Monday, May 31, 2010
ဒီလိုလေး လုပ်ကြည့်ရင် ကောင်းမလား? (ပြန်လည် ဝေဖန်ဆွေးနွေးမှု ၄)
အရှင်ဉာဏဒီပ ( ဓမ္မရတနာ) ( http://www.ashinnyanadipa.com ) ၏ ပြန်လည်ဝေဖန်ဆွေးနွေးမှု
ဒကာတော် ကိုဝိမုတ္တိ...
“ဒီလိုလေး လုပ်ကြည့်ရင် ကောင်းမလား?” ဆိုတဲ့ ဆောင်းပါးလေးနဲ့ ပက်သက်ပြီး ဘုန်းဘုန်းက ဒကာတော်လေးနဲ့ ဘုန်းဘုန်း နှစ်ဦးတည်းပဲ ဆွေးနွေးချင်တာလေ။
ဘုန်းဘုန်းကတော့ ရဟန်းတွေဘက်ကနေ မဆွေးနွေးဘဲ သာသနာတော်ဘက်ကနေ ဆွေးနွေးပေးချင်တယ်။
ရဟန်းတွေဘက်ကနေ ဆွေးနွေးတယ် ဆိုတာက ရဟန်းတွေရဲ့ အလို။
သာသနာတော်ဘက်ကနေ ဆွေးနွေးတယ် ဆိုတာက သာသနာတော်ရဲ့ အလိုပေါ့။
ဒကာတော်လေးတို့လို နိုင်တဲ့ဘက်ကနေ သာသနာပြုနေတဲ့ ပုဂ္ဂိုလ်တွေက သာသနာဘက်က အလိုကိုလည်း သိထားသင့်တယ်လေ။
အဲဒါကြောင့်ပါ။
ဘုန်းဘုန်းရဲ့ ဆွေးနွေးချက်လေးကို သိရရင် ဒကာတော်လေးအတွက် တန်ဖိုးရှိတဲ့ အကျိုး တစ်စုံတစ်ရာ ဖြစ်ထွန်းလိမ့်မယ်လို့ ဘုန်းဘုန်း ထင်မိပါတယ်။
ဒကာတော် ကိုဝိမုတ္တိ ကျန်းမာချမ်းသာစွာနဲ့ သာသနာ ပြုနိုင်ပါစေကွဲ့.....
ဆက်လက်ဖတ်ရှုရန်
Sunday, May 30, 2010
ဒီလိုလေး လုပ်ကြည့်ရင် ကောင်းမလား? (ပြန်လည် ဝေဖန်ဆွေးနွေးမှု ၃)
အရှင်ကုမာရ (http://www.ashinkumara.com) ၏ ပြန်လည်ဝေဖန်ဆွေးနွေးမှု
သိပ်ကောင်းပါတယ်။
အဲဒါဟာ ကိုလိုနီခေတ်ကတည်းက မဟာဂန္ဓာရုံဆရာတော်လို အမျှော်အမြင်ရှိတဲ့ ဆရာတော်ကြီးတွေရဲ့ မျှော်မှန်းချက်ပဲ။
ခေတ်အဆက်ဆက် မှာလဲ ကြိုးစားခဲ့ကြတယ်။ ခုထက် ထိတော့ အောင်မြင်သေးဘူး။
လူထွက်လိုက်ရင် သုံးစား မရအောင် လုပ်ထားခဲ့တာ အင်္ဂလိပ်ခေတ်က စခဲ့တာပါ။
မြန်မာဘုရင်များလက်ထက်မှာ ရှင်ဘုရင်က နေ နွားကျောင်းသားအဆုံး ဘုန်းကြီးလူထွက်၊ ဘုန်းကြီးကျောင်းထွက်ပဲ။
မြန်မာ့လူ့အဖွဲ့စည်းတွင်း.. မိန်းကလေးများဟာ လည်း အဲဒီ ဘုန်းကြီးလူထွက် ဘုန်းကြီးကျောင်းထွက်ကို ကြင်ယာအဖြစ်ရွေးခဲ့ရတာ။
မဟာဂန္ဓာရုံ ဆရာတော်ကြီးမျှော်မှန်းခဲ့သလို.
.ဘာသာစုံ သင်ကြားပို့ချပေးနိုင်သော ဗုဒ္ဓသာသနာ့ တက္ကသိုလ်ကြီးပေါ်ထွန်းလာခဲ့ရင်...
သင်လာတတ်လာ သမျှ ပညာရပ်များကို လူထွက်လိုက်ရင်..(မြန်မာပြည် ၌သာ) ရေးတတ်ဖတ် တတ် အဆင့်သို့ နှိပ်ချပစ်လိုက်တဲ့ ကျွန် မြန်မာဗုဒ္ဓဘာသာဝင်တွေ လျော့နည်းပပျောက်သွားကြမယ်..ဆိုရင်..
... တို့ခေတ်မှာ ကြိုးစားနေကြပါတယ်။ အခြေနေပေးရင်..ဖြစ်လာနိုင်ပါတယ်
ဆက်လက်ဖတ်ရှုရန်
ဒီလိုလေး လုပ်ကြည့်ရင် ကောင်းမလား? (ပြန်လည် ဝေဖန်ဆွေးနွေးမှု ၂)
အရှင်ဇ၀န (http://www.ashinjavana.blogspot.com) ၏  ပြန်လည်ဝေဖန်ဆွေးနွေးမှု
Hello!
My dear Dakataw,
It is a great pleasure for me that I read your article on how to make the Buddha's Sasana perpetuated for a long time and how the Buddha's disciples should learn the Buddhist scriptures or practice meditation. I think your article suggests to learn the Buddhist scriptures and engage in meditation the Buddha's disciples whom are lack of learning and practicing meditation. It advises the way how to spread the Buddha's Sasana in modern systems and qualification than amount is very essential in the Buddha's Sasana. Your advice of "the Buddhist monks who are lack of learning and practicing meditation" should disrobe and serve to develop ones' country, is very useful not only for the Buddha's Sasana but also for our country . The Buddha said that "There should be only the persons who are powerful and energetic in Buddha's Sasana. Other wise,we can say that there should not be the persons who are lazy in Buddha's Sasana. That is why I grantee your article is very useful to propagate the Buddha's Sasasa and to develop our country. Please suggest you to continue to write it. May you attain to Nibbana which is free from suffering because of your good deeds!
With infinite loving-kindness
Yours in Dhamma
A Shin Javana
* မူရင်းဆောင်းပါး
* ပြန်လည်ဝေဖန်ဆွေးနွေးမှု ၁  
ဆက်လက်ဖတ်ရှုရန်
ကမ်းစပ်သို့ ...အတွေး တောင်ပံခတ်သံ (သို့ ) ညီလေးဖိုးသားအတွက် မွေးနေ့ လက်ဆောင်
ကိုပြည့်စုံအောင် (ဖိုးသား) (www.apymt.com) အတွက်
ငွေရတုမွေးနေ့ အမှတ်တရ
ညီရေ...
ဒီတစ်ခေါက် ညီ့မွေးနေ့ ကိုတော့ ဒီရက်ပိုင်းတွေအတွင်း အစ်ကို ဖတ်ဖြစ်ခဲ့တဲ့ စာတွေထဲက အစ်ကို့ အတွက် Food For Thoughts ဖြစ်စေခဲ့တဲ့ အကြောင်းအရာအချို့ ကို ညီ့အတွက် ငွေရတုမွေးနေ့ လက်ဆောင်အဖြစ် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
(၁)
“သင်တို့ ဟာ အသိပညာရရှိရေး၊ အမှန်တရားကို သိမြင်ရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ကောင်းမြတ်စင်ကြယ်တိုးတက်ရေးအတွက် အားမထုတ်ကြဘဲ တစ်နေ့ ပြီး တစ်နေ့  ပစ္စည်းဥစ္စာတိုးတက်ရေး၊ ဂုဏ်သိက္ခာမြင့်မားရေး၊ ထင်ပေါ်ကျော်ဇောရေးအတွက်သာ လောဘတကြီး ကြိုးစားနေခြင်းကို မရှက်ကြသလော....”
ဆော့ခရတ္တိက သူ့ ကို သေဒဏ်ပေးဖို့ အပြစ်ရှာကြတဲ့ ဂျူရီလူကြီးတွေကို ပြောခဲ့ဖူးတဲ့စကားပါ။
အစ်ကို ကတော့ ဆော့ခရတ္တိစကားဟာ ဂျူရီလူကြီးတွေကို ရည်ရွယ်ပြောလိုက်ပေမယ့်လို့  အစ်ကို အပါအ၀င် လူတော်တော်များများကို ရည်ရွယ်ပြောလိုက်သလားလို့ တောင် ထင်မိပါတယ်။ ဘာလို့ လဲဆိုတော့ အစ်ကိုတို့ နေ့ စဉ်နှင့်အမျှ ဘ၀ရှင်သန်ရပ်တည်ရေးအတွက် ရုန်းကန်လှုပ်ရှားနေကြတာမှာ ဆော့ခရတ္တိ အပြစ်ပြပြောခဲ့တဲ့ အချက်တွေနှင့်လွတ်တဲ့နေ့ များ ရှိမှရှိရဲ့ လားလို့  ကိုယ့်ကိုယ်ကို မလုံမလဲတွေးမိလို့ ပါ ညီရေ။
(၂)
ခုနက ဆော့ခရတ္တိပြောခဲ့တဲ့ ပစ္စည်းဥစ္စာတွေ၊ ထင်ပေါ်ကျော်ကြားမှုတွေ၊ ဂုဏ်သိက္ခာတွေ က လူတစ်ယောက်ရဲ့ တန်ဖိုးကို တစ်နည်းတစ်ဖုံ မြှင့်တင်ပေးတဲ့ အထောက်အကူတွေဖြစ်နေလေတော့ ဒါတွေမရှိရင် ဘ၀ရဲ့ တန်ဖိုးကို ဘာနဲ့ တိုင်းတာမလဲလို့  ဆက်ပြီး တွေးမိတယ်။ ဘုန်းဘုန်း ရဝေနွယ်ရဲ့ ဆောင်းပါးတစ်ခုမှာတော့
လူတစ်ယောက်ရဲ့ တန်ဖိုးကို ဘာနဲ့ ဆုံးဖြတ်မလဲ။ ရာထူးဌာနန္တရ၊ ငွေကြေးဥစ္စာ၊ ပညာ၊ အောင်မြင်ကျော်ကြားမှု၊ အခြံအရံတွေနဲ့ တိုင်းတာမလား။
ဒါတွေနဲ့ တိုင်းတာလို့  မရပါဘူး။ လူတစ်ယောက်ရဲ့  တန်ဖိုးကို သီလ၊ သမာဓိ၊ ပညာဆိုတဲ့ သိက္ခာသုံးပါးနဲ့ပဲ တိုင်းတာရမှာပါ။ လူတစ်ယောက်ဟာ သိက္ခာသုံးပါးနဲ့ ပြည့်စုံနေရင် တန်ဖိုးရှိနေတာပါပဲ။
လို့  ဆိုထားတာ တွေ့ တယ်။ ဒါကို ဖတ်မိပြန်တော့ ခုနက ဆော့ခရတ္တိစကားကြောင့် လိပ်ပြာမလုံရတဲ့အထဲ ကိုယ့်ဖာသာ ငါ တကယ်ကော တန်ဖိုးရှိရဲ့ လားဆိုတဲ့မေးခွန်းကို ထပ်မေးရပြန်ရော ညီရေ။
(၃)
အနှစ်တစ်ရာနေမှ ပင်လယ်သမုဒ္ဒရာရေပြင်ပေါ်ကို တစ်ကြိမ်လောက်ပေါ်တဲ့ လိပ်ကန်းကြီးနဲ့  အဲဒီသမုဒ္ဒရာထဲမှာပဲ မျောနေတဲ့ အပေါက်တစ်ခုတည်းပါတဲ့ ထမ်းပိုးတုံးတစ်ခုတို့  လိပ်ရဲ့ ခေါင်းနှင့် ထမ်းပိုးရဲ့ အပေါက်တို့ စွပ်မိဖို့ လွယ်ချင်လွယ်ဦးမယ်။ အပါယ်ဆိုတဲ့ မကောင်းတဲ့ဘုံဘ၀မျိုးကို တစ်ကြိမ်ရောက်သွားတဲ့သူဟာ ကောင်းမြတ်တဲ့ လူ့ ဘ၀မျိုးကို ပြန်ဖြစ်နိုင်ဖို့ ကတော့ မလွယ်တော့ဘူးတဲ့။ လိပ်ကန်းထမ်းပိုးစွပ်နိုင်ခွင့်ထက် အဆ အရာ၊ အထောင်မက ခဲယဉ်းတယ်တဲ့။
ဒီစကားစုကို အစ်ကိုတို့ တစ်တွေဟာ ခဏခဏကြားလည်း ကြားနေရသလို၊ ကိုယ်တိုင်လည်း သူများတွေကို ပြောပြဖြစ်ကြပါတယ်။ ဒီလိုကြားရတိုင်း၊ ပြောဖြစ်တိုင်းမှာလည်း လူဖြစ်ရခြင်းအတွက် မိမိကိုယ်မိမိ သိသိသာသာရော၊ မသိမသာပါ စိတ်ထဲက ဂုဏ်ယူနေမိတတ်ပါတယ်။
လူအဖြစ် လူ့ ဘ၀ကို ရလာတယ်၊ ရောက်လာတယ်ပဲ ထားပါဦး၊ အဲဒီလူဟာ အယူလွဲ၊ အမှတ်လွဲဖြစ်နေတဲ့သူဖြစ်နေရင်...
အဲဒီလူဟာ ကံနဲ့ ကံရဲ့ အကျိုးဆက်ကို မယုံကြည်တဲ့သူဖြစ်နေရင်...
ရုပ်သည်သာ အမှန်အရှိတရား၊ ကျန်တာတွေ မရှိတရား၊ မဟုတ်တရားတွေလို့  ယုံနေတဲ့ ရုပ်ဝါဒီဖြစ်နေရင်....
မှန်တယ် မှားတယ်လို့  မဆုံးဖြတ်နိုင်တဲ့ သံသယ၀ါဒီ ဖြစ်နေရင်....
သေတော့လည်း အားလုံး ပြီးဆုံးပြတ်စဲသွားတာပါပဲလို့  ယုံကြည်နေသူ ဖြစ်နေရင်....
လူဟာ ဘ၀အကြောင်း နားလည်ဖို့ မဟုတ်၊ ဘ၀ရဲ့ သုခ ဒုက္ခကို ခံစားတွေ့ ကြုံဖို့  ဖြစ်လာတာလို့  ခံယူသူဖြစ်နေရင်....
လူဖြစ်ရကျိုး နပ်ပါ့မလား....
ဒီလိုမျိုး ဆက်စဉ်းစားကြည့်မိတဲ့ အခိုက်မှာတော့ လူဖြစ်ရခြင်းအပေါ် ဂုဏ်ယူနေမိတဲ့စိတ်နေရာမှာ လူအဖြစ်နဲ့ ဘယ်လိုအသက်ရှင်နေမှ ကောင်းတဲ့အသက်ရှင်နေခြင်းလဲ... ဆိုတဲ့ အတွေးက နေရာယူပြီး စိတ်ပင်ပန်းမှုနှင့်အတူ သက်ပြင်းမောကြီး ချဖြစ်လိုက်တယ် ညီရေ။
(၄)
ဘုန်းဘုန်း ဓမ္မဂင်္ဂါရဲ့  အတွင်းသားကို တူးဖြိုမိခြင်း ဆိုတဲ့ ပို့ စ်ကို ညီ ဖတ်ဖြစ်ခဲ့လိမ့်မယ်ထင်ပါတယ်။ အဇာတသတ်မင်းအကြောင်းရေးထားတာ။ အဲဒီပို့ စ်ကို အစ်ကို ဖတ်ပြီး သိပ်မကြာခင်ပဲ ဘုန်းဘုန်းရဝေနွယ်ရဲ့  ဆောင်းပါးတစ်ပုဒ်ကို ဖတ်လိုက်ရတယ်။ အဲဒီထဲမှာ ပုဂ္ဂိုလ်သုံးမျိုး ရှိတယ်တဲ့။
၁။ ပါရမီ မပါခဲ့တဲ့သူရယ်။
၂။ ပါရမီ ပါခဲ့တဲ့သူရယ်။
၃။ ပစ္ဆိမဘ၀ိကပုဂ္ဂိုလ်ရယ်။
ပစ္ဆိမဘ၀ိကပုဂ္ဂိုလ် ဆိုတာက ဒီဘ၀ ဧကန်မုချ ရဟန္တာဖြစ်ရမယ့်သူပါ။ အဲဒီပုဂ္ဂိုလ်တစ်ယောက်ပဲ စိတ်ချရပါတယ်တဲ့။
အဇာတသတ်မင်းဟာ တရားထူးရဖို့ အတွက်တော့ ပါရမီပါခဲ့ပါတယ်။ ဒါပေမယ့် မိမိကိုယ်ကို မိမိ မတည်ဆောက်နိုင်တဲ့အတွက် တရားထူးနဲ့ ဝေးသွားရပါတယ်။
ပသေနဒီကောသလမင်းကြီးတို့ ၊ ဝေရဉ္ဖပုဏ္ဏားတို့ ကျတော့ မြတ်စွာဘုရားနဲ့ အကြာကြီး တွေ့ ရပေမယ့် ပါရမီမပါခဲ့လို့  တရားထူး မရကြတာပါ။
ဒါတွေကိုထောက်ပြီး မိမိကိုယ်ကိုမိမိ တည်ဆောက်ခြင်းဟာ လူတစ်ယောက်ရဲ့ ဘ၀မှာ သိပ်ပြီးအရေးကြီးပါတယ်။
သပြေကန်ဆရာတော်ဘုရားက မင်္ဂလာ (၃၈)ပါးမှာ အတ္တသမ္မာပဏိဓိ = မိမိကိုယ်ကို မိမိတည်ဆောက်ခြင်း မင်္ဂလာဟာ အရေးအကြီးဆုံးပါတဲ့။ မိမိကိုယ်ကို မိမိတည်ဆောက်လိုက်တာနဲ့ ကျန်တဲ့ မင်္ဂလာ (၃၇)ပါးလည်း ပြည့်စုံသွားတော့တာပါဘဲတဲ့။
(ဘုန်းဘုန်း ဓမ္မဂင်္ဂါစကားနဲ့ ဆိုရင်တော့ အတွင်းသားကို မတူးဖြိုမိဖို့  သိပ်အရေးကြီးပါတယ်လို့ ပြောရမှာပေါ့။)
ဒါလေးဖတ်မိတော့ မိမိကိုယ်ကို မိမိတည်ဆောက်ဖို့ အတွက် တကယ်အရေးကြီးပါလားလို့  ကိုယ့်ကိုယ်ကို သတိပေးရင်း ဒီဘ၀အတွက် စိတ်ချရတဲ့ ပစ္ဆိမဘ၀ိက ပုဂ္ဂိုလ် ဟုတ် မဟုတ် ဘယ်လို စမ်းလို့ ရနိုင်မလဲ လို့  ပေါက်ကရတော့ တွေးလိုက်မိသေးတယ် ညီရေ။
(၅)
