Wednesday, September 29, 2010

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၃၆)

ကျွန်ုပ်တွေ့သော စိတ်သဘာဝ (၈)

တရားအားထုတ်ရာ၌ ဓမ္မ၀ိစယသမ္ဗောဇ္ဈင်နှင့် သမ္မာသင်္ကပ္ပတို့၏ အရေးကြီးပုံ

ကျွန်ုပ်အားထုတ်ပြီး အားထုတ်ဆဲဖြစ်သော ဒိဋ္ဌေဒိဋ္ဌမတ္တံနည်းသည် ဗုဒ္ဓဟောတော်မူခဲ့သည့် ၀ိပဿနာရှုနည်းပင်ဖြစ်သော်လည်း အခြားသောနည်းများနှင့် ခြားနားချက်ကြီးတစ်ခု ရှိခြင်းကို တင်ပြရပေဦးမည်။

များစွာသော ၀ိပဿနာ ဆရာ့ ဆရာတော်များက စိတ်သည်နှစ်ခု တပြိုင်တည်းမဖြစ်နိုင်၊ တစ်ခုပြီးမှ တစ်ခုဖြစ်ရသည်။ မိမိ၏စိတ်ကို မိမိသိသည်ဆိုရာ၌ ရှေ့ စိတ်ကို နောက်စိတ်ကသိခြင်းသာ ဖြစ်ရမည်။ ဥပမာ တစ်စုံတစ်ခုကို ကိုင်ချင်သောအခါ၌ ကိုင်ချင်သောစိတ် ဖြစ်ပေါ်လာခြင်းကို လူသာမန်တို့မသိလိုက်ဘဲ၊ ရှုမှတ်သောယောဂီတို့ သည်သာလျှင်သိရသည်။ သို့ရာတွင် ကိုင်ချင်သောစိတ်က ရှေ့ မှဖြစ်သွားခြင်းကို နောက်စိတ်က လိုက်၍ သိခြင်းဖြစ်သည်ဟု ပြောဟောပြခြင်းကို ကြားနာရဖူး၏။ စိတ်နှစ်ခု တပြိုင်နက်တည်း မဖြစ်နိုင်ခြင်းကိုလည်း ၀န်ခံ၍ သူ့နည်းနှင့်သူ မှန်ကန်ခြင်းကိုလည်း ၀န်ခံရပေမည်။ သို့ရာတွင် ဒိဋ္ဌေဒိဋ္ဌမတ္တံနည်းမူ၌ ရှေ့ ဆင့်နောက်ဆင့် မဟုတ်ဘဲ တပြိုင်နက်တည်းကဲ့သို့ ဖြစ်ပေါ်ရသော အခြင်းအရာကို တင်ပြလိုပါသည်။

