Wednesday, September 22, 2010

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၃၂)

သိစိတ်အကြောင်း

ထိုနည်းတူစွာ ‘ဒိဋ္ဌေဒိဋ္ဌမတ္တံ’နည်းအတိုင်း လေ့ကျင့်၍ (ရုပ်နာမ်ရှိသည့်အနက်) နာမ်ဘက်သို့ ဦးညွတ်သော ယောဂီသည် မိမိ၏စိတ်ကို စောင့်၍ကြည့်ခြင်းအားဖြင့် စိတ်၏သဘာဝကို ယထာဘူတကျကျ သိနိုင်ပါသည်ဆိုလျှင် မယုံကြည်နိုင်စရာမရှိပေ။ သတိဦးစီးလျက် မိမိ၏စိတ်ကို စောင့်ကြည့်သည့်အခါ အသစ် အသစ်ဖြစ်လျက်ရှိသော ‘သိစိတ်’ ကလေးတွေကို တွေ့ရလိမ့်မည်။ အဆင်း (ရူပါရုံ) ကို သိသောစိတ်၊ အသံကို သိသောစိတ်၊ အရသာကို သိသောစိတ်၊ (တစ်ချက် တစ်ချက် သတိလစ်သည့်အခါ) ကြံစည်တွေးတောသောစိတ် စသည်ဖြင့် တစ်ခုပြီးတစ်ခု၊ တစ်စိတ်ပြီးတစ်စိတ် ဖြစ်နေသော အခြင်းအရာကို လက်တွေ့မြင်ရလိမ့်မည်။ ဤအချင်းအရာကို လူတိုင်းမြင်သည် မထင်လေနှင့်။ သတိနှင့် စောင့်ကြည့်သော ယောဂီသာလျှင် လက်တွေ့မြင်ရသည်။ တစ်ခုပြီးတစ်ခု သိတတ်သည်ဟု လူတိုင်းနားလည်ပုံရသော်လည်း နာလည်ရုံမျှ နားလည်ခြင်းနှင့် တကယ်စောင့်ကြည့်ခြင်းအားဖြင့် တွေ့ရသော ယောဂီ၏ ကိုယ်တွေ့သိမြင်ခြင်းတို့သည် ကြီးစွာသော ခြားနားခြင်းရှိလေသည်။ (ဤအချက်ကို လေးလေးနက်နက် ယုံကြည်ဖို့ အရေးကြီးသည်။) ခဏချင်း ခဏချင်း အသစ်အသစ်ဖြစ်နေသော ‘သိစိတ်’ ကလေးများပေတကားဟု သဘောပေါက်လာသောအခါ အသစ်တစ်ခု ဖြစ်လာသည်ဆိုကတည်းက အဟောင်းတစ်ခု ပျောက်ပျက်သွားတော့သည်ဟု ‘လက်တွေ့’ သဘောပေါက်လာတတ်သည်။ လက်စသတ်တော့ ဖြစ်ချည်ပျက်ချည်ဖြစ်နေသော သိစိတ်ကလေးပါတကား၊ အမြဲတစေ တည်ရှိနေသော သိစိတ်ကလေးမျိုး မဟုတ်ပါတကားဟု တစ်ကြိမ်တစ်ခါတွင် လှိုက်လှိုက်လှဲလှဲ သဘောကျသွားတတ်ပေသည်။ ဤကား ဥဒယဗ္ဗယဉာဏ်ပေတည်း။

