Monday, September 27, 2010

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၃၄)

ဝိပဿနာအလုပ်သည် စိတ်ညှို့ မဟုတ်

ကျွန်ုပ်၏ အကြိမ်ကြိမ် ရှင်းလင်းဖော်ပြခဲ့သည့် “ဒိဋ္ဌေဒိဋ္ဌမတ္တံ”နည်းမှာ မိမိကိုယ်တိုင် မကြုံဘူး၊ မတွေ့ဘူးသော အခြင်းအရာကို မှန်းဆပြီး စိတ်ကူးတွေးတောရန် မလို၊ ပစ္စုပ္ပန်တည့်တည့်အပေါ်၌သာ အာရုံပြုခြင်းအားဖြင့် ဖြစ်ခြင်း၊ ပျက်ခြင်း သဘောတရားများသည် ဉာဏ်အမြင်ထဲတွင် ရှင်းရှင်းလင်းလင်း ကွက်ကွက်ကွင်းကွင်း ပေါ်ထွက်လာရသည်။ ဗုဒ္ဓက ထင်ရှားသော အာရုံတို့ကိုသာ စောင့်ကြည့်ရမည်။ မထင်ရှားသော အာရုံများကို ရော်ရမ်းမှန်းဆပြီး ရှုမှတ်ခြင်းမပြုသင့်ဟု ဟောတော်မူ၏။ အနောက်တိုင်း လောကဓာတ်နည်းမှာလည်း စူးစမ်းရှာဖွေခြင်းအလုပ်နှင့် ပတ်သက်၍ အတော်ပင် နည်းလမ်းကျ၏။ “သိသောအရာမှ မသိသောအရာသို့ တက်ရမည်” (from the know to the unknown) ဟု ဆိုပေသည်။ ခဏခဏ ပြောင်းလဲလျက်ရှိသော ရုပ်၊ သို့မဟုတ် အသိစိတ်ကလေးသည် (သတိနှင့်ယှဉ်လျက်) မြင်နိုင်သော အခြင်းအရာဖြစ်၏။ ချသောခြေထောက်သည် လှမ်းသောခြေထောက် မဟုတ်တော့ဆိုခြင်းမှာ ယောဂီအမြင်မဟုတ်။ မြင်ပြီးသော အရိယာ၏ ‘အဖြေမှန်’ ကို ရော်ရမ်းကာ နှလုံးသွင်းရခြင်းမျှသာ ဖြစ်လေသည်။ ရော်ရမ်းမှန်းဆခြင်းသည် ၀ိပဿနာအလုပ်မဟုတ်ဟူ၍ ဗုဒ္ဓက အတိအလင်း ဟောတော်မူခဲ့လေသည်။ ၀ိပဿနာအလုပ်သည် ‘စိတ်ညှို့ ’ အတတ် မဟုတ်ချေ။

လမ်းမှားတတ်ခြင်း

‘စိတ်ညှို့ ’ အတတ်သည် ၀ိပဿနာအလုပ် မဟုတ်သော်လည်း သမာဓိ (သမထ)နှင့် ယှဉ်သောအလုပ်မျိုးဖြစ်၍၊ လောကီဈာန်၊ အဘိဉာဏ်နှင့် တန်ခိုးအာနိသင်များ ရရှိနိုင်သည်ဟု ယုံကြည်ကြရလေသည်။ အရူပကမ္မဋ္ဌာန်း လေးခုရှိသည့်အနက်၊ နိတ္ထိကိဉ္စိ၊ (ကိဉ္စိ၊ တစ်စုံတစ်ရာမျှ နတ္ထိ၊ မရှိ) ဟူသော ကမ္မဋ္ဌာန်းသည် အတော် အထက်တန်းကျသော ကမ္မဋ္ဌာန်းဖြစ်၏။ မြင်ရ ကြားရသည့် အာရုံငါးပါး ရုပ်တရားတို့သည် အဟုတ်တကယ် ဘာမျှမရှိဟု အကြိမ်ကြိမ် စူးစိုက်၍ နှလုံးသွင်းခြင်းအားဖြင့် ထင်မြင်လာရ၏။ သို့ရာတွင် ဤသို့ထင်မြင်လာခြင်းအားဖြင့်လည်း မဂ်ဆိုက်နိုင်သည်မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် ဖြစ်ခြင်း၊ ပျက်ခြင်း (ဥဒယဗ္ဗယ) ဉာဏ်အမြင်လည်း မပါရှိ။ နောက်ဆုံး၌ အဟုတ်ရှိတကယ်ရှိသော သဘာဝကို မြင်သည်အထိ မပေါက်နိုင်သောကြောင့်ပေတည်း။ ဗုဒ္ဓ၏ မဂ်တရား ဖိုလ်တရားကျင့်စဉ်သည် အလွန်နက်နဲသိမ်မွေ့၏။ ထို့ကြောင့်လည်း ၀ိပဿနာယောင်ယောင်နှင့် သမထလမ်းစဉ်သို့ ရောက်သွားတတ်ကြခြင်း ဖြစ်လေသည်။

