူများ အပြစ်သာ မြင်တတ်တဲ့ သူတွေက ဒုနဲ့ဒေး ဆိုတော့လည်း အယူအဆ အမြင်တွေ တူဖို့က အခက်သား.. ပဲ အစ်ကိုရေ..။
၃) လောကီ ပညာတွေ ထည့်သွင်း သင်ကြားမှု အပိုင်းနဲ့ ပတ်သတ်လို့တော့ ညီ ခြွင်းချက်မရှိ သဘော ကျတယ် အစ်ကို..။ ဒါပေမယ့်လည်း ညီထင်ပါတယ်.. လူလတ်ပိုင်း အရွယ် သံဃာတော်များပဲ ဒါကို လက်ခံကြလိမ့်မယ် အစ်ကို..။ ၀ါရင့်တဲ့ ဆရာတော်တွေ အနေနဲ့တော့ လက်ခံလိမ့်မယ် မထင်ဘူး..။
နောက်ပြီး ညီမြင်မိတာက.. တကယ်လို့ အဲလို လောကီ ပညာတွေ ထည့်သွင်း သင်ကြားပြီ ဆိုပါစို့..။ ဘာ(what) ဘာသာရပ်တွေကို (တိတိ ကျကျပေါ့ အစ်ကို) သင်ရိုး ညွှန်းတမ်းအဖြစ် ပြဋ္ဌာန်း မလဲ..။ ဘယ်သူ (who) တွေက ပြဋ္ဌာန်းပြီး ဘယ်သူ (who) တွေက သင်ကြားပေးမလဲ.. (အစ ကနဦးမှာတော့ သံဃာအချင်းချင်း သင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးအစ်ကို.. သာမန် လူဝတ် ကျောင်းဆရာ တွေကပဲ သင်ကြားမှ ရမယ်..။ ကျောင်းဆရာမ ဆိုရင်လည်း အဆင်မပြေနိုင်.။ ဒီ အစကို ဖြတ်ကျော် ပြီးရင်တော့ နောက်ပိုင်း သံဃာတော်ချင်း သင်ကြားပေးဖို့က လွယ်ကူသွားပါပြီ။ သင်ကြား တတ်မြောက်ပြီးသူက မတတ်သေးတဲ့သူကို ပြန်သင်စနစ်ပေါ့ အစ်ကို..။) နောက်ပြီး အချိန် (when) ဘယ်အချိန် အတိုင်းအတာကနေ ဘယ်အချိန် အတိုင်းအတာအထိ သင်ကြားစေမလဲ..။ နောက် တစ်ချက်က ဘယ်လို (how) ပုံစံမျိုး သင်ကြားစေမလဲ.. ။
နောက် အဲလို အစကနဦး လူဝတ်တွေက သင်ကြားပေးပြီ ဆိုရင်.. သူတို့ အတွက် ၀မ်းရေးက ရှိနေတော့ လစာ သဘောမျိုးကလည်း လိုလာပြီ အစ်ကို..။ စေတနာ အလျောက် သင်ပေးမယ့် သူတွေတောင် မိသားစုအရေးနဲ့ စားဝတ်နေရေး ၀င်လာရင် ဒီ စေတနာတွေလည်း အရည်ပျော်သွား လောက်တယ်..။ သင်ကြားသူ သံဃာတော်တွေရဲ့ ဒကာ ဒကာမတွေက ဒီ အခက်အခဲကို တာဝန်ယူ ဖြေရှင်း လှူဒါန်း ပေးသွားရင်လည်း အဆင်တော့ ပြေနိုင်ပါတယ်..။ ဒါပေမယ့် ရေရှည် အတွက်တော့ စဉ်းစားဖို့ လိုမယ် အစ်ကို..။ ညီရေးတာ အသေးစိတ်တော့ ဆန်သွားမယ် ထင်တယ်.. အစ်ကို..။ ရေးနေရင်း ဟိုဟိုဒီဒီ လျှောက်စဉ်းစားမိတာပါ။
၎) နောက်ပြီး အစ်ကိုရေးတဲ့ အထဲက ညီ သဘောကျမိတာက.. “သာသနာတော်ကြီး အတွက် ဆုံးရှုံးမှု၊ အကျိုး ဖြစ်ထွန်း သာယာဝပြော စည်ပင်မှုဟာ ဘယ် Criteria တွေပေါ် အခြေခံပြီး တွက်ချက်မှာလဲ?” ဆိုတဲ့ အချက်ပါ..။ ဒါဟာ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တိုင်း စဉ်းစား အဖြေထုတ် သိရှိထားရမဲ့ အချက်လို့ ညီမြင်ပါတယ်..။  
သာသနာတော်ကြီး အတွက် အကျိုး ဖြစ်ထွန်းမှုသည် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုလား.. စိတ်ပိုင်း ဆိုင်ရာ တိုးတက်မှုလား..
