Tuesday, September 28, 2010

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၃၅)

ပီတိ၏ အကျိုးတရား

အချို့ သောယောဂီများက ၀က္ကလိထေရ်၏ ပုံသက်သေကို တင်ပြ၍ ဗုဒ္ဓသည် မိမိကို ကြည်ညိုခြင်းထက်၊ မိမိ၏ တရားတော်အတိုင်း ကျင့်သုံးဆောက်တည်သော ယောဂီကိုသာ အလိုတော်ရှိကြောင်း ဟောတော်မူဖူးသည်ဟု ဆိုကြသည်။ ဗုဒ္ဓဟောတော်မူခြင်းကား ဟုတ်ပေသည်။ ကိုယ်တော်ကို ဖူးမြော်ကန်တော့ခြင်းဖြင့် အချိန်ကုန်စေပြီး၊ တရားကို အားမထုတ်သော ၀က္ကလိထေရ်အား မောင်းမဲတော်မူဖူးခြင်းလည်း မှန်ပေသည်။ သို့ရာတွင် ဗုဒ္ဓကို အာရုံပြု၍ ကြည်ညိုခြင်းနှင့် ဗုဒ္ဓ၏ တရားတော်ကို အားထုတ်ခြင်းတို့၏ ဆက်သွယ်မှုရှိပုံကို (ကိုယ်တွေ့  အဖြစ်အပျက် တစ်ခုအားဖြင့်) တင်ပြလိုပေသည်။

ကျွန်ုပ်သည် အသက် ၃၅နှစ်အရွယ်တွင် တရားအားထုတ်ဖို့ ပြဋ္ဌာန်းပြီးနောက်၊ ဗုဒ္ဓ၏ဉာဏ်တော်ကြီးခြင်းကို (မှန်းဆခြင်းအားဖြင့်) ကြည်ညိုလိုက်ရာတွင် မျက်ရည်များယိုစီးသည်အထိ ပီတိဖြစ်ခဲ့၍ ကျွန်ုပ်၏ စိတ်နှလုံးမှာလည်း ငြိမ်းချမ်းကြည်လင်ခြင်း ဖြစ်သွားသည်ကို ကိုယ်တိုင် ခံစားခဲ့ရသည်။ ထို့နောက် ဆက်လက်၍ တရားအားထုတ်ရာတွင် (ဗုဒ္ဓကို ခဏခဏ အာရုံပြုစေကာမူ) ထိုအချိန်က ရရှိခဲ့သည် ငြိမ်းချမ်းကြည်လင်သော အခြင်းအရာသည် ပျောက်တော့သည်မရှိဘဲ တရားအားထုတ်ဖို့ အဓိဋ္ဌာန်ပြုသည့် ရက်သတ္တပတ်လုံးလုံး ဆက်လက်တည်ရှိခြင်းကို ကြုံဖူးသည်။ ဤသည်ကား ဗုဒ္ဓကို လှိုက်လှိုက်လှဲလှဲ ကြည်ညိုခြင်း၏ အာနိသင်ဖြစ်သည်ဟု ကျွန်ုပ်ယုံကြည်သည်။