ဤမျှလောက်တော့ လူတိုင်းသိသည်။ မြစ်ရေအလျဉ်ကဲ့သို့ တစ်သွင်သွင်စီးနေသော စိတ်သဘာဝကို သိပါမှ ဟုတ်လိမ့်မည်။ ဗုဒ္ဓက လက်ဖျစ်တစ်တွက်အတွင်း ကုဋေတစ်သိန်း ချုပ်တတ်သည်ဟု ဟောတော်မူသောကြောင့် ဤမျှလောက် ကြဲကြဲကြီးသိရုံလောက်နှင့် ဘာမျှမဟုတ်သေး စသည်ဖြင့် ပြောတတ်သူများလည်း ရှိကြလေသည်။ ဤကဲ့သို့ ပြောဟောတတ်သော ပုဂ္ဂိုလ်များကြောင့် မြန်မာပြည်သို့ ဗုဒ္ဓသာသနာရောက်ခဲ့သည်မှာ ရာစုနှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပါလျက် အရိယာပုဂ္ဂိုလ်ဆို၍ ဤနောက်ပိုင်းကာလတွင်မှ ကြားကြရခြင်းဖြစ်သည်။ သိစိတ် တစ်ခုပြီးတစ်ခု ဖြစ်ခြင်းကို အတွေးဖြင့်မဟုတ်ဘဲ၊ မျက်ဝါးထင်ထင် တစ်ကြိမ်တစ်ခါ သိလိုက်ရခြင်း၏ တန်ဖိုးရှိခြင်းကို ထိုပုဂ္ဂိုလ်များ နားမလည်ကြ၊ လက်တွေ့လည်း အလုပ်လုပ်မကြည့်ဘဲ မှန်းဆရမ်းသန်း ပြောဆိုကြခြင်းမျှသာ ဖြစ်လေသည်။ မြစ်ရေအလျဉ်ကဲ့သို့ဟူသော အမြင်မှာ အရိယာပုဂ္ဂိုလ်၏ အမြင်ဖြစ်ရာ၊ ဥဒယဗ္ဗယဉာဏ်အဆင့်၌ အဘယ်မှာ အရိယာ၏အမြင်မျိုး မြင်နိုင်ပါဦးမည်နည်း။ အရိယာဖြစ်အောင် အားထုတ်သော ယောဂီသည် ဥဒယဗ္ဗယဉာဏ်လမ်း အတိုင်းပင် သွားရမည် မဟုတ်ပါလော။ အရိယာတို့၏ အမြင်ကို တစ်ခါတည်း မူတည်ပြီး၊ မိမိလည်းမြင်အောင် (လုပ်နည်းမပါဘဲ) လေ့ကျင်ကြသူတို့ များခဲ့ခြင်းအတွက်ကြောင့် မြန်မာပြည်၌ မဂ်တရား၊ ဖိုလ်တရား တိမ်မြှုပ်ခဲ့ခြင်း ဖြစ်လေသည်။

စိတ်ကူးဖြင့်မြင်ရတတ်ခြင်း

စိတ်အကြောင်းကို ယထာဘူတကျကျ သိလိုလျှင် စိတ်အကြောင်းရေးထားသော စာတွေကိုဖတ်၍ ‘ကိုယ်တွေ့’ အသိမျိုးမသိနိုင်။ မိမိ၏စိတ်ကို စောင့်ကြည့်ခြင်းဖြင့်သာလျှင် သိနိုင်ကြောင်း ဖော်ပြခဲ့ရာ၊ ရုပ်အကြောင်းကို သိလိုလျှင်လည်း ဤနည်းတူပင်ဖြစ်သည်။ ‘ဒိဋ္ဌေဒိဋ္ဌမတ္တံ’နည်းအတိုင်း လေ့ကျင့်၍ (ကာယ)ဘက်သို့ ဦးလှည့်သော ယောဂီသည် ကာယကို စောင့်ကြည့်သော အလေ့အကျင့် ဖြစ်ပေါ်လာတတ်သည်။ ဣရိယာပထ ဣရိယာပုတ် အပြောင်းအလဲနှင့်တကွ ကိုယ်ကာယ၏ လှုပ်ရှားမှု၊ ဖောက်ပြန်မှုဟူသမျှကို သတိနှင့် စောင့်၍ကြည့်ရသည်။ မိမိက ခုနက ကိုယ်ကာယကြီးမရှိတော့ဘူး၊ ယခုအသစ်ဖြစ်လာပြီဟူ၍ (အရိယာတို့မြင်သော အခြင်းအရာကို) ကြိုတင်ပြီးနှလုံးသွင်းရန်မဟုတ်။ မိမိ၏ အလုပ်မှာ ပြောင်းလဲတိုင်း ပြောင်းလဲတိုင်း သတိမပြတ်စေအောင် စောင့်ကြည့်ပြီး ကြည့်ရန်မျှသာဖြစ်သည်။ မိမိကိုယ်တိုင်က မမြင်သေးဘဲ၊ အရိယာတို့မြင်သော (အဖြေမှန်) အဖြစ်ကို ကြိုတင်ပြီး စိတ်ကူးခြင်းသည် ကိုယ့်ကိုယ်ကို ‘ညှို့ ’ခြင်း (auto suggestion) မျှသာဖြစ်၍ လူအများထင်ကြသလောက် ခရီးမရောက်တတ်ချေ။ စိတ်ကူးဖြင့် ကိုယ့်ကိုယ်ကြီး ပျက်ကျနေသည်ဆိုခြင်းသည် စိတ်ကူး (imagination) မျှသာဖြစ်၍ တကယ့်ဉာဏ်အမြင် မဟုတ်သေးချေ။ ဆိုလိုရင်းမှာ ယောဂီ၏အလုပ်သည် အပြောင်းအလဲဟူသမျှကို သတိနှင့် ရှုကြည့်ရန်မျှသာဖြစ်ရာ၊ ပျက်ကျခြင်းစသော အခြင်းအရာများကို မြင်ရန်မှာ မိမိက တတ်နိုင်သည်မဟုတ်၊ ရင့်ကျက်သောအခါ၌ အလိုအလျှောက် ပေါ်လာရသော ဉာဏ်အမြင်မျှသာဖြစ်သည်ဟူလို။