ဘယ်အလုပ်ပဲ လုပ်လုပ်၊ ဆရာဝန်အလုပ်ပဲ လုပ်လုပ်၊ ကျောင်းဆရာအလုပ်ပဲ လုပ်လုပ်၊ ဈေးရောင်းတဲ့အလုပ်ပဲ လုပ်လုပ်၊ ကားမောင်းတဲ့အလုပ်ပဲလုပ်လုပ်၊ အရင်ဆုံး အဲဒီစိတ်ထားနဲ့  အဲဒီစေတနာကပဲ ရှေ့ ကသွားရမှာပဲ။ ဆရာဝန်ဖြစ်ချင်တယ်ဆိုတာ ဆရာဝန်ဆိုတဲ့ ဂုဏ်လောက်ကို လိုချင်ရင်တော့ ဆရာဝန်ကောင်းတစ်ယောက်မဖြစ်နိုင်ဘူး။ လူတွေရဲ့ ကျန်းမာရေးအခက်အခဲတွေကို အကူအညီပေးချင်တယ်။ ဖြေရှင်းချင်တယ်ဆိုတဲ့စေတနာ အပြည့်အ၀ပါနေရင် ဆရာဝန်မဖြစ်တောင်မှ တစ်နည်းနည်းနဲ့ တော့ လူတွေရဲ့ ကျန်းမာရေးအခက်အခဲကို ဖြေရှင်းပေးနိုင်တဲ့လူ ဖြစ်လာမှာပဲ။ ကျန်းမာရေးစာပေရေးတာတို့  ဖြစ်ချင်ဖြစ်မယ်။ နောက်ဆုံး ဆေးဆိုင်ဖွင့်မယ်။ ဈေးချိုချိုနဲ့  ဆေးကောင်းကောင်းလေးတွေ ရောင်းပေးလိုက်မယ်။
ကိုယ့်စေတနာကဘာလဲ။ လူအများ ကျန်းမာရေးအခက်အခဲ အဆင်ပြေဖို့ ။ ဒါပဲ။ ငါဆရာဝန်ဖြစ်ရဖို့ ဆိုတာ  အဓိကမဟုတ်ဘူး။ လူတွေကို ပညာတတ်စေချင်တယ်ဆိုရင် ငါကကျောင်းဆရာမဟုတ်လို့  မလုပ်နိုင်ဘူးလို့  တွေးဖို့ မလိုဘူး။ ကောင်းတဲ့စာအုပ်ကလေးတွေ လူတွေဖတ်ဖြစ်သွားအောင် လူတွေလက်ထဲရောက်သွားအောင် နည်းမျိုးစုံနဲ့ လုပ်လို့ ရတယ်။ နောက်ဆုံးစာအုပ်အငှားဆိုင်လေး ဖွင့်တာကအစ လုပ်လို့ ရတယ်။ ကောင်းတဲ့စာပေတွေငှားမယ်၊ ဈေးနှုန်းချိုချိုသာသာနဲ့ ငှားမယ်၊ လူတွေများများ စာဖတ်ပါစေ။
ကိုယ့်စေတနာသာမှန်ရင် ကိုယ်စေတနာထားတဲ့ အလုပ်ကို တစ်နည်းမဟုတ်တစ်နည်းနဲ့  အောင်မြင်အောင် လုပ်လို့ ရပါတယ်။ ဒါကြောင့် စေတနာကို အရင်ဆုံး ပီပြင်အောင်လုပ်ဖို့ လိုတယ်။
(ဆရာတော် ဦးဇောတိက)
ဒါလေးဖတ်ဖြစ်တော့ လူတစ်ယောက်ဘ၀မှာ ကိုယ်တကယ်ဖြစ်ချင်တာ ဖြစ်မလာသေးခင် (သို့ ) မဖြစ်တော့ရင်တောင်မှ တစ်နည်းနည်းနဲ့  ကိုယ်ရည်ရွယ်ချက်ထားတဲ့လုပ်ငန်းကို စေတနာမှန်မှန်ထားပြီး တစ်နည်းနည်းနှင့် အောင်မြင်အောင်လုပ်လို့ ရတယ်ဆိုတာကို သတိပြုမိလိုက်ပါတယ်။
အစ်ကိုတို့ ညီတို့  ဘလော့ဂ်ရေးနေတဲ့သူတွေအနေနှင့်လည်း အကိုတို့ ဆီ စာလာဖတ်ကြတဲ့သူတွေအတွက် တကယ်တန်ဖိုးရှိပြီး အနှစ်သာရပြည့်ဝတဲ့ စာတွေ တရားတွေကို ဖြန့် ဖြူးပေးနိုင်ရဲ့ လား၊ ကိုယ့်ဆီစာလာဖတ်နေတဲ့သူတွေအပေါ် စေတနာတကယ်မှန်ရဲ့ လားလို့ လည်း ပြန်စမ်းစစ်မိပါတယ် ညီရေ။
ကဲ...ညီရေ...။ ဒီလောက်နဲ့ ဘဲ အကို့ ရဲ့ မွေးနေ့ လက်ဆောင် တွေးစရာလေးတွေ ကို ကျေနပ်ပေးပါနော်။
ညီငယ်တစ်ယောက် ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာစွာဖြင့် မိမိအကျိုး၊ လောကအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ပါစေကြောင်း ငွေရတု မွေးနေ့ အတွက် အမှတ်တရ ဒီစာစုနဲ့ အတူ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ခင်မင်စွာဖြင့်
ဝိမုတ္တိသုခ
ဖတ်ဖြစ်ခဲ့သော စာအုပ်များ
၁။ ဘာကို တန်ဖိုးထားရမလဲ (ဆရာတော်ဦးဇောတိက)
၂။ စိတ်ညစ်ရင်ရေချိုးပါ (ဆရာတော် ရဝေနွယ်-အင်းမ)
၃။ သမုဒ်ပင်လယ်ပြာ နှိုင်းပမာ (ဆရာ နန္ဒာသိန်းဇံ)
ဖတ်ဖြစ်ခဲ့သော ဘလော့ဂ်စာမျက်နှာ
အတွင်းသားကို တူးဖြိုမိခြင်း (ဓမ္မဂင်္ဂါ)
ဆက်လက်ဖတ်ရှုရန်
ကျေးဇူးတော်ရှင် ဗန်းမော်ဆရာတော်ဘုရားကြီး ဂျပန်နိုင်ငံ တိုကျိုမြို့ တွင် (၃၀၊ ၅၊ ၂၀၁၀) တနင်္ဂနွေနေ့ ၌ ဟောကြားချီးမြှင့်တော် မူသော တရားတော်
ကျေးဇူးတော်ရှင် ဗန်းမော်ဆရာတော်ဘုရားကြီး 
(၃၀၊ ၅၊ ၂၀၁၀) တနင်္ဂနွေနေ့ ၌ 
ဟောကြားချီးမြှင့်တော် မူသော တရားတော်
ဆက်လက်ဖတ်ရှုရန်
Friday, May 28, 2010
ဒီလိုလေး လုပ်ကြည့်ရင် ကောင်းမလား? (ပြန်လည် ဝေဖန်ဆွေးနွေးမှု ၁)
ပညာဇာနည် ( http://www.pyinnyarzarni.com ) ၏ ပြန်လည်ဝေဖန်ဆွေးနွေးမှု
ဒကာဆောင်းပါးက အရမ်းကောင်းပါတယ်။
တပ်လှန့်သံလည်း ဖြစ်တယ်။ လက်ရှိအခြေအနေကိုလည်း မြင်သာ ထင်သာ ရှိစေတယ်။
စာဖတ်ရင်းနဲ့လည်း ငါဘယ်ထဲမှာ ပါနေသလဲဆိုတာကိုလည်း တွေးမိစေတယ်။
ဒါပေမယ့် ဒကာ သတိထားရမှာက ကမ္ဘာနဲ့မြန်မာ မတူတာပဲ ဖြစ်တယ်။
မြန်မာပြည်မှာ လောကီရေးရာ သိစရာတွေကို ဘုန်းကြီးတော်တော်များများ မသိကြဘူး။ (ဒါက လောကီနယ်ကိုရည်ရွယ်ပြီးပြောတာပါ)။
ထိုင်းနိုင်ငံတို့ သီရီလင်္ကာတို့မှာကြတော့ ဘုန်းကြီးနဲ့ လူနဲ့ မကွဲဘူး။
သင်ကြားရေးမှာလည်း အရမ်းမကွာကြဘူး။ ဘုန်းကြီးဝတ်ရင် ကြည်ညိုတယ်။ ကြည်ညိုမယ်။ လူထွက်ရင် အလုပ်ခွင် ၀င်ရမယ်။ ထူးဆန်းတဲ့ ကိစ္စမဟုတ်ဘူး။
အချိန်မရွေး ၀င်နိုင်တယ်။ အချိန်မရွေး ထွက်နိုင်တယ်။
မြတ်စွာဘုရားလက်ထက်မှာလည်း ဒီအတိုင်းပဲ လွတ်လပ်ခွင့် အပြည့်အ၀ရှိခဲ့ကြတယ်။
ပြောရရင် ရှေးခေတ်က ဘုန်းကြီးကျောင်း ပညာသင်ကြားစနစ်လိုပေါ့။
မြန်မာနိုင်ငံရဲ့ ပညာသင်ကြားရေးစနစ်ကို ပြန်ကြည့်။ ရှေးဘုရင်တွေလက်ထက်မှာ ဘုန်းကြီးနဲ့လူ ပညာရေးက အတူတူ ဖြစ်လေတော့ ဘုန်းကြီးပညာရေးမြင့်လေ၊ လူတွေအတွက် ဂုဏ်ယူစရာ ကောင်းလေပဲ။ မင်းတုန်းမင်း၊ သီပေါမင်း စသည်ဖြင့် ရှင်ဘုရင်တွေရဲ့ ငယ်ဘ၀ကို ကြည့်ရင် သိနိုင်ပါတယ်။
မြန်မာပြည်မှာ ဘုန်းကြီးဝတ်တာနဲ့ (တောထွက်တွေ၊ တောင်ပြန်တွေ မပါ) တခါတည်း တသက်လုံးဝတ်ရမယ့် သဘောကို ဆောင်နေတယ်။ ၀တ်ပြီးလို့ ထွက်ပြန်ရင်လည်း အရာမသွင်းပြန်ကြဘူး။ ဘုန်းကြီးတွေ ဒီလောက်များပြီး ဒီလို ဖြစ်နေတာဘာကြောင့်လဲ။   ကလေးတွေကို စာသင်ပေးခဲ့ရချိန်မှာ (ကလေးတွေဆိုပေမယ့် ၁၀-တန်းတွေသာမက၊ တက္ကသိုလ် ကျောင်းသားတွေ၊ ဆရာ ဆရာမတွေလည်း ပါပါတယ်။) သူတို့သဘောထား (သို့မဟုတ်) သူတို့နဲ့ ပတ်သက်တဲ့ လူကြီးမိဘတွေရဲ့သဘောထားကို သတိထားမိလိုက်တယ်။
ကိုယ်က ဘာသာရေးအကြောင်း (ဥပမာ=ယဉ်ကျေးမှု စတာတွေ) ကို သင်ပေးချင်တယ်၊ ကျောင်းလာတက်မဲ့သူက မရှိဘူး။ မိဘတွေ တော်တော် များများကလည်း မလွှတ်ကြဘူး။ ဒါ ဘာကြောင့်လဲ။ သားသမီးတွေက ကျူရှင်တွေကို အချိန်ပြည့်တက်နေရတော့ သားသမီးကလည်း စိတ်မပါ၊ မိဘကတွေကလည်း အခရာဖြစ်ပေမယ့် ဘုန်းကြီးဆီမှာ ထားဖို့ အရာမသွင်းကြဘူး။ ဘုန်းကြီးတွေကို ဘာသာရေးနယ်ပယ် သက်သက်ထဲကိုသာ မရောက်ရောက်အောင် တွန်းပို့လိုက်တာ ဖြစ်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဆွမ်းစားပင့် ပရိတ်ရွတ်ပြန်ဆိုတဲ့ အဆင့်ထဲကို ပို့လိုက်ကြတယ်။ ဆွမ်းစားပြီးလို့ တရားဟောရင်တောင် မကြိုက်ကြတော့ဘူး။ ဒါ ဘာကြောင့်လဲ။
အမှန်တကယ်တော့  မြတ်ဗုဒ္ဓရဲ့တရားတော်တွေ မှန်သမျှ ခေတ်မမီဘူးဆိုတာ လုံးဝမရှိဘူး။ လောကီနဲ့ ဆက်စပ်နေတဲ့အတွက်ကြောင့် လောကီတရားတွေ သုတ္တန်မှာအများကြီးရှိတယ်။
ဥပမာ - လင်နဲ့မယား ဘယ်လိုစခန်းသွားကြမလဲ။ ဘယ်လိုလက်တွဲကြမလဲ။ မြတ်ဗုဒ္ဓက ခေတ်မီမီနဲ့ ဟောထားတာတွေ ရှိတယ်။ ဒါက ဥပမာပြောတာပါ။ တရားတော် (သုတ္တန်) တိုင်းဟာ လောကီနယ်နဲ့ တနည်းတဖုံးဆက်စပ်နေသလို၊ လောကုတ္တရာနဲ့လည်း ဆက်စပ်နေတာဖြစ်တယ်။
အဲဒီလောက် ခေတ်မီနေတဲ့ တရားတော်တွေနဲ့ လုံးပမ်းနေရတဲ့ သံဃာတော်တွေဟာ သာသနာ့ဘောင်မှာ မပျော်မွေ့တဲ့အခါ လူတော မတိုးရဲ့တာ လူမထွက်ရဲ့တာ ဘာကြောင့်လဲ။
ပြန်ပြီး ကောက်ချက်ချရင် ကိုယ်သိထားတဲ့ တရားတော်တွေကို ပြန်ပြီး ဟောပြဖို့အတွက် (အထူးသဖြင့် ကျောင်းသားတွေကို ရည်ရွယ်ပါသည်။ ) အရင်ဦးဆုံး သူတို့ကို ကိုယ်က ပေးနိုင်အောင်လုပ်ရတယ်။ ဒါကဘာလဲ။ သူတို့ နွေရာသီကျောင်းပိတ်ရက်မှာ ကျူရှင်တက်နေတဲ့အချိန် ကိုယ့်ကျောင်းရောက်အောင်
ဘာသာရေးကို ခဏထားပြီး သူတို့ လိုအပ်တဲ့ ပညာရေး (ကျူရှင်) ကို ပေးနိုင်အောင် ဘုန်းကြီးတွေက ကြိုးစားရတယ်။ မိဘတွေရဲ့ သားသမီးတွေအပေါ်မှာ ရှိနေတဲ့ ပညာရေးတာဝန်တွေကို ခွဲယူနိုင်အောင် ကြိုးစားရတယ်။ အဲဒီပညာရပ်တွေ ဘယ်က ရမလဲ။
အဲဒီပညာရပ်တွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ (သတိထားမိမှာပါ စကားလုံးကို) ရှာဖွေရတယ်။ ရှာဖွေတဲ့ အခါမှာလည်း မြန်မာပြည်က လူတွေရဲ့ ပါးစပ်ဖျားက ပြောမဆုံးပေါင် တောသုံးတောင်။ အဲ့ဒါ ဘာကြောင့်လဲ။
ရှာဖွေလို့ ပြည့်စုံပြီဆိုရင် နာမည်မရသေးခင် (သို့) ယုံကြည်မှု မရသေးခင် စာသင်ရတဲ့ အချိန်၊ ပရဟိတလုပ်ငန်း (ယဉ်ကျေးမှု စတဲ့ သာသနာရေး၊ ဘာသာရေးအတွက်ပါ ပါဝင်ပါသည်။) တွေ လုပ်ရချိန်မှာ မြန်မာပြည်က လူတွေရဲ့ ပါးစပ်ဖျားက ထွက်လာတဲ့ ပြောမဆုံးပေါင် တော သုံးတောင် စကားတွေက
ဘာကြောင့်လဲ။
ရဟန်းတော်တွေ ရဟန်းဘ၀မှာ မပျော်ပေမယ့် လူမထွက်ရဲ့ ဘယ်အရာတွေက တားဆီး ပိတ်ပင်ထားသလဲ။  အဓိက အဖြေကိုတော့ တွေ့လောက်မည် ထင်ပါသည်။ အဲဒီ အဖြေကတချက်တည်းပါပဲ။
အမှားပါရင် ခွင့်လွှတ်၍ ထောက်ပြပေးစေချင်ပါသည်။ ဆောင်းပါးကအရမ်းကောင်းနေသည့်အတွက် လစ်ဟာမှု မရှိပါ။ အဖြေရှာရုံသာ ရှိပါသည်။ အဖြေကလည်း တခုတည်းလို့ ထင်မိပါသည်။
မောင်ပညာ (မန်းတက္ကသိုလ်)
* မူရင်းဆောင်းပါး
ဆက်လက်ဖတ်ရှုရန်
Thursday, May 27, 2010
ဒီလိုလေး လုပ်ကြည့်ရင် ကောင်းမလား?
ဆောင်းပါးဦး အမှာ
ဒီဆောင်းပါးကို မဖတ်ခင် ကျွန်တော့်အနေနဲ့  စာဖတ်သူများကို  ကြိုတင် အသိပေးချင်တာလေးတွေ ရှိပါတယ်။
ကျွန်တော် မြန်မာပြည်မှာ ရှိနေစဉ် အချိန်အတွင်းမှာရော၊ ပြည်ပရောက်ရှိနေစဉ် ကာလအတွင်းမှာရော သာသနာ့ဝန်ထမ်း ရဟန်းများနှင့် ပတ်သက်ပြီး မြင်ခဲ့ ကြားခဲ့ ကြုံတွေ့ ရတာလေးတွေပေါ်မှာ အခြေခံမူတည်ပြီး ဒီဆောင်းပါးကို ရေးသားထားခြင်းဖြစ်ပါတယ်။
ကျွန်တော့်အနေနှင့် မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်ကို အရည်အသွေးပြည့်မီစွာနှင့် ထာဝရ ရှင်သန်ဖွံ့ ဖြိုးတိုးတက်နေအောင် ထောက်ပံ့ကူညီစောင့်ရှောက်လိုတဲ့ ဆန္ဒအမှန်နှင့် ဉာဏ်မှီသလောက် သုံးသပ်ရေးသား အကြံပြုဆွေးနွေးထားခြင်းမျှသာ ဖြစ်ပါတယ်။
ဒီဆောင်းပါးကို အခြေခံပြီး သာသနာတော် သန့် ရှင်းစင်ကြယ်ရေးနှင့် ခေတ်နှင့်လိုက်လျောညီထွေစွာနဲ့ တိုးတက်ထွန်းကားရေးကို အားလုံးက ၀ိုင်းဝန်းဆွေးနွေး အဖြေရှာနိုင်ဖို့ အတွက် Discussion Topic တစ်ခုသဘောမျိုး ရည်ရွယ်ရေးသားခြင်းပါတယ်။
တချို့ ဖတ်ပြီးသူများက ဒီဆောင်းပါးကို သဘောကျအားပေးပြီး အပြုသဘောဝေဖန်ပေးကြသလို တချို့ ကလည်း ဒီလိုမျိုး မရေးသင့်ကြောင်း ဝေဖန်အကြံပြုကြပါတယ်။
ဒီဆောင်းပါးအပေါ် အကြံပြုပေးကြသူများအားလုံးကို ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ကျေးဇူးတင်ပါတယ်။
ဖြစ်နိုင်ရင်တော့ ကျွန်တော့်ဆောင်းပါးကနေတဆင့် ဖြစ်နေတဲ့ ပြဿနာအတွက် သင့်တော်မယ့် အဖြေကို ဆက်လက်ပြီး အားလုံးဝိုင်းကူ စဉ်းစားဆွေးနွေးပေးစေချင်ပါတယ်ခင်ဗျား။
မိတ်ဆွေများရဲ့ ဆောင်းပါးအပေါ်ကွန်မန့် များကို ပို့ စ်များအဖြစ် ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျား။
အားလုံးကို လေးစား ကျေးဇူးတင်လျက်
ဝိမုတ္တိသုခ
----------------------------------------------------------------------------------------------
ဒီလိုလေး လုပ်ကြည့်ရင် ကောင်းမလား?