ဒီအတွက် အဖြေကို အစ်ကို့ ကျေးဇူးနဲ့ ညီဖတ်ဖြစ်ခဲ့တဲ့ ဆရာကြီး ဦးရွှေအောင်ရဲ့ ရေးသားချက်ကိုပဲ ကိုးကား လိုက်မယ် အစ်ကို..။
“သာယာသည်ဆိုရာ၌ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုများ ရှိသည်ကို ဆိုသည်မဟုတ်။ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုများ ရှိသည်ကိုလည်း ဆိုသည်မဟုတ်။ ကိုယ်ကျင့် သိက္ခာပိုင်းဆိုင်ရာ တိုးတက်မှုများ ရှိသည်ကိုသာ ဆိုခြင်းဖြစ်၏။
ကိုယ်ကျင့် သိက္ခာပိုင်းဆိုင်ရာ တိုးတက်မှု မရှိပါဘဲ ရုပ်ပိုင်းဆိုင်ရာ များသာ တိုးတက်လာလျှင် လည်းကောင်း၊ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ များသာ တိုးတက်လာလျှင် လည်းကောင်း၊ သို့မဟုတ် ရုပ်ပိုင်း ဆိုင်ရာများနှင့် စိတ်ပိုင်းဆိုင် ရာများ နှစ်မျိုးလုံး တိုးတက်လာလျှင် လည်းကောင်း ယင်းသို့ တိုးတက်လာခြင်းသည် လောက၌ ကောင်းသော လက္ခဏာကို မဆောင်၊ သုစရိုက်များ ထွန်းကားမှုကို ဖြစ်ပေါ်အောင် မလုပ်၊ အနိုင်ကျင့် ၀ါဒကိုသာ ဖက်တွယ်တတ် သဖြင့် လောက၌ မကောင်းသော လက္ခဏာကိုသာ ဆောင်၏။ ဒုစရိုက်များ ထွန်းကားမှု ကိုသာ ဖြစ်စေ၏။
ထိုကြောင့် သာယာသည်ဆိုရာ၌ ကိုယ်ကျင့် သိက္ခာပိုင်း ဆိုင်ရာ ထွန်းကားမှု ရှိခြင်းကိုသာ ဆိုပါမှ မှန်ကန်မည် ဟူ၍ နားလည် အပ်၏။”
ဦးရွှေအောင်
ဗုဒ္ဓ လောကသား တို့၏ အနှိုင်းမဲ့ ကျေးဇူးရှင် ကိုယ်ကျင့်ဗုဒ္ဓ၀င်၊ ရာပြည့် စာအုပ်တိုက်၊ ၂၀၀၃-ခုနှစ်၊ စတုတ္ထအကြိမ်၊ စာ-၂၆၇)
၅) ညီ့အနေနဲ့တော့ အစ်ကို့ ရေးသားချက်တွေက အများ အကျိုးအတွက် ရည်ရွယ်ထားတဲ့ အတွက် ရည်ရွယ်ချက် ကောင်းတဲ့ ဆောင်းပါး တစ်ပုဒ်လို့ပဲ မြင်ပါတယ်..။ ဘာပဲ ပြောပြော ညီတို့ဟာ လူသားတွေ ဖြစ်တဲ့အတွက် လူသား ကောင်းကျိုးတွေကိုတော့ လုပ်သွားရကြရ မှာပါ..။ လူဖြစ်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကို လောကတ္ထ စရိယ၊ ဉာတတ္ထ စရိယ၊ ဗုဒ္ဓတ္ထ စရိယ (မြတ်ဗုဒ္ဓကတော့ သူ့အတွက် ဗုဒ္ဓ ဖြစ်ဖို့ဆိုတော့ ဗုဒ္ဓတ္ထစရိယ.. ညီတို့ အစ်ကိုတို့ အတွက်တော့ အတ္တတ္ထ စရိယ) ဒါတွေကို ဖြည့်ကျင့်ဖို့လို့ သီတဂူ ဆရာတော် ဘုရား ကြီးကလည်း ဆုံးမထား လေတော့.. ညီတို့ အစ်ကိုတို့ တတ်စွမ်းသရွေ့တော့ ကြိုးစား သွားကြတာပေါ့ အစ်ကို..။