အလိုအလျှောက် ပေါ်ရသော ဉာဏ်အမြင်

ကာယနုပဿနာ သတိပဋ္ဌာန်၌ ဗုဒ္ဓက (ဣရိယာပထပိုင်းတွင်) ထိုင်ခြင်း၊ ထခြင်း၊ လဲလျောင်းခြင်းမှစ၍ လည်ပင်းကို စောင်းငဲ့ခြင်းတိုင်အောင် သိစေရမည်ဟု ဟောတော်မူ၏။ လည်ပင်းကို စောင်းငဲ့သည့်အခါ စောင်းငဲ့သည်ဟူ၍ ‘ပဇာနာတိ’ သိစေရမည်ဟု ဟောတော်မူ၏။ အချို့ က ပဇာနာတိ၊ သိရမည်ဆိုခြင်းအားဖြင့် သိရုံမျှကလေးသိစေရမည်မဟုတ်၊ ဓာတ်လေးပါး အစုအဝေးဖြစ်ခြင်း၊ မမြဲသောသဘောတရားရှိခြင်း စသည်တို့ကိုပါ သိစေရမည်ဟု ဋီကဖွင့်တတ်ကြသည်။ သတိပဋ္ဌာန်ဟူသောအလုပ်မှာ ဤအရာများကို နှလုံးသွင်းရန်အတွက် ဗုဒ္ဓက ဟောတော်မူခဲ့ခြင်းမဟုတ်။ သတိယှဉ်သောစိတ်မျိုး အမြဲရှိစေရန် တစ်ခုတည်းသော ရည်ရွယ်ချက်ဖြင့် ဟောတော်မူခဲ့ခြင်း ဖြစ်သည်ဟု ကျွန်ုပ်နားလည်သည်။ သတိယှဉ်သော စိတ်မျိုးဖြစ်အောင် လုံလောက်စွာ လေ့ကျင့်ထားသော ယောဂီအဖို့၌ ဖြစ်ချည်ပျက်ချည်ရှိနေခြင်း၊ မမြဲခြင်း၊ အစိုးမရခြင်း၊ ငါမဟုတ်ခြင်း၊ အနှစ်သာရမရှိခြင်းစသော အဖိုးထိုက်သည့် ဉာဏ်အမြင်မျိုးတို့ သည် အလိုအလျှောက် ပေါ်ပေါက်လာရမည် ဖြစ်လေသည်။ အဆိုပါ ဉာဏ်အမြင်မျိုးကို မိမိက ခေါ်ယူ၍ ရသည်မဟုတ်။ သဒ္ဓါ၊ ၀ီရိယ၊ သမာဓိ၊ ပညာတည်းဟူသော ဗိုလ်ငါးပါးတို့ ညီမျှသောအခါ၌ ဘွားခနဲ ဖြစ်ပေါ်လာရသော ဉာဏ်အမြင်မျိုးမျှသာ ဖြစ်ခဲ့လေသည်။