မေတ္တာရပ်ခံ ပန်ကြားတောင်းပန်ခြင်း
ဆရာတော် သံဃာတော်တွေ အများဆုံး ရေးကြ ဖတ်ကြတဲ့ ဒီလို မဂ္ဂဇင်းမျိုးမှာ တပည့်တော် လူဝတ်ကြောင်က အူကြောင်ကြောင်နှင့် မဆီမဆိုင် ဆောင်းပါးလာရေးတဲ့အတွက် သည်းခံခွင့်လွှတ်တော်မူပါရန်နှင့် တကယ်လို့ များ အမှားအယွင်းတစ်စုံတရာများရှိခဲ့ပါလျင်လည်း မေတ္တာ ကရုဏာရှေ့ ထားပြီး အမိုက်အမဲအဖြစ် ဗွေမယူဘဲ သည်းငြီးခံတော်မူပါရန် တပည့်တော် ရိုသေစွာ လျှောက်ထားတောင်းပန်အပ်ပါတယ် အရှင်သူမြတ်အပေါင်းတို့ ဘုရား။
နိဒါန်း
၂၀၀၉ ခု။ ဒီဇင်ဘာလထဲမှာ တစ်ရက်တော့ အားအားရှိတာနှင့် မြို့ ထဲက ဘုန်းဘုန်း တစ်ပါးဆီ အလည်သွားရင်း စကားစမြည် ပြောဆိုဖြစ်ခဲ့ပါတယ်။ အဲဒီနေ့ က အကြောင်းအရာ တော်တော်များများကို ဦးဇင်းနှင့် ပြောဖြစ်ခဲ့ကြပြီး Brain Storming တွေလည်း လုပ်ခဲ့ပါတယ်။ ပြောဖြစ်ခဲ့တဲ့ အကြောင်းတွေထဲမှာ ပြည်တွင်းက သံဃာတော်တွေ အရေးလည်း ပါဝင်ခဲ့ပါတယ်။ မြန်မာပြည်မှာရှိနေတဲ့ သံဃာတော်တွေကို ဒီလိုမျိုးလေး လုပ်ကြည့်ကောင်းမလား ဆိုပြီး နှစ်ဦးသား ဆင်ကြံကြံမိခဲ့ကြပါတယ်။
ရေးဖြစ်ဖို့ ဖန်လာခြင်း
ဟိုးတစ်ပတ်က အယ်ချုပ်ကြီး ဓမ္မဂင်္ဂါနှင့် အွန်လိုင်းမှာ တွေ့ တော့ သံဃာတော်တွေရဲ့ ပညာရေးနှင့်ပတ်သတ်ပြီး ကိုယ်တော်က သူပို့ စ်တင်နေတဲ့ နေရဉ္ဖရာမှတ်တမ်းတွေကို သွားဖတ်ကြည့်ဖို့ ပြောပါတယ်။ ဖတ်ကြည့်လိုက်တော့ ကျွန်တော်နှင့် ဒီကဦးဇင်းလေးတို့ ပြောဖြစ်ကြတဲ့အကြောင်းအရာတွေပြန်ပါနေတာကို တွေ့ လိုက်ရပါတယ်။ နောက် မမဝေ (MMWAI) အကြောင်းကိုပါ သိလိုက်ရပါတယ်။ အရင်က ဒီလို မမဝေ လိုအဖွဲ့ အစည်းမျိုး ရှိနေလိမ့်မယ်လို့  မသိထားခဲ့ပါဘူး။ အခု ဖတ်ကြည့်လိုက်တော့မှ တယ်ဟုတ်ပါလားလို့  ချီးကျူးထောမနာ ပီတိဖြစ်ရပါတယ်။
ဒါနဲ့ ဒီအကြောင်းလေးတွေ အားလုံးစပ်ဆက်ပြီး ပို့ စ်တစ်ခုတော့ရေးတင်အုံးမယ်စိတ်ကူးနေတုန်း မမဝေနှစ်ပတ်လည်မဂ္ဂဇင်းအတွက် စာမူတောင်းနေတာတွေ့ လိုက်တော့ ငါလည်း ၀င်နှမ်းဖြူးလိုက်မဟဲ့လို့  အယ်ချုပ်ကိုယ်တော် အားကိုးနှင့် ဒီဆောင်းပါးကို ရေးဖြစ်လိုက်ပါတယ်။
ယတ်လား ပတ်လား
မြန်မာပြည်မှာ သံဃာတော် အရှင်မြတ် လေးသိန်းပတ်ချာလည်လောက် သီတင်းသုံးနေထိုင်တော်မူနေကြတယ်လို့ သိရပါတယ်။ အဲဒီလေးသိန်းသော သံဃာတော်များအားလုံးဟာ မြတ်စွာဘုရားရှင် ချမှတ်ခဲ့တဲ့ သုံးရပ်သော သာသနာတော်ကို မိမိတို့  ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိုးပမ်းအားထုတ်ရွက်ဆောင်တော် မူနေကြပါသလားလို့  တစ်စုံတစ်ယောက်ကမေးလာခဲ့လျင် ကျွန်တော် ဘယ်လိုဖြေသင့်ပါသလဲ။
သံဃာတော်များအနေနှင့် စာသင်စာချတဲ့ ပရိယတ္တိလုပ်ငန်းကို လုပ်ချင်လုပ်၊ သို့ မဟုတ် သံသရာမှ မိမိရော သူတစ်ပါးပါ လွတ်မြောက်ကြောင်းဖြစ်တဲ့ ပဋိပတ္တိကို လုပ်ချင်လုပ်။ ဒီနှစ်မျိုးကို မဖြစ်မနေလုပ်ရမယ်လို့ ဆိုထားသော်လည်း အကြောင်းကြောင်း အဖုံဖုံတွေကြောင့် ဒီနှစ်မျိုးနှင့် ကင်းကွာနေကြတဲ့ သံဃာတော်တွေ ဒီလေးသိန်းသော သံဃာထုထဲမှာများ ရှိမနေနိုင်ဘူးလား။ တကယ်လို့ များ ရှိနေခဲ့ရင် သူတို့ မှာ ဘယ်လိုမျိုး အခက်အခဲ၊ အဆင်မပြေမှုတွေရှိနေလို့ လဲ။ ဘယ်လိုမျိုး အဆင်ပြေသွားအောင် ဒီသံဃာတော်တွေကို ကူညီဖြေရှင်းပေးနိုင်မလဲ။ နောက်ပြီး ပရိယတ် ပဋိပတ်မလုပ်တိုင်းကော ဒီသံဃာတော်တွေကို သာသနာတော်အတွက် လောကအတွက် အချည်းနှီးလို့  ပြောရတော့မလား။
ဒီမေးခွန်းတွေနှင့် စလိုက်ချင်ပါတယ်။
သာသနာ့ဘောင် ၀င်ကြရာဝယ်
သံဃာတော်များ သာသနာ့ဘောင်သို့  ၀င်ရောက်လာကြရာမှာ ကျောထောက်နောက်ခံ Background တွေ မတူညီကြသလို၊ ရည်ရွယ်ချက် ခံယူချက်တွေလည်း မတူညီနိုင်ကြပါဘူး။
ပထမတန်းစား အနေနှင့်ကတော့ သာသနာတော်ကို ကြည်ညိုလို့ ၊ တကယ်ကို သဒ္ဓါတရားထက်သန်အားကောင်းပြီး ၀င်လာကြတဲ့ သံဃာတော်တွေပါ။ ဒီသံဃာတော်များနှင့်ပတ်သတ်ပြီးတော့ အထွေအထူးပြောစရာမရှိပါဘူး။ ဘုန်းကြီးလုပ်ချင်လို့ ကို လုပ်တာဆိုတော့ ဘုန်းကြီးဖြစ်ရင် ဘုန်းကြီးအလုပ်ကို လုပ်ကို လုပ်တော့မှာပါ။
ဒုတိယတစ်မျိုးက အောက်တန်းအဆင့်အနေနှင့် သာသနာတော်မှာ အနေချောင်လို့  (ဒါကသူ့ အထင်ပေါ့) ၀င်လာတဲ့ သံဃာတွေပါ။ သူတို့ ကတော့ ပေါ့ပေါ့ပါးပါးနှင့်ဘဲ နေလို့ ရသလောက် သံဃာ့အဖွဲ့ အစည်းထဲမှာ နေနေကြမယ့် သူတွေပါဘဲ။
နောက်တတိယတစ်မျိုးကတော့ သာသနာထဲမှာနေရတာလည်းပျော်တယ်။ ဒါပေမယ့် ပရိယတ်နှင့်ပဋိပတ်ကို ဒီလောက်ကြီးအားမသန်ဘဲ လူမှုအကျိုးပြုနှင့် ပရဟိတလုပ်ငန်းတွေကို လုပ်ချင်တဲ့ဆန္ဒတွေအထူးပြင်းပြနေကြတဲ့ကိုယ်တော်တွေလည်း ရှိနေပါတယ်။ ဒါပေမယ့်လည်း အကြောင်းမညီညွတ်မှုနှင့် အခွင့်အလမ်းမပေါ်လာမှုတွေကြောင့် စိတ်သွားတိုင်းကိုယ်မပါနိုင်ဘဲ ပရိယတ်လိုလို၊ ပဋိပတ်လိုလိုနှင့် အချိန်ကုန်လွန်အောင် နေနေကြရတဲ့ သံဃာတော်တွေဖြစ်ပါတယ်။
နောက်စတုတ္ထတစ်မျိုးကကျတော့ မိဘနှင့်မိသားစု၊ ဆွေမျိုးအသိုင်းအ၀ိုင်းက စီမံလို့  ဘုမသိဘမသိနှင့် သာသနာတော်ထဲရောက်လာကြတဲ့သံဃာတွေပါ။ ဒီအမျိုးအစား သံဃာတော်တွေကိုတော့ တော်တော်လေးတွေ့ ရတတ်ပါတယ်။ အဲဒီထဲမှာမှ တချို့ လည်း စိတ်ပါသွားပြီး ပထမတန်းစားအုပ်စုထဲ ၀င်သွားကြတာတွေလည်း အများကြီးရှိပါတယ်။ တော်တော်များများကတော့ သာသနာမှာလည်းမပျော်၊ လူလည်းထွက်လို့ မရနှင့် တော်တော်လေး အဆင်မပြေဖြစ်ကြရတဲ့ အုပ်စုပါ။
တချို့ သော သံဃာတော်များဟာ ငယ်ငယ်က မိဘက ချို့ တဲ့နွမ်းပါးတဲ့အတွက် သားသမီးကို ကျောင်းလည်း မထားနိုင်၊ ကျွေးမွေးစောင့်ရှောက်ဖို့ လည်း ခက်တော့ နီးစပ်ရာ ဘုန်းကြီးကျောင်းမှာ ကိုရင်ဝတ်ပေးလိုက်ကြပါတယ်။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် မိမိသားလည်း စာတတ်၊ စားဖို့ သောက်ဖို့  နေဖို့ အတွက်လည်း မစိုးရိမ်ရတော့တဲ့အခြေအနေမျိုးရောက်သွားပါတယ်။ ဒီလိုနှင့် ဒီသားလေးဟာ သာသနာ့ဘောင်မှာ ဘုန်းကြီးစာတွေသင်ရင်း ကိုရင်ဘ၀ကနေ ရဟန်းဘ၀တက်၊ စာမေးပွဲတွေအဆင့်ဆင့်ဖြေရင်း အောင်တာလည်းရှိ၊ မအောင်တာလည်းရှိနှင့် သာသနာ့ဝန်ကို မနိုင်မနင်း ထမ်းရပါတော့တယ်။ ဒါပေမယ့် ရဟန်းရဲ့ စိတ်ထဲမှာတော့ ဖြစ်ချင်တဲ့ ဆန္ဒက တစ်ခုဖြစ်နေမှာပါ။
အိမ်မှာ ကျွန်တော်ငယ်ငယ်က ဆွမ်းခံကြွတဲ့ ကိုယ်တော်လေးက ပြောဖူးတယ်။ ကျွန်တော့်ကို တော်တော်လေးခင်တော့ သူကစိတ်ထဲရှိတာကို ပွင့်ပွင့်လင်းလင်းဘဲပြောတယ်။ တကယ်လို့ များ အခုအချိန်မှာ တစ်နေရာရာက ထီသော်လည်းကောင်း အမွေလိုမျိုးသော်လည်းကောင်း ပစ္စည်းဥစ္စာတော်တော်လေးရခဲ့ရင်တော့ လူထွက်မှာဘဲတဲ့။
တခါက ရန်ကုန်သာသနာ့တက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ ရဟန်းတော်တစ်ပါးနှင့် စကားစမြည်ပြောဖြစ်ခဲ့ဖူးတယ်။ အဲဒီကိုယ်တော်က သူ့ သူငယ်ချင်းရဟန်းတစ်ပါး ကျောင်းကိုလာလည်တဲ့ ဂျပန်မနှင့်တွေ့ ကြ၊ ကြိုက်ကြပြီး လူထွက်လို့  အိမ်ထောင်ပြု ဂျပန်လိုက်သွားရတဲ့အကြောင်းကို မြိန်ရည်ရှက်ရည် ပြောပြတာကို နားထောင်ခဲ့ရဖူးပါတယ်။ ဒီပြောနေတဲ့ ရဟန်းရဲ့ စိတ်ထဲမှာ ဘာတွေများတွေးနေမလဲလို့  စဉ်းစားကြည့်မိခဲ့ဖူးပါတယ်။
တလောကလည်း နိုင်ငံခြားမှာ မဟာတန်းတက်နေတဲ့ ရဟန်းတော်တစ်ပါး လူထွက်ချင်လို့  အကြံအိုက်နေတာလေးကို ကြားလိုက်မိပါသေးတယ်။ လူထွက်ပြီး ဘာဆက်လုပ်ရမလဲ၊ ဘယ်လို ရပ်တည်နေထိုင်မလဲ။ ပတ်ဝန်းကျင်နှင့် ဘယ်လို Dealing လုပ်မလဲ။ ဒီမေးခွန်းတွေနှင့် ယောင်ချာစိုင်းရင်းနှင့်ဘဲ သာသနာထဲ တ၀ဲလည်လည်ဖြစ်နေကြတဲ့ သံဃာတော်တွေ ဘယ်လောက်များများ ရှိနေမလဲဆိုတာ သုတေသနလုပ်ချင်စရာ အကြောင်းကိစ္စရပ်တစ်ခုပါ။
Risk မယူရဲတာ ဘာကြောင့်များလဲ
ဘုန်းကြီးအဖြစ်ကနေ အကြောင်းကြောင်းတွေနှင့် လူဝတ်လဲလိုက်ကြပြီဆိုရင် အဓိကရင်ဆိုင်ကြရတာ ပတ်ဝန်ကျင်အသိုင်းအ၀ိုင်းပါ။ ကျွန်တော်တို့ ရဲ့လူ့ အဖွဲ့ အစည်းက လူတွေအများစုရဲ့  mindset မှာလည်း ဘုန်းကြီးလူထွက်ဆိုရင် Look Down နဲနဲလေးလုပ်ချင်ကြသလားလို့ ။ လူ့ အသိုင်းအ၀ိုင်းက ဒီလူထွက်ပုဂ္ဂိုလ်တစ်ယောက်ကို နွေးထွေးတဲ့ဆက်ဆံမှုမျိုးနှင့် လက်ခံဆက်ဆံနိုင်မှုအားနည်းတဲ့အခါ လူထွက်လာရတဲ့သူတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုမျိုး ဖြစ်စရာရှိသွားနိုင်ပါတယ်။ နောက်ပြဿနာက လူဝတ်ကြောင်ဘ၀နှင့် စားဝတ်နေရေးကိစ္စတွေ စတင်ရုန်းကန်ရတော့တဲ့အခါမှာ တစ်သက်လုံးက လူမှုကိစ္စတွေနှင့် ကင်းကွာလာခဲ့တော့ ဘာပဲဖြစ်ဖြစ် အခက်အခဲတွေ၊ အဆင်မပြေမှုတွေကတော့ အထိုက်အလျောက်က ကြုံကိုကြုံကြရမှာဖြစ်ပါတယ်။ ပိုဆိုးတာကတော့ စားဝတ်နေရေးရပ်တည်မှုအတွက် ပညာပိုင်းဆိုင်ရာလိုအပ်မှုတွေ မပြည့်စုံတော့ ဘ၀ရပ်တည်မှုမှာ အခက်အခဲတွေ့ ကြရတော့တာပါ။ အဲဒီထဲမှာမှ လူနည်းစု ရာခိုင်နှုန်းအနည်းငယ်လောက်ကတော့ သူတို့ နှင့်သင့်တော်ဆီလျော်တဲ့ နေရာဌာနမျိုးမှာ အလုပ်ရရှိအဆင်ပြေသွားကြတာမျိုးတော့ ရှိပါတယ်။
ဘာပဲပြောပြော ဒီလူဝတ်ကြောင်ဘ၀ နေထိုင်ရပ်တည်အသက်မွေးရတဲ့ Risk ယူရမှုဟာ နှစ်ပေါင်းများစွာ ဘာသာရေးစာပေလေ့လာဆည်းပူးအားထုတ်မှုတွေနှင့် အချိန်ကုန်လွန်လာခဲ့ကြတဲ့ ရဟန်းတစ်ပါးအတွက်တော့ တော်တော်မလွယ်ကူတဲ့ စွန့် စားမှုတစ်ခုပါဘဲ။
တကယ်လို့ များ
တကယ်လို့ များ သံဃာတော်တွေကို ကိုရင်ဘ၀ထဲမှာကတည်းက ပရိယတ္တိစာပေသင်ယူလေ့လာခြင်းအပြင် လောကီကျောင်းများမှာသင်ကြားနေတဲ့ ဘာသာရပ်တွေထဲက တစ်ချို့ အရေးကြီးတဲ့ ဘာသာများကို အချိန်နည်းနည်း ခွဲပေးပြီး သင်ကြားပို့ ချလိုက်လျင် ဘယ်လိုဖြစ်နိုင်မလဲ တွေးကြည့်မိပါတယ်။ ဥပမာ ကိုရင်ငယ်ဘ၀မှာ သင်္ချာနှင့် အင်္ဂလိပ်စာကို နည်းနည်းစီ သင်ရိုးထဲထည့်ပြီး သင်ပေးလိုက်မယ်ဆိုပါစို့ ။ နောက်အတန်းနဲနဲကြီးလာတဲ့ ကိုရင်ကြီးအရွယ်ကျတော့ ရူပဗေဒအခြေခံ၊ ဓါတုဗေဒအခြေခံ၊ ဇီဝဗေဒ၊ ပထ၀ီဝင်အခြခံ လေးတွေ ထည့်သင်ပေးထားလိုက်မယ်။ ဒီလိုနှင့် နှစ်တိုင်းမှာ အပြင်လောကီစာကို နည်းနည်းချင်းစီ ထည့်ထည့်သင်ပေးလိုက်ခြင်းဖြင့် ဒီကိုရင်ငယ်ဟာ လောကီဘာသာရပ်တွေနှင့် စိမ်းမနေတော့ဘူးပေါ့။ နောက်ပိုင်းအတန်းကြီးလာတာနှင့်အမျှ အဆင့်မြင့်အင်္ဂလိပ်စာတွေ၊ နည်းပညာပိုင်းဆိုင်ရာ ပညာရပ်တွေ၊ စာရင်းအင်းပညာ အခြေခံတွေကိုပါ Minor ဘာသာရပ်တွေအဖြစ်နှင့် လေ့လာခိုင်းမယ်။ နောက်ပိုင်း ပထမကြီးလို၊ ဓမ္မာစရိယလို ကျောင်းသားများအတွက် နိုင်ငံရေး၊ စိတ်ပညာ၊ အတွေးအခေါ်ပညာ၊ စီမံခန့် ခွဲမှုပညာရပ်တွေကို ထည့်သွင်းလေ့လာစေမယ်။
ဒီလိုသာ လုပ်ပေးနိုင်ခဲ့မယ်ဆိုရင် ဒီသံဃာတစ်ပါးအနေနှင့် ကိုရင်ငယ်ဘ၀ကနေ ရဟန်းပျိုဖြစ်လာတဲ့အချိန်တလျှောက်လုံးမှာတင်ကိုဘဲ သူ့ ဖာသာ သူ ချိန်လို့ ရနိုင်တယ်။ သူ ဘယ်ဘက်ကို အားသန်လဲ။ လောကီလား၊ လောကုတ်လား။ လောကီဘက်အားသန်နေတယ်ဆိုရင် အဲဒီအချိန်မှာကတည်းက ကိုယ်စိတ်ဝင်စားတာကို ဖိပြီးလေ့လာထားလို့ ရပါတယ်။
နောက်တစ်မျိုး ဘာကောင်းနိုင်မလဲဆိုတော့ တကယ်သာသနာတော်မှာပျော်ပြီး သာသနာပြုစိတ်ဓါတ်ပြင်းထန်နေတဲ့ သံဃာတော်တွေအတွက်ဆိုရင်လည်း သူ့ အနေနှင့် သာသနာပြုလုပ်ငန်းတွေလုပ်ရာမှာ လက်နက်တွေဖြစ်တဲ့ အင်္ဂလိပ်စာ၊ ကွန်ပျူတာပညာ၊ စိတ်ပညာ၊ အတွေးအခေါ်ပညာ စတဲ့ ပညာရပ်တွေကို ပရိယတ္တိသင်ယူရင်း တခါတည်း လေ့လာပြီးသားဖြစ်သွားနိုင်ပါတယ်။ 
နောက်ပြီး ပရဟိတလုပ်ငန်းတွေလုပ်ချင်ကြတဲ့ သံဃာတွေအတွက်ဆိုရင်လည်း လိုအပ်တဲ့ စီမံခန့် ခွဲမှုပညာ၊ နည်းပညာပိုင်းဆိုင်ရာနှင့် အင်္ဂလိပ်စာတို့ ဟာ သူတို့ လုပ်ချင်တဲ့ လုပ်ငန်းတွေအတွက် အခြေခံအနေနှင့် အထောက်အကူပြုပေးနိုင်ပြန်ပါတယ်။
ထွက်ချင်ထွက်ပေါ့
ဒီတော့ သာသနာ့ဘောင်မှ မပျော်တော့တဲ့ သံဃာတော်များ အတွက် လူ့ အဖွဲ့ အစည်းအတွင်း ၀င်ရောက်ရပ်တည်ရှင်သန်ဖို့ အတွက်လိုအပ်မယ့် အသက်မွေးဝမ်းကျောင်းခြင်းဆိုင်ရာ ပညာရပ်များ၊ ကြိုတင်ပြင်ဆင်မှုများအတွက် Capacity Building သင်တန်းတွေစီစဉ်ပြီး နားလည်တတ်ကျွမ်းတဲ့ ပညာရှင်များက ပို့ ချသင်ကြားပေးမယ်။ လူထွက်ပြီး သင်တန်းကို အရင်မတက်မဖြစ် တက်ကြ။ အချိန် အတိုင်းအတာတစ်ခုတော့ ယူရမှာပေါ့။ ဒီသင်တန်းတွေကပြီးသွားတဲ့ သူတွေကို သက်ဆိုင်ရာ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် ဌာနတွေက အလုပ်နေရာတွေစီစဉ်ပေးမယ်။ ဒါမှမဟုတ် သူတို့ ကိုယ်တိုင် ကိုယ်ပိုင်လုပ်ငန်း လုပ်ချင်ရင်လည်း လုပ်ကြပေါ့။
နောက်ပြီး လူ့ အဖွဲ့ အစည်းက လူတွေကိုလည်း ဘုန်းကြီးလူထွက်ပုဂ္ဂိုလ်များအပေါ် စာနာနားလည်မှုများနှင့် လက်တွဲဖေးမကူဖို့ အတွက် Educate လုပ်ပေးမယ်။ နဲနဲတော့ အချိန်တစ်ခုယူရမှာပေါ့လေ။
လူထွက်ချင်တဲ့ သံဃာတွေအနေနှင့် ဒီလိုသာစီစဉ်ပေးနိုင်ခဲ့ရင် ဘာဘဲပြောပြော သူတို့ တွေ တွေးပူနေတဲ့ ကိစ္စအတော်များများ ပြေလည်သွားမှာတော့ အမှန်ပါဘဲ။ မိမိကိုယ်မိမိ စိတ်ချယုံကြည်မှုအပြည့်အ၀နှင့် လူ့ အဖွဲ့ အစည်းအတွင်းကို ရဲရဲ တိုးဝင်နိုင်သွားမယ်။
ပရ ဘုန်းဘုန်းများ