ဆိုက်ကိုလိုဂျီနှင့် ခြားနားပုံ

စိတ်သဘာဝ နံပါတ်(၁) ဆောင်းပါး၌ အနောက်တိုင်းမှ ဆိုက်ကိုလိုဂျီနည်းမျိုးသည် (စိတ်အတတ်ပညာပင်ဖြစ်သော်လည်း) မဂ်ဖိုလ်နိဗ္ဗာန်ရနိုင်သော နည်းမဟုတ်ဟု ကျွန်ုပ်ရေးခဲ့ဖူးရာ၊ ၄င်းပညာကို အနည်းငယ်လေ့လာဖူးသော လူငယ်တစ်ယောက်က မဂ်ဖိုလ်ကိုလိုချင်၍ လေ့ကျင့်ခြင်းလည်း မဟုတ်ပါဟု လာ၍ပြောဖူးလေသည်။ ဟုတ်ပါပေလိမ့်မည်။ သို့ရာတွင် အချို့ လူများက ထင်တတ်ကြသည်မှာ အနောက်တိုင်းသားများသည် လွန်ခဲ့သော နှစ်ပေါင်း၃၀ခန့်ကမှ စိတ်ပညာအကြောင်းကို လေ့လာကြသည်ဖြစ်ရာ၊ ယခုအခါ၌ပင် စိတ်အကြောင်းကို အတော်သိနေကြသည်ဖြစ်၍ နောင် နှစ်ပေါင်း လေးငါးဆယ်ဆိုလျှင် အကြွင်းမဲ့လောက် သိကုန်ကြပြီး၊ မဂ်ပေါက် ဖိုလ်ပေါက် ရောက်နိုင်သည်ဟု ထင်ကြလေသည်။ ကျွန်ုပ်ရေးခဲ့ခြင်းမှာ ထိုကဲ့သို့ ထင်မြင်ယူဆသော လူများအတွက် ရည်ရွယ်ရေးသားခဲ့ခြင်းမျှသာဖြစ်၏။ အနောက်တိုင်းသားများ ဆိုက်ကိုလိုဂျီ (စိတ်ပညာ) လိုက်နည်းနှင့် ဗုဒ္ဓ၏ စိတ္တနုပဿနာနည်းမှာ အခြေခံအားဖြင့် အကြီးအကျယ် ခြားနားခြင်းရှိ၏။ ဆိုက်ကိုလိုဂျီနည်းမှာ စိတ်သဘာဝအကြောင်းကို စဉ်းစားဆင်ခြင်ခြင်း၊ ကြံဆတွေးတောခြင်းတည်းဟူသော အလုပ်ဖြင့် သိရသောပညာဖြစ်၏။ ဗုဒ္ဓ၏ စိတ္တနုပဿနာနည်းမှာ ကြံဆတွေးတောခြင်း၊ စဉ်းစားဆင်ခြင်ခြင်းဖြင့် သိရသောနည်းမဟုတ်။ ပစ္စုပ္ပန်တည့်တည့် ရှုကြည့်ခြင်းအားဖြင့် ထိုးထွင်းသိမြင်ရသော နည်းဖြစ်၏။ သို့ဖြစ်လျှင် မည်သို့ခြားနားခြင်း ရှိပါသနည်း။ ဆိုက်ကိုလိုဂျီနည်းဖြင့် သိရသော စိတ်သဘာဝသည် မှားသည်ဟုမဆိုနိုင်။ မှန်ကန်သည်ဟူ၍ပင် ၀န်ခံရပေမည်။ သို့ရာတွင် မှန်ပုံမှန်နည်းမှာ သမုတိသစ္စာနယ်အတွင်း၌ မှန်ကန်ခြင်းဖြစ်၏။ ပညတ်ကို ထိုးဖောက်မသွားနိုင်ချေ။ ဗုဒ္ဓ၏ စိတ္တနုပဿနာနည်းသည်သာလျှင် ပညတ်ကိုထိုးဖောက်၍ ပရမတ္တနယ်အတွင်းသို့ ရောက်နိုင်လေသည်။ ထို့ကြောင့် ဆိုက်ကိုလိုဂျီ ဆရာကြီးများသည် စိတ်သဘာဝအကြောင်းကို နှစ်ပေါင်းမည်မျှကြာအောင် လေ့လာ၍ ၄င်းတို့ သိပုံသိနည်းသည်လည်း မှန်ကန်ချင်သလောက် မှန်ကန်စေ၊ မဂ်ဆိုက် ဖိုလ်ဆိုက်မဖြစ်နိုင်ဟု ကျွန်ုပ်ဆိုရဲသည်။