၆) ညီ့ အမြင်အရ ဆရာတော် သံဃာတော်တွေ ထဲမှာ လူထွက်ချင်တဲ့ သံဃာတော်တွေ ရှိသလို သာသနာ့ ဘောင်မှာ ပျော်မွေ့နေတဲ့ ဆရာတော် သံဃာတော်တွေလည်း အများကြီး ရှိပါတယ် အစ်ကို..။ အလားတူပဲ ညီတို့ အစ်ကိုတို့လို လူသားတွေ ထဲမှာလည်း လောကီ အာရုံ၊ ကာမဂုဏ်မှာ ပျော်ပါး ခံစားနေသူတွေ ဒုနဲ့ဒေး ရှိသလို၊ လူ့ဘ၀ကို ငြီးငွေ့လို့ သာသနာ့ဘောင် ၀င်ချင်တဲ့ သူတွေလည်း ရှိနေတာပါ..။ အဓိကကတော့ ရည်ရွယ်ချက် အမျိုးမျိုး ရှိကြတာကို ဆိုလိုချင်တာပါ အစ်ကို..။ အကြောင်းကြောင်းကြောင့်နဲ့ ရည်ရွယ်ချက်တွေ ပြတ်သား ခိုင်မာမှု မရှိသေးလို့သာ မိမိဖြစ်ချင်တဲ့ ဘ၀ကို ပုံမဖော်နိုင် သေးတာပါ..။ မိမိရည်ရွယ်ချက်တွေ၊ မိမိ လုပ်ချင်တာတွေ ပြတ်သားလား၊ မပြတ်သားလား ဆိုတာ ညီ့ကို ဦးဇင်းတစ်ပါး မေးခွန်း ထုတ်ရင်း ဆုံးမသွားတဲ့ မေးခွန်းတွေနဲ့ ချိန်ထိုး ကြည့်နိုင်ပါတယ် အစ်ကို..။ အားလုံးအတွက် အကျိုးရှိမယ်ထင်လို့ အဲဒီ မေးခွန်းတွေနဲ့ ဆုံးမစကားတွေကို ထည့်ရေးလိုက်တယ် အစ်ကို..။
·         ဒီဘ၀မှာ သင့်အနေနဲ့ အလိုချင်ဆုံး တစ်ခုဆိုတာ ရှိလား (တစ်ဘ၀လုံး စာပေါ့.. ပြောရရင် သံသရာအထိ ရည်ရွယ်ထားတာပါ..။)
·         ဟုတ်ပြီ.. အဲဒီ အလိုချင်ဆုံးကို သိပြီ ဆိုရင် အဲဒီ အလိုချင်ဆုံး အရာကို ရအောင် ယူနိုင်မယ်လို့ ယုံကြည်ထားလား.. မဖြစ်မနေ ရအောင် လုပ်မှာလား..
·         အဲဒီ လိုချင်တာနဲ့ ပတ်သတ်ပြီး ဘာမဆို ရင်ဆိုင်ဝံ့ပါ့မလား..။
·         ဗုဒ္ဓဘာသာ တစ်ယောက် အနေနဲ့ ဒီဘ၀မှာ ဘယ်လောက် အတိုင်းအတာအထိ လိုချင်လဲ..၊ ကိုယ်လိုချင် သလောက်ကို ရအောင် ယူနိုင်မယ်လို့ ယုံကြည်ထားလား…
·         ဘ၀ရဲ့ နောက်ဆုံးအချိန် ဘယ်သူမှ မကယ်နိုင်တဲ့ အချိန်မှာ ဘာမှန်းမသိတဲ့ တမလွန်ကို စိတ်အေး လက်အေး သွားနိုင်ပါ့မလား..၊ အဲဒီလိုမှ မသွားနိုင် သေးရင် ဗုဒ္ဓဘာသာဆိုတဲ့ နာမည်လေး ရရုံနဲ့ ဘ၀ကို ထားခဲ့မှာလား…
(ဒီမေးခွန်းတွေရဲ့ အဖြေဟာ လူသားတိုင်း၊ အထူးသဖြင့် ဗုဒ္ဓဘာသာဝင်တိုင်း ဖြေထားသင့်တဲ့ အဖြေတွေပါ.. တဲ့)
နောက်ဆုံး ဒီဦးဇင်း ဆုံးမသွားတဲ့ ဆုံးမစကားက.. 
“လူတစ်ယောက်ဟာ သူလိုချင်တာ စစ်မှန်တယ် ဆိုရင် အဲဒီအတွက် ဘာမဆို လုပ်ရဲတယ်၊ တကယ် မလုပ်ရဲသေးတာဟာ တကယ် မလိုချင်သေး လို့ပါ” .. တဲ့ အစ်ကို..
အစ်ကို့အနေနဲ့လည်း *ဒီလိုလေး လုပ်ကြည့်ရင် ကောင်းမလား* လို့ ရေးသားထားတဲ့ အတွက် တကယ်တန်း ဖြစ်စေချင်ရင် တကယ် ဖြစ်အောင် လုပ်နိုင်မယ်လို့ ညီ ယုံကြည်ပါတယ် အစ်ကို..။
လေးစား ခင်မင်စွာဖြင့်
ညီ
Jan 27, 2010
* ပြန်လည်ဝေဖန်ဆွေးနွေးမှု ၃
 *ပြန်လည်ဝေဖန်ဆွေးနွေးမှု ၎
ဆက်လက်ဖတ်ရှုရန်