ပရဟိတလုပ်ငန်းတွေ လုပ်ချင်တဲ့ သံဃာများအတွက်လည်း သူတို့ လုပ်ချင်တဲ့ လုပ်ငန်းနှင့် ပက်သတ်တဲ့ လိုအပ်တဲ့ ကျွမ်းကျင်မှုနှင့် ပညာရပ်ဆိုင်ရာ ဖြည့်ဆည်းပံ့ပိုးမှုတွေကို ဆိုင်ရာလုပ်ငန်းအလိုက် သီးခြားသင်တန်းများ၊ Workshop များ ပြုလုပ်ပေးပြီး နည်းပညာဖြန့် ဖြူးပေးမယ်။ Donor တွေနှင့် ချိတ်ဆက်ပေးမယ်ဆိုရင် ဒီသံဃာများမှာလည်း သူတို့ ရဲ့  ရင်ထဲက Talent တွေကို မြေတောင်မြှောက်ခွင့် ရသွားနိုင်ပါတယ်။
ဘာရှုံးနိုင်လဲ
အဲဒီတော့ ကျွန်တော်တို့ တွေ စဉ်းစားရမှာ သံဃာတော်တွေ သာသနာ့ဘောင်ထဲကနေထွက်တဲ့သူကထွက်၊ သုံးတန်သောသာသနာ့တာဝန်ကို မထမ်းဘဲ လူမှုရေးလုပ်ငန်းတွေ လုပ်တဲ့သူကလုပ်ကြတော့ သာသနာတော်အတွက် ဆုံးရှုံးမှုဖြစ်နိုင်၊ မဖြစ်နိုင် စဉ်းစားကြရပါမယ်။
ဒါဆိုရင် ယခုလက်ရှိအနေအထားအတိုင်းဆိုရင်ကော သာသနာတော်မှာ အကျိုးဖြစ်ထွန်းမှုများနိုင်ပါသလား။ သုံးတန်သော သာသနာကို စိတ်လက်ရွှင်ပျစွာ လိုလိုချင်ချင် ထမ်းဆောင်နေတဲ့ သံဃာအရည်အတွက် နှင့် သာသနာမှာအခြေအနေအရပ်ရပ်တွေကြောင့် မပျော်ပိုက်ဘဲ သာသနာ့ဝန်လည်း မဆောင်ဘဲ နေနေကြတဲ့ သံဃာအရည်အတွက်။ ဒီ နှစ်ခုကို ယှဉ်ထိုးစဉ်းစားကြည့်ကြမယ်ဆိုရင် အဖြေတစ်ခု တော့ ထွက်လာမှာပါ။
ဒီတော့ အရည်အတွက်မှသည် အရည်အချင်းဆီသို့ သွားမှာလား။ ဒါမှမဟုတ် အရည်အချင်းမှသည် အရည်အတွက်ဆီသို့ သွားမှာလား။ ဒါကို ပြန်လည်သုံးသပ်ကြည့်သင့်ပါတယ်။
အောက်ထစ်ဆုံး အနာဂါမ်ဖြစ်ပြီးမှသာ သာသနာတော်မှာ စိတ်ချစွာမြဲနိုင်တယ်။ အောက်အရိယာအဆင့်တွေတောင် သာသနာတော်မှာ အမြဲမပျော်နိုင်ဘူးလို့  ဒီလို တရားစကားမှတ်သားမိတာရှိပါတယ်။ တကယ်လို့ များ သောတာပန် သံဃာတစ်ပါး လူထွက်သွားတာဟာ သာသနာတော်အတွက် ဆုံးရှုံးမှုဖြစ်သွားတယ်လို့ ဆိုနိုင်ပါ့မလား။ သာသနာတော်ကြီး ဆုံးရှုံးမှု အကျိုးဖြစ်ထွန်းအောင်မြင်မှုဟာ ဘယ် Criteria တွေပေါ်မှာ အခြေခံပြီး တွက်ချက်မှာလဲ။
သာသနာကို ခဏထားလို့  နိုင်ငံအတွက်စဉ်းစားကြည့်မယ်ဆိုပါတော့။ နိုင်ငံအတွက် လူသားအရင်းအမြစ်စွမ်းအားထဲက လေးသိန်းကျော်ကို သာသနာတော်အတွက် အသုံးပြုလှူဒါန်းထားတယ်။ တကယ်လို့  အဲဒီလေးသိန်းဆီက သာသနာတော်စည်ပင်ထွန်းကားပြန့် ပွားဖို့ အတွက် လိုအပ်တဲ့လုပ်အား အရင်းအမြစ်ကိုလည်း အပြည့်အ၀မရသလို ဒီဘက်က နိုင်ငံတော်တည်ဆောက်ရေးအတွက်မှာလည်း စွမ်းအားလစ်ဟာမှုဖြစ်သွားမယ်ဆိုရင်..။
တကယ်လို့ သာသနာ့ဘောင်မပျော်တဲ့ရဟန်း လူထွက်ပြီး နိုင်ငံတော်တည်ဆောက်ရေးရဲ့ အခန်းကဏ္ဍထဲမှာ သူနိုင်တဲ့တာဝန်ဝင်ထမ်းပြီဆိုတဲ့အခါကျတော့ သာသနာဘက်မှာလည်း Quality Percentage တက်သွားသလို၊ နိုင်ငံဘက်မှာလည်း HR Percentage အပေါင်းဖြစ်သွားနိုင်ပါတယ်။ ပရဟိတလုပ်ငန်း လုပ်ကြမယ့် သံဃာတော်တွေဆိုရင်လည်း ဒီသဘောအတိုင်းပါဘဲ။ သာသနာဘက်လည်း တန်ဖိုးတက်သလို၊ နိုင်ငံအတွက်လည်း အကျိုးထွက်တယ်လို့ ယူဆလို့ ရနိုင်ပါတယ်။
အဆုံးသပ်
ကျွန်တော် အခုရေးခဲ့တာတွေအားလုံးကတော့ ဒီလိုလုပ်ကြည့်ရင် ကောင်းမလားဆိုပြီး စိတ်ကူးကြည့်ရုံသက်သက်ပါ။  စိတ်ကူးတယ်ဆိုတဲ့အတိုင်း ဖြစ်ချင်တာဘဲ စောင်းပေးထားတာပေါ့။ တကယ့်လက်တွေ့ မှာတော့ လုပ်ကြည့်ရင် လုပ်လို့ ရချင်မှလည်း ရမယ်။ ရရင်လည်း အခုလိုမျိုးလွယ်လွယ်ကူကူချည်းဘဲတော့ ဘယ်ဖြစ်လိမ့်မလဲပေါ့နော်။
ဘာဘဲဖြစ်ဖြစ်ပေါ့။ ကိစ္စတစ်ခုကို မျက်နှာစာတွေအများကြီးရှိတဲ့ထဲက မျက်နှာစာတစ်ဘက်ကနေ မြင်ကြည့်လိုက်တဲ့သဘောပါဘဲ။ တခြားလူတွေကလည်း ဒီကိစ္စကို တခြားအမြင်တွေနှင့် မြင်ကြည့်နိုင်ကြအုံးမှာပါဘဲ။ အားလုံးလွတ်လပ်စွာ မြင်ကြည့်တော် မူကြပါကုန်။
ဒီဆောင်းပါးရေးရင်း  The Beatles အဖွဲ့ က John Lennon ရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ Imagine ထဲက သီချင်းစာသားလေးကို သတိရမိပါတယ်။
You may say that I am a dreamer.
But I'm not the only one.
I hope someday you'll join us.
And the world will be as one.
အားလုံး ချမ်းသာသုခနှင့် ပြည့်စုံနိုင်ကြပါစေ။
ဝိမုတ္တိသုခ
တိုကျို၊ ဂျပန်။
၁၅၊ ၁၊ ၂၀၁၀။
(ဤဆောင်းပါးရေးဖြစ်ရန် အတွေးကုန်ကြမ်းများပေးတော်မူသော တိုကျိုမြို့ မှ အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်းတာဝန်ခံဆရာတော် အရှင်ဓမ္မဇောတိ နှင့် ဘုန်းဘုန်းဓမ္မဂင်္ဂါ (အယ်ချုပ်) တို့ အား ကျေးဇူးတင်စွာဖြင့် ရိုသေစွာ ဦးနှိမ်ရှိခိုးကန်တော့လိုက်ပါသည် အရှင်မြတ်တို့ ဘုရား။ )
ဆက်လက်ဖတ်ရှုရန်
ဘုန်းဘုန်း အရှင်တိက္ခဉာဏလင်္ကာရ (ယောအသင်း) အတွက် မွေးနေ့ မင်္ဂလာ အမှတ်တရ
ဘုန်းဘုန်းဘုရား,
ဒီတစ်ခါ ဘုန်းဘုန်း မွေးနေ့ ကိုတော့ တပည့်တော် စဉ်းစားစရာလေးတွေ လက်ဆောင်အဖြစ် ပေးချင်ပါတယ်။
ဒီရက်ပိုင်းထဲ ဖတ်ဖြစ်တဲ့ စာအုပ်ထဲက ဆောင်းပါးတစ်ပုဒ်ပါ။ ဖတ်ဖတ်ပြီးချင်းဘဲ ဘုန်းဘုန်းကို ဒီဆောင်းပါးနဲ့ ပတ်သက်တာလေးကို ရေးပြီး လက်ဆောင်ပေးတော့မယ်လို့ စိတ်ကူးမိတယ်။
ဆရာနန္ဒာသိန်းဇံရဲ့  “သမုဒ်ပင်လယ်ပြာ နှိုင်းပမာ” ဆိုတဲ့ စာအုပ်ထဲက “သူတို့ တွေနဲ့ မတူချင်” ဆိုတဲ့ ဓမ္မဆောင်းပါးလေးပါ။
ဘုန်းဘုန်း မူရင်းဆောင်းပါးကို အရင်ဖတ်ကြည့်ပါဦးနော်။
-------------------------------------------------------------------------------------
ဘုန်းဘုန်းရေ။ ဆောင်းပါးလေး ဖတ်ပြီး ဘာများ တွေးမိလိုက်သလဲ။
တပည့်တော်တော့ ငါဘယ်လူအမျိုးအစားထဲပါနေပါလိမ့်လို့  ချက်ချင်းကိုယ့်ကိုယ်ကို စစ်ဖြစ်တယ်။ တပည့်တော်ကတော့  တမျိုးတည်းကို တိုက်ရိုက်တူတာမျိုးတော့ မဖြစ်ဘူး။ အဲဒီခုနစ်ဦးလုံး ရောနေတတ်တဲ့ အမျိုးအစားတစ်မျိုး ဖြစ်နေတာ သတိထားမိတယ်။ တခါတလေ လောကကို အဆိုးမြင်လိုက်၊ တခါတလေ အကောင်းမြင်လိုက်၊ တခါတလေ အတ္တကြီးလိုက်၊ တခါတလေ အများအကျိုးဆောင်ရွက်ချင်လိုက်၊ တခါတလေ ဖြစ်သမျှ ကြုံလာသမျှ အံကြိတ်ခံလိုက်၊ တခါတလေ မြင်သမျှ တွေ့ သမျှ စူးစမ်းလိုက် (စပ်စုလိုက်)၊ တခါတလေ ရှေ့ ရေး နောက်ရေး မစဉ်းစားပဲ ကလေးတစ်ယောက်လို ဖြစ်ချင်ရာဖြစ် ဆိုပြီး သဘောထားလိုက်နဲ့ ပဲ ဆယ်စုနှစ်တွေဖြတ်သန်းလာလိုက်တာ မနဲတော့ဘူးဘုရား။
ဆရာနန္ဒာသိန်းဇံကတော့ အဲဒီလူ ခုနစ်မျိုးနှင့်မတူချင်ဘူးလို့ ဆိုထားတာပဲ။ ဒီခုနစ်မျိုးကနေ လွတ်အောင်နေလို့ ရမယ့် ဘ၀အခြေအနေတစ်ခုကို ပြုပြင်တည်ဆောက်ဖို့ အတွက်ကတော့ တပည့်တော် အနေနဲ့ ဆိုရင် အချိန်တစ်ခုယူပြီး ကံ၊ဉာဏ်၊ ၀ိရိယတွေနှင့် အားသွန်ခွန်စိုက် ပြုပြင်ပြောင်းလဲမှုကို အကြီးအကျယ်လုပ်ဖို့ လိုမယ်လို့ ထင်တာပဲ။ ဘာလို့ လဲဆို... တပည့်တော်မှာ မွေးရာပါ အပျင်းဓါတ်ခံက အားကြီးလေတော့ ဒီလိုမျိုးလုပ်မှပဲ ရတော့မယ်။
ဘုန်းဘုန်းဆိုရင်ကော ဘယ်လိုလဲဘုရား။ ဘုန်းဘုန်းလည်း အခုဆိုရင် ဆယ်စုနှစ်တွေသုံးခါလောက်ဖြတ်သန်းလာပြီးချိန်မှာ ကိုယ့်ကိုယ်ကို ဘယ်လူအမျိုးအစားထဲမှာ ငါအဖြစ်များနေလဲဆိုတာ ပြန်စစ်ကြည့်လိုက်ရင် အဖြေတော့ထွက်လာမှာပါပဲနော်။ ဒါမှမဟုတ်လည်း ဒီခုနစ်မျိုးကနေ လွတ်ထွက်နေတဲ့ လူပုံစံတစ်မျိုးလည်း ဖြစ်ကောင်းဖြစ်နေနိုင်မှာပါပဲ။ ကိုယ့်အခြေအနေကတော့ ကိုယ့်ဖာသာပဲ အသိဆုံး ဖြစ်မှာပါနော်။
ဘုန်းဘုန်းအတွက် မွေးနေ့ အမှတ်တရအဖြစ် ဆရာ့ဆောင်းပါးနှင့် ဒီပို့ စ်လေးကို အမှတ်တရ ရေးပေးလိုက်ပါတယ်။
ဘုန်းဘုန်း အသက်ရာကျော်ရှည်လို့  သာသနာတော်အကျိုး၊ အများအကျိုး၊ မိမိအကျိုးကို သူမတူအောင် သယ်ပိုးရွက်ဆောင်နိုင်ပါစေလို့  ရင်ထဲက ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဘုရား။
ရိုသေစွာဖြင့်
ဝိမုတ္တိသုခ
ဆက်လက်ဖတ်ရှုရန်
Wednesday, May 26, 2010
သူတို့ တွေနဲ့ မတူချင်
 သူတို့ တွေနဲ့ မတူချင်
ပင်လယ်ရေပြင်ကျယ်ကြီးနားရောက်တော့ လေပြင်းမုန်တိုင်းတွေ.... သဘောင်္ပျက်တာတွေကိုလည်း မြင်ယောင်ကြည့်ဖြစ်နေတယ်။ သဘောင်္ပျက်လို့  ဖောင်တစ်ခုပေါ်ရောက်နေတဲ့ လူတစ်စုအကြောင်းကိုလည်း အမှတ်ရပါရဲ့ ။ မသေမပျောက်ပဲ ဖောင်ပေါ်ရောက်တဲ့အတွက် ကံကောင်းတယ်လို့  ယူဆရမှာလား....။
ဖောင်ပေါ်မှာက လူခုနစ်ဦး။  အဲဒီခုနစ်ဦးထဲက တစ်ဦးကတော့ ကံကောင်းလို့  ဖောင်ပေါ်ရောက်နေတာလို့  မြင်ပုံမရဘူး။ သူက တစ်လောကလုံးကို အမြဲပဲ အဆိုးမြင်နေတတ်တဲ့  အဆိုးမြင်ဝါဒီ Pessimist ဖြစ်တယ်တဲ့။  လောကမှာ ကောင်းမြတ်ပါပေတယ်ဆိုတဲ့ အရာတွေဟာ တကယ်တော့ လူကို ဒုက္ခတွေပိုရောက်အောင် ဆွဲဆောင်လှည့်စားနေတာတွေဖြစ်တယ်။  ဒီတော့.... ကောင်းမြတ်ပါပေတယ် ဆိုတာတွေဟာ တကယ်တော့ ကောင်းမြတ်တာတွေ မဟုတ်ဘူးလို့  သူကမြင်တယ်။  အခုလည်း သဘောင်္ပျက်ပြီး ဖောင်ပေါ်ရောက်နေတာဟာ ကံကောင်းလို့ ရောက်နေတာ မဟုတ်ဖူး။  ဒုက္ခများများ လူမှာရောက်ဖို့ အတွက် အချိန်ဆွဲထားတဲ့ သဘောပဲလို့  သူမြင်တယ်။
ဖောင်ပေါ်ကနောက်တစ်ဦးကတော့ အတ္တဗဟိုပြုသမား Egocentric အတ္တဗဟိုပြုဝါဒီ ဖြစ်တယ်။ သူ့ ရဲ့ လက်သုံးစကားကတော့ ဒီကနေ့ မှာ ရနိုင်သမျှ ကာမဂုဏ်အာရုံတွေကို ခံစားသာယာပစ်လိုက် ဆိုတာပဲတဲ့။  အခုလိုဖောင်ပေါ်ရောက်နေတုန်းမှာလည်း သက်သက်သာသာလေးနေလို့ ရရင် သက်သက်သာသာပဲ နေလိုက်မယ်လို့  သူက သဘောထားတယ်။ အတ္တသမားပီပီ ဖောင်ပေါ်မှာ သူ့ အတွက် သက်သက်သာသာ နေလို့ ရအောင်၊ သူများတွေထက် နေရာကျယ်ကျယ်ရအောင်၊ ထိုင်နိုင် အိပ်နိုင်အောင် ယူထားတယ်။
ဖောင်ပေါ်က နောက်တစ်ဦးကတော့ အကောင်းမြင်သမား Optimist ဖြစ်တယ်။ သူက အကောင်းမြင်သမားပီပီ မိုးကုတ်စက်ဝိုင်းဆီ လှမ်းမျှော်ပြီး ကမ်းကိုမြင်ရတော့မှာပါလို့  ပြောနေတယ်။
ဖောင်ပေါ်က နောက်တစ်ဦးကတော့ စူးစမ်းလေ့လာရေးသမား Observer ဖြစ်တယ်။ စူးစမ်းလေ့လာရေးသမားပီပီ သူကတော့ ပင်လယ်ရဲ့ အနေအထား၊ လှိုင်းလေတွေရဲ့ အတိုးအဆုတ်၊ ဖောင်ပေါ်ကလူတွေရဲ့  အပြုအမူ၊ အစာငတ်ရေငတ်ဖြစ်နေကြပုံ၊ ဖောင်ရဲ့ ပျက်စီးလုနီးနီး အခြေအနေ... ဒါတွေ ဒါတွေကို မှတ်တမ်းတင်ဖို့ ကြိုးစားနေတယ်။
ဖောင်ပေါ်က နောက်တစ်ဦးကတော့ အများအကျိုးဆောင်ရွက်တာ ကောင်းတယ်လို့  ယူဆတဲ့ ပရဟိတ၀ါဒီ Altruist ဖြစ်တယ်တဲ့။ ငါဟာ သူတစ်ပါးကို အကူအညီမပေးဘဲ မနေသင့်ဘူး။ သူတစ်ပါးအကျိုးကို ရွက်ဆောင်သင့်တယ်ဆိုတဲ့ အယူအဆ ခိုင်လုံဖို့ အတွက် ဆင်ခြင်ဆင်လက်တွေကို သူကရှာနေတယ်တဲ့။
ဖောင်ပေါ်ကနောက်တစ်ဦးကတော့ အဆိုးအကောင်းဟူသမျှကို ကြိတ်မှိတ်ပြီးခံတတ်သူ Stoic ဖြစ်တယ်။ သူက ဘာကိုမှ မယုံကြည်ဘူး။ သူယုံကြည်တာက ပင်လယ်ထဲ ခုန်ချပြီး ဘ၀ကိုမြန်မြန် အဆုံးစီရင်ပစ်လိုက်တော့မယ်...ဆိုတဲ့စိတ် ဖြစ်လာတိုင်း ခုန်မချဖြစ်အောင် အဆုံးမစီရင်ဖြစ်အောင်  ငြင်းဆန်နေတဲ့ သူ့ ရဲ့ ငြင်းဆန်ချက်ကိုတော့ မှန်တယ်လို့  ယုံကြည်နေတာတဲ့။
ဖောင်ပေါ်ကနောက်ဆုံးတစ်ဦးကတော့ လောကကြီးအကြောင်း ဘာဆိုဘာမှမသိတဲ့ ကလေးငယ်ကလေး ဖြစ်တယ်။ ဖောင်ရဲ့  မခိုင်ခံ့တော့တဲ့အဖြစ်၊ ညအမှောင်ထု ဖုံးလွှမ်းလာတော့မယ့်အဖြစ်ကို စိုးရိမ်ရကောင်းမှန်းလည်းမသိ။ မုန်တိုင်းလာတော့မယ့် အတိတ်နိမိတ်တွေကိုလည်း ကလေးငယ်ဟာ ကြောက်ရကောင်းမှန်းမသိဘူး။ ကလေးငယ်အတွက်တော့ ဖောင်ပျက်ရင်လည်း ပျက်တဲ့အထဲပါမယ်၊ ပင်လယ်ရေထဲကျမယ်၊ ဒီအတွက် ကလေးငယ်ဟာ တွေးလည်း မတွေးတတ်ဘူး၊ ဒီတော့ ကြောက်ရကောင်းမှန်းလည်း မသိဘူး။ စိုးရိမ်ထိတ်လန့် မှုလည်း မရှိဘူး။  အခြေအနေပေးရင်လည်း မိုးလင်းတဲ့အခါ ကမ်းခြေကို ဖောင်ဆိုက်မယ်။ ကလေးငယ်ဟာ ကမ်းပေါ်ရောက်မယ်။ ကလေးငယ်ရဲ့ ဘ၀ဟာ အခြေအနေတွေက ဖန်တီးတဲ့အတိုင်းဖြစ်မှာပဲ။
ဖောင်ပေါ်က လူခုနစ်ဦးဟာ လောကမှာရှိတဲ့ လူတွေမှာ ဖြစ်တတ်တဲ့ သဘောထားခုနစ်မျိုးကို ရည်ညွှန်းထားတာ၊ လောကနဲ့  ဘ၀ကို အကောင်းမြင်တဲ့လူရှိတယ်။ အကောင်းမြင်ပေမယ့် လက်တွေ့ မှာ ကောင်းတာ၊ မှန်တာတွေကို မလုပ်နိုင်သူ မဖြစ်ဖို့ လည်း လိုမှာပဲ။  လောကနဲ့ ဘ၀ကို အဆိုးဘက်က ကြည့်မြင်တဲ့လူလည်း ရှိတာပဲ။ အဆိုးမြင်ရာကနေပြီး စိတ်ဓါတ်တွေကျဆင်း ပြိုကွဲသွားသူမျိုး မဖြစ်ဖို့ လည်း လိုလိမ့်မယ်။  ပြီးတော့... လူ့ လောကမှာ အတ္တဗဟိုပြုသမားတွေလည်းရှိတယ်။  ဒီလူတွေကတော့ ဘယ်သူသေသေ၊ ငတေမာပြီးရော...ဆိုတာလို သူတစ်ပါးတွေ ဘယ်လိုဒုက္ခတွေရောက်ရောက်၊ ငါကောင်းစားချမ်းသာရင် ပြီးရောဆိုပြီး သဘောထားတယ်၊ ဒိသဘောထားနဲ့  ကိုယ့်အကျိုးစီးပွားကိုပဲ ရှာရင်း လောကကြီးကို အရုပ်ဆိုးအောင် လုပ်ကြတယ်။
ပရသမားကတော့ အများအကျိုးသယ်ပိုးခြင်းဟာ ကောင်းတယ်လို့ မြင်တယ်။ ဒါပေမယ့် ပရသမားအရေအတွက်က လူ့ လောကမှာ အရေအတွေက်အားဖြင့် သိပ်ကိုနည်းတယ်ဆိုတာ တွေ့ နိုင်တယ်။
ဖောင်ပေါ်က ကလေးငယ်လို ဘာကိုမှ အလေးအနက်မသိသူ...ဘာကိုမှ အလေးအနက်မထားသူ...ဖြစ်သလို ကြုံသလို နေသူတွေလည်းရှိမယ်။ ဖြစ်ချိန်တန်ဖြစ်၊ ပျက်ချိန်တန်ပျက်၊ သူ့ သဘောသူ ဆောင်သွားလိမ့်မယ်လို့  သဘောထားသူတွေလည်း ရှိမယ်။ အများကြီး ရှိနေကြလိမ့်မယ်... လို့   တွေးရင်း...
