Tuesday, November 9, 2010

ငြိမ်းချမ်းရေးစိတ်ဓာတ် (အဆက်)


အပိုင်း (၂)

နေ့စဉ်သတင်းများတွင် ဣဋ္ဌာရုံထက် အနိဋ္ဌာရုံတွေက ပိုများနေသည်။ ကမ္ဘာ့နိုင်ငံပေါင်း တော်တော်များများမှာ တည်ငြိမ်မှုဆိုတာ ဘာလဲဟု မေးယူရလောက်အောင် ဖြစ်နေ၏။ လူတွေအချင်းချင်း အတ္တရှေ့ ထား၍ အနိုင်ရယူလိုမှုအတွက် ရသမျှနည်းလမ်းတို့ဖြင့် ဆောင်ရွက်လျက်ရှိကြသည်။ ကမ္ဘာ့စီးပွားရေး ပျက်ကပ်ကြောင့် အရပ်ကယ်ပါ၊ လူဝိုင်းပါ ဖြစ်နေကြရသည့်အထဲ ဗုံးခွဲမှုတွေ၊ အကြမ်းဖက်မှုတွေက အရှိန်ကျဟန်မတွေ့ရသေး။ သဘာဝဘေးအန္တရာယ်ကလည်း တစ်ခါတစ်ခါ ခပ်ကြမ်းကြမ်းနှောက်လိုက်သေးသည်။ လုပ်ပိုင်ခွင့်အတော်အားနည်းရှာသော ကုလသမဂ္ဂကြီးမှာ အမှုအခင်းတွေက အပုံအပင်၊ တစ်နိုင်ငံမှလည်း ကောင်းကောင်းမလိုက်နာကြ။

ကမ္ဘာကြီးသည် ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင်ဖြစ်နေပြီလားဟုပင် တစ်ခါတစ်ခါ တွေးမိရသေးသည်။ အရာအားလုံးသည် အတ္တကြီးမားမှု (Egocentric) ဟူသော ကိုယ့်အတွက်သာ ပဓာနထားသည့်စိတ် လွန်ကဲမှုကြောင့် ဖြစ်ပေါ်လာရသော ရလဒ်ဖြစ်သည်။ အသုံးလှစေရန် National Interest ဟူသော “အမျိုးသားကိုယ်ကျိုးစီးပွား” စကားလုံးဖြင့် တချို့ က ဖလှယ်သုံးစွဲကြသည်။ အတ္တသည် အတ္တသာဖြစ်သည်။

လူ့သမိုင်းမှတ်တမ်းပြုနိုင်သည့် နှစ်ပေါင်း (၅၅၀၀) ကျော်အတွင်း စစ်ပွဲပေါင်း (၁၄၅၀၀) ကျော် ဖြစ်ပွားခဲ့ပြီး လူသန်းပေါင်း ရာနှင့်ချီ၍ သေကြေပျက်စီးခဲ့ပြီးဖြစ်သည်။

“ယောနိသော မနသိကာရ”
ကို ဗုဒ္ဓက အလေးထားဟောကြားခဲ့သော်လည်း အများစုက “အယောနိသော မနသိကာရ” ဖြစ်နေကြသည်။ အတတ်ပညာ တစ်ဟုန်ထိုး တိုးတက်လာသောကြောင့် အသိပိုင်းတွင် ဆုံးရှုံးခဲ့ရသည်လား မသိ။ “၀ိဇ္ဇာ” ဖြစ်၍ လောကအကျိုး သယ်ပိုးနိုင်သူတွေထက် ”အ၀ိဇ္ဇာ” ဖြစ်၍ လောကအကျိုး ဆုတ်ယုတ်စေသူတွေ ပို၍များပြားလာသည်ဟု ခံစားခဲ့သည်။ အရင်းခံသည် အတ္တလွန်ကဲမှု "Egoism" ကြောင့်ဖြစ်သည်။ “သူများ” ထက် “ငါ” ဟူသော Egoistic ဖြစ်မှုများကြောင့်ဖြစ်သည်။ Selfishness ဟူသော တစ်ကိုယ်ကောင်းစိတ်သည်လည်း အပေါင်းအဖော်ဖြစ်သည်။

အတတ်လွန်သော (၂၁) ရာစုတွင် လူသားတို့သည် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့နှင့် ကင်းဝေးကြပြီလား၊ အတော် သံသယရှိလာရသည့် အခြေအနေဖြစ်သည်။

ဒေါက်တာနေဇင်လတ်

(ဆက်လက်ဖော်ပြပေးပါမည်။)

No comments:

Post a Comment