Tuesday, September 21, 2010

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၃၁)

ကျွန်ုပ်တွေ့သော စိတ်သဘာဝ (၇)

ဝိပဿနာအလုပ်ဟူသည်မှာ ကိုယ့်ကိုယ်ကို ညှို့ သော စိတ်ညှို့ အတတ်မျိုး (auto suggestion) မဟုတ်ခြင်း။
သိလျှင် ကိစ္စပြီးသည် ဆိုသူများ၏ အယူဝါဒကို ချေပခြင်း။
တရား ‘ပေါက်ပြီ’ ဆိုသူများသည် ဗုဒ္ဓအား ကြည်ညိုမှု လျော့ပါးစကောင်းသလော။

ဤခေတ်မှာ မဂ်တရား၊ ဖိုလ်တရားများ စိတ်ဝင်စားတတ်သူ အတော်အတန် ပေါများ၍ အချို့ သောတရားပွဲများတွင် နိဗ္ဗာန်ရောက်ကြောင်း တရားဟောကြားမည်ဟု ကြေငြာခြင်းများလည်း ကြားရ၏။ ထိုကဲ့သို့ ထုတ်ဖော်ကြေငြာသော တရားပွဲမျိုးဆိုလျှင် အခါအခွင့်သင့်တိုင်း ကျွန်ုပ်လည်း သွားရောက်ကြားနာတတ်၏။ ဟောပြောကြသော ပုဂ္ဂိုလ်များမှာ များသောအားဖြင့် စာတတ်ပေတတ် ထေရ်ကြီးဝါကြီး နာမည်ကြီးဆရာတော်ကြီးများ ဖြစ်ကြပါပေသည်။ အခြားသော စကားများဖြင့် ပလ္လင်ခံပြီးနောက် နိဗ္ဗာန်ရောက်ကြောင်းတရား (လက်တွေ့အလုပ်ဟူ၍) ဟောပြောကြရာတွင် မည်ကဲ့သို့ ဆင်ခြင်သုံးသပ်ရမည် ဆိုသူများလည်း ပါရှိ၏။ ၄င်းတို့ ဟောပြောလေ့ရှိသည်ကား ဥပမာ “ထမင်းစားနေခိုက်၌ လှမ်းယူလိုက်သော လက်သည် ရုပ်သိမ်းလိုက်သောအခါ၌ မရှိတော့၊ ပျက်သွားခဲ့လေပြီ။ ထမင်းတစ်လုတ် ခွံ့ရန်အတွက် ဟလိုက်သောပါးစပ်သည် ၀ါးလိုက်သောအခါ၌ မရှိတော့၊ ပျက်သွားခဲ့လေပြီ။ ထိုအခြင်းအရာကို မြင်အောင်ရှုရမည်။ လမ်းလျှောက်သောအခါ၌လည်း လှမ်းလိုက်သောခြေထောက်သည် ချလိုက်သောအခါ၌ မရှိတော့၊ ပျက်သွားခဲ့လေပြီ။ ထိုအခြင်းအရာကို မြင်အောင်ရှုရမည်” စသည်ဖြင့် ဟောကြားသည်ကို ကြားနာရဖူးလေသည်။ ဟောပြောသောပုဂ္ဂိုလ်သည် ထိုကဲ့သို့မြင်သည်ဟု ၀န်မခံနိုင်သေး။ ကြားနာသောပရိသတ်မှာလည်း ဟောပြောပုံရှင်းပါပေသည်ဆိုကာ ထင်မြင်သူ ရှားပါးလှပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော်... အထက်ပါဆင်ခြင်နည်းသည် ‘နွားရှေ့ ထွန်ကျူး’ ဆိုသော စကားပုံကဲ့သို့လည်းကောင်း၊ လုပ်နည်းမပါဘဲ အဖြေကို ဖော်ထုတ်၍ ဖြေခြင်းကဲ့သို့ လည်းကောင်း ဖြစ်နေပေသောကြောင့်တည်း။