ဖောင်ပေါ်က လူအမျိုးအစား ခုနစ်မျိုးထဲမှာ ငါ....ဘယ်အမျိုးအစားမှာ ပါသလဲ...လို့ တွေးတယ်၊ ဘယ်အမျိုးအစားထဲမှာမှ မပါချင်ဘူးလို့  စိတ်ထဲမှာ ပြောလည်း ပြောလိုက်ရော....ကျောက်ဆောင်ကိုရိုက်လိုက်တဲ့ လှိုင်းကနေ စင်လာတဲ့ရေတွေက တစ်ကိုယ်လုံးကို တုပ်တုပ်နစ်အောင် ရွှဲစိုသွားတယ်။ ပြန်လှည့်ဆင်းသွားတဲ့ ပင်လယ်ရေရဲ့ အသံက တဟားဟားရယ်မောသွားသလိုပဲ...။
နန္ဒာသိန်းဇံ
အင်တာဗျူးဂျာနယ်၊ နံပါတ် ၁၂၁ (၃.၄.၂၀၀၂)
“သမုဒ်ပင်လယ်ပြာ နှိုင်းပမာ” စာအုပ်မှ ကူးယူ ဖော်ပြပါသည်။
ဆက်လက်ဖတ်ရှုရန်
Sunday, May 16, 2010
နှစ်သက်မိသော ဇင် ပုံပြင်များ (၁၇)
Just Standing
Once there were three people who took a walk in the country. They happened to see a man standing on a hill. One of them said, "I guess he is standing on a hill to search for lost cattle."
    "No," the second said, "I think he is trying to find a friend who has wandered off somewhere."
    Whereas the third said,"No, he is simply enjoying the summer breeze."
    As there was no definite conclusion, they went up the hill and asked him,"Are you searching for strayed cattle?"
    "No," he replied.
    "Are you looking for your friend?"
    "No," again.
    "Are you enjoying the cool breeze?"
    "No," yet again.
    "Then why are you stading on the hill?"
    "I am just standing" was the answer.
ဆက်လက်ဖတ်ရှုရန်
Friday, May 14, 2010
ပျံလွန်တော်မူသွားသော ဦးဇင်းလေးတစ်ပါးအကြောင်း
ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)
***************
ပျံလွန်တော်မူသွားသော ဦးဇင်းလေးတစ်ပါးအကြောင်း
အရှင်ဓမ္မပီယ (ဓမ္မာစရိယ)
သက်တော် (၂၄)နှစ်
ဝါတော် (၄)၀ါ
ကလောင်အမည် – သကျသွေး
(၁၈.၉.၂၀၀၃ ခုနှစ်တွင် ပျံလွန်တော်မူသည်။)
-------------------------------
ကျောင်းဝန်းထောင့်ရှိ အုတ်ဂူဖြူဖြူလေးကို တွေ့လိုက်ရတော့ သူသည် ကြောက်လန့်စိတ် အလျဉ်းဖြစ်မသွားခဲ့ပါ။ တကယ်ဆို နေ၀င်ခါစ သည်အချိန်လေးသည် ကြောက်လန့်စိတ်ဖြစ်ဖို့ အကောင်းဆုံးဖြစ်သည်။
သို့ သော် သူကြောက်လန့် စိတ် ဖြစ်မသွားခဲ့ပါ။
ဂူမျက်နှာပြင်တွင် တွေ့လိုက်ရသော စာကြောင်းလေးများက ကြောက်လန့်စိတ်နေရာကို အစားထိုးဝင်သွားလေလားမသိ။ ပြီးတော့ အုတ်ဂူဖြူဖြူပေါ်တွင် “ဘ၀ဆက်တိုင်း သံသယဖြင့် နှိပ်စက်ခံရသူအဖြစ်မှ ကင်းလွတ်ရပါလို၏” ဟူသော စာသားလေးကိုလည်း တွေ့ လိုက်ရပါသည်။ သူသည် ကြောက်လန့် စိတ်ထက် စိတ်ဝင်စားသည့်စိတ်က ပိုများသွားသည်။
သူသည် သည်မြို့ကလေးသို့ ညတရားဟောဖို့ နေ့လည်(၃)နာရီခွဲလောက်ကမှ ရောက်လာခဲ့ခြင်းဖြစ်သည်။ ပြီးတော့ သည်မြို့ ကလေးသည် သူ့ အတွက် ပထမဦးဆုံးအကြိမ် ရောက်ဖူးခြင်းလည်း ဖြစ်သည်။။
တရားပွဲက ည(၇)နာရီမှ စမှဆိုတော့ အချိန်ရသေးသည်နှင့် ကျောင်းအောက်သို့ဆင်းခဲ့သည်။ လမ်းလျှောက်ရင်းဖြင့် သည်နေရာကလေးသို့ သူရောက်လာခဲ့ခြင်းဖြစ်သည်။
အသက်၂၄နှစ်ဆိုတာ လောကမှာနေလို့ အကောင်းဆုံးအရွယ်လေး။ ဘာဖြစ်လို့ပါလိမ့်။ ပြီးတော့ စာရေးတဲ့ဦးဇင်းလေးတဲ့။ ပြီးတော့ စာရေးသည်ဆိုတော့ သူ့အတွက်ပို၍ စိတ်ဝင်စားစရာဖြစ်သွားသည်။ ကို ‘သကျသွေး’ ဆိုသည့်ကလောင်နာမည်လေးကို မဂ္ဂဇင်းတချို့တွင် တစ်ပုဒ်စ၊ နှစ်ပုဒ်စတော့ တွေ့ဖူးသည်၊ များများတော့မတွေ့ဖူး။ သူမဖတ်ဖြစ်သည့် မဂ္ဂဇင်းများတွင် ရေးနေတာလည်းဖြစ်နိုင်သည်။
သူ့အသက်နှင့်တွက်လျှင် ဆယ်စုနှစ်တစ်စုငယ်သော ဦးဇင်းလေး။ စာပေလောကအတွက် ကလောင်တစ်ချောင်း ဆုံးရှုံးသွားသလို သာသနာအတွက်လည်း ရဟန်းတစ်ပါး ဆုံးရှုံးသွားခြင်းဖြစ်သည်။
ပျံလွန်တော်မူသည့် နေ့စွဲကိုကြည့်တော့ ဘာမျှမကြာသေး။ တစ်နှစ်ကျော်မျှသာ ရှိသေးသည်။ အုတ်ဂူလေးပင် သစ်သစ်လွင်လွင်ရှိနေဆဲ။ သူသည် ၂၄နှစ်အရွယ်တုန်းက စာတွေရေးနေခဲ့သည်။ ပြီးတော့ ဓမ္မာစရိယတန်းအတွက် စာတွေလည်းကျက်နေခဲ့သည်။ အုတ်ဂူထဲက ဦးဇင်းလေးလည်း သည်အတိုင်းသာ ဖြစ်နေလိမ့်မည်။
သူသည် ညနေခင်းများစွာကို ပုံစံမျိုးစုံဖြင့် ဖြတ်သန်းခဲ့ဖူးပါသည်။ အပြုံးနှင့်လည်း ဖြတ်သန်းဖူးသည်။ အမုန်းနှင့်လည်း ဖြတ်သန်းဖူးသည်။ အလွမ်းနှင့်လည်း ဖြတ်သန်းဖူးသည်။ အမောနှင့်လည်း ဖြတ်သန်းဖူးသည်။၊ အပျော် နှင့်လည်း ဖြတ်သန်းဖူးသည်။ ကြောက်လန့် စိတ်နှင့်လည်း ဖြတ်သန်းဖူးသည်။ သည်ညနေခင်းလေးကတော့ ကြောက်စိတ်နှင့် ဖြတ်သန်းနေတာ မဟုတ်တာတော့ သေချာပါသည်။
သူသည် ပင့်သက်ကိုရှိုက်ရင်း အုတ်ဂူနားဆီသို့ တိုးသွားမိသည်။ အုတ်ဂူလေးကို လက်နှင့်ထိလိုက်တော့ ကြမ်းရှရှ အင်္ဂတေသားသည် သူ၏နှလုံးသားကို လာ၍ထိသယောင်၊ ထိလက်စလက်ကို ချက်ချင်းမရုပ်မိ။
ဘာဖြစ်လို့ ပျံလွန်တော်မူသွားပါလိမ့်…….. တစ်ခုခုများဖြစ်ခဲ့လို့လား…။
သူတွေးနေဆဲမှာပင် သူ့နောက်မှ ခြေသံသဲ့သဲ့ ကြားရသည်။ လှည့်ကြည့်လိုက်တော့ သည်ကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော်၊ သက်တော်(၈၀)ခန့်ရှိပြီ ဖြစ်သော ဆရာတော်သည် တောင်ဝှေးကို အားပြုထားသည်။ မျက်မှန်ထူထူ၊ သင်္ကန်းအညိုရောင်ရင့်ရင့်နှင့် ဇရာ၏လက္ခဏာကို ပြနေသော်လည်း ဆရာတော်တစ်ပါးအဖြစ် ပို၍သပ္ပာယဖြစ်နေပါသည်။
ဆရာတော် သူ့ အနားရောက်လာတော့ လက်အုပ်ချီပြီး အရိုအသေပေးလိုက်သည်။
‘ဦးဇင်းလေးက အုတ်ဂူလေးကို ကြည့်ပြီး စိတ်ဝင်စားနေပုံရတယ်’
‘မှန်ပါဘုရား’
‘ဒီအကြောင်းတွေကို တပည့်တောာ် ဘယ်သူ့မှလည်း ပြောပြ မနေချင်တော့ပါဘူး။ ပြောမပြမိအောင်လည်း သတိထားပါတယ်။ ဦးဇင်းလေးကတော့ စားလည်းရေး တရားလည်းဟောတော့ အများနဲ့ဆက်ဆံနေရတာဆိုတော့ နည်းနည်းလောက်တော့ ပြောပြချင်တယ်။ ပြီးတော့သူက ဦးဇင်းလေးလိုပဲ စာရေးတယ်၊ စာရေးဆရာသိပ်ဖြစ်ချင်တာ၊ မဂ္ဂဇင်းတွေမှာ ဆယ့်လေးငါးပုဒ်တော့ ပါဖူးတယ်’
‘ပြောပါဘုရား၊ ပြီးတော့ ဂူလေးကိုကြည့်ပြီး တပည့်တော်ကိုယ်တိုင်လည်း စိတ်ဝင်စားနေပါတယ်ဘုရား’
‘ဒီဦးဇင်းလေးက ဒီမြို့ကပဲ၊ မိဘတွေကလည်း အတော်အသင့်ချမ်းသာကြပါတယ်။ တပည့်တော်ပဲ အခြေခံစာတွေသင်ပေး၊ တပည့်တော်ပဲ မန္တလေးကစာသင်တိုက်ကို ကိုယ်တိုင်ပို့ပေးခဲ့ရတာ၊ ဟိုတစ်နှစ်ကပဲ ဓမ္မာစရိယတန်းမှာ သီလက္ခန်တစ်ကျမ်းအောင်လို့ဆိုပြီး သင်္ကန်းတစ်စုံ ဆုချလိုက်ရသေးတယ်။ လိုရင်းပြောရရင်တော့ ဦးဇင်းလေးရယ်၊ သူနေတဲ့စာသင်တိုက်မှာ ဦးဇင်းတစ်ပါးက သရီးရိုင်ဖယ်ဆိုတဲ့ သင်္ကန်းတစ်စုံပျောက်တယ်တဲ့၊ ပျောက်တဲ့ဦးဇင်းက တပည့်တော်ရဲ့တပည့်ဦးဇင်းလေးကို စွပ်စွဲတယ်ပေါ့လေ။ နောက်ဆုံးဘယ်အထိဖြစ်လာသလဲဆိုတော့ ကျန်တဲ့ဦးဇင်းတွေကပါ ယုံလာပြီး စကားတွေဘာတွေ မပြောကြတော့ဘူးတဲ့၊ ပိုဆိုးတာကတော့ ဆွမ်းအတူမစားကြတော့တာပဲ၊ သူများပစ္စည်းခိုးရင် ပါရာဇိကကံကျတာဆိုတော့ ပါရာဇိကကျတဲ့ ဦးဇင်းနဲ့ ဆွမ်းအတူမစားချင်ကြတဲ့ သဘောပေါ့လေ။
အားလုံးက ၀ိုင်းကြဉ်ထားတော့ ဦးဇင်းလေးလည်း တော်တော်လေး အထီးကျန်လာပုံရတယ်။ နောက်တော့ သူကျောင်းထိုင်ဆရာတော်ကို သွားလျှောက်ပြလိုက်တယ်။ ဆရာတော်က ချက်ချင်းသံဃာကုန်ခေါ်ပြီး သြ၀ါဒပေးတယ်။ တပ်အပ်မမြင်ဘဲနဲ့ မစွပ်စွဲဖို့ပေါ့လေ။ သံဃာကြားထဲမှာ ဦးဇင်းလေးက လူးလှိမ့်ငိုနေတယ်တဲ့။ သူမဟုတ်တဲ့အကြောင်းလည်း ကျိန်ပြီးပြောတယ်တဲ့။ နောက်ဆုံးတော့ သူ့ဇာတိဖြစ်တဲ့ ဘုန်းကြီးရဲ့ဒီကျောင်းကိုပြန်ရောက်လာတော့တာပဲ။ သူရောက်တဲ့အချိန်က တပည့်တော် ဆွမ်းစားနေတဲ့အချိန် ၁၁နာရီလောက် ရှိပြီ။ ဒါနဲ့ တပည့်တော်ကလည်း “ဦးဇင်း တစ်ခါတည်း ၀င်ဘုဉ်းပေးလိုက်” လို့ ပြောလိုက်တယ်။ ဒါပေမယ့် သူကဘာပြန်ပြောသလဲဆိုတော့ “ဆရာတော်လည်းတပည့်တော်ကို ယုံမှာမဟုတ်ပါဘူး။ တပည့်တော်ကို တစ်ပါးတည်းပဲပြင်ပေးပါတဲ့”။ တပည့်တော်ကလည်း “ဟဲ့...ဦးဇင်း၊ ဘာတွေပြောနေတာလဲ၊ လာ...တစ်ခါတည်း ဒီမှာ ၀င်ဘုဉ်းပေး။” လို့ ထပ်ပြောပေမယ့် သူက အကြောက်အကန်ငြင်းနေတာနဲ့ နောက်ဆုံးတော့ သူစိတ်ချမ်းသာပါစေဆိုပြီး ပြင်ကျွေးခိုင်းလိုက်တယ်။ နောက်ရက်တွေမှာလည်း အဲဒီအတိုင်းပဲ တစ်ပါးတည်းပဲ စားတယ်။ ဘယ်သူနဲ့မှလည်း စကားမပြောဘူး။ ပြီးတော့ ကျောင်းထောင့်က မန်ကျည်းပင်အောက်မှာ အမြဲသွားသွား တရားထိုင်တယ်။ ဒီကိုရောက်ပြီး ၁၅ရက်မြောက်တဲ့နေ့မှာပဲ ဦးဇင်းလေးရယ် ပြောရမှာတောင် စကားမထွက်ရက်ပါဘူး။ အဲဒီ သူတရားထိုင်တဲ့မန်ကျည်းပင်မှာပဲ ကြိုးဆွဲချ ပျံလွန်တော်မူသွားတယ်။’
‘အို’ သူ့နှုတ်မှ အသံထွက်သည်အထိ အံ့သြသွားပါသည်။ ဆရာတော်က စကားဆက်သည်။
‘ပျံလွန်တော်မူတော့ သင်္ကန်းကြားထဲမှာ စာရွက်ကလေးတစ်ရွက် တွေ့ရတယ်။ ဘာရေးထားသလဲဆိုတော့ “ဘ၀ဆက်တိုင်း သံသယဖြင့် နှိပ်စက်ခံရသူအဖြစ်မှ ကင်းလွတ်ရပါလို၏။” တဲ့။ တပည့်တော်တို့လည်း သူဘာတွေဖြစ်လာခဲ့တယ်ဆိုတာလည်း မသိရဘူး၊ တစ်မြို့လုံးကလည်း စိတ်မကောင်းကြဘူး။ သူ့အမေဆိုတာကတော့ ပြောမနေပါနဲ့တော့။ အခုဆိုပျံလွန်တော်မူသွားတာ တစ်နှစ်ကျော်ပြီဆိုပါတော့’
‘အဲဒီဦးဇင်းလေးက သင်္ကန်းကို တကယ်ကောယူမိလို့လားဘုရား’
‘အဲဒါပြောမလို့ပဲ….. ပျံလွန်တော်မူပြီး သုံးလလောက်ကြာတော့ သူနဲ့တော်တော်ခင်တဲ့ သူ့ရဲ့သူငယ်ချင်း ဦးဇင်းတစ်ပါးရောက်လာတယ်။ ရောက်လာတဲ့....သူ့ သူငယ်ချင်း ဦးဇင်းဆီက စကားကြားရတော့မှ အားလုံးစိတ်မကောင်းဖြစ်ကြရတယ်။ သင်္ကန်းပျောက်တဲ့ဦးဇင်းလေးက သင်္ကန်းပျောက်သွားတာတော့  တကယ်ပျောက်သွားတာပဲ။ ဖြစ်ပုံက အဲဒီဦးဇင်းလေးက ဆွမ်းခံကြွနေတုန်း သူ့ရဲ့ ဦးလေးဘုန်းကြီးက တောကရောက်လာတယ်တဲ့။ မန္တလေးကို ပစ္စည်းလာဝယ်တာတဲ့၊ သေတ္တာပေါ်မှာ သရီးရိုင်ဖယ်သင်္ကန်းကို တွေ့သွားပြီး သဘောကျတာနဲ့ တူလည်းဖြစ်၊ တပည့်လည်းဖြစ်နေတာနဲ့ မပြောပဲ ယူသွားလိုက်တယ်။ ဘူတာကို ချက်ချင်းဆင်းရတာဆိုတော့ ယူသွားတဲ့အကြောင်း ဘယ်သူ့မှလည်း ပြောချိန်မရတော့ဘူး ထင်တယ်။ အဖြစ်မှန်ကို ဘယ်သူမှမသိကြတော့ ပြဿနာဖြစ်ကြတော့တာပဲ။
နောက် တပည့်တော် တပည့်ဦးဇင်းလေး ပျံလွန်တော်မူပြီး နှစ်လလောက်နေမှ သင်္ကန်းပျောက်တဲ့ ဦးဇင်းလေးက သူ့ရွာပြန်မှ ဦးလေးဘုန်းကြီးက သူသင်္ကန်းယူသွားတဲ့ အကြောင်းပြောပြတာတဲ့၊ အဖြစ်မှန်ကို သိရတဲ့အချိန်မှာ အားလုံးကလွန်ကုန်ပြီ။
တစ်ထွာလောက်ရှိတဲ့ လျှာတစ်ချောင်းဟာ သိပ်ကြောက်ဖို့ကောင်းတယ်။ ဘာမဟုတ်တဲ့ စကားတစ်ခွန်းဟာ အသက်တစ်ချောင်းအထိ ဆုံးရှုံးသွားရတယ်။
တပည့်တော် အသက် ရှစ်ဆယ်နီးနေပါပြီ။ တော်ရုံတန်ရုံကိစ္စကို အသက်အရွယ်အရ တရားနဲ့ ဖြေလို့ ရပါတယ်။ ဒီဦးဇင်းလေးကိစ္စကျတော့ ငယ်ငယ်လေးကတည်းက ကိုယ်တိုင်ပြုစုပျိုးထောင်ပေးခဲ့ရတဲ့ တပည့်ရင်းလေး ဖြစ်နေတော့ သံယောဇဉ်လည်း တော်တော်ဖြစ်မိပါတယ်။ အဲဒါကြောင့်  စိတ်ထဲမှာ ဣနြေ္ဒမရတော့ ဖြစ်မိတယ်။ နောက်ဆုံးတော့ သဗ္ဗေသတ္တာ ကမ္မဿကာ သူ့ဝဋ်ရှိလို့ ခံရတာပဲလေလို့ နှလုံးသွင်းလိုက်ရတယ် ဦးဇင်းလေးရယ်’
ဆရာတော်က ဆက်တိုက်ပြောလိုက်ရလို့ ထင်သည်။ သည်မှာပင် စကားကို ရပ်ထားသည်။ စကားက သည်မှာတင် မဆုံးသင့်သေးပါ။ သည့်အတွက် သူကပဲ စကားစလိုက်ရသည်။
“ဆရာတော်ဘုရား။ ဘုရားတပည့်တော် အထင်တော့ ဦးဇင်းလေးအနေနဲ့  ဒီနည်းနဲ့ မဖြေရှင်းဘဲ တခြားနည်းတစ်ခုခုနဲ့  ဖြေရှင်းဖို့ ကောင်းတယ်ဘုရား။ ဖြေရှင်းနည်း မှားသွားတယ် ထင်တယ်ဘုရား။”
”အင်း...ဒါပေမယ့် ဦးဇင်းလေးရယ်...၀ဇီရဗုဒ္ဓိဋီကာမှာ ဂါထာလေးတစ်ပုဒ်ရှိတယ်။
ယေဘုယျေန ဟိ သတ္တာနံ၊ ၀ိနာသေ ပစ္စုပဋ္ဌိတေ။
အနယောနယ ရူပေန၊ ဗုဒ္ဓိမာဂမ္မတိဌတိ။
တဲ့
အဓိပ္ပါယ်ကတော့ “သတ္တ၀ါတွေဟာ ပျက်စီးဖို့ အချိန်တန်လာရင် နည်းဆိုးနည်းမှားဟာ နည်းမှန်ဟန်ဆောင်ပြီး စိတ်မှာ ထင်လာတတ်တယ်” တဲ့။ တကယ်တော့...လူဟာ ပျက်စီးဖို့ အချိန်တန်လာရင် ဘာနဲ့ မှ ကာကွယ်လို့  မရတော့ပါဘူး။ ကဲ...ကဲ....ဦးဇင်းလေးလည်း တရားဟောရဦးမယ်။ ကြွတော့...ကြွတော့။”
