Tuesday, November 2, 2010

တိုင်းပြည်မလိုချင်တဲ့ သူတော်စင်

ရှေးအခါက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်တစ်ခုဖြစ်သည်။ တစ်နေ့သ၌ သူတော်စင် ရာကယသည် ဇနကဘုရင်ထံသွားပြီးလျှင် ဇနကဘုရင်အား တရားဓမ္မ ဟောကြားပြသသည်။ သူတော်စင် ရာကယ ပြန်မည်ပြုသော်အခါ ဇနကဘုရင်က ပြောလိုက်သည်။

“ကျွန်ုပ်ကို အရှင်သူမြတ် အသိဉာဏ်ပေးတဲ့အတွက် တရားအမြင်ရဲ့ တံခါး ဖွင့်ပြတဲ့အတွက် အရှင်သူမြတ်ဟာ ကျွန်ုပ်အတွက် အလွန်တရာ ကျေးဇူးကြီးမားတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အဲဒီကျေးဇူးကို ဆပ်တဲ့အနေနှင့် ကျွန်ုပ်ပိုင်တဲ့ တိုင်းပြည်တစ်ခုလုံးကို အရှင်သူမြတ်အား ပေးလှူလိုပါတယ်။”

ဇနကမင်းကြီးရဲ့ စကားကို ကြားရသောအခါ သူတော်စင်ရာကယ က မဆိုင်းမတွ ပြန်ပြောလိုက်သည်။

“သင်မင်းကြီးရဲ့ တိုင်ပြည်ဟာ ကျုပ်အတွက် ဘာအဓိပ္ပါယ်မှ မရှိဘူး။ တိုင်းပြည်ဆိုတာ တရားနှင့်အညီ အုပ်ချုပ်မင်းလုပ်တဲ့လူရဲ့  လက်ထဲမှာသာ ရှိရမယ်။ ကျုပ်ကတော့ လောကီစည်းစိမ်များကို တပ်မက်တွယ်တာခြင်း မရှိတော့တဲ့ တရားဘာဝနာအလုပ်ကိုသာ ကျင့်ကြံအားထုတ်နေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။”

သူတော်စင်ပုဂ္ဂိုလ်ကြီး၏ စကားကို ကြားရသောအခါ ဇနကဘုရင်က “တကယ်လို့ ကျွန်ုပ်အနေနှင့် လှူဖွယ်ပစ္စည်း တစ်ခုခု ပေးလှူရင်ကော” ဟု မေးသောအခါ သူတော်စင် ရာကယ က ပြန်ပြောလိုက်သည်။

“တကယ်လို့ သင်မင်းကြီး လှူဖွယ်ပစ္စည်းတစ်ခုခုကို လှူဒါန်းချင်တယ်ဆိုရင်တော့ တိုင်းပြည်ကိုမပေးဘဲ တိုင်းပြည်ပေးလှူလိုတဲ့ မာန်မာန ကျုပ်ကို ပေးလှူပါ။”

ပါရဂူ
ဧကံသမယံ (၅)


No comments:

Post a Comment