ဧကုပ္ပာဒ ဧကနိရောဓ

ရှင်းဦးအံ့။
စိတ်နှစ်ခု တပြိုင်နက်တည်း မဖြစ်နိုင်ခြင်းမှာမူကား ဘုရားဟောဖြစ်ရုံသာမက၊ လက်တွေ့အားဖြင့်လည်း (စမ်းသပ်သူတိုင်းအဖို့) အလွန်ရှင်းလှသည်ဖြစ်၍ အထူးရေးသားရန်မလိုပါ။ သို့ရာတွင် ‘သတိ’ ဟူသည်မှာ စိတ် (၀ိညာဏက္ခန္ဓာ) မဟုတ်၊ စေတသိက်တရား (သင်္ခါရက္ခန္ဓာ)မျှသာဖြစ်၏။ ‘သတိ’ယှဉ်သော ‘စိတ်’ ဟူ၍လည်းရှိ၍၊ သတိမယှဉ်သော စိတ်ဟူ၍လည်း ရှိ၏။ စေတသိက်တို့မည်သည် (ဧကုပ္ပာဒ နိရောဓာစ၊ ဧကာလမ္ဗဏ ဟူသော သဂြိုဟ်အရ) စိတ်နှင့် တပြိုင်တည်းဖြစ်၍ တပြိုင်တည်းချုပ်သည်ဆိုရာ၊ စိတ်နှစ်ခု တပြိုင်တည်း မဖြစ်နိုင်သော်လည်း စေတသိက်ဖြစ်သော ‘သတိ’သည် စိတ်နှင့် တပြိုင်တည်း ဖြစ်နိုင်စွမ်းရှိ၏။ ဒိဋ္ဌေဒိဋ္ဌမတ္တံနည်းအရ အားထုတ်သောယောဂီသည် သတိနှင့်ယှဉ်သောစိတ် ရှိသည်ဆိုအံ့။ မြင်သောအခြင်းအရာကို “မြင်သည်”ဟူ၍ နောက်စိတ်ကလိုက်ပြီး မှတ်နေရတော့သည်မဟုတ်။ သတိနှင့်ကြည့်လိုက်လျှင် သတိနှင့်မြင်လိုက်တော့ သည်သာ ဖြစ်၏။ မြင်ခြင်းတည်းဟူသော အခြင်းအရာကို အလုပ်တစ်ခုအနေဖြင့် ရှုမှတ်ရတော့သည်မဟုတ်။ မလပ်သောသတိရှိသည်ဆိုလျှင် မြင်သည်နှင့်တပြိုင်နက် သတိတွဲလျှက်သာ ရှိရပါတော့သည်။ ဥပမာ ရေစိုသောလက်ဖြင့် တစ်စုံတစ်ခုသော ၀တ္ထုပစ္စည်းကို ကိုင်တွယ်လိုက်သည့်အခါ ထိလိုက်ခြင်းနှင့် စွတ်စိုခြင်းတည်းဟူသော အခြင်းအရာတို့မှာ တပြိုင်တည်း ဖြစ်ရသကဲ့သို့ပင်။ ထိုလက်ဖြင့် တစ်ခုပြီးတစ်ခု သိနိုင်ခြင်းကား မှန်သကဲ့သို့ စိတ်မှာလည်း တစ်ခုပြီးတစ်ခု သိနိုင်ပါသည်။ သို့ရာတွင် စိုစွတ်သောလက်သည် ၀တ္ထုပစ္စည်းကို ထိခြင်းကား အလုပ်တစ်ခု၊ စိုစွတ်စေခြင်းကား အလုပ်တစ်ခု မဟုတ်သကဲ့သို့ သတိယှဉ်သောစိတ်သည် အာရုံနှင့်ထိတွေ့သည်နှင့် တပြိုင်နက် ရှုမှတ်ပြီး ဖြစ်နိုင်ပါသည်။

မည်သို့ပင်ဖြစ်စေ ဒိဋ္ဌေဒိဋ္ဌမတ္တံနည်းအတိုင်း ကျနအောင် အားထုတ်သော ယောဂီသည် ဤအတိုင်းပင် တွေ့ရပေမည်။ ကျွန်ု့ပ်မှာ အကြိမ်ကြိမ် ၀န်ခံခဲ့သည့်အတိုင်း ကျမ်းတတ်တစ်ယောက် မဟုတ်သဖြင့် ကျမ်းဂန်ကို အခြေခံပြီး ကြံဆခြင်းမဟုတ်။ ကိုယ်တိုင်အားထုတ်၍ တွေ့ရှိရသော အခြင်းအရာကို တင်ပြခြင်းမျှသာ ဖြစ်ပါ၏။ သို့ရာတွင် ကျွန်ုပ်တွေ့ရှိသော သဘာဝသည် ကျမ်းဂန်နှင့် ကိုက်ညီသည်ဟု ယုံကြည့်ပါသည်။

တပြိုင်တည်းယှဉ်နိုင်ခြင်း

ထပ်၍ရှင်းဦးအံ့။
ဒိဋ္ဌေဒိဋ္ဌမတ္တံနည်းအရ အားထုတ်သော ယောဂီသည် စင်္ကြလျှောက်ခိုက်တွင် ပစ္စုပ္ပန်တည့်အောင် သုံးသပ်လျက်ရှိသည်ဆိုအံ့။ ကြွခြင်း၊ လှမ်းခြင်း စသောအလုပ်များကို ‘ကြွတယ်၊ လှမ်းတယ်’ စသည့် ပညတ်အခေါ်အဝေါ်များဖြင့် ရှုမှတ်ရန်လိုသည်မဟုတ်။ ကိုယ်ကာယ၏ အမူအရာပြောင်းလဲပုံ အခြင်းအရာများကို မပြတ်သောသတိဖြင့် စောင့်ကြည့်ရန်သာ လိုပေသည်။ ယင်းသို့ရှိစဉ် ‘ဒိုင်း’ခနဲ မြည်သောအသံကြီးတစ်သံ ကြားရသည်ဆိုအံ့။ ၄င်းကို ကြားရခြင်းအတွက်ကြောင့် စင်္ကြနှင့်ပတ်သက်၍ အလုပ်ပျက်သွားလေပြီဟု နှလုံးမသာယာခြင်း ဖြစ်ဖို့မလို။ အာရုံပြောင်းလဲသွားခြင်းကို ချက်ချင်းသိစေဖို့ သတိရှိရန်သာ အရေးကြီးပေသည်။