“မှန်ပါဘုရား”
သူ ဆရာတော်ကိုလက်အုပ်ချီပြီး အရိုအသေပေးရင်း နားနေဆောင်သို့ပြန်ခဲ့သည်။ လှမ်းရသည့် ခြေလှမ်းတွေက သိပ်မသွက်ချင်၊ လေးတွဲ့ဖင့်နှေးနေသည်။ ဆရာတော်ကတော့ သူ့တပည့် ဦးဇင်းလေး လဲလျောင်းရာ အုတ်ဂူလေးနားမှာပဲ ရပ်ကျန်ခဲ့သည်။
တစ်ထွာလောက်ရှိသော လျှာတစ်ချောင်းကို သူတော်တော်ကြောက်သွားပါသည်။ ပြီးတော့မုန်းချင်စိတ်လည်း ပေါက်သွားပါသည်။
မြတ်စွာဘုရားလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ အရှင်သာရိပုတ္တရာလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ ဆရာတော်အရှင်ဇနကာဘိဝံသလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ မင်းကွန်းဆရာတော်ဘုရားကြီးလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ နပိုလီယန်လည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ ဟစ်တလာလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ မာသာထရီဇာ လည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ ဘင်လာဒင်လည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။
ထိုလျှာတစ်ချောင်းသည် မကြာခင်ပြာဖြစ်ရဦးမည်။ ပြာမဖြစ်ခင်တော့ ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုအနေနှင့် အကောင်းအဆိုးတွေဖန်တီးနေဦးမည်။ ထိုလျှာတစ်ချောင်းကြောင့်ပင် သူကျင်လည်ရာဝန်းကျင်တွင်ရှိသော သတ္တ၀ါတို့သည် အမြင့်သို့ လည်း ရောက်သွားနိုင်သည်။ အနိမ့်သို့ လည်း ရောက်သွားနိုင်သည်။ အမှောင်ထဲသို့လည်း ရောက်သွားနိုင်သည်။ အလင်းထဲသို့လည်း ရောက်သွားနိုင်သည်။ လျှာတစ်ချောင်းသည် အဖြူအမည်း ကို ကောင်းကောင်းဖန်တီးနိုင်ပါသည်။
လျှာတစ်ချောင်သည် ပြာဖြစ်သွားလျှင်ကော ဇာတ်သိမ်းသွားပြီဟု ဆိုနိုင်ပါမည်လား။
ဗုဒ္ဓဘာသာ၏ အဘိဓမ္မာသဘောတရားအရ ကံ, ကံ၏အကျိုးဆိုတာ ရှိသည်ပဲလေ။ ကံ, ကံ၏အကျိုးအရ အသက်ထင်ရှားရှိစဉ် ပြုမူပြောဆိုခဲ့သော အမူအရာတို့ သည် ကမ္မသတ္တိတစ်ခုအနေနှင့် ဟိုဘက်ဘ၀အထိ ပါသွားပါလိမ့်မည်။ ပြာဖြစ်သွားလျှင်တော့ ဘာမှ အယူခံခွင့်မရှိတော့။ သတ္တိအားလျော်စွာ သုဂတိ၊ ဒုဂ္ဂတိ တစ်ခုခုက အသင့်ကြိုနေပါလိမ့်မည်။
ပြာမဖြစ်ခင် လျှာတစ်ချောင်းကို အမှီပြုပြီး တမလွန်၏ သုဂတိ ဒုဂ္ဂတိကို ကောင်းကောင်းဖန်တီးနိုင်ခွင့် ရှိနေသေးသည်။ ပြာဖြစ်သွားလျှင်တော့ ဖန်တီးနိုင်ခွင့် ရွေးချယ်နိုင်ခွင့် မရှိတော့ပါ။
ဘာပဲပြောပြော ည(၇)နာရီ ထိုးလျှင်ပင် သူလျှာတစ်ချောင်းကို အသုံးပြုရပါဦးမည်။ သည်တော့လည်း သူ၏လျှာတစ်ချောင်းကို ကျေးဇူးတင်လိုက်ရပြန်ပါသည်။
ရဝေနွယ်-အင်းမ
မော်လမြိုင်ကျွန်းမြို့ နယ်
ပရိယတ္တိသာသနာနုဂ္ဂဟအသင်း
ရွှေရတုအထိမ်းအမှတ်မဂ္ဂဇင်း (၁၃၁၆-၁၃၆၆)
(“အမြဲစီးဆင်းနေသော မြစ်တစ်ဆင်း အကြောင်း” စာအုပ်မှ ကူးယူဖော်ပြပါသည်။)
----------------------------------
(အမေရိကားမှာ လောလောဆယ် သီတင်းသုံးနေတဲ့ ဦးဇင်းလေးတစ်ပါးက ဒီဆောင်းပါးလေး တင်ပေးဖို့ ပြောလာလို့  ဟိုမှသည်မှ ရှာဖွေတင်ပေးလိုက်ပါသည်။)
ဆက်လက်ဖတ်ရှုရန်
Thursday, May 13, 2010
ကျွန်တော့်အတွက် အမေ ဘာများထားခဲ့ပါလိမ့် (အပိုင်း ၃)
ကျွန်တော်နှင့် သေခြင်းအပေါ် အရပ်ဓလေ့များ
(၁)
ကျွန်တော်တို့ မောင်နှမတွေအားလုံး နာရေးကိစ္စမှာ အတွေ့ အကြုံလုံးဝမရှိကြတော့ ရပ်မိရပ်ဖတွေကဘဲ အမေ့ကိစ္စမှာ ၀ိုင်းကူပြီး အကုန်စီစဉ်ပေးခဲ့ကြတယ်။ သူတို့ တွေစီစဉ်ပေးမှုကြောင့် ကိစ္စအားလုံးနီးပါး အဆင်ပြေချောမွေ့ မှုတွေရှိခဲ့ပေမယ့်လို့  မထင်မှတ်တဲ့ စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာတွေလည်း ဖြစ်ခဲ့ရပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ ကျွန်တော် သူတို့ အားလုံးကို အခုအချိန်အထိ ကျေးဇူးတင်နေတုန်းပါဘဲ။ သာရေးကိစ္စမှာ ကူညီတာထက် နာရေးမှာ အားတက်သရော ၀ိုင်းကူပေးကြတဲ့ ကျေးဇူးက တစ်သက်မေ့စရာ မဟုတ်တဲ့ ကျေးဇူးတရားတွေပါဘဲ။
အမေ့ကို ဆေးရုံကနေ ပြန်သယ်လာပြီး အိမ်ရောက်ရောက်ချင်းဘဲ အိမ်နားကလူတွေ အမေဆုံးပြီဆိုတာ သိသွားကြတာနဲ့ အသီးသီးရောက်လာပြီး ကူညီကြတော့တာပါ။ ရေချိုးပေးတဲ့သူက ချိုးပေး၊ အ၀တ်အစားပြင်ပေးတဲ့သူကပြင်ပေး၊ စသည်ဖြင့်ပေါ့။
ကျွန်တော် သတိထားမိတာကတော့ အမေ့ကို ပြင်ထားတဲ့ကုတင်ပါဘဲ။ မေးကြည့်တော့ ဘုန်းကြီးကျောင်းက သွားသယ်လာတာလို့ ပြောတယ်။ ကျွန်တော်တို့ အိမ်မှာ တစ်ယောက်အိပ်ကုတင်အပိုတွေ နှစ်လုံး၊ သုံးလုံး ရှိနေတာကို ဘာလို့ ထုတ်မသုံးတာပါလိမ့်လို့  ကျွန်တော်တွေးမိပါတယ်။ “ဒါ အရပ်ဓလေ့လေ” လို့  အနားက တစ်ယောက်က ဆိုလာတော့ “သြော်။ ကိုယ်ကမှ နားမလည်တာ၊ နားလည်တဲ့သူတွေ စီစဉ်ထားကြတာ အပြစ်မတင်ကောင်းပါဘူးလေ” လို့  ငြိမ်နေလိုက်ရပါတယ်။
အမေ့ပါးစပ်ထဲလည်း မတ်စေ့ ထည့်ပေးထားတယ်လို့  သိရတယ်။ အင်း....အမေတော့ ဒုက္ခဘဲ။ ဒီမတ်စေ့ ပါးစပ်ထဲမှာ ခိုးလိုးခုလုတော့ ဖြစ်နေတော့မယ်လို့  ပေါက်ကရ က တွေးမိလိုက်သေး။ ဘာပဲဖြစ်ဖြစ် ဒီမတ်စေ့ကို ခဲရာခဲစစ် ရှာဖွေပြီး ထည့်ပေးထားတဲ့သူကိုတော့ ချီးမွှမ်းခန်းဖွင့်ရမှာပဲ။
(၂)
ညသန်းခေါင် အတော်လေးကျော်လာတော့ အိမ်ကလူတွေက ကျွန်တော့်ကို သွားအိပ်ခိုင်းပါတယ်။ မနက်ဖြန်မနက် ကျောင်းသွားပြီး စာမေးပွဲဖြေရအုံးမယ်ဆိုတော့။ နားသင့်ပြီပေါ့။ ကျွန်တော့်မှာ စာမေးပွဲကိစ္စက ခေါင်းထဲမှာ ပျောက်နေပါပြီ။ ကြည့်ထားတဲ့စာတွေတောင် ဘယ်ဆီရောက်ကုန်ပြီမှန်းမသိတော့ဘူး။ ဘယ်လိုဘဲဖြစ်ဖြစ် ဖြေတာတော့ သွားဖြေရမယ်ဆိုတော့ အခုအချိန်က နားသင့်တာအမှန်ပါဘဲ။ ကျွန်တော့်ကို အဖော်လိုက်ပေးတဲ့ သူငယ်ချင်းလည်း သူလည်း နားချင်ရှာမယ်ဆိုတော့ သူ့ အတွက် အိပ်ယာနေရာ စီစဉ်ပေးပြီး ကျွန်တော်လည်း အိပ်ခန်းထဲဝင်ခဲ့လိုက်ပါတယ်။
တကယ်ကတော့ အိပ်လို့ မပျော်၊ နားလို့ လည်း မရပါဘူး။ ခေါင်းထဲမှာ ဖြစ်စဉ်တစ်ခုလုံး အစကနေအဆုံး ပြန်သုံးသပ်ဆင်ခြင်နေမိပါတယ်။ ဘာတွေ ဘယ်လို ဖြစ်ပြီး ဘယ်လိုကနေ ဘယ်လို အမေက အကောင်းကြီးကနေ ဗြုံးစားကြီး ရောဂါဖောက်ပြီး ဆုံးသွားတာပါလိမ့်။ ဖြစ်နိုင်ချေကတော့ ဒီရောဂါက အမေ့ကိုယ်ထဲမှာ တဖြည်းဖြည်း ဖြစ်နေတာနေမှာပါ။ အမေလည်း သတိမထားမိ၊ ကျန်တဲ့သူတွေလည်း မသိဖြစ်ပြီး နောက်ဆုံး ရောဂါသည်းချိန်ကျမှ အားလုံး သိလိုက်ရတာမျိုးဖြစ်မယ်လို့  ယူဆမိတာပါဘဲ။
နောက် အမေ့ရဲ့ ဈာပနကိစ္စအားလုံး ချောချောမွေ့ မွေ့ ဖြစ်ဖို့ အတွက်လည်း လောလောဆယ် အိမ်မှာရှိနေတဲ့ သားတစ်ယောက်အနေနှင့် လုပ်ရမယ့် ၀တ္တရားတွေအတွက်လည်း ကြိုတင်ပြင်ဆင် စဉ်းစားရင်းနှင့် မိုးသာလင်းသွားပါတယ်။ တစ်ရေးမှ မအိပ်လိုက်ရပါဘူး။ ဒါနဲ့ ဘဲ မျက်နှာသစ်၊ သွားတိုက် အ၀တ်အစားလဲပြီး ကျောင်းသွားစာမေးပွဲဖြေဖို့ အတွက် ပြင်ရပါတော့တယ်။
(၃)
ကျောင်းကနေ စာမေးပွဲဖြေပြီးတာနှင့် အိမ်ကို ချက်ချင်းတန်းပြန်ပါတယ်။ အိမ်ရောက်တာနှင့် လူကြီးတွေ မောင်နှမတွေနှင့်တိုင်ပင်ပြီး ဈာပနကိစ္စလိုအပ်မယ့်ဟာတွေအားလုံးကို စီစဉ်ကြပါတယ်။
အမေ့ကို ဂူသွင်းမှာဆိုတော့ အုတ်ဂူဆောက်ဖို့ ကိစ္စ၊ သုဿန်မှာ မြေနေရာဝယ်ဖို့ ကိစ္စတွေ၊ အမေ့ကိုထည့်ဖို့  Coffin လုပ်ဖို့ ကိစ္စတွေ ဒီကနေ့ အပြီး စီစဉ်ကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ မောင်နှမတွေအားလုံးဘဲ အမေ့ကို သေသွားပြီဘဲ၊ ပြီး ပြီးရော ဆိုတာမျိုး ကျွန်တော်တို့ မလုပ်ချင်ကြပါဘူး။ တတ်နိုင်သလောက် ကျွန်တော်တို့ အတိုင်းအတာနှင့် အကောင်းဆုံး အဆင်အပြေဆုံးဖြစ်အောင် စီစဉ်ပေးချင်ကြပါတယ်။ ကိုယ့်အမေရဲ့ နောက်ဆုံးခရီးပဲလေ....။ အမေ သိသိ..မသိသိ ကျွန်တော်တို့ တွေကတော့ အကောင်းဆုံး အတတ်နိုင်ဆုံး ကြိုးစားစီစဉ်ပေးမှာပါဘဲ။
ကျွန်တော်က coffin ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် အော်ဒါမှာဖို့ အကြံပြုပါတယ်။ အားလုံးက သဘောတူတဲ့အတွက် ဒီတာဝန်ကို ကျွန်တော်ဘဲယူပြီး ရန်ကုန်က သုဿန်တစ်ခုမှာ coffin သွားဝယ်ပါတယ်။
အဲဒီရောက်တော့ သူတို့ လုပ်ထားပြီးသားတွေနှင့် ဓါတ်ပုံအယ်လ်ဘမ်တွေထဲက ကြိုက်တဲ့ပုံလိုက်ရှာလိုက်တော့ ခရစ်ယာန်တွေ သုံးတတ်ကြတဲ့ ဒီဇိုင်းကို သဘောကျတာနှင့် မှာခဲ့လိုက်ပါတယ်။ အမေက ၀တယ်ဆိုတော့ အပေါ်ပိုင်း ရင်ဘက်နေရာက ကျယ်မှအဆင်ပြေမယ်ဆိုပြီးပေါ့။
နောက် အမေဆုံးတဲ့ နှစ်တွေတုန်းက နာရေးကူညီမှုအသင်းတွေက ခေတ်မစားသေးတော့ ကျွန်တော်တို့ မြို့ မှာဆိုရင် ဈာပနယာဉ်ဆိုတာက ကြုံသလို ဖြစ်သလို စီစဉ်ကြရတာဆိုတော့ ကျွန်တော်လည်း  အဲဒီ coffin ၀ယ်တဲ့ဆီကဘဲ ကားတစ်ခါတည်း ငှားလာခဲ့လိုက်ပါတော့တယ်။
(မပြီးသေးပါ။)
ဆက်လက်ဖတ်ရှုရန်
Wednesday, May 12, 2010
ကျွန်တော့်အတွက် အမေ ဘာများထားခဲ့ပါလိမ့် (အပိုင်း ၂)
ငါသည် သေခြင်းသဘောရှိသည်ဖြစ်၏။ သေခြင်းသဘောတရားကို မလွန်ဆန်နိုင်။
ငါ့အား ခပ်သိမ်းသော နှလုံးကိုပွားစေတတ်သော 
အဆွေအမျိုး၊ အဆွေခင်ပွန်း၊ ချစ်ကျွမ်းဝင်သူတို့ နှင့်
အရပ်တစ်ပါးသို့  ပြောင်းသွားသဖြင့် ရှင်ကွဲ ကွဲရခြင်းသည် လည်းကောင်း၊
ဘ၀တစ်ပါးသို့  ပြောင်းသွားသဖြင့် သေကွဲ ကွဲရခြင်းသည် လည်းကောင်း ဖြစ်တတ်ချေ၏။
အဘိဏှသုတ်
(၄)
အမေဆုံးမယ့်နေ့ မနက်ပိုင်းမှာ ရင်ဘက်က တအားအောင့်လာလို့  ဆရာဝန်ပြကြည့်တော့ ဆရာဝန်က နှလုံးဖြစ်တာလို့ ပြောပြီး ဆေးရုံအမြန်တင်ခိုင်းတာနှင့် ရန်ကုန်က ပုဂ္ဂလိကဆေးရုံတစ်ခုမှာ သွားပြကြတယ်။ အဲဒီဆေးရုံကလည်း နှလုံးနှင့်ပက်သက်တဲ့ ပစ္စည်းကိရိယာက ရန်ကုန်ဆေးရုံကြီးမှာ အစုံဆုံးမို့  အဲဒီသာ သွားပြဖို့ အကြံထပ်ပေးတာနှင့် နောက်ဆုံးဆေးရုံကြီးရဲ့ အရေးပေါ်ဌာနကို ရောက်သွားခဲ့ကြတယ်။ အဲဒီနောက်တော့ အဲဒီမှာ အမေ့ကို ကြိုးစားကုသနေရင်းနှင့်ဘဲ အမေအသက်ဆုံးပါးသွားခဲ့ရပါတယ်။
ဆေးရုံကို လိုက်သွားကြတဲ့ မောင်နှမတွေပြန်ပြောပြလို့  အမေ့ကို ကုသမှုအပိုင်းမှာ လူနာအပေါ် ၀န်ဆောင်မှုလျော့ယွင်းမှုတွေကြောင့် အမေ မသေသင့်ဘဲသေသွားခဲ့ရကြောင်း ကြားသိခဲ့ရပေမယ့်လည်း ဘယ်တတ်နိုင်မလဲလေ။ သေတဲ့သူလည်း သေသွားခဲ့ပြီဘဲ။ အမေကံကုန်မယ့်နေ့ ရောက်လို့  သေသွားခဲ့ရတာဘဲ။ သူများတွေကို အပြစ်တင်နေလို့ လဲ ဘာမှ ပြန်ပြီး ထူးလာမှာမှ မဟုတ်တော့တာဆိုတော့။ အမေရေ..ကံရှိသလောက်ပဲပေါ့။
(၅)
ကျွန်တော် ကားပေါ်ကဆင်းလို့  အိမ်ပေါ်တက်သွားချိန်မှာ အမေ့ Body ကို ကန့် လန့် ကာတွေနှင့်ကာပြီး လူနှစ်ယောက် ဆေးထိုးနေကြတယ်။
ကျွန်တော်တို့ မြို့ မှာက ရေခဲတိုက်ကောင်းကောင်းမရှိတော့ ဆေးရုံမှာဆုံးတာမဟုတ်ရင် အားလုံး ကိုယ့်အိမ်မှာဘဲ Body ကို ထားကြပါတယ်။ အခု အမေ့ကို ဆေးထိုးရတာက ကျွန်တော့်အကို တစ်ယောက် ခရီးလွန်နေလို့  သူ့  ပြန်အလာကို စောင့်ဖို့ အတွက်ပါ။ အမေ့ခမျာ သူ့ ရဲ့ နောက်ဆုံးအချိန်မှာ သူအရင်းနှီးဆုံး ယောင်္ကျားသုံးဦးလုံး သူ့ အနားမှာ ရှိမနေခဲ့ရှာပါဘူး။ ခင်ပွန်းကလည်း ခရီးလွန်၊ သားနှစ်ယောက်ကလည်း အဝေးရောက်။ အဖေကတော့ ဘယ်လိုမှ အချိန်မှီ ပြန်လာလို့ မရတော့လို့  မစောင့်တော့ဘူး။ အကိုကတော့ သုံးလေးရက်အတွင်း ပြန်ရောက်နိုင်တယ်ဆိုတော့ သူ့ ကို အမေ့ရဲ့ နောက်ဆုံးခရီးမီဖို့ စောင့်ကြဖို့  မောင်နှမတွေ ဆုံးဖြတ်ပြီး အခုလိုစီစဉ်လိုက်ကြတာပါ။
ကျွန်တော် နှင့် အဖေတို့ ဆန္ဒအတိုင်းသာဆိုရင်တော့ (ဘယ်သူ့ ကိုမှလည်း အခုလို စောင့်စရာမလိုခဲ့ရင်) ၂၄ နာရီအတွင်း သဂြိုလ်ဖို့ စီစဉ်ဖြစ်ကြမှာပါ။ အခုတော့လည်း မတတ်နိုင်ဘူးလေ။ အကိုကလည်း သူ့ ကို စောင့်ပါဆိုတော့။ တစ်ခုတော့လည်း ကောင်းပါတယ်။ ရာသီဥတု တအားပူနေတဲ့အချိန်၊ အမေကလည်း ၀တယ်ဆိုတော့ ဆေးထိုးထားတာ ဘာပဲဖြစ်ဖြစ် ကောင်းတယ်လို့  ကျွန်တော်ထင်ပါတယ်။
ဆေးထိုးတဲ့သူတွေပြီးသွားတော့ အမေ့နားကို ကျွန်တော်သွားကြည့်မိတယ်။ 
သြော်....အမေ တကယ် ဆုံးသွားခဲ့ပြီကိုး......