ဥပမာဆောင်ခြင်း

ရှင်ဦးအံ့။ ဂဏန်းတွက်ချက်သောအခါ၌ အဖြေကိုဖြေပြ၍ မှတ်သားထားရုံနှင့် တွက်တတ်ပြီဟုမဆိုနိုင်။ လုပ်နည်းပါနားလည်၍ အဖြေမှန်ရအောင် တွက်ချက်နိုင်သော အခါမှသာ တွက်တတ်ပြီဟု ဆိုသင့်ခြင်းကို လူတိုင်း လက်ခံကြပေလိမ့်မည်။ ဥပမာ-စပါးတင်း ၁၀၀လျှင် ၂၈၅ကျပ်နှုန်းနှင့် စပါး ၁၃တင်းအတွက် မည်မျှကျသင့်ပါသနည်းဟု သိလိုလျှင် ဘုံသုဉ်းကိန်းတွက်နည်းဖြင့်ဖြစ်စေ၊ သို့တည်းမဟုတ် ‘မိန်းမတွက်’ တွက်နည်းဖြင့်ဖြစ်စေ၊ တွက်တတ်ရပေလိမ့်မည်။ ထိုကဲ့သို့ မဟုတ်ဘဲ၊ ၁၃တင်းအတွက် ၃၇ကျပ်နှင့် ၅ပြားကျသည်ဟု ဖြေဆိုနိုင်စေဦး။ အဘယ်ကဲ့သို့ တွက်သနည်းဟု မေးသည့်အခါ ‘ဟိုတစ်ခါတုန်းက ရောင်းဖူးလို့ မှတ်ထားတာပဲ’ ဟုဖြေဆိုသော လယ်သမားသည် တွက်ချက်တတ်သည်ဟု မဆိုနိုင်ချေ။ စပါး၁၃တင်းအတွက် ၃၇ကျပ်နှင့် ၅ပြားကျခြင်းသည် မှန်ကန်သော်လည်း ဈေးနှုန်းပြောင်းလဲသည်ဖြစ်စေ၊ တင်းရေကို ပြောင်းလဲသည်ဖြစ်စေ ၄င်းလယ်သမားသည် အဖြေမှန်ကို ဖြေနိုင်တော့မည် မဟုတ်ချေ။

နွားရှေ့ ထွန်ကျူးပုံ

ဝိပဿနာရှုရာ၌လည်း လှမ်းသောခြေထောက်သည် ချလိုက်သောအခါ၌ မရှိတော့၊ ပျက်စီးသွားခဲ့လေပြီဆိုခြင်းမှာ မှန်ကန်သော သဘောတရားပင်ဖြစ်ပါ၏။ သို့သော်...မိမိမြင်သော အမြင်မဟုတ်။ မြင်ပြီးသော ပုဂ္ဂိုလ်က ဖော်ထုတ်ပြောထားခဲ့ခြင်းမျှသာ ဖြစ်၏။ ထိုသူမြင်သောအမြင်ကို မိမိကလိုက်၍ မြင်နိုင်သည်မဟုတ်။ အထက်ပါဥပမာတွင် ‘ဘုံသုဉ်းကိန်း’ သို့မဟုတ် ‘မိန်းမတွက်’ တွက်နည်းဖြင့် တွက်တတ်အောင် သင်ထားပါမှ အဖြေမှန်ရအောင် တွက်တတ်မည်ဖြစ်သကဲ့သို့၊ နာမ်ရုပ်တို့၏ အပျက်တရားကို မြင်တတ်အောင် လုပ်နည်းနှင့်တကွ လေ့ကျင့်ထားပါမှ မိမိတို့ကိုယ်တိုင် မြင်နိုင်သောအခြေသို့ ရောက်ပေလိမ့်မည်။ ချလိုက်သောခြေထောက်သည် ရှေ့ သို့မပါခဲ့၊ ပျက်သွားခဲ့လေပြီ ဆိုသောနည်းဖြင့် ရှုမှတ်ခြင်းသည် ‘အဖြေမှန်’ကို နှလုံးသွင်းနေခြင်းမျှသာဖြစ်၏။ လုပ်နည်းမပါသည့်အတွက်ကြောင့် ကိုယ်တိုင်မပြောနိုင်အောင် ရှိနေကြလေသည်။ လုပ်ပုံလုပ်နည်း ဟန်မကျဘဲ အဖြေမှန်ကိုချည်း နှလုံးသွင်းခြင်းဖြင့် ထင်မြင်ပါသည်ဆိုသောသူများသည် ကိုယ့်စိတ်ကို ကိုယ်ညှို့ သောနည်း (auto suggestion) မျှသာဖြစ်၏။ ‘ညှို့ ’ဖန်များသောကြောင့် ထင်မြင်သည်ဆိုလျှင် တကယ့်ဉာဏ်အမြင် မဟုတ်နိုင်။ မြင်သည်ဟု ထင်မှတ်ခြင်းသာ ဖြစ်နိုင်သည်။ မှန်သောအဖြေပင် ဖြစ်စေကာမူ ညှို့ သောနည်းဖြင့် ရစကောင်းသည် မဟုတ်။ ညှို့ သောနည်းဖြင့်လုပ်လျှင် အဖြူကို အမဲထင်၍ လာစေနိုင်သောကြောင့် ယထာဘူတကျသော နည်းမဟုတ်နိုင်ချေ။ ခြေလှမ်းတိုင်း ခြေထောက်တွေ ပျက်နေသည်ဟု (ကိုယ်တိုင် မမြင်သေးဘဲ) ရှေ့ မှလမ်းကြောင်းပေးပြီး ထင်ယောင်ထင်မှားဖြစ်လာအောင် လုပ်ခြင်းသည် ကိုယ့်စိတ်ကို ‘ညှို့ ’သော နည်းမျှသာဖြစ်၍ မှန်ကန်သောသဘာဝကို ထိုးထွင်း၍ မြင်ခြင်းမဟုတ်ချေ။ ထို့ကြောင့် လုပ်နည်းအမှန်ကို ရှေးဦးစွာ မရှာဘဲ၊ အဖြေကို လက်ဦးနှလုံးသွင်းသော နည်းဖြစ်၍ ‘နွားရှေ့ ထွန်ကျူး’ ဟု ဆိုခဲ့ခြင်း ဖြစ်လေသည်။