အာရုံပြောင်းလဲသွားခြင်းကို မသိလိုက်ဘဲ “ဘာသံပါလိမ့်” “ဘယ်ကလာတဲ့အသံပါလိမ့်” အစရှိသော အတွေးအခေါ်များ ၀င်ရောက်မလာစေအောင်၊ သတိရှိစေဖို့မှာလည်း အတော်ရင့်ကျက်လာသော ယောဂီများ၏ အလုပ်ကြီးဖြစ်လေသည်။ ဤကျင့်စဉ်၏ အရေးကြီးသော အလုပ်မှာ လွန်လေပြီးသော အတိတ်စိတ် (သို့မဟုတ် အာရုံ) ကို လိုက်၍ သိစေဖို့မဟုတ်၊ ပစ္စုပ္ပန်ဆတ်ဆတ်အပေါ်၌ သတိယှဉ်သောစိတ်ဖြင့် စောင့်ကြည့်ရန်သာ ဖြစ်လေသည်။ ရှေ့ စိတ်ကို နောက်စိတ်က သိခြင်းတည်းဟူသော အလုပ်မှာ အခြားရှုနည်းများအတွက် ဖြစ်ပေရာ၊ ဒိဋ္ဌေဒိဋ္ဌမတ္တံ ကျင့်စဉ်မူကား (ဓမ္မ၀ိစယ သမ္ဗောဇ္ဈင်အရ) လွန်လေပြီးသော အာရုံကို ရံဖန်ရံခါတွင် တမင်တကာ ဆင်ခြင်သုံးသပ်ခြင်းမျိုးမှတပါး အခါခပ်သိမ်း နောက်ပြန်ရှုမှတ်ရသော အလုပ်မျိုးမဟုတ်ပေ။ (ဓမ္မ၀ိစယ သမ္ဗောဇ္ဈင်အကြောင်းကို ရှေ့ တွင် ရှင်းလင်း ဖော်ပြပါဦးမည်။)

လက်ထပ်ဆရာ အရေးကြီးခြင်း

ဝိပဿနာ တရားအားထုတ်ခြင်း ဟူသည်မှာ ဂေါတမဗုဒ္ဓဟောတော်မူခဲ့သည့် နိဗ္ဗာန်ရောက်ကြောင်း လမ်းစဉ်ကြီးဖြစ်သည် မှန်သော်လည်း ကျမ်းဂန်ကိုကြည့်၍ အားထုတ်ရခြင်းထက် ထိုကျမ်းဂန်အရ အားထုတ်၍ အထိုက်အလျောက် ပေါက်ရောက်ထားသည့် ဆရာတော်ထံသို့ ချဉ်းကပ်ကာ အားထုတ်ပုံ အားထုတ်နည်းကို လက်ထပ်သင်ပြခြင်းခံရသည်က ပို၍အရာရောက်ကြောင်းမှာ ကျွန်ုပ်၏ ကိုယ်တွေ့ ဖြစ်ပါသည်။