အမေ မဆုံးခင်အချိန်မှာ နာကျင်မှုကို တော်တော်လေးခံစားသွားခဲ့ရပုံပေါ်တယ်။ မျက်နှာက ပင်ပန်းနွမ်းနယ်မှုအရိပ်တွေ ထင်ကျန်နေခဲ့တယ်။ နောက်ဆုံးအချိန်မှာ ဆေးထိုးထားလို့  အိပ်ပျော်သွားရင်းက တခါတည်း အသက်ပါသွားတယ်လို့ ပြောတယ်။
အမေတစ်ယောက် တစ်ဘ၀ စခန်းသိမ်းသွားခဲ့ပြီပေါ့။
(မပြီးသေးပါ။)
ဆက်လက်ဖတ်ရှုရန်
Tuesday, May 11, 2010
ကျွန်တော့်အတွက် အမေ ဘာများထားခဲ့ပါလိမ့်
လွန်ခဲ့တဲ့ ဆယ်နှစ် ဒီအချိန်မှာ အမေဟာ မပြောမဆိုဘဲ ကျွန်တော့်ကို အပြီးနှုတ်ဆက်ပြီး ထွက်သွားခဲ့ပါတယ်။ ကျွန်တော့်ကို သူသွားမယ့်အကြောင်း ပြောလည်းမသွားသလို၊ အရိပ်အငွေ့ လေးတောင်မှ မပြခဲ့ပါဘူး။ ကျွန်တော့်အတွက် ဘာမှ သက်သက်မှတ်မှတ် မှာခဲ့ ပြောခဲ့တာ မျိုးလည်း လုပ်မသွားပါဘူး။ ဘာတစ်ခုမှလည်း ထားမသွားခဲ့ပါဘူး။ ကျွန်တော် သိလိုက်ရတဲ့ အချိန်မှာ အမေ လုံးဝ မရှိခဲ့တော့ပါဘူး။
ဒါပေမယ့် အမေ ကျွန်တော့်အတွက် ထားသွားခဲ့တာတော့ရှိပါတယ်။ အဲဒီ ထားသွားတဲ့အရာကိုတော့ ကျွန်တော်ကလွဲရင် ဘယ်သူ့ မှ မသိကြ၊ သတိမထားမိလိုက်ကြပါဘူး။ ကျွန်တော်ကိုယ်တိုင်တောင်မှ အချိန်ကာလတစ်ခုကို ဖြတ်သန်းပြီးချိန်ရောက်တော့မှ ဒါ ငါ့အတွက် အမေ ထားသွားခဲ့တဲ့ အရာပါလားလို့  နားလည်ခဲ့မိတာပါ။ အမေ ထားခဲ့တဲ့ တစုံတရာဆိုတာကတော့....
--------------------------------------------------------------------------------------------
ကျွန်တော် နှင့် သေခြင်းတရား
(၁)
ကျွန်တော် အဲဒီညက ရာသီဥတုကလည်း ပူ၊ စိတ်ကလည်း ရှုပ် နှင့် တော်တော်လေး ဗျာများနေခဲ့ပါတယ်။ မနက်ဖြန် စာမေးပွဲ စဖြေရမှာမို့  သူငယ်ချင်း သုံးယောက်နှင့်  ကျောင်နှင့်နီးတဲ့ အိမ်တစ်လုံးမှာ စုငှားပြီး စာအတူကြည့်နေကြတာပါ။
ည (၁၁) နာရီလောက် ခြံရှေ့ ကို ကားတစ်စင်း ခေါင်း ထိုးဝင်လာပါတယ်။ ကျွန်တော် လှမ်းကြည့်လိုက်တော့ ကျွန်တော့် ယောက္ဖ  ကားဖြစ်နေတာနှင့် အိမ်အောက်ဆင်းလာပြီး ခြံတံခါးဆီ လျှောက်လာခဲ့လိုက်ပါတယ်။
ကားပေါ်က ကျွန်တော့် ယောက္ဖ လုပ်တဲ့သူ ဆင်းလာပြီး ခြံတံခါးကိုကိုင်ရင်း မျက်နှာ မကောင်းစွာနှင့်ဘဲ “မင်းအမေ ညနေက ဆုံးသွားပြီ။” လို့  ပြတ်ပြတ်တောင်းတောင်းကြီး ပြောလိုက်တဲ့စကားက ကျွန်တော့်ကို မင်သက်သွားစေပါတယ်။
ဘာဖြစ်သွားတာပါလိမ့်။ ယောက္ဖကတော့ ဒီလိုမျိုးကိစ္စကို နောက်ပြီး ပြောမှာတော့ မဟုတ်ဘူး။ သူ့ မျက်နှာကလည်း တော်တော်ကို ပျက်နေတယ်။ “မင်း အခု အိမ်ပြန်လိုက်ခဲ့ပါ။ ငါတို့  စီစဉ်စရာရှိတာတွေ ဆက်စီစဉ်ရအောင်။”
ကျွန်တော် သူ့ ကို ခြံတံခါးဖွင့်ပေးရင်း အကျိုးအကြောင်း အားလုံးကို မေးရပါတယ်။ အိမ်ပေါ်က သူငယ်ချင်းတွေလည်း အားလုံးဆင်းလာပြီး နာထောင်ကြပါတယ်။
ကျွန်တော့်စိတ်ထဲ အမေဆုံးတာကို ၀မ်းနည်းတာမဖြစ်မိသေးပဲ အံ့သြတဲ့စိတ်က အရင်ဖြစ်နေတာကို သတိထားမိပါတယ်။ ဘာလို့  အမေ ဆုံးသွားတာပါလိမ့်။
(၂)
ကျွန်တော် စာမေးပွဲဖြေဖို့  ငှားထားတဲ့ အိမ်ကို မသွားခင် အမေ့ကို သွားနှုတ်ဆက်တော့ အမေက ကုတင်ပေါ်မှာ လှဲနေတယ်။ သွေးတိုးတက်ပြီး ခေါင်းမူးနေလို့ ။ ဒါက အမေဖြစ်နေကြပါ။ သွေးတိုးတက်ရင် ခေါင်းမူးတယ်။ အဲဒီနေ့ တစ်နေ့ လောက် အိပ်ယာထဲမှာလှဲ၊ ဆေးသောက်ပြီး နားလိုက်ရင် နောက်နေ့ ဆို လူကောင်းပကတိ ပြန်ဖြစ်နေကြ။ ကျွန်တော်တို့ အဖို့  အမေသွေးတိုးတက်တဲ့ကိစ္စက အထူးအဆန်းတော့ မဟုတ်တော့။
နှုတ်ဆက်တယ်ဆိုတာကလည်း အပြင်သွားခါနီးတိုင်း လုပ်ရိုးလုပ်စဉ် နှုတ်ဆက်နေကြအတိုင်း။ ကျွန်တော်က အဆောင်မှာ နေ နေကြ သူဆိုတော့ တစ်အိမ်လုံးအတွက် ကျွန်တော် ညအိပ်ညနေ အပြင်သွားတာ မထူးဆန်းတော့ပါဘူး။ ကြားရက်တွေဆို အဆောင်မှာနေ၊ စနေ တနင်္ဂနွေဆို အိမ်ပြန်၊ ဒါ တက္ကသိုလ်ကျောင်းသားဘ၀တလျှောက် ကျွန်တော် လုပ်နေကြ။ ဘာမှ ထူးထူးဆန်းဆန်း ကိစ္စမဟုတ်။ တခါတလေ ကြားရက်တွေ အဆင်ပြေရင် အိမ်က လူတွေက ကျွန်တော့်အဆောင်လာလည်၊ ဟိုဆိုင် ဒီဆိုင် သွားစား။ ကျွန်တော့် ကို အဆောင်ပြန်ပို့ ပေး။ ပြီးရင် သူတို့ ကအိမ်ပြန်။ ကျွန်တော့်အဖို့  မိသားစုနှင့် ခွဲပြီး နေရတာ ဘာမှ အထူးအဆန်းပြဿနာမဟုတ်တော့ပါဘူး။ ကျင့်သားရနေတဲ့ ကိစ္စတစ်ခုဖြစ်နေပါပြီ။
အခုလည်း အမေ့ကို နှုတ်ဆက်ပြီး ထွက်လာတော့ စိတ်ထဲမှာ ပေါ့ပေါ့ပါးပါးပါဘဲ။ အမေ စာမေးပွဲ ဖြေနေတဲ့ ကြားထဲ အဆင်ပြေရင် ကျွန်တော့်ဆီ ရောက်လာဦးမှာ မဟုတ်လား။ သူကလည်း အဲဒီအတိုင်းပါဘဲ။ ဘာမှ ထွေထွေထူးထူး စကားတွေ ပြောမနေ။ သွားခါနီး နှုတ်ဆက်တော့ ”အေးအေး။ စာမေးပွဲ ကောင်းကောင်းဖြေ။” ဒီလောက်ပါဘဲ။
အိမ်က ထွက်လာပြီး နှစ်ရက်မြောက်တဲ့ ဒီနေ့ ည မှာ အမေဆုံးပြီ လို့ ကြားလိုက်ရတာ ကျွန်တော့်အတွက် ထူးဆန်းအံ့သြစရာ အတိဖြစ်နေတာပေါ့ဗျာ။
(၃)
ကျွန်တော် မွေးလာကတည်းက ကျွန်တော့်ဆွေမျိုးအသိုင်းအ၀ိုင်း နီးနီးစပ်စပ်ထဲမှာ ဆုံးပါးတဲ့ကိစ္စမျိုး မဖြစ်ဖူးခဲ့ဘူးဗျ။ ကိုယ့်ပတ်ဝန်းကျင်မှာ လူတွေ သေနေကြပေမယ့်လို့  ကိုယ်နှင့် တိုက်ရိုက်မပတ်သက်တော့ သိပ်ပြီး ဂရုတစိုက် မဖြစ်ခဲ့မိဘူး။ အခု ပထမဆုံးအကြိမ် မိသားစုအသိုင်းအ၀ိုင်းထဲမှ သေတဲ့ အတွေ့ အကြုံ စဖြစ်တာ။ ဖြစ်တော့လည်း ကိုယ့်အမေဖြစ်နေတယ်။
ကျွန်တော်ဟာ အနှစ် နှစ်ဆယ်ကျော် သေခြင်းတရားဆိုတာနှင့် တစိမ်းတွေလို နေလာလိုက်တာ။ အခုမှ သေတာကို စပြီး နဖူးတွေ့ ဒူးတွေ့ ကြုံရတော့ စိတ်ထဲမှာ အူကြောင်ကြောင်ဖြစ်နေခဲ့တယ်။ စိတ်ထဲမှာ မေးခွန်းတွေက တစ်ခုပြီး တစ်ခု ဆက်တိုက် ထွက်လာနေတယ်။ သေတယ်။ အမေသေတယ်။ ဘာလို့ သေတာလဲ။ ဘာလို့ အမေက အရင်သေတာလဲ။ ဘာလို့  သေမယ်ဆိုတာ ကြိုမသိတာလဲ။ ဘာမှ ပြင်ဆင်ချိန်မရဘဲ ဘာလို့ သေတာလဲ။ သူကိုယ်တိုင်လည်း သေမယ်လို့  ထင်မထား၊ ဘယ်သူမှလည်း ထင်မထားဘဲ ဘာလို့  ဗြုံးစားကြီး သေရတာလဲ။ သေသွားတော့ ကျန်ခဲ့တဲ့ ငါတို့ တွေက ဘာတွေ ဆက်လုပ်ရမှာလဲ။ သေသွားတဲ့ အမေကရော ဘာတွေ ဆက်ဖြစ်မှာလဲ။
ကျွန်တော် အိမ်ပြန်လာတဲ့ လမ်းမှာ အတွေးတွေ မေးခွန်းတွေနှင့် ရှုပ်ရှက်ခက်နေပါတယ်။ ဘေးက အဖော်လိုက်လာပေးတဲ့ သူငယ်ချင်းက ကျွန်တော့်ကို ၀မ်းနည်းနေမှာစိုးလို့  အားပေးစကားပြောနေတယ်။ ကျွန်တော်သူ့ ကိုတော့ စကားတစ်ခွန်းပြောဖြစ်လိုက်တယ်။ ”သူငယ်ချင်း၊ ငါ အိမ်ပေါ်တက်လိုက်တဲ့အချိန်မှာ မြင်ရမယ့် မြင်ကွင်းအတွက်ကိုတော့ အားယူရ လိမ့်မယ်ထင်တယ်” လို့ ။
(မပြီးသေးပါ။)
ဆက်လက်ဖတ်ရှုရန်
Saturday, May 8, 2010
ခန္တီပါရမီ
 ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)
ခန္တီတရား၊ သည်းခံငြား၊ စိတ်ထားဘယ်သို့ ဖြည့်သနည်း။
လူမိုက်အမှု၊ ငါပြန်ပြုလျှင်၊ သူလိုငါလဲ၊ လူမိုက်ပဲဟု၊ စိတ်ထဲတွေးဆ၊ အေးမြမြနှင့်၊ ဒေါသမထွက်၊ စိတ်မပျက်၊ သက်သက် အနာခံသတည်း။
“ငါ့အပေါ်၌ လူမိုက်ပြုသော စော်ကားမှုကို ငါက ပြန်ပြုလျှင် ငါလည်း သူ့လိုလူမိုက် ဖြစ်မှာပဲ” ဟု စိတ်ထဲမှာ တွေးဆ၍ ဒေါသမထွက်ဘဲ စိတ်ပျက် အားငယ်၍လည်း မနေဘဲ စိတ်အေးအေးနှင့် မိမိကသာ အနာခံလိုက်ခြင်းသည် ခန္တီပါရမီ၏ သဘောတည်း။ (အရှင် ဇနကာဘိဝံသ၊ ရုပ်စုံ ဗုဒ္ဓ၀င် အမေးအဖြေ နှာ-၂၆)
ငါးရာ့ငါးဆယ် သရဘင်္ဂဇာတ်မှာ မင်းသုံးပါးနဲ့ သိကြားမင်းတို့ ဘုရားအလောင်း သရဘင်္ဂ ရသေ့ဆီ ရောက်လာပြီး သိကြားမင်းက မေးခွန်းပြဿနာ မေးပါတယ်။Justify Full
“ရှင်ရသေ့.. လောကမှာ ဘယ်တရားကို ပယ်သတ်ရင် တစ်ရံတခါမျှ မစိုးရိမ်ရသလဲ၊
ဘယ်တရားကို ပယ်ရှားရင် သူတော်ကောင်းတွေ ချီးမွမ်းသလဲ၊
လောကမှာ ဘယ်သူ ပြောဆိုတဲ့ ကြမ်းကြုတ်တဲ့ စကားကို သည်းခံရပါ့မလဲ”
ဒီတော့ သရဘင်္ဂရသေ့က-
“လောကမှာ ဒေါသကို ပယ်သတ်လိုက်ရင် တစ်ရံတခါမျှ မစိုးရိမ်ရတော့ဘူး၊
ကျေးဇူးကန်းမှုကို မပြုရင် သူတော်ကောင်းတွေ ချီးမွမ်းပါတယ်။
ကိုယ့်ထက်သာတဲ့သူ၊ ကိုယ်နဲ့ တန်းတူသူ၊ ကိုယ့်အောက် နိမ့်တဲ့သူတို့ရဲ့ ကြမ်းကြုတ်တဲ့ စကားကို သည်းခံရမယ်။ အဲဒီလို သည်းခံလိုက်ခြင်းကို အမြတ်ဆုံးလို့ သူတော်ကောင်းတွေ ပြောဆိုကြတယ်”
ဘုရားအလောင်းရဲ့ အဖြေစကား ကြားတော့ သိကြားမင်းက မေးခွန်း ထပ်မေးပြန်ပါတယ်။
“ရှင်ရသေ့ရယ်၊ လောကမှာ ကိုယ်နဲ့ တန်းတူ၊ ကိုယ့်ထက်မြတ်တဲ့ သူနှစ်ယောက်ရဲ့ ကြမ်းကြုတ်တဲ့ စကားကို သည်းခံရတာတော့ သည်းခံနိုင်ပါတယ်၊ ဒါပေမယ့် ကိုယ့်အောက် နိမ့်တဲ့သူရဲ့ ကြမ်းကြုတ်တဲ့ စကားကိုတော့ ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ”
ဘုရား အလောင်းတော် ကလည်း ပြန်ဖြေပေး ပါတယ်။
“ကိုယ့်ထက် မြတ်သူရဲ့ ကြမ်းကြုတ်တဲ့ စကားကို သည်းခံတာဟာ ကြောက်လို့ သည်းခံတာပဲ၊ ကိုယ်နဲ့ တန်းတူရဲ့ စကားကို သည်းခံတာကျတော့ တကယ်လို့ သည်းမခံလိုက်ရင် ငါ့ထက်သာအောင် ကြံစည်အားထုတ် ပြုလုပ်သွားမယ့် အပြစ်ကို မြင်လို့ သည်းခံတာ၊ ဒီသည်းခံခြင်း နှစ်မျိုးဟာ မြတ်တဲ့ သည်းခံခြင်းတော့ မဟုတ်ဘူး၊ ကိုယ့်အောက် နိမ့်သူရဲ့ စကားကို သည်းခံနိုင်မှ အမြတ်ဆုံး သည်းခံခြင်းလို့ သူတော်ကောင်းတွေ ပြောကြတယ်” လို့ ပြန်ဖြေပေးလိုက် ပါတယ်။
သည်းခံတဲ့ နေရာမှာ တရား သဘောလေးတွေ အာရုံပြုပြီး သည်းခံတာက ပို အဆင်ပြေပါတယ်။ အထူးသဖြင့် ခန္တီ ပါရမီရဲ့ သဘောလေးကို အာရုံပြုပြီး သည်းခံရပါတယ်။
အာရုံဆိုး တစ်ခုကို တစ်ယောက်ယောက်က ဖန်တီးလာတဲ့ အခါ “ငါ ခန္တီပါရမီ ဖြည့်ဖို့အတွက် ဖန်တီးပေး နေတာ၊ ဘာပဲပြောပြော ငါ့ကို ပါရမီ ဖြည့်ပေးနေသူပဲ” လို့ ဆင်ခြင် နှလုံးသွင်းလိုက် ရင်လည်း သည်းခံဖို့အတွက် တရားအသိ အားတွေ ၀င်လာတော့ တာပါ။ တရားအားတွေ ရင်ထဲ ရောက်လာရင် အလိုလို သည်းခံပြီးသား ဖြစ်သွားပါတယ်။