တိရစ္ဆာန်သိနည်းမျိုးမဟုတ်

အချို့ က ပြောတတ်ကြသေးသည်ကား၊ ထိုင်လျှင်ထိုင်ခြင်းကို လည်ကောင်း၊ ထလျှင် ထခြင်းကိုလည်းကောင်း၊ လူတိုင်းလည်းသိသည်။ တိရစ္ဆာန်များပင် သိကြသည်ဆို၏။ ဤလူများကား ဗုဒ္ဓ၏ သတိပဋ္ဌာန်အလုပ်အကြောင်းကို အလျဉ်းနားမလည်သော သူများသာဖြစ်ကြသည်။ ထိုင်ခြင်း ထခြင်းကို လူလည်းသိသည်။ တိရစ္ဆာန်လည်းသိကြသည်ဆိုရာ၌ တိရစ္ဆာန်နှင့်အတူတူ သိခြင်းမျိုးကို ဗုဒ္ဓရည်ရွယ်တော်မူခြင်း မဟုတ်ချေ။ ထိုင်လျှင် ထိုင်သည်ဟု သိတတ်ကြခြင်းကား မှန်သည်။ သို့ရာတွင် အမှတ်မဲ့သိကြခြင်းမျိုးသာ ဖြစ်၏။ ဗုဒ္ဓဆိုလိုတော်မူသည်မှာကား သတိနှင့်ယှဉ်သော သိခြင်းမျိုး၊ ကိုယ်ကာယပြောင်းလဲမှု ပြုလုပ်ရာတွင် တောင်ဟာ မြောက်ဟာတွေ မစဉ်းစားတော့ဘဲ ထိုင်တော့မည်ဆိုလျှင် ထိုင်တော့မည့်အဖြစ်ကို သတိစောင့်သောစိတ်ဖြင့် ထပ်၍သိခြင်းကို ဆိုလိုတော်မူသည်။ သတိနှင့် စောင့်ပြီး ထပ်၍သိခြင်းမျိုးကိုမူ တိရစ္ဆာန်မဆိုထားဘိ၊ အထပ်ပါ ပုဂ္ဂိုလ်များပင်လျှင် တစ်ကြိမ်တစ်ခါမျှ သိဖူးဟန်မတူသောကြောင့် ဤစကားမျိုး ပြောရဲခြင်း ဖြစ်ပေသည်။

သိလျှင် ပြီးသည်ဟူသော အယူ

တရားသမားတစ်မျိုးရှိသေးသည်ကား ဗုဒ္ဓ၀ါဒအရမှာ သိလျှင်ပြီးသည်။ အလုပ်လုပ်နေဖို့ (တရားအားထုတ်ဖို့) မလို။ မသိသေးသော လူများသာ အားထုတ်ဖို့ လိုသည်ဟု ဆိုကြသည်။ ဤအယူအဆသည် ဟုတ်သလိုလိုနှင့် မှားသော အယူအဆတစ်ခုဖြစ်၏။ သိလျှင် ကိစ္စပြီးနိုင်သည် ဆိုခြင်းမှာ ဟုတ်သယောင်ယောင် ထင်ရ၏။ ဗုဒ္ဓကလည်း အသိဉာဏ်ပင် အရေးကြီိးသည်ဟု ဟောတော်မူချက် ရှိပေသည်။ သို့ရာတွင် မည်သို့သော သိပုံသိနည်းမျိုးကို ဆိုလိုပါသနည်း။ (၀ိညာဉ်သိ၊ သညာသိ၊ ပညာသိအကြောင်းကို ယခင်ဆောင်းပါးတစ်ပုဒ်၌ ရှင်းပြခဲ့ဖူးရာ ကျွန်ုပ်၏ ရှင်းလင်းချက်ကို လက်မခံချင်သူများ ရှိနေသောကြောင့် ၄င်းအခေါ်အဝေါ်များကို မသုံးဘဲ သဘာဝသက်သက်ဖြင့် တင်ပြပါတော့မည်။)

(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)



No comments:

Post a Comment