လက်တွေ့အသုံးချပုံ

ရှင်းဦးအံ့။ ဥပမာ ဆိုက်ကိုလိုဂျီ ဆရာကြီးတစ်ယောက်အား အခြားလူတစ်ယောက်က မခံချင်အောင် ကဲ့ရဲ့ရှုံ့ချ၍ စိတ်ဆိုးရသည်ဆိုအံ့။ ၄င်းဆရာကြီးသည် ဤအကြောင်းကို စဉ်းစားမိတိုင်း စိတ်ဆိုးမိခြင်းမှ လွတ်အောင်ရှောင်နိုင်မည် မဟုတ်ချေ။ သတိရ၍ စဉ်းစားမိသောအခါမှ စိတ်ဆိုးရမည်ဆိုခြင်းကို သဘောပေါက်၍ မစဉ်းစားဘဲ နေနိုင်အောင် တတ်နိုင်ကောင်း တတ်နိုင်မည်ဖြစ်သော်လည်း (ဤမျှလောက်ပင် တတ်နိုင်ကောင်းမှ တတ်နိုင်ပေမည်။) စိတ်ဆိုးစရာမဟုတ်သည့်အကြောင်းကို သိရှာမည်မဟုတ်ချေ။ ဗုဒ္ဓ၏ စိတ္တနုပဿနာသမားမူကား ဖြစ်ပြီးသော စိတ်သည် ကုန်ဆုံးပျောက်ပျက်သွားခဲ့ပြီ ဟူသော အခြင်းအရာကို အကြိမ်အကြိမ် အထပ်ထပ် လက်တွေ့ဆင်ခြင်သုံးသပ်ထားသဖြင့် နှလုံးခိုက်အောင် သဘောကျဖူးသည် ဆိုပါစို့။ ထိုသူအဖို့ သတိလစ်သောအခါ၌သာလျှင် စိတ်ဆိုးမည်။ သတိရ၍ မိမိမြင်ပြီးသော အခြင်းအရာကို ဆင်ခြင်လိုက်သည်နှင့် တပြိုင်နက်၊ ဒေါသစိတ် ပြေပျောက်သွားပေလိမ့်မည်။ ဆိုလိုရင်းမှာ ဆိုက်ကိုလိုဂျီသမား၏ သိခြင်းသည် စဉ်းစားဉာဏ်သက်သက်ဖြင့် သိခြင်းဖြစ်၍ စိတ္တနုပဿနာသမား၏ သိခြင်းသည် ဘာဝနာအဟုန်ကြောင့် သိခြင်းဖြစ်ရာ၊ လောဘ-ဒေါသ စသည်များကို သိမ်းဆည်းရာ၌ ကြီးစွာသော ခြားနားခြင်း ရှိသည်ဟူလို။

ဘုရားအာရုံပြုခြင်း

မဂ်တရား ဖိုလ်တရားကို ရစကောင်းသည်ဆို၍ အားထုတ်ကြသဖြင့် ကိုယ့်ဟာကိုယ် ရပြီဟု ယူဆကြသော ပုဂ္ဂိုလ်အချို့ တို့အား ချဉ်းကပ်ဆွေးနွေးခြင်း၊ စောင့်ကြည့်၍ အကဲခပ်ခြင်း စသည်ဖြင့် ကျွန်ုပ် ပြုလုပ်လေ့ရှိသည်။ ထိုသူတို့၏ မဂ်ဆိုက်ပုံဆိုက်နည်းကို ထားပါဦး။ စိတ်နေသဘောထားကိုလည်း ထားပါဦး။ ဗုဒ္ဓကို သတိရမှုနှင့်ပတ်သက်၍ အကဲခတ်ခြင်းများလည်း ပြုလုပ်ခဲ့သည်။ အချို့ သော (တရားပေါက်ပြီဆိုသည့်) ယောဂီများ ပြောတတ်ကြသည်မှာ “ဘုရားကြည်ညိုခြင်းအလုပ်သည် တရားအားမထုတ်ချင်သော လူများ၏ အောက်တန်းစား အလုပ်မျိုးဖြစ်သည်။ မိမိတို့လည်း ရှေးယခင်က လုပ်ခဲ့ဖူးသည်” စသည်ဖြင့် ပြောတတ်ကြခြင်းကို ထောက်ခြင်းအားဖြင့် ထိုသူသည် တရားအားထုတ်ပြီးသည့်နောက်ပိုင်းတွင် ဘုရားကို အာရုံပြုခြင်းနည်းပါးသည်ဟု ဆိုလိုရာရောက်၏။ ဤအပြုအမူသည် မှန်ကန်ပါ၏လော၊ သဘာဝကျပါ၏လောဟု ဆန်းစစ်ဖို့လိုပေသည်။


(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)

No comments:

Post a Comment