တကယ်ဆို သူ့ကိုတောင် ကိုယ်က ပြန်သနား ရမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ သူ ကိုယ့်ကို ပြောဆိုနှိမ့်ချ ကဲ့ရဲ့ နေတာက အကုသိုလ်ပါ။ ကိုယ် ခန္တီပါရမီ ဖြည့်နေတာက ကုသိုလ်ပါ။
အကုသိုလ်ဟာ အကုသိုလ်ရဲ့ အကျိုး ရှိပါတယ်။ ကုသိုလ်ဟာ ကုသိုလ်ရဲ့ အကျိုး ရှိပါတယ်။ အကျိုးပေးပုံခြင်း မတူပါဘူး။ ပြုပြီးတာနဲ့ ကံမြောက်သွားတော့ တာပါ။ ကံက ကာလ တစ်ခုမှာ အကျိုးတစ်ခုခုကို ပေးတော့ မှာပါ။
ကံရဲ့ အကျိုး အပြစ်တွေကို ဆက်ပြီး ဆင်ခြင်လိုက် မိတဲ့အခါ ကိုယ့်အတွက် ကောင်းကျိုးဖြစ်လို့ ၀မ်းမြောက်ရ ပေမယ့် သူ့အတွက် ကျတော့ ကာလ တစ်ခုမှာ ဆိုးကျိုး လာတော့မှာ ဆိုတော့ သနား ကရုဏာတောင် ပြန်ဖြစ်သွားရ တာပါ။
သူ့ကို သနားစရာ သတ္တ၀ါလို့ ဉာဏ်ထဲမှာ ထင်လာတဲ့ အခါ ကိုယ့်ရဲ့ သည်းခံမှုဟာ အထူး ကြောင့်ကြ စိုက်စရာ မလိုတော့ပါဘူး။
တကယ်လို့ ကိုယ်က ဒေါသအလျှောက် ဖြတ်ကနဲ တုန့်ပြန်မိ လိုက်ရင် ဆိုးကျိုးတွေက ဆင့်ကဲ ဆင့်ကဲ ၀င်လာတော့ တာပါ။ တချို့ ဆိုးကျိုးတွေဆို အပါယ် ဒုဂ္ဂတိ အထိတောင် ဆွဲချနိုင် ပါတယ်။
ခန္တီ ပါရမီရဲ့ သဘောက ဒေါသမထွက်ဘဲ သည်းခံရမှာပါတဲ့။ အာရုံဆိုး တစ်ခုခုနဲ့ ကြုံလိုက်ရတဲ့ အခါ ပထမဆုံး ၀င်လာမယ့် သူက ဒေါသပါ။ ဒီတော့ ကိုယ်က ဓါတ်ခံအားနည်းလို့ ဒေါသစိတ် ၀င်လာပေမယ့် ၀င်လာတဲ့ ဒေါသကို သိလိုက်နိုင်ရ ပါမယ်။ ၀င်လာတဲ့ ဒေါသကို မသိလိုက် နိုင်ရင် ဒေါသကို အခြေခံပြီး “သူက ငါ့ကို ဒီလိုလုပ်တော့ ငါကလည်း ဒီလို လုပ်တာပေါ့” ဆိုပြီး ဖြတ်ကနဲ အမှား တုန့်ပြန်မှုကို ကျူးလွန်လိုက် မိရော။ တဒင်္ဂအတွင်း ဖြစ်သွားရ တာပါ။
တကယ်တော့ ရင်ထဲ ရောက်လာတဲ့ ဒေါသဟာ ကာလ ကြာကြာကြီး တည်မနေပါဘူး။ အခိုက်အတန့် တစ်ခုပါပဲ။ ကိုယ်က ဖြစ်ဆဲ အခိုက်အတန့် လေးမှာ ကိုယ့်ဒေါသကို သိလိုက်နိုင် ဖို့ပါ။
တကယ်လို့ ကိုယ်က ပါရမီရှင်တွေလို ပါရမီမြောက်တဲ့ ခန္တီကို ချက်ချင်း မဖြည့်ကျင့်နိုင်သေးရင်တောင် ဖြစ်ပေါ်လာတဲ့ ဒေါသကိုတော့ ထိန်းနိုင်ရ ပါမယ်။ ဒေါသ ဖြစ်လာတဲ့အခါ ဒေါသရဲ့ ဆိုကျိုးလေး တွေကို ဆင်ခြင်နေလိုက် မယ်ဆိုရင်လည်း ဒေါသက လျော့သွားတာ များပါတယ်။
ကျေးဇူးတော်ရှင် မင်းကွန်း ဆရာတော် ဘုရားရဲ့ မဟာဗုဒ္ဓ၀င် ပထမတွဲ ဒုတိယပိုင်း ထဲမှာ ဒေါသအပြစ် လင်္ကာလေး ရှိပါတယ်။
ရုပ်ရည်ဆင်းပျက်၊ အိပ်စက် မပျော်၊ ကျိုးသော်မရ၊ ဘောဂခြွေရွေ၊ မိတ်ဆွေပျက်ပြား၊ အပါယ်လား၊ ခုနစ်ပါး ကောဓ အပြစ်တည်း။
ဒေါသ ဖြစ်နေခိုက်မှာ ဒီလင်္ကာလေးကို အဓိပ္ပါယ် သဘောအထိ ပါအောင် နှလုံးသွင်းပြီး ထပ်ကာထပ်ကာ ရွတ်ဆို ဆင်ခြင်နေမယ် ဆိုရင်လည်း ဖြစ်နေတဲ့ ဒေါသ လျော့သွားပါလိမ့်မယ်။
ဆိုးကျိုး နှစ်ခုစလုံးက ကြောက်စရာတွေ ချည်းပဲ ဆိုတော့ သဘော အဓိပ္ပါယ် လေးတွေကို ပေါ်နိုင်သမျှ ပေါ်အောင် အာရုံပြုပြီး နှလုံးသွင်းပြီး ရွတ်သွားနိုင်ဖို့ လိုပါတယ်။
အာရုံဆိုးကို တွေ့ပြီး ဒေါသ ဖြစ်လို့ပဲ ဖြစ်ဖြစ်၊ ဒေါသကို အခြေခံပြီး တုံ့ပြန်မှု တစ်ခုခုကို ပြုဖြစ်လိုက်ရင်ပဲ ဖြစ်ဖြစ်၊ တစ်ဖက်သားကို အမှီပြုပြီး ကိုယ်ပါ ရှုံးရတော့ တာပါ။ ဈေးစကားနဲ့ ပြောရင် အမြတ် မရရင်တောင် အရှုံး မရအောင်တော့ ကြိုးစားရ မှာပါ။
လောကဓံဆိုး တစ်ခုဟာ ဘယ်လောက် အထိ တည်နေမှာလဲ၊ ကိုယ်က တစ်သက်လုံး နေပါ ဆိုရင်တောင် သူက မနေပါဘူး။ ကာလ တစ်ခုပါပဲ။ ဒီကာလ အခိုက်အတန့်လေး တစ်ခုမှာ ကိုယ်က သည်းခံလိုက်နိုင် ဖို့ပါပဲ။
ပါရမီ သဘောနဲ့ ပြောရင် ဒါန ပါရမီတို့ သီလ ပါရမီတို့ဟာ ဖြည့်ချင်ရင် ချက်ချင်း ထဖြည့်လို့ ရပါတယ်။ ခန္တီ ပါရမီတို့ ကျတော့ အာရုံ တစ်ခုခုနဲ့ တွေ့လိုက်မှ ကိုယ့်အတွက် ပါရမီ ဖြစ်ရတာပါ။ ဒီတော့ ကိုယ့်ကို အာရုံဆိုး တစ်ခု လာပေးတဲ့ သူကို ကိုယ့်ကို ပါရမီ ဖြည့်ပေးတဲ့ အတွက် တကယ်ဆို ကျေးဇူးတောင် တင်ရပါဦးမယ်။
သည်းခံတဲ့ နေရာမှာ ကိုယ်ကြားဖူး ထားတဲ့ ဂါထာလေးတွေ၊ ဇာတ်တော် ကလေးတွေ၊ ပုံဝတ္ထု ကလေးတွေ၊ လင်္ကာလေးတွေ၊ အဆုံးအမ စကားလေး တွေကို အာရုံပြုပြီး ဆင်ခြင် သည်းခံလို့လည်း ရပါတယ်။
သည်းခံမှု ပါရမီကို ဖြည့်ကျင့်တဲ့ နေရာမှာ ပင်ကိုယ် ဓါတ်ခံ ဗဟုသုတ တရား အသိလေး တွေလည်း ရှိဖို့ လိုပါတယ်။ စိတ်ထဲမှာ ဘာကို ပြေးသတိ ရလိုက်မိသလဲ ဆိုတော့ စံကင်း ဆရာတော် ဘုရားရဲ့ ဩ၀ါဒ စကားလေးပါ။ ပြဿနာ တစ်ခု ဖြစ်လာတဲ့ အခါ အလွတ် ဆုံးမတော် မမူဘဲ တရားသဘော သက်ဝင်အောင် ဆုံးမခဲ့ပုံ လေးပါ။
တစ်နေ့မှာ ကျောင်းသား တစ်ယောက်က သူ့ခြေထောက်ကို သေးပန်း ခံရတဲ့ အကြောင်း လာလျှောက်ပါတယ်။ အလျှောက်ခံ ရတဲ့ ကျောင်းသားက မတော်တဆ ဖြစ်ရတဲ့ အကြောင်း ပြန်လျှောက်ပြ ပါတယ်။ ဒီတော့ ဆရာတော်က-
“ဒို့ မေးပါဦးမယ်၊ မင်း ဖြေပေါ့၊ မကျေနပ် ရင်လည်း သူ့ကို ဒဏ်ပေးရ တာပေါ့၊ အဲဒီသေးဟာ ရုပ်တရားလား၊ နာမ်တရားလား”
“ရုပ်တရားပါ ဘုရား”
“မင်း ခြေထောက်ကကော”
“ရုပ်ပါ ဘုရား”
“ရုပ် ရုပ်ချင်း ထိတာ မဟုတ်လား၊ ဒါ ရွံစရာလား”
“ရွံစရာ မဟုတ်ပါ၊ ကျေနပ်ပါပြီ ဘုရား”
“အေး ရုပ်၊ ရုပ်ချင်း ထိမိတာက အပြစ်မရှိဘူး၊ ဒါကို အကြောင်းပြုပြီး ပေါ်လာတဲ့ နာမ်က နှလုံးသွင်း မတတ်ရင် အပြစ် ဖြစ်တတ်တယ်၊ စိတ်ဆိုးတယ် ဆိုတာ ဒါပဲ”
ကျောင်းသား ကလေးငယ်လေး တွေကို တရား သဘောနဲ့ နှလုံးသွင်းပြီး သည်းခံတတ်အောင် ဆုံးမခဲ့ပုံ လေးပါ။ အထူးသဖြင့် နာမ်က နှလုံးသွင်း မတတ်ရင် အပြစ် ဖြစ်တတ်တယ် ဆိုတဲ့ အကြောင်းလေးပါ။
ဘယ်လိုပဲ ဖြစ်ဖြစ် အဆုံးအမ တစ်ခုခုကို အာရုံပြုပြီး သည်းခံလိုက်နိုင်တယ် ဆိုရင်ပဲ ကိုယ့်အတွက် မရှုံးတော့ ပါဘူး။
တစ်ခါတလေ ဒေါသအလျှောက် သည်းမခံနိုင်ဘဲ ပက်ကနဲ ပြန်ပြောလိုက်မိ တဲ့အခါ ပြောတုန်းကတော့ ကျေနပ်သလို ရှိပေမယ့် နောက်ရက် ကျတော့ စိတ်မကောင်း သိပ်ဖြစ်ရတာပါ။ အထူးသဖြင့် ဘာမဟုတ်တာ လေးနဲ့ ကိုယ့်အတွက် အကုသိုလ် ဖြစ်သွားရတာ သိပ်ရှုံးရ တာပါ။
အမှန်တော့ တရားရဲ့ သဘောက သိဖို့နဲ့ ကျင့်ဖို့ရယ်ပါ။
အာရုံတစ်ခုနဲ့ တွေ့လို့ တရား သဘောနဲ့ ယှဉ်ပြီး ကျင့်သုံးလိုက် ရရင် ကိုယ့်ကိုယ်ကို သိပ်အားရ ကျေနပ် ရတာပါ။ အရသာကောင်း တစ်ခုကို သိသွားရင် နောင် ကျင့်သုံးဖို့ မခက်လှတော့ ပါဘူး။
“ဩော်.. ငါဟာ မြတ်စွာ ဘုရား စကားကို နားထောင်လိုက်တဲ့ သူပဲ” ဆိုပြီး ကိုယ့်ကိုယ်ကို ကျေနပ်မှုနဲ့ အတူ ကြည်ညိုမှုပါ ဖြစ်ရတော့ တာပါ။
သည်းခံရမယ် ဆိုတော့ နေရာတကာ ခေါင်းငုံ့ပြီး သည်းခံရမှာလား ဆိုတော့ အဲဒီလိုလည်း မဟုတ်ပါဘူး။
ဒါနဲ့ ပတ်သတ်ပြီး သီလက္ခန် အဋ္ဌကထာ နှာ-၅၃ မှာ ဖွင့်ပြထား ပါတယ်။
မဟုတ်မမှန် တာကို မဟုတ် မမှန်တဲ့ အတိုင်း ပြန်ဖြေရှင်းရ မယ်လို့ ဆိုပါတယ်။
ဖြေရှင်းတဲ့ နေရာမှာ အပြစ်ပြောတဲ့ နေရာမှာသာ ဖြေရှင်းရ မှာပါ။ တခြား နေရာတွေမှာ လိုက်ပြီး ဖြေရှင်းနေစရာ မလိုပါဘူး။
“သင်ဟာ သီလ မရှိတဲ့သူပဲ၊ သင့်ဆရာဟာ သီလ မရှိတဲ့ သူပဲ။ သင်ဟာ ဒီလို ဒီလို အမှုကို ပြုထားတယ်၊ သင့်ဆရာဟာ ဒီလို ဒီလို အမှုကို ပြုထားတယ်” အဲဒီလို ပြောဆိုလာရင် သည်းခံမနေရပါဘူးတဲ့။ သည်းခံနေရင် တစ်ဖက်က ယုံမှား သံသယ ဖြစ်သွားတတ် ပါတယ်တဲ့။ အဲဒီ အခါမျိုးမှာ ဒေါသ မဖြစ်စေဘဲ အပြစ်ကို ဖြေရှင်းရမယ်လို့ ဆိုပါတယ်။
တကယ်လို့ သင်ဟာ “ကုလားအုပ်ပဲ၊ နွားပဲ” စသည်ဖြင့် ပြောဆို စွပ်စွဲကဲ့ရဲ့ လာရင်တော့ ပြောဆိုလာတဲ့ သူကို လျစ်လျူရှုပြီး သည်းခံနေလိုက် ပါတဲ့။
ဒါ စာမှာ ဖွင့်ပြထား တာကို ခပ်ကျဉ်းကျဉ်း ရေးပြတာပါ။
အဓိက ကတော့ ကိုယ့်ရဲ့ဂုဏ်သိက္ခာ သီလကို စော်ကားလာ ရင်တော့ ဒေါသမထွက်ဘဲ မဟုတ်မှန်တာကို မဟုတ်မှန်တဲ့ အတိုင်း ပြန်ဖြေရှင်း ရမယ်လို့ ဆိုထားပါတယ်။ ဖြေရှင်းတဲ့ နေရာမှာလည်း ဒေါသမထွက် စိတ်မဆိုးဘဲ ဖြေရှင်းရမယ်လို့ ဆိုထားပါတယ်။ ဒေါသနဲ့ သွားဖြေရှင်း ရင်တော့ စာနဲ့ ဆန့်ကျင်ဘက် ဖြစ်သွားပါလိမ့်မယ်။
ဝိပဿနာ သဘောနဲ့ ကြည့်လိုက်ရင် လောကမှာ ဘာမှ မမြဲပါဘူး။ သူလည်း မမြဲပါဘူး။ ကိုယ်လည်း မမြဲပါဘူး။ မမြဲတာကို မမြဲဘူးလို့ ၀ိပဿနာ သဘောနဲ့ သိလိုက်ရတဲ့ အချိန်မှာ သူ့ကို အလိုလို ခွင့်လွှတ်ပြီးသား ဖြစ်သွားပါတယ်။ လူတစ်ယောက်ရဲ့ ဘ၀မှာ နိဗ္ဗာန် ရောက်ဖို့သာ အဓိက ဆိုတော့ သူ့အတွက် အချိန်ကုန်ခံ မနေချင်တော့ ပါဘူး။ နိဗ္ဗာန် ရဖို့အတွက် အချိန်ဟာ ကိုယ့်အတွက် ရွှေထက်တောင် တန်ဖိုး ရှိနေတာ ဆိုတော့ ရလာတဲ့ အချိန်ကိုပဲ ကိုယ့်အတွက် အသုံးချရတော့ မှာပါ။ အဓိက ကတော့ မမြဲတဲ့ သဘောလေး တွေကို မမြဲဘူးလို့ သိလိုက်ဖို့ ပါပဲလေ။
ဘာပဲပြောပြော ကိုယ်က ခန္တီ ပါရမီကို ဖြည့်ကျင့်ချင်တဲ့ သူပါ။ တကယ်လို့ အာရုံဆိုး တစ်ခုကို တွေ့ပြီး သည်းခံဖို့ ခက်နေရင် မြတ်စွာဘုရား ရှေ့ကို သွားလိုက်ပါ။ လက်အုပ်ကလေး ချီပြီး “မြတ်စွာဘုရား ဘုရား တပည့်တော် ဒီနေ့ တစ်နေ့တာ မြတ်စွာဘုရားကို ခန္တီ ပါရမီနဲ့ ပူဇော်ပါမည် ဘုရား” လို့ အဓိဋ္ဌာန် လိုက်ပါ။ စိတ်ထဲ မှာလည်း “ငါ မြတ်စွာ ဘုရားကို ခန္တီ ပါရမီနဲ့ ပူဇော်နေတယ်၊ ငါ မြတ်စွာ ဘုရားကို ခန္တီ ပါရမီနဲ့ ပူဇော်နေတယ်” လို့ တွေးတွေးနေရ ပါမယ်။ ကြုံလာတဲ့ အာရုံကိုလည်း “ငါ မြတ်စွာ ဘုရားကို ခန္တီ ပါရမီနဲ့ ပူဇော်ပြီး သူ့ကို သည်းခံမယ်” လို့ နှလုံးသွင်းပြီး သည်းခံပစ် လိုက်ပါ။ ဒါဆိုရင် ကိုယ့်ရင်ထဲကို ခန္တီ ပါရမီ ရောက်လာပါလိမ့်မယ်။
ကဲ.. စာဖတ်သူ မြတ်စွာဘုရားကို ခန္တီ ပါရမီနဲ့ ပူဇော်ပြီး သည်းခံကြည့်ပါလား၊ အဆင်ပြေသွား ပါလိမ့်မယ်။
ကျမ်းကိုးမဟာဗုဒ္ဓ၀င် ပထမတွဲ၊ ပထမပိုင်း- ဒုတိယပိုင်း။
(တိပိဋက မင်းကွန်း ဆရာတော် ဘုရား)
အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)
မြင့်မြတ်သူတို့ရဲ့ အလုပ် စာအုပ်မှ...
(အဖြူရောင်မေတ္တာ ဘလော့ဂ်မှ ပြန်လည်ကူးယူ ဖော်ပြ ဓမ္မဒါနပြုပါသည်။)
ဆက်လက်ဖတ်ရှုရန်