မလွဲချော်နိုင်သောနည်း

သို့ဆိုလျှင် သဘောသဘာဝကို ထိုးထွင်း၍ အမှန်အတိုင်း မြင်နိုင်အောင် အဘယ်ကဲ့သို့ ပြုလုပ်ရပါမည်နည်း။ ဗုဒ္ဓဟောတော်မူခဲ့သည့် ‘ဒိဋ္ဌေဒိဋ္ဌမတ္တံ’နည်းသည် (ခဲယဉ်းပင် ခဲယဉ်းသော်လည်း) မလွဲမချော်နိုင်သောနည်း၊ ယုတ်စွအဆုံး ဉာဏ်ရည်တက်စေသောနည်း၊ စိတ်ဆင်းရဲခြင်းမှ သက်သာရာရစေနိုင်သောနည်း၊ အမှန်နှင့်အမှားကို ပိုင်းခြားသိမြင်စေတတ်သော နည်းဖြစ်သည်ဟု ရဲရဲကြီး ထောက်ခံလိုက်သည်။ နာမ်ရုပ်တို့၏ သဘာဝကို ထိုးထွင်းသိမြင်ခြင်းမရှိပါဘဲလျက်၊ ခြေထောက်ကြီးပျက်နေပါသည်ဟု ကြိုတင်ပြီး ‘စိတ်ညှို့ ’ခြင်းဖြင့် ထင်မှတ်လာအောင် ပြုလုပ်ခြင်းသည် အဘယ်မှာ ယထာဘူတကျနိုင်ပါမည်နည်း။ ရုပ်နာမ်၏ သဘာဝကို ထိုးထွင်းသိမြင်အောင် ပြုလုပ်ရာတွင်လည်း ‘ဒိဋ္ဌေဒိဋ္ဌမတ္တံ’ နည်းအရ ရုပ်နာမ်ကို စောင့်၍ ကြည့်ခြင်းထက် သေချာသောနည်းသည် အဘယ်မှာ ရှိနိုင်ပါမည်နည်း။

စောင့်ကြည့်မှ သိနိုင်ပုံ

ပမာဆိုသော် လူတစ်ယောက်အကြောင်း ကောင်းကောင်းသိလိုပါသည်ဆိုက ဟိုလူသည်လူများထံမှ စုံစမ်းမေးမြန်းခြင်း၊ သူ့ သတင်းကို နာခံခြင်း စသည်တို့ထက် ထိုလူနှင့် ပူးပေါင်းပြီး မကွဲမကွာ စောင့်ကြည့်ခြင်းသည် သာ၍သေချာသည်ဟု ၀န်ခံနိုင်ကြမည် မဟုတ်ပါလော။ ‘လူကောင်းကြီးတစ်ယောက်’ဟူ၍ လူအများက ပြောကြသော်လည်း အတူနေပြီး စောင့်ကြည့်လိုက်သောအခါ ခြင်၊ ကြမ်းပိုးစသည်များကို သတ်ခြင်းလည်း တွေ့ချင်တွေ့ရမည်။ မိမိအား တစ်မျိုးပြော၍ အခြားလူများအား တစ်မျိုးပြောခြင်းများလည်း တွေ့ချင်တွေ့ရမည်။ ဈေးသည်ကမေ့ပြီး ပိုက်ဆံမတောင်းဘဲနေမိ၍၊ ထွက်လာသောအခါတွင် မိမိကသတိရသော်လည်း ပိုက်ဆံကို ပြန်၍မပေးဘဲ နေချင်လည်းနေမည်။ လင်သေကြွှေပူသော မုဆိုးမက ရောင်းချင်သောပစ္စည်းကို ဖိနှိပ်ပြီး ဈေးဆစ်ချင်လည်း ဆစ်မည်။ မမှန်သောစကားကို လူတစ်ယောက်အား ပြောလိုသည့်အခါ စောင့်ကြည့်သူအား မျက်စိမှိတ်ပြပြီး ယုတ္တိယုတ္တာဆင်၍ ပြောချင်လည်း ပြောမည်။ ဤသို့သော အခြင်းအရာများကို အခြားလူများ မသိကြ မမြင်ကြသော်လည်း၊ အမြဲ စောင့်ကြည့်နေသော လူကမူ မြင်နိုင်မည်၊ သိနိုင်မည် မဟုတ်ပါလော။

(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)

No comments:

Post a Comment