ကိုယ်တိုင်အားထုတ်ဖူးခြင်းမရှိဘဲ ကျမ်းဂန်ထဲမှ ထုတ်နုတ်ကာ နည်လမ်းညွှန်ပြခြင်းသည်လည်း စာမဖတ်တတ်သူများအဖို့ အသုံးဝင်နိုင်သော်လည်း အဟုတ်တကယ် လိုလားသူဖြစ်ပါက အားထုတ်ထားသည့် အာစရိယထံ သြ၀ါဒခံယူပါမှ အရာရောက်နိုင်သည်ဟု နားလည်ကြရာချေသည်။ စင်စစ်မှာ တစ်ကြိမ်တစ်ခါမျှ လမ်းညွှန်ပြရုံနှင့် မပြီးသေး။ ဆရာသွားခဲ့သော လမ်းအတိုင်း တပည့်ဖြစ်သူက လိုက်လျှောက်ရာတွင် လမ်းခုလတ်၌ တိမ်းချော်ခြင်းများလည်း ရှိတတ်သည်ဖြစ်၍ မကြာမကြာ တွေ့ဆုံကာဖြင့် ပြုပြင်ပေးဖို့လည်း အရေးကြီးလှပေသည်။ ဤလမ်းကို ကိုယ်တိုင်မလျှောက်ဖူးသော ပုဂ္ဂိုလ်က ဆရာလုပ်ကာ မတိမ်းမချော်ရအောင် ပြုပြင်ပေးဖို့ဟူသည်မှာ လွန်စွာ သဘာဝမကျသဖြင့် ခဲယဉ်းသော အလုပ်တစ်ခုဟု ဆိုထိုက်ပေသည်။ ထို့ကြောင့်လည်း ကျွန်ုပ်၏ ငယ်ဆရာတော်က “လက်ထပ်ဆရာ အပြကောင်းမှ အကြောင်းကို ရိပ်မိနိုင်သည်” ဟု ဟောတော်မူဖူးလေသည်။

ကျွန်ုပ်၏သန္နိဋ္ဌာန်

ကျွန်ုပ်ရေးသားခဲ့သော ဒိဋ္ဌေဒိဋ္ဌမတ္တံနည်းကို သဘောကျသဖြင့် အားထုတ်သူအချို့ ၏ ‘လမ်းချော်’ ပုံနှင့် ကျွန်ုပ်ကိုယ်တိုင် စိတ္တာနုပဿနာ အလုပ်ကို လုပ်ဖူးစဉ်က ‘လမ်းချော်’ ပုံတို့ကို ဖော်ပြရပေဦးမည်။

ကျွန်ုပ်၌ ငယ်ဆရာတော် ရှိဖူးသည်မှန်သော်လည်း အလွန်နုနယ်သောအချိန်က တွေ့ရသော ဆရာတော်ဖြစ်၍၊ မဂ်ဖိုလ်နိဗ္ဗာန်ကိုရအောင် တစ်နေ့နေ့၌ အားထုတ်မည်ဟူသော သန္နိဋ္ဌာန်မျိုးစေ့ကလေး ချပေးခဲ့ရုံမှတပါး၊ ကျွန်ုပ်အား လက်ထပ်သင်ပြနိုင်သော အရေးအခွင့် မရှိခဲ့ချေ။

ဆရာတော်ပျံလွန်တော်မူသော်အခါ ကျွန်ုပ်မှာ အသက်၂၀ရှိပြီဖြစ်ရာ၊ ၁၃နှစ်ခန့်က ချထားခဲ့သော သန္နိဋ္ဌာန်ကို ကောင်းကောင်းသတိရသော်လည်း အားမထုတ်နိုင်သေးဘဲ၊ အမှတ်အသား ပြုထားလိုက်ရုံမျှသာရှိ၏။ သန္နိဋ္ဌာန်ချထားသောအချိန်၌လည်း ကျွန်ုပ်သည် မဂ်ဖိုလ်နိဗ္ဗာန်ကို လိုချင်လှသောကြောင့်မဟုတ်၊ (နားမလည်သော အခြင်းအရာတစ်ခုကို လိုချင်တတ်သည်ဟူ၍လည်း မဖြစ်နိုင်) ဆရာတော်ဘုရားက ကျွန်ုပ်၏ မိဘများနှင့် အခြားတပည့်များအား မကြာခဏ ဟောပြောလေ့ရှိသည့် ‘နိဗ္ဗာန်’ ဟူသော အခြင်းအရာမှာ မည်သို့သော အခြင်းအရာမျိုးဖြစ်သည်ဟု သိလိုသဖြင့် တစ်နေ့နေ့တွင် သိအောင် ကြိုးစားမည်ဟူသော ဆုံးဖြတ်ချက်မျှသာ ဖြစ်လေသည်။

(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)

No comments:

Post a Comment