သံသယဖြစ်ခြင်း

ထို့ပြင် ဗုဒ္ဓ၏ တရားတော်ကို အားထုတ်၍ ‘တရားရပြီ’ ဆိုသော ယောဂီများ၏ ကြည်ညိုမှုနှင့် ပတ်သက်၍လည်း တင်ပြရန်ရှိသေး၏။ တရားရပြီဆိုသော အချို့ ယောဂီများသည် ဗုဒ္ဓကို ကြည်ညိုသည့် အရာဌာနတွင် ကျွန်ုပ်မျှော်လင့်သလောက် လေးစားမှုမရှိခြင်းကို တွေ့ ရ၏။ ၄င်းတို့ ကိုယ်တိုင်ကလည်း အထက်ပါအတိုင်း ပြောတတ်ကြ၏။ ဤအတွက်ကြောင့်ပင် ထိုသူတို့အပေါ် ကျွန်ုပ်သံသယဖြစ်ခဲ့ရ၏။ တရားအားထုတ်ပြီး၍ ‘တရားကောင်း’ သော ယောဂီများသည် သူလိုငါလို ဗုဒ္ဓဘာသာဝင်ကဲ့သို့ ဤဘုရား၊ ထိုဘုရား၊ ဤဆင်းတုတော်၊ ထိုစေတီတော်စသည်တို့ကို တကူးတက သွားရောက်ဖူးမြော်ကြဖို့ ကျွန်ုပ်မျှော်လင့်သည်ကား မဟုတ်ချေ။ သို့ရာတွင် ကျွန်ုပ်၏ ငယ်ဆရာတော်သည်လည်းကောင်း၊ ကျွန်ုပ်ကိုယ်တိုင်နှိုက်က မဂ်ဆိုက်ပြီဟူ၍ ယုံကြည်စိတ်ချရသော ပုဂ္ဂိုလ်တစ်ဦးသည်လည်းကောင်း၊ ဗုဒ္ဓအား (ဤလက်ထက် ယောဂီများထက်) လွန်စွာ ကြည်ညိုလေးစားကြသည်ကို တွေ့ကြုံခဲ့ရသည်။ ၄င်းတို့သည် တရားနှင့်ပတ်သက်သော စကားမျိုး ပြောဟောသည့်အခါတိုင်း၊ ဗုဒ္ဓအား လက်အုပ်တချီချီနှင့် ပြောဟောသည်ကို တွေ့ရ၏။ ထိုအမူအရာကို ထားပါဦး။ ဗုဒ္ဓ၏တရားနှင့် ပတ်သက်လာလျှင် ဗုဒ္ဓကို သတိရသော မျက်နှာထား၊ ကျေးဇူးတင်သော အမူအရာတို့ကို ထင်ရှားစွာတွေ့ရပေသည်။ ဤသို့သော အခြင်းအရာကြောင့် ‘တရားရဖို့သာ အရေးကြီးသည်။ ဘုရားရှိခိုးနေဖို့ အရေးမကြီးလေဟန်’ ပြုမူကြသော ဤခေတ်ယောဂီများအပေါ်၌ ကျွန်ုပ်သံသယာဖြစ်မိ၏။

ဟုတ်ကြပါလေစ

ရှင်းဦးအံ့။ မိမိအား အသက်ကိုကယ်ဆယ်ဖူးသည့် ကျေးဇူးရှင်တစ်ယောက်အား မကြာခဏ သတိရတတ်ခြင်းသည် ကျေးဇူးသိတတ်သော လူများ၏ သဘာဝပင်ဖြစ်၏။ ဗုဒ္ဓ၏တရားတော်သည် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ခြင်းတည်းဟူသော အနာဂတ်အရေးအတွက်သာမက၊ ဤပစ္စက္ခဘ၀တွင်လည်း (မဂ်အစစ်ဖြစ်ခဲ့လျှင်) သူလိုငါလိုလူများထက် စိတ်သက်သာရာရသော အကျိုးတရားကို ပေးစွမ်းနိုင်သည်ဟု ဆိုပေရကား၊ ၄င်းနည်းလမ်းကို ညွှန်ပြတော်မူခဲ့သည့် ဗုဒ္ဓကိုယ်တော်မြတ်အား ကျေးဇူးမတင်ဘဲ၊ ခဏခဏ သတိမရဘဲ နေသင့်သည်လည်းမဟုတ်၊ နေနိုင်လိမ့်မည်လည်းမဟုတ်ဟု ကျွန်ုပ်နားလည်သည်။ ဤခေတ်ယောဂီများသည် မိမိတို့၏ (အာစရိယ) ဆရာသမားအကြောင်းကို ဂုဏ်တင်၍ ပြောတတ်ကြသော်လည်း ဗုဒ္ဓကို အာရုံပြုခြင်း နည်းပါးသည့်အနေမျိုး ၀န်ခံတတ်ကြသည်မှာ ကျွန်ုပ်အဖို့ရာ၌ သံသယဖြစ်စရာ အချက်ကြီးတစ်ခုအနေဖြင့်သာ ရှိနေပါတော့သည်။


(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)

No comments:

Post a Comment